← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း (၁၀၆)

ဝန်ထမ်းအသစ်တွေ ရောက်လာတာကြောင့် တိတ်ဆိတ်နေတဲ့ အဆောက်အဦးထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ တက်ဂယူ နဲ့ ကျွန်တော့်အတွက် အတွင်းရေးမှူးတွေ ခန့်ထားသလို ၃၇ ထပ်မှာလည်း စီအိုအို ရုံးခန်းအသစ်တစ်ခု ဖွင့်လိုက်ပါတယ်။ တခြားအလွှာမှာ ရှိတာဆိုပေမဲ့ အကျယ်အဝန်းနဲ့ ဖွဲ့စည်းပုံကတော့ စီအီးအို ရုံးခန်းနဲ့ အတူတူပဲ။

"ဂုဏ်ယူပါတယ်။ အခုဆို မင်းရဲ့ ရုံးခန်းကို သွားလို့ရပြီ"

"အဲဒီမှာ ငါက ဘာလုပ်ရမှာလဲ"

"မင်းကိုပေးထားတဲ့နေရာလေးကို စောင့်ပေးနေရုံပါပဲ"

တက်ဂယူ က ဆိုဖာပေါ်မှာ ပျင်းပျင်းရိရိ လှဲနေရင်း ပြောတယ်။

"အမေရိကမှာ ခရီးသွားခဲ့တာနဲ့ အမှုစစ်ရုံးကို အလည်သွားခဲ့တုန်းက ပျော်ဖို့ကောင်းသားပဲနော်"

ကျွန်တော်လည်း ခေါင်းညိတ်လိုက်တယ်။

"အေး။ ဟုတ်တယ်"

အဲဒီတုန်းက ကျွန်တော်တို့ တကယ်ပဲ မနားတမ်း အလုပ်လုပ်ခဲ့ကြတာလေ။

တက်ဂယူ က ရုတ်တရက် ထထိုင်လိုက်တယ်။

"သြော်။ ငါ လုပ်စရာရှိတာ တစ်ခု သတိရသွားပြီ"

"ဘာများလဲ"

"ငါ့ရဲ့ Plastic model တွေနဲ့ Lego တွေကို ဆင်ရမယ်။ ဂိမ်းစက်တွေ ဆင်ရမယ်။ ပြီးတော့ ပြခန်းစင် အသစ်တစ်ခုလည်း မှာရဦးမယ်"

ဒါက ကုမ္ပဏီကြီးတွေက ဥက္ကဋ္ဌကြီးတွေရဲ့ ဝါသနာဖြစ်တဲ့ ပန်းပင်လေးတွေ ပြုစုပျိုးထောင်တာနဲ့ ဆင်တူနေမလားပဲ။

တက်ဂယူ နဲ့ စီနီယာ ဆန်းယော့ တို့နဲ့ တိုင်ပင်ပြီးတော့ နှစ်ကုန်ပိုင်း ပါတီလေးတစ်ခု လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီပါတီက ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေအတွက် နှစ်ပတ်လည် လူစုလူဝေးပွဲလေးလည်း ဖြစ်သလို ဝန်ထမ်းအသစ်တွေကို ကြိုဆိုတဲ့ ပွဲလေးလည်း ဖြစ်တာပေါ့။

အယ်လီ က အကြံတစ်ခု ထပ်ပေးတယ်။

"Golden Gate ကိုလည်း ဖိတ်လိုက်ရင် မကောင်းဘူးလား။ လတ်တလော ဝယ်ယူမှုမှာ အတူတူ ပူးပေါင်းလုပ်ခဲ့ကြတာ ဆိုတော့လေ"

"သြော်။ အဲဒါကို ငါ့အစ်မကို ပြောလိုက်မယ်"

အကြံပြုချက်ကို ကြားတော့ အစ်မဟျွန်းဂျူးကလည်း ဝမ်းသာအားရ သဘောတူတယ်။

"အဲဒါ တကယ် ကောင်းတဲ့ အကြံပဲ"

ဒါကြောင့် ဒီနှစ်ကုန် ပါတီကို OTK Company၊ K Company နဲ့ Golden Gate တို့ ပူးပေါင်းပြီး လုပ်ဖို့ ဖြစ်သွားတယ်။

ကျွန်တော် ဝန်ထမ်းတစ်ယောက်ကို စီအီးအို ရုံးခန်းထဲ ခေါ်လိုက်တယ်။

"မစ္စတာဂျောင်ကီဟုမ်။ ဥက္ကဋ္ဌက ခေါ်နေပါတယ်"

