← Chapters

အဆောင်ပညာရပ်များ၏ တိုက်ပွဲ (၁)

Vol. 3 Ch. 23

အဆောင်ပညာရပ်များ၏ တိုက်ပွဲ (၁)

Vol. 3 Ch. 23

“ကျွန်တော်က မော်ရှန်းတောင်ရဲ့ တပည့် လျှိုယွမ်ကျိပါ” သူစကားပြောလိုက်သည်နှင့် လူအုပ်၏ အာရုံကို ဖမ်းစားသွားသည်။

“လုံဟူရှန်းတောင်က ရှီချန်ကျန်းနဲ့ မဟာတာအိုလမ်းစဥ်ရဲ့ အဆောင်ပညာရပ်တွေကို အပြန်အလှန်ဖလှယ်ဖို့အတွက် ယှဉ်ပြိုင်လိုပါတယ်၊၊ ဒီပညာရပ်မှာ ဆရာတစ်ဆူဖြစ်တဲ့ ရှီချန်ကျန်းအနေနဲ့ ငါနဲ့ နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်ဖို့ ဆန္ဒရှိမလား”

မော်ရှန်းတောင်မှ လျှိုယွမ်ကျိ…

လုံဟူရှန်းတောင်မှ ရှီချန်ကျန်း…

ဝမ်ရှန်းသည် ရှီချန်ကျန်းဆိုသော နာမည်ကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သူ၏ ယခင်ဘဝက အင်မော်တယ် သို့မဟုတ် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်များ၏ အလယ်အလတ်မှ အောက်ခြေအဆင့်များတွင် မြင်တွေ့ခဲ့ဖူးပုံရသော်လည်း သတိမထားမိလှပေ။

ဝမ်ရှန်းသည် မော်ရှန်းတောင်မှ လျှိုယွမ်ကျိနှင့်မူ ပို၍ ရင်းနှီးသည်။ ၎င်းမှာ စောစောက လမ်းမပေါ်တွင် တွေ့ဆုံခဲ့ဖူးခြင်းကြောင့်သာ မဟုတ်ပေ။

မော်ရှန်းတောင်၏ ထူးချွန်သော တတိယမျိုးဆက်တပည့် လျှိုယွမ်ကျိသည် နောင်တစ်ချိန်တွင် တာအိုဂိုဏ်းများ၏ ထင်ရှားကျော်ကြားသူ ၃၆ ဦးထဲမှ တစ်ဦး ဖြစ်လာမည့်သူ ဖြစ်သည်။ ချောမောသော ရုပ်ရည်နှင့် ထူးခြားသော အရှိန်အဝါကြောင့် သူသည် နောင်တွင် အွန်လိုင်း၌ အမာခံပရိသတ် အမြောက်အမြားရရှိမည့်သူလည်း ဖြစ်သည်။

လျှိုယွမ်ကျိက ကြားဖြတ်မတားဆီးနိုင်ခင်အထိ ရှီချန်ကျန်းသည် သူ့အား စိန်ခေါ်ရန် ရည်ရွယ်ထားပုံရကြောင်း ဝမ်ရှန်း ရိပ်စားမိလိုက်သည်။

ဝမ်ရှန်းသည် အစောပိုင်းက ဓားသိုင်းကို ပြသခဲ့ခြင်းမှာ အကြောင်းရင်း နှစ်ချက်ကြောင့် ဖြစ်သည် - ဝူတန်းနှင့် ချင်ယန်ဇီ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်နှင့် သူ၏ စီနီယာအစ်မကို သူမ၏ စွမ်းရည်များကို မလိုအပ်ဘဲ ထုတ်မပြစေရန် ဖြစ်သည်။ သူသည် ယနေ့တွင် နာမည်ကျော်ကြားရန် ရည်ရွယ်ချက် မရှိပေ။

အကယ်၍ ဂုဏ်သတင်းကျော်ကြားမှုမှာ တာအိုကျင့်ကြံခြင်းအတွက် တကယ်ပဲ အကျိုးရှိမည်ဆိုလျှင် သူသည် ဝူတန်းတောင်ပေါ်ရှိ လှပသော ချောက်ကမ်းပါးတစ်ခုကို ရှာဖွေပြီး သူ၏ ဓားကျင့်စဉ်ကို တိုက်ရိုက်လွှင့်ပြနေလိုက်မည်သာ…၊၊

