စင်မြင့်ထက်က ဓားတစ်လက်
Vol. 3 Ch. 26
“နတ်ဆိုးနှိမ်နင်းရေး ကောင်းကင်အဆောင်ကို ငါကိုင်ထားသမျှ မန္တန်ခြောက်မျိုးပညာရပ်တွေက ငါ့အမိန့်အောက်မှာပဲ ရှိရမယ်’’
သူ၏ ခြေထောက်နှင့် လက်များတွင် ချည်ထားသော အဝတ်အိတ်များ တစ်ပြိုင်နက်တည်း ပွင့်သွားသည်။ အဝါရောင်အဆောင် ၄ ရွက်သည် အရင်ဆုံး ပျံထွက်လာပြီး ရွှေရောင်ချည်မျှင်များကို တားဆီးရန် မြေတံတိုင်း လေးခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းနောက်တွင် အနက်ရောင်အဆောင် ၃ ရွက်နှင့် အနီရောင်အဆောင် ၇ ရွက်တို့ ထွက်ပေါ်လာပြီး အနက်နှင့် အနီရောင် အလင်းတန်းများ ပေါင်းစပ်ကာ လျှိုယွမ်ကျိထံသို့ ကျည်ဆန်များကဲ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။
လျှိုယွမ်ကျိသည် ရွှေရောင်ချည်မျှင်များကို အမြန်ပြန်ခေါ်လိုက်ပြီး အဆောင်များ မထိမှန်မီ သူ့ကိုယ်သူ ရွှေရောင်ပိုးအိမ်တစ်ခုအဖြစ် ဖွဲ့စည်းကာ ဝန်းရံကာကွယ်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရှီချန်ကျန်း ဘေးရှိ မြေတံတိုင်းများ ကြေမွသွားသည်။
ရှီချန်ကျန်းက ကြောက်မက်ဖွယ် ပြုံးလိုက်ပြီး သူ၏ လက်ကို အနည်းငယ် ခါယမ်းလိုက်သည်။ အနက်ရောင်အဆောင်သုံးရွက်သည် ရွှေရောင်ပိုးအိမ်၏ အပြင်ဘက်တွင် ပေါက်ကွဲသွားပြီး သွေးနှင့်တူသော အနက်ရောင်နှင့် အနီရောင် အရည်များကို ရွှေရောင်ချည်မျှင်များပေါ်သို့ ပက်ဖျန်းလိုက်ရာ ပိုးအိမ်အတွင်းသို့ စိမ့်ဝင်သွားသည်။
အနက်ရောင် သွေးအဆောင်များက ရေနှင့် မီးဒဏ်ကို ခံနိုင်ရည်ရှိသော ရွှေရောင် တာအိုဝတ်စုံကို ညစ်ညမ်းစေလိုက်သည့်အတွက် ထူထပ်သော မီးခိုးဖြူများ ထွက်ပေါ်လာပြီး ဝတ်စုံသည် ခေတ္တမျှ စွမ်းအားမဲ့သွားသည်။
မအောင့်နိုင်တော့သော ပရိသတ်ထဲမှ တစ်ယောက်က အော်ပြောလိုက်သည်၊၊
“ဒါ ဘာကြီးလဲ.. ခွေးနက်သွေးလား.. လုံဟူရှန်းတောင် တပည့်က တကယ်ကြီး အရှက်မရှိတာပဲ’’
ထိုစကားသံ မဆုံးမီမှာပင် ပွဲ၏ရလဒ်က ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အနီရောင်အဆောင်ခုနစ်ရွက်သည် ရွှေရောင်ပိုးအိမ်ကို ဖောက်ထွက်သွားသည်။ အတွင်းဘက်တွင် အနီရောင်မျဉ်းများ ရှုပ်ယှက်ခတ်သွားပြီး လျှိုယွမ်ကျိ၏ လည်ပင်း၊ လက်ဖမိုးနှင့် မျက်နှာတို့တွင် သေးငယ်သော ပြတ်ရှရာများစွာ ဖြစ်ပေါ်သွားသည်။