ဝန်ထမ်းအသစ်တွေ ရောက်လာတော့ မန်နေဂျာဂျောင် က အခုဆို အဖွဲ့ခေါင်းဆောင် ဖြစ်နေပါပြီ။

စီနီယာ ကီဟုမ် က ကုမ္ပဏီထဲမှာ အမူအရာ တော်တော်လေး ယဉ်ကျေးလာပါတယ်။ ဝန်ထမ်းအသစ် အများစုက ကိုရီးယား တက္ကသိုလ်က ဘွဲ့ရတွေ ဖြစ်သလို စီးပွားရေးစီမံခန့်ခွဲမှုဌာနက စီနီယာတွေလည်း အများကြီး ပါတယ်လေ။

အမူအကျင့်တွေ လျော့ရဲမသွားအောင် စီနီယာကီဟုမ်တို့က စံပြအနေနဲ့ အရင်ဦးဆုံး စတင်ပြဖို့ အရေးကြီးပါတယ်။

ဒါက စီနီယာ ဆန်းယော့ အတွက်လည်း အတူတူပါပဲ။ ကျွန်တော်တို့ အတူတူရှိနေချိန်ကလွဲရင် သူနဲ့ တက်ဂယူ က တခြားဝန်ထမ်းတွေ ရှေ့မှာဆို ကျွန်တော်တို့ကို ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေနဲ့ပဲ ပြောကြတယ်။

"ကျွန်တော်တို့ နှစ်ကုန် ပါတီတစ်ခု လုပ်ဖို့ စဉ်းစားထားတယ်"

ကျွန်တော် အကြမ်းဖျင်း အစီအစဉ်ကို ရှင်းပြလိုက်တယ်။

"ဒါကို မန်နေဂျာဂျောင် တာဝန်ယူပေးပါ"

"ဒါပေမဲ့ အခုအချိန်မှာ နေရာ ရှာလို့ ရပါဦးမလား..."

ဒီဇင်ဘာလရဲ့ တစ်ဝက်လောက်တောင် ကုန်နေပြီဆိုတော့ ဟိုတယ် ခန်းမအများစုက ဘွတ်ကင်တွေ ပြည့်နေလောက်ပါပြီ။

"အဆောက်အဦးထဲမှာ အလွတ်တွေ ရှိနေသေးတာပဲ။ တကယ်လို့ ဘွတ်ကင် လုပ်လို့မရရင် အဲဒီအလွှာတွေထဲက တစ်ခုကို ပါတီပွဲလုပ်မယ့် နေရာအဖြစ် ပြင်လိုက်လို့ ရတယ်။ ပွဲစီစဉ်တဲ့ ကုမ္ပဏီနဲ့ စားသောက်ရေး ဝန်ဆောင်မှုကိုပဲ ခေါ်လိုက်ပေါ့"

စီနီယာ ကီဟုမ် က စိတ်အားထက်သန်စွာနဲ့ "ကျွန်တော် အကောင်းဆုံး လုပ်လိုက်ပါ့မယ်" လို့ ပြောတယ်။

သူက စီးပွားရေးစီမံခန့်ခွဲမှုဌာနရဲ့ အကြီးအကဲအဖြစ် OT နဲ့ MT တွေကို အောင်အောင်မြင်မြင် ဦးဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိတာဆိုတော့ သူ ကောင်းကောင်း လုပ်နိုင်မှာပါ။ ဟုတ်တယ်မလား။

ကျွန်တော်တို့ အားလုံး အကြာကြီးနေမှ နေ့လယ်စာ အတူတူ စားဖြစ်ကြတယ်။

ဟိုတယ် စားသောက်ဆိုင်တစ်ခုမှာ ကျွန်တော်၊ တက်ဂယူ၊ အစ်မဟျွန်းဂျူး၊ အယ်လီ၊ စီနီယာ ဆန်းယော့ နဲ့ ဟင်နရီ တို့ဟာ လှည့်လို့ရတဲ့ စားပွဲဝိုင်းကြီးမှာ ထိုင်ပြီး ဟင်းမျိုးစုံနဲ့အတူ ကိုယ်စီ ထမင်းနဲ့ ခေါက်ဆွဲတွေကို မှာစားကြတာပေါ့။

"တရုတ်ဆိုင်နဲ့ ယှဉ်ရင် ဘယ်လိုလဲ"

တက်ဂယူ က သူ့ရဲ့ ပဲခေါက်ဆွဲကို မြိန်ရေရှက်ရေ စားရင်း မေးတယ်။

"သိပ်မကောင်းဘူး။ အရင်က မှာစားနေကျ တရုတ်ဆိုင်က ပိုကောင်းတယ်"

