အဆောင်ပညာရပ်များ၏ တိုက်ပွဲ (၂)
Vol. 3 Ch. 24
လေဟာနယ်ထဲကနေ ပစ္စည်းတွေ ထွက်လာတာလား။ “ဘူးတောင်းတစ်ခုထဲမှ မုန်ညင်းစေ့” ဆိုတဲ့ ပုံပြင်ထဲကလိုမျိုး သိုလှောင်နိုင်တဲ့ စွမ်းရည်လား။ ဒါတွေက ဘယ်လို တာအိုပညာရပ်တွေလဲ။ ဒီလိုမျိုး အံ့ဖွယ်ကောင်းတဲ့ အဆောင်စာရွက်တွေ တကယ်ပဲ ရှိနေတာလား။
“အဆောင်စာရွက်တွေနဲ့ ကစားတဲ့နေရာမှာတော့ ကျုပ်ငါက ဘယ်သူ့ကိုမှ မကြောက်ခဲ့ဘူး’’
ရှီချန်ကျန်းက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်သည်။ လျှိုယွမ်ကျိ၏ အမူယာသည် ပို၍ လေးနက်သွားပြီ ဖြစ်သည်။
ဝမ်ရှန်းသည် ရှီချန်ကျန်းကို အသေအချာ စိုက်ကြည့်နေမိသလို အခြားသော ကျင့်ကြံသူများကလည်း ထိုလူငယ်ကို အာရုံစိုက်နေကြသည်။ သူတို့နှစ်ဦး တိုက်ပွဲမစရသေးသော်လည်း အာရုံစိုက်မှု အားလုံးက ရှီချန်ကျန်းထံသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အသက် ၂၀ မပြည့်သေးသော လုံဟူရှန်းတောင် ကောင်းကင်သခင်ဂိုဏ်း၏ အမွေဆက်ခံသူသည် “ထောင်လွှားခြင်း” နှင့် “ဟိတ်ဟန်ကြီးခြင်း” ဆိုသည့် စကားလုံးများကို အကောင်းဆုံး ကိုယ်စားပြုနေသည့်နှယ် ရှိသည်။
“သင်ပြပေးပါဦး’’
လျှိုယွမ်ကျိက ရုတ်တရက် အော်ဟစ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်သည်။
သူ၏ ဆံပင်များမှာ နောက်သို့ လွင့်မျောသွားပြီး နောက်ထပ်တစ်ကြိမ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ လက်ချောင်းများကြားရှိ အဝါရောင်စာရွက်သည် မီးတောက်သွားပြီး သူ၏ ညာလက်ထဲတွင် နီညိုရောင် မဟော်ဂနီဓားတစ်လက် ဖြစ်ပေါ်လာသည်။
ဘယ်လက်က ဓားလက်ချောင်း သင်္ကေတ ပြုလုပ်ကာ သစ်သားဓားသွားကို အသာအယာ ပွတ်သပ်လိုက်သည်။ ဓားတစ်လျှောက် ရွှေရောင်အလင်းတန်းများ လှုပ်ခတ်သွားပြီး သူ၏ ရှေ့တွင် အဆောင်စာရွက် ပုံရိပ်ယောင်သုံးခု ပေါ်ထွက်လာကာ ပတ်ဝန်းကျင်မှ ကမ္ဘာဦးချီစွမ်းအင်များသည် ထိုပုံရိပ်များထံသို့ တဟုန်ထိုး စီးဝင်သွားသည်။
ရှီချန်ကျန်းကမူ စိတ်ပျက်နေသော အရိပ်အယောင်များဖြင့် ကြည့်နေသည်၊၊
“အင်း… ဒီအကွက်ဟောင်းကြီးပဲလား.. ပျင်းစရာကြီး’’
လျှိုယွမ်ကျိ၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်ယောင်များ ဖြတ်ပြေးသွားသည်၊၊ မည်မျှပင် တည်ငြိမ်သူ ဖြစ်ပါစေ၊ ထပ်ခါလဲလဲ ရန်စစော်ကားမှုကို ခံရသည့်အခါ သည်းခံရန် ခက်ခဲလှသည်။
