← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉)

ကြိုးကြိုးစားစား အလုပ်လုပ်နေတဲ့ ရဲဝန်ထမ်းတွေမှာ ဘာအပြစ် ရှိမှာလဲ။

ဝူဆောင်း စက်မှုလုပ်ငန်း ရဲ့ အလုပ်သမားရေးရာ ပြဿနာတွေမှာ ဝင်မပါဖို့ အထက်ကနေ အမိန့်ပေးထားတာ ဖြစ်မှာပါ။ သူတို့ဘက်က အကြိမ်တစ်ရာ စုံစမ်းစစ်ဆေးပါစေဦးတော့၊ တရားစွဲဆိုရေးဘက်ကနေ အမှုမဖွင့်ရင်တော့ သူတို့လည်း ထိထိရောက်ရောက် စုံစမ်းစစ်ဆေးလို့ မရဘူးလေ။

ကျွန်တော်က ခေါင်မိုးပေါ်က ကင်မရာကို လက်ညှိုးထိုးပြလိုက်တယ်။

"အဲဒါကြီးက အခုထိ ရိုက်နေတုန်းဆိုတာ ခင်ဗျားတို့ သိတယ်မလား"

ရာဇဝတ်ကောင်က ရှေ့မှာတင် ထွက်ပြေးနေတာကို ရဲတွေက ဒီအတိုင်း ရပ်ကြည့်နေတဲ့ မြင်ကွင်းသာ မီဒီယာတွေပေါ် ရောက်သွားရင် ဘယ်လောက်တောင် ဝေဖန်ခံရမလဲ ဆိုတာကို သူတို့ သိပါတယ်။

ခေါင်းဆောင်ဖြစ်သူက ကျွန်တော့်စကားကြောင့် သတိဝင်လာပြီး အော်ပြောလိုက်တယ်။

"ဖမ်းကြစမ်း"

ရဲတွေက ထွက်ပြေးနေတဲ့ ကန်ထရိုက်တာ နောက်ကို အမြန်လိုက်ဖမ်းပြီး ချုပ်နှောင်လိုက်ကြတယ်။ သူက ရုန်းကန်ရင်းနဲ့ အော်ပြောတယ်။

"လွှတ်-လွှတ်ပေးကြပါ။ ကျွန်တော့်မှာ အပြစ်မရှိပါဘူး"

ကျွန်တော်က သူ့ကို ပြောလိုက်တယ်။

"ဘယ်မှာ အပြစ်မရှိတာလဲ။ ခင်ဗျား မီးသတ်ဆေးဘူးနဲ့ ပစ်လိုက်လို့ လူတစ်ယောက် သေလုနီးပါး ဖြစ်သွားတာလေ"

တက်ဂယူ က ခေါင်းညိတ်ပြီး ပြောတယ်။

"ဟုတ်တယ်။ ပြစ်မှုကျူးလွန်ရင် ပြစ်ဒဏ်ခံရမှာပဲ"

သူက ကျွန်တော့်ကို ကြည့်ပြီး အော်ဟစ်တယ်။

"ခင်ဗျားက ဘယ်သူမလို့ သူများကိစ္စ လာစွက်ဖက်နေတာလဲ"

ကန်ထရိုက်တာတွေရော၊ ရဲတွေပါ ကျွန်တော့်ဆီ အကြည့်ရောက်လာကြတယ်။ အခုလောက်ဆိုရင်တော့ ဒါတွေအားလုံးက ကျွန်တော် စီစဉ်ထားတာဆိုတာ သူတို့ ရိပ်မိလောက်ပါပြီ။

တက်ဂယူ က ဇဝေဇဝါနဲ့ ပြောတယ်။

"သူတို့က ဘာလို့ မင်းကို မမှတ်မိကြတာလဲ။ မင်းက သိပ်မကျော်ကြားသေးလို့များလား"

"...."

တီဗီမှာ တစ်ခါတလေ ပေါ်လာရုံနဲ့ လူတိုင်းက ချက်ချင်းမှတ်မိနေဖို့ဆိုတာ မလွယ်ပါဘူး။

"ကျွန်တော်က ကန်ဂျင်ဟူ ပါ"

အစပိုင်းမှာတော့ ဘာတုံ့ပြန်မှုမှ မရှိဘူး။ ဒါပေမဲ့ ခဏနေတော့ ပတ်ဝန်းကျင်မှာ စပြီး တီးတိုး ပြောသံတွေ ထွက်လာပါတယ်။

"ကန်ဂျင်ဟူဟုတ်လား။ ဒီနာမည်ကို ဘယ်မှာ ကြားဖူးပါလိမ့်"

"နေပါဦး။ ကန်ဂျင်ဟူ ဆိုရင် သူက..."

"OTK ကုမ္ပဏီ ရဲ့ စီအီးအိုလေ"

"ဩော်၊ ဟုတ်သားပဲ။ ငါ သူ့ကို တီဗီမှာ မြင်ဖူးတယ်"

နာမည်ကို ပြောလိုက်တော့မှ အကုန်လုံးက ကျွန်တော့်ကို မှတ်မိသွားကြတယ်။

"OTK ကုမ္ပဏီ စီအီးအို က ဘာလို့ ဒီကို ရောက်နေတာလဲ..."

