← Chapters

အခန်း ၂၇၇၉

Vol. 218 Ch. 2779

အခန်း ၂၇၇၉

Vol. 218 Ch. 2779

အခန်း(၂၇၇၉)

ထိုရှေးဟောင်းကျောင်းဆောင်သည် ပေတစ်ရာခန့် မြင့်မားသည်။

၎င်းက အတော်အတန် ကောင်းမွန်စွာ ကျန်ရှိနေသေးသော်လည်း အချိန်၏ တိုက်စားမှုကြောင့် ဟောင်းနွမ်းသော ကျောင်းဆောင် သဖွယ် ဖြစ်နေခဲ့သည်။

ကျောင်းဆောင်ကနေ ရှေးဟောင်း အရှိန်အဝါများလည်း ထွက်ပေါ်နေခဲ့၏။

ရှေးဟောင်းကျောင်းဆောင်၏ အဝင်ဝတွင် လူသားအသွင်အပြင် ရှိသည့် ‌ရှေးဦးအင်မော်တယ် အများအပြား စုဝေးနေကြပြီး ဆယ်‌ယောက်ကျော်မျှ ရှိနေခဲ့သည်။

ထိုအထဲတွင် အားအနည်းဆုံးသူမှာ ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ဖြစ်ပြီး ကောင်းကင်အင်မော်တယ် နဝမအဆင့်‌ ရှေးဦးအင်မော်တယ် နှစ်ဦးပင် ပါဝင်နေခဲ့သည်။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်သည့် အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ‌ရှေးဦးအင်မော်တယ်၏ အရှိန်အဝါသည် ကောင်းကင်အင်မော်တယ် နဝမအဆင့်ထက် များစွာ ပို၍ အစွမ်းထက်၍ ၎င်းသည် အနည်းဆုံး ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေသည်မှာ သေချာသလောက်ပင်။

“ညီနောင်ကျန်းချန်.. ရှေးဟောင်းကျောင်းဆောင်ရဲ့ အပြင်ဘက်မှာ ‌ရှေးဦးအင်မော်တယ်တွေ အများအပြား စုဝေးနေတယ် ဆိုတော့ ငါတို့ ဘယ်လိုဆက်လုပ်ကြမလဲ”

သူ့ရှေ့မှ အခြေအနေကိုကြည့်ကာ ရှကျီ၏ စိတ်ထဲတွင် အတော်လေး တုန်လှုပ်နေခဲ့သည်။

ဤနေရာတွင် ‌ရှေးဦးအင်မော်တယ်များစွာ ရှိနေရုံသာမက တစ်ဦးချင်းစီသည် အလွန်တရာပင် အစွမ်းထက်၏။

၎င်းတို့ထဲမှ အားအနည်းဆုံးသူပင် သူ့ကို အမှုန့်ဖြစ်အောင် အလွယ်တကူ ချေမှုန်းပစ်နိုင်စွမ်း ရှိ၏။

“ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ.. ဒီ‌ရှေးဦးအင်မော်တယ်တွေကို ငါပဲ ကိုင်တွယ်လိုက်မယ်”

ကျန်းချန်၏ မျက်ဝန်းက အနည်းငယ် လင်းလက်သွားခဲ့ပြီး ထိုစကားကို ရှကျီအား ပြောလိုက်ပြီးနောက်တွင် ရှေးဟောင်းကျောင်းဆောင် ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ အတွင်းသို့ သူတို့ ဝင်ရောက်လာရသည့် အကြောင်းအရင်းမှာ အမြုတေများကို စုဆောင်းရန် အပြင် အဓိကအားဖြင့် ရှေးခေတ်ကာလမှ အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ ထဲတွင် အခွင့်အလမ်းများ ရှာဖွေရန် ဖြစ်သည်။

ယနေ့ ဤနေရာတွင် ရှေးဟောင်းကျောင်းဆောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ရာ ကျန်းချန်သည် မည်သည့် အကြောင်းနှင့်မျှ လက်လွှတ်စရာ အကြောင်းမရှိပေ။

ကျန်းချန်က ရှေးဟောင်းကျောင်းဆောင် အနားသို့ တဖြည်းဖြည်း ချဥ်းကပ်လာသည်နှင့်အမျှ ကျောင်းဆောင်အပြင်ဘက်ရှိ ရှေးဦးအင်မော်တယ် ဆယ်ဦးကျော်သည် ကျန်းချန်ကို ချက်ချင်းဆိုသလိုပင် သတိပြုမိသွားကြသည်။

