အစစ်အမှန် ထိပ်တန်းပညာရှင်
Vol. 3 Ch. 29
ဝမ်ရှန်း၏ မျက်နှာအနည်းငယ် ရှုံ့မဲ့သွားလေသည်။ သူသည် ရှီချန်ကျန်းနှင့် နောက်ထပ် မပတ်သက်ချင်တော့ပေ။
ကျင့်ကြံသူတစ်ယောက်က ဘယ်လိုဖြစ်လို့ လမ်းဘေးဈေးသည်တစ်ယောက်လို “အစ်ကိုရှန်း” ဘာညာနှင့် ပေါ့ပေါ့ပါးပါး ပြောနေရတာလဲ။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ထိုအသုံးနှုန်းမှာ ကြားရသည်မှာ သိပ်တော့လည်း မဆိုးလှပေ။
တိုက်ပွဲသုံးပွဲသည် ကြည့်ရှုသူ ကျင့်ကြံသူများကို စိတ်ဝင်တစားဖြစ်စေခဲ့ပြီး အားလုံးကို အထင်ကြီးစေခဲ့သည်။
မော်ရှန်းတောင်နှင့် လုံဟူရှန်းတောင်တို့၏ အဆောင်ပညာရပ်များမှာ ကိုယ်စီ အားသာချက်ရှိကြသလို ဝူတန်းတောင်၏ ဓားသိုင်းမှာလည်း ငြင်း၍မရနိုင်အောင် ထူးခြားလှသည်။ ဂိုဏ်းကြီးသုံးခုစလုံးမှာ သူတို့၏ တာအိုအမွေအနှစ် အနှစ်သာရများကို ပြသနိုင်ခဲ့ကြသည်။
အမှန်တကယ်တော့ ချင်ယန်ဇီမှာ ဝူတန်းတောင်နှင့် ဆက်နွယ်နေသူသာဖြစ်သောကြောင့် ဝမ်ရှန်းမှာ ဝူတန်းတပည့်စစ်စစ်မဟုတ်ပေ။ သို့သော် အပြင်လူများက ထိုကွာခြားချက်ကို မသိကြသလို ဝူတန်းတပည့်များကလည်း ထုတ်မပြောကြသဖြင့် ဝမ်ရှန်းသည် ဝူတန်း၏ တာအိုအမွေအနှစ်ကို ကိုယ်စားပြုသူ ဖြစ်လာခဲ့သည်။
နေဝင်ချိန်ရောက်သောအခါ တောင်အသီးသီးမှ တပည့်များသည် အချင်းချင်း စိန်ခေါ်ကြပြီး တာအိုပညာရပ်အမျိုးမျိုးကို ထုတ်ဖော်ပြသနေကြသည်။
မြင့်မြတ်သော တောင်များ၏ အမွေအနှစ်နှင့် အခြေခံများကို အပြည့်အဝမထုတ်ပြကြသေးသော်လည်း ယနေ့ သိုင်းပညာဖလှယ်ပွဲမှာမူ အလွန်ပင် ခမ်းနားလှသည်။
လူအများသည် ဝမ်ရှန်းကို လှမ်းကြည့်ကြသော်လည်း မည်သူမျှ စိန်ခေါ်ရန် မဝံ့ရဲကြပေ။ ကျင့်ကြံသူအများစုသည် အပိုရှုံးနိမ့်မှုမျိုးကို မရှာဖွေတတ်သည့် အသိဉာဏ်ရှိကြသောကြောင့်ပင်။
ဓားပညာ၏ ပြတ်သားမှု၊ ဓားစွမ်းအင် ထုတ်လွှတ်နိုင်စွမ်း၊ ဝိညာဉ်ပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်... ထိုအရည်အချင်းများ အားလုံးကို ပိုင်ဆိုင်ထားသော အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် တာအိုဆရာလေးကို လူငယ်ကျင့်ကြံသူ အများစုသည် အနားပင် မကပ်ရဲကြချေ။
ဝမ်ရှန်း ပြသခဲ့သည့် ထူးခြားသော ခြေလှမ်းပညာရပ်နှင့် အပြစ်ပြောစရာမရှိသည့် ခုနှစ်စင်ကြယ်ဓားအစီအရင်တို့မှာလည်း ကြီးမားသော ဟန့်တားမှုများ ဖြစ်ခဲ့သည်။
