← Chapters

အခန်း ၂၇၇၇

Vol. 218 Ch. 2777

အခန်း ၂၇၇၇

Vol. 218 Ch. 2777

အခန်း(၂၇၇၇)

“ငါကိုက လောဘကြီးနေတာပါ”

ရှကျီက ရယ်မောလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။

“ညီနောင်ကျန်းချန် နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဥ်ရှိလဲ”

လောလောဆယ် ရှကျီ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။

ယင်းမှာ ကျန်းချန်၏ ခြေထောက်ကို ဖက်တွယ်ထားဖို့သာ ဖြစ်သည်။

ကျန်းချန်၏ စွမ်းရည်သည် သူစိတ်ကူးထားသည်ထက် လုံးဝကို ကျော်လွန်နေခဲ့၏။

တွမ်မူအမြွှာညီနောင်က တလော့အဆင့် ဝှက်ဖဲကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပေ။

ဤအချက်ကပင် ကျန်းချန်သည် အနည်းဆုံး ကောင်းကင်အင်‌မော်တယ် နဝမအဆင့်နှင့် ယှဥ်နိုင်သည့် တိုက်ခိုက်ရေးစွမ်းရည် ပိုင်ဆိုင်နေပြီဟု သက်သေပြနေခဲ့သည်။

ယင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် ဌာနခွဲအတွင်းမှ လော့ကျင်းလင်ထက်ပင် နိမ့်ကျမည် မဟုတ်ပေ။

ကျန်းချန်၏ ခြေထောက်ကို မြဲမြံစွာ ဖက်တွယ်ထားနိုင်သ‌ရွေ့ သူ့အတွက် အကျိုးကျေးဇူး အများအပြား ရနိုင်သည် မဟုတ်ပါလော။

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ မေးလိုက်သည်။

“မင်း ဒီနေရာအကြောင်း ဘယ်လောက်အထိ သိထားလဲ”

“ဒီလျှို့ဝှက်နယ်မြေက အရမ်းကို ကျယ်ပြန့်လွန်းတယ်.. အမည်မဲ့အင်မော်တယ် ညီလာခံတိုင်းမှာ ဌာနခွဲ ဆယ့်ရှစ်ခုက ပါရမီရှင်တွေ လျှို့ဝှက်နယ်မြေ ဝင်ရောက်ကြပေမဲ့ ဒီလျှို့ဝှက်နယ်မြေ အကြောင်းကိုတော့ အနည်းအကျဥ်းလောက်ပဲ သိကြတယ်”

ရှကျီက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“ဒါ့အပြင် ဒီလျှို့ဝှက်နယ်မြေထဲမှာ ရှေးဦးအင်မော်တယ်တွေ အများအပြားရှိတယ်.. နောက်ဆုံးအကြိမ်ကဆိုရင် ငါတို့ဌာနခွဲ(၈)က ပါရမီရှင် တစ်ယောက်က ရှေးဦးအင်‌မော်တယ်တွေ စုဝေးနေတဲ့ တောင်ထိပ်တစ်ခုမှာ ပထမအဆင့် ပြိုင်ပွဲပြီးဆုံးတဲ့အချိန်အထိ ပိတ်မိနေခဲ့တယ်.. သူက တောင်ပေါ်ကနေ လုံးဝ ထွက်မလာနိုင်တော့ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ဤပုံအတိုင်းဆိုလျှင် အင်မော်တယ်ဘုရင်၏ အကြွင်းအကျန် နယ်မြေ ထဲတွင် သူ့အနေဖြင့် ဖြည်းဖြည်းချင်းသာ ဆက်လက်စူးစမ်းသွားရလိမ့်မည် ဖြစ်သည်။

“ညီနောင်ကျန်းချန် နောက်ဆုံးအကြိမ်က ကျင်းပပြုလုပ်တဲ့ပြိုင်ပွဲမှာ ငါတို့ ဌာနခွဲ(၈)က ပါရမီရှင်တွေက အမွေအနှစ် နေရာတစ်ခုကို ရှာတွေ့ခဲ့ဖူးတယ်.. သူတို့က အဲဒီအမွေအနှစ်နေရာကို ဝင်ရောက်နိုင်စွမ်း မရှိတဲ့ အတွက် အဲဒီနေရာမှာ ထူးခြားတဲ့ အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့တယ်.. ညီနောင်ကျန်းချန် အဲဒီနေရာကို သွားကြည့်ချင်တယ် ဆိုရင် ငါလမ်းပြပေးနိုင်ပါတယ်”

