← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀)

ကုမ္ပဏီမှာ ရှိနေတုန်း အဲဒီသတင်းကို ကျွန်တော် တွေ့လိုက်ရတယ်။

တီဗီဖန်သားပြင်ပေါ်မှာ ဝူဆောင်း အုပ်စု ဥက္ကဋ္ဌ ဟုန်ဝူဆောင်း နဲ့ စီအီးအို လီဆီယော့ တို့ ဖမ်းဆီးခံလိုက်ရတဲ့ မြင်ကွင်းတွေ ပေါ်နေတာပါ။

စီအီးအို လီဆီယော့ က ခေါင်းကို ငုံ့ထားပေမဲ့ ဥက္ကဋ္ဌ ဟုန်ဝူဆောင်း ကတော့ ခေါင်းကို မော့ပြီး ကင်မရာကို စိန်ခေါ်သလို စိုက်ကြည့်နေပါတယ်။

သူ ဘာမှားလို့လဲ ဆိုပြီး မေးခွန်းထုတ်နေတဲ့ ပုံစံမျိုး၊ ယုံကြည်ချက် အပြည့်ရှိနေတဲ့ မျက်နှာပေးနဲ့ပါ။ ထောင်ထဲ ရောက်သွားရင်တောင် သူ့အတွေးအခေါ်တွေက ပြောင်းလဲမယ့်ပုံ မပေါ်ပါဘူး။

ဝူဆောင်း စက်မှုလုပ်ငန်း က အလုပ်သမား သမဂ္ဂကတော့ အလုပ်ခွင်ထဲကို ဘေးကင်းကင်းနဲ့ ပြန်ဝင်နိုင်ခဲ့ကြပြီ။ အချိန်ပို အလုပ်လုပ်ရတဲ့ ပြဿနာကို ဖျက်သိမ်းလိုက်ပြီး နှစ်ဆိုင်းစနစ်နဲ့ လုပ်ဖို့ကိုလည်း ချက်ချင်း ဆုံးဖြတ်လိုက်ကြတယ်။

တက်ဂယူ က ပြောတယ်။

"ဒီလောက် ရိုးရှင်းတဲ့ ကိစ္စက ဘာလို့ ဒီအခြေအနေထိ ရောက်သွားရတာလဲ"

"ဟုတ်ပါ့ကွာ"

သက်သေအသစ်တွေ ထပ်ပေါ်လာတာလည်း မဟုတ်သလို ဒီအတောအတွင်းမှာ ဥပဒေတွေ ပြောင်းလဲသွားတာလည်း မဟုတ်ပါဘူး။ တရားစွဲဆိုရေး အဖွဲ့နဲ့ မီဒီယာတွေက သူတို့ တာဝန်ကို သေချာ မထမ်းဆောင်ခဲ့ကြလို့ပါ။

ဝူဆောင်း စက်မှုလုပ်ငန်း နဲ့ ချန်းဂျူး အတိုင်ပင်ခံ တို့ အပြစ်ပေးခံရပေမဲ့ အွန်ဆောင်း မော်တာ ကတော့ ဘာမှ မဖြစ်ဘဲ လွတ်သွားခဲ့တယ်။ ဝူဆောင်း စက်မှုလုပ်ငန်း ရော၊ အွန်ဆောင်း မော်တာ ပါ ကုမ္ပဏီဘက်က ပါဝင်ပတ်သက်မှု မရှိသလို ဘာအမိန့်မှလည်း မပေးခဲ့ဘူးလို့ ငြင်းဆိုခဲ့ကြတာလေ။

တရားစွဲဆိုရေး အဖွဲ့ကလည်း အွန်ဆောင်း မော်တာ ကို စုံစမ်းစစ်ဆေးတာမျိုး မလုပ်ခဲ့ဘူး။ တက်ဂယူ က ဆိုဖာပေါ်မှာ လှဲရင်း ပြောတယ်။

"ဘာပဲဖြစ်ဖြစ် ကိစ္စကတော့ ပြေလည်သွားပြီ ထင်တာပဲ"

ဒါပေမဲ့ စိတ်ထဲမှာတော့ တစ်ခုခု လိုနေသလို ခံစားချက်က ကျန်နေသေးတယ်။

ဦးလေး ဆော့ဘန် က ကံကောင်းခဲ့ပေမဲ့ ဦးလေး ဂျုံဆူး ကို တွေးမိရင်တော့ ရင်ထဲမှာ လေးလံနေတုန်းပဲ။ အခု သူတို့ မိသားစုတွေကို နစ်နာကြေး ပေးလိုက်နိုင်တယ် ဆိုပေမဲ့ သေသွားတဲ့လူကတော့ ပြန်ရှင်မလာတော့ဘူးလေ။

"ဒီထက် နည်းနည်းလောက် စောပြီး သိခဲ့ရင် ကာကွယ်ပေးလို့ ရမှာကို..."

