← Chapters

အဆောင်ပညာရပ်များ၏ တိုက်ပွဲ (၃)

Vol. 3 Ch. 25

အဆောင်ပညာရပ်များ၏ တိုက်ပွဲ (၃)

Vol. 3 Ch. 25

ရှီချန်ကျန်း၏ မျက်နှာမှ လှောင်ပြုံးများ ပျောက်ကွယ်သွားပြီး အလွန်အာရုံစိုက်နေသော အမူအရာဖြစ်လာသည်၊၊

လျှိုယွမ်ကျိ၏ အနိုင်ရလိုသော စိတ်ဓာတ်မှာ ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်ထက်ပင် ပို၍ ပြင်းထန်နေပြီ ဖြစ်သည်။ အရှက်မရှိသော ပြဿနာရှာသူ ရှီချန်ကျန်းကို သူ နောက်တစ်ကြိမ် အရှုံးမပေးနိုင်တော့ပေ၊၊ အထူးသဖြင့် သူ၏ အိမ်ကွင်းဖြစ်သော မော်ရှန်းတောင်ပေါ်တွင်…၊၊

“တကယ့်ကို ထူးခြားတဲ့ အဆောင်ပညာရပ်တွေပဲ’’

ကျိုးရင်လောင်က ခပ်တိုးတိုး ချီးကျူးလိုက်သည်။

ဝူတန်းတပည့် အချို့ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံကြသည်။ သူတို့၏ အကြည့်များကို တိုက်ပွဲမှ မခွာနိုင်ကြပေ။

“ငါမြင်တာတော့ ရှီချန်ကျန်းက ပိုပြီး ခန့်မှန်းရခက်တယ်။ သူ့ရဲ့ အဆောင်ပညာရပ်တွေက ကြိုမသိနိုင်သလို သူ့ရဲ့ ရန်စပြောတဲ့ စကားတွေကလည်း လျှိူယွမ်ကျိရဲ့ စိတ်အာရုံကို နှောင့်ယှက်နေတယ်’’

ဟုန်လင်းက ပြောလိုက်သည်။

“နင်ကော ဘယ်လိုထင်လဲ ဝမ်ရှန်း’’

ဝူတန်တပည့် အားလုံး ဝမ်ရှန်းထံသို့ အာရုံစိုက်လာကြသည်။ ဝမ်ရှန်းသည် တိုက်ပွဲကို အာရုံစိုက်နေရာမှ သူတို့ကို မလွှဲမရှောင်သာပဲ ပြန်ပြောလိုက်သည်၊၊

“ဒီလူက အပေါ်ယံမြင်ရသလောက် မရိုးရှင်းဘူး’’

ဝမ်ရှန်းက ပြန်ဖြေလိုက်သည်။

မုဝမ်ရွှမ်းကလည်း ခေါင်းငြိမ့်ပြသည်။ သူမ၏ မျက်လုံးများမှာ ရှေ့သို့ ဖြည်းဖြည်းချင်း ပျံသန်းလာသော အနက်ရောင်လိပ်ပြာအုပ်ကြီးကို စိတ်ဝင်တစား ကြည့်နေလေသည်။ ထိုပညာရပ်က မြင်ရသည်မှာ လှပနေ၍လည်း ဖြစ်နိုင်သည်။

ဝူတန်းတောင်မှ တာအိုဆရာ တစ်ဦးက သက်ပြင်းတစ်ချက် ခပ်တိုးတိုးချလိုက်သည်၊၊

“ရှီချန်ကျန်းက မြင်ရတာထက် ပိုတယ်.. သူက လုံဟူရှန်းတောင်မှာ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်လောက်ကတည်းက ကျင့်ကြံနေတာပဲ။ ကမ္ဘာဦးချီတွေ ပြန်မလာခင်ကတည်းက သူက အခြေခံ အဆောင်ပညာရပ်တွေကို ကျွမ်းကျင်ပြီးသားပဲ၊၊ ကမ္ဘာဦးချီတွေ ပြန်လာတဲ့အခါမှာတော့ သူရဲ့ ကျင့်ကြံခြင်းက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်’’

