အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း (၁၀၃)
X-Cop လေလံရလဒ် သတင်းက စီးပွားရေးနဲ့ ငွေကြေးနယ်ပယ်ဆီကို အချိန်တိုအတွင်း ပြန့်နှံ့သွားတယ်။
RCK Bros ရဲ့ ဒု-ဥက္ကဋ္ဌ ရှင်ဗြောင်ဒူ က မယုံနိုင်သလိုမျိုး မေးလိုက်တယ်။
“ဒေါ်လာ ၁ သိန်းလေးပဲ ကွာတာနဲ့ အနိုင်ရသွားတာ ဟုတ်လား”
“ဟုတ်ပါတယ်”
ဒေါ်လာ ၂,၉၃၀,၀၀၀,၀၀၀ နဲ့ ၂,၉၃၀,၁၀၀,၀၀၀။
ဒေါ်လာ ၁ သိန်းဆိုတဲ့ ကွာခြားချက်လေးကပဲ အရှုံးအနိုင်ကို အဆုံးအဖြတ် ပေးသွားခဲ့တာ။ သန်းထောင်ချီတဲ့ လေလံပွဲမျိုးမှာ ဒီလောက်အထိ ကွာခြားချက် နည်းတာမျိုးက ကြားတောင်မကြားဖူးတဲ့ ကိစ္စပဲလေ။
“မင်း ဘယ်လိုထင်လဲ”
အဖြေကတော့ ကြိုသိနေသလိုပါပဲ။
“OTK Company နဲ့ Golden Gate က အွန်ဆောင်း မော်တာ ဘက်က အတွင်းသတင်းတွေကို ရထားပုံရပါတယ်”
အဖွဲ့ခေါင်းဆောင် ဟာချန်ဟွန်း ရဲ့ စကားကို ဒု-ဥက္ကဋ္ဌ ရှင်ဗြောင်ဒူ ကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။
“အဲဒီလိုသာ မဟုတ်ရင် ဒီလိုရလဒ်မျိုး ထွက်လာစရာ အကြောင်းမရှိဘူး”
လေလံပွဲဆိုတာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုပါ။ ပြိုင်ဘက်ရဲ့ သတင်းအချက်အလက်ကို ရယူဖို့က အရေးကြီးဆုံးပဲလေ။ သူတို့ရဲ့ ငွေကြေးအင်အား၊ လက်ရှိအခြေအနေ၊ စီအီးအို ရဲ့ စရိုက်၊ ရင်းနှီးမြှုပ်နှံမှု ရာဇဝင် ဒါတွေအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး ပြိုင်ဘက်က ဘယ်လောက် ပေးမလဲဆိုတာကို ခန့်မှန်းရတာပါ။ တစ်ဖက်မှာလည်း ကိုယ့်သတင်းကို လုံခြုံအောင်ထားပြီး သတင်းမှားတွေကို လွှင့်ရသေးတယ်။
ပြန်ပေးဆွဲတာ၊ ခြိမ်းခြောက်တာနဲ့ ဖုန်းခိုးနားထောင်တာမျိုးလို တရားမဝင်တဲ့ နည်းလမ်းတွေကလွဲရင် ကျန်တဲ့နည်းလမ်းအားလုံးကို သုံးကြတာပဲ။
တကယ်လို့ တစ်ယောက်ယောက်က လေလံဈေးကို ကြိုသိသွားတယ်ဆိုရင် အဲဒါက သတင်းလုံခြုံအောင် မထိန်းနိုင်တဲ့ဘက်က ညံ့လို့ပါပဲ။ ရိုးရိုးလေးပြောရရင် ကွက်ကျော်ရိုက်ခံလိုက်ရတာပေါ့။
RCK Bros လည်း ပြိုင်ဘက်တွေရဲ့ လေလံဈေးကို သိဖို့ အစွမ်းကုန် ကြိုးစားခဲ့တာပါပဲ။ ဒါပေမဲ့ အတွင်းလူ မရှိဘဲနဲ့တော့ အတိအကျသိဖို့က မဖြစ်နိုင်ဘူးလေ။
“အဲဒါဆို အွန်ဆောင်း မော်တာ ထဲမှာ အတွင်းလူ ရှိနေတာပေါ့လေ...”