သို့သော်လည်း ဝမ်ရှန်းသည် မထီမဲ့မြင်စရိုက်ရှိသော ရှီချန်ကျန်းနှင့်တော့ ယှဉ်ပြိုင်ချင်စိတ် ရှိနေသည်။ ထိန်းချုပ်ထားသော ယှဉ်ပြိုင်မှုများသည် လက်တွေ့အတွေ့အကြုံများ ရရှိရန်နှင့် အမျိုးမျိုးသော တာအိုပညာရပ်များကို နားလည်ရန်အတွက် အကောင်းဆုံး အခွင့်အရေးများ ဖြစ်သည်။ ထို့ကြောင့် ဆံပင်တိုနှင့် တာအိုဆရာ ကြားဖြတ်တားဆီးခံရသောအခါ ဝမ်ရှန်းလည်း ရှီချန်ကျန်း၏ အစောပိုင်းက လှောင်ပြောင်မှုကို စိတ်ထဲမထားသော်လည်း အနည်းငယ်တော့ စိတ်ပျက်သွားမိသည်။

တစ်ကြိမ် သေဆုံးဖူးသူဖြစ်သဖြင့် နောက်ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုအတွင်း ငြိမ်းချမ်းသော ခေတ်ကြီးမှာ မည်ကဲ့သို့ ဖရိုဖရဲဖြစ်သွားမည်၊၊ တာအိုဂိုဏ်းများသည် တစ်ဦးနှင့်တစ်ဦး မည်ကဲ့သို့ ပြိုင်ဆိုင်ကြမည်ကို သူ ကောင်းကောင်း သိထားသည်။ ထို့အပြင် တောင်ပေါ်တွင် အေးချမ်းစွာ နေထိုင်ခဲ့ကြသော တာအိုဆရာကြီးများနှင့်မတူဘဲ သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသော တိုက်ပွဲများ၏ ကြောက်မက်ဖွယ် လက်တွေ့ဘဝကို နားလည်ထားသည်။

လူအုပ်ကြီးက ကြည့်နေစဉ်မှာပင် ရှီချန်ကျန်းက ခပ်အေးအေးပင် ပြုံးလိုက်သည်။ သူ၏ ဂိုဏ်းမှ တာအိုဆရာကြီးက လျှိုယွမ်ကျိကို အဖြေမပေးခင် ပျင်းရိပျင်းတွဲဖြင့် ပြန်ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ... အရင်တစ်ခါက ရှုံးနိမ့်မှုကို အခုထိ လက်မခံနိုင်သေးဘူးလား”

“ဒါက သဘာဝပါပဲ၊၊ ငါက နည်းနည်းတော့ မကျေနပ်သေးဘူး၊၊ ဒါကြောင့်လည်း မင်းနဲ့ နောက်တစ်ကြိမ် ယှဉ်ပြိုင်ချင်တာပါ”

လျှိုယွမ်ကျိ၏ အမူအရာမှာ တည်ငြိမ်နေပြီး သူ၏ ယခင်ရှုံးနိမ့်မှုကို ရှောင်လွှဲရန် ရည်ရွယ်ချက် မရှိပေ။ သူသည် ရှီချန်ကျန်းကို စိုက်ကြည့်နေသည်၊၊

“နောက်ဆုံးတစ်ခေါက်က ယှဉ်ပြိုင်ပြီးတည်းက ငါ ရှုံးနိမ့်မှုကို လက်မခံနိုင်ခဲ့ဘူး၊၊ အဲဒါက ငါ့ရဲ့ ပုံမှန်ကျင့်ကြံမှုကိုပါ လာပြီး အနှောင့်အယှက် ပေးနေတယ်၊၊ ဒီနေ့တော့ မင်းဆီက နောက်ထပ် သင်ခန်းစာတစ်ခု တောင်းခံပါရစေ၊၊ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် မင်းကို နောက်ထပ် မနှောင့်ယှက်တော့ပါဘူး”

ရှီချန်ကျန်းက ဝူတန်းတပည့် ဝမ်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်ရာ မျက်လုံးမှိတ်၍ အနားယူနေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ နှုတ်ခမ်းထောင်စွန်းများ အနည်းငယ် တွန့်သွားသည်။

“ထားလိုက်ပါတော့လေ၊၊ အဲဒီဝူတန်းက ဓားသမား ထွက်ပြေးသွားမှာကိုလည်း စိုးရိမ်စရာမရှိပါဘူး၊၊ မင်းနဲ့ ယှဉ်ပြိုင်တာကလည်း အချိန်အများကြီး ကုန်မှာ မဟုတ်ပါဘူး၊၊ သွားကြမယ်”

ဓားသမားတဲ့လား...