"ဒါပေမဲ့ ငွေကြေး နယ်ပယ်မှာ အချိန်ပို အလုပ်လုပ်ရတာက အပြင်းထန်ဆုံး မဟုတ်ဘူးလား။ ငါတို့ အစ်မကိုပဲ ကြည့်လေ။ Golden Gate ထဲ ဝင်သွားပြီးကတည်းက နှစ်ပေါင်းများစွာ ကောင်းကောင်း အိပ်ခဲ့ရတာ မဟုတ်ဘူး"

တကယ်တော့ ငွေကြေး နယ်ပယ်က အလုပ်ပင်ပန်းမှုက အရမ်း ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ ရတဲ့ ရလဒ်ကလည်း အများကြီးမလို့ ဘယ်သူမှ မညည်းကြတာပေါ့။

ဒီလို ဒုက္ခတွေကို နှစ်အနည်းငယ်လောက် ခံပြီးသွားရင် ဝမ် သန်း ၁၀၀ လစာ ဆိုတာက ဘာမှ မဟုတ်တော့ဘူးလေ။

"ရတဲ့ လစာနဲ့ လုပ်ရတဲ့ အလုပ်က တိုက်ရိုက် အချိုးကျတာ သဘာဝပဲ မဟုတ်လား။ စစ်တပ်မှာ ပင်ပန်းတာကတော့ တမျိုးပေါ့"

တစ်လကို ဝမ် သောင်းဂဏန်းလောက်ပဲ ရပြီး အဲဒီလောက် အလုပ်လုပ်ရတာဆိုရင်တော့ ပင်ပန်းတာပေါ့။ တစ်ယောက်ကို ဝမ် ၅ သန်းလောက် ပေးမယ်ဆိုရင်တော့ ပျော်ပျော်ကြီး စစ်မှုထမ်းကြမှာပဲ။

"တစ်လကို ၁၀ သန်း ပေးမယ်ဆိုရင် မင်း ပြန်ဝင်မှာလား"

"ရူးနေလား။ တစ်လ ၅၀ ပေးရင်တောင် မသွားဘူး"

"ဒါပေမဲ့ မင်း အရန်တပ်ရင်းတော့ သွားရဦးမှာမလား"

"...."

ဩော်... အရန်တပ်ရင်း...

ပိုက်ဆံပေးပြီး ဒါကို မသွားဘဲ နေလို့ရမယ့် နည်းလမ်း မရှိဘူးလား။

ရှင်ယူရီ နဲ့ ဖုန်းမပြောဖြစ်တာ ကြာပြီ။

"စီနီယာ ဘာတွေ လုပ်နေတာလဲ။ အဆက်အသွယ် ပြတ်နေတာ ကြာပြီနော်"

သူ့အသံထဲမှာ မကျေနပ်တဲ့ အရိပ်အယောင်လေး ပါနေတာကို ကျွန်တော် သိလိုက်တယ်။

"တောင်းပန်ပါတယ်။ X-Cop လေလံပွဲ ပြီးရင် ဆက်သွယ်မလို့ပဲ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ကိစ္စလေးတွေ ပေါ်လာလို့ပါ"

"ဝူဆောင်း စက်မှုလုပ်ငန်း အကြောင်းမလား။ သတင်းထဲမှာ တွေ့လိုက်တယ်။ စီနီယာက အဲဒီကို ဘာလို့ သွားတာလဲ"

"အဲဒါက..."

မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် ရှင်းပြလိုက်တယ်။ ရှင်ယူရီ က ကျွန်တော့်စကားကို ကြားတော့ အံ့သြသွားတယ်။

"တကယ်ကြီးလား။ ဘယ်လိုဖြစ်ပြီး အဲဒီလို ဖြစ်သွားရတာလဲ။ အဲဒီဦးလေးကြီးရော အခု နေကောင်းသွားပြီလား"

"အများကြီး သက်သာသွားပါပြီ"

"တော်သေးတာပေါ့"

ရှင်ယူရီ က စကားလမ်းကြောင်း ပြောင်းလိုက်တယ်။

"မနက်ဖြန်က ခရစ္စမတ်နော်။ စီနီယာ ဘာလုပ်ဖို့ ရှိလဲ။ ချိန်းထားတာတွေ ရှိလား"

"အင်း။ ရှိတယ်"

ကျွန်တော့် အဖြေကြောင့် ရှင်ယူရီ အံ့သြသွားတယ်။

"ဟမ်။ ဒါဆိုရင်..."

