← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂)

အစည်းအဝေးခန်းထဲက လူတွေရဲ့ မျက်နှာမှာ အနိုင်ရချင်တဲ့ မျှော်လင့်ချက်တွေကော၊ ဒီပွဲကို အမြန်ဆုံး အဆုံးသတ်ချင်နေတဲ့ ဆန္ဒတွေကော ရောထွေးနေကြပါတယ်။

အားလုံးက နောက်ဆုံးမိနစ်အထိ လေလံဈေးကို အတည်ပြုနိုင်ဖို့ တစ်ညလုံး ဆွေးနွေးတိုင်ပင်ခဲ့ကြတာ ဖြစ်မှာပဲ။

တကယ်တော့ လေလံဈေး အတက်အကျ ဖြစ်နိုင်တဲ့ ပမာဏက အများကြီး မရှိပါဘူး။

ရောင်းမယ့်သူ လိုချင်တဲ့ဈေး၊ ကျွန်တော် ဝယ်ချင်တဲ့ဈေး၊ ပြိုင်ဘက်တွေ ဝယ်ချင်တဲ့ဈေးနဲ့ ဈေးကွက်က သတ်မှတ်ထားတဲ့ဈေး... ဒါတွေအားလုံးကို ပေါင်းလိုက်ရင် ပုံမှန်အားဖြင့်တော့ ဆင်တူတဲ့ ပမာဏတစ်ခုပဲ ထွက်လာတတ်တာမျိုးပါ။

အဲဒီဈေးကို အခြေခံထားပြီးမှ ဘယ်လောက်ပိုပေးမလဲ၊ ဒါမှမဟုတ် ဘယ်လောက်လျှော့မလဲဆိုတာကို စဉ်းစားကြတာပေါ့။ ပုံမှန်ဆိုရင်တော့ အခြေခံဈေးရဲ့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်မှာပဲ ရှိတတ်ပြီး ၃၀ ရာခိုင်နှုန်းထက် ကျော်သွားတာမျိုးကတော့ တော်တော်လေး ရှားပါတယ်။

အားလုံးကတော့ အခြေခံဈေးကို ဒေါ်လာ သန်း ၂၇၀၀လောက် သတ်မှတ်ထားကြမှာ သေချာသလောက်ပါပဲ။ ဘယ်သူက ပိုပြီး သုံးရဲသလဲဆိုတာပေါ်မှာပဲ ရလဒ်က မူတည်သွားတော့မှာပါ။

နည်းနည်းလေး ပိုသုံးလိုက်ရင် ရနိုင်တယ်လို့ တွေးမိနိုင်ပေမဲ့ ဈေးကို တဖြည်းဖြည်း တင်ရင်းနဲ့ နောက်ဆုံးမှာတော့ ရိုးရိုးကားတစ်စီး ဝယ်မယ့်အစား ဇိမ်ခံကားတစ်စီး ဝယ်လိုက်ရသလိုမျိုး ဖြစ်သွားတတ်ပါတယ်။

အတိတ်က ဂုမ်အိုအုပ်စုဟာ ဒေဟူး ဆောက်လုပ်ရေး ကို ဈေးအကြီးကြီးပေးပြီး ဝယ်ယူခဲ့လို့ ပြိုလဲသွားခဲ့ရသလိုမျိုးပေါ့။

တခြားကုမ္ပဏီတွေက လေလံဈေးအတွက် အသေအချာ စဉ်းစားနေချိန်မှာ ကျွန်တော်ကတော့ သေသေချာချာ စဉ်းစားပြီးမှ ဈေးနှုန်းကို အလွယ်တကူပဲ မြှင့်ပြီး သတ်မှတ်ခဲ့တယ်။

ရလဒ်က အရေးကြီးသလိုပဲ လုပ်ဆောင်တဲ့ ဖြစ်စဉ်ကလည်း အရေးပါတာပဲလေ။ တကယ်လို့ ကျွန်တော့်ခေါင်းထဲကို ဝတ္ထုတစ်ပုဒ် ပေါ်လာပြီး အရောင်းရဆုံး စာရေးဆရာ ဖြစ်သွားတာမျိုး၊ ဒါမှမဟုတ် သီအိုရီတစ်ခုခု ပေါ်လာလို့ နိုဘယ်ဆု ရသွားတာမျိုးဆိုရင်တော့ ကြိုးစားပမ်းစား လုပ်နေတဲ့ တခြားစာရေးဆရာတွေနဲ့ သုတေသီတွေကို အားနာမိမှာပါ။