ဝမ်ရှန်း ပြုံးလိုက်သော်လည်း ဘာမှမပြောခဲ့ပေ။ သူသည် မျက်လုံးဖွင့်ရန်ပင် အားမထုတ်ခဲ့ချေ။

ဘယ်သူက ပိုတော်လဲဆိုတာကို ခဏနေရင် သက်သေပြကြတာပေါ့…

လုံဟူရှန်းတောင်မှ တာအိုဆရာကြီးများသည် ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ၊၊ ရှီချန်ကျန်း၏ စီနီယာအစ်ကိုများသည်လည်း ပြုံးကာ ကြည့်နေကြသည်။ သူတို့သည် ရှီချန်ကျန်း၏ အမူကျင့်ကို ကျင့်သားရနေပြီး သူ၏ စွမ်းရည်အပေါ်တွင်လည်း အလွန်ယုံကြည်မှုရှိကြသည်။

သူတို့နှင့် မတူဘဲ လျှိုယွမ်ကျိနှင့် ပါလာသော တပည့်များမှာမူ အနည်းငယ် စိုးရိမ်နေပုံရသည်။ သို့သော်လည်း ရှီချန်ကျန်း၏ ကျော်ကြားမှုကို သိရှိထားကြပုံရသော်လည်း သူတို့သည် လျှိုယွမ်ကျိ၏ နောက်တွင် ရပ်တည်ကာ သူတို့၏ စီနီယာအစ်ကိုကို အသံတိတ်အားပေးနေကြသည်။

ယှဉ်ပြိုင်ခြင်းသည် သူတို့၏ တာအိုပညာရပ်ဖလှယ်ခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်၊၊ ထင်ရှားသော ဂိုဏ်းနှစ်ခုမှ တပည့်နှစ်ဦး၏ တိုက်ပွဲကို မည်သူကမျှ တားဆီးလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူတိုင်း၏ အကြည့်မှာ သူတို့ဆီသို့ ရောက်ရှိလာသည်။ အချို့မှာမူ ဘာတစ်ခုမှ မလွတ်စေရန် အနားသို့ တိုးလာကြသည်။ နန်းတော်ရှေ့တွင် ထိုင်နေသော တာအိုအကြီးအကဲများလည်း ထိုတိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

လုံဟူရှန်းတောင်နှင့် မော်ရှန်းတောင်တို့မှာ တာအိုအဖွဲ့အစည်းတွင် သြဇာကြီးမားသော ဂိုဏ်းများ ဖြစ်ကြပြီး လျှိုယွမ်ကျိနှင့် ရှီချန်ကျန်းတို့မှာလည်း သူတို့ဂိုဏ်း၏ အဆုံးအမများကို အပြည့်အဝ ဆက်ခံထားကြသော မျိုးဆက်သစ် လူငယ်ကိုယ်စားလှယ်များ ဖြစ်ကြသည်။ သူတို့နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုမှာ သာမန်ကိစ္စမဟုတ်ဘဲ အထူးသဖြင့် ယနေ့ကဲ့သို့ နေ့မျိုးတွင် ပို၍ အရေးပါလှသည်။

အပေါ်ယံကြည့်လျှင် ထူးခြားသော ကျင့်ကြံမှုရှိသည့် လူငယ်ခေါင်းဆောင်နှစ်ဦး၏ တိုက်ပွဲသာဖြစ်သော်လည်း ခြုံငုံကြည့်လျှင် ၎င်းမှာ အဆောင်ပညာရပ်တွင် မည်သူက ပို၍ အစွမ်းထက်သနည်းဆိုသည်ကို ယှဉ်ပြိုင်ခြင်းပင် ဖြစ်သည်။

