ဓားစွမ်းအင်
Vol. 3 Ch. 28
ဝမ်ရှန်းသည် ပြိုင်ဘက်ကို အလေးထားသည့်အနေဖြင့် ဓားရှည်ကို ထုတ်ကာ ညာဘက်လက်ဖြင့် ကိုင်လိုက်သည်၊၊ သူသည် ရှီချန်ကျန်းကို တည်ငြိမ်စွာ ကြည့်နေပြီး ပြင်ဆင်ရန် အချိန်အလုံအလောက် ပေးထားလိုက်သည်၊၊
တာအိုသည် ကောင်းကင်နှင့် မြေကြီး၏ နိယာမအတိုင်း စီးဆင်းပြီး ဓားသည် သဘာဝတရား၏ အနှစ်သာရကို ဖော်ဆောင်သည်၊၊
ချင်ယန်ဇီ၏ သွန်သင်မှုနှင့် သူ၏ ဂိုဏ်းမှ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော တာအိုအမွေအနှစ်များကြောင့် ဝမ်ရှန်းသည် စစ်မှန်သော တာအိုကျင့်စဉ်လမ်းကြောင်းကို လျှောက်လှမ်းခဲ့သူဖြစ်သည်၊၊ သူ၏ အစစ်မှန်ချီများသည် သိပ်သည်းတည်ငြိမ်ကာ စီးဆင်းနေသော ရေကဲ့သို့ ပြတ်တောက်မှု မရှိပေ၊၊ သူ၏ စိတ်ဝိညာဉ်အသိသည်လည်း ကြည်လင်နေပြီး ကောင်းကင်နှင့် မြေကြီးသို့ ဆက်နွယ်နေပေသည်၊၊ သူ ရပ်နေပုံမှာ မော်ရှန်းတောင်ထိပ်က ခိုင်မာသော ထင်းရှူးပင်တစ်ပင်ကဲ့သို့ပင် အမြစ်များသည် မြေကြီးထဲတွင် မြဲမြံနေပြီး အကိုင်းအခက်များသည် ကျယ်ပြောသော ကောင်းကင်ဆီသို့ ဆန့်တန်းနေသယောင်ပင်၊၊
သူ၏ ဆန့်ကျင်ဘက်တွင် ရှီချန်ကျန်းသည် သူ့တွင်ရှိသမျှ ပညာအကုန် ထုတ်သုံးနေသည်၊၊ သူ၏ ပတ်ပတ်လည်တွင် ကမ္ဘာဦးချီများ လှိုင်းထနေပြီး သူ၏တိုကပ်သော ဆံပင်များမှာလည်း ထောင်ထနေသည်၊၊ သူ၏ ဘေးမှ အဆောင်စာရွက်ပေါင်းများစွာသည် လေထဲတွင် သစ်ရွက်များကဲ့သို့ ဝဲပျံနေကြသည်၊၊
သူ၏ နဖူးမှ ကျောက်စိမ်း၏ ထောက်ပံ့မှုဖြင့် မြင့်တက်လာသော စိတ်ဝိညာဉ်အသိကြောင့် သူ၏ ချီစွမ်းအင်များသည် သူ့ပတ်ပတ်လည်တွင် လေပွေအသေးစားလေးများကိုပင် ဖြစ်ပေါ်နေစေသည်၊၊ ဝမ်ရှန်းသည် သူ၏ ပြိုင်ဘက်ကို တိုက်ခိုက်ရန် အချိန်ပေးပြီး သဘောထားကြီးစွာ စောင့်ဆိုင်းနေသည်ကို မည်သူမဆိုမြင်နိုင်ပေသည်၊၊
အကယ်၍ ယခုပွဲသည် သေခြင်းရှင်ခြင်းဆုံးဖြတ်ရမည့် ပွဲဆိုလျှင် ရှီချန်ကျန်းမှာ ရှုံးနိမ့်နေသည်မှာ ကြာလှလေပြီ၊၊