စီနီယာ ဆန်းယော့ ကလည်း ခေါင်းညိတ်ပြီး ထောက်ခံတယ်။

"ကာတွန်းစာအုပ်ဆိုင်မှာ ရာမန်ခေါက်ဆွဲ စားတာနဲ့ ဘိလိယက်ခုံမှာ ပဲခေါက်ဆွဲ စားတာက အကောင်းဆုံးပဲ"

ကျွန်တော် တစ်ယောက်ထဲ ဒီလို တွေးမိတာ မဟုတ်ဘူးပဲ။ ပဲခေါက်ဆွဲကိုတော့ သက်သောင့်သက်သာ ရှိတဲ့ နေရာမှာ အပန်းဖြေရင်း စားရတာက အကောင်းဆုံးပါပဲ။

စီနီယာ ဆန်းယော့ က "ပါတီအတွက် ပြင်ဆင်တာတွေ အဆင်ပြေရဲ့လား" လို့ မေးတယ်။

"စီနီယာ ကီဟုမ် ကတော့ ကြိုးကြိုးစားစား လုပ်နေတာပဲ"

"သူက အဲဒီလို အလုပ်မျိုးတွေမှာ တော်ပါတယ်။ ဒါနဲ့ ပြောရင်းဆိုရင်း နှစ်တောင် ကုန်တော့မယ်နော်"

အယ်လီ က ပြုံးပြီး ပြောတယ်။

"ဒီနှစ်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေ တော်တော် များသားပဲ"

"အေးလေ"

Brexit ကျေးဇူးနဲ့ ကျွန်တော်တို့ ဒေါ်လာ သန်းထောင်နဲ့ချီ ရှာနိုင်ခဲ့တယ်။ အမေရိကန် မော်တော်ကား လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခဲ့သလို ရိုနယ် ကိုလည်း သမ္မတအဖြစ် အရွေးခံရအောင် လုပ်နိုင်ခဲ့တယ်။

အမျိုးသား ထောက်လှမ်းရေး အဖွဲ့ရဲ့ တရားမဝင် စောင့်ကြည့်မှုကို ခံခဲ့ရသလို အမှုစစ်ရုံးရဲ့ ဖမ်းဆီးစစ်ဆေးတာကို ခံခဲ့ရပြီး သတင်းစာ ရှင်းလင်းပွဲပါ လုပ်ပြီး ကျွန်တော်တို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ခဲ့ရတယ်။

ဂန်နမ်ရဲ့ အလယ်ဗဟိုမှာ ခမ်းနားတဲ့ အိမ်ကြီးတစ်လုံး ဆောက်ခဲ့တယ်။ အိမ်ဝယ်ခဲ့တယ်။ အခုဆို ကုမ္ပဏီကို ရှေ့တန်းကနေ တိုးတက်အောင် လုပ်နေပါပြီ။

ဒီတစ်နှစ်အတွင်းမှာ ကျွန်တော်တို့ အဆပေါင်းများစွာ ကြီးထွားလာခဲ့ပေမဲ့ တစ်နည်းအားဖြင့်တော့ အခြေခံအုတ်မြစ် ချလိုက်ရုံပဲ ရှိသေးတာပါ။

ပိုက်ဆံ ရှာရင်းနဲ့ ကမ္ဘာကြီးက ကျယ်ပြောပြီး ပိုက်ဆံတွေကလည်း အများကြီးပဲဆိုတာ ကျွန်တော် သိလာခဲ့ရတယ်။ ပြီးတော့ ပိုက်ဆံရှိပြီး အာဏာရှိတဲ့ လူတွေလည်း အများကြီးပဲ။

လုပ်ငန်းစုကြီးတွေ၊ ဘဏ်ကြီးတွေ၊ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေ၊ Hedge fund တွေ၊ Private equity fund တွေ၊ အစိုးရ ရန်ပုံငွေ အဖွဲ့တွေ စသဖြင့်ပေါ့။

ကျွန်တော်တို့က အဲဒီ စင်မြင့်ပေါ်မှာ ကစားဖို့အတွက် စတိလောက်ပဲ ရသေးတာပါ။ ကိုရီးယားက ထိပ်တန်း လုပ်ငန်းစုကြီး ၅ ခုနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးသလို ကိုရီးယား ဈေးကွက်မှာ ကျွန်တော်တို့ရဲ့ သြဇာကလည်း တအားကို အကန့်အသတ် ရှိပါသေးတယ်။

"ဒီနှစ်မှာ ကောင်းကောင်း လုပ်နိုင်ခဲ့ပေမဲ့ နောက်နှစ်ကတော့ တကယ့် စိန်ခေါ်မှုပဲ"