သူ၏ ဓားပညာ သို့မဟုတ် ဓားစွမ်းအင်ကို စိတ်ဝင်စားကြသည့် အမြုတေဖွဲ့စည်းခြင်းအဆင့် ဆရာကြီးများပင်လျှင် သူ့ကို စိန်ခေါ်ရန် နှစ်ခါပြန် စဉ်းစားနေကြသည်။ အကယ်၍သာ ခုနှစ်စင်ကြယ်ဓားအစီအရင်ကြောင့် သူတို့ ရှုံးနိမ့်သွားပါက သူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်မည်ကို စိုးရိမ်ကြသောကြောင့် ဖြစ်သည်။
သူတို့တစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာမှာ ထားလိုက်ဦး၊၊ ဂိုဏ်း၏ သိက္ခာကို ညှိုးနွမ်းစေခြင်းမှာ ကြီးလေးသော ကိစ္စဖြစ်သည်။
လက်ရှိတွင် ဝမ်ရှန်းသည် ငြိမ်းချမ်းစွာ အနားယူနေနိုင်လေသည်။ စီနီယာအစ်မနှင့်အတူထိုင်ရင်း အခြားဂိုဏ်းများ၏ တာအိုပညာရပ်များကို လေ့လာကာ သူ၏ တာအိုအမြင်များကို ပြန်လည် ဆန်းစစ်နေသည်။
ဤသည်မှာ သိုင်းပညာဖလှယ်ပွဲတစ်ခုတွင် ရှိသင့်သည့် ပုံစံမျိုး ဖြစ်သည်။
စတင်ချိန်တွင် လူငယ်တပည့်များသာ ယှဉ်ပြိုင်ကြသော်လည်း နောက်ပိုင်းတွင် သက်လတ်ပိုင်း တာအိုဆရာကြီးအချို့မှာလည်း မနေနိုင်ဘဲ ကွင်းထဲသို့ ဝင်ရောက်လာကြသည်။ သူတို့မှာ ဝိညာဉ်ပေါင်းစည်းခြင်းနှောင်းပိုင်းအဆင့်မှ အမြုတေဖွဲ့စည်းခြင်းအဆင့်အထိ ရှိသော အဆင့်မြင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
မုဝမ်ရွှမ်းသည် သူမ၏ ဂျူနီယာမောင်လေးက ဝူတန်းအတွက် လုံလောက်သော ဂုဏ်ကို ဆောင်ကျဉ်းပေးခဲ့ပြီဖြစ်၍ အေးအေးဆေးဆေးနေနိုင်ပြီဟု ထင်ထားခဲ့သည်။ သို့သော်လည်း လောင်ရှန်းတောင်မှ အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိ တာအိုဆရာကြီးတစ်ဦးသည် ဝူတန်းအဖွဲ့ထံသို့ လျှောက်လာပြီး ယှဉ်ပြိုင်ရန် တောင်းဆိုလာခဲ့သည်။
ထိုအခါ လီရှီဝူက အလှပြသက်သက်ဟု အထင်ခံနေရသော မုဝမ်ရွှမ်းကို စိန်ခေါ်မှုကို လက်ခံရန် အလောတကြီးတောင်းဆိုလိုက်သဖြင့် သူမသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
ဝမ်ရှန်းသည် အစောပိုင်းက သူကိုယ်တိုင်ယှဉ်ပြိုင်ခဲ့ရစဉ်ကထက်ပင် ပို၍ စိုးရိမ်နေမိသည်။ သူသည် စီနီယာအစ်မကို လူမထိခိုက်စေရန်နှင့် ခွန်အားကို လျှော့သုံးရန် တိတ်တဆိတ် သတိပေးလိုက်သည်။ ထို့နောက် လောင်ရှန်းတောင်မှ ဆရာကြီးကို ဂါရဝပြုကာ တောင်းပန်လိုက်သည်။
“ဆရာကြီး… ကျွန်တော့် စီနီယာအစ်မက မလေးစားလို့ မဟုတ်ပါဘူး၊၊ သူက လူတွေနဲ့ စကားသိပ်ပြောလေ့မရှိလို့ပါ၊၊ ဒါကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