"အမေနဲ့ အတူတူ ညစာ စားမလို့လေ"

"ဩော်…. ဟုတ်သားပဲ။ ခရစ္စမတ်က မိသားစုနဲ့ အတူတူ ဖြတ်သန်းရမယ့် ပွဲပဲလေ။ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ"

သူ့အသံက နည်းနည်းလေး ပျော့သွားသလိုပဲ။ စိတ်ထဲမှာ တစ်ခုခု ဖြစ်သွားလို့လား။

အားနာတာနဲ့ ကျွန်တော် ပြောလိုက်တယ်။

"နောက်ကျရင် ရုံးခန်းကို လာခဲ့ဦးလေ။ အရသာရှိတာ ကျွေးပြီး ကုမ္ပဏီကို လိုက်ပြပေးမယ်"

"တကယ်နော်။ စီနီယာ။ ကတိပေးတာနော်"

"အင်း"

ဖုန်းချပြီး အလုပ်ပြန်လုပ်မလို့ ရှိသေး တက်ဂယူ က ဆိုဖာပေါ်မှာ လှဲပြီး ဂိမ်းဆော့နေတာ တွေ့လိုက်ရတယ်။

"မင်း ဘာလို့ ဒီမှာပဲ ဂိမ်းဆော့နေတာလဲ။ အောက်ထပ် သွားဆော့လေ"

"တစ်ယောက်ထဲ ဆိုရင် ပျင်းလို့ပါကွ"

မန်နေဂျာကောင်း တစ်ယောက် ဖြစ်ချင်ရင် အဲဒီ ပျင်းရိမှုကို သည်းခံနိုင်ရမယ်လေကွာ။

တက်ဂယူကို အစ်မဟျွန်းဂျူးဆီမှာ စီမံခန့်ခွဲမှု သင်တန်းတွေ သွားတက်ခိုင်းသင့်ပြီ ထင်တယ်။

"အကုန် ဝယ်ပြီးပြီလား"

ကျွန်တော် အလုပ်လုပ်နေတုန်း တက်ဂယူ က အိမ်အတွက် လိုအပ်တဲ့ ပရိဘောဂတွေနဲ့ အသုံးအဆောင်တွေကို သွားဝယ်ခဲ့တာပါ။

"ဝယ်ပြီးပြီ။ ဆိုဆောင်း ဒီဂျစ်တယ် ပလာဇာ နဲ့ ပရိဘောဂ ဆိုင်ကို သွားပြီးတော့ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်မှာရှိတဲ့ အဈေးကြီးဆုံးတွေချည်း ရွေးဝယ်ခဲ့တာ။ အကုန် ပို့ခိုင်းထားလိုက်ပြီ"

"......"

မင်း ဒါမျိုး ထပ်လုပ်ပြန်ပြီလား။

တက်ဂယူ က ဂိမ်းလက်ကိုင်ကို ချလိုက်ပြီး ပြောတယ်။

"ဗိုက်ဆာပြီ။ နေ့လည်စာ ဘာစားမလဲ။ ပဲခေါက်ဆွဲစားကြမလား"

"ဝန်ထမ်း ထမင်းစားဆောင် သွားစားရအောင်..."

မိုက်ကယ်လီ ပြောခဲ့သလိုပဲ အဆောက်အဦးထဲမှာ ဝန်ထမ်းတွေအတွက် ထမင်းစားဆောင် လုပ်ထားပြီးပါပြီ။ အစားအသောက်တွေက အကောင်းစားတွေချည်းပါပဲ။ ဟိုတယ်က စားဖိုမှူးတွေ ကိုယ်တိုင် ချက်ပေးတာလေ။

နေ့လည်စာ စားမယ့် အချိန်လောက်မှာပဲ အယ်လီ ရောက်လာတယ်။

"ဘာလုပ်နေတာလဲ။ ကန်ဂျင်ဟူ"

"နေ့လည်စာ စားမလို့"

အယ်လီ က ကျွန်တော့်ကို ကြည့်လိုက်တယ်။

"ဒါနဲ့ ခရစ္စမတ် အစီအစဉ်က ဘယ်လိုရှိလဲ"

ရှင်ယူရီ ကို ပေးခဲ့တဲ့ အဖြေအတိုင်းပဲ အယ်လီ ကို ပြန်ဖြေလိုက်တယ်။

"အမေနဲ့ နေ့လည်စာ စားမယ်။ ပြီးရင် အိမ်အသစ်ကို သွားကြည့်မလို့။ အခုထိတော့ မပြောင်းရသေးဘူး"

"ဩော်…. ဟုတ်လား"

"အယ်လီ ရော"

အယ်လီ က စိတ်ပျက်လက်ပျက်နဲ့ ကြည့်ပြီး ပြောတယ်။

"ငါ့မှာ ဘာအစီအစဉ်မှ မရှိဘူး။ ခရစ္စမတ်ကို နိုင်ငံခြားတိုင်းပြည်ဖြစ်တဲ့ ကိုရီးယားမှာ တစ်ယောက်ထဲ ဖြတ်သန်းရမှာဆိုတော့ စိတ်ဓာတ်တောင် ကျနေပြီ"

"အာ..."