အကယ်၍ ဤသည်မှာ သေခြင်ရှင်ခြင်းတိုက်ပွဲသာဆိုလျှင် ထိုအနီရောင်အဆောင်စာရွက်များထဲမှ တစ်ခုခုက လျှိုယွမ်ကျိ၏ လည်ပင်းကို အလွယ်တကူ ဖြတ်တောက်သွားပေမည်၊၊
လျှိုယွမ်ကျိအပေါ် ဒဏ်ရာဒါဇင်ပေါင်းများစွာ ရစေပြီးနောက် အနီရောင်အဆောင် ၇ ရွက်သည် ပြန်လည် ပျံသန်းလာပြီး ရှီချန်ကျန်း၏ နောက်ကျောတွင် စက်ဝိုင်းပုံစံ ဝန်းရံ ပျံသန်းနေသည်။
ရှီချန်ကျန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝါရင့် ဆရာကြီးတစ်ဦးကဲ့သို့ ရပ်နေသည်။
လျှိုယွမ်ကျိ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ သူသည် ဝတ်စုံအတွင်းသို့ အစစ်မှန်ချီများကို ဆက်လက်ပို့လွှတ်နေပြီး အတန်ကြာတွင် တိတ်ဆိတ်နေသော ကွင်းအတွင်း၌ ခါးသီးသော စကားသံတစ်ခု ပေါ်ထွက်လာသည်။
“ငါ အရှုံးပေးတယ်...’’
လျှိုယွမ်ကျိ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ သူသည် ခေါင်းကိုမော့ကာ ညနေခင်း၏ ပြာလွင်သော ကောင်းကင်ယံကို ကြည့်လိုက်သည်။ ပြေလျော့နေသော သူ၏ ဆံပင်ရှည်များမှာ ကျောပြင်ထက်တွင် နူးညံ့စွာ ဝဲကျနေသည်။ ထို့နောက် သူက မထင်မှတ်ဘဲ ရယ်မောလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် စိတ်သက်သာရာရမှုများ ရှိနေပြီး ရှီချန်ကျန်းကို လေးစားမှုပြရန် လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။ နောက်ဆုံးတွင် သူသည် ဘာမှမပြောတော့ဘဲ ငြိမ်သက်စွာ လှည့်ထွက်သွားေလသည်။
တိုက်ပွဲကို ကြည့်နေကြသော ကျင့်ကြံသူများသည် တီးတိုးဆွေးနွေးနေကြပြီး လက်ခုပ်တီးခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်းများ မပြုလုပ်ကြပေ။ အဘယ်ကြောင့်ဆိုသော် ရှီချန်ကျန်းနှင့် လျှိုယွမ်ကျိတို့သည် ယနေ့ ရောက်ရှိနေသော ကျင့်ကြံသူအများစုထက် အဆင့်အတန်း ပိုမြင့်သော စွမ်းရည်များကို ပြသသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် အကန့်အသတ်ကြောင့် လျှိုယွမ်ကျိသည် သူ၏ လျှပ်စီးခေါ်ဆောင်၏ စွမ်းအားကို အနည်းငယ်သာ ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။ အချိန်ရလာပြီး သူ၏ ကျင့်ကြံခြင်းတိုးတက်လာပါက သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသူတစ်ဦး ဖြစ်လာမည်မှာ သေချာသည်။