ဒါပေမဲ့ ငွေကြေးနယ်ပယ်မှာတော့ ရလဒ်ကသာ အဓိကပဲ။

ဘယ်လောက်ပဲ ပြည့်စုံတဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ထားပါစေဦး။ နောက်တစ်နေ့မှာ 9/11 အကြမ်းဖက်တိုက်ခိုက်မှုမျိုး ဖြစ်သွားရင် အဲဒီရင်းနှီးမြှုပ်နှံမှုက ကျရှုံးတာပါပဲ။ ခွဲခြမ်းစိတ်ဖြာလို့ပဲဖြစ်ဖြစ်၊ ပင်ကိုသိစိတ်နဲ့ပဲဖြစ်ဖြစ် အမြတ်ရရင်တော့ အဲဒါက အောင်မြင်မှုပဲလေ။

ဒါကြောင့်လည်း ကျွန်တော်ကတော့ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းအားနဲ့ ပတ်သက်ပြီး သိပ်ပြီး စိတ်ပူမနေပါဘူး။

နောက်ဆုံးမှာတော့ ရလဒ်ကသာ အရေးအကြီးဆုံးပဲ မဟုတ်လား။

လေလံတင်တဲ့ လုပ်ငန်းစဉ်ကတော့ ရိုးရှင်းပါတယ်။

မျှတမှုရှိအောင် လူအားလုံးရဲ့ ရှေ့မှာပဲ စာအိတ်တွေကို ဖွင့်ပြီး လေလံဈေးတွေကို ထုတ်ပြန်တာဖြစ်သလို တစ်ခုလုံးကိုလည်း ဗီဒီယို မှတ်တမ်းတင်ထားပါတယ်။

လေလံပွဲကိုတော့ မော်ဂန် စတန်းလေ ရဲ့ ဆိုးလ်ရုံးခွဲ အကြီးအကဲ ဆောင်မြောင်ဟို က ဦးဆောင်ပါတယ်။ သူက စင်ပေါ်တက်ပြီး သူ့ကိုယ်သူ မိတ်ဆက်ကာ လေလံဈေးနှုန်းတွေကို စတင် ကြေညာပါတယ်။

မစ္စတာဆောင်က KRR က တင်ထားတဲ့ စာအိတ်ကို ဖွင့်ပြီး လေလံဈေး ရေးထားတဲ့ စာရွက်ကို ထုတ်လိုက်တယ်။ ပြီးတော့ တည်ငြိမ်တဲ့ အသံနဲ့ မိုက်ခရိုဖုန်းကနေ ကြေညာပါတယ်။

“KRR... ဒေါ်လာ သန်း ၂၇၄၀”

အဲဒီပမာဏက မော်နီတာပေါ်မှာ ဆိုင်းဘုတ်ကြီးလို ပေါ်လာပါတယ်။

လေလံပွဲကို စောင့်ကြည့်နေကြတဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေရဲ့ မျက်နှာတွေက အနည်းငယ် ပြောင်းလဲသွားကြတယ်။ ကိုရီးယားဈေးကွက်ကို အမြဲတမ်း ဈေးလျှော့တွက်လေ့ရှိတဲ့ KRR တောင်မှ ဝမ် သိန်းပေါင်း ၃ကုဋေကျော်အထိ ဈေးပေးထားတာလေ။

နောက်တစ်ခုကတော့ လီဂျောင်ဟို ဦးဆောင်တဲ့ Canline Group’ ရဲ့ လေလံဈေးပါ။

“Canline Group’... ဒေါ်လာ သန်း၂၈၅၅”

ဈေးနှုန်းက ရုတ်တရက်ဆိုသလို ဒေါ်လာ ၁၁၅ သန်းလောက် ခုန်တက်သွားတယ်။

KRR ရဲ့ စီအီးအို ဂျောင်ထယ်ဟို ကတော့ စိတ်ပျက်သွားတဲ့ပုံပါပဲ။ လီဂျောင်ဟို ကတော့ ပြုံးနေပါတယ်။ ဒါပေမဲ့ RCK Bros ရဲ့ လေလံဈေးကို ကြေညာလိုက်တဲ့အခါမှာတော့ အဲဒီအပြုံးက ပျောက်ကွယ်သွားရတယ်။

“RCK Bros... ဒေါ်လာ သန်း ၂၉၁၇”