လျှိုယွမ်ကျိ နောက်ထပ် တစ်လှမ်း တိုးလိုက်သည့်အခါ မဟော်ဂနီဓားသည် အနည်းငယ် တုန်ခါသွားပြီး အဆောင်စာရွက် ပုံရိပ်ယောင်သုံးခုက ဓားထဲသို့ ပေါင်းစည်းသွားသည်၊၊
“ရှန်းချင်းနတ်မင်းရဲ့ အမိန့်တော်အရ.. မိုးကြိုးလျှပ်စီး... ဆင်းသက်စေ’’
သူက ဓားကို အထက်သို့ မြှောက်ကာ အော်ဟစ်လိုက်ရာ သူ၏ အသံက ကွင်းအတွင်း ဟိန်းထွက်လာသည်။
ကြည်လင်နေသော ကောင်းကင်ယံမှ ခပ်တိုးတိုး မိုးခြိမ်းသံတစ်ချက်ထွက်ပေါ်လာပြီး လျှပ်စီးတန်းငယ်နှစ်ခုက ရှီချန်ကျန်း၏ ပုခုံးနှစ်ဖက်ထံသို့ တိုးဝင်သွားသည်။
ရှန်းချင်းရတနာအဆောင် - လျှပ်စီးခေါ်အဆေါင်။
လျှပ်စီးတန်းများသည် အလွန်လျင်မြန်စွာ ကျဆင်းလာသည်။ ၎င်းတို့သည် အလွန်အမင်း စွမ်းအားမကြီးမားသော်လည်း ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို ခေတ္တမျှ လှုပ်ရှားမရအောင် လုပ်ဆောင်နိုင်သည်။
တုံ့ပြန်မှုအနေဖြင့် ရှီချန်ကျန်း၏ လက်ဝါးထဲမှ မီးတောက်များ ထွက်ပေါ်လာပြီး ဘတ်စကတ်ဘောလုံး အရွယ်အစားရှိသော မီးလုံးကြီး ဖြစ်ပေါ်လာသည်။ ထိုမီးလုံးမှ မီးလျှံများ ထွက်ပေါ်လာပြီး လျှပ်စီးတန်းနှစ်ခုကို တားဆီးထားလိုက်သည်။
ရှီချန်ကျန်းက ပေါ့ပေါ့ပါးပါးပင် နောက်သို့ ခုန်ဆုတ်လိုက်ရာ သူ၏ လက်ထဲတွင် လောင်ကျွမ်းနေသော အဝါရောင်စာရွက် အပိုင်းအစ အချို့ ကျန်ရစ်ခဲ့သည်။ လျှပ်စီးတန်းနှစ်ခု၏ အလင်းရောင်က သူ၏ အနည်းငယ် ချောင်ကျနေသော မျက်နှာကို လင်းလက်သွားစေပြီး ပြောမပြနိုင်သော ဆွဲဆောင်မှု တစ်မျိုးကို ဖြစ်ပေါ်စေသည်။
လျှိုယွမ်ကျိက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ရှေ့သို့ အမြန်တိုးကာ ဓားသွားပေါ်တွင် ကမ္ဘာဦးချီများကို စုစည်းလိုက်သည်။ မကြာမီ ရှီချန်ကျန်း၏ ခေါင်းပေါ်တွင် တိမ်တိုက်ငယ်တစ်ခု စတင်ဖြစ်ပေါ်လာသည်။
ရှီချန်ကျန်းသည် ထိုတိမ်တိုက် ဖွဲ့စည်းပြီးသည်အထိ စောင့်မနေတော့ပေ။ သူ၏ လက်မောင်းတွင် ချည်နှောင်ထားသော အိတ်များထဲမှ အဝါရောင်နှင့် အပြာရောင် အဆောင်စာရွက် တစ်ရွက်စီကို ထုတ်ယူလိုက်သည်။ ၎င်းတို့ကို အသာအယာ ခါယမ်းလိုက်ပြီး သူ၏ ပေါင်နှစ်ဖက်တွင် ကပ်လိုက်သည်၊၊
“အမိန့်.. ချက်ချင်း အရှိန်မြှင့်”
နတ်ဘုရားအမြန်နှုန်းအဆောင်၊၊
မျောက်ဝံခုန်ပျံအဆောင်၊၊
