← Chapters

ခုနှစ်စင်ကြယ်ဓားစွမ်း ပြသခြင်း

Vol. 3 Ch. 27

ခုနှစ်စင်ကြယ်ဓားစွမ်း ပြသခြင်း

Vol. 3 Ch. 27

ဝမ်ရှန်းသည် ဓားကို ဘယ်ဘက်လက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူ၏ အကြည့်တို့သည် တည်ငြိမ်ကာ တုန်လှုပ်မှု မရှိပေ။

ရှီချန်ကျန်း နှာခေါင်းရှုံ့လိုက်သော်လည်း သတိထားနေဆဲဖြစ်သည်၊၊ ဝမ်ရှန်း ထုတ်ဖော်လိုက်သည့် ကောင်းကင်ထက်က ကြယ်မှုန်များကဲ့သို့ လွင့်ပျံနေသော ထက်ရှသည့် ဓားပုံရိပ်များသည် သူ၏ စိတ်ထဲတွင် စွဲထင်နေဆဲပင်။

ရှီချန်ကျန်းသည် ခြေကို မြေပြင်တွင် အခိုင်မာအားယူလိုက်ပြီး လက်ချောင်းများဖြင့် ဓားပုံစံပြုလုပ်လိုက်သည်၊၊ သူ၏ နဖူးပေါ်ရှိ လခြမ်းပုံစံ ကျောက်စိမ်းသည် ခပ်ဖျော့ဖျော့ တောက်ပလာပြီး လက်မောင်းနှင့် ပေါင်တွင် ပတ်ထားသည့် အိတ်များအတွင်းမှ အဆောင်စာရွက်များ ထွက်ပေါ်လာကာ သူ့ပတ်ပတ်လည်တွင် ဝဲပျံနေသည်၊၊

ရှီချန်ကျန်းက မျက်လုံးကို မှေးကာ ပြုံးလိုက်ပြီး လက်ချောင်းဖြင့် သေနတ်ပစ်သည့် ပုံစံလုပ်ကာ ဝမ်ရှန်းထံသို့ ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်၊၊ ဝူးခနဲ မြည်သံနှင့်အတူ အစိမ်းရောင်အဆောင် ၁ရွက် ၊ အမည်း‌ရောင်အဆောင် ၂ရွက် အဝါရောင်အဆောင် ၃ရွက်နှင့် အနီရောင်အဆောင် ၇ရွက် စုစုပေါင်း အဆောင် ၁၃ရွက်သည် အစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းကာ ဝမ်ရှန်းထံသို့ တစ်ခုပြီးတစ်ခု ပျံသန်းသွားလေသည်၊၊

ဝမ်ရှန်းသည် ဓားကို မထုတ်သလို ချီစွမ်းအင်ကိုလည်း စုစည်းခြင်း မရှိဘဲ တည်ငြိမ်စွာပင် ရပ်နေသည်၊၊ စည်းနှောင်ထားသော သူ၏ ဆံပင်များမှာလည်း လေတိုးသည့်အရှိန်ကြောင့် လှုပ်ရှားနေသည်၊၊

ပထမဆုံး အဝါရောင် အဆောင် ၃ခုသည် မီးလုံးများအဖြစ် ပြောင်းလဲသွားပြီး ဝမ်ရှန်း၏ မျက်နှာ၊ ရင်ဘတ်နှင့် ပေါင်ရင်းတို့ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်၊၊

နောက်ဆုံးတွင် ဝမ်ရှန်းသည် ခြေလှမ်း သုံးလှမ်း လှမ်းလိုက်သည်၊၊ ချောမွေ့ပြီး တည်ငြိမ်သော သူ၏ လှုပ်ရှားမှုများသည် တစ်ဆက်တည်း ဖြစ်နေသယောင် ထင်မှတ်ရသည်၊၊ အနီးကပ် ကြည့်နေသူများအဖို့မူ တိုးဝင်လာသော မီးလုံးများသည် နားမလည်နိုင်လောက်အောင် နှေးကွေးသွားသကဲ့သို့ ခံစားရလေသည်၊၊

ထိုထူးဆန်းသော အခြေအနေကြောင့် ကြည့်ရှုနေသူများ တောင့်တင်းသွားကြသည်၊၊

အမှန်တကယ်တော့ မီးလုံးများ နှေးကွေးသွားခြင်း မဟုတ်ပေ၊၊ ဝမ်ရှန်း၏ ခြေလှမ်းမှာ အလွန် လျင်မြန်ပေါ့ပါးလွန်း၍ ကြည့်ရှုသူများ၏ အမြင်ကို ဝေဝါးသွားစေခြင်းသာ ဖြစ်သည်၊၊

