အခန်း ၂၇၇၄
Vol. 218 Ch. 2774
အခန်း(၂၇၇၄)
“ဟုတ်တယ် ငါပါပဲ”
ကျန်းချန်က ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြလိုက်သည်။
ရန်လီသည် ဌာနခွဲ(၃)တွင် အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်သည်။
ထို့ကြောင့်အမည်မဲ့အင်မော်တယ် မြို့တော်၏ အပြင်ဘက်တွင် ရန်လီကို လက်သီးတစ်ချက်တည်းဖြင့် နောက်ဆုတ်စေခဲ့ခြင်းသည် ဌာနခွဲ အသီးသီးမှ ပါရမီရှင် တပည့်များကြားတွင် သူ့ကို နာမည်ကြီးသွားစေခဲ့၏။
အကြောင်းရင်းမှာ ရန်လီသည် ဌာနခွဲ(၁၈)ခု စလုံးရှိ ပါရမီရှင်များထဲတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သောကြောင့်ပင်။
ကျန်းချန်၏ လက်သီးချက်က ရန်လီကို မည်ကဲ့သို့ နောက်ဆုတ်သွားစေခဲ့သည် ဖြစ်စေ၊ ယင်းမှာ ကျန်းချန်က အစွမ်းထက် ပါရမီရှင် တစ်ဦးမှန်း သက်သေပြနေခဲ့သည်။
“ငါ ဒီနေ့မှာ ညီနောင်ကျန်းချန်နဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ဒါက တကယ့်ကို သုံးဘဝစာ ကံကောင်းမှုပဲ”
ရှကျီက ပြုံး၍ ပြောလိုက်ပြီးနောက်တွင် ယဥ်ကျေးစွာပြောလိုက်သည်။
“ဒီအမြုတေ သုံးခုကို ငါ တစ်ခုယူမယ်.. မင်းကတော့ နှစ်ခုယူပေါ့.. ငါတို့နှစ်ယောက် အတူတူ လိုဏ်ဂူကို ဆက်ပြီး စူးစမ်းကြစို့”
“ကောင်းပြီ”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးက အမြုတေများကို သိမ်းဆည်းပြီးနောက်တွင် သူတို့ရှေ့ရှိ လိုဏ်ဂူ ဆီသို့ သတိကြီးစွာဖြင့် လျှောက်လှမ်းသွားခဲ့ကြသည်။
လိုဏ်ဂူအတွင်းရှိ ကျောက်နံရံများသည် ရှားပါးသော သတ္တုရိုင်းများ ဖြစ်ကြပြီး ထိုသတ္တုရိုင်းများကနေ ထွက်ပေါ်နေသော စွမ်းအင် အချို့သည် အင်မော်တယ်ကျောက်တုံးမှ စွမ်းအင်နှင့် အတော်လေး ဆင်တူနေခဲ့သည်။
သို့သော်လည်း သတ္တုရိုင်းများ၏ စွမ်းအင်သည် အင်မော်တယ် ကျောက်တုံးများထက် များစွာ ပို၍ အားနည်းပြီး အညစ်အကြေး များစွာလည်း ပါဝင်နေခဲ့၏။
အကယ်၍ ဤလိုဏ်ဂူအတွင်း၌သာ ကျင့်ကြံမည် ဆိုလျှင် အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် ရလဒ်ကို နှစ်ဆ ရရှိနိုင်ပေလိမ့်မည်။
သို့သော် ဤသတ္တုရိုင်းများကို တူးဖော်မည် ဆိုလျှင်မူ ၎င်းတို့သည် လုံးဝ တန်ဖိုးမရှိသလောက်ပင် ဖြစ်သွားပေလိမ့်မည်။
“ညီနောင်ကျန်းချန်.. ဒီလိုဏ်ဂူထဲမှာ အင်မော်တယ်ကျောက်တုံးတွေ ရှိဖို့က ဆယ်ပုံ ကိုးပုံလောက် သေချာနေပြီ.. ဒီသတ္တုရိုင်းတွေက အင်မော်တယ်ကျောက်တုံးတွေရဲ့ စွမ်းအားတွေကြောင့် ပြောင်းလဲသွားတာပဲ ဖြစ်ရမယ်”
ဤအခိုက်အတန့်တွင် ရှကျီ၏ အံ့အားသင့်စွာ ရေရွတ်လိုက်သော စကားသံက ကျန်းချန်၏ နားထဲကို ရောက်ရှိလာခဲ့သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့၏။