အမြဲတမ်း တွေ့နေရလို့ ကျွန်တော် ခဏ မေ့သွားတာ။ အယ်လီ ရဲ့ ဇာတိက ဟောင်ကောင် လေ။

အစကက ဟောင်ကောင်မှာ အလုပ်လုပ်နေတာကို အစ်မဟျွန်းဂျူး ကိုရီးယား ဌာနခွဲမှာ ဒါရိုက်တာ အဖြစ် ခန့်အပ်ခံရတော့ လိုက်လာခဲ့တာပါ။

ကိုရီးယားမှာ မိသားစုရော၊ သူငယ်ချင်းပါ မရှိတော့ သူ တကယ်ပဲ အထီးကျန်နေမှာပဲ။

"အစ်မဟျွန်းဂျူးနဲ့ အတူတူ မဖြတ်သန်းဘူးလား"

အယ်လီ က သက်ပြင်းအရှည်ကြီး ချလိုက်တယ်။

"အင်း။ ဒီခရစ္စမတ်ကို ဂျက်စီကာ နဲ့ပဲ ဖြတ်သန်းရမှာပါ။ ဟိုတယ်ခန်းထဲမှာ တစ်ယောက်ထဲ ရှိနေရင်လည်း ဂျက်စီကာ က အလုပ် ခေါ်ခိုင်းမှာပဲလေ"

"..."

ခရစ္စမတ်ဆိုတာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အကြီးကျယ်ဆုံး ပွဲတော်လေ။ ကတ်သလစ် ဘာသာဝင် ဖြစ်တဲ့ အယ်လီ အတွက် ခံစားချက်တွေ အမျိုးမျိုး ဖြစ်နေမှာပဲ။

ဒါပေမဲ့ အဲဒီလို နေ့မျိုးမှာတောင် ဘာလို့ အလုပ်လုပ်နေကြတာလဲ။

"ပျော်စရာကောင်းတဲ့ ခရစ္စမတ်မှာ စီးကရက်နံ့တွေ ကြားမှာ အလုပ်လုပ်ရင်းပဲ ဖြတ်သန်းရတော့မယ် ထင်တယ်။ သွားပြီနော်"

ပုခုံးလေးတွေ တွန့်ပြီး လှည့်ထွက်သွားတဲ့ အယ်လီ ကို ကျွန်တော် လှမ်းဆွဲလိုက်တယ်။

"နေပါဦး"

အယ်လီ က ချက်ချင်း ရပ်သွားတယ်။

"ဘာလို့လဲ"

"အဆင်ပြေမယ်ဆိုရင် ခရစ္စမတ်မှာ အတူတူ ထမင်းစားကြမလား"

အယ်လီ က ခေါင်းလေးကို နည်းနည်း ငုံ့လိုက်တယ်။

"ဟင့်အင်း။ မိသားစုတွေ ဆုံကြမှာကို ငါက ကြားထဲက ဝင်ပါရင် မကောင်းဘူးလေ"

"ဘာတွေ ပြောတာလဲ။ အယ်လီ လာရင် အမေက ပျော်မှာပါ။ အရင်က တစ်ခါ ဆုံဖူးတယ်မလား"

"တကယ်ကြီး အဆင်ပြေလို့လား"

"ပြေတာပေါ့။ တက်ဂယူ လည်း ပါမှာပဲလေ"

မျက်လုံးလေးတွေ တောက်ပသွားတဲ့ အယ်လီ က ကျွန်တော့်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။

"ကျေးဇူးတင်ပါတယ်နော်။ ကန်ဂျင်ဟူ ကြောင့် နွေးထွေးတဲ့ ခရစ္စမတ်လေး ဖြစ်တော့မယ်"

"အာ... ဟုတ်ကဲ့ပါ"

သူ ဒီလောက်တောင် ပျော်နေတာကို ကြည့်ရင် တစ်ယောက်ထဲ အရမ်း အထီးကျန်နေခဲ့ပုံပဲ။

ဆိုဖာပေါ်မှာ လှဲနေတဲ့ တက်ဂယူ က ထပြီး ပြောတယ်။

"ဒါဆိုရင် အစ်မကိုလည်း အတူတူ သွားဖို့ ခေါ်လိုက်မယ်လေ။ မဟုတ်ရင် အစ်မ တစ်ယောက်ထဲ အလုပ်လုပ်နေရမှာ"

"ကောင်းသားပဲ"

နေပါဦး...

