← Chapters

ဓားနတ်ဘုရား

Vol. 3 Ch. 22

ဓားနတ်ဘုရား

Vol. 3 Ch. 22

သူတို့၏ ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်ထားသော ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည် ဝမ်ရှန်း၏ အနီးတွင် ဝေဝါးသော ဓားပုံရိပ်ယောင်တစ်ခုကို ခံစားမိကြသည်။ ထိုထက်နိမ့်သော အဆင့်ရှိသူများမှာမူ သူထုတ်လွှတ်နေသော ဖိအားကိုသာ ခံစားရပြီး ထိုဖိအားမှာ သိမ်မွေ့သော်လည်း သူတို့ကို မတည်မငြိမ်ဖြစ်စေရန် လုံလောက်လှသည်။

ဆံပင်တိုနှင့် တာအိုဆရာသည် ယခုအခါ ပျင်းရိနေဟန်မရှိတော့ပေ၊၊ သူသည် ဝမ်ရှန်းကို အံ့သြစွာ စိုက်ကြည့်နေသည်။

မော်ရှန်းတောင်မှ တာအိုဆရာတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်၊၊

“အရမ်းကို စစ်မှန်တဲ့ ဓားသိုင်းအဆင့်ပဲ ရှေးဟောင်းကျမ်းစာတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ ဒဏ္ဍာရီလာ ဓားနှလုံးသားဖြစ်ရမယ်”

ထိုစကားများ ပရိသတ်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားစဉ်မှာပင် ဝမ်ရှန်းက သူ၏ ဓားရှည်ကို အသာအယာ လွှဲယမ်းလိုက်သည်။

ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် သူသည် သူ၏ အနေအထားကို ခုနှစ်စင်ကြယ်စုနှင့် လျင်မြန်စွာ ချိန်ညှိလိုက်သည်။ သူသည် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ အစိတ်အပိုင်းအချို့ကို ဖြုတ်ထုတ်လိုက်ပြီးနောက် အဆင့်မြင့် ဓားသိုင်းပညာရပ်တစ်ခုအတွင်းသို့ ချောမွေ့စွာ ထည့်သွင်းလိုက်သည်။

ဓားသိုင်းပညာရပ်တွင် အခြေခံလှုပ်ရှားမှု ရှစ်မျိုး ရှိသည် - ခုတ်၊ ထိုး၊ ခတ်၊ ဆွဲ၊ ဝှေ့၊ ဖြတ်၊ ပိုင်းနှင့် ပယ်ထုတ်ခြင်း တို့ဖြစ်သည်။

ဝမ်ရှန်းက အစပိုင်းတွင် အခြေခံများကိုသာ ပြသနေသကဲ့သို့ ရှိသော်လည်း လှုပ်ရှားမှု အနည်းငယ်အပြီးတွင် ကြည့်ရှုသူများမှာ ဝေဝါးနေသော ဓားပုံရိပ်များကိုသာ မြင်တွေ့နေရတော့သည်။ ကျင့်ကြံခြင်း နိမ့်ကျသူများမှာမူ သူ၏ ပုံမှန်အမြန်နှုန်းကိုပင် ခွဲခြား၍ မရနိုင်တော့ပေ။

ဓားသိုင်းသည် ကောင်းကင်မှ ကြယ်တာရာမိုးစက်များ ရွာသွန်းနေသကဲ့သို့ ဆင်းသက်လာရာ လူ့လောက၏ ခဏတာ လှပမှုများမှာ ပုံရိပ်ယောင်အိမ်မက်တစ်ခုအဖြစ် ပျော်ဝင်သွားသကဲ့သို့ ထင်မှတ်ရသည်။