မိနစ်အနည်းငယ်အကြာတွင် ချုံးရှီနန်းဆောင်ရှေ့ရှိ ကွင်းပြင်ကျယ်တွင် ရှီချန်ကျန်းနှင့် လျှိုယွမ်ကျိတို့ ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။ သူတို့သည် အချိန်ကာလ၏ တိုက်စားမှုဒဏ်မှ ကျန်နေသော ချောမွေ့သည့် ကျောက်မြေပြင်ပေါ်တွင် ၇ မီတာ သို့မဟုတ် ၈ မီတာခန့် ကွာဝေးကာ ရပ်နေကြပြီး သူတို့၏ ပတ်ဝန်းကျင်တွင် ကမ္ဘာဦးချီများသည် တည်ငြိမ်စွာ စုစည်းနေသည်။

အသက် ၂၀ ပင် မပြည့်သေးပုံရသော ရှီချန်ကျန်းသည် သူ၏ အော်ရာကို ချိန်ညှိလိုက်သည်။ သူ၏ တစ်ကိုယ်လုံးရှိ အငွေ့အသက်များ ပြောင်းလဲသွားပြီး သူ၏ အကြည့်မှာ စူးရှလာသည်။ သို့သော် သူ၏ မွေးရာပါ မောက်မာမှုကတော့ မပျောက်ကွယ်သွားပေ၊၊

သူ၏ စူးရှသော မျက်ဝန်းများနှင့် ဖုံးကွယ်ထားသော အစစ်မှန်ချီများကို ကြည့်ခြင်းအားဖြင့် ရှီချန်ကျန်းသည်လည်း ဝိညာဉ်ပေါင်းစည်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပုံရသည်။

မျက်လုံးဖွင့်လိုက်ရုံရှိသေးသော ဝမ်ရှန်းပင်လျှင် ထိုသူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် အနည်းငယ် အံ့သြသွားမိသည်။ ကအ္ဘာဦးချီများ ပြန်လည်နိုးထလာသည်မှာ ၂ နှစ်ခွဲခန့်သာ ရှိသေးသည်။ ထို့ကြောင့် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ထိုအဆင့်သို့ ရောက်ရှိခြင်းမှာ အလွန်ပင် ထူးခြားလှပေသည်။

ဝမ်ရှန်းသည် အပြောင်းအလဲကြီးမတိုင်မီက သူ၏ သေချာပြင်ဆင်ထားမှု၊ သူ၏ ဆရာက သူ၏ သွေးကြောများကို ဖွင့်ပေးခြင်းနှင့် ကောင်းကင်နှင့် ကမ္ဘာမြေ၏ ပထမဆုံးနိုးထခြင်းမှ ရရှိသော အကျိုးကျေးဇူးများကြောင့်သာ ထိုအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်မှန်သောယန်အင်မော်တယ်ကျင့်စဉ်နှင့် ခုနှစ်စင်ကြယ်ဓားအစီအရင်တို့မှတစ်ဆင့် သူသည် တည်ငြိမ်စွာဖြင့် အဆင့်ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း လျှိုယွမ်ကျိသည် ငယ်စဉ်ကတည်းက ကျင့်ကြံလာခဲ့ပြီး မော်ရှန်းတောင်တွင် အထူးလေ့ကျင့်မှုများ ရရှိခဲ့သော်လည်း သူသည် ဝိညာဉ်ပေါင်းစည်းခြင်း အလယ်အလတ်အဆင့်တွင်သာ ရှိနေသေးသည်။

သူတို့နှင့် နှိုင်းယှဉ်လျှင် အကယ်၍ ရှီချန်ကျန်းသာ မုဝမ်ရွှမ်းကဲ့သို့ ပါရမီရှင်တစ်ဦး မဟုတ်ခဲ့လျှင် လုံဟူရှန်းတောင်၏ တာအိုအမွေအနှစ်တွင် တစ်စုံတစ်ခုသော ထူးခြားသည့် အားသာချက်များ ရှိနေပေလိမ့်မည်။