လျှိုယွမ်ကျိသည် ပြေးဝင်လာရင်း သူ၏ မဟော်ဂနီဓားကို ဒေါင်လိုက် ခုတ်ချလိုက်သည်။
“ဖြောင့်မတ်သော လျှပ်စီးနည်းစနစ်’’
မြွေနဂါးများနှယ် ပုံသဏ္ဌာန်ရှိသော လျှပ်စီးတန်းငယ် ဒါဇင်ပေါင်းများစွာသည် အထက်၊ အရှေ့နှင့် ဘေးဘက်များမှ ကျဆင်းလာပြီး ရှီချန်ကျန်းထံသို့ တိကျစွာ စုပြုံကျရောက်သွားသည်။ ထိုတိုက်ခိုက်မှု အနေအထားမှာ အစီအရင်တစ်ခု၏ သဘောတရားများ ပါဝင်နေသည်။
သို့သော်လည်း ရှီချန်ကျန်းက ယုံကြည်မှုအပြည့်ဖြင့် အသင့်ရှိနေပုံရသည်။ သူက ခြေတစ်ချက် ဆောင့်လိုက်ရာ ချီစွမ်းအင်နှစ်ခုက သူ၏ ခြေထောက်နှစ်ဖက်ကို ဝိုင်းရံသွားပြီး ပုံမှန်မဟုတ်သော အရှိန်ဖြင့် ဘေးသို့ လွင့်မျောသွားသည်။ သူ၏ ပေါင်ပေါ်ရှိ အဆောင်စာရွက်များသည် တောက်ပစွာ လင်းလက်နေသည်။
တစ်ချက်ခုန်ရုံဖြင့် သူသည် ပေ ၃၀ ကျော်ခန့်အထိ ရောက်ရှိသွားပြီး လျှပ်စီးတန်းများကို လုံးဝ လွဲချော်သွားစေသည်။
မြေပြင်ပေါ်သို့ အသာအယာကျဆင်းလာပြီးနောက် ရှီချန်ကျန်းက သူ၏ အရှိန်ကို ထိန်းရန် ကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ ထို့နောက် သူက ကိုယ်ကို နှိမ့်လိုက်ပြီး သားကောင်ကို ဖမ်းဆီးတော့မည့် ကျားတစ်ကောင်နှယ် လျှိုယွမ်ကျိထံသို့ ခုန်ဝင်သွားသည်။ သူ၏ ပေါင်ပေါ်ရှိ အဆောင်စာရွက်များသည် တဖျပ်ဖျပ် လင်းလက်နေပြီး မျောက်ဝံတစ်ကောင်ကဲ့သို့ ဖျတ်လတ်မှု၊ ကျားတစ်ကောင်ကဲ့သို့ ကြမ်းတမ်းမှုတို့ဖြင့် တဟုန်ထိုး တိုးဝင်သွားခဲ့သည်။
သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ် လုပ်လိုက်ရင်း လက်မောင်းပေါ်က အိတ်ထဲမှ အဆောင်စာရွက်များကို လျင်မြန်စွာ ထုတ်ယူလိုက်ပြန်သည်။ အိတ်တစ်လုံးစီမှ အင်းတစ်ရွက်စီ ထုတ်ယူကာ လက်ဟန်ဖော်၍ အသက်သွင်းလိုက်သည်။ အပြာရောင်နှင့် အဝါရောင် စာရွက်နှစ်ရွက်သည် ခပ်မှိန်မှိန်အလင်းဖြတ်သွားပြီး ပတ်ဝန်းကျင်မှ ကမ္ဘာဦးချီများကို စုပ်ယူလိုက်သည်။
ကြိုးကြာပြောင်းလဲခြင်းအဆောင်။
မြွေဝိညာဉ်အဆောင်။
ကြိုးကြာငှက်၏ အော်သံနှင့်အတူ အဖြူရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်တွင် ပျံသန်းနေသော ကြိုးကြာဖြူတစ်ကောင်နှင့် မြေပြင်တွင် တွားသွားနေသော မြွေတစ်ကောင်တို့သည် လျှိုယွမ်ကျိထံသို့ လျင်မြန်စွာ ဦးတည်သွားကြသည်။