"ခင်ဗျားတို့ မီးသတ်ဆေးဘူးနဲ့ ပစ်လိုက်တဲ့ လူက ကျွန်တော့် ဦးလေးလို လူမျိုးပဲ"

အဲဒီလူရဲ့ မျက်နှာက ဖြူလျော့သွားတယ်။

ပျာပျာသလဲ ဖြစ်နေတဲ့ သူ့ကို ကျွန်တော် ဆက်ပြောလိုက်တယ်။

"ဘာပဲဖြစ်ဖြစ် ကျေအေးပေးမှာမဟုတ်ဘူး။ ကျွန်တော် ဥပဒေအကျိုးဆောင် အဖွဲ့ကို ငှားထားပြီးပြီ။ ရာဇဝတ်မှုတင် မကဘဲ တရားမမှုနဲ့ပါ ဆက်ပြီး တရားစွဲမှာ။ ခွဲစိတ်ခ၊ ဆေးရုံစရိတ်၊ ပြန်လည်သန်စွမ်းရေး စရိတ်နဲ့ နစ်နာကြေးတွေ အကုန် တောင်းမှာ။ ခင်ဗျားမှာ ရှိသမျှ အိမ်တွေ၊ ကားတွေ အကုန် သိမ်းယူပြီး တစ်ပြားမှ မကျန်အောင် လုပ်မှာမလို့ အကောင်းဆုံး ရှေ့နေကိုသာ အခုကတည်းက ရှာထားလိုက်တော့"

ဒီလို ပြင်းထန်တဲ့ ဒဏ်ရာတွေ ဖြစ်စေတာက ကျေအေးမှု မရရင် ထောင်ဒဏ်ကနေ လွတ်ဖို့ နည်းလမ်း မရှိပါဘူး။ တရားမမှုမှာဆိုရင်လည်း နစ်နာကြေးက ဝမ် သန်း ထောင်ချီ ဖြစ်သွားနိုင်ပါတယ်။

ငှားထားတဲ့ လူမိုက်တစ်ယောက်က ဒီအလုပ်ကနေ ဘယ်လောက်များ ရမှာမလို့လဲ။

အဲဒီလူက အသက် ၃၀ ကျော်ပဲ ရှိသေးတာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ အကုန်ဆုံးရှုံးပြီး ထောင်ထဲ သွားရတော့မှာလေ။

အခြေအနေကို နားလည်သွားပုံရတဲ့ သူက ခွင့်လွှတ်ဖို့ တောင်းပန်လာတော့တယ်။

"ကျွန်-ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ အိမ်မှာ မိန်းမနဲ့ ကလေးတွေ ရှိပါတယ်။ ကျွန်တော် ထောင်ကျသွားရင် ကျွန်တော့် မိသားစု ဘယ်လိုလုပ်မလဲ"

"ခင်ဗျား သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့တဲ့ လူမှာလည်း မိသားစု ရှိတာပဲ။ သူတို့မှာ ခွဲစိတ်ခတွေ၊ ကုသစရိတ်တွေကြောင့် အကြွေးတွေ တင်နေသလို နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် စကားပြောတာတောင် အဆင်မပြေတော့ဘူး။ ခင်ဗျား လုပ်ခဲ့တဲ့ အလုပ်အတွက် ခင်ဗျား တာဝန်ယူရမှာပဲ"

"ကျွန်-ကျွန်တော်က ခိုင်းတာ လုပ်ရတာပါ။ အထက်က ခိုင်းလို့ လုပ်တာပါ"

"ဟုတ်လား။ ဘယ်သူ ခိုင်းတာလဲ"

သူက တုန်တုန်ရင်ရင်နဲ့ ဆက်ပြောတယ်။

"ဘာတွေပဲဖြစ်လာပါစေ ကုမ္ပဏီက အကုန် တာဝန်ယူပေးမယ် ပြောလို့ ကျွန်တော်က..."

သူ့နောက်က ထိပ်ပြောင်ပြောင် လူက အော်ပြောတယ်။

"ပါးစပ်ပိတ်ထားစမ်း။ ကြွက်စုတ်ကောင်။ သေချင်လို့လား"

ကျွန်တော်က အဲဒီ ထိပ်ပြောင်နားကို သွားလိုက်တယ်။ မန်နေဂျာ လီ ရဲ့ လက်သီးချက်ကြောင့် လဲကျသွားတဲ့ သူက အခု ပြန်ထလာတာပါ။

ဘယ်သူမှ မတားနိုင်ခင်မှာပဲ သူ့မျက်နှာနားအထိ ကပ်သွားလိုက်တယ်။

"ခင်ဗျားတို့က ဒီအလုပ်အတွက် ပိုက်ဆံရလို့ လုပ်နေတာလား"

"ဘာ..."

"ဝူဆောင်း စက်မှုလုပ်ငန်း နဲ့ OTK ကုမ္ပဏီ က ပိုက်ဆံနဲ့ တိုက်ကြမယ်ဆိုရင် ဘယ်သူ နိုင်မယ် ထင်လဲ။ စကားမစပ် ဝူဆောင်း စက်မှုလုပ်ငန်း ရဲ့ ရှယ်ယာတန်ဖိုးက ဝမ် သန်းပေါင်း ၁သိန်း တောင် မပြည့်ဘူးနော်"

အဲဒီ ထိပ်ပြောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။

"သောက်ကောင်လေး..."

"ခြေဆန့်လက်ဆန့် လုပ်ဖို့ နေရာကိုသာ ရှာထားလိုက်တော့"

ကျွန်တော်က သူ့ကို မလှုပ်မယှက် စိုက်ကြည့်နေလိုက်တယ်။ သူက တုန်ယင်နေပေမဲ့ လက်သီးနဲ့တော့ မထိုးရဲပါဘူး။

ပိုက်ဆံရဲ့ အစွမ်းကို သူလည်း သိတာကိုး။

ကျွန်တော်က ကန်ထရိုက်တာတွေကို ဝေ့ကြည့်ပြီး ပြောလိုက်တယ်။

"ဗီဒီယိုတွေကို ကျွန်တော်တို့ အသေးစိတ် စစ်ဆေးပြီး အကြမ်းဖက်မှုမှာ ပါဝင်တဲ့လူတိုင်းကို ရာဇဝတ်မှုရော၊ တရားမမှုနဲ့ပါ တရားစွဲမှာပါ"