ဆက်တိုက်လှုပ်ရှားမှု တစ်ဆယ့်နှစ်ကွက် ပြုလုပ်ပြီးနောက် သူသည် ရပ်တန့်ရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ လှုပ်ရှားမှုများ၏ ဆက်လက် စီးမျောနေခဲ့သည်။ ထို့နောက် ရဲတင်းသော ခုန်ပျံမှုတစ်ခုကို ပြုလုပ်လိုက်ရာ လေထဲသို့ ၃ ဇန် မှ ၅ ဇန်ခန့် မြင့်တက်သွားသည်။ သူ၏ တာအိုဝတ်စုံမှာ လေထဲတွင် လွင့်ပျံနေပြီး ဓားမှ ကြည်လင်ပြတ်သားသော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။ ပရိသတ်မျညးအတွက်မူ နတ်ဘုရားတစ်ပါး ကောင်းကင်ဘုံမှ ဆင်းသက်လာပြီး ကမ္ဘာမြေကို တောက်ပသော အလင်းတန်းများဖြင့် ရေးဆွဲနေသကဲ့သို့ ရှိကာ ကောင်းကင်ယံတွင် ဓားအလင်းတန်းများ ကျန်ရစ်ခဲ့လေသည်။

(၁ ဇန်= ၃မီတာခွဲ)

သူသည် ဓားကို ပြန်လည်ရုပ်သိမ်းကာ သူ၏ ပုံမှန်အနေအထားကို ရောက်သွားသောအခါ ဓားပုံရိပ်ယောင်များသည် ပါးလျသောပုံသဏ္ဌာန်ဖြစ်ကာ ပျောက်ကွယ်သွားခဲ့သည်၊၊

ဝမ်ရှန်းက ဓားကို သူ၏ ဘယ်ဘက်လက်သို့ ပြောင်းကိုင်လိုက်ပြီး ကျောနောက်တွင် ထားလိုက်သည်။ ထို့နောက် သူ၏ ညာဘက်လက်ဖြင့် ဓားလက်ညှိုးပုံစံ ပြုလုပ်ကာ အောက်သို့ ဖြည်းညှင်းစွာ ဖိချလိုက်သည်။ သူ၏ အထက်တွင် ဓားအလင်းတန်းများက မှိန်ဖျော့စွာ တောက်ပနေပြီး ခုနှစ်စင်ကြယ်စု၏ မြေပုံကို ဖော်ပြနေသည်။ ထို့နောက် ၎င်းသည် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားပြီး ရေတွက်မရသော ကြယ်ပွင့်လေးများအဖြစ် ကြဲဖြန့်သွားရာ ချုံးရှီနန်းတော်နှင့် လရောင်စင်မြင့်ရှေ့ရှိ ဧရိယာတစ်ခုလုံးကို အိမ်မက်ဆန်သော မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်သည်။

“ဓားသိုင်းပညာရပ်က ဘယ်လိုလုပ် တာအိုပညာရပ်မဟုတ်ရမှာလဲ”

ဝမ်ရှန်းက ပရိသတ်ကို တည်ငြိမ်စွာ မေးလိုက်သည်။

ဓားသိုင်းကွက်ထဲတွင် နစ်မျောနေကြသော ကျင့်ကြံသူအများအပြားမှာ ရုတ်တရက် အိမ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားကြသည်။ သူတို့ စင်ပေါ်သို့ ပြန်ကြည့်လိုက်သောအခါ ဝမ်ရှန်းမှာ ဝူတန်းဂိုဏ်း၏ ထိုင်ခုံနေရာသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

“စီနီယာအစ်ကို... ဒါ စီနီယာ့ရဲ့ ဓားပါ”

“အာ...”

ကျိုးရင်လောင် ခါးသီးစွာ ပြုံးရင်း သူ၏ ဓားကို လှမ်းယူလိုက်သည်။

သူက ဘယ်လိုလုပ် ငါ့ရဲ့ ဂျုနီယာလေးဖြစ်နိုင်မှာလဲ… ငါ သူ့ကို စီနီယာအစ်ကိုလို့ ပြောင်းခေါ်ဖို့ နောက်ကျသွားပြီလား…

ဆံပင်တိုနှင့် တာအိုဆရာသည် တောက်ပသော မျက်ဝန်းများဖြင့် ဝမ်ရှန်းကို စိုက်ကြည့်နေသည်။ သူသည် ချဉ်းကပ်ချင်ပုံရသော်လည်း ဝေခွဲမရဖြစ်နေပြီး သူ၏ အကြည့်များတွင် စဉ်းစားခန်းဖွင့်နေမှုနှင့် သတိထားမှုတို့ ရောပြွမ်းနေသည်။ သူ နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည့် အချိန်တွင်မူ ဝမ်ရှန်းက သူ၏ စီနီယာအစ်မဘေးတွင် နေရာယူပြီးနေပြီ ဖြစ်သည်။