သို့သော်လည်း သူတို့သည် တာအိုပညာရပ်ကို လေ့လာရန်အတွက်သာ ယှဉ်ပြိုင်နေခြင်း ဖြစ်သည်၊၊ ထို့ပြင် ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ လက်တွေ့ အသုံးချမှုကို စမ်းသပ်ချင်သလို ရှီချန်ကျန်းကိုလည်း နောင်တွင် သူ့ကို လာမနှောင့်ယှက်ရဲအောင် ဟန့်တားလိုသည်၊၊
ထိုရည်ရွယ်ချက်များအတွက်ကြောင့် သူသည် ရှီချန်ကျန်းကို သူ၏ အစွမ်းအကုန် ထုတ်သုံးခွင့် ပေးထားခြင်းဖြစ်သည်၊၊
“လာစမ်း”
ရှီချန်ကျန်းက အော်လိုက်သည် သူ ထိန်းချုပ်နိုင်သမျှ အများဆုံးဖြစ်သော အဆောင်နှစ်ဆယ်ကျော်သည် သူ့ကိုယ်ပတ်လည်တွင် လည်ပတ်နေသည်၊၊
ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည် သူတို့၏ စိတ်ဝိညာဉ်အသိဖြင့် ရုပ်ဝတ္ထုပစ္စည်းများကို မထိန်းချုပ်နိုင်ကြသေးပေ၊၊ စက္ကူအဆောင်များမှာမူ ပေါ့ပါးသောကြောင့် ထိန်းချုပ်ရန် လွယ်ကူပေသည်၊၊ သူ၏ နဖူးပေါ်ရှိ ကျောက်စိမ်းက သူ၏ စိတ်ဝိညာဉ်အသိကို မြှင့်တင်ပေးထားသောကြောင့် အဆောင်နှစ်ဆယ်ကျော်ကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်၊၊
ဝမ်ရှန်း သက်ပြင်းတစ်ချက် အသာချလိုက်သည်၊၊ ခဏမျှ သူသည် နှင်းများ ဖုံးလွှမ်းနေသော ဝူတန်းတောင်ထိပ်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်၊၊ ပတ်ဝန်းကျင်၏ ဆိတ်ငြိမ်မှုများအကြား ရပ်နေရင်း သူ၏ အစစ်မှန်ချီများ ကိုယ်တွင်း၌ လှည့်ပတ်လိုက်သည်၊၊
သူ၏ ဓားရှည်မှ ခပ်တိုးတိုးအသံမြည်လာသည်၊၊ ပေါ့ပါးသော ခြေလှမ်းများဖြင့် သူသည် ခုနှစ်စင်ကြယ်ဓားအစီအရင်အတိုင်း လှုပ်ရှားလိုက်ရာ ဂလက်ဆီတစ်ခုကို ဖြတ်ကျော်နေသကဲ့သို့ပင်၊၊
ရှီချန်ကျန်းသည် သူ့ထံသို့ တိုးဝင်လာသော ဝမ်ရှန်းကို မျက်တောင်မခတ်ပဲ ကြည့်နေသည်၊၊ သူသည် ဒူးကို ညွှတ်ကာ နောက်သို့ ခုန်လိုက်ပြီး လက်ချောင်းများဖြင့် လက်ဟန်အချို့ကို လျင်မြန်စွာ ပြုလုပ်လိုက်သည် လေတိုးသံများနှင့်အတူ သူ၏ အဆောင်များသည် လေထဲသို့ ပျံတက်သွားသည်၊၊
ကြိုးကြာငှက်ဝိညာဥ်၊ မြွေဝိညာဉ်၊ ကျားဝိညာဉ်... မီး၊ ရေခဲ၊ ရေ၊ သစ်သား...