လျှိုယွမ်ကျိသည် နောက်သို့ နှစ်လှမ်းဆုတ်ကာ သူ၏ ဓားကို လွှဲယမ်းပြီး လေထဲတွင် တိကျသော အမှတ်အသားများကို ရေးဆွဲလိုက်ရာ သန့်စင်သော ကမ္ဘာဦးချီများဖြင့် ရိုးရှင်းသော်လည်း နက်နဲသော အဆောင်တစ်ခုဖြစ်ပေါ်လာသည်။ မဟော်ဂနီဓားသည် အနည်းငယ် တုန်ခါသွားပြီး လေထဲတွင် ဆိုင်းငံ့နေသောချီများကို မီးတောက်စေကာ မီးပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ၎င်းသည် အောက်သို့ အုပ်မိုးကျဆင်းသွားပြီး ပျံသန်းလာသော ကြိုးကြာဖြူကို ဖမ်းအုပ်ကာ ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ရှီချန်ကျန်း၏ လက်ချောင်း လှုပ်ရှားမှုများ၏ လမ်းညွှန်ချက်ဖြင့် မြွေသည် ထိုပိုက်ကွန်ကို လိမ္မာပါးနပ်စွာ ရှောင်တိမ်းသွားသည်။ ထို့နောက် လျှိုယွမ်ကျိ၏ မျက်နှာကို လှမ်း၍ ကိုက်လိုက်သည်။
လျှိုယွမ်ကျိက တည်ငြိမ်နေဆဲပင်။ မဟော်ဂနီဓားဖြင့် တည်ငြိမ်စွာ ဝှေ့ယမ်းလိုက်ပြီး မြေခေါင်းကို ဖြတ်တောက်ပစ်လိုက်သည်။ ကြိုးကြာနှင့် မြွေနှစ်ကောင်စလုံးသည် လောင်ကျွမ်းနေသော အင်းစာရွက်များအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည်။
သို့သော်လည်း ထိုစက္ကန့်ပိုင်း ကြန့်ကြာသွားမှုက တိုက်ပွဲ၏ ချိန်ခွင်လျှာကို ရှီချန်ကျန်းဘက်သို့ ရောက်သွားစေရန် လုံလောက်ခဲ့သည်။
ရှီချန်ကျန်းသည် လျှိုယွမ်ကျိ၏ ဘေးပတ်ပတ်လည်တွင် လျင်မြန်စွာ လှုပ်ရှားနေပြီး အဆောင်စာရွက် စွမ်းအားများကြောင့် ရရှိလာသော အရှိန်ကို အသုံးချကာ ပြိုင်ဘက်၏ မျက်ကွယ်ထောင့်များတွင် ရှိနေသည်၊၊ လှုပ်ရှားနေစဉ်မှာပင် သူက အိတ်ထဲမှ အဆောင်စာရွက်များကို အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ထုတ်ယူကာ လေထဲတွင် သစ်ရွက်များ ကြွေကျနေသကဲ့သို့ ပက်ကျဲလိုက်သည်။ မီးတောက်များ၊ ရေခဲစိုင်များ၊ ကျောက်တုံးများနှင့် ပွက်ပွက်ဆူနေသော ရေများ... ဤတိုက်ပွဲမှာ စွမ်းရည်စမ်းသပ်ပွဲထက် အလှပြပွဲတစ်ခုနှင့်ပင် တူနေလေသည်။ အဆက်မပြတ် ထွက်ပေါ်နေသော အဆောက်လက်နက် နည်းစနစ်များက ကြည့်ရှုသူများကို မျက်စိပသာဒဖြစ်နေစေသည်။
သို့သော်လည်း ရှီချန်ကျန်း၏ ကျင့်ကြံခြင်းအဆင့်ကြောင့် အဆောင်စာရွက်များ၏ စွမ်းအားမှာ အကန့်အသတ် ရှိနေသဖြင့် တိုက်ရိုက်ထိမှန်လျှင်ပင် လျှိုယွမ်ကျိကို ပြင်းထန်သော ဒဏ်ရာ မရစေနိုင်ပေ။