ခေါင်းဆောင်ဖြစ်သည့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ်မှလွဲ၍ ကျန်ရှိသော ‌ရှေးဦးအင်မော်တယ် ဆယ်ယောက်ကျော်သည် ကျန်းချန် ဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားခဲ့ကြ၏။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကောင်းကင်အင်‌မော်တယ် စတုတ္ထအဆင့် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ လက်ထဲရှိ ထျန်းယွမ် အင်မော်တယ်ဓားဖြင့် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

ကျန်းချန်က အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ ဓားကွက် သုံးကွက်စလုံးကို တစ်ချိန်တည်းနီးပါး ဆက်တိုက် ထုတ်သုံးလိုက်၏။

“ဝုန်း..ဝုန်း..ဝုန်း..”

အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည့် တောက်ပသော ဓားအလင်း သုံးခုသည် ဟင်းလင်းပြင်ကို ရုတ်တရက် ကျော်ဖြတ်သွားခဲ့ပြီး မှောင်မိုက်နေသော ကောင်းကင်ယံကို ချက်ချင်းပင် လင်းထိန်သွားစေခဲ့ကာ သူ့ဆီသို့ ပြေးဝင်လာသည့် ‌ရှေးဦးအင်မော်တယ်များ ဆီသို့ သက်ရောက်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ‌ရှေးဦးအင်မော်တယ် ဆယ်ယောက်ကျော်တွင် အများစုသည် သေဆုံးသွားခဲ့ကြသည်။

အစွမ်းထက်ဆုံး ‌ရှေးဦးအင်မော်တယ် သုံးယောက်ခန့်သာ သေဘေးမှ လွတ်မြောက်သွားခဲ့သည်။

သို့သော်လည်း ထိုသုံးယောက် စလုံးသည် ဒဏ်ရာ အပြင်းအထန် ရရှိထားကြချေပြီ။

ကျန်းချန်က ထို‌ရှေးဦးအင်မော်တယ် သုံးဦးကို အသက်ရှူရန်ပင် အခွင့်အရေး မပေးဘဲ အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်ကာ သုံးဦးစလုံးကို ချက်ချင်းဆိုသလို အပြတ်ရှင်းပစ်လိုက်သည်။

“ဒါက ညီနောင်ကျန်းချန်ရဲ့ တကယ့်စွမ်းရည်လား”

ကျန်းချန်က ဟင်းသီးဟင်းရွက်ကို လှီးဖြတ်နေသကဲ့သို့ သူ့ရှေ့မှ ရှေးဦးအင်မော်တယ် ဆယ်ဦးကျော်ကို တစ်ခဏအတွင်း သတ်ဖြတ်လိုက်သည်အား မြင်လျှင် ရှကျီသည် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

သိပ်မကြာခင်က ဌာနခွဲ(၉)မှ တွမ်မူ ညီနောင်နှင့် ရင်ဆိုင်ရစဥ်တွင် ကျန်းချန်သည် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့ပြီး တွမ်မူယန်၏ ဝှက်ဖဲကိုပင် တားဆီးနိုင်ခဲ့သည်။

သို့သော်လည်း ယခု မြင်တွေ့နေရသည့် အခြေအနေသည် ပို၍ပင် တုန်လှုပ်စရာ ကောင်းနေခဲ့၏။

ကျန်းချန်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ဖြင့် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများကို ကြက်သတ် သကဲ့သို့ အလွယ်တကူပင် သတ်ဖြတ်နေခဲ့သည်။

ယင်းမှာ အတော်လေး မယုံကြည်နိုင်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလား။

အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ(၁)မှ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီးဆယ်ယောက် စာရင်းထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည့် လော့ကျင်းလင် ပင်လျှင် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မည်ဟု ရှကျီ ခံစားမိနေခဲ့သည်။

“သေစမ်း”

သူ၏ ငယ်သား ဆယ်ဦးကျော်ကို ကျန်းချန်က သတ်ဖြတ်လိုက်သည်အား မြင်လျှင် နောက်ဆုံး ကျန်ရှိနေသည့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ရှေးဦးအင်မော်တယ်သည် အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ ဓားကို ဆွဲထုတ်ကာ ကျန်းချန်ကို ခုတ်ပိုင်းလိုက်သည်။

“ဝုန်း..”