လူအုပ်ထဲတွင် တီးတိုးဆွေးနွေးသံများ စတင်လှိုင်းထလာသည်။

“သူက ဘာလဲ... ဓားနတ်ဘုရားလား”

“ဝူတန်းတောင်ရဲ့ တာအိုအမွေအနှစ်က တကယ်ကို အထင်သေးလို့မရဘူးပဲ၊၊ သူက တတိယမျိုးဆက် တပည့်လေးပဲ ရှိသေးတာကို ဝိညာဉ်ပေါင်းစည်းခြင်း နောက်ဆုံးအဆင့်ကိုတောင် ရောက်နေပြီ၊၊ ဒါတင်မကသေးဘူး ဓားတာအိုအပေါ်မှာလည်း ဒီလောက်အထိ ထူးခြားတဲ့ ထိုးဖောက်မှုမျိုး ရှိနေတယ်”

“ဓားတာအိုကို လျှော့မတွက်သင့်ဘူး”

“ဓားသိုင်းပညာရပ်က ဘယ်လိုလုပ် တာအိုပညာရပ်မဟုတ်ရမှာလဲ... ဝိုး... ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ စကားပဲ၊၊ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်”

“ဓားသိုင်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊၊ တာအိုပညာရပ်တွေကိုတော့ ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး၊၊ ရှူပြည်နယ်မှာ ပြန်လည်ပေါ်ထွက်လာတဲ့ ဓားပျံထိန်းချုပ်တဲ့ ပညာရပ်ကိုပဲ ကြည့်လေ၊၊ ကီလိုမီတာ တစ်ထောင်အကွာကနေ လူတစ်ယောက်ရဲ့ ခေါင်းကို ရုပ်ရှင်ထဲက စနိုက်ပါတွေလို ဖြတ်ယူနိုင်တယ်”

“အပြောကတော့ ကောင်းပါရဲ့၊၊ဒါပေမဲ့ ဒါက လူမြင်ကောင်းအောင် လုပ်ထားတဲ့ အလှပြကွက်တစ်ခုထက် မပိုပါဘူး”

မော်ရှန်းတောင်မှ သဘာပတိ တာအိုဆရာကြီး ထရပ်လိုက်သောအခါ ဆူညံနေသော တီးတိုးစကားသံများသည် ငြိမ်သက်သွားခဲ့သည်။

ဝါရင့် တာအိုအကြီးအကဲများနှင့် ဆရာကြီးများမှာ တည်ငြိမ်သော အမူယာများကို ထိန်းသိမ်းထားကြသည်၊၊ ဆွေးနွေးမှုအများစုမှာ လူငယ်ကျင့်ကြံသူများထံမှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဓားသိုင်းကျွမ်းကျင်သူများထဲတွင် အချို့မှာ ဝမ်ရှန်း၏ ပြသမှုကြောင့် သိသိသာသာ စိတ်လှုပ်ရှားသွားပုံရသော်လည်း အများစုမှာမူ တည်ငြိမ်နေကြဆဲဖြစ်သည်။

တစ်ဖက်တွင်လည်း လီရှီဝူသည် အခြားသော တာအိုလူကြီးများထက်ပင် တစ်ကိုယ်လုံးထောင်မတ်ကာ ထိုင်နေသည်။ သူ၏ စိတ်ပျက်အားငယ်နေသော အမူအရာမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ဝမ်ရှန်းကို ကြည့်ကာ လက်မထောင်ပြပြီး သဘောကျစွာ လက်ဝှေ့ယမ်းပြနေသည်။ ဝမ်ရှန်းက သူ၏ စီနီယာအစ်မကို လှမ်းကြည့်လိုက်ရာ သူမသည်လည်း ယခင်ကထက် ပို၍ စိတ်လက်ပေါ့ပါးနေသည်ကို တွေ့လိုက်ရသည်။