“လုံဟူရှန်းတောင်ရဲ့ ကောင်းကင်အဆောင်ကျမ်း နှစ်တွဲစလုံးကို နားလည်သဘောပေါက်ဖို့ သူက အချိန်အများကြီး မယူခဲ့ရဘူးလို့ ကြားတယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သူကိုယ်တိုင် တီထွင်ထားတဲ့ အဆောင်ပညာရပ်က ဒါဇင်ကျော်ရှိနေပြီ။ အခု သူက လုံဟူရှန်းတောင် မျိုးဆက်သစ်တွေထဲမှာ ထိပ်တန်းပါရမီရှင်ပဲ၊၊ သူ့ကို ကောင်းကင်သခင်ကိုယ်တိုင် သင်ကြားပေးနေတာတဲ့။ သူ၏ အလားအလာကတော့ တကယ်ကို အကန့်အသတ်မရှိဘူး’’

ဝမ်ရှန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ အကယ်၍ ရှီချန်ကျန်းတွင် ထိုမျှ အလားအလာရှိနေခဲ့လျှင် ယခင်ဘဝတုန်းက သူ ဘာလို့ သူ့အကြောင်းကို မကြားဖူးရတာလဲ။ တစ်စုံတစ်ခုသော အခက်အခဲက ဤအဆောင်ပါရမီရှင်ကို သူ၏ အစွမ်းကုန် မရောက်အောင် တားဆီးထားခဲ့၍ ဖြစ်နိုင်သည်။ ရှီချန်ကျန်း၏ ရန်စတတ်သော ပါးစပ်နှင့် ဟိတ်ဟန်ကြီးသော စရိုက်အရဆိုလျှင် ထိုသူသည် မထင်ပေါ်ဘဲ နေမည်မှာ မဖြစ်နိုင်ပေ။

တာအိုဆရာ မှတ်ချက်ပေးပြီးနောက် လူအုပ်ကြီးလည်း ပြန်လည် တိတ်ဆိတ်သွားပြီး တိုက်ပွဲဆီသို့ အာရုံပြန်ရောက်သွားကြသည်။

ယခုအခါတွင်မူ အနက်ရောင်လိပ်ပြာများက လျှိုယွမ်ကျိကို ဝိုင်းရံမိသွားသည်နှင့် သူသည် ထပ်မံ၍ ရှုံးနိမ့်သွားတော့မည်ကို အားလုံး သိနေကြပြီ ဖြစ်သည်။

လျှိုယွမ်ကျိ၏ မျက်လုံးများတွင် စိတ်ပျက်သော အရိပ်အယောင်များ ပေါ်ထွက်လာသော်လည်း သူသည် ဇွဲမလျော့ဘဲ ဆက်လက် ခုခံနေဆဲ ဖြစ်သည်။

ရှီချန်ကျန်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ချိုးသွားသည်။ သူ၏ ဘယ်လက်ဖြင့် အဝါရောင်အဆောင်တစ်ရွက်ကို ချေလိုက်ရာ လျှိုယွမ်ကျိထံသို့ လေပြေညင်းလေးတစ်ခု တိုက်ခတ်သွားသည်။ အန္တရာယ်မရှိဟု ထင်ရသော်လည်း ထိုလေက အနက်ရောင်လိပ်ပြာအုပ်ကြီးကို လျှိုယွမ်ကျိ ဘေးသို့ ချက်ချင်း ပို့ဆောင်ပေးလိုက်သည်။