လောင်ရှန်းတောင် တာအိုဆရာကြီးသည် ဝူတန်းမှ ဝါစဥ်တူတစ်ယောက်နှင့် ယှဉ်ပြိုင်ရန် လာခြင်းဖြစ်သော်လည်း လီရှီဝူက လူငယ်တစ်ဦးနှင့် ယှဉ်ပြိုင်ရန် စီစဉ်ပေးလိုက်သဖြင့် အစပိုင်းတွင် မကျေမနပ် ဖြစ်သွားခဲ့သည်။ သို့သော် ဝမ်ရှန်း၏ ရိုးသားသော စကားကို ကြားရသောအခါ စိတ်ပြေသွားပြီး သူ၏ မည်းမှောင်နေသော မျက်နှာပေါ်တွင် ကြင်နာသောအပြုံး ပေါ်လာသည်။
သို့သော် သူ၏ အပြုံးမှာ ကြာရှည်မခံလိုက်ပေ။
မုဝမ်ရွှမ်းသည် ခြေဖျားလေးနှင့် အသာအယာ ခတ်လိုက်ရုံဖြင့် ကွင်းပြင်ထဲသို့ ဆယ်မီတာကျော်မျှ လွင့်မျောသွားသယောင် ရောက်သွားသည်၊၊ ထို့နောက် သူမသည် ထိုက်ကျိသိုင်းကွက်အနေအထားကို ကျော့ရှင်းစွာပြင်လိုက်ရာ သူမ၏ တာအိုဝတ်စုံသည် လေထဲတွင် ညင်သာစွာ လွင့်နေသည်။ သူမ၏ ဆံနွယ်ရှည်များမှာလည်း လှုပ်ခတ်နေပြီး ကမ္ဘာဦးချီ အလင်းတန်းဖျော့ဖျော့လေးများက သူမကို ဝန်းရံထားသည်။
သူမ၏ ပတ်ပတ်လည် မီတာတစ်ရာအတွင်းရှိ ချီစွမ်းအင်များသည် ငြိမ်သက်သွားပြီး သူမ၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်ရှိသွားပုံရသည်။
လောင်ရှန်းတောင်မှ ဆရာကြီးသည် သူ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီများကို ထိန်းချုပ်ရန် အလွန်ခက်ခဲသွားကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်သွားသည်။ သူသည် လွတ်မြောက်ရန် ခက်ခဲသော စွမ်းအင်စက်ကွင်းတစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ပင်။
အပေါ်စီးမှ ကြည့်မည်ဆိုလျှင် မီတာတစ်ရာအတွင်းရှိ ကမ္ဘာဦးချီများသည် ယင်နှင့်ယန်ပုံစံအတိုင်း စတင်စီးဆင်းကာ စုစည်းလာနေသည်ကို တွေ့ရမည် ဖြစ်လေသည်။ မုဝမ်ရွှမ်းသည် ဗဟိုချက်တွင် ရှိနေပြီး သူမ၏ပုံရိပ်မှာ ထင်ရှားလိုက်၊ ပျောက်ကွယ်လိုက်ဖြစ်နေသည်။
အမြုတေဖွဲ့စည်းခြင်း ဒုတိယအဆင့်၊၊
ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် သူသည် မုဝမ်ရွှမ်းထက် အဆင့်ဝက်ခန့် နိမ့်နေသည်။ သူ၏ အစစ်မှန်ချီက သူမလောက် မသန့်စင်သလို သူ၏ စိတ်ဝိညာဉ်အသိမှာလည်း သူမလောက် အားမကောင်းပေ။ ထို့ပြင် သူဖွဲ့စည်းထားသော တာအိုအမြုတေကလည်း မုဝမ်ရွှမ်းကဲ့သို့ ပြီးပြည့်စုံခြင်း မရှိပေ။ ပိုဆိုးသည်မှာ သူ၏ တာအိုပညာရပ်များသည် မုဝမ်ရွှမ်း၏ ထိုက်ကျိပုံရိပ်များကိုပင် ထိုးမဖောက်နိုင်ခြင်း ဖြစ်သည်။