မီးလုံးသုံးလုံး လွဲချော်သွားပြီး ဝမ်ရှန်းသည် ဘယ်ဘက် သုံးမီတာအကွာတွင် ပြန်ပေါ်လာသည်၊၊ သူသည် ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ တည်ငြိမ်စွာပင် ရှီချန်ကျန်းထံသို့ ဆက်၍ ချဉ်းကပ်သွားသည်၊၊

ရှီချန်ကျန်းသည် ဝမ်ရှန်းက ထိုမျှ နီးကပ်သော အကွာအဝေးမှ သူ၏ တိုက်ခိုက်မှုကို မည်သို့ ရှောင်တိမ်းသွားသည်ကို နားမလည်နိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားသည်၊၊ သို့သော်လည်း ကျန်ရှိနေသော အဆောင်များကို ရှေ့သို့ ဆက်တိုက်တိုးစေလိုက်သည်၊၊ အနီရောင် အဆောင် ၇ခု၏ ဝန်းရံမှုဖြင့် အစိမ်းရောင်အဆောင်သည် ကြိုးကြာငှက်ဝိညာဥ်တစ်ကောင်အဖြစ် ပြောင်းလဲကာ ဝမ်ရှန်းထံသို့ ထိုးဆင်းလာသည်၊၊

ကြိုးကြာငှက်ဝိညာဥ်သည် တောင်ပံများကို ဖြန့်ကာ ထက်ရှသော ခြေသည်းများဖြင့် ဝမ်ရှန်း၏ ပုခုံးကို လှမ်းကုတ်ဆွဲလိုက်သည်၊၊ သို့သော် ဝမ်ရှန်းက ထိုငှက်ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ ရှီချန်ကျန်းကိုသာ စိုက်ကြည့်နေသည်၊၊ သူသည် နောက်သို့ နှစ်လှမ်း ဆုတ်ကာ ဘေးတိုက် တစ်လှမ်းနှင့် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်၊၊ ကိုယ်ကို အသာအယာ လှည့်လိုက်ရုံဖြင့် ကြိုးကြာငှက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်နိုင်သည်၊၊

“သူ သွားနေတဲ့ လမ်းကြောင်းကို ကြည့်လိုက်စမ်း”

တစ်ယောက်က အံ့သြတကြီးအသံဖြင့် အော်ပြောလိုက်သည်၊၊

“ဒါက ခုနှစ်စင်ကြယ် လမ်းကြောင်းပဲ”

ကြည့်ရှုသူများသည် ဝမ်ရှန်း ဖြတ်သန်းခဲ့သည့် မြေပြင်ပေါ်သို့ အာရုံရောက်သွားကြသည်၊၊ သူ နင်းခဲ့သည့် နေရာတိုင်းတွင် ကမ္ဘာဦးချီများ ကျန်ရစ်နေသည်ကို တွေ့လိုက်ရသည် ထိုမှိန်ပျပျ အလင်းတန်းများကို ဆက်ကြည့်လိုက်လျှင် စောင်းနေသော ရေမှုတ်ခွက်နှစ်ခုနှင့် တူသည့် ပုံစံတစ်ခု ဖြစ်ပေါ်နေသည်၊၊

ဝမ်ရှန်းက ခပ်တိုးတိုး ရယ်မောကာ အရှိန်မြှင့်လိုက်သည့်အခါ ရှီချန်ကျန်း၏ ခန္ဓာကိုယ်မှ ချွေးစေးများ ထွက်လာလေသည်၊၊ ဝမ်ရှန်း၏ အေးအေးလူလူ လမ်းလျှောက်နေခြင်းသည် ပို၍လျင်မြန်လာသည်၊၊

ရှီချန်ကျန်းသည် အသက်ကို ပြင်းပြင်းရှူကာ အမည်းရောင်အဆောင်သုံးခု၊ အနီရောင်အဆောင်ခုနှစ်ခုနှင့် ကြိုးကြာငှက်တို့ကို သူ့ထံ ပြန်လာရန် အသည်းအသန် အမိန့်ပေးလိုက်သည်၊၊ သူ၏ ခြေထောက်တွင် ကပ်ထားသော နတ်ဘုရားအမြန်နှုန်းအဆောင်နှင့် မျောက်ဝံခုန်ပျံအဆောင်တို့ကို အသုံးပြုကာ ချက်ချင်းပင် ဘေးဘက်ဆယ်မီတာကျော်သို့ ခုန်ထွက်လိုက်သည်၊၊