ဒါက ဝမ် သိန်းပေါင်း ၃.၂ ကုဋေကို ကျော်လွန်တဲ့ အံ့သြစရာ ပမာဏတစ်ခုပါ။

သူတို့မှာ ငွေကြေးအခက်အခဲ ရှိနိုင်တယ်လို့ ထင်ထားကြပေမဲ့ တကယ်တမ်းမှာတော့ တော်တော်လေး သတ္တိရှိရှိ လုပ်ဆောင်ခဲ့တာပဲ။ အစောပိုင်း လေလံပွဲတုန်းက ဈေးလျှော့ပေးထားတာက နည်းဗျူဟာတစ်ခုပဲ ဖြစ်မှာပါ။

မော်နီတာကို ကြည့်နေတဲ့ စီနီယာ မန်နေဂျာ ဆိုဆန်းဝန် ရဲ့ မျက်နှာက နည်းနည်းတည်သွားပါတယ်။

RCK Bros က ဈေးအမြင့်ပေးလိမ့်မယ်လို့ ခန့်မှန်းထားပေမဲ့ သူတို့ ထင်ထားတာထက်တောင် ပိုနေတာလေ။

တကယ်လို့ သူတို့က အစောပိုင်းက ခန့်မှန်းထားသလို သန်း ၂၈၈၀ပဲ ပေးခဲ့မယ်ဆိုရင် ရှုံးသွားမှာ သေချာပါတယ်။

သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။

“ဒု-ဥက္ကဋ္ဌ ရဲ့ အဆုံးအဖြတ်က မှန်သွားတာပဲ”

ဟန်ချန်ယောင်း ကတော့ ကျေနပ်စွာ ပြုံးလိုက်ရင်း ခေါင်းညိတ်ပြတယ်။

သူတို့ရဲ့ အဓိက ပြိုင်ဘက် RCK Bros ထက် ဒေါ်လာ ၁၃ သန်းလောက်ပဲ ပိုပေးပြီး အနိုင်ရလိုက်တာက တကယ့်ကို ပြည့်စုံတဲ့ အောင်မြင်မှုပဲလေ။

အဲဒီနောက်မှာတော့ အွန်ဆောင်း ကော်ပိုရေးရှင်း ရဲ့ လေလံဈေးကို ထုတ်ပြန်လိုက်တဲ့အခါမှာတော့ ခန်းမတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။

RCK Bros က သတ္တိရှိတယ်ဆိုရင် အွန်ဆောင်း ကော်ပိုရေးရှင်း ကတော့ ပိုပြီးတောင် သတ္တိရှိနေတာပါ။ အဲဒီ နည်းနည်းလေး ကွာခြားသွားတဲ့ ဈေးနှုန်းကပဲ ရလဒ်ကို အဆုံးအဖြတ် ပေးလိုက်တာပါပဲ။

အဖွဲ့ခေါင်းဆောင် ဟာချန်ဟွန်း ကတော့ ခေါင်းကို အနည်းငယ် ငုံ့လိုက်တယ်။ ဒါက စိတ်ပျက်စရာကောင်းပေမဲ့ ရှောင်လွှဲလို့မရတဲ့ ရလဒ်တစ်ခုပါပဲ။

ဈေးနှုန်းက သူတို့ မျှော်လင့်ထားတာထက် အများကြီး ကျော်လွန်သွားပြီလေ။

OTK Company နဲ့ Golden Gate တို့က ဒီထက် ပိုသုံးမှာ မဟုတ်ဘူးလို့ အားလုံးက ယူဆထားကြတာပါ။

အဲဒီ ယူဆချက်ကလည်း တစ်ဝက်လောက်တော့ မှန်ပါတယ်။

tpfrအိုဟျွန်းဂျူး ကတော့ လက်ပိုက်ပြီး လက်ချောင်းလေးတွေကို လှုတ်နေပါတယ်။ ဆေးလိပ်သောက်ချင်လာရင် ဖြစ်တတ်တဲ့ သူ့ရဲ့ အမူအရာပေါ့။

“ငါတို့ ရှုံးပြီ”

သူက ကန်ဂျင်ဟူ နဲ့ တိုင်ပင်ထားတဲ့ အမြင့်ဆုံးဈေးက ဒေါ်လာ သန်း ၂၉၂၀ပါ။ ဘယ်လို အခြေအနေမျိုးမှာမဆို အဲဒီပမာဏထက် မကျော်ရဘူးလို့ သူက အသေအချာ သတိပေးထားခဲ့တာမလား။

RCK Bros က အနောက်မှာ ကျန်ခဲ့ပေမဲ့ အွန်ဆောင်း ကော်ပိုရေးရှင်း ကိုတော့ မကျော်နိုင်ခဲ့ဘူး။