ဟင်နရီ လည်း နိုင်ငံခြားကနေ ကိုရီးယားမှာ လာအလုပ်လုပ်တာပဲလေ။ စီနီယာ ပတ်ဆန်းယော့ကတော့ နှစ်သစ်ကူးကျမှပဲ သူ့ဇာတိကို ပြန်သွားမှာ။

အကုန်လုံးကို ဖိတ်လိုက်ရင် ပိုကောင်းမလား။

လူတွေ အများကြီး လာမယ်ဆိုတာကို သိတော့ အမေက ပိုတောင် သဘောကျနေသေးတယ်။ အိမ်မှာတော့ X Corp က လုံခြုံရေးတွေ ရှိသလို အိမ်အကူ အသစ်တစ်ယောက်လည်း ငှားထားလိုက်ပါပြီ။

ကားပါကင် ထိုးပြီးတော့ ဓာတ်လှေကားနဲ့ ပထမထပ်ကို တက်သွားကြတယ်။

အမေက စောစော ရောက်နေပြီး ဧည့်သည်တွေကို ကြိုဆိုဖို့ အကုန် ပြင်ဆင်ထားပြီးနေပါပြီ။

"လာကြ၊ လာကြ"

မီးဖိုချောင်ထဲက စားပွဲရှည်ကြီးပေါ်မှာ ကိတ်မုန့် အပါအဝင် ဟင်းမျိုးစုံကို ပြင်ထားတယ်။

ကျွန်တော် အံ့သြသွားပြီး မေးလိုက်တယ်။

"ဒါတွေ အကုန်လုံးကို အမေ တစ်ယောက်ထဲ ပြင်ထားတာလား"

အမေက ပြုံးပြီး ပြောတယ်။

"အိမ်က အလုပ်သမားတွေနဲ့ အတူတူ ပြင်ထားတာပါ။ သူတို့ကိုလည်း ခရစ္စမတ်ကို မိသားစုနဲ့ အတူတူ ဖြတ်သန်းဖို့ ပြောပြီး အကုန် ပြန်လွှတ်လိုက်ပြီ"

"ဟုတ်ကဲ့"

ကျွန်တော်တို့ စားပွဲမှာ ဝိုင်းထိုင်လိုက်ကြတယ်။

ကျွန်တော် ယူလာတဲ့ ဝိုင်တွေကို ဖန်ခွက်ထဲ ထည့်ပေးလိုက်တယ်။

"တစ်နှစ်ပတ်လုံး ကန်ဂျင်ဟူ နဲ့ အတူတူ ကြိုးစားပေးခဲ့ကြတာ ကျေးဇူးတင်ပါတယ်။ အများကြီး မဟုတ်ပေမဲ့ အားရပါးရ စားကြပါဦး"

"စားပါ့မယ်"

အမေက အယ်လီ နဲ့ ဟင်နရီ ကို မေးတယ်။

"နိုင်ငံခြားက လာပြီး အလုပ်လာလုပ်ရတာဆိုတော့ ပင်ပန်းနေမှာပဲ။ အစားအသောက်တွေကရော အဆင်ပြေရဲ့လား"

ဟင်နရီ က ကိုရီးယားလို အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ဖြေတယ်။

"အရသာရှိပါတယ်။ ကောင်းကောင်း စားနေပါတယ်"

အယ်လီ က ပြုံးပြုံးလေး ပြောတယ်။

"တကယ် အရသာရှိပါတယ်။ ကျွန်မတို့ကို လူရင်းတစ်ယောက်လို စကားပြောလို့ရပါတယ်"

"ဟုတ်ပါပြီကွယ်"

ထမင်းစားပြီးတော့ ဧည့်ခန်းကို ရွှေ့လိုက်ကြတယ်။ မီးလင်းဖိုထဲမှာ ထင်းတွေ လောင်ကျွမ်းနေပါတယ်။