ရှီချန်ကျန်း၏ စွမ်းရည်များမှာမူ ပို၍ပင် စုံလင်လှသည်။ သူ အသုံးပြုသွားသော အဆောင်စာရွက် အမျိုးမျိုးက သူသည် အဆောင်ပညာရပ်တွင် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။
အမှန်စင်စစ် ဤစမ်းသပ်ပွဲတွင် ရှုံးနိမ့်သူဟူ၍ မရှိပေ။ ၎င်းမှာ ခင်မင်ရင်းနှီးစွာ စမ်းသပ်ခြင်းသာ ဖြစ်သည်။ ယနေ့တွင် လျှိုယွမ်ကျိ၏ နည်းစနစ်များက ရှီချန်ကျန်းကို မယှဉ်နိုင်ခဲ့သော်လည်း အနာဂတ်တွင် သူက ပို၍ ညံ့ဖျင်းနေမည်ဟု မဆိုလိုပေ။
သူတို့နှစ်ဦးစလုံးမှာ ဤတိုက်ပွဲမှတစ်ဆင့် အသိအမှတ်ပြုမှု အများအပြား ရရှိခဲ့သည်။ သူတို့၏ စွမ်းရည်မှာ အပိုများ မဟုတ်ဘဲ စစ်မှန်ကြောင်း သက်သေပြနိုင်ခဲ့သည်။ နန်းတော်ရှေ့တွင် တာအိုဆရာ အများအပြားက မော်ရှန်းတောင်နှင့် လုံဟူရှန်းတောင်မှ လူကြီးများကို ဂုဏ်ပြုစကား ပြောနေကြသည်။
ဂိုဏ်းနှစ်ခုမှ တာအိုဆရာကြီးများမှာလည်း အချင်းချင်း ရင်းနှီးဖော်ရွေစွာ ရှိနေကြသည်။ အဆုံးသတ်တွင် တာအိုဂိုဏ်းများ အားလုံးမှာ ညီညွတ်သော အဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။ သူတို့၏ နယ်မြေများမှာလည်း ထပ်တူမကျသလို ယခင်ကလည်း ဘုရားဖူးများအတွက် အပြိုင်အဆိုင် မရှိခဲ့ကြပေ။
“ပျင်းစရာကြီး’’
ရှီချန်ကျန်းက လှောင်ပြုံးဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ နဖူးပေါ်က ကျောက်စိမ်းကို ပြန်တည့်လိုက်ပြီး ထိုင်နေရာမှ မထသေးသော ဝမ်ရှန်းကို ကြည့်လိုက်သည်၊၊
“ဒီပစ္စည်းကို အသက်သွင်းရတာ မလွယ်ဘူး.. ဟေး ဝူတန်းတောင်က… ခုနက ဓားစွမ်းပြနေတဲ့လူ.. ငါတို့ တစ်ပွဲလောက် စမ်းကြည့်ကြမလား’’
တခြားသူများကို ခြိမ်းခြောက်ရန် သူ၏ ပစ္စည်းကို အသုံးပြုဖို့ ပြောလိုက်သော သူ၏ စကားမှာ သူ၏ အရှက်မရှိပုံကို ပို၍ ပေါ်လွင်စေသည်။
အားလုံး၏ အကြည့်များမှာ ဝမ်ရှန်းထံသို့ ချက်ချင်း ရောက်သွားသည်။ သို့သော် အချို့ကမူ မုဝမ်ရွှမ်းထံသို့ မလွှဲမရှောင်သာ ကြည့်မိသွားကြပြန်သည်။ သူမက အာရုံစိုက်မှုအားလုံးကို သူမထံသို့ ရောက်အောင် အတင်းအကျပ် ဆွဲဆောင်နေသည့်နှယ် ရှိသည်။
ရှီချန်ကျန်း၏ ပစ်မှတ်မှာ အစကတည်းက ဝမ်ရှန်းသာဖြစ်သည်။ လျှိုယွမ်ကျိက ကြားဖြတ်ဝင်လာ၍သာ တိုက်ပွဲ ဖြစ်သွားရခြင်း ဖြစ်သည်။ ယခု သူက အနိုင်ရရှိသွားပြီ ဖြစ်၍ သူ၏ ယုံကြည်မှုမှာ အထွတ်အထိတ်သို့ ရောက်နေသည်။