တက်ဂယူ က ထပ်ဖြည့်ပြောတယ်။

" 'ရိုဝန်' လို့ ခေါ်တဲ့ အကြီးဆုံး ဥပဒေအကျိုးဆောင် အဖွဲ့နဲ့ ကျွန်တော်တို့တွေ စာချုပ်ချုပ်ထားပြီးပါပြီ"

တကယ်တမ်းတော့ အကြီးဆုံး မဟုတ်ပါဘူး။

ဘယ်သူ ဘာပြောပြော 'Jung and Kim'ဥပဒေအကျိုးဆောင်အဖွဲ့က နံပါတ်တစ်ပါ။ 'ရိုဝန်' ကတော့ တတိယနေရာမှာ ရှိတာပေါ့။

ကန်ထရိုက်တာတွေထဲမှာ ကျွန်တော်နဲ့ သက်တူရွယ်တူ လူငယ်တွေ အများကြီး ပါပါတယ်။ စီနီယာတွေ နောက်လိုက်လာတဲ့ တက္ကသိုလ်ကျောင်းသားတွေလား၊ ဒါမှမဟုတ် ဘွဲ့ရပြီးခါစ လူငယ်တွေလားတော့ မသိဘူး။

သူတို့က အော်ဟစ် ငြင်းခုံကြတယ်။

"ကျွန်တော်တို့က ခိုင်းတာ လုပ်ရတာပါ"

"ဆရာက အကုန်လုပ်ဖို့ ပြောတာလေ"

"ဘာပြဿနာမှ မရှိဘူးလို့ သူ ပြောခဲ့တာပါ"

လက်နက်တွေ ကိုင်ထားတုန်းကတော့ ဒါက ရာဇဝတ်မှုလို့ သူတို့ မထင်ခဲ့ကြဘူး ထင်ပါရဲ့။

ဒါပေမဲ့ ဥပဒေကြောင်းအရ ပြဿနာတွေ တက်လာပြီဆိုရင်တော့ ကုမ္ပဏီက 'ကျွန်တော်တို့က တရားမဝင် ယာယီတဲတွေကို ဖယ်ခိုင်းတာပဲ ရှိတာ၊ ဘယ်သူ့ကိုမှ ရိုက်ဖို့ မခိုင်းဘူး' ဆိုပြီး ရှောင်ထွက်သွားမှာပါ။ အဲဒီအခါ တာဝန်တွေက တစ်ဦးချင်းစီပေါ် ရောက်ကုန်မှာပေါ့။

စိတ်မကောင်းစရာဆိုပေမဲ့ ဘာမှ လုပ်ပေးလို့ မရပါဘူး။

ဘဝဆိုတာ တိုက်ပွဲတစ်ခုပဲလေ။

ဝန်ဆောင်မှု ဝန်ထမ်းတွေက ယာယီတဲတွေနဲ့ ဆိုင်းဘုတ်တွေကို ဖြိုဖျက်နေကြတုန်း ဥက္ကဋ္ဌ ဟုန်ဝူဆောင်း နဲ့ စီအီးအို လီဆီယော့ တို့က အေးအေးဆေးဆေး ကော်ဖီ သောက်နေကြပါတယ်။ ခဏနေတော့ အပြင်ဘက်ကနေ ကျိုးပဲ့သံတွေနဲ့ အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။

"စိတ်မပူပါနဲ့။ မကြာခင် ပြီးသွားမှာပါ"

"ဟုတ်ပြီလေ"

ဒီနေ့မှာတော့ ဥက္ကဋ္ဌ ဟုန်ဝူဆောင်းအတွက် ကော်ဖီရနံ့က ပိုပြီး မွှေးပျံ့နေသလိုပဲ။ သိပ်မကြာခင်မှာပဲ အော်ဟစ်သံတွေက ချက်ချင်း ငြိမ်ကျသွားတယ်။

စီအီးအို လီဆီယော့ က ရယ်ပြီး ပြောတယ်။

"ဟော…ကျွန်တော် ကော်ဖီတောင် မကုန်သေးဘူး၊ ပြီးသွားပြီ"

သူက ထိုင်နေရာက ထပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ အံ့သြသွားတယ်။

"ဘာ-ဘာဖြစ်တာလဲ"

အပြင်ဘက်က မြင်ကွင်းက သူတို့ မျှော်လင့်ထားတာနဲ့ လုံးဝ တခြားစီပဲ။

ဝန်ထမ်းတွေ အကုန်လုံး လဲကျနေကြပြီး အမည်းရောင် ဝတ်စုံဝတ် လူတွေက ဝန်ထမ်းတွေကို ဝိုင်းထားကြတာပါ။

ဥက္ကဋ္ဌ ဟုန်ဝူဆောင်းက အံ့သြတကြီးနဲ့ အော်ပြောတယ်။

"ဒါက ဘာတွေ ဖြစ်နေတာလဲ။ ဒီလူတွေက ဘယ်သူတွေလဲ"

စီအီးအို လီဆီယော့ လည်း အတူတူပါပဲ။

မကြာခင်မှာပဲ ရဲတွေ ရောက်လာတယ်။ ဘာတွေ ဖြစ်နေလဲဆိုတာ သူတို့ မစဉ်းစားနိုင်ခင်မှာပဲ တစ်ယောက်ယောက်က ရုံးခန်းထဲကို အပြေးအလွှား ဝင်လာတယ်။

ဒုတိယ ဥက္ကဋ္ဌ ယူဆန်းဂီ က ပျာပျာသလဲ ပြောတယ်။

"ဥက္ကဋ္ဌကြီး။ ပြဿနာ အကြီးကြီး တက်နေပါပြီ"

"ဘာဖြစ်လို့လဲ"

"OTK ကုမ္ပဏီ ရဲ့ ကန်ဂျင်ဟူ က X-Cop ဝန်ထမ်းတွေကို ခေါ်လာပါတယ်"

"ဘာ….ကန်ဂျင်ဟူဟုတ်လား"