ဒါပေမဲ့ ရှင်းမရတဲ့ အချက်တစ်ချက်တော့ ရှိနေသေးတယ်။
“တကယ်လို့ သူတို့က အတွင်းလူကတစ်ဆင့် အွန်ဆောင်း ရဲ့ လေလံဈေးကို သိခဲ့တယ်ဆိုရင် ဟာချန်ဟွန်း မင်းဆိုရင် ဘယ်လောက် ပေးမလဲ”
“ကျွန်တော်ဆိုရင်တော့ ဒေါ်လာ ၃ သန်း... မဟုတ်ဘူး၊ ဒေါ်လာ ၅ သန်းလောက် ပိုပေးမိမှာပဲ။ အဲဒါမှ သံသယ မဖြစ်အောင် နည်းနည်းတော့ ဖုံးကွယ်လို့ ရမှာလေ”
“အဲဒါက သဘာဝကျတာပေါ့”
လေလံဈေးဆိုတာ ထိပ်တန်းလျှို့ဝှက်ချက်ပါ။
နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့ အချိန်မှာ လူအနည်းငယ်ပဲ သိကြတာပါ။ RCK Bros မှာတုန်းကလည်း မကြေညာခင်အထိ ဈေးနှုန်းကို လူလေးယောက်ပဲ သိတယ်။ အွန်ဆောင်း မှာလည်း ဒီလိုပဲ ဖြစ်မှာသေချာပါတယ်။
“ဒါပေမဲ့ အခုက ဒေါ်လာ ၁ သိန်းလေးပဲ ပိုပေးတယ်ဆိုတာက အတွင်းသတင်း ပေါက်ကြားနေပါတယ်လို့ ကြော်ငြာနေသလို ဖြစ်နေတာလေ”
ယုတ္တိဗေဒအရ ကြည့်ရင်တော့ ဟန်ချန်ယောင်း က သတင်းပေးမှာ မဟုတ်ဘူး။
နောက်ဆုံးမှာတော့ ဈေးနှုန်းကို သိခဲ့တဲ့ အဖွဲ့ခေါင်းဆောင် ဆိုဆန်းဝန် အပါအဝင် လူအနည်းငယ်ကိုပဲ သံသယဝင်စရာ ရှိပါတယ်။ ကုမ္ပဏီချုပ်ရဲ့ စာရင်းစစ်အဖွဲ့က စစ်ဆေးပြီဆိုရင် အတွင်းလူကို ရှာဖို့က မခက်ပါဘူး။
ဘာအကျိုးအမြတ်မှ မရဘဲ သတင်းပေးမယ့်သူ မရှိတာကြောင့် ဆက်သွယ်ခဲ့တဲ့ အထောက်အထား ဒါမှမဟုတ် ငွေဝင်တဲ့ လမ်းကြောင်းကတော့ ကျန်ခဲ့မှာပဲလေ။
OTK Company နဲ့ Golden Gate က လွတ်သွားရင်တောင် တရားမဝင် လုပ်ခဲ့တဲ့ ဝန်ထမ်းတွေကတော့ ဥပဒေအောက်က လွတ်မှာ မဟုတ်ဘူး။
“ဒါက တိုက်ဆိုင်မှုသက်သက်ပဲ ဖြစ်နိုင်လောက်မလား”
အဖွဲ့ခေါင်းဆောင် ဟာချန်ဟွန်း က ခဏလောက် စဉ်းစားပြီး ခေါင်းခါပြတယ်။
“အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း မသေချာဘူး။ ဒါက ကျွန်တော်တို့ မျှော်လင့်ထားတာထက် ကျော်လွန်နေတဲ့ အခြေအနေပါ”
တခြားကုမ္ပဏီတွေလည်း ဒီကိစ္စကို ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားနေကြမှာပဲ။ အွန်ဆောင်း ဘက်မှာတော့ ပွက်လောရိုက်နေလောက်ပြီ။
“လေလံဈေးကို အိုဟျွန်းဂျူး ကိုယ်တိုင် ရေးခဲ့တာ ဖြစ်လောက်မယ်ထင်တယ်”
“ဟုတ်ကဲ့၊ ဖြစ်နိုင်ပါတယ်။ စီအီးအို ကန်ဂျင်ဟူ က ဒီလို အများပိုင် လေလံပွဲတွေမှာ အတွေ့အကြုံ မရှိသေးဘူးလေ”
တကယ်တော့ အိုဟျွန်းဂျူး ကလည်း အတွေ့အကြုံ သိပ်ရှိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရလဒ်ကတော့ အားလုံးကို အံ့အားသင့်စေခဲ့တယ်။