မော်တော်ကား လုပ်ငန်းထဲကို ဒေါ်လာ သန်း ၂သောင်းခွဲလောက် သွန်ထည့်ထားတာလေ။

အဲဒီ ပိုက်ဆံတွေနဲ့ Chrysler ကုမ္ပဏီကို ဝယ်ယူပြီး နည်းပညာတွေ ဖွံ့ဖြိုးအောင် လုပ်နေသလို ရတ်စ်ဘဲ တစ်လျှောက်မှာ စက်ရုံတွေ ဆောက်နေတာပါ။

မော်တော်ကား လုပ်ငန်းက အခုမှ အစပျိုးရုံပဲ ရှိပါသေးတယ်။ နည်းပညာ ဖွံ့ဖြိုးဖို့၊ ကားအသစ်တွေ ထုတ်ဖို့နဲ့ အလိုအလျောက် မောင်းနှင်တဲ့ ကားတွေကို အကောင်အထည်ဖော်ဖို့ ပိုက်ဆံ ဘယ်လောက်တောင် ထပ်လိုဦးမလဲဆိုတာ မသေချာပါဘူး။

စက်ရုံတွေကို ချဲ့ထွင်နေတုန်းမှာ ကားအသစ်တွေ ထွက်တာ နောက်ကျသွားရင် ဒါမှမဟုတ် ရောင်းအားက မျှော်လင့်သလောက် မရှိရင် အရှုံးကြီး ရှုံးနိုင်ပါတယ်။

တစ်ဖက်မှာလည်း အဲဒါက အကြီးအကျယ် အောင်မြင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အစ်မဟျွန်းဂျူး က "အဆင်ပြေသွားမှာပါ၊ တအားကြီး စိတ်မပူပါနဲ့"လို့ ပြောတယ်။

စားသောက်ပြီးတော့ ကုမ္ပဏီကို ပြန်လာခဲ့ကြတယ်။

အေးစက်တဲ့ ရာသီဥတု ဖြစ်နေတာတောင် OTK အဆောက်အဦးရဲ့ အဝင်ဝမှာ ဆိုင်းဘုတ်တွေ ကိုင်ပြီး ရပ်နေတဲ့ လူတချို့ ရှိနေပါတယ်။ အရေအတွက်ကတော့ တစ်နေ့နဲ့တစ်နေ့ မတူဘူး။ ပျမ်းမျှ ၅ ယောက်လောက် ရှိတာပေါ့။

ဒါကတော့ တစ်ကိုယ်တော် ဆန္ဒပြနေတဲ့ လူတွေပါ။

လူစုလူဝေးနဲ့ ဆန္ဒပြတာဆိုရင် ခွင့်ပြုချက် လိုပေမဲ့ တစ်ကိုယ်တော် ဆန္ဒပြတာကတော့ ခွင့်ပြုချက် မလိုဘဲ လုပ်လို့ရပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ကုမ္ပဏီရှေ့မှာ ဆိုင်းဘုတ်တွေ ကိုင်ပြီး ရောက်လာကြတာလေ။

[ "ထကြည့်စမ်း။ OTK Company" ]

[ "အခွန်ကင်းလွတ်ရာ အရပ်က အရင်းရှင်ကြီးတွေ ထွက်သွားကြ" ]

[ "အမျိုးသား ထောက်လှမ်းရေး အဖွဲ့နဲ့ အမှုစစ်ရုံးက ဘာမှားလို့လဲ။ ငွေကြေးဆိုင်ရာ ရာဇဝတ်ကောင် ကန်ဂျင်ဟူ ကို ဖမ်းဆီးကြ" ]

[ "မြောက်ကိုရီးယားလိုလားတဲ့ လက်ဝဲသမားတွေကို အပြစ်ပေးကြ" ]

[ "သမ္မတ ပက်ဆီဟျွန်း၊ အားတင်းထားပါ" ]

[ "သမ္မတကြီးကို ကျွန်တော်တို့ ချစ်ပါတယ်" ]

စီနီယာ ဆန်းယော့ က "သူတို့ကို ဒီအတိုင်းပဲ လွှတ်ထားလိုက်မှာလား" လို့ မေးတယ်။

"တောင်ကိုရီးယားက လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိတဲ့ နိုင်ငံပဲလေ။ လူတွေ သူတို့ ထင်တာကို ပြောနိုင်ရမှာပေါ့"

ဘယ်သူ့ကိုမှလည်း တကယ်တမ်း နှောင့်ယှက်နေတာ မဟုတ်ပါဘူး။

တက်ဂယူ က "ဒါက အစိုးရက ခိုင်းတာ မဟုတ်ဘူးလား။ အမျိုးသား ထောက်လှမ်းရေး အဖွဲ့က ဒီလို ဆန္ဒပြပွဲတွေကို ငွေပေးပြီး ခိုင်းစေတယ်ဆိုတဲ့ ကောလာဟလတွေ ရှိတယ်လေ" လို့ ပြောတယ်။