အဆောင်များသည် ဝမ်ရှန်းကို တားဆီးရန် အစီအရင်များ ဖွဲ့စည်းလိုက်သည်၊၊ သို့သော် လေထဲတွင် လက်ခနဲ ပေါ်လာသော ဓားအလင်းတန်းသည် အစိမ်းရောင် အဆောင်သုံးခုကို သားရဲဝိညာဉ်များအဖြစ် မပြောင်းလဲနိုင်မီမှာပင် ပိုင်းဖြတ်လိုက်သည်၊၊
ဝမ်ရှန်းသည် ရိပ်ခနဲ အရိပ်များကို ချန်ထားခဲ့ကာ ရှေ့သို့ တိုးလာသည်၊၊ ခြေလှမ်းတိုင်းတွင် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ အနှစ်သာရများ ပါဝင်နေပြီး ၎င်းမှာ တျန်းရှူးကြယ်မှ ယောင်ကွမ်းကြယ်သို့ သွားသည့် လမ်းကြောင်းအတိုင်း မဟုတ်တော့ပဲ… သူ၏ လှုပ်ရှားမှုများသည် ခုနှစ်စင်ကြယ်၏ ရှုပ်ထွေးသော လှုပ်ရှားမှုများအတိုင်း ခန့်မှန်းရခက်လှသည်၊၊
ကျင့်ကြံခြင်းအဆင့်နိမ့်သူများသည် ဝမ်ရှန်း ချန်ထားခဲ့သည့် ဓားအလင်းတန်းပုံရိပ်များကိုသာ မြင်နိုင်ပြီး ဝမ်ရှန်းကို မမြင်ရတော့ပေ…
ဝမ်ရှန်းက ခုနှစ်စင်ကြယ်ဓားအစီအရင်အတွင်းရှိ မြောက်ဓူဝံကြယ်နေရာတွင် အမြဲရှိနေစေရန် ပစ်မှတ်ထားခြင်း ခံထားရသော ရှီချန်ကျန်းသည် ပို၍ပင် မျက်စိလည်နေသည်၊၊ သူသည် သူ၏ အဆောင်များကို အစွမ်းကုန် အသုံးပြုနေသော်လည်း ဝမ်ရှန်း၏ ခန့်မှန်းရခက်သော လှုပ်ရှားမှုများကြောင့် ထိရောက်စွာ မတိုက်ခိုက်နိုင်ဖြစ်နေသည်၊၊
ရှီချန်ကျန်းသည် ဝမ်ရှန်းနှင့် အကွာအဝေးတစ်ခုမှာ ရှိနေစေရန် အသည်းအသန် ရှောင်တိမ်းပြီး ဝမ်ရှန်းကို နှေးကွေးသွားစေရန် အဆောင်များကို အဆက်မပြတ်ပစ်လွှတ်နေရသည်၊၊
မီးလုံးများ ရေခဲများ ရေနွေးပူများ - သူ၏ အဆောင်အားလုံး လွဲချော်ကုန်သည်၊၊ သူ ထုတ်လိုက်သော မြေတံတိုင်းမှာလည်း လုံးဝ အသုံးမဝင်ချေ၊၊
အရပ်မျက်နှာ အားလုံးကို လွှမ်းခြုံနိုင်သော တာအိုပညာရပ်မရှိဘဲ၊ ခုနှစ်စင်ကြယ်များ၏ အမြဲပြောင်းလဲနေသော ပုံစံကို နားမလည်ဘဲနှင့် ရှီချန်ကျန်းသည် ဝမ်ရှန်း၏ ခြေလှမ်းကို တားဆီးရန် အခွင့်အရေးမရှိပေ..
ရလဒ်မှာ ယခင်အတိုင်းပင် ဖြစ်သည်…
ရှီချန်ကျန်းသည် သူ့ရှိသမျှ အကွက်အားလုံး ထုတ်သုံးနေသော်လည်း ခုနှစ်စင်ကြယ်ဓားအစီအရင်ကို မဖောက်ထွက်နိုင်သေးပေ၊၊ မကြာမီမှာပင် သူသည် ဓားအစီအရင်အတွင်း ပိတ်မိသွားလေသည်၊၊ ဝမ်ရှန်းသည် ရှီချန်ကျန်းကို ဝန်းရံထားသော အဆောင်အစီအရင်ကို ပိုင်းဖြတ်လိုက်ရာ ရှီချန်ကျန်း လုံးဝစိတ်ဓာတ်ကျသွားသည်၊၊