“အိုဟျွန်းဂျူး က ဒီလိုမျိုး ရေးမယ့်သူ မဟုတ်ဘူး။ ဒါက ကန်ဂျင်ဟူ ရဲ့ လက်ချက်ပဲ ဖြစ်မလား”
ဒု-ဥက္ကဋ္ဌ ရှင်ဗြောင်ဒူ က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
“ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေကတော့ နှမြောစရာပဲ”
ဝယ်ယူတဲ့ဈေးက သိန်းပေါင်း ၃ကုဋေ ကျော်သွားပြီဆိုတော့ ချေးငွေက လိုအပ်မှာပဲ။ ဝယ်ယူရေး ရန်ပုံငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ချေးငွေယူလေ့ရှိတာကြောင့် ချေးငွေပမာဏကတင် သိန်းပေါင်း ၁.၅ ကုဋေ ဝန်းကျင် ရှိလောက်ပါမယ်။
ဒါက ပမာဏကြီးမားသလို အကျိုးအမြတ်လည်း သေချာတဲ့အတွက် ဘဏ်တွေအတွက်တော့ အတိုးရမယ့် အခွင့်အရေးပါ။ ၅ နှစ်ကနေ ၁၀ နှစ်အထိ အေးအေးဆေးဆေး အတိုးစားနေလို့ ရတာလေ။
ဘယ်သူပဲ ဝယ်ဝယ်၊ ချေးငွေထုတ်ပေးမယ့် ဘဏ်တွေကတော့ အမြတ်ထွက်မှာပဲ။
တခြား ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေကော၊ အွန်ဆောင်း ဘက်ကကော လေလံအောင်ရင် ချေးငွေယူဖို့ ဘဏ်တွေနဲ့ စာချုပ်ထားကြတာပါ။
ဒါပေမဲ့ ဝယ်ယူရေး အစီအစဉ်မှာ OTK Company နဲ့ Golden Gate ကတော့ ဘဏ်တွေဆီက ချေးငွေယူဖို့ မပါရှိဘူး။
အဲဒီလို ကုမ္ပဏီကမှ လေလံအောင်သွားတာဆိုတော့ ဘဏ်တွေအတွက်တော့ ရနိုးရနိုးနဲ့ မရလိုက်တဲ့ အခြေအနေမျိုးဖြစ်သွားပါတယ်။
ကျွန်တော်တို့ ကုမ္ပဏီကို မရောက်ခင်မှာပဲ အောင်နိုင်မှု သတင်းက အရင် ရောက်နှင့်နေပါပြီ။
ကျွန်တော်တို့တွေ Golden Gate အဆောက်အဦးထဲ ဝင်လိုက်တာနဲ့ ဝန်ထမ်းတွေက လော်ဘီမှာ စုရုံးပြီး လက်ခုပ်တီး ကြိုဆိုကြတယ်။ စစ်ဆေးမှုတွေမှာ တာဝန်ယူခဲ့တဲ့ အာရှရုံးခွဲနဲ့ ကိုရီးယားရုံးခွဲက ဝန်ထမ်းတွေလည်း တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာ ဖက်လဲတကင်း လုပ်နေကြတယ်။
အားလုံးက ကောင်းကောင်းမအိပ်ဘဲ ကြိုးစားခဲ့ကြတာမလို့ အခုလို ကောင်းမွန်တဲ့ ရလဒ် ထွက်လာတာ ဝမ်းသာစရာပါပဲ။
လုပ်ငန်းလည်ပတ်ရေးအဖွဲ့ကတော့ မော်ဂန် စတန်းလေ ဆီကို သွားနှင့်ပါပြီ။ အသေးစိတ် အချက်အလက်တွေ ညှိနှိုင်းပြီး စာချုပ်ချုပ်၊ ငွေလွှဲလိုက်ရင်တော့ အားလုံး ပြီးစီးပြီပေါ့။
စုစုပေါင်း ဝယ်ယူတဲ့ ပမာဏက သိန်းပေါင်း ၃.၂၂၃ ကုဋေပါ။
အစုရှယ်ယာ ၇:၃ ခွဲတမ်းအရ OTK Company က သိန်းပေါင်း ၂.၂၅၆ ကုဋေ တာဝန်ယူရမှာပါ။ Golden Gate ဆီကနေ သိန်းပေါင်း ၁.၈၀၅ ကုဋေ ချေးယူမှာဖြစ်လို့ ကျွန်တော်တို့ဘက်က လက်ငင်းငွေ သန်း ၄၅၁,၀၀၀ပဲ စိုက်ထုတ်ဖို့ လိုပါတယ်။