ရိုးရှင်းသော တိုက်ခိုက်မှု အနည်းငယ်အပြီးတွင် မုဝမ်ရွှမ်းသည် ပေါ့ပါးသော လက်ဝါးရိုက်ချက်တစ်ခုဖြင့် လောင်ရှန်းတောင် ဆရာကြီးကို လွင့်ထွက်သွားစေကာ အလွယ်တကူပင် အနိုင်ယူလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ရှီချန်ကျန်းသည် ထိုင်ရင်း သူ၏ ပျက်စီးသွားသော အဆောင်များနှင့် အိတ်ကို ပြင်နေစဉ် ထိုမြင်ကွင်းကြောင့် မှင်သက်သွားရသည်။ သူ၏ မေးစေ့မှာ အတန်ကြာအောင် ဟောင်းလောင်းပွင့်နေပြီးမှ မနည်းပြန်စေ့လိုက်ရသည်။
လူတိုင်းက ဖြူဖွေးနုနယ်သော မိန်းကလေးက ဝမ်ရှန်း၏ အရိပ်ကို ခိုလှုံပြီး လိုက်လာခြင်းသာ ဖြစ်မည်ဟု ထင်ထားခဲ့ကြသည်။ သို့သော် ထိုနတ်သမီးလေးသည်လည်း စစ်မှန်သော ထိပ်တန်းပညာရှင် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူမနှင့် ယှဉ်လျှင် ဝမ်ရှန်းကသာ သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်တွင် ခိုလှုံနေသော လူငယ်ဓားကျင့်ကြံသူတစ်ဦးနှင့် တူနေပေသည်။
“အွန်း”
မုဝမ်ရွှမ်းသည် သူမ၏ ပြိုင်ဘက်ကို ယဥ်ကျေးစွာ ဂါရဝပြုလိုက်သည်။ ထို့နောက် သူမသည် လှည့်ထွက်လာပြီး နေရာတွင် ပြန်ထိုင်လိုက်သည်။ သူမ၏ လွင့်မြောနေသော ဆံနွယ်များနှင့် ဝတ်ရုံစများသည် ကြည့်ရှုသူများ၏ စိတ်ထဲတွင် မေ့မရနိုင်သော ပုံရိပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။
သူမ လမ်းလျှောက်လာစဉ် လမ်းဘေးရှိ တာအိုဆရာများသည် သူမ၏ ဝတ်စုံစလေးပင် မထိမိစေရန် ဖယ်ပေးနေကြသည်။
“စီနီယာအစ်မက တကယ် တော်တာပဲ”
ဝမ်ရှန်းက ခပ်တိုးတိုး ချီးကျူးရင်း လက်မထောင်ပြလိုက်သည်။
မုဝမ်ရွှမ်း၏ တင်းမာနေသော မျက်နှာမှာ ချက်ချင်းပင် ပြုံးရွင်သွားသည်။ သူမသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြီး သူမ၏ ဂျူနီယာမောင်လေးဘေးတွင် ထိုင်လိုက်သည်။ သူမ ဂုဏ်ယူနေသည်မှာ အထင်အရှားပင်။ စောစောက မြင်ခဲ့ရသော တည်ငြိမ်မှုနှင့် ယှဉ်လျှင် ယခု သူမမှာ ပညာရှင်တစ်ဦး၏ အရှိန်အဝါကို ဖော်ဆောင်နေလေသည်။
ကံမကောင်းစွာဖြင့် မုဝမ်ရွှမ်းသည် အနားယူရန် ကြိုးစားစဉ် သူမထံသို့ စိုက်ကြည့်နေကြသော အကြည့်များကို သတိပြုမိသွားသည်။ ထိုအကြည့်များကို လျစ်လျူရှုရန် မဖြစ်နိုင်သဖြင့် သူမ ပြန်လည်တင်းမာသွားပြီး အမူအရာကို ပြန်ထိန်းလိုက်ရပြန်သည်။