သူ မြေပြင်ပေါ် မနင်းမိခင်မှာပင် နဖူးမှ ချွေးစက်တစ်စက် စီးကျလာသည်၊၊ သူ့မျက်လုံးထောင့်မှ ဝမ်ရှန်းကို လှမ်းမြင်လိုက်ရသောကြောင့်ဖြစ်သည်၊၊ ဝမ်ရှန်းသည် ပို၍ပင် ဖမ်းဆုပ်ရ ခက်ခဲလာပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်၊၊ မဟုတ်သေးပေ… သူ့လှုပ်ရှားမှုကို လိုက်ကြည့်ရန်ပင် မဖြစ်နိုင်တော့ချေ၊၊ ဝမ်ရှန်းသည် သူ၏ ပြိုင်ဘက်ကင်း အမြန်နှုန်းကို တန်ပြန်ရန် အစီအရင်တစ်ခုကို အသုံးပြုနေပုံရသည်၊၊

ခုနှစ်စင်ကြယ်လျှောက်လှမ်းခြင်း - ကြယ်တာယာခြေလှမ်း၊၊

ရှီချန်ကျန်း၏ နောက်တွင် တောက်ပသော ကြယ်ပွင့်များစွာ ထွက်ပေါ်လာပြီး သူ့ထံသို့ အရှိန်ဖြင့် တိုးဝင်လာကြသည်၊၊ ထို့နောက် ထိုကြယ်များသည် စူးရှစွာ တောက်ပလာပြီး မြေပြင်ပေါ် မကျခင်မှာပင် ရှီချန်ကျန်းကို လေထဲ၌ ဝန်းရံပိတ်ဆို့လိုက်သည်၊၊

ခုနှစ်စင်ကြယ် ဓားအစီအရင်၊၊

ရွှမ်း…

ဓားအိမ်ထဲမှ ဓားထွက်လာသည့် ပြတ်သားသော အသံကြောင့် ပွဲကြည့်နေသော ကျင့်ကြံသူများ သတိပြန်ဝင်လာကြသည်၊၊ ခုနှစ်စင်ကြယ်ဓားအစီအရင်မှ ထွက်ပေါ်လာသည့် ပြင်းထန်သော ဓားဆန္ဒကို အာရုံရောက်သွားပြီးမှ သူတို့ ပြန်ကြည့်လိုက်သည့်အခါ ကြယ်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်၊၊ ဝမ်ရှန်း လျှောက်ခဲ့သည့် လမ်းကြောင်းတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ချီစွမ်းအင်အကြွင်းအကျန်အချို့သာ ရှိနေသည်၊၊

ကွင်းပြင်၏ ထောင့်စွန်းတွင် ရှီချန်ကျန်းသည် တစ်ကိုယ်လုံး တောင့်တင်းနေပြီး လက်ချောင်းတစ်ချောင်းပင် မလှုပ်ရဲတော့ပေ၊၊

ဝမ်ရှန်းသည် သူ၏ ရှေ့တွင် ရပ်နေသည်၊၊ ညာဘက်လက်ကို နောက်ပစ်ထားပြီး ဘယ်ဘက်လက်ကို မြှောက်၍ ဓားအိမ်ကို ကိုင်ထားသည်၊၊ ဓားအိမ်အတွင်းမှ သုံးလက်မခန့် ထွက်နေသော ဓားရှည်သည် ရှီချန်ကျန်း၏ လည်ပင်းနားတွင် ဝင်းလက်နေသည်၊၊

ရှီချန်ကျန်း၏ မျက်နှာမှာ လူသေကောင်ကဲ့သို့ ဖြူလျော်သွားသည်၊၊ ထက်ရှသော ဓားဆန္ဒက သူ၏ အရိုးထဲအထိ ထိုးဖောက်ဝင်ရောက်သွားတော့မလို သူခံစားနေရသည်၊၊

“အစ်ကိုရှန်း စိတ်မဆိုးပါနဲ့…. ငါ..ငါ ကျိန်ပြောရဲပါတယ်… မင်းရဲ့ စီနီယာအစ်မအပေါ်မှာ ငါ ဘာမကောင်းတဲ့ စိတ်မှ မရှိပါဘူး”