လျှိုယွမ်ကျိ မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်ထားမိသည်။ သူသည် ရှန်းချင်းရတနာအဆောင်၏ ဆန်းကြယ်သော ပညာရပ်များကို ကိုင်စွဲထားသော်လည်း အကြိမ်ကြိမ်ခုခံကာကွယ်နေရရုံသာရှိသည်။ စက္ကန့် ၃၀ မပြည့်မီမှာပင် သူ၏ ကိုယ်ပေါ်တွင် မီးလောင်ရာများ ဖြစ်ပေါ်နေပြီး သူ၏ လည်ပင်းမှာလည်း အပူရှိန်ကြောင့် နီရဲနေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှီချန်ကျန်းက ပျင်းရိပျင်းတွဲအမူအရာဖြင့် သူ့ကို လှောင်ပြောင်လိုက်သည်၊၊
“ဟေး ခုထိ အရှုံးမပေးသေးဘူးလား.. လျှိုလျှိုလေး.. ငါ ဒီအတိုင်း ဆက်ပြီး အလျှော့ပေးတော့ဘူးနော်… ဒါက တဖြည်းဖြည်းနဲ့ ပျင်းစရာကောင်းလာပြီ။ မင်းမှာ တခြား အကွက်အသစ်တွေ မရှိတော့ရင်တော့ ပြီးခဲ့တဲ့ အခေါက်ကလိုပဲ ထပ်ရှုံးဦးမှာပဲ’’
“ပြောစမ်းပါဦး.. မော်ရှန်းတောင်ရဲ့ ရှန်းချင်းအဆောင်တွေက တကယ်ရော အလုပ်ဖြစ်ရဲ့လား။ ငါ့ကို နည်းနည်းပိုပြင်းတဲ့ မိုးကြိုးလျှပ်စီးတွေ မပြနိုင်တော့ဘူးလား။ ငါက ဒီအတိုင်း ရပ်ပြီး အပစ်ခံမယ်ဆိုရင်တောင် မင်းက ငါ့ကို ထိအောင် လုပ်နိုင်ပါ့မလား။ ဒါနဲ့ ငါ အမြဲတမ်း မေးချင်နေတာ တစ်ခုရှိတယ်.. မင်းက မိန်းမအဝတ်အစားတွေနဲ့ ဆိုရင် ဘယ်လိုနေမလဲလို့’’
“အော်.. ပြီးတော့ မင်းကို ဒီနေ့ကစပြီး ညီမလေးလျှိုလို့ပဲ ခေါ်ရမလား။ အဟက်… ငါက ပညာကုန်ထုတ်မသုံးရသေးဘူးနော်။ အခု ငါပစ်နေတာတွေက ဘာမှတန်ဖိုးမရှိတဲ့ အဆောင်စာရွက်တွေပဲ ရှိသေးတယ်။ တကယ်လို့ မင်းက ငါ့ကို ယွမ် ၁၀၀ ကျော်တန်တဲ့ အဆောင်တစ်ရွက် ထုတ်သုံးအောင် လုပ်နိုင်ရင် ငါအရှုံးပေးလိုက်မယ်.. ဘယ်လိုလဲ’’
ဆက်သည်းမခံနိုင်တော့သည့် လျှိုယွမ်ကျိ ဒေါသတကြီး အော်လိုက်သည်၊၊
“မင်း… ပါးစပ်ပိတ်ထား’’
သူ၏ မျက်လုံးများတွင် နတ်အလင်းတန်းများ လင်းလက်လာပြီး သူ၏ ပတ်ပတ်လည်တွင် စိမ်းဖန့်ဖန့် အလင်းရောင်များ ထွက်ပေါ်လာသည်။
လျှိုယွမ်ကျိ၏ အကျီလည်ပင်းမှ အဆောင်ငါးရွက် ပျံထွက်လာပြီး သူ့ကို ဝိုင်းရံကာ လှည့်ပတ်နေသည်။ ၎င်းတို့ပေါ်ရှိ အနီရောင်အမှတ်အသားများ မီးတောက်သွားပြီး အစစ်မှန်ချီများသည် လျှပ်စီးနှင့် မီးလျှံများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အသီးသီးသို့ ပြင်းထန်စွာ ဖြာထွက်သွားလေသည်။