ရှားပါးရတနာပစ္စည်းတစ်ခု လက်ဝယ်ရှိနေသဖြင့် ရှီချန်ကျန်းသည် သူ၏ အောင်ပွဲကို ယုံကြည်စိတ်ချနေသည်။
ခုံတန်းရှည်ပေါ်တွင် ထိုင်နေသော ဝမ်ရှန်းမှာမူ အတွေးထဲတွင် နစ်ဝင်နေပုံရသည်။ သူသည် အခြေအနေကို ပုံကြီးချဲ့ တွေးနေခြင်းမရှိဘဲ ဆရာဖြစ်သူ၏ အကြံပေးချက်ကို ပြန်လည်စဉ်းစားနေခြင်း ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်မှုကို ငြင်းဆိုသင့်သလားဟု သူ တွေးနေမိသည်။
အနည်းဆုံးတော့ ဆရာ့စကားကို ငါ မှတ်မိနေသေးသားပဲ…
ဝမ်ရှန်း တွေးလိုက်သည်။ သို့သော် ဆန့်ကျင်ဘက် အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်လာပြန်သည်။
ဘဝမှာ တစ်ခါတလေတော့ မိုက်ရူးရဲဆန်မိဖို့ လိုအပ်သည်။ တိုက်ပွဲမရှိဘဲ ဆုတ်ခွာခြင်းက သူ၏ စိတ်ဓာတ်ကို ထိခိုက်စေမည် မဟုတ်သော်လည်း သူ့အတွက် ကောင်းကျိုးတော့ ရှိမည်မဟုတ်ပေ။ ပို၍ဆိုးသည်မှာ သူသည် ကြောက်တတ်သူ၊ သတ္တိနည်းသူဟု နာမည်တွင်သွားလိမ့်မည်။
သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်ပြီးနောက် ဝမ်ရှန်းက ဘာခံစားချက်မှ မပါသော မျက်နှာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ လူအုပ်ကြီး၏ စိတ်အားထက်သန်သော အကြည့်များရှေ့တွင် သူသည် မတ်တတ်ရပ်ကာ ကျိုးရင်လောင်ထံသို့ လျှောက်သွားလိုက်သည်။
“စီနီယာအစ်ကို… ကျွန်တော့်ကို ဓားခဏလောက် ထပ်ငှားလို့ ရမလား’’
ကျိုးရင်လောင်သည် သူ၏ ဓားရှည်ကို လက်နှစ်ဖက်ဖြင့် ချက်ချင်း ကမ်းပေးလိုက်သည်။ အနီးရှိ ဝူတန်းမှ တာအိုဆရာနှစ်ဦးက ဝမ်ရှန်းကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သူတို့ တစ်ခုခုပြောချင်သော်လည်း ပြန်မျိုချလိုက်သည်။
ကျင့်ကြံသူ အများအပြားမှာမူ ဤအခြေအနေကို ရယ်စရာကောင်းသည်ဟု ထင်နေကြသည်။ တစ်ယောက်က ဂိုဏ်းမှပေးလိုက်သော ရှားပါးပြီး စွမ်းအားကြီးရတနာကို ကိုင်ထားသည်။ နောက်တစ်ယောက်ကမူ တိုက်ပွဲဝင်ရန် သူ၏ ဂိုဏ်းတူအစ်ကိုထံမှ ဓားကို ငှားနေရသည်။ ဝူတန်းက လူအုပ်ကြီးကို အံ့ဩအောင် လုပ်ပြသွားတဲ့ သူတို့ရဲ့ ဓားသမားအပေါ်မှာ ဒီလောက်တောင် တန်ဖိုးမထားတာလား။