ဝမ်ရှန်းသည် လက်ကောက်ဝတ်ကို အသာအယာ လှုပ်လိုက်ကာ ရှီချန်ကျန်း၏ လည်ပင်းနားမှ ဓားရှည်ကို ပြန်ရုတ်သိမ်းလိုက်သည်၊၊ ဓားသည် မြည်သံတစ်ချက်နှင့်အတူ ဓားအိမ်ထဲသို့ ပြန်ဝင်သွားသည်၊၊

ဝမ်ရှန်းက လက်နှစ်ဖက်ကို ဆုပ်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်၊၊

“အဆောင်ပညာရပ်က တကယ်ကို နက်နဲကျယ်ပြန့်တာပဲ၊၊ ဒီပွဲကနေ ကျွန်တော် အများကြီး သင်ယူလိုက်ရပါတယ်”

ရှီချန်ကျန်းက ခါးသီးစွာ ပြုံးလိုက်သည်၊၊

“သောက်ကျိုးနည်း... အစ်ကိုရှန်း မင်းက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ”

ဝမ်ရှန်း လှည့်ထွက်သွားစဉ် ရှီချန်ကျန်း၏ မျက်လုံးထဲတွင် အားမလိုအားမရ ဖြစ်မှုအချို့ ဖြတ်ပြေးသွားသည်၊၊ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မဝံ့မရဲဖြင့် အော်ပြောလိုက်သည်၊၊

“ဟေ့ ဓားသမားကောင်…. ငါရှုံးတာကို မကျေနပ်သေးဘူး၊၊ နောက်တစ်ပွဲလောက် ပြန်ချရအောင်”

ဝမ်ရှန်းက မျက်မှောင် အနည်းငယ် ကြုတ်ကာ ကြည့်လိုက်ရာ ရှီချန်ကျန်းက ခေါင်းကို ကုတ်ပြီး အားနာသလို ကြည့်နေသည်၊၊

ရှီချန်ကျန်း ချက်ချင်းပင် သိက္ခာပြန်ဆယ်လိုက်ပြီး ပခုံးတွန့်ကာ ပြောသည်၊၊

“ငါက ငါ့စွမ်းရည်တွေကို အကုန်မထုတ်ရသေးခင်မှာပဲ ရှုံးသွားသလို ခံစားရလို့ပါ၊၊ မင်းရဲ့ ခြေလှမ်းက တကယ်ကို ထူးခြားလွန်းတယ်၊၊ ငါ မယှဉ်နိုင်တာကို ဝန်ခံပါတယ်၊၊ ဒါပေမဲ့ ဒီလောက်ကြီး အရှက်ရပြီးတော့တော့ မရှုံးချင်ဘူးလေ… သတိတယ်မလား… ငါ့ကို အရှက်မရှိတဲ့လူပဲဖြစ်ဖြစ်၊ လူယုတ်မာပဲဖြစ်ဖြစ် ကြိုက်သလိုခေါ် ရတယ်… နောက်တစ်ပွဲ ထပ်မချပေးဘူးဆိုရင်တော့ လျှိုယွမ်ကျိလိုပဲ ဝူတန်းတောင်အထိ နေ့တိုင်း လိုက်နှောင့်ယှက်ပြီး စိန်ခေါ်နေမှာနော်”

ဝမ်ရှန်းသည် ထိုလူ၏ ရဲတင်းလွန်းသော စကားကြောင့် ရယ်လည်းရယ်ချင်သလို စိတ်လည်း ပျက်သွားမိသည်၊၊

လုံဟူရှန်းတောင်က ဆရာတွေက ဒီကောင်ကို ဘာလို့ လွှတ်ထားကြတာလဲ….

မော်ရှန်းတောင် တပည့်တစ်ယောက်က ကြားဖြတ်ဝင်ပြောလိုက်သည်၊၊

“လုံဟူရှန်းတောင်ရဲ့ ဂုဏ်သရေရှိ တပည့်က ရှုံးသွားတာကို ဒီလိုမျိုးတွေ လုပ်နေတာလား တကယ်ကို ရယ်စရာပဲ”

ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ထိုစကားကြောင့် လူအများ၏ တုံ့ပြန်မှုများ ထွက်ပေါ်လာလေသည်၊၊ ရှီချန်ကျန်းကို ကြည့်မရဖြစ်နေကြသော လူငယ်ကျင့်ကြံသူများသည်လည်း သူတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်လာကြသည်၊၊

“မင်း နိုင်တဲ့အချိန်မှာတော့ တခြားလူကို နှိမ်ပြီး အခုကျတော့ သိက္ခာရှိရှိ အရှုံးမပေးနိုင်ဘူးလား… လုံဟူရှန်းတောင်က လူတွေက တကယ်ကို အဓိပ္ပာယ်မရှိတာပဲ”