သို့သော်လည်း ရှီချန်ကျန်းက ထိုအရာကို မျှော်လင့်ထားပြီးသား ဖြစ်ပုံပင်၊၊ သူသည် လျှိုယွမ်ကျိကို တမင်တကာ ရန်စခဲ့ပြီး နောက်သို့ ကောက်ကျစ်သော အပြုံးဖြင့် ဆုတ်ခွာလိုက်သည်။
ယခုအခါ လျှိုယွမ်ကျိက သူ၏ ဝှက်ဖဲများကို စောစီးစွာ ထုတ်သုံးလိုက်ပြီ ဖြစ်သဖြင့် ရှီချန်ကျန်းကလည်း အလျှော့မပေးတော့ပေ။ သူသည် သူ၏ ပေါင်ပေါ်မှ အနက်ရောင်နှင့် အနီရောင် အဆောင်တစ်ရွက်စီကို ကျွမ်းကျင်စွာ ထုတ်ယူကာ လက်ကောက်ဝတ်ကို လှုပ်ယမ်းကာ ပစ်လွှတ်လိုက်သည်။ အနက်ရောင်အဆောင်သည် လေထဲတွင် ကြေမွသွားပြီး ရွှေရောင်အစင်းကြောင်းများ ပါဝင်သော အနက်ရောင်လိပ်ပြာ အကောင်တစ်ရာကျော်အဖြစ် ပြောင်းလဲသွားသည်။
အခြားတစ်ဖက်တွင်မူ အနီရောင်အဆောင်သည် ဓားပျံတစ်လက်ဖြစ်သွားကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်သွားသည်။ ၎င်းသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် လျှိုယွမ်ကျိထံသို့ ရောက်ရှိလာသည်။
လျှိုယွမ်ကျိက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ၏ မဟော်ဂနီဓားကို အနည်းငယ် ခါယမ်းလိုက်ရာ သူ့ပတ်ပတ်လည်ရှိ အဆောင်ငါးရွက်သည် ဆန့်ကျင်ဘက်အရပ်သို့ လည်ပတ်သွားသည်။ လျှပ်စီးနှင့် မီးလျှံစွမ်းအင်များသည် ရွှေရောင် ဒိုင်းဝန်းငါးခုအဖြစ်သို့ ပြောင်းလဲသွားသည်။
အနီရောင်အဆောင် ဓားပျံသည် ရွှေရောင်ဒိုင်းတစ်ခုကို ထိမှန်သွားပြီး စူးရှသော ထိခိုက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ၎င်းမှာ ဓားအစစ်နှင့် ဒိုင်းတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်အလားပင်၊၊
ရွှေရောင်အလင်းတန်းများကြားတွင် လျှိုယွမ်ကျိသည် နတ်တစ်ပါးဆင်းသက်လာသလို သူ၏ ဆံပင်ရှည်များနှင့် တာအိုဝတ်စုံသည် လေထဲတွင် လွင့်မျောနေပြီး သူသည် ဂါထာမန္တန်များကို ရွတ်ဆိုကာ လက်ဟန်များကို အဆက်မပြတ် ထုတ်ဖော်နေသည်။
သို့သော်လည်း ရှီချန်ကျန်းက အသာစီး ရနေသည်မှာ ထင်ရှားနေသည်။ သူ၏ လက်နှစ်ဖက်ကို ဓားလက်ညှိုးပုံစံဖြင့် လျင်မြန်စွာ လှုပ်ရှားနေသည်။ အနီရောင်အဆောင်သည် ရွှေရောင်ဒိုင်းများကို အဆက်မပြတ် တိုက်ခိုက်နေပြီး ၎င်း ရွေ့လျားရာလမ်းတစ်လျှောက် အနီရောင်မီးလျှံများကို ချန်ထားခဲ့သည်။ ထိုပြင်းထန်သော တိုက်ခိုက်မှုကြောင့် လျှိုယွမ်ကျိသည် ပြန်လည်တိုက်စစ်ဆင်ရန် အခွင့်ရေးမရှိဖြစ်နေလေသည်။