တကယ်လို့ ပြိုင်ဘက်ရဲ့ ဈေးနှုန်းကိုသာ ကြိုသိခဲ့ရင် နည်းနည်းလောက် ပိုသုံးလိုက်မှာပေါ့... ဒါပေမဲ့ အဲဒီလို တွေးနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။

အစ်မအိုဟျွန်းဂျူး က သူ့ဘေးက ကန်ဂျင်ဟူ ကို လှမ်းကြည့်လိုက်တယ်။ အွန်ဆောင်း ကို ရှုံးသွားတဲ့အတွက် သူ အရမ်း ဒေါသထွက်နေလိမ့်မယ်လို့ စိုးရိမ်ခဲ့ပေမဲ့ ကန်ဂျင်ဟူ ကတော့ အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေပါတယ်။

“တစ်ခါတလေ ရှုံးနိမ့်မှုကို မြည်းစမ်းကြည့်ရတာလည်း မဆိုးပါဘူး”

ဒီတစ်ခါတော့ သူက သူ့မောင်လေးကို ကြည့်လိုက်တယ်။ တက်ဂယူ ကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပျော်နေတာပဲ။

ဒါကို မြင်တော့ သူ အကြောင်းမရှိဘဲ ဒေါသထွက်ချင်လာတယ်။

“သူက ဒီလို အခြေအနေမျိုးမှာ ဘာလို့ ပြုံးနေတာလဲ”

ရုံးခွဲ မန်နေဂျာ ဆောင်မြောင်ဟို က နောက်ဆုံး စာအိတ်ကို ဖွင့်ပြီး စာရွက်တွေကို ထုတ်လိုက်တယ်။

“OTK Company...”

သူက စကားပြောရင်း ခဏ ရပ်သွားတယ်။ တစ်ခုခု မှားကြည့်မိသလိုမျိုး မျက်နှာပေးနဲ့ပေါ့။

လေလံဆွဲတဲ့သူ အားလုံးရဲ့ အကြည့်တွေက သူ့ဆီ ရောက်သွားကြတယ်။

သူ ဘာလို့ အဲဒီလို ဖြစ်သွားတာလဲ။ ဈေးနှုန်းက အရမ်းကြီး နည်းနေလို့လား၊ ဒါမှမဟုတ် အရမ်းကြီး များနေလို့လား။

ဆောင်မြောင်ဟို က သူ့ကိုယ်သူ ပြန်ထိန်းလိုက်ပြီး လေလံဈေးကို ကြေညာပါတယ်။

“OTK Company နဲ့ Golden Gate Consortium... ဒေါ်လာ ၂,၉၃၀,၁၀၀,၀၀၀”

အဲဒီပမာဏက စကရင်ပေါ်မှာ ပေါ်လာတယ်။

‘အွန်ဆောင်း မော်တာ ဒေါ်လာ ၂,၉၃၀,၀၀၀,၀၀၀’ ဆိုတာက အောက်ကို ဆင်းသွားပြီး ‘OTK Company နဲ့ Golden Gate Consortium ဒေါ်လာ ၂,၉၃၀,၁၀၀,၀၀၀’ ဆိုတာက အပေါ်ဆုံးကို ရောက်လာတယ်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတယ်။

ဘယ်သူမှ ဒီလို မျှော်လင့်မထားတဲ့ ရလဒ်ကြောင့် စကားတစ်လုံးတောင် မပြောနိုင်ကြတော့ဘူး။

ဒေါ်လာ တစ်သိန်းပဲ ကွာတာပါ။

ဒေါ်လာ တစ်သိန်းလေး ကွာရုံနဲ့တင် X-Cop ရဲ့ ပိုင်ရှင်က အဆုံးအဖြတ် ဖြစ်သွားတာပဲ။

အားလုံး အံ့သြနေကြတုန်းမှာပဲ ဟန်ချန်ယောင်း က စင်ပေါ်ကို တက်လာတယ်။

“စာရွက်စာတမ်းတွေကို ကြည့်ပါရစေ”

လုပ်ငန်းစဉ် တစ်ခုလုံးကို မှတ်တမ်းတင်ထားတာဖြစ်ပြီး တရားဝင် ကန့်ကွက်ချင်တယ်ဆိုရင်လည်း စစ်ဆေးလို့ ရပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ရုတ်တရက် လုပ်လိုက်တာက လေလံပွဲ ကျင်းပတဲ့သူအပေါ် မလေးစားရာ ရောက်တာပေါ့။

“နေပါဦး... ခဏလေး...”