လျှိုယွမ်ကျိ သက်ပြင်းချလိုက်ပြီး သူ့လက်ကောက်ဝတ်ကို ခါလိုက်သည်။ သူ၏ မဟော်ဂနီဓားသည် ရုတ်တရက် ကြေမွသွားပြီး သူ့ပတ်ပတ်လည်ရှိ အဆောင်ငါးရွက်သည်လည်း ခုခံရန် လက်လျှော့လိုက်သကဲ့သို့ ခပ်မှိန်မှိန်သာ လင်းနေတော့သည်။ အနက်ရောင်လိပ်ပြာများက သူ့ကို မျက်တောင်တစ်ခတ်အတွင်း လွှမ်းခြုံသွားပြီး အဆောင်ငါးရွက်သည် အားနည်းစွာဖြင့် ပတ်ပတ်လည်တွင် ပျံဝဲနေသည်။

ရုတ်တရက်ကြည့်လိုက်လျှင် ရှီချန်ကျန်းက အောင်ပွဲခံရန် လက်တစ်ကမ်းသာ လိုတော့သည်ဟု ထင်ရသော်လည်း ရှေ့တန်းမှ တာအိုအကြီးအကဲများနှင့် ကြည့်ရှုသူ အချို့ကမူ လျှိုယွမ်ကျိကို အသေအချာ ဆက်လက် စောင့်ကြည့်နေကြသည်။

ဝမ်ရှန်း၏ ဝိညာဉ်အသိစိတ်က အနက်ရောင်လိပ်ပြာအုပ်အတွင်း၌ ပြင်းထန်သော ချီစွမ်းအင်များ မြင့်တက်လာမှုကို ခံစားမိလိုက်သဖြင့် မျက်ခုံးပင့်လိုက်မိသည်။

ခဏအကြာတွင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

အစပိုင်းတွင်မူ မှောင်မိုက်နေသော နေရာ၌ ရွှေရောင်မီးလုံးကြီးတစ်လုံး ရုတ်တရက် ပေါ်လာသကဲ့သို့ သို့မဟုတ် တောက်ပသော နေထွက်ချိန်နှယ် ထင်မှတ်ရသည်။ သို့သော် အသေအချာ ကြည့်လိုက်သည့်အခါ ထိုရွှေရောင်အလင်းမှာ မရေမတွက်နိုင်သော သေးငယ်သည့် ချည်မျှင်တန်းလေးများမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဝမ်ရှန်း သတိပြုမိလိုက်သည်။ ထိုချည်မျှင်များသည် အနက်ရောင်လိပ်ပြာ ရာပေါင်းများစွာကို တစ်ခဏအတွင်း ထိုးဖောက်သွားခဲ့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် လိပ်ပြာအုပ်ကြီးမှာ ပြာအဖြစ် ကြေမွသွားပြီး ပျောက်ကွယ်သွားသည်။

လျှိုယွမ်ကျိသည် တောက်ပသော ရွှေရောင်အရှိန်အဝါတစ်ခု လွှမ်းခြုံလျက် ပေါ်ထွက်လာသည်။ သို့သော် ထိုအရာ၏ အရင်းအမြစ်မှာ သူမဟုတ်ဘဲ သူဝတ်ဆင်ထားသော သာမန်ဟု ထင်ရသည့် တာအိုဝတ်စုံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ဝမ်ရှန်း၏ မျက်လုံးများ ပြူးကျယ်သွားလေသည်၊၊

ဒါက ရတနာပစ္စည်းတစ်ခုလား…

ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော တာအိုဝတ်စုံကို မြင်လိုက်ရသည့်အခါ ဝမ်ရှန်းတစ်ယောက် ယခုခရီးစဉ်သည် လာရကျိုးနပ်သည်ဟု မတွေးဘဲမနေနိုင်တော့ပေ။ ယခုအချိန်အထိ သူသည် စစ်မှန်သော တာအိုအသုံးအဆောင် ပစ္စည်းတစ်ခု သို့မဟုတ် ရတနာတစ်ခုကို အနီးကပ် မြင်တွေ့ခွင့် မရခဲ့ဖူးချေ။ ထိုအချက်က သူ့အတွက် အတော်လေး စိတ်ပျက်စရာကောင်းနေခဲ့ခြင်း ဖြစ်သည်။