အင်မော်တယ်လောက၏ ငွေကြေးဖြစ်သော အင်မော်တယ်ကျောက်တုံးသည် အင်မော်တယ်လောကတွင် အလွန်တရာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်သည်။
အကယ်၍ ဤလိုဏ်ဂူအတွင်း၌ အင်မော်တယ်ကျောက်ကြောများ အမှန်တကယ် ရှိနေမည် ဆိုလျှင် ယင်းမှာ တကယ်ကို ကြီးမားသော ကြွယ်ဝမှု တစ်ခု ဖြစ်ပေလိမ့်မည်။
“သွားစို့.. ငါတို့ အထဲဝင်ကြည့်ရအောင်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ လိုဏ်ဂူအတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။
လိုဏ်ဂူအတွင်း၌ မိုင်ပေါင်းရာချီ လျှောက်လာပြီးနောက်တွင် သူတို့နှစ်ဦးသည် အဆုံးသတ်၌ တောက်ပသော အလင်းရောင်တစ်ခုကို ရှေ့တွင် တွေ့လိုက်ရသည်။
ထိုနေရာက လိုဏ်ဂူ၏ အဆုံးသတ် ဖြစ်ပုံရ၏။
“လိုဏ်ဂူရဲ့ အဆုံးကို ရောက်နေပြီ သတိထားဦး”
ကျန်းချန်က ရှကျီကို သတိပေးလိုက်ပြီးနောက်တွင် အလင်းရောင် ရှိရာသို့ ဖြည်းညင်းစွာ ချဥ်းကပ်သွားခဲ့သည်။
အလင်းရောင် အတွင်းသို့ သူခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်များ ပါဝင်နေသည့် ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင်မီးလျှံတစ်ခုသည် ကျန်းချန်ထံသို့ ချက်ချင်းဆိုသလို တိုးဝင်လာခဲ့သည်။
ကျန်းချန်က သတိလက်လွတ် မဖြစ်ဘဲ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
“ဝုန်း..”
ပြင်းထန်သော ဓားစွမ်းအင်သည် ကျန်းချန်ထံ တိုးဝင်လာသည့် အနက်ရောင်မီးလျှံကို မျက်စိတစ်မှိတ် အတွင်း ဖျက်ဆီးပစ်လိုက်၏။
အနက်ရောင်မီးလျှံကို ဖြိုခွင်းပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများက ပိုမို၍ တောက်ပလာခဲ့သည်။
သူ၏ ရှေ့တွင် ပေါ်လာသည်မှာ ပေရာဂဏန်းခန့် ကြီးမားသော ဂူတစ်ဂူ ဖြစ်သည်။
ဂူအပြင်ဘက်တွင် ကြွက်ပုံသဏ္ဌာန်နှင့် ခေါင်းပေါ်တွင် ဦးချိုတစ်ချောင်းရှိသည့် ရှေးဦးအင်မော်တယ် တစ်ကောင် ရှိနေခဲ့သည်။
သို့ရာတွင် ၎င်း၏ စွမ်းရည်သည် သူ အစောပိုင်းက ရင်ဆိုင်ခဲ့သည့် သုံးကောင်ထက် တစ်ဆင့်မက ပိုမို အားကောင်းနေပြီး ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည်။
ထိုရှေးဦးအင်မော်တယ်၏ အနောက်ဘက်ရှိ လိုဏ်ဂူ အတွင်းပိုင်းတွင် ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်နေခဲ့ပြီး ဖန်သားပြင် ကဲ့သို့ ကြည်လင်သော သတ္တုရိုင်းများ ရှိနေခဲ့သည်။
သတ္တုရိုင်းများသည် အညစ်အကြေး လုံးဝမရှိဘဲ အင်မော်တယ် ကျောက်တုံးနှင့် လုံးဝနီးပါး တူညီနေခဲ့၏။
သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်နှာထက်၌ ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူတို့ မှန်းဆထားသည့် အတိုင်းပင် ဤနေရာ၌ အင်မော်တယ်ကျောက်ကြော တစ်ခု ရှိနေခဲ့၏။