ကျန်းချန်ကို အားကိုးနိုင်ရန် အတွက် ရှကျီသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ဘဲ ဌာနခွဲ(၈)က သိထားသည့် အမွေအနှစ်နေရာ အကြောင်းကိုပါ ပြောပြလိုက်သည်။

မည်သို့ပင် ဖြစ်စေကာမူ ဌာနခွဲ(၈)မှ လူငယ်ပါရမီရှင်များ အနေဖြင့် ထိုအမွေအနှစ် နေရာကို ဝင်နိုင်ရန်မှာ ခဲယဥ်းလွန်းနေခဲ့သည်။

ကျန်းချန်က အလွန်ပင် အစွမ်းထက်သူဖြစ်ရာ ထိုနေရာသို့ အမှန်တကယ် ဝင်ရောက်ပြီး အမွေအနှစ်ကို ရယူနိုင်မည်ဟု သူထင်ခဲ့သည်။

ထိုအချိန်သို့ရောက်လျှင် သူသည်လည်း ကျန်းချန်၏ နံဘေးကနေ အကျိုးအမြတ် အနည်းငယ်ကို ရရှိခံစားနိုင်မည် မဟုတ်ပါလော။

ရှကျီ၏ စကားကိုကြားလျှင် ကျန်းချန်၏မျက်ဝန်းထဲ၌ ထူးဆန်းသော အမူအရာတစ်ခု ယှက်သန်းသွားခဲ့သည်။

“ဒါဆိုရင်လည်း ငါ့ကို လမ်းပြပေးပါဦး ညီနောင်ရှ”

အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ ထဲတွင် အမွေအနှစ် အများအပြား ရှိပြီး ယင်းအမွေအနှစ်များသည် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများ ချန်ထားခဲ့ခြင်း ဖြစ်နိုင်သည်။

ယင်းကဲ့သို့ အမွေအနှစ်မျိုး ရှိနေသည့် နေရာကို ရှကျီက သိနေသည်ဖြစ်ရာ သူ့အနေဖြင့် သွားရောက် ကြည့်ရှုသည်က ကောင်းမွန်သော ရွေးချယ်မှုပင် ဖြစ်၏။

ကျန်းချန်၏ စကားကိုကြားလျှင် ရှကျီသည် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လက်တစ်ဝါးစာ အရွယ်အစားရှိ အပြာရောင် ကြိုးကြာငှက်တစ်ကောင်သည် သူတို့၏ရှေ့မှောက်တွင် ပေါ်ပေါက်လာခဲ့သည်။

“ညီနောင်ကျန်းချန် သွားကြရအောင်”

ထို့နောက်တွင်မူ ရှကျီသည် ကျန်းချန်ကို ခေါ်၍ အပြာရောင်ကြိုးကြာငှက်၏ လမ်းပြမှုဖြင့် ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင်များက အင်မော်တယ်ဘုရင်၏ လျှို့ဝှက်နယ်မြေကို စူးစမ်းနေကြချိန်တွင် အမည်မဲ့အင်မော်တယ် မြို့တော်၏ မြို့လည်ရှိ အင်မော်တယ်ဘုရင်၏ အမွေအနှစ် နယ်မြေ ဆီကို ဦးတည်နေသည့် ဝင်ပေါက် ဖြစ်သော ယဇ်ပလ္လင်ပေါ်တွင် အာကာပြင်လှိုင်းများနှင့် အင်မော်တယ် အလင်းတန်းများ တစ်ခါတစ်ရံ ထွက်ပေါ်လာခဲ့သည်။

ထိုသို့ဟင်းလင်းပြင်လှိုင်းတစ်ခု ပေါ်လာတိုင်းတွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင် တစ်ဦးသည် အလွန်ပင်ပမ်းနွမ်းနွယ်နေသာ အခြေအနေဖြင့် ယဇ်ပလ္လင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်‌မြေသည် အလွန်ပင် အန္တရာယ်များပြီး သာမန် နေရာတစ်ခု မဟုတ်ပေ။

အမွေအနှစ်နယ်မြေ၏ နေရာတိုင်းတွင် ရှေးဦး အင်မော်တယ်များကို နေရာအနှံ့တွေ့နိုင်၏။

အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲတစ်ဆယ့်ရှစ်ခုမှ ပါရမီရှင်များ ပင်လျှင် ထိုနေရာတွင် ရှင်သန်ရန် ကြိုးစားရသည်မှာ လွယ်ကူသောအလုပ်တစ်ခု မဟုတ်ပေ။