ဗီဒီယိုများသည် အပြင်မှာ မြင်ရသလောက် မစစ်မှန်နိုင်ပေ။

ထိုရွှေရောင် တာအိုဝတ်စုံသည် အဆင့်မြင့်လွန်းသော ပစ္စည်းတစ်ခုတော့ မဟုတ်ပေ။ စွမ်းအားကြီးမားသော်လည်း ၎င်းကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ကျင့်ကြံသူ၏ အစစ်မှန်ချီနှင့် ဝိညာဉ်စွမ်းအား အမြောက်အမြား လိုအပ်ပေသည်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်တွင် ရှိနေသူများအတွက်မူ ၎င်းကို အသက်သွင်းရန်မှာ အတော်လေး ဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မည်။

ဖြူဖျော့နေသော လျှိုယွမ်ကျိ၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် သူသည် ထိုဝတ်စုံ၏ စွမ်းအားကို ကြာရှည် ထိန်းထားနိုင်မည်မဟုတ်ကြောင်း ထင်ရှားနေသည်။ ပို၍ဆိုးသည်မှာ ရှီချန်ကျန်း၏ မျက်နှာတွင် အံ့ဩသည့်ပုံ အနည်းငယ်မျှပင် မရှိခြင်းပင် ဖြစ်သည်။ လျှိုယွမ်ကျိတွင် ဤကဲ့သို့သော ဝှက်ဖဲတစ်ခု ရှိနေမည်ကို သူက ကြိုသိထားသည့်နှယ် ရှိသည်။

သူက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်၊၊

“ဟဲဟဲ.. မင်းတို့ ဂိုဏ်းက ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ပဲ ရှိသေးတဲ့ တပည့်လေးကို ဒီလို ပစ္စည်းမျိုး ပေးလိုက်တယ်ပေါ့လေ.. မော်ရှန်းတောင်ကတော့ တကယ့်ကို အရှက်မရှိတာပဲ”

လျှိုယွမ်ကျိက ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ရှီချန်ကျန်းက သူ၏ နောက်ကျောအိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး လခြမ်းပုံစံ ကျောက်စိမ်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက နှုတ်ခမ်းသပ်ရင်း စိတ်အေးလက်အေးဖြင့် ပြောလိုက်သည်၊၊

“ဒါပေမဲ့လည်း ငါတို့အားလုံးက အတူတူပါပဲ.. လုံဟူရှန်းတောင်က အဖိုးကြီးတွေလည်း သိပ်တော့ မထူးပါဘူး.. ကံကောင်းလို့ ကျုပ် ဒီကို မလာခင်မှာ ဒီပစ္စည်းလေး ပေးလိုက်ကြတယ်’’

လူအုပ်ထဲရှိ တာအိုရသေ့များနှင့် တာအိုဆရာအချို့သည် မအောင့်နိုင်ဘဲ အသံထွက်အောင် ရယ်မောမိကြသည်။

မော်ရှန်းတောင် တပည့်များ ဒေါသထွက်နေကြပြီး လုံဟူရှန်းတောင်မှ လူများကတော့ မျက်နှာထားရခက်သွားကြသည်။ ခန်းမရှေ့တွင် ထိုင်နေကြသော အကြီးအကဲများကတော့ ပြုံးရုံသာ ပြုံးနေကြသည်။

ရှီချန်ကျန်း၏ လက်ထဲရှိ ကျောက်စိမ်းကို စိုက်ကြည့်ရင်း လျှိုယွမ်ကျိ၏ မျက်နှာတွင် သတိအပြည့်ဖြစ်သွားသည်။ မူလကပင် ဖြူဖျော့ပြီး ချောမောသော သူ၏မျက်နှာသည် ယခုအခါ ပုံမှန်မဟုတ်သော သွေးဆုတ်မှုကြောင့် လူသားနှင့်ပင် မတူတော့သလို ဖြစ်နေသည်။