“နိုင်တာ၊ ရှုံးတာက ဒီလောက် အရေးကြီးလို့လား… ဒါက သိုင်းပညာဖလှယ်တဲ့ ပွဲပဲလေ၊၊ ငါတို့က ဥပဒေရှိတဲ့ လူ့အဖွဲ့အစည်းမှာ နေနေတာနော်… မင်းက တာအိုပညာရပ်တွေသုံးပြီး လူသတ်ဖို့ ကြံနေတာလား”

“ဒီလို ကလေးကလားအပြုအမူတွေက အဓိပ္ပာယ်မရှိတာတွေပဲ… တာအိုဆရာ ဖေးယွီရဲ့ ဓားပညာက တကယ်ကို အံ့မခန်းပဲ၊၊ ဒီခြေလှမ်းမျိုးနဲ့ဆိုရင် ဘယ်သူမဆို ဘယ်နှစ်ကြိမ် ပြန်ချချ ဒီလိုပဲ ရှုံးမှာပဲ”

“ဟေ့လူ ဓားသမားကို လွှတ်ပေးလိုက်ပါတော့… နောက်တစ်ခါ ထပ်ချရင်လည်း မင်းပဲ ပိုပြီး အရှက်ကွဲရမှာဟ”

အဆက်မပြတ် ကဲ့ရဲ့သံများကြောင့် ချုံရှီးနန်းတော်ရှေ့ရှိ လေးနက်သော အခြေအနေသည် စည်ကားသော လမ်းဘေးဖျော်ဖြေပွဲတစ်ခုကဲ့သို့ ဖြစ်သွားပြီး ကျင့်ကြံသူများ၏ ပုံမှန်တည်ငြိမ်အေးချမ်းမှုများ ပျောက်ကွယ်သွားလေသည်၊၊

ထူးဆန်းသည်မှာ ရှီချန်ကျန်းသည် သူ့ထံသို့ ဦးတည်နေသော ဆဲဆိုသံများကို လုံးဝ ဂရုမစိုက်ဘဲ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်၊၊ သူနှင့် မတူသည်မှာ ကျန်ရှိသော လုံဟူရှန်းတောင် တပည့်များသည် ခေါင်းငုံ့ထားကြလေသည်၊၊

ငါတို့ အဲဒီကောင်ကို မသိဘူး…

ရှီချန်ကျန်းက ရယ်မောလိုက်ပြီး သူ၏ နဖူးပေါ်ရှိ ကျောက်စိမ်းကို လက်ဖြင့် အသာအယာအုပ်ကာ ဝမ်ရှန်းကို ရွှတ်နောက်နောက် ပုံစံဖြင့် ကြည့်လိုက်သည်၊၊

“လုပ်ပါ အစ်ကိုရှန်းကလည်း… မင်းကို အခုကစပြီး အစ်ကိုကြီးလို့ ခေါ်မယ်လေ… ဘယ်လိုလဲ… နောက်တစ်ပွဲလောက်ပဲ ထပ်ချပေးပါ၊၊ အဲဒါတောင် ထပ်ရှုံးရင်တော့ ငါ ဝန်ခံပြီး နောက်ဘယ်တော့မှ လိုက်မနှောင့်ယှက်တော့ဘူး”

ဒီကောင်က…

ဝမ်ရှန်းသည် စိတ်ထဲတွင် အနည်းငယ် ကသိကအောက်ဖြစ်သွားသော်လည်း ရှီချန်ကျန်း၏ တတွတ်တွတ်ပြောကာ လိုက်နှောင့်ယှက်ခြင်းကို မခံချင်သဖြင့် ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်၊၊

ရှီချန်ကျန်း၏ မျက်နှာတွင် နတ်ဆိုးဆန်သောအပြုံးတစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ရိုးသားသော အပြုံးဖြင့် ဖုံးကွယ်လိုက်သည်၊၊ သူသည် ဆယ်မီတာခန့် အကွာသို့ ပြေးသွားပြီး ယခင်ပွဲကဲ့သို့ပင် အနေအထားပြင်လိုက်သည်၊၊ သို့သော် ယခုတစ်ကြိမ်တွင် သူ၏ ခြေထောက်ရှိ နတ်ဘုရားအမြန်နှုန်းအဆောင်နှင့် မျောက်ဝံခုန်ပျံအဆောင်တို့ကို အသစ်လဲလိုက်သည်၊၊

All Chapters