အဆောင်များမှာ အသုံးပြုရလွယ်ကူသော်လည်း ကာကွယ်ရေးအပိုင်းတွင် အားနည်းပြီး ရုပ်ဝတ္ထုပစ္စည်းများကို ထိန်းချုပ်ခြင်းနှင့် လုံးဝ ကွဲပြားပေသည်၊၊
အဆောင်များကို ပိုင်းဖြတ်ပြီးနောက် ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ဓားအစီအရင်အတွင်းရှိ သူ၏ မူလနေရာသို့ ပြန်ဆုတ်လိုက်သည်၊၊ သူသည် စိတ်ထဲ အားမရဖြစ်နေသေးသဖြင့် ဓားရှည်ကို ဝှေ့ယမ်းကာ အစစ်မှန်ချီများကို ဓားထဲသို့ ထည့်သွင်းလိုက်သည်၊၊ မကြာမီပင် ဓားက ပြင်းထန်စွာ တုန်ခါလာသည်၊၊
မြောက်ဓူဝံကြယ် ဖမ်းဆုပ်ခြင်း၊၊
ဝမ်ရှန်းသည် ဓားလက်ချောင်းပုံစံပြုလုပ်ကာ ဓားသွားဖျားမှ ထက်မြက်ပြီး စုစည်းနေသော အရှိန်အဝါတစ်ခုကို ပစ်လွှတ်လိုက်သည်၊၊ ၎င်းမှာ ဓားရှည်တစ်လက် ပုံစံဖြစ်ပြီး လေထုကိုခွင်းသွားကာ ရှီချန်ကျန်း၏ ဘေးမှ ဖြတ်၍ ဆယ်မီတာကျော်အကွာရှိ ရှေးဟောင်းကျောက်ပြားကြီးကို ထိမှန်ပေါက်ကွဲသွားသည်၊၊
ဓားစွမ်းအင် ပစ်လွှတ်နိုင်ခြင်း…
တာအိုဆရာကြီးများ သိသိသာသာပင် အံ့အားသင့်သွားကြသည်။
ဝမ်ရှန်း ကိုယ်တိုင်ပင် အနည်းငယ် အံ့သြမိသွား၏။ သူသည် လက်ထဲရှိ ဓားရှည်ကို တစ်ချက်ကြည့်လိုက်ပြီး ရယ်ချင်စိတ်တစ်ဝက်ဖြင့် စိတ်ပျက်စရာကောင်းသော ကောက်ချက်တစ်ခုကို ချလိုက်သည်။
သူ၏ ဓားကျွမ်းကျင်မှုသည် ဓားစွမ်းအင်ကို အပြင်သို့ ထုတ်လွှတ်နိုင်စွမ်းရှိနေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူအရင်က သုံးခဲ့သော ထိုက်ကျိဓားမှာ လူအများ ကိုယ်လက်လှုပ်ရှား ကစားရန်အတွက်သာ ရည်ရွယ်ခြင်းဖြစ်ရာ သူ၏ အစစ်မှန်ချီစီးဆင်းမှုကို မခံနိုင်ပေ။ ထို့ကြောင့် သူသည် ဓားစွမ်းအင်ကို ဘယ်သောအခါမှ ထုတ်မသုံးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် ခေါင်းကိုခါယမ်းလိုက်ပြီး မှင်သက်နေသော ရှီချန်ကျန်းကို လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် ဝူတန်းတောင် ကိုယ်စားလှယ်အဖွဲ့ ထိုင်ခုံများရှိရာသို့ ပေါ့ပါးစွာ ပြန်လှည့်လာခဲ့သည်။
သူသည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ရန် ပြင်လိုက်စဉ် ဓားသွားပေါ်တွင် အက်ကြောင်းလေးများ ပေါ်နေသည်ကို သတိပြုမိလိုက်သည်။ သူက သတိဖြင့် တို့ကြည့်လိုက်သောအခါ ဓားသည် တစ်စစီကြေမွသွားပြီး သတ္တုစလေးများ မြေပြင်ပေါ်သို့ လွင့်စင်ကျသွားလေသည်။
ဝမ်ရှန်းမှာ အားတုံ့အားနာစွာဖြင့် ရယ်ရုံသာ တတ်နိုင်တော့သည်။ သူသည် ရှက်ကိုးရှက်ကန်း မျက်နှာပေးဖြင့် ကျိုးရင်လောင်ထံသို့ လျှောက်သွားကာ အားတင်းပြုံးကာ ပြောလိုက်သည်၊၊