လော်ဘီမှာ အဆောက်အဦး လုံခြုံရေး မန်နေဂျာလည်း ရှိနေပါတယ်။ သူက X-Cop ရဲ့ ဝန်ထမ်းတစ်ယောက်ပေါ့။
အစ်မဟျွန်းဂျူး က သူ့ဆီ သွားပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။
“အခုဆိုရင် ရှင်က တကယ်ပဲ မိသားစုဝင် ဖြစ်သွားပြီနော်။ နောင်မှာလည်း ကျွန်မတို့ကို ကူညီပေးပါဦး”
လုံခြုံရေး မန်နေဂျာက ပြန်ပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။
“ကျွန်တော် ဆက်ပြီး ကြိုးစားသွားမှာပါ။ ဒါရိုက်တာကြီး”
ဒါက X-Cop ကို ကျွန်တော်တို့ ပိုင်ဆိုင်သွားပြီဆိုတာကို ပြလိုက်တဲ့ လုပ်ရပ်ပါပဲ။ ဝန်ထမ်းတွေကလည်း ထပ်ပြီး လက်ခုပ်တီးကြပြန်တယ်။
“ပင်ပန်းသွားပြီနော်။ အယ်လီ”
ကျွန်တော့်စကားကို အယ်လီ က ပြုံးပြီး ပြန်ဖြေတယ်။
“ဂျင်ဟူ လည်း ပင်ပန်းသွားပါပြီ”
OTK Company အဆောက်အဦးကို ရောက်တော့လည်း ဝန်ထမ်းတွေဆီက ဂုဏ်ပြုစကားတွေ ကြားရတယ်။ ပြီးတော့ စီအီးအို ရုံးခန်းဆီ တက်လာခဲ့ကြတယ်။
စီနီယာ ဆန်းယော့ က ပြောတယ်။
“တကယ်ကို ကွက်တိပဲနော်။ ဘယ်လိုများ လုပ်လိုက်တာလဲ”
“ကံကောင်းသွားတာပါ” လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။
ကားပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ ဈေးနှုန်းကို ဘာလို့ ဒီလိုသတ်မှတ်ခဲ့လဲဆိုတာကို ရှင်းပြလိုက်တာပေါ့။
စီနီယာ ဆန်းယော့ က မယုံနိုင်သလို ကြည့်နေတယ်။
“တကယ်ပဲလား။ အတွင်းသတင်း ရခဲ့တာ မဟုတ်ဘူးပေါ့”
“အတွင်းလူ ရှိရင်တော့ ရမှာပေါ့။ ကျွန်တော်တို့က အဲဒီဘက်က ဘယ်သူ့ကို သိလို့လဲ”
ကျွန်တော့်စကားကို စီနီယာ ဆန်းယော့ က ခေါင်းညိတ် လက်ခံလိုက်တယ်။
“အဲဒါလည်း ဟုတ်တာပဲ”
ပြီးတော့ သူက ထပ်ပြောတယ်။
“ဒါပေမဲ့ တစ်ဖက်ကတော့ အဲဒီလို ထင်မှာ မဟုတ်ဘူး”
ကျွန်တော် ရယ်လိုက်တယ်။
“အဲဒါကတော့ သူတို့အပိုင်းပေါ့”
ဒီအထင်လွဲမှုတွေကို လိုက်ရှင်းပြနေဖို့ မလိုပါဘူး။ သူတို့လည်း အခုဆို သတင်းဘယ်က ပေါက်လဲဆိုတာကို လိုက်ရှာနေကြလောက်ပါပြီ။ ကုမ္ပဏီထဲမှာလည်း စာရင်းစစ်တွေနဲ့ ဆူညံနေလောက်မှာပဲ။
စီနီယာ ဆန်းယော့ ကတော့ အံ့သြနေတုန်းပဲ။
“ဒေါ်လာ သန်း ၂၉၀၀ကျော် တန်တဲ့ ကုမ္ပဏီကို ဒေါ်လာ ၁ သိန်းလေးနဲ့တင် အနိုင်ရလိုက်တယ်ဆိုတာ... အခုကစပြီး မင်း ဘာလုပ်လုပ် ငါ မအံ့သြတော့ပါဘူးကွာ”
“...”