တောင်ကိုရီးယားမှာ ကန်ဂျင်ဟူ ဆိုတဲ့ နာမည်ကို မသိတဲ့လူ မရှိသလောက်ပါပဲ။

ဥက္ကဋ္ဌ ဟုန်ဝူဆောင်း က ဇဝေဇဝါနဲ့ အော်ပြောတယ်။

"ကန်ဂျင်ဟူ က ဘာလို့ ဒီမှာ ရှိနေတာလဲ"

"သူက အလုပ်သမား သမဂ္ဂ ဘက်က ပါပေးလိုက်ပုံရပါတယ်"

"ဘာလို့လဲ။ ကန်ဂျင်ဟူ က အဲဒီလူတွေနဲ့ ဘာပတ်သက်လို့လဲ"

"အဲဒါတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ပိုအရေးကြီးတာက ကန်ဂျင်ဟူ က ကျွန်တော်တို့ ကုမ္ပဏီနဲ့ ချန်းဂျူး အတိုင်ပင်ခံ ကို တရားစွဲဖို့ ဥပဒေအကျိုးဆောင် အဖွဲ့ကို လွှဲအပ်လိုက်ပြီလို့ တရားစွဲဆိုရေး ဘက်ကနေ ဖုန်းဆက်လာတာပါ။ ပြီးတော့ သတင်းတွေမှာလည်း ဒါကို စပြီး ထုတ်လွှင့်နေပါပြီ..."

သမဂ္ဂကို ဖြိုဖျက်တာက ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပါ။

ဒါပေမဲ့ အခုထိ ဘာမှ မဖြစ်ခဲ့တာက အာဏာပိုင်တွေက ဝူဆောင်း စက်မှုလုပ်ငန်း ဘက်မှာ ရှိနေသလို အမှန်တရားကို ဖော်ထုတ်ရမယ့် မီဒီယာတွေကလည်း တိတ်ဆိတ်နေခဲ့လို့ပါပဲ။

ဒါပေမဲ့ ကန်ဂျင်ဟူ ပါဝင်လာတဲ့အခါမှာတော့ အခြေအနေတွေက ပြောင်းလဲသွားပါပြီ။

"မင်း ဘာလုပ်နေတာလဲ။ အွန်ဆောင်း မော်တာ ဆီကို ချက်ချင်း ဆက်သွယ်လိုက်"

"အဲ-အဲဒါကလေ..."

ယူဆန်းဂီ က မျက်စိမှိတ်ပြီး ပြောလိုက်တယ်။

"ကျွန်တော် ဌာနမှူးနဲ့ စကားပြောပြီးပြီ။ သူက ဝူဆောင်း စက်မှုလုပ်ငန်း ရဲ့ ကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းပါတဲ့။ အွန်ဆောင်း မော်တာ က ဒီကိစ္စနဲ့ ဘာမှ မပတ်သက်ဘူး။ ဘာလို့ ဒီကိစ္စကို သူတို့ကို လာမေးနေတာလဲ ဆိုပြီး စိတ်ဆိုးပြီး ဖုန်းချသွားပါတယ်"

ဥက္ကဋ္ဌ ဟုန်ဝူဆောင်း ပြောစရာစကားလုံးတွေ ပျောက်ဆုံးသွားတယ်။

အွန်ဆောင်း မော်တာ က သပိတ်တွေကို တုံ့ပြန်ဖို့ လမ်းညွှန်ခဲ့သလို ချန်းဂျူး အတိုင်ပင်ခံ နဲ့ စာချုပ်ချုပ်ဖို့လည်း ကူညီခဲ့တာလေ။ ဒါပေမဲ့ အခုကျတော့ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး လက်ရှောင်သွားကြပြီ။

စီအီးအို လီဆီယော့ ရဲ့ ကျောပြင်မှာ ချွေးအေးတွေ စီးကျလာတယ်။ တရားဝင် ဖယ်ရှားရေး လုပ်ငန်းစဉ်တွေမှာတောင် လူကို ကိုယ်ထိလက်ရောက် ကျူးလွန်တာက လက်ခံနိုင်စရာ မရှိပါဘူး။ လူမိုက်တွေ သုံးပြီး သမဂ္ဂကို နှောင့်ယှက်တာကတော့ တကယ့်ကို ရာဇဝတ်မှုပါပဲ။

နောက်ဆက်တွဲ အကျိုးဆက်တွေကို နောက်မှ ဖြေရှင်းဖို့ ဆုံးဖြတ်ပြီး သူ အခုလောလောဆယ် ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။

ဥက္ကဋ္ဌ ရုံးခန်းထဲကနေ ထွက်ဖို့ လုပ်နေတုန်း တံခါးဝမှာ ရပ်နေတဲ့ အသက် ၂၀ ကျော် လူငယ် နှစ်ယောက်ကို တွေ့လိုက်ရတယ်။ လူငယ် တစ်ယောက်က လက်ကမ်းပေးလိုက်တယ်။

"ဒီမှာ ရှိနေတာပဲ၊ စီအီးအို လီဆီယော့"

"မင်းက..."

"ကျွန်တော်က ကန်ဂျင်ဟူ ပါ။ တွေ့ရတာ ဝမ်းသာပါတယ်"

သူ့နောက်မှာတော့ ရဲဝန်ထမ်းတွေ ပါလာပါတယ်။

"စီအီးအို လီဆီယော့ လား။ ချန်းဂျူး အတိုင်ပင်ခံ ဝန်ထမ်းတချို့က ခင်ဗျားဆီကနေ တရားမဝင် အမိန့်တွေ ရခဲ့တယ်လို့ ထွက်ဆိုထားကြတယ်။ စခန်းကို အတူတူ လိုက်ခဲ့ပေးပါဦး"

ရဲတွေက လီဆီယော့ ကို ခေါ်သွားကြပြီး ကျွန်တော်က တက်ဂယူနဲ့အတူ ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။