တရားမဝင် စောင့်ကြည့်မှု အမှု စစ်ဆေးတုန်းက အမျိုးသား ထောက်လှမ်းရေး အဖွဲ့က အဖွဲ့အစည်း တစ်ခုကို ငွေကြေး ထောက်ပံ့ပြီး သူတို့ကို ဝေဖန်တဲ့ မီဒီယာတွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေ ရှေ့မှာ သွားပြီး ဆန္ဒပြခိုင်းတာတွေ ပေါ်ပေါက်ခဲ့ဖူးတယ်။

ဒါက ငှားရမ်းထားတဲ့ ဆန္ဒပြပွဲ အမျိုးအစားပေါ့။

အဲဒီ အဖွဲ့အစည်းတွေကတော့ ငြင်းဆိုထားကြပေမဲ့ အခုအထိ ထွက်လာတဲ့ သက်သေတွေအရဆိုရင်တော့ ငွေပေးငွေယူ လုပ်တာက ရှင်းနေတာပါပဲ။

ဒါပေမဲ့ သက်သေတွေ အများကြီး ရှိနေတာတောင် အမှုစစ်ရုံးက စုံစမ်းစစ်ဆေးဖို့ စိတ်မဝင်စားဘဲ ကိစ္စတွေကို ဖုံးဖုံးဖိဖိ လုပ်နေတဲ့ အခြေအနေပဲ ရှိပါတယ်။

လက်ရှိ အစိုးရကို ဆန့်ကျင်ရင် ဘာဖြစ်မလဲဆိုတာကို ပက်ဆီဟျွန်းက အရင်က အကြိမ်ကြိမ် ပြသခဲ့ဖူးတယ်။

အခု အစိုးရအတွက် အဓိက ပစ်မှတ်ကို ရွေးပါဆိုရင်တော့ အဲဒါ ကျွန်တော် ဖြစ်နေမှာ သေချာတယ်။

အဲဒီလို အခြေအနေမျိုးမှာ တရားမဝင် စောင့်ကြည့်ခံရတာနဲ့ ဖမ်းဆီးစစ်ဆေးခံရတာတွေကို ကျွန်တော် ရင်ဆိုင်ခဲ့ရတာလေ။

တော်သေးလို့ ရိုနယ် ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုကြောင့် ကိစ္စတွေကို အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ကျွန်တော် ဘာမှ ထပ်မလုပ်ခဲ့သလို အာဏာပိုင်တွေကလည်း တိတ်ဆိတ်နေကြတယ်။

ဒါပေမဲ့ ဒီအခြေအနေက ဆက်ပြီး တည်မြဲနေမှာ မဟုတ်ဘူး။ အစိုးရနဲ့ အွန်ဆောင်း မော်တာ က အဆင်ပြေဖြစ်နေဆဲ ဖြစ်သလို ကျွန်တော်တို့ကလည်း အွန်ဆောင်း ကို ဆန့်ကျင်ဘက် ရပ်တည်နေတာလေ။

တစ်ချိန်ချိန်မှာတော့ ပြန်ပြီး ထိပ်တိုက်တွေ့ကြရဦးမှာပါ။

"သမ္မတကို အားပေးချင်ရင် သမ္မတအိမ်တော် ရှေ့မှာ သွားလုပ်ပါလား။ ဘာလို့ ဒီမှာ လာလုပ်နေတာလဲ"

"အေးလေ၊ ဟုတ်တယ်"

"သူတို့က အရင်းရှင် အကုန်လုံးကို နုတ်ထွက်ခိုင်းနေတာလား"

"ဒါကတော့ ဝေဖန်ပုတ်ခတ်တာဖြစ်နေပြီ"

ကိုရီးယားမှာ OTK Company အပေါ် အမြင်က သိပ်မကောင်းပါဘူး။ အခွန်ကင်းလွတ်ရာ အရပ်မှာ တည်ထောင်ထားသလို ငွေကြေးဈေးကွက်ကို အကြိမ်ကြိမ် လှည့်စားခဲ့တယ်လို့ မြင်နေကြတာပါ။

အစိုးရလိုလားတဲ့ ကွန်ဆာဗေးတစ် မီဒီယာတွေကလည်း ဆိုးဆိုးဝါးဝါး ဆောင်းပါးတွေ ဆက်တိုက် ရေးနေတာကြောင့် ဒီလို အမြင်တွေ ဖြစ်လာတာပေါ့။

