အခန်း ၂၇၇၆
Vol. 218 Ch. 2776
အခန်း(၂၇၇၆)
တွမ်မူအမြွှာညီနောင်သည် သူတို့ရှေ့မှ အနက်ရောင် ဝတ်ရုံဝတ် လူငယ်၏ ဓားချက် တစ်ချက်ကိုပင် ခုခံနိုင်စွမ်း မရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူတို့နှစ်ဦး၏ စွမ်းရည်ဖြင့်ဆိုလျှင် ဌာနခွဲ ဆယ့်ရှစ်ခု စလုံးရှိ လူငယ်ပါရမီရှင်များ ထဲတွင် ထိပ်ဆုံးဌာနခွဲ သုံးခုမှ ထိပ်သီးပါရမီရှင် သုံးဦးသာ ဤသို့ စွမ်းဆောင်နိုင်လိမ့်မည် ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည် မည်ကဲ့သို့ ရှိနေရပါသနည်း။
“တွမ်မူလဲ့.. ဒီကောင်က အရမ်းကို အစွမ်းထက်လွန်းတယ်.. ငါတို့ သူနဲ့ ဆက်တိုက်ခိုက်မယ် ဆိုရင် ဒုက္ခရောက်သွားလိမ့်မယ်.. ငါတို့ သွားကြစို့”
တွမ်မူယန်က သူ၏ ခန္ဓာကိုယ်အတွင်း ဗြောင်းဆန်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို တွမ်မူလဲ့ကို ခေါ်ကာ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ လိုဏ်ဂူ အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး တွမ်မူ အမြွှာညီနောင်၏ ရှေ့တွင် ချက်ချင်းဆိုသလို ပိတ်ရပ်လိုက်သည်။
သူက ထျန်းယွမ် အင်မော်တယ်ဓားကို ကိုင်စွဲကာ ဝင့်ကြွားစွာရပ်နေရင်း တွမ်မူ အမြွှာညီနောင်ကို အေးစက်စက် ကြည့်လိုက်၏။
“မင်းတို့ကို လျှို့ဝှက်နယ်မြေထဲကနေ အချိန်မတိုင်မီ ထွက်သွားခိုင်းမယ်လို့ ခုနက ငါပြောခဲ့တယ်.. မင်းတို့ ကိုယ်တိုင် ကျောက်စိမ်းတံဆိပ်ပြားကို ချိုးဖျက်မလား ဒါမှမဟုတ် ငါ ကူညီပေးရမလား”
ကျန်းချန်သည် ဘယ်သောအခါမှ စိတ်နှလုံးသားနုသောသူ မဟုတ်ပေ။
ဤနှစ်ယောက်သည် သူ၏ အခွင့်အလမ်းကို လာရောက် လုယူရဲသည် ဖြစ်ရာ ထိုအတွက် တန်ရာတန်ကြေး ပေးဆပ်ရလိမ့်မည် မဟုတ်ပါလား။
အကယ်၍ သူသာ ဤနှစ်ယောက်ကို လွှတ်ပေးလိုက်မည်ဆိုလျှင် ၎င်းတို့သည် သူ့ကို ဒုက္ခပေးရန်အတွက် လူအင်အားကို စုဆောင်း၍ ပြန်လည် ရောက်ရှိလာနိုင်ပေသည်။
“မေဘေး အဲဒီလောက်အထိ အနိုင်မကျင့်စမ်းနဲ့”
ကျန်းချန်၏ စကားကိုကြားလျှင် တွမ်မူယန်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို သုန်မှုန်သွားခဲ့သည်။
သူတို့နှစ်ဦးသည် အမည်မဲ့အင်မော်တယ် ညီလာခံတွင် ပါဝင်ရန် အတွက် ဌာနခွဲ(၉)မှ အဓိကကျသောသူများ ဖြစ်သည်။
ယခုအခါ ပထမအဆင့် စတင်ကာစသာ ရှိသေး၍ သူတို့နှစ်ဦးသည် အမြုတေ အများအပြား မစုဆောင်းရသေးပေ။
ဤအချိန်တွင် ပြိုင်ပွဲမှ ထွက်ခွာရမည် ဆိုလျှင် ပထမအဆင့်တွင် ဌာနခွဲ(၉)၏ ရလဒ်သည် အတော်လေး ဆိုးရွားသွားပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် သူတို့ဌာနခွဲ(၉)သည် အဆင့်တက်ရန် မဆိုထားနှင့်၊ ရှိရင်းစွဲ နဝမမြောက် နေရာကို ဆက်လက် ထိန်းသိမ်းထားရန်ပင် လွယ်ကူသောကိစ္စ ဖြစ်တော့မည် မဟုတ်ပေ။
ကျန်းချန်က တွမ်မူအမြွှာညီနောင်နှင့် အပိုစကားများ ပြောကာ အချိန်ဖြုန်းရန် အစီအစဥ်မရှိပေ။
သူက လက်ထဲရှိ ထျန်းယွမ် အင်မော်တယ်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ တွမ်မူ အမြွှာညီနောင်ကို တိုက်ခိုက်လိုက်သည်။
“လူသားအဖြစ်ပြောင်းလဲစေသောဓားချက်”
ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် လူသားအဖြစ်ပြောင်းလဲစေသော ဓားချက်ကို အစွမ်းကုန် အသုံးပြုမည်ဆိုလျှင် တွမ်မူအမြွှာညီနောင်ကို မျက်စိတစ်မှိတ် အတွင်း သာမန်လူများအဖြစ် ပြောင်းလဲပစ်ရန် လုံလောက်၏။
အစောပိုင်းက သူ အသုံးပြုခဲ့သော လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်တွင် ကျန်းချန်သည် တွမ်မူ အမြွှာညီနောင်ကို အစွမ်းမဲ့သွားအောင် လုပ်ရန် ရည်ရွယ်ချက်မရှိသဖြင့် သူ၏ စွမ်းအားငါးပုံ တစ်ပုံပင် အသုံးမပြုခဲ့ပေ။
ယခုအခါတွင် ကျန်းချန်သည် အနည်းငယ်မျှပင် ထိမ်ချန်မထားတော့ဘဲ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို စွမ်းအား အပြည့်အဝဖြင့် ထုတ်သုံးလိုက်သည်။
ယခင် ဓားချက်ထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ရာကောင်းသော ကျန်းချန်၏ ဓားချက်ကို မြင်လျှင် တွမ်မူ အမြွှာညီနောင်သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။
တွမ်မူယန်က တုံ့ဆိုင်းနေခြင်း မရှိဘဲ ကျောက်စိမ်းပုတီးစေ့တစ်စေ့ကို ထုတ်ဖော်ကာ လှုံ့ဆော်လိုက်သည်။
“ဝုန်း..”
တွမ်မူယန်၏ လှုံ့ဆော်မှုအောက်တွင် ကျောက်စိမ်းပုတီးစေ့သည် အပြာရောင် ဓားပုံရိပ် တစ်ခုအဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ဓားချက်ကို ခုခံလိုက်သည်။
ကျောက်စိမ်းပုတီးစေ့သည် ဌာနခွဲ(၉)၏ နန်းတော်အရှင်က တွမ်မူယန် အတွက် ချန်ထားပေးခဲ့သည့် အသက်ကယ်ဝှက်ဖဲ ဖြစ်သည်။
ကျောက်စိမ်းပုတီးစေ့ အတွင်းတွင် ဓားစွမ်းအင်တစ်ခုကို သိုဝှက်ထားပြီး ၎င်းကို အသက်သွင်းလိုက်သည်နှင့် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
သူ့ရှေ့မှ ကြောက်မက်ဖွယ် အစွမ်းထက်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ရင်ဆိုင်ရလျှင် တွမ်မူယန်သည် ထိုဝှက်ဖဲကို တုံံ့ဆိုင်းခြင်းမရှိ အသုံးပြုလိုက်တော့သည်။
“ညီနောင်ကျန်းချန် သတိထားပါ.. ဒါက တလော့စွမ်းအားပဲ”
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ရှကျီ၏ မျက်နှာက အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန် သတိပေးလိုက်သည်။
တလော့အင်မော်တယ် အရှင်၏ စွမ်းအားသည် သာမန်ထက်ထူးခြားသည်။
တွမ်မူယန်၏ ဓားစွမ်းအင်တွင် တလော့စွမ်းအား အစအနေလေးသာ ပါဝင်နေသော်လည်း ယင်းသည် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ သတ်ပစ်နိုင်၏။
ဤကဲ့သို့သော စွမ်းအားနှင့် ရင်ဆိုင်ရလျှင် တလော့အဆင့်ဝှက်ဖဲဖြင့်သာ ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်သည်။
သို့မဟုတ်လျှင် ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုကာ လျှို့ဝှက်နယ်မြေ အတွင်းမှ အချိန်မတိုင်မီ ထွက်သွားရန်သာ ရှိတော့၏။
ကျန်းချန်က ရှကျီ၏ အော်ဟစ်သတိပေးသံကို ကြားသော်လည်း မျက်နှာအမူအရာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိပေ။
သူ့အနေဖြင့် တလော့စွမ်းအားနှင့် ရင်ဆိုင်ဖူးသည်မှာ ဤတစ်ကြိမ် ပထမဆုံး မဟုတ်ပေ။
စန်းယွင်ပြည်နယ်တွင် ယွိစစ်ချန်နှင့် တိုက်ခိုက်စဥ်ကလည်း သူက တလော့စွမ်းအား ဖြစ်သည့် တလော့အသံနှင့် ရင်ဆိုင်ခဲ့ဖူးသည်။
ထိုအချိန်က သူ၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့်သာ ရှိသေး၍ ထိုကဲ့သို့သော စွမ်းအားကို ယှဥ်ပြိုင်ရန် ခက်ခဲခဲ့သည်။