“ညီနောင်ကျန်းချန်.. ဒီရှေးဦးအင်မော်တယ်က အရမ်းကို စွမ်းအား ကြီးမားလွန်းနေတယ်.. ငါတို့ အပြင် ပြန်ထွက်ပြီး အကူအညီ တချို့ အရင် ရှာရင် မကောင်းဘူးလား”
ဧရာမ ကြွက်ကြီးထံမှ ထွက်ပေါ်နေသည့် အစွမ်းထက် အရှိန်အဝါကို ခံစားမိလျှင် ရှကျီသည် ထိတ်လန့်သွားခဲ့ပြီး အသက်ရှူမဝသလိုပင် ခံစားလိုက်ရသည်။
ဤရှေးဦးအင်မော်တယ်သည် အစောပိုင်းက သူရင်ဆိုင်ခဲ့သည့် ရှေးဦးအင်မော်တယ်များထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေခဲ့၏။
ကောင်းကင်အင်မော်တယ် တတိယအဆင့်ရှိ ရှေးဦးအင်မော်တယ်ကို သတ်ဖြတ်ရန်ပင် သူ့အတွက် အလွန် ခက်ခဲနေပြီ ဖြစ်ရာ ယခုကဲ့သို့ အနည်းဆုံး ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် ရှေးဦးအင်မော်တယ်သည် သူကိုင်တွယ်နိုင်သည့်အရာ လုံးဝ မဟုတ်ပေ။
“မလိုပါဘူး.. ငါ့တာဝန်သာ ထားလိုက်”
ကျန်းချန်က ခပ်အေးအေးပင် ပြောလိုက်ပြီး ဧရာမကြွက်ကြီးထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားခဲ့သည်။
ကျန်းချန် သူ့ထံသို့ လျှောက်လှမ်းလာသည်ကိုမြင်လျှင် ဧရာမကြွက်ကြီးသည် ခန္ဓာကိုယ် အတွင်းကနေ သေခြင်း အငွေ့အသက်များ ပါဝင်နေသော အင်မော်တယ်စွမ်းအားများကို အသုံးပြုကာ ကျန်းချန်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။
ကျန်းချန်က တည်ငြိမ်မှု အပြည့်ဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ဓားအလင်းသည် ဧရာမကြွက်ကြီးကို တစ်ခါတည်း နှစ်ပိုင်း ဖြတ်ပစ်လိုက်သည်။
သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ရှကျီသည် အသက်ရှူမှားမတတ် ဖြစ်သွားခဲ့ပြီး မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ယူလိုက်ရသည်။
ကျန်းချန်၏ စွမ်းရည်က သူ့ထက် ပိုမို မြင့်မားနေမည်ဟု သူခန့်မှန်းထားခဲ့သော်လည်း ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဓားချက် တစ်ချက်တည်းဖြင့် ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့်နှင့် ညီမျှသည့် ရှေးဦးအင်မော်တယ်ကို သုတ်သင်ရန်မှာ အနည်းဆုံး ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူမှသာ စွမ်းဆောင်နိုင်လိမ့်မည် ဖြစ်သည်။
ဤလူက အမည်မဲ့အင်မော်တယ် မြို့တော်၏ အပြင်ဘက်တွင် ရန်လီကို လက်သီး တစ်ချက်တည်းဖြင့် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ခြင်းမှာ မဆန်းတော့ပေ။
ဆိုရလျှင် ညီနောင်ကျန်းချန်တွင် ရန်လီထက် မနိမ့်ကျသည့် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းရည် အမှန်တကယ် ရှိနေနိုင်၏။
“ဒီလူနဲ့က မိတ်ဆွေပဲ ဖြစ်သင့်တယ်.. ဘယ်တော့မှ ရန်သူမဖြစ်သင့်ဘူး”