လတ်တလောမှာပဲ ဆောင်းပါးတစ်ခု တက်လာတယ်။

"အကျင့်ပျက် ခြစားမှုတွေနဲ့ စွန်းထင်းနေတဲ့ X-Cop ဝယ်ယူမှု တိုက်ပွဲ" တဲ့။ အဲဒီဆောင်းပါးမှာ ကုမ္ပဏီတစ်ခုက တင်ဒါ ခေါ်ယူတဲ့ လုပ်ငန်းစဉ်မှာ တရားမဝင် လုပ်ရပ်တွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပြီး အဲဒါက ဘယ်ကုမ္ပဏီကို ရည်ညွှန်းနေတယ်ဆိုတာကတော့ ရှင်းနေတာပါပဲ။

"ဟိုလူကို ကြည့်ဦး။ သူ့ဆိုင်းဘုတ်မှာ 'ကျွန်တော်က ကင်ဆော့ဘန် ပါ။ ဥက္ကဋ္ဌ ကန်ဂျင်ဟူ နဲ့ တွေ့ချင်လို့ပါ' လို့ ရေးထားတယ်။ အဲဒီနာမည်က ရင်းနှီးနေသလိုပဲ။ ကင်ဆော့ဘန် ကို မင်း သိလား"

"ဟမ်"

ကျွန်တော် အံ့သြတကြီးနဲ့ အော်လိုက်မိတယ်။

"ကားကို ရပ်လိုက်"

ကျွန်တော့် အော်သံကြောင့် စီနီယာ ဆန်းယော့ က ဘရိတ်ကို ချက်ချင်း အုပ်လိုက်ရတယ်။

ကျွန်တော် တံခါးဖွင့်ပြီး ကားပေါ်က ဆင်းလိုက်တယ်။ ကုမ္ပဏီရှေ့မှာ အလုပ်သမား ဝတ်စုံဟောင်းလေးနဲ့ ဦးထုပ်နွမ်းနွမ်းလေး ဆောင်းထားတဲ့ လူလတ်ပိုင်း တစ်ယောက်က ဆိုင်းဘုတ်ကို ကိုင်ပြီး ရပ်နေတယ်။

"ဦးလေး ဆော့ဘန်"

အဲဒီလူက ကျွန်တော့်ကို ကြည့်ပြီး မျက်လုံးတွေ ပြူးသွားတယ်။

"ဂျ-ဂျင်ဟူ"

"ဦးလေး ဆော့ဘန်"

ကျွန်တော် ဝမ်းသာအားရနဲ့ သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။

"ဘာလို့ ဒီလောက်အေးစက်နေတဲ့ နေရာမှာ လာရပ်နေတာလဲ"

"မင်း-မင်းနဲ့ တွေ့ချင်လို့ပါ..."

"အဲဒါဆိုရင် အထဲက ဧည့်ခန်းမှာ သွားစကားပြောကြရအောင်လေ"

"အင်း၊ ငါ ကြားတာတော့ အကြာကြီး စောင့်ရမယ်ဆိုလို့"

ကျွန်တော် နာမည်ကြီးလာပြီး ပိုက်ဆံတွေ အများကြီး ရှာနိုင်မှန်း လူတွေ သိလာတော့ ကျွန်တော်နဲ့ တွေ့ချင်တဲ့ လူတွေက အများကြီး ရှိလာပါတယ်။ ဒါကြောင့် ဧည့်ကြို ကောင်တာမှာ နာမည်၊ ဖုန်းနံပါတ်၊ တွေ့ဆုံရမယ့် အကြောင်းရင်းတွေကို ရေးထားခဲ့ရပြီး ကျွန်တော်က စစ်ဆေးပြီးမှ တွေ့မတွေ့ ဆုံးဖြတ်တာပါ။

"မင်း ငါ့ကို မတွေ့မိမှာ စိုးလို့ ဒီမှာ လာရပ်နေတာပါ"

"တော်သေးတာပေါ့။ ကျွန်တော် ဦးလေးကို မမြင်မိဘဲ နေတော့မလို့"

လက်အိတ် မပါတဲ့ ဦးလေးရဲ့ လက်တွေက ရေခဲလို အေးစက်နေတယ်။

ကျွန်တော် အဲဒီလက်ကို ဆွဲပြီး ခေါ်သွားလိုက်တယ်။

"ဒီလိုမျိုး မဖြစ်သင့်ဘူး။ အထဲကို အမြန် သွားရအောင်"

DHK Engineering ဆိုတာ ဝန်ထမ်း ၁၀ ယောက်လောက်ပဲ ရှိတဲ့ ကုမ္ပဏီ အသေးလေးပါ။

သူတို့ထဲက အများစုက အတူတူ အလုပ်လုပ်လာတာ ၁၀ နှစ်ကျော်နေပြီဆိုတော့ မိသားစုလို ဖြစ်နေကြတာပါ။ ကျွန်တော် ငယ်ငယ်က စက်ရုံကို သွားရင် အလုပ်သမား ဝတ်စုံနဲ့ လူကြီးတွေက ကျွန်တော့်ကို အဖေ မသိအောင် မုန့်စားဖို့ဆိုပြီး ပိုက်ဆံလေးတွေ ပေးတတ်ကြတယ်။ အဲဒီထဲမှာ ဦးလေး ဆော့ဘန် က ကျွန်တော့်ကို အချစ်ဆုံးပဲ။