ဒါပေမဲ့ သူ တကယ် အံ့သြနေတာ ကျွန်တော် သိပါတယ်။
ကျွန်တော် စကားလမ်းကြောင်း လွှဲလိုက်တယ်။
“အခု ကုမ္ပဏီ အခြေအနေက ဘယ်လိုလဲ”
“နည်းနည်းတော့ ရှုပ်နေတာပေါ့။ ဝန်ထမ်းအသစ်တွေ တစ်ပြိုင်ထဲ ဝင်လာလို့ ဖြစ်မှာပါ” လို့ စီနီယာ ဆန်းယော့ က ပြန်ဖြေတယ်။
အော်ဒါတွေ တိုးလာလို့ ထုတ်လုပ်မှုကို တစ်ခါထဲ မြှင့်လိုက်ရင် အရည်အသွေး ထိန်းသိမ်းဖို့ ခက်သွားတတ်သလိုပဲ ဝန်ထမ်းတွေ တစ်ခါထဲ အများကြီး ခန့်လိုက်ရင်လည်း လုပ်ငန်းလည်ပတ်မှု အားနည်းသွားတတ်ပါတယ်။ ဝန်ထမ်းအသစ်တွေ အလုပ်နဲ့ ယဉ်ပါးသွားတဲ့အထိတော့ ဒါက ရှောင်လွှဲလို့ မရဘူးလေ။
ကျွန်တော်တို့တွေဟာ ဝန်ထမ်းတွေကို အစောကြီးကတည်းက ကြိုခန့်ထားသင့်တာပါ။
“ဒါပေမဲ့ မိုက်ကယ် ကောင်းကောင်း လုပ်နိုင်လို့ တော်သေးတာပေါ့”
CHO အနေနဲ့ မိုက်ကယ် က ရှေးရိုးစွဲ အဆင့်အတန်း ခွဲခြားတာတွေကို ဖျက်သိမ်းပြီး လုပ်ငန်းအလိုက် အဖွဲ့တွေ ခွဲလိုက်တယ်။ ပြီးတော့ အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်ဆိုပြီး ရိုးရိုးရှင်းရှင်းပဲ ဖွဲ့စည်းလိုက်ပါတယ်။
အရင် ဝန်ထမ်းအချို့ကို အဖွဲ့ခေါင်းဆောင် ခန့်ပြီး ဝန်ထမ်းသစ်တွေကို သူတို့အောက်မှာ ထားလိုက်တော့ အလုပ်သင်ရတာ ပိုမြန်သွားတာပေါ့။
စီနီယာ ဆန်းယော့ က စာရွက်တစ်ရွက်ကို ကမ်းပေးတယ်။
“အိမ်တစ်လုံးလောက် ကြည့်ပေးပါဦးလို့ မင်းကပြောထားတော့ ဒါလေး ကြည့်လိုက်ဦး”
အရင် အိမ်က ခြံစည်းရိုးက နိမ့်လွန်းပြီး ဘေးအိမ်တွေနဲ့လည်း အရမ်းကပ်နေတော့ လုံခြုံရေးအရ မသင့်တော်ဘူးလေ။
ဒါကြောင့် ကျွန်တော်တို့က အိမ်ကနေ ထွက်လာပြီး ဆိုဆောင်း ဘူတာနားက Grand Dayton Hotel မှာ တည်းနေကြတာပါ။
အဲ့ဒီဟိုတယ်က အမေရိကန် ဟိုတယ်လုပ်ငန်းစု ဒေတန် အုပ်စု က ပိုင်တဲ့ ကြယ်ငါးပွင့်ဟိုတယ်ပါ။ Golden Gate ကလည်း ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပိုင်ထားတာဆိုတော့ အစ်မဟျွန်းဂျူး တို့၊ အယ်လီ တို့တင်မကဘဲ အလုပ်ကိစ္စနဲ့ လာတဲ့ Golden Gate ဝန်ထမ်း အများစုလည်း အဲဒီမှာပဲ တည်းကြပါတယ်။
ဒါပေမဲ့ ဟိုတယ်မှာ အကြာကြီး နေလို့မှ မရတာလေ။ အိမ်အသစ် ရှာနေရတာပေါ့။
“ဒီတစ်ခါတော့ ဟျူဂျင်း သင်္ဘောလိုင်း ရဲ့ စီအီးအို က သူ့အိမ်ကို ရောင်းဖို့ ကမ်းလှမ်းလာတယ်”
တက်ဂယူ က မေးတယ်။
“ဟျူဂျင်း သင်္ဘောလိုင်း က ဒေဝါလီ ခံလိုက်ရပြီ မဟုတ်လား”