ရှီချန်ကျန်း၏ ကျင့်ကြံခြင်းအဆင့်နှင့် သူ၏ သာမန်ရုပ်ရည်ကို ဘေးဖယ်ထားလျှင် သူ ဝတ်ဆင်ထားသော ဝတ်စုံမှာလည်း လက်ရှိနေရာနှင့် မသင့်တော်ပေ - ဆံပင်တို၊ ဂျင်းဘောင်းဘီ၊ ဘေးနှစ်ဖက်တွင် ထူးဆန်းသော ဒီဇိုင်းများပါသည့် တီရှပ်မီးခိုးရောင်နှင့် တန်ဖိုးကြီး Brand ပြေးခုန်ပစ် ဖိနပ်တစ်စုံ။ ၎င်းသည် ရိုးရာတာအိုဆရာတစ်ဦး၏ အသွင်သဏ္ဌာန်နဲ့ အလှမ်းဝေးလှပေသည်။

ထို့အပြင် ရှီချန်းကျန်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါနှင့် သူ၏ ထူးဆန်းသည့် ပုံစံက ကြည့်ရှုသူများကို အနည်းငယ် အနေရခက်စေသည်။

အခြားတစ်ဖက်တွင်မူ လျှိုယွမ်ကျိသည် ပို၍ ရှေးရိုးဆန်နေသည်။ သူသည် ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာရှိပြီး တာအိုဝတ်စုံကို ဝတ်ဆင်ကာ သူ၏ ဆံပင်ရှည်ကိုလည်း သေသပ်စွာ စည်းနှောင်ထားသည်။ သူသည် ကွင်းပြင်ထဲတွင် သူ၏ အစစ်မှန်ချီများ စီးဆင်းလျက် ရပ်နေပြီး အနည်းငယ် လှုပ်ရှားနေသော သူ၏ ဆံပင်များက သူ့ကို ပေါ့ပါးကျော့ရှင်းသော အသွင်ကို ပေါ်လွင်စေသည်။

ရှီချန်ကျန်းသည် သူ၏ လက်များကို ဘောင်းဘီဘေးအိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်ထားရင်း လူအုပ်ကြီး၏ အာရုံစိုက်မှုကို သဘောကျနေပုံရသည်။

“ကဲ... ဒီတစ်ခါ ဘယ်ပြိုင်မှာလဲ”

သူက အေးအေးလူလူ မေးလိုက်သည်။

“အရင်အတိုင်း…အဆောင်ပညာရပ်ပဲပေါ့”

လျှိုယွမ်ကျိက သူ၏ ဘယ်ဘက်လက်ကို အသာအယာ ဝှေ့ယမ်းရင်း ပြန်ပြောလိုက်သည်။ သူ၏ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ရှေးဟောင်းသင်္ကေတများကို ဟင်္သာပြဒါးရောင်ဖြင့် ရေးဆွဲထားသော အဝါရောင်အဆောင်စက္ကူပါးလေးအချို့ ထွက်ပေါ်လာသည်။

ရှီချန်ကျန်း၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားပြီး သူ၏ အထင်သေးမှုကို ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။

သူသည် အနည်းငယ် နွမ်းဖတ်နေသော အနက်ရောင် အဆောင်စာရွက်တစ်ရွက်ကို ကိုင်ထားရင်း သူ၏ ဘယ်ဘက်လက်မောင်းကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းများကို တစ်ချက် တောက်လိုက်ရာ အဆောင်စာရွက်ပေါ်မှ သင်္ကတများ ဝင်းခနဲ လက်သွားပြီးနောက် အဖြူရောင် မီးတောက်များက သူ့ကို ဝါးမြိုသွားခဲ့သည်။ ထိုမီးတောက်များထဲတွင် တောက်ပသော အလင်းတန်းလေးခု ခေတ္တမျှ လက်သွားပြီး ၁၀ စင်တီမီတာခန့် ရှည်သော အင်းစာရွက်ထည့်သည့် အိတ်လေး ၄ လုံးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့ကို အလွယ်တကူ အသုံးပြုနိုင်ရန် ရှီချန်ကျန်းက သူ၏ လက်မောင်းနှင့် ခြေထောက်များတွင် ပတ်ထားလိုက်သည်။

ထိုအိတ်များထဲတွင် အနက်၊ အပြာ၊ အနီနှင့် အဝါရောင် အင်းစာရွက်များ အပြည့်ရှိနေသည်။ အိတ်သည် သိသိသာသာ ထူထဲလှသည်။

ရှီချန်ကျန်း၏ လှုပ်ရှားမှုတစ်ခုတည်းနှင့်ပင် လူအုပ်ကြီးလည်း ငြိမ်ကျသွားသည်၊၊

All Chapters