ဦးလေး ဆော့ဘန် ကို စီအီးအို ရုံးခန်းထဲအထိ ကျွန်တော် ခေါ်သွားခဲ့တယ်။

"ဒါက ကျွန်တော့် သူငယ်ချင်း တက်ဂယူ ပါ။ ဦးလေး သူ့ကို မြင်ဖူးမှာပေါ့"

ကျွန်တော် အလယ်တန်းတုန်းက သူ့ကို စက်ရုံဆီ အကြိမ်အနည်းငယ်လောက် ခေါ်သွားဖူးပါတယ်။

တက်ဂယူ က ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်တယ်။

"မင်္ဂလာပါ။ ကျွန်တော် အိုတက်ဂယူ ပါ"

"သြော်၊ အဲဒီတုန်းက သူငယ်ချင်းလေးပဲ"

ဦးလေး ဆော့ဘန် က မှတ်မိတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။

အပြင်မှာ အကြာကြီး ရပ်နေခဲ့ရလို့ ထင်ပါရဲ့။ သူ့နှုတ်ခမ်းတွေက ပြာနှမ်းနေတယ်။ ဦးလေး ဆော့ဘန် က စီအီးအို ရုံးခန်းကို အံ့သြတကြီးနဲ့ လှည့်ပတ်ကြည့်နေတယ်။

"အခုဆို မင်းက ဥက္ကဋ္ဌကြီး ဖြစ်နေပြီဆိုတော့ ငါ ဘယ်လို ခေါ်ရမှန်းတောင် မသိတော့ဘူး"

ကျွန်တော် ရယ်ပြီး ပြောလိုက်တယ်။

"အရင်ကလိုပဲ ဆက်ဆံပါ။ ဦးလေးရာ"

အတွင်းရေးမှူးက ကော်ဖီ ယူလာပေးတယ်။

"ချမ်းနေမှာပေါ့။ ဒါလေး သောက်လိုက်ပါဦး"

"အင်း၊ အင်း"

ဦးလေး ဆော့ဘန် က ကော်ဖီကို ဖြည်းဖြည်းချင်း သောက်နေတယ်။

"ဦးလေး အခုတလော ဘယ်လိုနေလဲ"

"ငါနဲ့ ဂျုံဆူး က တခြား ကုမ္ပဏီတစ်ခုမှာ အလုပ် ရထားတယ်"

"ဦးလေး ဂျုံဆူး လား။ အဲဒါဆို ဘာလို့ အတူတူ မလာခဲ့တာလဲ"

ဦးလေး ဆော့ဘန် က ကျွန်တော့် စကားကြောင့် အားနည်းတဲ့ အပြုံးလေး ပြုံးလိုက်တယ်။

"အတူတူ လာနိုင်ရင်တော့ ကောင်းမှာပေါ့။ သတင်းစာ ရှင်းလင်းပွဲမှာ မင်းကို မြင်ရတော့ ငါ ဘယ်လောက်တောင် အံ့သြသွားလဲ မသိဘူး။ မင်းက ဒီလောက် ကုမ္ပဏီအကြီးကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူးလေ"

"မြင်ရင် ကျွန်တော့်ဆီ ချက်ချင်း ဖုန်းဆက်လိုက်ပါလား"

ဦးလေး ဆော့ဘန် က ခေါင်းကို ငုံ့ထားရင်း "ငါက ဘယ်လို မျက်နှာမျိုးနဲ့ မင်းကို ဆက်သွယ်ရမှာလဲ။ ငါတို့ အလုပ်ရှင်လည်း ဆုံးသွားပြီ။ အားလုံးလည်း ကိုယ့်ဝမ်းစာအတွက် ကိုယ်စီ ထွက်သွားကြတာဆိုတော့ ဘယ်သူမှ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မလုပ်ဖြစ်ကြတော့ဘူး။ လူဆိုတာ အရှက်တရားတော့ ရှိရမယ်လေ..."