“အေး။ တကယ်ကို ဆိုးဆိုးရွားရွား ပျက်စီးသွားတာ”
ကိုရီးယားက ကျွန်းဆွယ်နိုင်ငံ ဖြစ်ပေမဲ့ မြောက်ကိုရီးယားနဲ့ လမ်းကြောင်း ပိတ်နေတော့ လက်တွေ့မှာ ကျွန်းတစ်ကျွန်းလို ဖြစ်နေတာပါ။
ဒါကြောင့် သွင်းကုန် ထုတ်ကုန် ၉၉ ရာခိုင်နှုန်းကို ရေကြောင်းကပဲ အားကိုးရပါတယ်။ အွန်ဆောင်း သင်္ဘောလိုင်းနဲ့ ဟျူဂျင်း သင်္ဘောလိုင်း ဆိုတဲ့ ကုမ္ပဏီကြီး နှစ်ခုက ဈေးကွက်ကို ထိန်းထားတာပါ။
“သူတို့က ဘာလို့ ဒေဝါလီ ခံလိုက်ရတာလဲ”
သင်္ဘောလိုင်း လုပ်ငန်းဆိုတာ စီးပွားရေး အခြေအနေပေါ် မူတည်ပြီး အတက်အကျ အရမ်းများတယ်လို့ ကျွန်တော် အကျဉ်းချုပ် ရှင်းပြလိုက်တယ်။ ကုန်စည် နည်းချိန်မှာ ဈေးနှုန်းတွေ ထိုးကျသွားတတ်ပြီး စီးပွားရေး ကောင်းချိန်မှာတော့ ဈေးနှုန်းတွေ အဆမတန် တက်သွားတတ်တာမျိုးပါ။ ဒါကြောင့် စီမံခန့်ခွဲမှုနဲ့ ဘေးအန္တရာယ် ထိန်းချုပ်မှုက သိပ်အရေးကြီးတယ်။
မူလက ဟျူဂျင်း သင်္ဘောလိုင်း ကို ဟျူဂျင်း အုပ်စု ဥက္ကဋ္ဌ ဂျိုဟျွန်းယောင်ရဲ့ မောင်ဖြစ်သူ ဂျိုဒုံဝု က ဦးစီးခဲ့တာပါ။ ဒါပေမဲ့ သူက ဖျားနာပြီး ကွယ်လွန်သွားတော့ သူ့ဇနီး ချဲယောင် က ဆက်ခံခဲ့တယ်။
“ဒါပေမဲ့ ချဲယောင် က လုပ်ငန်းကို ကောင်းကောင်း မစီမံနိုင်ခဲ့ဘူး”
စီးပွားရေး ကောင်းတုန်းက သင်္ဘောပိုင်ရှင်တွေကို ဈေးကြီးပေးပြီး သင်္ဘောတွေကို ရေရှည် ငှားရမ်းခဲ့တယ်။ ဒါပေမဲ့ နောက်နှစ်မှာတင် ကမ္ဘာ့စီးပွားရေး အကြပ်အတည်း ဖြစ်တော့ လုပ်ငန်းတစ်ခုလုံး ထိုးကျသွားတာပေါ့။
ကုန်စည်ခတွေက နေ့တိုင်း ထိုးကျနေပေမဲ့ အရင်က ချုပ်ထားတဲ့ စာချုပ်အရ သင်္ဘောငှားခတွေကိုတော့ ဈေးကြီးပေးနေရတုန်းပဲ။
ဟျူဂျင်း သင်္ဘောလိုင်း က ဆက်ပြီး လည်ပတ်နေရင်း အရှုံးတွေ များလာပြီး နောက်ဆုံးမှာတော့ အရင်းအနှီးတွေပါ ပြတ်လပ်သွားတဲ့ အခြေအနေ ရောက်သွားတာပါ။
“အဲဒါအပြင် အစိုးရနဲ့လည်း ဆက်ဆံရေးက မကောင်းဘူးလေ”
အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက အခွင့်အရေး ရကြပေမဲ့ မနီးစပ်တဲ့သူတွေကတော့ အနှိမ်ခံရတာပါပဲ။
ပက်ဆီဟျွန်း က အွန်ဆောင်း အုပ်စု၊ Reteg အုပ်စု တို့နဲ့ ရင်းနှီးပြီး ဒီအုပ်စုတွေက အခုအစိုးရ လက်ထက်မှာ အောင်မြင်နေကြတာပါ။
တစ်ဖက်မှာလည်း ဟျူဂျင်း အုပ်စု ကတော့ အစိုးရရဲ့ စောင့်ကြည့်ခံနေရတာ ကြာပါပြီ။ ဒါကြောင့် အစိုးရက ဟျူဂျင်း သင်္ဘောလိုင်း ကို ကယ်တင်ဖို့ ငွေကြေး ထောက်ပံ့မယ့်အစား ပျက်စီးသွားအောင်ပဲ လွှတ်ထားလိုက်တယ်။