ဒီလို လူစုံတုန်းမှာတော့ ခရစ္စမတ် ဆိုတဲ့ အရသာက ပိုပေါ်လာသလိုပဲ။

တက်ဂယူ က ဆိုဖာပေါ်မှာ ထိုင်ပြီး ပြောတယ်။

"အိမ်က အကောင်းဆုံးပဲ။ ဟိုတယ်တွေ ဘယ်လောက် ကောင်းကောင်း အိမ်လိုမျိုးတော့ မနွေးထွေးဘူး"

"ဟုတ်တယ်"

အမေက သဘောကျတဲ့ ပုံစံနဲ့ ပြောတယ်။

"အိမ်က တကယ် ကောင်းတာပဲ။ ငါ့သား ဒီလို အိမ်မျိုးမှာ နေရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး"

ဒါနဲ့ ဒီအိမ်ရဲ့ အရင်ပိုင်ရှင် ချဲယောင် ကတော့ အခု ထောင်ထဲမှာ အမှုရင်ဆိုင်ဖို့ စောင့်နေရတုန်းပဲ။

"အိမ်အနှံ့ ကြည့်ပြီးပြီလား"

အမေက ခေါင်းညိတ်တယ်။

"စောစောက ဒီမှာရော၊ ဟိုမှာရော လျှောက်ကြည့်ပြီးပြီ"

"ဒီမှာ အတူတူ နေကြမလား"

ကျွန်တော် မေးလိုက်ပေမဲ့ အမေက ခေါင်းခါပြတယ်။

"အမေတို့အိမ်ဟောင်းလေးကိုပဲ သဘောကျတယ်။ ဒီလောက် အိမ်ကြီးကြီးမှာ အိပ်ရင် အိပ်တောင် ပျော်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ တစ်ယောက်ထဲဆိုရင် အထီးကျန်မှာပေါ့"

"ရပါတယ်။ အထီးကျန်တာထက် ဟင်းချက်ရင်း အလုပ်သမားတွေနဲ့ စကားပြောရတာ ပိုပျော်ဖို့ကောင်းတယ်။ သူတို့က လူကောင်းတွေလေ။ သူတို့ကို ပိုက်ဆံပေးထားလို့ ခိုင်းလို့ရတယ်လို့ မတွေးနဲ့။ သူတို့အိမ် သူတို့ပြန်ရင် သူတို့ကလည်း အဖိုးတန်တဲ့ အမေတွေ၊ မိသားစုဝင်တွေဖြစ်နေမှာပဲ။ နားလည်လား"

"ဟုတ်ကဲ့"

"အမေ့ကို စောစောကလိုမျိုး ဂျစ်ကန်ကန်ပြောချင်သလိုမျိုး မလုပ်ပြနဲ့"

"ကျွန်တော် ဘယ်တုန်းက လုပ်လို့လဲ"

အယ်လီ က ဘေးကနေ ရယ်တယ်။

"အန်တီ။ ကန်ဂျင်ဟူ က တကယ်ပဲ အဲဒီလို လုပ်တာလား"

"အင်းလေ။ သူ ငယ်ငယ်တုန်းကဆိုရင် အတော်ကို ပြဿနာရှာခဲ့တာကွယ့်"

တက်ဂယူ က ပြုံးပြီး ခေါင်းညိတ်တယ်။

"ငါတို့ ကန်ဂျင်ဟူ က အမှားတွေ အများကြီး လုပ်ခဲ့တာဟ။ ငါကပဲ သူ့ကို သေချာ ဂရုစိုက်ပေးခဲ့ရတာ"

"......"

မင်းက ဘာလို့ဝင်ပြောနေရတာလဲ။ အဲဒီ ပြဿနာတွေရဲ့ တစ်ဝက်က မင်းနဲ့ အတူတူ လုပ်ခဲ့တာတွေလေ။

စီနီယာ ပတ်ဆန်းယော့ က ပြောတယ်။

"ဩော်… နှင်းတွေ ကျနေပြီ"

အကုန်လုံး လှည့်ကြည့်လိုက်ကြတယ်။ ဖြူဖွေးနေတဲ့ နှင်းတွေက တဖွဲဖွဲ ကျနေပါတယ်။

အယ်လီ က ပြတင်းပေါက်ကနေ လှမ်းကြည့်ပြီး "လှလိုက်တာ" လို့ ပြောတယ်။

ဝိုင်ကြောင့်လား၊ မီးလင်းဖိုရဲ့ အပူရှိန်ကြောင့်လားတော့ မသိဘူး၊ အယ်လီ ရဲ့ ပါးပြင်လေးတွေ နီမြန်းနေတယ်။ သူ ဝတ်ထားတဲ့ အကွက်စကတ်နဲ့ ဆွယ်တာက အရင်ကနဲ့ မတူဘဲ အရမ်း လိုက်ဖက်နေပါတယ်။