မော်ရှန်းတောင်၏ သဘာပတိ တာအိုဆရာကြီးက ပြောလိုက်သည်၊၊

“ဝူတန်းရဲ့ ခုနှစ်စင်ကြယ်ဓားအစီအရင်က နာမည်နဲ့လိုက်အောင် တကယ်ကို အစွမ်းထက်လှပါတယ်၊၊ ဒီနေ့ ဂိုဏ်းအသီးသီးက ပြသသွားကြတဲ့ တာအိုပညာရပ်တွေနဲ့ နည်းစနစ်တွေကလည်း တကယ်ကို အထင်ကြီးစရာကောင်းလှပါတယ်”

“ကျွန်ုပ်တို့ ဒီနေ့ လူတိုင်းကို ဖိတ်ကြားရတဲ့ အဓိကအကြောင်းရင်းကတော့ တာအိုအမွေအနှစ်တွေ တတ်နိုင်သမျှ ပြည့်စုံပြီး ပြီးပြည့်စုံလာစေဖို့ ဖြစ်ပါတယ်၊၊ တာအိုပညာရပ်တွေဟာ နှစ်ပေါင်းတစ်ထောင်လောက် ပျောက်ကွယ်နေခဲ့တာမို့ အခုဆိုရင် တာအိုအမွေအနှစ် တော်တော်များများမှာ ဟာကွက်တွေ ဒါမှမဟုတ် ကျန်ရစ်ခဲ့တာတွေ ရှိနေပါတယ်၊၊ လူအများစုကလည်း ဒါတွေကို မသိကြသလို မယုံကြည်ကြတော့ပါဘူး၊၊ ဒီနေ့ကတော့ ကျွန်ုပ်တို့ ဂိုဏ်းတွေအတွက် ဟာကွက်တွေကို ဖြည့်ဆည်းဖို့နဲ့ တစ်ဦးနဲ့တစ်ဦး အသိပညာတွေကို စိစစ်ဖလှယ်ကြဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်”

“ဒီအချိန်ကစပြီးတော့ ဟန်ဆောင်မှုတွေ မထားကြပါနဲ့၊၊ လူတိုင်း အပြန်အလှန် လေ့လာသင်ယူဖို့ ဖိတ်ခေါ်ပါတယ်၊၊ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ ထိန်းထိန်းသိမ်းသိမ်း ရှိကြပါ၊၊ ကျွန်ုပ်တို့ တာအိုမိသားစုရဲ့ စည်းလုံးညီညွတ်မှုကိုတော့ မထိခိုက်ပါစေနဲ့”

တာအိုဆရာကြီးသည် လက်နှစ်ဖက်ကို စုကာ အရိုအသေပြုလိုက်သည်။ သူ၏ သားမြီးယပ်တောင်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဝတ်စုံနက်ဝတ်ဆင်ထားသော မော်ရှန်းတောင် တပည့်ဒါဇင်ပေါင်းများစွာမှာ အစီအစဉ်တကျဖြစ်စေရန် ဝင်ရောက်လာကြသည်။

အစပိုင်းတွင် လူအုပ်ကြီးမှာ ဝေခွဲမရဖြစ်ကာ ရှက်ရွံ့နေကြပုံရသည်။ တာအိုဆရာကြီးနှစ်ဦးက ထရပ်လိုက်ပြီး ဂိုဏ်းတစ်ခုထံ ချဉ်းကပ်ကာ စကားစတင်ပြောဆိုလာရန် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်။ သို့သော် အရှိန်ရသွားသည်နှင့်အမျှ လှုပ်ရှားရန် စိတ်အားထက်သန်နေသူများသည် သူတို့ ရွေးချယ်ထားသော ပစ်မှတ်များထံသို့ ချက်ချင်း ချဉ်းကပ်လာကြတော့သည်။ ဝူတန်းကိုယ်စားလှယ်အဖွဲ့ထံသို့ပင် အသိပညာဖလှယ်ရန် တာအိုဆရာကြီးအချို့ ရောက်ရှိလာကြသည်။

သူတို့၏ စုဝေးပွဲမှာ နောက်ဆုံးတွင် အသက်ဝင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။