"ဦးလေးကလည်း ဘာတွေ ပြောနေတာလဲ"

ကုမ္ပဏီ ဒေဝါလီခံလိုက်ရပြီးနောက် ဝန်ထမ်းတွေ အကုန် လူစုကွဲသွားကြတာပါ။

ဝင်ငွေ ပြတ်သွားရင် စားဝတ်နေရေး ခက်ခဲလာမှာပဲ။ အသက်ရှင်ဖို့အတွက် အလုပ်အသစ် ရှာကြရတာက မတတ်သာတဲ့ ကိစ္စပဲ မဟုတ်လား။

"ကျွန်တော့်အဖေ ဆုံးတုန်းက ဦးလေးက နာရေးအိမ်ကို လာပြီး အဆုံးအထိ ကူညီပေးခဲ့တာပဲ။ အဲဒီအတွက်တင် ကျွန်တော် ကျေးဇူးတင်လှပါပြီ"

"ကျေးဇူးတင်ဖို့မလိုပါဘူးကွယ်။ ဒါနဲ့ မင်းအမေကော နေကောင်းရဲ့လား"

"နေကောင်းပါတယ်။ ဦးလေး။ ဦးလေး ဒီရောက်နေတာ သိရင် သူ တအား ဝမ်းသာသွားမှာ"

စကားပြောရင်းနဲ့ ထူးဆန်းနေတာတစ်ခုကို သတိထားမိတယ်။

ဦးလေး ဆော့ဘန် က ပုံမှန်ဆိုရင် တက်တက်ကြွကြွနဲ့ နောက်ပြောင်တတ်တဲ့ လူမျိုးပါ။ ဒါပေမဲ့ အခုတော့ သူ့မျက်နှာနဲ့ အသံမှာ ဘာမှ မရှိတော့ဘူး။ စကားပြောရင်လည်း ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတယ်။

အစကတော့ အေးလို့ ထင်ပေမဲ့ အခုအထိ အဲဒီလို ဖြစ်နေတုန်းပဲ။

ဦးလေး ဆော့ဘန် က သူ့ဦးထုပ်ကို သတိထားပြီး ချွတ်လိုက်တယ်။

တက်ဂယူ နဲ့ ကျွန်တော် အံ့သြသွားမိတယ်။ သူ့ခေါင်းရဲ့ ဘယ်ဘက်ခြမ်းက ချိုင့်ဝင်နေတာပါ။ ဦးခေါင်းခွံက မြုပ်ဝင်နေသလိုမျိုး... မဟုတ်ဘူး၊ တကယ်ကို ချိုင့်ဝင်နေတာ။

ဆံပင်တွေကြားမှာလည်း အနာရွတ် အကြီးကြီးတွေကို တွေ့နေရတယ်။

"ဦးလေး၊ အဆင်ပြေရဲ့လား"

ဦးလေး ဆော့ဘန် က သူ့ခေါင်းကို အားနာသလို ကိုင်ကြည့်ရင်း

"ကြည့်ရဆိုးနေလား။ ခွဲစိတ်ထားတာဆိုတော့ အခုတော့ အဆင်ပြေပါပြီ"

"ဘာဖြစ်တာလဲ။ မတော်တဆမှု ဖြစ်တာလား"

"အဲဒါက..."

သူ့ရဲ့ တွန့်လိပ်နေတဲ့ လက်တွေပေါ်ကို မျက်ရည်တွေ ကျလာတယ်။

တုန်ရီနေတဲ့ အသံနဲ့ ဦးလေး ဆော့ဘန် က ပြောတယ်။

"ဂျင်ဟူ၊ ငါ့ကို ကူညီပါဦး။ ငါ့မှာ အရှက်မရှိမှန်း သိပေမဲ့ မင်းကိုပဲ အားကိုးစရာ ရှိတော့လို့ပါ။ ငါ အသက်ရှင်ချင်လို့ ဒီကို လာခဲ့တာ။ မသေခင် တစ်ခုခုတော့ လုပ်ရမယ်လို့ ခံစားမိလို့... ငါ ဂျုံဆူး လို ဖြစ်သွားမှာ ကြောက်တယ်..."

"...."

ဦးလေး ဘာတွေ ပြောနေတာလဲ။

မကောင်းတဲ့ အငွေ့အသက်တစ်ခုက ကျွန်တော့် စိတ်ထဲမှာ ဖြတ်ပြေးသွားတယ်။

"ဘာဖြစ်လို့လဲ ဦးလေး။ ဦးလေး ဂျုံဆူး က ဘာဖြစ်သွားလို့လဲ။ ဘာတွေ ဖြစ်နေတာလဲ"

"သူ... သူ ဆုံးသွားပြီ"

ကျွန်တော် ဆွံ့အသွားမိတယ်။

"သူ ဆုံးသွားပြီ ဟုတ်လား"

ဦးလေး ဆော့ဘန် က ဘာစကားမှ ဆက်မပြောနိုင်တော့ဘဲ ခေါင်းငုံ့ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေပါတော့တယ်။

All Chapters