အစ်မဟျွန်းဂျူးက ထလိုက်တယ်။

"ခဏလေးနော်။ အခု ပြန်လာခဲ့မယ်"

"ဘယ်သွားမလို့လဲ။ အစ်မ"

"စီးကရက် သွားသောက်မလို့"

အယ်လီ က မျက်လုံးလေးတွေ တောက်ပသွားပြီး "အတူတူ သွားရအောင်" လို့ ပြောတယ်။

နောက်ဆုံးတော့ အကုန်လုံး ခြံထဲကို အတူတူ ထွက်သွားကြတယ်။ ခြံဝန်းတစ်ခုလုံးကတော့ ဖြူဖွေးနေပါပြီ။

အစ်မဟျွန်းဂျူး က တစ်ဖက်မှာ စီးကရက်သောက်နေပြီး အယ်လီ ကတော့ ကလေးတစ်ယောက်လို နှင်းတွေနဲ့ ပျော်နေပါတယ်။

"ဟောင်ကောင်မှာ နှင်း သိပ်မကျဘူးလေ။ ဒါကြောင့် နှင်းတွေ မြင်ရတာက အရမ်း ထူးဆန်းနေသလိုပဲ။ ကန်ဂျင်ဟူ ရော၊ နှင်းတွေ ကျနေတာ မြင်ရင် ဘာကို သတိရလဲ"

"ငါကတော့..."

ကျွန်တော် ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်တယ်။

"စစ်တပ်ထဲမှာ ဂေါ်ပြားကိုင်ပြီး နှင်းတွေကို သေလုမတတ် ရှင်းရတာကိုပဲ သတိရတယ်"

"..."

ခရစ္စမတ် ပြီးတော့ ကုမ္ပဏီက နှစ်ကုန်ပိုင်း စာရင်းတွေနဲ့ အရမ်း အလုပ်ရှုပ်သွားတယ်။

အဲဒီကြားထဲမှာပဲ ဖုန်းတစ်ကော ဝင်လာတယ်။ ဖုန်းဆက်တဲ့လူက အွန်ဆောင်း အုပ်စုရဲ့ M&A အဖွဲ့ ခေါင်းဆောင် ဖြစ်တဲ့ ဆိုဆန်းဝန် ပါ။

"စီအီးအို ပြောခဲ့တဲ့ အဆိုပြုချက်ကို ကျွန်တော် စဉ်းစားပြီးပါပြီ"

"ဆုံးဖြတ်ချက် ချလိုက်ပြီလား"

ကမ်းလှမ်းခဲ့တာ မှန်ပေမဲ့ အများကြီးတော့ မျှော်လင့်မထားဘူး။ သူက လေလံဈေးနှုန်းတွေ ပေါက်ကြားအောင် လုပ်ခဲ့တဲ့ သစ္စာဖောက် ဆိုတဲ့ နာမည် တပ်ခံထားရတာလေ။ သူသာ ကျွန်တော်တို့ဘက်ကို လာရင် ဝေဖန်မှုတွေ အများကြီး ရှိလာနိုင်ပါတယ်။

ခဏလောက် ကြာတော့မှ ဆိုဆန်းဝန် က ပြောတယ်။

"စီအီးအို ပေးခဲ့တဲ့ ကတိကို ကျွန်တော် ယုံကြည်ပါတယ်"

"တကယ်လား"

"ဟုတ်ကဲ့။ ကျွန်တော့်အဖွဲ့ကိုလည်း အတူတူ လက်ခံပေးလို့ ရမလား။ Redstone Groupမှာကတည်းက အတူတူ လုပ်လာတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လို့ သူတို့ရဲ့ အရည်အချင်းကိုတော့ ကျွန်တော် အာမခံပါတယ်"

တစ်ယောက်တည်း လာတာ မဟုတ်ဘဲ တစ်ဖွဲ့လုံး ပါလာမှာလား။

တကယ့်ကို ကံထူးတာပဲ။

ကျွန်တော် ဝမ်းသာအားရ ပြန်ဖြေလိုက်တယ်။

"ရတာပေါ့။ အရင်ကလိုပဲ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့ ကျွန်တော် အာမခံပါတယ်"

"ကျေးဇူးတင်ပါတယ်။ အစီအစဉ်တွေ ပြီးတာနဲ့ လာတွေ့ပါ့မယ်"

ဖုန်းချပြီးတော့ ကျွန်တော် လက်နှစ်ဖက်ကို မြှောက်ပြီး အောင်ပွဲခံလိုက်တယ်။

"ယဟူး"