ထို့ကြောင့်ပင် အားနည်းပြီး ကံမကောင်းသော လူငယ်ပါရမီရှင်အချို့သည် အင်မော်တယ်ဘုရင်၏အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက်မကြာမီမှာပင် အန္တရာယ်နှင့်ရင်ဆိုင်ရကာ အဆုံးသတ်၌ ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြု၍ အမွေအနှစ်နယ်မြေထဲကနေ ထွက်ခွာလာခဲ့ကြသည်။

“အမည်မဲ့အင်မော်တယ်နန်းတော်ကနေ ထိန်းချုပ်ထားတဲ့ လျှို့ဝှက်နယ်မြေက အတော်လေး အန္တရာယ်ကြီးတဲ့ပုံပဲ”

“အမှန်ပဲ သုံးရက်အတွင်းမှာတင် ဌာနခွဲ တစ်ဆယ့်ရှစ်ခုက ပါရမီရှင် ငါးယောက်ထက်မက ထွက်လာခဲ့ရပြီ ဒီအခြေအနေအတိုင်းသာဆိုရင် အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ဌာနခွဲ တစ်ဆယ့်ရှစ်ခုက ပါရမီရှင်တွေထဲမှာ တစ်လပြည့်အောင် ဘယ်နှစ်ယောက်မှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

ရင်ပြင်ထဲရှိ ပရိသတ်များစွာသည် သူတို့၏ အမြင်များကို ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

ယင်းအချိန်တွင် ရင်ပြင်အလယ်ရှိ ယဇ်ပလ္လင်ပေါ်၌ ဟင်းလင်းပြင်လှိုင်း တစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။

နောက်ထပ်တစ်စက္ကန့်တွင် ဒဏ်ရာအပြင်းအထန် ရရှိနေပုံရသည့် လူနှစ်ဦးသည် ယဇ်ပလ္လင်၏ အစီအရင်ထဲကနေ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

ယဇ်ပလ္လင်ပေါ်ရှိ ထိုနှစ်ဦးကို မှတ်မိကြသူများသည် အံ့အားသင့်သွားခဲ့ကြပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်ကြသည်။

“ဌာနခွဲ(၉)က တွမ်မူအမြွှာညီနောင်ပါလား သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မြန်မြန်ဆန်ဆန် ထွက်လာရတာလဲ”

ထိုစကားကိုကြားလျှင် ရင်ပြင်ထဲရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။

ဌာနခွဲ(၉)မှ တွမ်မူအမြွှာညီနောင်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုတွင် လူသိများသော ပါရမီရှင်များဖြစ်ကြသည်။

သူတို့နှစ်ဦးသည် ဌာနခွဲ ဆယ့်ရှစ်ခုစလုံးမှ ပါရမီရှင်များထဲတွင် ထိပ်ဆုံးဆယ်ယောက် စာရင်း၌ ရှိသည့် ပါရမီရှင်များဖြစ်ကြသည်။

နှစ်ဦးသား လက်တွဲ၍ တိုက်ခိုက်လျှင် ဌာနခွဲ ဆယ့်ရှစ်ခုအတွင်း သူတို့ကို အနိုင်ယူနိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရ၏။

သူတို့ တွမ်မူ အမြွှာညီနောင် ကဲ့သို့ ပါရမီရှင်များပင် လျှို့ဝှက်နယ်မြေထဲတွင် သုံးရက်သာ နေရလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

“တွမ်မူ အမြွှာညီနောင်တောင် ပြိုင်ပွဲက ပြုတ်သွားပြီဆိုတော့ ဘာတွေဖြစ်ကုန်တာလဲ”ဌ

ဌာနခွဲ(၉)ဘက်မှ ကလေးမျက်နှာပေါက် ရှိပြီး အစိမ်းနုရောင်အင်္ကျီကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ဦး၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို အလွန်တရာ သုန်မှုန်သွားခဲ့သည်။

တွမ်မူ အမြွှာညီနောင်၏ စွမ်းရည်သည် တစ်ယောက်ချင်းဆိုလျှင် ဌာနခွဲ တစ်ဆယ့်ရှစ်ခုမှ နံပါတ်တစ် ပါရမီရှင်များကို မယှဥ်နိုင်သော်လည်း သူတို့နှစ်ယောက်သာ ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် ဌာနခွဲ ဆယ့်ရှစ်ခု စလုံးတွင် သူတို့ကို ယှဥ်နိုင်သူမှာ မရှိသလောက်ပင်။