တပည့်ငယ်များအတွက်မူ ဤပွဲသည် အဓိကအားဖြင့် လေ့လာကြည့်ရှုရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ သူတို့သည် စကားအများကြီး မပြောရဲကြသော်လည်း အပြန်အလှန် ဆွေးနွေးမှုများကို ဂရုတစိုက်နားထောင်ကြပြီး တစ်ခါတစ်ရံတွင် အသိပညာသစ်များ ရရှိနေကြသည်။

တာအိုဆရာကြီး အများအပြားမှာ အစပိုင်းတွင် ဝမ်ရှန်းထံသို့ ဓားတာအိုနှင့် ပတ်သက်၍ ဆွေးနွေးရန် လာရောက်လိုကြသည်။ သို့သော် သူတို့၏ ဝါစဉ်ကွာခြားသည့်အပြင့် ဝမ်ရှန်းကလည်း နောက်ဆုံးတန်းတွင် ထိုင်နေသောကြောင့် ဝူတန်မှ တာအိုဆရာကြီးနှစ်ဦးနှင့်သာ ဆွေးနွေးလိုက်ကြသည်။ ထိုအချိန်တွင် ဝမ်ရှန်းကမူ ဝင်ပါခြင်းမရှိဘဲ မျက်လုံးမှိတ်ကာ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူသည် သူ၏ ဝိညာဉ်အသိစိတ်ကိုပင် အပြင်သို့ ဖြန့်ကျက်ခြင်း မပြုဘဲ စုစည်းထားသည်။

မုဝမ်ရွှမ်းက သူ့လက်မောင်းကို အသာအယာဆွဲလိုက်သဖြင့် သူ မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် သူမ ညွှန်ပြသည့်ဘက်သို့ ကြည့်လိုက်ရာ အရပ်ဝတ်အရပ်စားနှင့် ဆံပင်တိုနှင့် တာအိုဆရာကို တွေ့လိုက်ရသည်။

ထိုသူသည် ယခင်က မော်ရှန်းတောင်၏ အမွေအနှစ်ကို လှောင်ပြောင်ပြီး ဝူတန်းကို ရှုတ်ချခဲ့သူဖြစ်သည်။ ယခု သူသည် ဝမ်ရှန်းကို စူးစိုက်ကြည့်နေသည်။

ထိုလူ၏ အကြည့်များမှာ မုဝမ်ရွှမ်းထံသို့ ဦးတည်နေသည်ဟု ထင်မှတ်သဖြင့် ဝမ်ရှန်း မျက်မှောင်ကြုတ်သွားပြီး သူ၏ အမူအရာမှာ အေးစက်သွားသည်။

သူက စီနီယာအစ်မကို ဦးတည်နေတာလား...

သို့သော်လည်း ထိုတာအိုဆရာ၏ အာရုံမှာ သူထံသို့သာ ကျရောက်နေကြောင်း ဝမ်ရှန်း မကြာမီ သိလိုက်ရသည်၊၊ ၎င်းက... စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

ဆုံးဖြတ်ချက်ချလိုက်ပုံရသော ဆံပင်တိုနှင့် တာအိုဆရာသည် ၁၀ မီတာခန့် အကွာတွင် ထိုင်နေသော ဝမ်ရှန်းထံသို့ လျှောက်လာခဲ့သည်။ အနီးတွင် ရပ်နေသော မုတ်ဆိတ်မွှေးနှင့် တာအိုဆရာကြီးနှစ်ဦးသည် သူ့ကို မတားဆီးဘဲ ပြုံး၍သာ ကြည့်နေကြသည်။

ဆံပင်တိုနှင့် တာအိုဆရာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်စဉ်မှာပင် ဝတ်စုံနက်ဝတ်ဆင်ထားသော မော်ရှန်းတောင် တပည့်တစ်စု ချဉ်းကပ်လာကြသည်။ သူတို့၏ ခေါင်းဆောင်က လက်နှစ်ဖက်ကို ဆုပ်ကာ အနီးရှိ တာအိုဆရာကြီးများကို အရိုအသေပြုလိုက်သည်။

Telegram Channel-

https://t.me/wanshang68

All Chapters