အဆုံးသတ်တွင် သူက အပြာရောင်ဧကရာဇ် ဓားစွမ်းအားနှင့် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားများကို ဆက်တိုက်ဆိုသလို အသုံးပြုခဲ့ပြီးမှသာ တလော့အသံ၏ စွမ်းအားကို ခဲရခဲဆစ် တားဆီးနိုင်ခဲ့၏။
ယခုအခါတွင်မူ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည်သည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးနှင့်ပင် ယှဥ်နိုင်နေပြီ ဖြစ်သည်။
ထို့ကြောင့် တွမ်မူယန်က တလော့စွမ်းအား ပါဝင်သည့် ဝှက်ဖဲကို အသုံးပြုလိုက်သည့်တိုင် ကျန်းချန်သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။
“ဝုန်း..”
လေထုထဲတွင် မတူညီသော ဓားစွမ်းအား နှစ်ခုသည် ချက်ချင်းဆိုသလိုပင် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
အပြာရောင် ဓားပုံရိပ်သည် လေထဲတွင် တစ်ခဏမျှ ရပ်တန့်သွားခဲ့ပြီး ၎င်းအပေါ်ရှိ စွမ်းအားများသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ လျော့ပါးသွားခဲ့သည်။
တစ်ခဏအတွင်း အပြာရောင်ဓားပုံရိပ် ပေါ်ရှိ တောက်ပမှုက မှိန်ဖျော့သွားခဲ့၏။
သို့သော် အပြာရောင် ဓားပုံရိပ်သည် အဆုံးသတ်တွင် ကျန်းချန်၏ ဓားချက်ကို ဖြိုခွင်းကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လာခဲ့ပြီး ကျန်းချန်ထံ သက်ရောက်လာခဲ့၏။
သူ့ထံသို့ ချဥ်းကပ်လာသည့် အပြာရောင်ဓားပုံရိပ်နှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အလွန်တရာပင် တည်ငြိမ်အေးဆေးနေခဲ့သည်။
သူက ခန္ဓာကိုယ် အတွင်းမှ အင်မော်တယ် စွမ်းအားများကို အစွမ်းကုန် စုစည်းလိုက်ပြီး ဆန်းကြယ်သော လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။
သူ၏ အေးစက်စက် ကြုံးဝါးသံသည် လိုဏ်ဂူအတွင်း ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
“ကောင်းကင်ဧကရာဇ်စည်းတံဆိပ် နည်းစနစ်.. အင်မော်တယ်ဝိညာဥ် ဖျက်ဆီးခြင်း”
မျက်စိတစ်မှိတ် အတွင်းမှာပင် ရှေးဟောင်း အင်မော်တယ်နတ်ဆိုးတစ်ကောင်၏ လက်ဝါး ကဲ့သို့ ကြီးမားသော လက်ဝါးတစ်ဖက်သည် ရှေးကာလကနေ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာသကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး အပြာရောင် ဓားပုံရိပ်ကို ဖမ်းဆုပ်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး အပြာရောင် ဓားပုံရိပ်သည် ဧရာမ အင်မော်တယ် လက်ဝါးကြီး၏ ဖမ်းဆုပ်မှုအောက်တွင် ဘာမှ မကျန်ရှိသည်အထိ ပျက်စီးသွားခဲ့သည်။
အင်မော်တယ် အဖျက်စွမ်းအင်မုန်တိုင်းက လိုဏ်ဂူတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ရာ လိုဏ်ဂူတစ်ခုလုံးသည် ငလျင်ဒဏ်ခံနေရသကဲ့သို့ တုန်ခါသွားခဲ့ကာ ဆက်တိုက်ပင် ပြိုကျလာခဲ့သည်။
“လိုဏ်ဂူပြိုတော့မယ်.. ငါတို့ အမြန် သွားကြစို့”
ကျန်းချန်က ရှကျီ အနားသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ပြီး ရှကျီ၏ ပုခုံးကို ဆွဲကိုင်ကာ မျက်စိတစ်မှိတ် အတွင်းမှာပင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် သူတို့နှစ်ဦး၏ ပုံရိပ်သည် လိုဏ်ဂူ အထက်ရှိ ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
“ဝုန်း..”