"ဒီအထိ ရောက်လာမှတော့ ကော်ဖီ တစ်ခွက်လောက်တော့ သောက်သင့်တယ်မလား"

တစ်ဖက်မှာတော့ ဆံပင်ဖြူဖြူနဲ့ အဖိုးကြီး တစ်ယောက် ထိုင်နေပါတယ်။ သူက ဝူဆောင်း စက်မှုလုပ်ငန်း ကို ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ဥက္ကဋ္ဌ ဟုန်ဝူဆောင်း ပါပဲ။

သူက ကျွန်တော့်ကို စိုက်ကြည့်ပြီး ပြောတယ်။

"ဘာလို့ သူများမိသားစုကိစ္စထဲ လာစွက်ဖက်နေတာလဲ"

...ဒါက ဒီအဖိုးကြီးရဲ့ အမြင်ပေါ့လေ။

သူ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပြီး သူ ခန့်ထားတဲ့ ဝန်ထမ်းတွေ ဖြစ်ပေမဲ့ သူ စိတ်ကြိုက် လုပ်လို့ရတယ်လို့ မဆိုလိုပါဘူး။

နံရံမှာ ချိတ်ထားတဲ့ မှတ်တမ်းကို ကျွန်တော် ကြည့်လိုက်တယ်။ အဲဒီမှာ 'ဝန်ထမ်းတွေကို မိသားစုဝင်တွေလို ဆက်ဆံပါ' လို့ ရေးထားတယ်။

"ဝန်ထမ်းတွေကို တကယ် မိသားစုလို သဘောထားတယ်ဆိုရင် ခင်ဗျား အခုထက် ပိုပြီး ကောင်းကောင်းမွန်မွန် ပြုမူသင့်တာပေါ့"

ကိုရီးယားမှာ ဝင်ငွေ မညီမျှမှုက သိပ်မပြင်းထန်ပါဘူး။ အလုပ်လုပ်ပြီး လစာရရင်တော့ အဆင်ပြေပြေ နေနိုင်ပါတယ်။ ဒါပေမဲ့ ပိုင်ဆိုင်မှု မညီမျှမှုကတော့ အရမ်း ပြင်းထန်သလို လူမှုဖူလုံရေး စနစ်ကလည်း သေချာ မရှိသေးပါဘူး။

ပိုင်ဆိုင်မှု မရှိတဲ့လူတွေက ဝင်ငွေ ပြတ်တောက်သွားတာနဲ့ ဒုက္ခရောက်ကြတာပါပဲ။ ဒါကြောင့်မလို့လည်း အလုပ်သမားတွေရဲ့ အနိမ့်ဆုံး အခြေအနေနဲ့ အခွင့်အရေးတွေကို ဥပဒေနဲ့ ကာကွယ်ထားရတာပါ။

ဥက္ကဋ္ဌ ဟုန်ဝူဆောင်း က အသံမြှင့်ပြီးပြောတယ်။

"ဒါဆို တရားမဝင် သပိတ်မှောက်နေတဲ့ လူတွေကို ဒီအတိုင်း ကြည့်နေရမှာလား"

အလုပ်သမားတွေက သမဂ္ဂ ဖွဲ့စည်းနိုင်သလို စုပေါင်း ညှိနှိုင်းပိုင်ခွင့်နဲ့ လှုပ်ရှားပိုင်ခွင့် ရှိပါတယ်။ သပိတ်မှောက်တာကလည်း ဥပဒေအရ အကာအကွယ် ပေးထားတဲ့ အခွင့်အရေးပါ။

ဒါပေမဲ့ ဒီနိုင်ငံမှာတော့ တရားဝင် သပိတ်ဆိုတာ မကြားဖူးသလောက်ပါပဲ။ ဘယ်သပိတ်မဆို တရားမဝင်ဘူးလို့ပဲ ချက်ချင်း သတ်မှတ်ခံရတာပါ။

ပက်ဆီဟျွန်း သမ္မတ ဖြစ်လာပြီးကတည်းက ညှိနှိုင်းတာထက် ပြင်းပြင်းထန်ထန် အရေးယူတာကိုပဲ အလေးပေးလာသလို မီဒီယာတွေကလည်း အဲဒီနောက်ကို လိုက်ကြတယ်။

ဒါက 'စီးပွားရေး လုပ်ရတာ အဆင်ပြေစေတယ်' ဆိုတဲ့ အဓိပ္ပာယ်နဲ့ပေါ့။

"ဝန်ထမ်း တစ်ယောက်ဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့သလို တခြားလူတွေလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာ ခင်ဗျား သိလား"

ကျွန်တော့်စကားကို ဥက္ကဋ္ဌ ဟုန်ဝူဆောင်း က ရယ်မောပြီး ပြောတယ်။

"အဲဒါ သူတို့ဘာသာ လုပ်တာလေ"

ဦးလေး ဂျုံဆူး က ကြိုးဆွဲချ သေဆုံးခဲ့ရသလို ဦးလေး ဆော့ဘန်ကလည်း ဒဏ်ရာ အပြင်းအထန် ရခဲ့တာပါ။ ဒါပေမဲ့ ဒီအဖိုးကြီးကတော့ ဘာမှ အပြစ်မရှိသလို ထင်နေပုံပဲ။

သူက သူ ဘာမှ မမှားဘူးလို့ တကယ် ယုံကြည်နေတာလေ။

'မင်း တကယ် လိုချင်တာက ဘာလဲ'

ကျွန်တော် ရင်ထဲက ဒေါသကို ထိန်းလိုက်တယ်။

'ခင်ဗျားက ဥပဒေနဲ့ အာဏာကို ခင်ဗျား စိတ်ကြိုက် သုံးခဲ့တယ်။ ကျွန်တော်ကလည်း ကျွန်တော့်မှာ ရှိတဲ့ ပိုက်ဆံနဲ့ ရာထူးကို သုံးပြီး ခင်ဗျား လုပ်ခဲ့သလိုမျိုးပဲ ပြန်လုပ်ပေးမယ်'

တက်ဂယူ က ဘေးကနေ ခေါင်းညိတ်တယ်။

'ဒီကောင့်မှာ ပိုက်ဆံတွေ အပုံလိုက် ရှိတာနော်'

'......'