ဒါက ကုန်ထုတ်လုပ်မှု မဟုတ်ဘဲ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုတော့ စနစ်တကျ လုပ်ရင် ထိခိုက်မှု နည်းနိုင်ပေမဲ့ သမ္မတရဲ့ စကားတစ်ခွန်းထဲနဲ့တင် ဒေဝါလီ ခံဖို့ အမြန်ဆုံး လုပ်ဆောင်ခဲ့ကြတာပါ။
ဟျူဂျင်း သင်္ဘောလိုင်း က တစ်ညထဲနဲ့ ပြိုလဲသွားတော့ ပို့ကုန်ကုမ္ပဏီတွေလည်း ဒုက္ခရောက်ကုန်တာပေါ့။ သင်္ဘောခတွေကို အလုပ်ပြီးမှ ရှင်းရတဲ့ သဘာဝကြောင့် ပင်လယ်ထဲ ရောက်နေတဲ့ သင်္ဘောတွေဟာ ကုန်ချပြီးရင်တောင် ဆိပ်ကမ်းက ထွက်မရဘဲ သောင်တင်ကုန်ကြတယ်။
ပို့ကုန်ကုမ္ပဏီတွေက တခြားသင်္ဘောတွေ လိုက်ရှာကြတော့ သင်္ဘောခတွေကလည်း ချက်ချင်း တက်သွားတော့တာပဲ။
“အဲဒါဆို အွန်ဆောင်း အုပ်စု ကော ပြဿနာ မရှိဘူးလား။ သူတို့က ကားတွေ အများကြီး တင်ပို့နေတာလေ”
ဒါက အလွန်ကောင်းတဲ့ မေးခွန်းတစ်ခုပါ။
“အွန်ဆောင်း အုပ်စု ကော၊ တခြား အပိုပစ္စည်း ကုမ္ပဏီတွေကော အားလုံးက အွန်ဆောင်း သင်္ဘောလိုင်း နဲ့ ရေရှည်စာချုပ် ချုပ်ထားကြတာ။ ဒါကြောင့် ပက်ဆီဟျွန်း အနေနဲ့ ဟျူဂျင်း သင်္ဘောလိုင်း ကို အလွယ်တကူပဲ စွန့်လွှတ်လိုက်နိုင်တာပေါ့”
ကုမ္ပဏီကတော့ တရားရုံးရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီး ရှယ်ယာ အရောင်းအဝယ်ကိုလည်း ရပ်ဆိုင်းလိုက်တယ်။
အဲဒီ လုပ်ငန်းစဉ်အတွင်းမှာ အံ့သြစရာကောင်းတဲ့ အချက်တစ်ခု ပေါ်လာတယ်။ ဟျူဂျင်း သင်္ဘောလိုင်း ရဲ့ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေ၊ အဆောက်အဦးတွေကို ချဲယောင် နဲ့ သူ့သားသမီးတွေ အဓိက ပိုင်ဆိုင်တဲ့ Hyujin Merchant Marine Holdings ဆီကို ကြိုတင် လွှဲပြောင်းထားနှင့်ပြီးသား ဖြစ်နေတာပါ။
ဒါတင်မကသေးဘူး။ ရှယ်ယာ ရပ်ဆိုင်းမယ့် သတင်း မကြေညာခင် နှစ်ရက်အလိုမှာတင် သူတို့ဆီက ရှယ်ယာအားလုံးကို အရှုံးမရှိအောင် ရောင်းချခဲ့ကြသေးတယ်။
ဒါက သိသာလွန်းတဲ့ အတွင်းသတင်း နဲ့ ကစားခဲ့တာပဲ။
အရှုံးအားလုံးကိုတော့ ရှယ်ယာရှင်လေးတွေကပဲ ခံစားလိုက်ရတာပေါ့။
ဒီအကြောင်းတွေ ပေါ်လာတော့ ရှယ်ယာရှင်တွေ ဒေါသထွက်ကုန်ကြတယ်။ ပိုင်ရှင် မိသားစုကို အရေးယူဖို့ တောင်းဆိုချက်တွေလည်း နိုင်ငံရေးလောကအထိ ပျံ့သွားခဲ့တယ်။