“ကျုပ်ရဲ့ အကန့်အသတ်ကို စမ်းသပ်ကြည့်ဖို့ ဒီအခွင့်အရေးကို ယူချင်တာပါ.. လုံဟူရှန်းတောင်က ထိပ်တန်းတပည့်ကို ကျုပ် မယှဉ်နိုင်ရင် ဝူတန်းတောင်ကို အရှက်ရစေနိုင်တယ်’’
ဝမ်ရှန်းက ပြောလိုက်သည်။
“မင်းရဲ့ လုံခြုံရေးကိုပဲ ဦးစားပေးပါ ဂိုဏ်တူတူလေး.. ဂုဏ်သိက္ခာဆိုတာ မင်းရဲ့ အသက်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး’’
ဝူတန်းမှ တာအိုဆရာ တစ်ဦးက အကြံပေးသည်။
“ဟုတ်တယ်.. ပြိုင်ဆိုင်လိုစိတ် သိပ်မပြင်းထန်ပါနဲ့ တူလေး... ကျင့်ကြံခြင်းဆိုတာ တည်ငြိမ်မှုနဲ့ ကြည်လင်မှုကိုပဲ အဓိကထားတာပါ’’
အခြားတစ်ဦးကလည်း ထပ်ပြောသည်။
ထိုတာအိုဆရာ နှစ်ဦးသည် ဝမ်ရှန်းအနေဖြင့် ရှီချန်ကျန်းကို ယှဉ်နိုင်မည်မဟုတ်ဟု ယူဆထားကြပြီး သူ ဒဏ်ရာရသွားမှာကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆောင်ပညာရပ်၏ စွမ်းအားကို အထင်အရှား မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ၏ လက်ထဲတွင် အဆောင်များသည် အသက်အန္တရာယ်ပေးနိုင်စွမ်းရှိသည်။
ဝမ်ရှန်းသည် ဓားပညာတွင် ထူးချွန်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အကန့်အသတ် ရှိနေသည်။ ဓားစွမ်းအင် သို့မဟုတ် ဓားအလင်းတန်းမရှိဘဲ ပေငါးဆယ်ကျော်အကွာကနေ အဆောင်စာရွက်တွေနဲ့ တိုက်ခိုက်နိုင်တဲ့ ရန်သူကို သူ ဘယ်လိုများ ပြန်တိုက်မှာလဲ။
မုဝမ်ရွှမ်းသည် ဝမ်ရှန်းနားသို့ လျှောက်လာပြီး သူ၏ တာအိုဝတ်စုံလက်ကို အသာအယာ ဆွဲလိုက်သည်။
ဝမ်ရှန်းက သူမကို ကြည့်လိုက်သည်။ သူမသည် သူမ၏ ဂျူနီယာမောင်လေးကို အကြံပေးချင်သော်လည်း စကားမပြောနိုင်သဖြင့် သိသိသာသာကို စိုးရိမ်ပူပန်နေရှာသည်။
“စိတ်မပူပါနဲ့ စီနီယာအစ်မ.. ကျွန်တော် အဆင်ပြေမှာပါ’’
ဝမ်ရှန်းက သူမကို နှစ်သိမ့်ရန် တိုးတိုးလေး ပြောလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ဝါရင့် တာအိုဆရာကြီးများ၊ တက်ကြွနေသော ရသေ့ငယ်များနှင့် လှပသော မိန်းကလေးကျင့်ကြံသူများ အားလုံးမှာ အတွေးတစ်ခုတည်း ရှိနေကြပုံရသည်။
တစ်ယောက်က ခပ်တိုးတိုး ရယ်မောရင်း ပြောလိုက်သည်၊၊
“အဲဒီနှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲ… အားကျစရာပဲ’’