'ပြင်ဆင်ထားလိုက်တော့'

ကျွန်တော် ထရပ်ပြီး ဥက္ကဋ္ဌ ဟုန်ဝူဆောင်း ရဲ့ မျက်နှာကို ကြည့်လိုက်တယ်။

'စိတ်ပူစရာ မရှိပါဘူး။ ခင်ဗျား အရမ်း မြတ်နိုးတဲ့ ဥပဒေအတိုင်းပဲ ကျွန်တော် လုပ်သွားမှာပါ။ ခင်ဗျား ဘာမှ မမှားခဲ့ရင်တော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို မဟုတ်ခဲ့ရင်တော့ ခင်ဗျား လုပ်ခဲ့တဲ့ အကျိုးကို ခင်ဗျား ပြန်ခံစားရမယ်လို့ပဲ မှတ်ယူလိုက်ပေါ့'

အင်တာနက်ပေါ်မှာ 'ဝူဆောင်း စက်မှုလုပ်ငန်း ရဲ့ သမဂ္ဂ ဖြိုဖျက်မှု အဖြစ်အပျက် အစအဆုံး' ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတွေ တက်လာတယ်။

ပင်မ မီဒီယာတွေနဲ့ နှိုင်းယှဉ်ရင် အင်တာနက် သတင်းဌာနတွေက ဩဇာနည်းပေမဲ့ ဒီသတင်းကတော့ PAS ရဲ့ တင်ဆက်မှုကြောင့် လူကြိုက်များသွားပါပြီ။

ဒါ့အပြင် ကန်ဂျင်ဟူ ကိုယ်တိုင် ဒီကိစ္စမှာ ပါဝင်လာတယ်ဆိုတာ သိလိုက်ရတဲ့အခါ အွန်လိုင်းအသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုက ပေါက်ကွဲထွက်သွားတော့တာပဲ။

၂၁ ရာစု တောင်ကိုရီးယားမှာ ဒီလိုမျိုးတွေ ဖြစ်နေတာက အဓိပ္ပာယ် ရှိလို့လား။

ဟားဟား။ ဆိုင်းဘုတ်ပေါ်မှာ စာရေးရင်း ကတ္တရာလမ်းပေါ် ဆေးနည်းနည်း ဖိတ်မိတာကို ထောင်ဒဏ် တစ်နှစ်တဲ့လား။ တကယ်ကြီးလား။

CCTV ကို တိပ်နဲ့ ပိတ်မိလို့ ထောင်ဒဏ် တစ်နှစ်ခွဲတဲ့။

ဒီလူတွေ ရူးနေကြတာလား။

တရားစွဲဆိုရေး ဘက်က ပြစ်ဒဏ်တွေကို နောက်ပြောင်ပြီး ပေးနေတာလား။

အဲဒီလို ဦးနှောက်တွေနဲ့ ဘယ်လိုလုပ်ပြီး အစိုးရ ရှေ့နေ ဖြစ်လာကြတာလဲ။

ဒါက တောင်ကိုရီးယား တရားစွဲဆိုရေး ရဲ့ အဆင့်အတန်း အစစ်အမှန်ပဲ။

ရှုပ်ထွေးမှုတွေ ဖြစ်လာတဲ့အခါ တရားစွဲဆိုရေး ဘက်ကနေ ထုတ်ပြန်ချက် တစ်ခု ထုတ်ပြန်ခဲ့တယ်။ သမဂ္ဂ အဖွဲ့ဝင်တွေရဲ့ ဆက်တိုက် ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ စော်ကားမှုတွေကို အုပ်စုလိုက် ပြစ်မှုကျူးလွန်သူတွေအဖြစ် သတ်မှတ်ပြီး ပြစ်မှုရဲ့ ပြင်းထန်မှုနဲ့ အန္တရာယ်ရှိမှုပေါ် မူတည်ပြီး ပြစ်ဒဏ်ပေးခဲ့တာပါလို့ ရှင်းပြခဲ့တာပေါ့။

ဟားဟား၊ အဓိပ္ပာယ် မရှိတာတွေ ပြောနေပြန်ပြီ။

ကျေးဇူးတင်ပါတယ်။ အခုတလော ဟာသ အစီအစဉ်တွေက မရယ်ရတော့ဘူး။ အခုမှပဲ အားရပါးရ ရယ်လိုက်ရတယ်။

ဥပဒေကို တိတိကျကျ လိုက်နာပါတယ်ဆိုတဲ့ လူတွေက ကန်ထရိုက်တာက ကားနဲ့ တိုက်တာကိုတော့ သာမန် ယာဉ်တိုက်မှု အဖြစ်ပဲ သတ်မှတ်တယ်ပေါ့လေ။

အဲဒါက လူသတ်ရန် ကြိုးပမ်းမှုနဲ့ ဖမ်းရမှာ မဟုတ်ဘူးလား။

မီးသတ်ဆေးဘူးနဲ့ ပစ်ပေါက်လို့ ဦးခေါင်းခွံ ကွဲသွားတာကိုတော့ စုံစမ်းစစ်ဆေးမှု မလုပ်ဘူးတဲ့လား။

ကန်ဂျင်ဟူ က ဘာလို့ ဒီကိစ္စမှာ ပါဝင်လာတာလဲ။

သမဂ္ဂအပေါ်မှာတော့ ဥပဒေကို တိတိကျကျ ကျင့်သုံးပြပြီး ဝူဆောင်း စက်မှုလုပ်ငန်း နဲ့ ချန်းဂျူး အတိုင်ပင်ခံ ရဲ့ တရားမဝင် လုပ်ရပ်တွေကိုတော့ မျက်ကွယ်ပြုထားတဲ့ တရားစွဲဆိုရေး အဖွဲ့အပေါ် ဝေဖန်မှုတွေ ပြင်းထန်လာတယ်။