အဲဒီအချိန်အထိ ချဲယောင် ကတော့ ယုံကြည်ချက် ရှိနေတုန်းပဲ။ ကုမ္ပဏီ ပျက်စီးသွားရင်တောင် ပိုင်ရှင် မိသားစုကတော့ ချမ်းချမ်းသာသာ နေရမှာပဲလို့ ဒီနိုင်ငံမှာ ထုံးစံလို တွေးနေကြတာလေ။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဟျူဂျင်း သင်္ဘောလိုင်း ကတော့ အစိုးရနဲ့ မနီးစပ်ခဲ့ရှာဘူး။
နိုင်ငံရေးလောကက တစ်ညီတစ်ညွတ်ထဲ ဝေဖန်ကြပြီး အမှုစစ်ရုံးကလည်း စုံစမ်းစစ်ဆေးမယ်လို့ ကြေညာလိုက်တော့ ချဲယောင် တစ်ယောက် ကင်မရာရှေ့မှာ မျက်ရည်တွေနဲ့ ပေါ်လာခဲ့တယ်။ ရှယ်ယာရှင်တွေရဲ့ ထိခိုက်မှုကို ကုစားဖို့ သူ နေထိုင်တဲ့ အိမ်ကိုပါ ရောင်းချပေးပါမယ်လို့ ကတိပေးလိုက်ရတော့တာပေါ့။(အရှေ့အပိုင်းတွေမှာ အစိုးရဥပဒေရုံးလို့သုံးနှုန်းခဲ့တာအစား အခုကစပြီး အမှုစစ်ရုံးလို့ပြောင်းသုံးပါမယ်ရှင်)
တက်ဂယူ က ခေါင်းညိတ်လိုက်တယ်။
“အဲဒါဆို ဒီအိမ်က ရောင်းမှာပေါ့”
ကျွန်တော် စာရွက်စာတမ်းတွေကို ကြည့်လိုက်တယ်။
တည်နေရာက ဆမ်ဆောင် ဘူတာနားမှာပဲ။ ဒီကနေဆို ကားနဲ့ ၅ မိနစ်၊ လမ်းလျှောက်ရင် မိနစ် ၂၀ ပဲ ဝေးတယ်။
မြေနေရာ ၂၈၀ ပြုံ ရှိပြီး အဆောက်အဦးက ၁၄၀ ပြုံ ရှိတယ်။ မြေအောက် ၂ ထပ်နဲ့ မြေပေါ် ၂ ထပ် ပါပါတယ်။
(၁ ပြုံကို စတုရန်းမီတာ ၃.၃၀၅၇၈၅ ရှိပါတယ်)
ကုမ္ပဏီဥက္ကဋ္ဌဟောင်း နေခဲ့တဲ့အိမ်ဆိုတော့ ခေါင်မိုးပေါ်မှာ ဂြိုဟ်တုအင်တင်နာ ပါလို့ အိမ်ကနေ အလုပ်လုပ်လို့ ရသလို လုံခြုံရေးအတွက်လည်း အထူး စီစဉ်ထားတာပါ။
ကားပေါ်က ဆင်းစရာမလိုဘဲ တိုက်ရိုက် ဝင်လို့ရသလို လုံခြုံရေးတွေနဲ့ အိမ်အကူတွေအတွက်လည်း သီးသန့် နေရာတွေ ပါပါတယ်။
“ဈေးနှုန်းကတော့ မပါသေးဘူးပဲ”
“သန်း ၂သောင်း လောက်တော့ ရှိမှာပေါ့”
ကျွန်တော် ခဏလောက် စဉ်းစားလိုက်တယ်။
“ဒါပေမဲ့ ဒီအိမ်ကို တကယ် ရောင်းဖို့ စိတ်ကူးရှိရဲ့လား”
စီနီယာ ဆန်းယော့ က ရယ်ပြီး ခေါင်းခါပြတယ်။
“ရောင်းမယ်လို့သာ နာမည်တပ်ထားတာ တကယ် ရောင်းဖို့ စိတ်ကူးရှိမှာ မဟုတ်ဘူး။ ဘယ်လောက်နဲ့ ရောင်းရောင်း အဲဒီငွေအားလုံးက ရှယ်ယာရှင်တွေဆီ ရောက်သွားမှာလေ။ အဲဒီတော့ ဈေးသက်သက်သာသာနဲ့ ရောင်းပြီး နောက်မှ ပြန်ဝယ်ဖို့ပဲ ကြံနေမှာပေါ့”
အစကတည်းက ချဲယောင် က နောင်တရပြီး ရှယ်ယာရှင်တွေအပေါ် အပြစ်မကင်းစိတ်ဖြစ်နေတာ မဟုတ်ပါဘူး။ သူ နေတဲ့အိမ်ကို ရောင်းပါမယ်ဆိုပြီး ဟန်ပြ လုပ်ပြတာက တာဝန်ယူမှုကနေ ရှောင်လွှဲဖို့ပဲ ဖြစ်မှာပါ။
ကျွန်တော် ရယ်လိုက်ပြီး ပြောလိုက်တယ်။
“အဲဒီလိုမျိုးတွေ မဖြစ်ရအောင် ကျွန်တော်ပဲ ဝယ်လိုက်ရင် ကောင်းမလား”