“စီနီယာအစ်ကိုကျိုး... တောင်ပေါ်ပြန်ရောက်ရင် အစ်ကို့ကို ဓားအသစ်တစ်လက် ပြန်ဝယ်ပေးပါ့မယ်”
“ဒီလောက်ထိ အားနာမနေပါနဲ့ ညီလေးဝမ်၊၊ ငါ့ဓားက မင်းလက်ထဲမှာ အသုံးဝင်သွားတာပဲ၊၊ အလကားသက်သက် ကျိုးသွားတာမှ မဟုတ်တာပဲ”
ကျိုးရင်လောင်က ရယ်မောရင်း အသံကိုနှိမ့်ကာ ပြောလိုက်သည်။
“ပြီးတော့ ဒါက တောင်ပေါ်က ထုတ်ပေးတဲ့ သာမန်ဓားတွေထဲက တစ်လက်ပါပဲ၊၊ ဘာအဖိုးတန်လက်နက်မှ မဟုတ်ပါဘူး”
အပြစ်မကင်းသလို ခံစားရမှု အနည်းငယ် လျော့ပါးသွားသဖြင့် ဝမ်ရှန်းသည် ကျိုးရင်လောင်ကို ပြုံးပြပြီး သူ၏ နေရာတွင် ပြန်ထိုင်လိုက်သည်။
သူ၏ စီနီယာအစ်မမှာမူ အနားတွင် တည်ငြိမ်စွာ ထိုင်နေပြီး ဖုန်းကိုကြည့်ကာ ပြုံးနေသည်။ သူမ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် Anime ဇာတ်ကောင်လေးများက အားပေးသည့် အက ကနေကြသည်၊၊ သူမသည် သူမ၏ ဂျူနီယာမောင်လေးကို တိတ်တဆိတ် အားပေးနေခြင်းဖြစ်သည်မှာ သေချာပေသည်။
ငါ ဒီနေ့ ထင်ပေါ်အောင် လုပ်မိသွားပြီလား…
ခဏမျှ ပြန်စဉ်းစားပြီးနောက် ဝမ်ရှန်းက ဤပွဲတွင် အနည်းငယ် ထုတ်ပြလိုက်ခြင်းသည် မမှားဟု ဆုံးဖြတ်လိုက်သည်၊၊ အကြောင်းမှာ ဤပွဲပြီးနောက် သူသည် တောင်ပေါ်တွင်သာ တိတ်တဆိတ် ဆက်လက်ကျင့်ကြံနေတော့မည် ဖြစ်သောကြောင့်ပင်။
ကွင်းထဲတွင် ရှီချန်ကျန်းသည် စိတ်ဓာတ်ကျနေသော ပုံစံဖြင့် ဆောင့်ကြောင့်ထိုင်နေသည်။ သူသည် ဓားစွမ်းအင်ကြောင့် ပြတ်တောက်သွားသော သူ၏ အဆောင်အိတ်ကို ဆုပ်ကိုင်ထား၏။ အိတ်ထဲတွင် သေသပ်စွာ ထည့်ထားသော အမည်းရောင် အဆောင်စာရွက်များသည် ပြတ်တောက်ကုန်ပြီ ဖြစ်သည်။ သို့သော် သူ၏ ဂျင်းဘောင်းဘီကတော့ တစ်ချက်မျှ မထိခိုက်ပေ၊၊ ၎င်းက ဝမ်ရှန်း၏ ဓားစွမ်းအင် ထိန်းချုပ်နိုင်စွမ်းမှာ မည်မျှ တိကျသေချာကြောင်း သက်သေပြနေသည်။
ရှီချန်ကျန်း ဒေါသတကြီး ထရပ်ပြီး ဝူတန်းအဖွဲ့ရှိရာသို့ တဟုန်ထိုး လျှောက်လာသည်။ ဝူတန်းအဖွဲ့ဝင်များက ချက်ချင်းပင် သတိအနေထားပြင်လိုက်ကြသည်။ မုဝမ်ရွှမ်း၏ မျက်နှာပင် ဒေါသအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်၊၊