အမြွှာညီနောင်များ ဖြစ်ကြ၍ သူတို့သည် စိတ်ချင်း ဆက်သွယ်ခဲ့ပြီး ပူးပေါင်းတိုက်ကွက်ကို ခင်းကျင်းရာတွင် အလွန်တရာမှ ထက်မြက်ကြ၏။

ယင်းအပြင် အမြွှာညီနောင် ထံတွင် ဝှက်ဖဲတစ်ခုလည်း ရှိနေသေး၏။

ထိုဝှက်ဖဲဖြင့် ဆိုလျှင် ကောင်းကင်အင်မော်တယ် နဝမအဆင့်ကျင့်ကြံသူပင်လျှင် တွမ်မူ အမြွှာညီနောင်ကို ခြိမ်းခြောက်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။

တွမ်မူအမြွှာညီနောင်က အဘယ်ကြောင့် ဤမျှလောက်အထိ မြန်မြန်ဆန်ဆန် ပြုတ်လာရသည်ကို အစိမ်းရောင် ဝတ်စုံဝတ် အဘိုးအိုသည် လုံးဝနားမလည်နိုင် ဖြစ်နေခဲ့၏။

သူက တွမ်မူ အမြွှာညီနောင်ကို အားကိုးပြီး ဌာနခွဲ(၉)၏ အဆင့်ကို မြှင့်တင်ရန် မူလက ရည်ရွယ်ထားခဲ့သည်။

မမျှော်လင့်ဘဲ ပထမအဆင့်အစမှာပင် တွမ်မူအမြွှာညီနောင်သည် လျှို့ဝှက်နယ်မြေထဲကနေ ထွက်လာခဲ့ရသည်။

တွမ်မူ အမြွှာညီနောင်သာ မရှိလျှင် သူတို့ဌာနခွဲ(၉)သည် ‌ရှေ့ဆက်နိုင်မည်မဟုတ်တော့သလို သူတို့၏ လက်ရှိရပ်တည်မှုအဆင့်သည်ပင် အန္တရာယ်ရှိလာနိုင်၏။

“တွမ်မူယန် မင်းတို့ဘာတွေလုပ်ခဲ့လို့ လျှို့ဝှက်နယ်မြေထဲကနေ ဒီလောက်အထိ မြန်မြန် ထွက်လာခဲ့ရတာလဲ”

အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုသည် အရုပ်ရောက်ရှိလာခဲ့‌သော တွမ်မူ အမြွှာညီနောင်ကို ကြည့်ကာ သုန်မှုန်သောအမူအရာဖြင့် မေးမြန်းလိုက်သည်။

“ဌာနခွဲနန်းတော်သခင် အကြောင်းအရင်းက ဒီလိုပါ”

တွမ်မူယန်က အနည်းငယ်မျှပင် ဖုံးကွယ်မထားဘဲ လျှို့ဝှက်နယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ရှင်းပြလိုက်သည်။

တွမ်မူယန်၏ ရှင်းပြမှုကို နားထောင်ပြီးနောက်တွင် အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုသည် တုန်လှုပ်သွားခဲ့၏။

ဤအတောအတွင်း ဌာနခွဲ(၁၈)တွင် အလွန်တရာ အစွမ်းထက်သည့် ပါရမီရှင်တစ်ဦး ပေါ်လာခဲ့ပြီး အမည်မဲ့အင်မော်တယ်မြို့တော်၏ အပြင်ဘက်တွင် ဌာနခွဲ(၃)မှ ရန်လီကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည့် အကြောင်းသည် အမည်မဲ့အင်မော်တယ် မြို့ထဲတွင် ပျံ့နှံ့နေခဲ့သည်။

သို့သော်လည်း အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲများသည် ထိုသတင်းကို အလေးအနက် သိပ်မထားခဲ့ကြပေ။

ဆိုရလျှင် ကျန်းချန်က ရန်လီကို အမှန်တကယ်ယှဥ်နိုင်သောစွမ်းရည်ရှိနေလိမ့်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြချေ။

သို့သော်လည်း ယခုအခါတွင်မူ တွမ်မူယန်သည် သူပေးထားသည့် ဝှက်ဖဲကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရ၏။

ဤပုံအတိုင်းဆိုလျှင် ထိုကောင်လေး၏ စွမ်းရည်သည် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲအားလုံးထဲတွင် အစွမ်းထက်ဆုံးများထဲမှ တစ်ယောက် ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

အခန်း(၂၇၇၇)ပြီး၏။

All Chapters