အဲဒီနောက် သတင်းတွေမှာ ဝူဆောင်း စက်မှုလုပ်ငန်း ရဲ့ သမဂ္ဂ ဖြိုဖျက်မှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ အွန်ဆောင်း နဲ့ အပြန်အလှန် ပေးပို့ထားတဲ့ ညွှန်ကြားချက်တွေကို ဖော်ထုတ်လိုက်ပါတယ်။

နောက်ဆုံးမှာတော့ လူထုရဲ့ ဖိအားကြောင့် တရားစွဲဆိုရေး အဖွဲ့က ကားနဲ့ တိုက်တဲ့ ကန်ထရိုက်တာနဲ့ မီးသတ်ဆေးဘူးနဲ့ ပစ်တဲ့လူကို ဖမ်းဆီးပြီး အကြမ်းဖက်မှုမှာ ပါဝင်သူ အားလုံးကို စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါ့အပြင် ဝူဆောင်း အုပ်စု ဥက္ကဋ္ဌ ဟုန်ဝူဆောင်း ကိုလည်း ဖမ်းဆီး တရားစွဲဆိုလိုက်ပါတယ်။

အလုပ်သမား စံချိန်စံညွှန်း ဥပဒေ ချိုးဖောက်မှု၊ အနိမ့်ဆုံး လုပ်ခလစာ ဥပဒေ ချိုးဖောက်မှု၊ အလုပ်သမား သမဂ္ဂ ဥပဒေ ချိုးဖောက်မှု စသဖြင့် စွဲချက်တွေက အများကြီးပါပဲ။

အခုထိ ဘာလို့ အဖမ်းမခံရတာလဲဆိုတာတောင် အံ့သြစရာပါ။ အလုပ်သမား ဝန်ကြီးဌာနရဲ့ အလုပ်သမား စစ်ဆေးရေးမှူးက တရားစွဲဖို့ အကြိမ်ကြိမ် အစီရင်ခံစာ တင်ခဲ့ပေမဲ့ စိတ်မဝင်စားတဲ့ အစိုးရ ရှေ့နေက ထပ်မံ စုံစမ်းစစ်ဆေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမြဲတမ်း ပြန်လွှတ်နေခဲ့တာလေ။

ချန်းဂျူး အတိုင်ပင်ခံ ရဲ့ စီအီးအို လီဆီယော့ လည်း အဖမ်းခံရတာကနေ မလွတ်ပါဘူး။ ဖမ်းဆီးခံထားရတဲ့ ကန်ထရိုက် အလုပ်သမားတွေက သူတို့ရဲ့ အပြစ်ကို လျှော့ချဖို့အတွက် စီအီးအို ရဲ့ တရားမဝင် အမိန့်တွေအကြောင်း ထွက်ဆိုခဲ့ကြတာလေ။

အင်တာနက်မှာ ပွက်လောရိုက်သွားတဲ့အခါ ပင်မ မီဒီယာတွေလည်း သတင်းစတင် ထုတ်လွှင့်လာရတော့တယ်။

သတင်းထောက်တွေက တရားရုံးရှေ့မှာ စုရုံးလာကြတယ်။

"ဒီကိစ္စကို အရင်ကလည်း အကြိမ်ကြိမ် တိုင်ကြားခဲ့တာပဲ။ သက်သေအသစ်လည်း မရှိဘဲ ဘာလို့ အခုမှ ဖမ်းဆီးတာလဲ"

"အလုပ်သမား စစ်ဆေးရေးမှူးရဲ့ အစီရင်ခံစာကို လျစ်လျူရှုခဲ့တာကို ဝန်ခံပါသလား"

"ဝူဆောင်း စက်မှုလုပ်ငန်း နဲ့ တရားစွဲဆိုရေး အဖွဲ့ကြားမှာ ပတ်သက်မှုတွေ ရှိနေတာလား"

"အထက်ကနေ ညွှန်ကြားချက် ဒါမှမဟုတ် ဖိအားပေးမှုတွေ ရှိခဲ့သလား"

"အွန်ဆောင်း ကို စုံစမ်းစစ်ဆေးမှုက ဘယ်လို အခြေအနေ ရှိလဲ"

သတင်းထောက်တွေရဲ့ မေးခွန်းတွေကို အစိုးရ ရှေ့နေက ဘာမှ ပြန်မဖြေပါဘူး။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တာပါလို့ပဲ ပြောခဲ့တယ်။

အခုတော့ အားလုံးရဲ့ အကြည့်က အွန်ဆောင်း ဆီ ရောက်သွားပါပြီ။

အစပိုင်းမှာတော့ အွန်ဆောင်း က တိတ်ဆိတ်နေပေမဲ့ အခြေအနေတွေ ပြင်းထန်လာတဲ့အခါမှာတော့ ကုမ္ပဏီကနေ ညွှန်ကြားခဲ့တာ မဟုတ်ဘဲ ပစ္စည်းတွေ ပုံမှန် ရရှိစေဖို့အတွက် ဝယ်ယူရေး ဌာနမှူးရဲ့ တစ်ကိုယ်ရည် အမှားဖြစ်ပါတယ်လို့ ရှင်းပြခဲ့တယ်။ အမှန်တရားကို အတည်ပြုပြီးရင် အရေးယူသွားမယ်လို့လည်း ပြောခဲ့တာပေါ့။

တရားစွဲဆိုရေး အဖွဲ့ကလည်း အွန်ဆောင်း ရဲ့ ရှင်းပြချက်ကို လက်ခံပြီး ပါဝင်တဲ့ ဝန်ထမ်းတွေကိုပဲ အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဥပဒေကြောင်းအရ တာဝန်ယူရမှုကနေ လွတ်မြောက်သွားပေမဲ့ လူထုရဲ့ ဝေဖန်မှုကနေတော့ မလွတ်နိုင်ပါဘူး။