ဝမ်ရှန်းက သူတို့ကို တစ်ချက် ကြည့်လိုက်သည်။ တာအိုဂိုဏ်း အများစုသည် အိမ်ထောင်ပြုခြင်းကို မတားမြစ်သော်လည်း ထိုကဲ့သို့ ကိစ္စများကို လူပုံအလယ်တွင် ပွင့်ပွင့်လင်းလင်း မပြောသင့်ပေ။ ထို့အပြင် သူနှင့် စီနီယာအစ်မ၏ ဆက်ဆံရေးမှာလည်း အလွန်ပင် စင်ကြယ်လှသည်။ တစ်ယောက်က တာအိုမှာပဲ စိတ်နှစ်ထားပြီး ထိုကဲ့သို့ အတွေးမျိုး မရှိသလို၊ အခြားတစ်ယောက်ကလည်း ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်လွန်း၍ ထိုကိစ္စများကို နားမလည်ပေ။
ဝမ်ရှန်းက ထိုစကားကို ပြန်မချေပရန် ဆုံးဖြတ်လိုက်သည်။ ရှင်းပြဖို့ ကြိုးစားလေ ပိုဆိုးလေဖြစ်လိမ့်မည်။
စင်ကြယ်သူသည် စင်ကြယ်မြဲပင် ဖြစ်သည်။ သူ၏ ကိုယ်ပိုင်မူဝါဒ ရှိသည်။ အချစ်ရေးကိစ္စများကို မစဉ်းစားမီ တာအိုတွင် အခြေခိုင်အောင် အရင်လုပ်ရမည် ဖြစ်သည်။
ဓားကို တင်းတင်းဆုပ်ကိုင်ရင်း ဝမ်ရှန်းသည် လရောင်စင်မြင့်၏ အလယ်ဗဟိုသို့ လျှောက်သွားလိုက်သည်။ သူသည် ရှီချန်ကျန်းနှင့် ပေ ၅၀ ခန့်အကွာတွင် ရပ်လိုက်ပြီး ယဉ်ကျေးစွာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
လုံဟူတောင်မှ တပည့်ဖြစ်သူက တစ်ခုခုကို ကြံစည်နေသကဲ့သို့ မျက်ခုံးပင့်လိုက်သည်။ သူက ပရိယာယ်အပြုံးဖြင့် နှုတ်ဆက်သည်၊၊
“ရှီချန်ကျန်း၊ တာအိုဘွဲ့က ချန်ကျန်း.. လုံဟူရှန်းတောင် ကောင်းကင်သခင်ဂိုဏ်းရဲ့ တပည့်ပါ’’
“ဝမ်ရှန်း၊ တာအိုဘွဲ့က ဖေးယွီ... ဝူတန်တောင်က ချင်ယန်ဇီရဲ့ တပည့်ပါ’’
ဝမ်ရှန်းက သူ၏ ဆရာအမည်ကိုပါ ထည့်သွင်း၍ ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်သည်။
လူအုပ်ကြီးဆီမှ ဘာတုံ့ပြန်မှုမှ မရှိခြင်းက သူတို့က ချင်ယန်ဇီ အကြောင်းကို မကြားဖူးကြောင်း ထင်ရှားစေသည်။
ဝမ်ရှန်း ကိုယ်ဟန်မပြင်ရသေးမီမှာပင် ရှီချန်ကျန်းက နောက်ပြောင်သလို ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်၊၊
“ဟေ့ ကောင်လေး... မင်းနဲ့ မင်းရဲ့ စီနီယာအစ်မက... သိတယ်မလား... အတူတူပဲမလား။ သူ့ဖုန်းနံပါတ်လေး ပေးလို့ ရမလား။ နေဦး... ငါတို့ လောင်းကြေးထပ်ကြမလား။ မင်း ရှုံးရင် သူ့ရဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေ ငါ့ကို ပေးရမယ်။ ဘယ်လိုလဲ’’
ဝမ်ရှန်း၏ နှုတ်ခမ်းများ တွန့်သွားသည်။
ဒီကောင်ကတော့...
ဒီလောက်အထိ လက်ယားအောင် လုပ်နိုင်တဲ့အခြားလူ ရှိပါ့ဦးမလားပဲ။
“တိုက်ပြီးမှပဲ ပြောကြတာပေါ့’’