“ဝုန်း..”
ကျယ်လောင်သော အသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး အောက်ဘက်ရှိ လိုဏ်ဂူ တစ်ခုလုံးသည် ချက်ချင်းပင် ပြိုကျကာ အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“တွမ်မူအမြွှာညီနောင် လိုဏ်ဂူအောက်မှာ ပိသေသွားပြီလား မသိဘူး”
အောက်ဘက်ရှိ အပျက်အစီးပုံကို ကြည့်ရင်း ရှကျီက ခပ်တိုးတိုး ရေရွတ်လိုသူတို့က
အပျက်အစီးပုံ အဖြစ် ပြောင်းလဲသွားသော လိုဏ်ဂူမှာ အလွန်တရာပင် ကြီးမား၍ အင်မော်တယ်တစ်ဦး၏ ခန္ဓာကိုယ်ပင်လျှင် အလွယ်တကူ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
“စိတ်မပူပါနဲ့.. ငါတို့ ကိုယ်ပေါ်မှ ရှိတဲ့ ကျောက်စိမ်းပြားက မင်းထင်ထားတာထက် ပိုအစွမ်းထက်ပါတယ်.. အသက်အန္တရာယ် ကြုံတာနဲ့ ကျောက်စိမ်းတံဆိပ်ပြားက အလိုအလျောက် အသက်ဝင်ပြီး လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာစေပါလိမ့်မယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“အခုအချိန်လောက်ဆိုရင် တွမ်မူ အမြွှာညီနောင်က အမည်မဲ့အင်မော်တယ် မြို့တော်ကို ပြန်ရောက်နေလောက်ပါပြီ”
”တွမ်မူအမြွှာညီနောင် အတွက်တော့ စိတ်မကောင်းဘူး.. သူတို့က ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ”
ရှကျီက ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းပင် နှမြောစွာဖြင့် ပြောလိုက်သည်။
“တူးလို့ မပြီးသေးတဲ့ အင်မော်တယ်ကျောက်ကြော ပျက်စီးသွားတာ တကယ်ကို နှမြောဖို့ကောင်းတယ်”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
“နှမြောပေမဲ့လည်း ဒီတစ်ခေါက် ငါတို့ ရရှိခဲ့တာတွေက မနည်းပါဘူး”
တွမ်မူအမြွှာညီနောင် ပေါ်လာခြင်းကြောင့် အင်မော်တယ်ကျောက်တုံးများကို ဆက်လက် မတူးဖော်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် သူတို့သည် အင်မော်တယ်ကျောက်တုံး သုံးသိန်းထက် မနည်း ရရှိခဲ့ကြသည်။
အင်မော်တယ်ကျောက်တုံး သုံးသိန်းသည် တလော့အဆင့်လက်နက် နှစ်ခု သို့မဟုတ် သုံးခု ဝယ်ယူရန် လုံလောက်၏။
ဤပိုင်ဆိုင်မှု တစ်ခုတည်းဖြင့်ပင် သူတို့အတွက် ယခုတစ်ကြိမ် အင်မော်တယ် ဘုရင်၏ အမွေအနှစ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာခြင်းမှာ ထိုက်တန်သွားခဲ့ချေပြီ။
အခန်း(၂၇၇၆)ပြီး၏။