ဒါနဲ့ PAS က ဘယ်သူလဲ။

ကျွန်တော် တက်ဂယူ ရော၊ အမေနဲ့ပါ ပန်းစည်းလေး ကိုင်ပြီး ဆေးရုံကို သွားခဲ့တယ်။

ဦးလေး ဆော့ဘန် က ဂန်နမ် မှာရှိတဲ့ တက္ကသိုလ် ဆေးရုံမှာ ပြန်လည်သန်စွမ်းရေး ကုသမှု ခံယူနေတာပါ။ ကုန်ကျစရိတ် အားလုံးကို ကျွန်တော် တာဝန်ယူပေးထားပါတယ်။

ဆေးရုံခန်းထဲမှာ ဦးလေး ဆော့ဘန်၊ သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်၊ အလယ်တန်းကျောင်းသားလေး တစ်ယောက်နဲ့ အထက်တန်းကျောင်းသူလေး တစ်ယောက် ရှိနေပါတယ်။

သက်လတ်ပိုင်းအမျိုးသမီးက ကျွန်တော်တို့ကို မြင်တော့ ထရပ်ပြီး နှုတ်ဆက်တယ်။

"နေကောင်းကြလား။ မတွေ့ရတာ ကြာပြီနော်။ ကလေးတို့လည်း နှုတ်ဆက်လိုက်ကြဦး"

မောင်နှမ နှစ်ယောက်ကလည်း ခေါင်းညိတ် နှုတ်ဆက်ကြတယ်။

"မင်္ဂလာပါ"

အရင်တုန်းက ကုမ္ပဏီ ညစာစားပွဲမှာ သူတို့ကို တွေ့ဖူးတာကို ကျွန်တော် မှတ်မိနေသေးတယ်။ အခုတော့ အများကြီး ကြီးသွားကြပါပြီ။

ဦးလေး ဆော့ဘန် က ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြတယ်။

"ဩော်…. ဂျင်ဟူ ရောက်လာတာလား"

စကားပြောတာ ထစ်နေတုန်း ဆိုပေမဲ့ အသံထွက်က ပိုကောင်းလာသလို သူ့မျက်နှာကလည်း အရင်ကထက် ပိုပြီး လန်းဆန်းနေပါတယ်။

အမေက ဦးလေး ဆော့ဘန် နဲ့ သူ့မိသားစုကို ပြောလိုက်တယ်။

"နောင်ရေးအတွက် စိတ်မပူပါနဲ့။ ဆေးရုံက ဆင်းရင် အလုပ်ရအောင် ကူညီပေးမှာ ဖြစ်သလို နေစရာလည်း စီစဉ်ပေးမှာပါ"

အမျိုးသမီးက ငိုတော့မလို ဖြစ်သွားတယ်။

" ကျေးဇူးတင်ကြောင်း ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး..."

"ဘာတွေ ပြောနေတာလဲ။ ဂျင်ဟူ အဖေသာ ရှိနေရင်လည်း ဒါမျိုးပဲ လုပ်မှာပါ"

ကျွန်တော်တို့က ကွယ်လွန်သွားတဲ့ ဦးလေး ဂျုံဆူး ရဲ့ မိသားစုကိုလည်း ဆက်သွယ်ထားသလို တခြား ဝန်ထမ်းတွေကိုလည်း ဆက်သွယ်ဖို့ ပြင်ဆင်နေပါတယ်။

ပိုက်ဆံ အမြောက်အမြားကို ရုတ်တရက် ပေးလိုက်ရင် ဆွေမျိုးတွေ ဒါမှမဟုတ် ဘေးလူတွေကြောင့် ပြဿနာ တက်နိုင်ပါတယ်။ လိမ်ခံရတာမျိုး ဒါမှမဟုတ် တစ်ခါတည်း သုံးပစ်လိုက်တာမျိုးတွေ ဖြစ်နိုင်တယ်လေ။

ဒါကြောင့် အချိန်အတိုင်းအတာ တစ်ခုအထိ ပင်စင်လိုမျိုး ပိုက်ဆံ ထောက်ပံ့ပေးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ အလုပ်အကိုင်တွေ ရှာပေးသွားမှာပါ။

ဒီကိစ္စကိုတော့ အမေ့ကိုပဲ လွှဲထားလိုက်တယ်။ သူက အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လို့ ကိုယ်တိုင် ဂရုစိုက်ပေးချင်နေတာလေ။

"နင်တို့တွေ အများကြီး ပင်ပန်းခဲ့မှာပဲ။ ငါ အကုန် နားလည်ပါတယ်"

အမျိုးသမီးက သူ ထိန်းထားသမျှ ဝမ်းနည်းမှုတွေကို အကုန် ဖောက်ချပြီး ငိုချလိုက်တော့တယ်။ အမေက သူ့ကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးနေခဲ့တယ်။

"အခုတော့ အဆင်ပြေသွားပါပြီ။ နောက်ပိုင်း အရာရာ ကောင်းလာမှာပါ"

ဦးလေး ဆော့ဘန် ရော၊ ကလေးတွေပါ အကုန်လုံး တူတူ ငိုကြတော့ ဆေးရုံခန်းတစ်ခုလုံး မျက်ရည်ပင်လယ် ဖြစ်သွားတာပေါ့။ ဒါပေမဲ့ အဆိုးဆုံး ငိုနေတဲ့လူတစ်ယောက်တော့ ရှိနေပါတယ်။

တက်ဂယူ က သူတို့ ဘေးမှာ ရပ်ပြီး အားရပါးရ ငိုနေတာပါ။

"ဝါးးးးး"

"...မင်းက ဘာလို့ ငိုနေတာလဲ"

All Chapters