ဝန်ထမ်းတွေ တားမရခင်မှာပဲ စာရွက်စာတမ်းတွေက ဟန်ချန်ယောင်းရဲ့ လက်ထဲကို ရောက်သွားပါပြီ။ သူက စာရွက်ပေါ်မှာ ရေးထားတဲ့ ဈေးနှုန်းကို ကြည့်လိုက်တယ်။

သေချာပါတယ်၊ ၂,၉၃၀,၁၀၀,၀၀၀ ဆိုတဲ့ ဂဏန်းက နေရာတကျ ရှိနေတာပါပဲ။

သူက တခြားစာရွက်များ ရှိသေးလားဆိုပြီး စာအိတ်ထဲကိုပါ နှိုက်ကြည့်သေးပေမဲ့ ဘာမှ မရှိပါဘူး။ ဒီစာရွက်တစ်ရွက်ထဲပါပဲ။

ရုံးခွဲ မန်နေဂျာ ဆောင်မြောင်ဟို ကတော့ ဒေါသသံ အနည်းငယ် ပါတဲ့ အသံနဲ့ ပြောလိုက်တယ်။

“ဒါက လေလံပွဲကို နှောင့်ယှက်တာပဲ။ ကျေးဇူးပြုပြီး အောက်ကို အခုချက်ချင်း ဆင်းပေးပါ”

ဟန်ချန်ယောင်း ကတော့ မယုံနိုင်သလိုနဲ့ ရေရွတ်နေတုန်းပဲ။

“ဒါက မဖြစ်နိုင်တာ...”

စီအီးအို ဂျောင်ထယ်ဟို၊ လီဂျောင်ဟို နဲ့ အဖွဲ့ခေါင်းဆောင် ဟာချန်ဟွန်း တို့က ကျွန်တော်တို့ဆီ လာပြီး ဂုဏ်ပြုစကား ပြောကြတယ်။

“တကယ် တော်ပါပေတယ်။ မန်နေဂျာ အိုဟျွန်းဂျူး”

“ဟာ... ကျွန်တော်တော့ သေသေချာချာကို ရှုံးသွားပြီ။ နောက်တစ်ခါကျရင်တော့ ဒီထက် ပိုပြီး ပြင်ဆင်လာရမှာပဲ”

“ဂုဏ်ယူပါတယ်ဗျာ။ နောက်မှ ပြန်ဆုံကြတာပေါ့”

အားလုံးကတော့ အစ်မအိုဟျွန်းဂျူး ကိုယ်တိုင်ပဲ နောက်ဆုံး လေလံဈေးကို ရေးလိုက်တာလို့ ထင်နေကြတာပါ။ အစ်မအိုဟျွန်းဂျူး က ဝယ်ယူရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ယောက်ဆိုတော့ ဒါကလည်း သဘာဝကျပါတယ်လေ။ ကျွန်တော်တို့လည်း အဲဒီ အထင်လွဲမှုကို ရှင်းပြနေစရာ မလိုပါဘူး။

ကျွန်တော်တို့ အဆောက်အဦးထဲက ထွက်လာတော့ ကားက တံခါးရှေ့မှာ အဆင်သင့် စောင့်နေပါပြီ။ ချက်ချင်းပဲ ကားပေါ် တက်လိုက်ကြတယ်။ လာတုန်းကလိုပဲ တက်ဂယူ ကပဲ ကားမောင်းတာပေါ့။

ကားပေါ်ရောက်တာနဲ့ အစ်မအိုဟျွန်းဂျူး က အောင့်အီး စောင့်ဆိုင်းနေခဲ့သလိုမျိုး ဆေးလိပ်တစ်လိပ်ကို ချက်ချင်း ညှိလိုက်တယ်။

“ဟူး...”

အစ်မရဲ့ မျက်နှာက အနည်းငယ် ပြေလျော့သွားတယ်။

တက်ဂယူ က လှမ်းပြောလိုက်တယ်။

“ဘေးကလူတွေ ကြည့်ရင်တော့ မမကို မူးယစ်ဆေးစွဲနေတဲ့သူလို့ ထင်ကြမှာပဲ”

“ပါးစပ်ပိတ်ထားစမ်း”

အယ်လီ ကလည်း စိတ်ဆိုးသလိုမျိုးနဲ့ ပြန်ပြောတယ်။

“လေလံပွဲတုန်းက ငါ ဘယ်လောက်တောင် ရင်တုန်နေခဲ့လဲ သိလား”