အကယ်၍ ထိုစိတ်မြန်သော တာအိုဆရာသာ သူမ၏ ဂျုနီယာမောင်လေးကို ထပ်ပြီး လာနှောင့်ယှက်မည်ဆိုလျှင် စီနီယာအစ်မတစ်ယောက်အနေဖြင့် သူမကိုယ်တိုင် ဝင်ရောက် ဖြေရှင်းပေးရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လုံဟူရှန်းတောင်မှ တာအိုဆရာကြီးအချို့ ရှေ့သို့တိုးလာကာ ရှီချန်ကျန်း ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် ဝူတန်းအဖွဲ့ထံ မရောက်မီ တားဆီးလိုက်ကြသည်။
ရှီချန်ကျန်းသည် ရှုံးနိမ့်မှုကို မခံစားနိုင်ဘဲ ပြဿနာရှာမည်ဟု အားလုံးက ထင်နေကြသော်လည်း သူက အနိုင်ရှုံးအကြောင်း တစ်ခွန်းမှ မပြောဘဲ ခြေဆောင့်ကာ စိတ်ပျက်လက်ပျက် အော်ပြောလိုက်သည်၊၊
“အစ်ကိုရှန်း… အစ်ကိုကြီး ဘာလို့ ငါ့ရဲ့ အဖိုးတန်ဆုံး အဆောင်တွေကို ဖျက်ဆီးပစ်ရတာလဲ… ဒီအနက်ရောင် အဆောင်တွေလုပ်ဖို့ ကုန်ကြမ်းတွေက ဈေးကြီးလိုက်တာမှ မပြောနဲ့တော့၊၊ ဒီတစ်အုပ်တည်းတင် ယွမ်သုံးသောင်းကျော် ကုန်ထားတာ၊၊ ငါ့စုဘူးထဲက ပိုက်ဆံတွေ အကုန်ပဲ”
ဝမ်ရှန်းက အားနာသောအပြုံးဖြင့်သာ တုံ့ပြန်လိုက်ပြီး ဝူတန်းအဖွဲ့သားများမှာလည်း အနေခက်စွာ အချင်းချင်း ကြည့်လိုက်ကြသည်။
ထိုစဉ် ဘေးဘက်မှ အဝတ်ခြေအိတ်ဝတ်ထားသော ခြေထောက်တစ်ဖက်က ရှီချန်ကျန်းကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။ တင်းမာသည့် မျက်နှာအမူယာနှင့် မျက်မှောင်ကြုတ်ထားသော တာအိုဆရာကြီးတစ်ဦးက ထအော်လိုက်သည်၊၊
“တော်စမ်း… ဒီမှာ အရှက်လာမခွဲနဲ့တော့… ပြန်ရောက်ရင် မင်းဆုံးရှုံးသွားတဲ့ ကုန်ကြမ်းတွေထက် နှစ်ဆပြန်ပေးမယ်”
ရှီချန်ကျန်း၏ မျက်နှာမှာ ချက်ချင်း ဝင်းပသွားသည်၊၊
“အဲဒါဆို ရတာပေါ့”
သူသည် ချက်ချင်း ထရပ်ကာ သူ၏ ဦးလေးတော်စပ်သူ ဆရာကြီးထံသို့ သွားပြီး လက်နှစ်ဖက်ကို ပွတ်ကာ မေးလိုက်သည်၊၊
“အရည်အသွေးမြင့် အဝါရောင်စက္ကူ အစိတ်လောက်ပါ… ထပ်ထည့်ပေးလို့ မရဘူးလား”
“သွားစမ်း… အဲဒီစက္ကူကို ငါတောင် မသုံးဘူး၊၊ ကိုယ့်နေရာကိုယ်ပြန်သွားပြီး ငြိမ်ငြိမ်နေ၊၊ မဟုတ်ရင် မင်းရဲ့ အသုံးအဆောင်တွေကို အကုန်သိမ်းပစ်မယ်”
ရှီချန်ကျန်းသည် သူ၏ နဖူးပေါ်ရှိ လခြမ်းပုံစံ ကျောက်စိမ်းကို ချက်ချင်း အုပ်ကိုင်လိုက်သည်။ သူပြန်ပြောရန် ပြင်စဉ်မှာပင် တာအိုဆရာကြီးက သူ၏ အကျီလည်ပင်းစကို ဆွဲကာ သူတို့ဘက်သို့ ဆွဲခေါ်သွားလေသည်။
ဆွဲသွားခံနေရစဉ်အတွင်း ရှီချန်ကျန်းသည် ဝမ်ရှန်းကို လက်မထောင်ပြကာ အော်ပြောလိုက်သည်၊၊
“အစ်ကိုရှန်း… မင်းရဲ့ ဓားသိုင်းက တကယ် မိုက်တယ်… ပွဲပြီးရင် YouChat အကောင့်လဲကြမယ်လေ၊၊ ထမင်းအတူတူသွားစားရအောင်”