သူ၏ နောက်ဆုံး အကွက်ကို ထုတ်ပြပြီးဖြစ်၍ ဤစမ်းသပ်ပွဲတွင် သူ အရှုံးမခံနိုင်တော့ပေ။

လျှိုယွမ်ကျိသည် သူ၏ လက်ကို ဓားလက်ချောင်းပုံစံဖြင့် နဖူးသို့ မြှောက်ကာ ထိလိုက်ပြီး ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ သူ၏ ရွှေရောင်ဝတ်စုံသည် တဖျတ်ဖျတ် လှုပ်ခတ်သွားပြီး အဝတ်မှ ရွှေရောင်ပိုးချည်မျှင်များ ကွာကျလာကာ ကောင်းကင်သို့ ထိုးတက်သွားသည့် ရွှေရောင်တံတိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“နယ်မြေငါးခုမှ အမြင့်မြတ်ဆုံး နတ်မင်းတို့... သင်တို့ရဲ့ နတ်စွမ်းအားနဲ့ လှည့်စားမှုတွေကို ဖျက်ဆီးပေးပါ’’

ရွှေရောင်ချည်မျှင်တန်းများသည် ပေ ၂၀ ကျော်ခန့်အထိ မြင့်တက်သွားသည်။ လျှိုယွမ်ကျိက လက်ကို အောက်သို့ ဖိချလိုက်သည့်အခါ ထိုအမျှင်တန်းများသည် လေထဲတွင် ခေါက်ချိုးကျသွားပြီး တောက်ပသော အလင်းတန်းများနှင့်အတူ ရှီချန်ကျန်းထံသို့ ပြေးဝင်သွားတော့သည်။

ရွှေရောင်ချည်မျှင်များသည် ထက်ရှစွာ မရပ်မနား တဝီဝီအသံပြုကာ လေထုကို ထိုးခွင်းသွားသည်။ စောင်းကြိုးများကို တီးခတ်နေသကဲ့သို့သော အသံများလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ရှီချန်ကျန်းသည် ကိုယ်ကိုရို့ကာ နောက်သို့ ခုန်ဆုတ်ရင်း တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် လူအများ နားမလည်နိုင်သော မန္တန်တစ်ခုကို တီးတိုးရွတ်ဆိုလိုက်သည်၊၊

ရွှေရောင်ချည်မျှင်အချို့သည် ပစ်မှတ်ကို လွဲချော်သွားသော်လည်း စူးရှသော အသံများနှင့်အတူ အားကစားကွင်း၏ ရှေးဟောင်းကျောက်ပြားများပေါ်တွင် နက်ရှိုင်းသော အပေါက်များကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းသည် ထိုပစ္စည်း၏ အစွမ်းထက်ပုံကို သက်သေပြနေခြင်းပင် ဖြစ်သည်။

ရွှေရောင်ချည်မျှင်များသည် အရှိန်မလျော့သွားဘဲ အဆက်မပြတ် လိုက်လံ တိုက်ခိုက်နေပြီး ကြာလေ အရှိန်က ပို၍ မြန်ဆန်လာသည်။ ချည်မျှင်တိုင်းသည် အကန့်အသတ်မရှိ ရှည်ထွက်နိုင်စွမ်း ရှိပုံရသည်။

ကွင်းအတွင်းရှိ ကျဥ်းမြောင်းသောနေရာလွတ်လေးတွင် ရှီချန်ကျန်းသည် သူ၏ ပေါင်တွင် ချည်နှောင်ထားသော အဆောင်နှစ်ရွက်ကို အသုံးပြု၍ လျင်မြန်စွာ လှုပ်ရှားကာ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေရသည်။

လုံဟူရှန်းတောင် တပည့်များ၏ မျက်နှာအမူရာသည် လေးနက်နေသည်၊၊ မုတ်ဆိတ်မွေး ဗရဗျစ်နှင့် ဆံပင်ဖြူအဖိုးကြီးတစ်ဦးသည် ထိုင်နေရာမှ ထရပ်ကာ စိုးရိမ်တကြီး ကြည့်နေသည်၊၊