“တောင်းပန်ပါတယ်”

ဆေးလိပ်ကို အမြန်သောက်ပြီးတာနဲ့ အစ်မအိုဟျွန်းဂျူး က စကားစတယ်။

“ဘာတွေ ဖြစ်သွားတာလဲ”

“ဘာကို ပြောတာလဲဟင်”

“လေလံဈေးကို မေးနေတာ”

အယ်လီ ကလည်း သိချင်နေပုံပဲ။

“ဟုတ်တယ်။ ဘာလို့ ဒေါ်လာ ၂,၉၃၀,၁၀၀,၀၀၀ လို့ ရေးခဲ့တာလဲ”

ဒါက ကျွန်တော် လေလံဈေး သတ်မှတ်တုန်းက အခက်ခဲဆုံး အပိုင်းပါပဲ။ “ကျွန်တော့်မှာ ကြိုမြင်တဲ့ စိတ်ရှိလို့” လို့ ဘယ်လိုလုပ် သွားပြောလို့ ရပါ့မလဲ။

“အစ်မက ကျွန်တော် ဒေါ်လာ သန်း ၂၉၃၀ သုံးလိမ့်မယ်လို့ သိထားပြီးသားမဟုတ်ဘူးလား”

အတွင်းစိတ်ထဲမှာတော့ ရှက်နေမိပေမဲ့ အပြင်မှာတော့ ဘာမှမသိသလို ခေါင်းကို စောင်းပြီး အစ်မက မေးလိုက်တယ်။

“မဖြစ်နိုင်တာ။ ငါက အဲဒါကို ဘယ်လိုလုပ် သိမှာလဲ”

သာမန်လူတွေ နားလည်နိုင်တဲ့ အကြောင်းပြချက် တစ်ခုခု ပြဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကျန်ပုန်းခေါက်ဆွဲပြုတ် စားနေတုန်းမှာ တက်ဂယူ နဲ့ တိုင်ပင်ပြီး အဖြေတစ်ခု ထုတ်ထားခဲ့တာပါ။

“ဒါတွေ အားလုံးက တက်ဂယူ ကြောင့်ပါ”

အစ်မဟျွန်းဂျူး က နားမလည်သလိုနဲ့ “အဲဒါက ဘာကို ဆိုလိုတာလဲ” လို့ ပြန်မေးတယ်။

“ကျွန်တော်က အစ်မပြောတဲ့ အမြင့်ဆုံးဈေးထက် ဒေါ်လာ ၁၀ သန်းလောက် ပိုသုံးလိုက်ရင် ကောင်းမလားလို့ တွေးလိုက်တာ”

“ဘာလို့ အဲဒီလို တွေးတာလဲ”

ဒါက စူးစမ်းတဲ့ မေးခွန်းတစ်ခုပါပဲ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အဖြေကို ကြိုပြင်ထားပါတယ်။

“ပင်ကိုသိစိတ်ကြောင့်ပါ။ ကျွန်တော့်မှာ ဒီနယ်ပယ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံလည်း သိပ်မရှိသလို အချက်အလက်တွေကိုလည်း သေသေသပ်သပ် သုတေသန မလုပ်ထားပါဘူး။ ဒါပေမဲ့ အစ်မက ဒေါ်လာ သန်း ၂၉၂၀ကို အမြင့်ဆုံးဈေးလို့ ပြောလိုက်တဲ့အခါ တခြားကုမ္ပဏီတွေကလည်း ဒီထက် ပိုမြင့်တဲ့ဈေးကို အမြင့်ဆုံးလို့ သတ်မှတ်ထားကြမှာပဲလို့ ကျွန်တော် ပြင်းပြင်းထန်ထန် ခံစားလိုက်ရတယ်။ ဒါကြောင့် ကျွန်တော် ဒေါ်လာ ၁၀ သန်းလောက် ထပ်တိုးလိုက်တာလေ”

“ဒါဆို တက်ဂယူ ကြောင့်ဆိုတာကရော”

“ဟုတ်တယ်လေ။ ကျွန်တော်က ဒေါ်လာ သန်း ၂၉၃၀ပဲ ပေးမလို့ပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ တက်ဂယူ က ဒေါ်လာ တစ်သိန်းလောက် ထပ်ထည့်ရအောင်။ တကယ်လို့ လိုအပ်ရင် သူ့ပိုက်ဆံ သူစိုက်ပေးမယ်ဆိုပြီး ဇွတ်ပြောနေလို့ ထည့်လိုက်တာ”