သေခြင်းတရား၏ အရိပ်အ‌ငွေ့များ ပါဝင်နေသည့် ဓားအလင်းသည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့ပြီး ကျန်းချန်၏ အထက်ရှိ ဟင်းလင်းပြင်ကို ကြီးမားသော နေရာလွတ် တွင်းနက်ကြီး အဖြစ် ချက်ချင်းဆိုသလို ရိုက်ခွဲပစ်လိုက်သည်။

ထိုနေရာလွတ် တွင်းနက်ကြီးသည် ဧရာမပါးစပ်ကြီးသဖွယ် အောက်ဘက်ရှိ ကျန်းချန်ကို ဝါးမျိုရန် အသင့်ဖြစ်နေခဲ့၏။

“အင်မော်တယ်ဝိညာဥ်ဖျက်ဆီးခြင်း”

ကျန်းချန်က ချက်ချင်းဆိုသလိုပင် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ပထမ တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။

ထိုအခါ ရှေးဟောင်းအင်မော်တယ်နတ်ဆိုး၏ ဧရာမလက်ဝါးကြီးသည် ဟင်းလင်းပြင်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို ဝါးမျိုရန် အသင့်ပြင်နေသော တွင်းနက်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ကြောက်မက်ဖွယ် စွမ်းအားနှစ်ခုက ဟင်းလင်းပြင်ထက်တွင် ထိပ်တိုက် တွေ့ဆုံခဲ့ပြီး နောက်တွင် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ရှေးဦးအင်မော်တယ် ထုတ်ဖော်လိုက်သော ဓားချက်သည် ကျန်းချန်၏ စည်းတံဆိပ်စွမ်းအားကြောင့် ချေမှုန်းခံလိုက်ရသည်။

“ကောင်း.. ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ပါလား”

ကျန်းချန် ထုတ်ဖော်လိုက်သည့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို မြင်လျှင် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ်သည် မှင်တက်သွားခဲ့ပြီး သူ၏ ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ်၏ စကားကိုကြားလျှင် ကျန်းချန် အံ့ဩထိတ်လန့်သွားခဲ့၏။၊

သူက အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“မင်းဘယ်သူလဲ.. ဘယ်လိုလုပ်ပြီး ကောင်းကင်ဧကရာဇ်စည်းတံဆိပ် အကြောင်းကို သိနေရတာလဲ”

သူ့ရှေ့မှ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ်သည် ကျန်းချန် အရင်က တွေ့ခဲ့သည့် တခြားရှေးဦးအင်မော်တယ်များနှင့် လုံးဝ ကွဲပြားနေပြီး အသိစိတ် ကောင်းစွာ ရှိနေပုံရသည်။

ထိုအနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် မှတ်မိနေလိမ့်မည်ဟု ကျန်းချန် ထင်မထားခဲ့ပေ။

ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ရှေးခေတ်ကာလက ခေတ်တစ်ခေတ်ကိုပင် လွှမ်းမိုးခဲ့သည့် ပြိုင်ဘက်ကင်း အင်မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်သည့် ကောင်းကင်ဧကရာဇ် တီထွင်ခဲ့ခြင်း ဖြစ်ပြီး ယခုခေတ် ကာလတွင် သိရှိသူ အလွန်တရာပင် နည်းပါးသည်။

သို့ဖြစ်ရာ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ရှေးဦးအင်မော်တယ်သည် မည်သူ ဖြစ်၍ ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ဤမျှအထိ ရင်းနှီးနေရပါသနည်း။

ကြည့်ရသည်မှာ ထိုသူသည် ရှေးခေတ်ကာလက ကောင်းကင်ဧကရာဇ်နှင့် တစ်စုံတစ်ရာ ပတ်သက်နေခြင်း ဖြစ်နိုင်ပါသလော။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ်က ဘာစကားမျှ မပြောခဲ့ပေ။

သူက ကျန်းချန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်ထဲမှာ ဓားကို ပြန်လည် သိမ်းဆည်းလိုက်ကာ ချိုင့်ဝှမ်း အတွင်းပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။

ထွက်ခွာသွားသော အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ်ကို ငေးကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ယှက်သန်းသွားခဲ့သည်။

ဤအနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ်သည် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိရုံတင်မက သူက ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်ပြလိုက်သည့် တစ်ခဏတွင် အလိုအလျောက် ဆုတ်ခွာသွားခဲ့သည်။

ထိုအကောင်က ကောင်းကင်ဧကရာဇ်နှင့် ဘာမျှ မပတ်သက်ဟု ပြောလျှင်ပင် သူ့ကို အသေသတ်လျှင်တောင် ယုံကြည်မည်မဟုတ်ပေ။