နောက်ဆုံးတွင် တိုက်ခိုက်မှု အကြိမ်ကြိမ်ကို ရှောင်တိမ်းပြီးနောက် ရှီချန်ကျန်းက ပြုံးလိုက်သည်။ သူ၏ လက်ထဲရှိ လခြမ်းပုံကျောက်စိမ်းသည် စိမ်းပြာရောင် အလင်းများ ထွက်ပေါ်လာပြီး အလိုအလျောက် ပျံတက်သွားသည်။ တစ်ချိန်တည်းမှာပင် သူက လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ပြီး လေထဲတွင် ကပြနေသကဲ့သို့ အထင်ကြီးဖွယ် ကိုယ်ဟန်အနေအထားကို လုပ်လိုက်သည်။

လခြမ်းကျောက်စိမ်းသည် သူ၏ နဖူးတွင် ကပ်သွားပြီး သူ့ကို စိမ်းပြာရောင် အလင်းတန်းများဖြင့် လွှမ်းခြုံထားလိုက်သည်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသော သူ၏ ဝိညာဉ်အသိစိတ်စွမ်းအားသည် ရုတ်တရက် မြင့်တက်လာသည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို လှုပ်ရှားစေပြီး သူ့ပတ်လည်တွင် မြူခိုးများ ထွက်ပေါ်လာစေသည်။

ထိုအချိန်တွင် ရှီချန်ကျန်းသည် လူ့လောကသို့ ဆင်းသက်လာသော နတ်တစ်ပါးအလား… သူ၏ လှောင်ပြုံးနှင့် သာမန်ရုပ်ရည်က ပြောမပြနိုင်သော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေသည်။

“ဟားဟား... ကောင်ချောလေး… မင်းက ထပ်ရှုံးဦးမှာပဲ’’

ရှီချန်ကျန်းက အော်ပြောလိုက်ရာ သူ၏ အသံက တစ်ကွင်းလုံးတွင် ဟိန်းထွက်သွားသည်။

ထိုပစ္စည်း၏ စွမ်းရည်မှာ ကျင့်ကြံသူ၏ ဝိညာဉ်အသိစိတ်ကို မြှင့်တင်ပေးရန် ဖြစ်သည်။ သူ မြေပြင်ပေါ်သို့ ပြန်အကျတွင် ရွှေရောင်ချည်မျှင် ဒါဇင်ပေါင်းများစွာက အရပ်မျက်နှာ အသီးသီးမှ ဝိုင်းရံလာသည်။ သို့သော် ထိုချည်မျှင်များ မည်မျှပင် မြန်နေပါစေ သူ့ထက် တစ်လှမ်း နောက်ကျနေခဲ့သည်။

လျှိုယွမ်ကျိ၏ မျက်လုံးများသည် နီရဲနေသည်။ ကံဆိုးသည်မှာ သူ၏ ပြိုင်ဘက်မှာ အဆောင်ပါရမီရှင်ဟု ကျော်ကြားသူဖြစ်နေပြီး သူ၏ ဝှက်ဖဲကို ထုတ်ပြတော့မည် ဖြစ်သည်။ ရှီချန်ကျန်းသည် ခြေလှမ်းကို ခိုင်မာစွာ နင်းလိုက်ပြီး ဘယ်လက်ကို ရင်ဘတ်ရှေ့တွင် အထက်သို့ လှန်ထားလိုက်သည်။ ညာလက်ဖြင့်မူ သူ၏ လက်ဝါးပေါ်တွင် ဓားလက်ချောင်းသင်္ကေတကို ပြုလုပ်လိုက်ပြီး သူ၏ မျက်လုံးများသည် စိမ်းပြာရောင် တောက်လာသည်။

All Chapters