အစ်မဟျွန်းဂျူး ရဲ့ မျက်နှာက မယုံနိုင်သလိုမျိုး ဖြစ်သွားတယ်။

“ဒါက တကယ်လား”

တက်ဂယူ က ရယ်လိုက်ရင်း “ဟုတ်တယ်လေ” လို့ ပြန်ဖြေတယ်။

“နင်က ဘာလို့ ဒေါ်လာ တစ်သိန်း ပိုသုံးချင်ရတာလဲ”

အဲဒီမေးခွန်းကိုတော့ တက်ဂယူ က တိုတိုတုတ်တုတ်ပဲ ပြန်ပြောလိုက်တယ်။

“ပျော်ဖို့ကောင်းလို့လေ”

“....”

“ဘာပဲဖြစ်ဖြစ် ဒါတွေ အားလုံးက ကျွန်တော့်ကြောင့်ပဲ။ မမ ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ်နော်”

အစ်မဟျွန်းဂျူး က တက်ဂယူ ကို စိုက်ကြည့်နေပေမဲ့ ဘာမှတော့ ဆက်မပြောပါဘူး။

တကယ်လို့ လေလံဈေးတွေက အတူတူသာ ဖြစ်သွားမယ်ဆိုရင် ကုမ္ပဏီနှစ်ခုက အဲဒီနေရာမှာတင် ဒုတိယအကြိမ် ထပ်ပြီး လေလံဆွဲကြရမှာပါ။ အဲဒီအခါကျရင်တော့ ဈေးက တားမရအောင် တက်သွားတော့မှာပေါ့။

အယ်လီ က လက်ခုပ်တီးပြီး အံ့သြတကြီး ပြောတယ်။

“ဝိုး... နှစ်ယောက်လုံးရဲ့ တွက်ချက်မှုက ကွက်တိပဲနော်။ ဒေါ်လာ တစ်သိန်းလေး ကွာရုံနဲ့ အနိုင်ရလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ဘူး”

အစ်မအိုဟျွန်းဂျူး ကတော့ ခေါင်းကိုက်သလိုမျိုး သူ့နဖူးကို လက်နဲ့ ဖိထားပေမဲ့ နှုတ်ခမ်းဖျားမှာတော့ အပြုံးတစ်ခု ရှိနေပါတယ်။

“ဒေါ်လာ သန်း ၂၉၂၀ထက် မကျော်ပါနဲ့လို့ ငါ အသေအချာ သတိပေးထားတာကို။ ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးကတော့ ငါ့စကားကို ဘယ်တော့မှ နားမထောင်ကြဘူး” လို့ သူက ငယ်ငယ်တုန်းကတည်းက ဆူနေကျအတိုင်း ပြောရှာတယ်။

“ဒါပေမဲ့ ဒါက လက်ခံနိုင်တဲ့ ပမာဏပဲ မဟုတ်လား” လို့ ကျွန်တော် မေးလိုက်တော့ အစ်မက ခေါင်းညိတ်ပြတယ်။

“ဒါက တကယ့်ကို သင့်တော်တဲ့ ပမာဏပါပဲ”

ပထမအဆင့် လေလံပွဲတုန်းက ကုမ္ပဏီအားလုံးက ဒီပရောဂျက်ကို ဝမ် သိန်းပေါင်း ၃ကုဋေကျော် တန်ဖိုးရှိတယ်လို့ သတ်မှတ်ထားကြတာဆိုတော့ ဒါက ဈေးကြီးပေးပြီး ဝယ်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။

“အွန်ဆောင်း မော်တာ က တခြား အစီအစဉ်တစ်ခုခုနဲ့ ထပ်လာနိုင်မလား”

လေလံအောင်ရုံနဲ့တင် အားလုံး ပြီးသွားတာ မဟုတ်ပါဘူး။

နောက်ဆုံး ညှိနှိုင်းရမယ့်သူအဖြစ် ရွေးချယ်ခံရပြီးတာတောင်မှ ဝယ်ယူရေး ညှိနှိုင်းတဲ့အဆင့်မှာ အဆင်မပြေတာမျိုး ရှိနိုင်ပါတယ်။ အဲဒီလိုဆိုရင်တော့ ဒုတိယဈေး အများဆုံးပေးထားတဲ့ အွန်ဆောင်း မော်တာ ဆီကို အခွင့်အရေးက ရောက်သွားမှာပေါ့။