ဤရှေးခေတ်ကာလက ဂိုဏ်း၏ တည်နေရာနှင့် အင်မော်တယ်ဘုရင်၏ အမွေအနှစ် နယ်မြေ တစ်ခုလုံးသည် ဒဏ္ဍာရီလာ ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်နေနိုင်သည်ဟု သူ သံသယ ဝင်လာခဲ့သည်။

“ညီနောင်ကျန်းချန် ဘာတွေဖြစ်ကုန်တာလဲ.. အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ်က ဘာလို့ရုတ်တရက် ဆုတ်ခွာသွားရတာလဲ”

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်‌ ရှေးဦးအင်မော်တယ် ထွက်ခွာသွားသည်ကို မြင်လျှင် ရှကျီသည် ရှေ့ကို လှမ်းလာခဲ့ပြီး နားမလည်နိုင်သော အမူအရာဖြင့် ကျန်းချန်ကို မေးလိုက်သည်။

“ငါလည်း မသိဘူး”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက်မတွေးတော့ဘဲ သူ့ရှေ့မှ ရှေးဟောင်းကျောင်း‌ဆောင်ကို ကြည့်ကာ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်၍ ပြောလိုက်သည်။

“သွားကြစို့ ငါတို့အထဲဝင်ပြီး ကြည့်ရအောင်”

ရှေးဟောင်းကျောင်းဆောင်သည် သက်တမ်း အတော်လေး ကြာမြင့်နေပြီ ဖြစ်၍ ကျောင်းဆောင် ပတ်ပတ်လည်တွင် အကာအကွယ် စွမ်းအားများ မရှိသလောက်ပင်။

ယင်းအတွက်ကြောင့်ပင် ကျန်းချန်တို့သည့် မည်သည့် အတားအဆီးမှ မရှိဘဲ ကျောင်းဆောင်ထဲကို ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။

ရှေးဟောင်းကျောင်းဆောင်၏ အတွင်းပိုင်း နေရာသည် သိပ်မကျယ်ပေ။

ပေတစ်ရာခန့်သာ ကျယ်ဝန်း၍ အတွင်းမှ အခြေအနေကို တစ်ချက် ကြည့်ရုံဖြင့်ပင် ကောင်းစွာမြင်နိုင်ခဲ့သည်။

ခန်းမ၏ အလယ်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် သန်မာထွားကျိုင်းသော လူတစ်ယောက်သည် တင်ပျဥ်ခွေ၍ ထိုင်နေသည်ကို တွေ့ရသည်။

ထိုသူ သေဆုံးသွားသည်မှာ ဘယ်နှစ်နှစ် ရှိပြီမှန်း မည်သူမျှ မသိနိုင်ပေ။

ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် သန်မာထွာကျိုင်းသော ကျင့်ကြံသူ၏ အရှေ့တွင် ပစ္စည်းတချို့ ရှိနေသည်ကို တွေ့ရ၏။

ထိုပစ္စည်းများထဲတွင် ထျန်းယွမ် အင်မော်တယ်ဓားထက် အရည်အသွေး မနိမ့်သည် ရှေးဟောင်းဓားရှည် တစ်လက်ကိုလည်း တွေ့လိုက်ရသည်။

ယင်း ရှေးဟောင်းဓားရှည်သည် တလော့အဆင့် ရတနာလက်နက် ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ထိုတလော့အဆင့် အင်မော်တယ်ဓား အပြင် ဖုန်များတက်နေသည့် စာလိပ်တချို့လည်း ရှိနေသေး၏။

ယင်းမှာ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် သန်မာထွားကျိုင်းသော ကျင့်ကြံသူ ချန်ထားရစ်ခဲ့သည့် ကျင့်စဥ်အမွေအနှစ်များ ဖြစ်နိုင်လောက်သည်။

ကျန်းချန်က ထိုကျင့်စဥ် အမွေအနှစ်များကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်သည်။

အဆုံးသတ်တွင် သူ၏ အကြည့်သည် ဖြစ်ရပ်တချို့ကို မှတ်တမ်းတင်ထားပုံ ရသည့် ဟောင်းနွမ်းနေသော စာအုပ်တစ်အုပ်ပေါ်တွင် ရပ်တန့်သွားခဲ့သည်။

အခန်း(၂၇၇၉)ပြီး၏။

All Chapters