ငွေကြေး လောကမှာ ဒီလို အရည်အချင်းရှိတဲ့ လူတွေကို ခေါ်ယူဖို့ဆိုတာ အများကြီး ကြိုးစားရတာပါ။ ဒါပေမဲ့ အွန်ဆောင်းရဲ့ အမှားကြောင့် ငါးကြီးတစ်ကောင်ကို မမျှော်လင့်ဘဲ ဖမ်းမိလိုက်သလိုပါပဲ။

နှစ်ကုန်ပိုင်း ပါတီကို OTK ကုမ္ပဏီ အဆောက်အဦးမှာ ကျင်းပခဲ့တယ်။

ဘာကြောင့်လဲတော့ မသိဘူး၊ ပါတီလုပ်မယ့် သတင်းက ပျံ့သွားပြီး နေရာအနှံ့ကနေ တက်ရောက်ခွင့် တောင်းဆိုတာတွေ ရောက်လာပါတယ်။ အထူးသဖြင့် အတိုက်အခံရော၊ အစိုးရဘက်ကပါ နိုင်ငံရေးသမားတွေဆီက ဖုန်းတွေ အဆက်မပြတ် ဝင်လာတာပါ။

သူတို့ရဲ့ အတွေးကတော့ 'ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့သူငယ်ချင်း' ဆိုတဲ့ ပုံစံမျိုးပေါ့။ သမ္မတ ပက်ဆီဟျွန်း နဲ့ အစိုးရအဖွဲ့ဖြစ်တဲ့ ကိုရီးယား အမျိုးသား ပါတီ နဲ့ ကျွန်တော့် ဆက်ဆံရေးက မကောင်းတော့ သူတို့ဘက်ကို ပါလာလိမ့်မယ်လို့ ထင်နေကြတာလေ။

တချို့ နာမည်ကြီး နိုင်ငံရေးသမားတွေဆိုရင် သူတို့ကို ထောက်ပံ့ပေးဖို့တောင် ပွင့်ပွင့်လင်းလင်း ပြောလာကြတယ်။

ကိုရီးယားမှာ စီးပွားရေး လုပ်မယ်ဆိုရင် နိုင်ငံရေး ကိစ္စတွေကို လုံးဝ လျစ်လျူရှုလို့ မရပါဘူး။

နောင်ကျရင် လိုအပ်တဲ့အခါ လက်တွဲနိုင်ပေမဲ့ အခုတော့ မဟုတ်သေးဘူး။ နိုင်ငံရေးသမားတွေနဲ့ စပြီး ရောနှောလိုက်ရင် မီဒီယာတွေက သေချာပေါက် ပြဿနာရှာကြမှာပါ။

နှစ်ကုန်ပိုင်း အခမ်းအနားက ရိုးရိုးရှင်းရှင်းပဲ ဖြစ်လို့ အပြင်ကလူတွေ လာဖို့ ကမ်းလှမ်းတာကို ကျွန်တော် အကုန် ငြင်းလိုက်တယ်။

ဒါပေမဲ့ ပါတီလုပ်တဲ့နေ့မှာတော့ မမျှော်လင့်ဘဲ ဧည့်သည်တစ်ယောက် ရောက်လာတယ်။ Golden Gate ရဲ့ အာရှ စီအီးအို ချေ့ ဆောက်ဝဲ က ကိုရီးယားကို လာရင်း ဝင်လာတာလေ။

ကျွန်တော်တို့ အကြာကြီးနေမှ ပြန်ဆုံဖြစ်ကြပြီး ဝမ်းသာအားရ နှုတ်ဆက်ဖြစ်ကြတယ်။

ဒီလို နာမည်ကြီး အာရှ ရင်းနှီးမြှုပ်နှံသူကြီး ရောက်လာတာက Golden Gate အတွက်ရော၊ OTK ကုမ္ပဏီ နဲ့ K ကုမ္ပဏီ က ဝန်ထမ်းတွေ အတွက်ပါ ပျော်စရာ ဖြစ်သွားတာပေါ့။

အဲဒီလိုနဲ့ ဆူညံပွက်လောရိုက်ခဲ့တဲ့ တစ်နှစ်က ကုန်ဆုံးသွားပြီး နှစ်သစ်ကို ရောက်ရှိလို့ လာပါတယ်။

နှစ်သစ်ကူးပြီးသိပ်မကြာခင်မှာတော့ ဆိုဆောင်းအုပ်စုနဲ့ရော၊ အွန်ဆောင်းအုပ်စုနဲ့ပါ ထဲထဲဝင်ဝင် ပတ်သတ်ရမယ့်ကိစ္စကြီးဟာ ကျွန်တော့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာပါတော့တယ်။

All Chapters