ရှကျီက စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
သူက ဌာနခွဲ(၈)မှ လူများထံ ထိုအကြောင်းကို သတင်းပို့ရမည် ဖြစ်ပြီး ဌာနခွဲ(၈)မှ လူများအနေဖြင့် ကျန်းချန်နှင့် ရန်သူ လုံးဝ မဖြစ်ရန် ပြောပြရလိမ့်မည် ဖြစ်သည်။
သို့မဟုတ်လျှင် ဌာနခွဲ(၈)သည် ယင်းအတွက် ကြီးမားသော ပေးဆပ်မှုနှင့် ရင်ဆိုင်ရပေလိမ့်မည် မဟုတ်ပါလော။
“ရှကျီ ငိုင်မနေနဲ့.. အမြန်တူးကြရအောင်”
ဤအခိုက်အတန့်တွင် ကျန်းချန်သည် ရှကျီကို လှမ်းခေါ်လိုက်ပြီး သူ့ရှေ့ရှိ အင်မော်တယ်ကျောက်ကြောကို စတင် တူးဖော်ခဲ့သည်။
ဤအင်မော်တယ်ကျောက်ကြောကိုသာ အပြည့်အဝ တူးဖော်နိုင်မည်ဆိုလျှင် အနည်းဆုံး အင်မော်တယ်ကျောက်တုံး သန်းပေါင်း များစွာ ရရှိနိုင်မည် ဖြစ်သည်။
ယင်းကဲ့သို့ ကြွယ်ဝမှုမျိုးကို အင်မော်တယ်လောကရှိ တလော့အဆင့် အင်အားစု တချို့ပင်လျှင် ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
“ကောင်းပြီ ညီနောင်ကျန်းချန်”
ရှကျီက သတိ ပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်နှင့်အတူ အင်မော်တယ် ကျောက်တုံးများကို အလျင်အမြန်ပင် ဝိုင်းဝန်းတူးဖော်ခဲ့သည်။
နေ့တစ်ဝက် အချိန်အတွင်းမှာပင် သူတို့နှစ်ဦးသည် အင်မော်တယ်ကျောက်ကြောကနေ အင်မော်တယ်ကျောက်တုံး သောင်းချီ၍ ရရှိခဲ့ကြသည်။
ယခုအချိန်အထိ ကျန်းချန်တို့ တူးဖော်နေသော အင်မော်တယ်ကျောက်ကြောသည် ဆယ်ပုံတစ်ပုံပင် မကုန်သေးပေ။
“ဒီတစ်ခါတော့ တကယ်ကို ပွပေါက်တိုးတာပဲ”
ရှကျီ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ(၈)မှ ပါရမီရှင်တပည့် တစ်ဦး အနေဖြင့် ရှကျီ၏ တစ်သက်တာတွင် အင်မော်တယ်ကျောက်တုံး အများဆုံး ပိုင်ဆိုင်ခဲ့ဖူးသည်မှာ တစ်သောင်းကျော် ဝန်းကျင်မျှသာ ရှိသည်။
ယခု ဤနေရာတွင် အင်မော်တယ်ကျောက်ကြောကို ရှာဖွေတွေ့ရှိခြင်းသည် သူ၏ ပိုင်ဆိုင်မှုကို အဆပေါင်းများစွာ တိုးပွားစေရန် လုံလောက်၏။
သာမန် တလော့အင်မော်တယ် တချို့ ပင်လျှင် ဤမျှ ချမ်းသာကြွယ်ဝလိမ့်မည် မဟုတ်ပေ။
သိထားရမည့်အချက်မှာ အင်မော်တယ်လောကတွင် အကြမ်းဖျင်းအားဖြင့် တလော့အဆင့် နည်းစနစ်များနှင့် တလော့အဆင့် လက်နက်များသည် အင်မော်တယ်ကျောက်တုံးတစ်သိန်းခန့်သာ တန်ဖိုးရှိသည်။
သူ့ရှေ့တွင် ရှိနေသော အင်မော်တယ်ကျောက်ကြောသည် အနည်းဆုံး အင်မော်တယ်ကျောက်တုံး သန်းပေါင်းများစွာကို တူးဖော်နိုင်မည် ဖြစ်သည်။
သူနှင့် ကျန်းချန်တို့ အညီအမျှ ခွဲဝေယူမည် ဆိုလျှင်ပင် သူ့အနေဖြင့် အင်မော်တယ်ကျောက်တုံး မရေမတွက်နိုင်အောင် ရရှိနိုင်ပေလိမ့်မည်။
ဤမျှ ကြွယ်ဝမှု ပမာဏသည် တလော့အဆင့် လက်နက် များစွာကို ဝယ်ယူရန် လုံလောက်သော ပမာဏ ဖြစ်၏။
အခန်း(၂၇၇၄)ပြီး၏။