ဒါပေမဲ့ ဒါက ထူးခြားတဲ့ အခြေအနေမျိုးမှသာ ဖြစ်တတ်တာပါ။ ငွေကြေးနဲ့ ဥပဒေပိုင်းဆိုင်ရာ ပြဿနာ မရှိသရွေ့တော့ ဝယ်ယူရေး ညှိနှိုင်းမှုက သတ်မှတ်ထားတဲ့အတိုင်းပဲ ဆက်သွားမှာပါ။

“ဖြစ်နိုင်ခြေ ရှိပေမဲ့ လေလံပွဲ ကျင်းပတဲ့ မော်ဂန် စတန်းလေ နဲ့ အနိုင်ရတဲ့ Golden Gate တို့ရဲ့ ဆက်ဆံရေးအရတော့ Typo Groupက သူတို့ရဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်မှာ မဟုတ်ဘူး”

လုံခြုံရေး ကုမ္ပဏီတွေက ယုံကြည်မှုနဲ့ ရပ်တည်နေကြတာလေ။ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲနဲ့ လေလံရလဒ်ကို ပြောင်းလဲလို့ မရပါဘူး။

လေလံပွဲအပြီးမှာ နှုတ်တောင်မဆက်ဘဲ ထွက်သွားတဲ့ ဟန်ချန်ယောင်း ကို ကျွန်တော် ပြန်တွေးမိတယ်။

“အွန်ဆောင်း မော်တာ က ဒီရလဒ်ကို ဘယ်လို မြင်မလဲမသိဘူး”

ဒေါ်လာ သန်း ၂၉၀၀ကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုက ဒေါ်လာ တစ်သိန်းလေး ကွာရုံနဲ့ ပိုင်ရှင် ပြောင်းသွားတာပါ။ ဒါက တိုက်ဆိုင်မှုတစ်ခုသက်သက်လို့ သတ်မှတ်ဖို့ ခက်ပါတယ်။

ဒါပေမဲ့ ကျွန်တော်က အနာဂတ်ကို ကြိုမြင်ပြီး သူတို့ပေးမယ့်ဈေးထက် နည်းနည်းလေး ပိုပေးလိုက်တာလို့လည်း သူတို့ တွေးမိမှာ မဟုတ်ပါဘူး။

အစ်မအိုဟျွန်းဂျူး က နောက်ထပ် ဆေးလိပ်တစ်လိပ်ကို ညှိလိုက်ပြီး ပြန်ပြောတယ်။

“သေချာတာပေါ့...”

ပြန်လာတဲ့ ကားထဲမှာ ဟန်ချန်ယောင်း တစ်ယောက် စဉ်းစားနေတယ်။

ဒေါ်လာ တစ်သိန်း။

ဝမ် သန်း ၁၁၀၀လောက်ပဲ ရှိတဲ့ ပမာဏလေးကြောင့် X-Cop ကို သူ့မျက်စိရှေ့မှာတင် အလုခံလိုက်ရတာပါ။ လိုအပ်ရင် သူက အဲဒီနေရာမှာတင် ဒီထက် အဆပေါင်း ရာနဲ့ချီပြီး ပေးနိုင်တဲ့သူလေ။

ဒါက တကယ်ပဲ တိုက်ဆိုင်မှု ဖြစ်နိုင်ပါ့မလား။

တကယ်လို့ ဒေါ်လာ ၁ သန်းလောက် ကွာတာဆိုရင်တော့ တိုက်ဆိုင်မှုလို့ ပြောလို့ ရပါသေးတယ်။ ဒါပေမဲ့ ဒေါ်လာ တစ်သိန်းထဲပါ။ ဒါက ဘယ်လိုမှ တိုက်ဆိုင်မှု မဖြစ်နိုင်ပါဘူး။

ဒီအခြေအနေကို ရှင်းပြဖို့အတွက် ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက် တစ်ခုပဲ ရှိပါတယ်။

“တစ်ယောက်ယောက်က သတင်းပေးလိုက်တာပဲ”

သူ့ဘေးမှာ ထိုင်နေတဲ့ ဆိုဆန်းဝန် က နားမလည်သလိုနဲ့ မေးတယ်။

“အဲဒါက ဘာကို ဆိုလိုတာလဲ”

ဝုန်း

ဟန်ချန်ယောင်း က ကားတံခါး လက်တင်ကို လက်သီးနဲ့ ထိုးလိုက်ပြီး အော်လိုက်တယ်။

“တစ်ယောက်ယောက်က ငါတို့ပေးမယ့် လေလံဈေးကို OTK Company ဆီ ရောင်းစားလိုက်တာပဲ”

All Chapters