ထိုသို့ စူးရှသောအကြည့်များကြောင့် ဝမ်ရှန်းလည်း သူ၏ စီနီယာအစ်မဘေးတွင် ဆိုင်းဘုတ်တစ်ခု ထောင်ထားချင်စိတ် ပေါက်သွားမိသည်။
သတိ… လူစိမ်းများ မကပ်ရ၊၊ အလှူငွေကိစ္စများအတွက် သူမ၏ ဂျူနီယာမောင်လေးကို ဆက်သွယ်ပါ၊၊
“အနာဂတ် ဓားအင်မော်တယ်” အဖြစ် ပေါ်ထွက်လာသော ဝမ်ရှန်းသည် ဝူတန်းတောင်၏ ဂုဏ်ကို မြှင့်တင်ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ မုဝမ်ရွှမ်း၏ နတ်သမီးကဲ့သို့ အရှိန်အဝါနှင့် တာအိုဆရာကြီး အနည်းငယ်ကလွဲလျှင် မည်သူမျှ မယှဉ်နိုင်သော ကျင့်ကြံခြင်းအဆင့်က ဝူတန်း၏ ဂုဏ်သတင်းကို ပို၍ပင် မြင့်တက်စေခဲ့သည်။
လီရှီဝူသည် သူ၏ ကျေနပ်နေသော မျက်နှာပြုံးဖြီးဖြီးကြီးကို မနည်းထိန်းထားရပြီး ခါးကို ဆန့်ကာ ထိုင်နေသည်။ တောင်ပေါ်တွင် နှစ်ပေါင်းများစွာ တိတ်တဆိတ် ကျင့်ကြံခဲ့ပြီးနောက် ယခုအချိန်သည် သူတို့အတွက် ဂုဏ်ယူရဆုံး အချိန်ဖြစ်နေသည်။
နေဝင်ချိန်ရောက်သောအခါ သိုင်းပညာဖလှယ်ပွဲကြီး ပြီးဆုံးသွားခဲ့သည်။
ဂိုဏ်းအားလုံးမှာ တစ်ခုမဟုတ်တစ်ခု ရရှိသွားကြသည်ဟု ခံစားနေရသည်။ အရေးကြီးဆုံးမှာ သူတို့၏ ကိုယ်ပိုင်လမ်းကြောင်း၊ တာအိုဂိုဏ်းများ၏ အခြေအနေနှင့် မြင့်မြတ်သော တောင်များ၏ အခြေခံများကို ပိုမိုရှင်းလင်းစွာ နားလည်သွားခြင်း ဖြစ်သည်။
ယနေ့ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအရ နောက်ထပ် ၅ နှစ်၊ ၁၀ နှစ် သို့မဟုတ် ၂၀ အတွင်း ပေါ်ပေါက်လာမည့် ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှုများကို ကြိုတင်ခန့်မှန်းနိုင်ကြသည်။
ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်များ ဆက်လက်တည်ရှိနေသရွေ့ ကျင့်ကြံခြင်းလောက၏ ရွှေခေတ်ကို ပြန်လည်ရောက်ရှိလာတော့မည်မှာ အသေချာပင်၊၊ လူသားတို့၏ သမိုင်းကြောင်းမှာလည်း လမ်းကြောင်းအသစ်သို့ ဦးတည်သွားနိုင်လေသည်။ ကံမကောင်းစွာဖြင့် ထိုငြိမ်းချမ်းသော အချိန်က မည်မျှကြာရှည်မည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
တာအိုဂိုဏ်းများသည် သူတို့၏ တပည့်များကို ထိန်းကျောင်းနိုင်သော်လည်း ကမ္ဘာအနှံ့တွင် ပျံ့ကျဲနေသော တာအိုအမွေအနှစ်များကို မည်သို့လုပ်မည်နည်း။ ထို့ပြင် ကမ္ဘာဦးချီကြောင့် ရှင်သန်လာသော သားရဲများသည်လည်း ပို၍ကြမ်းကြုတ်လာကာ ဉာဏ်ရည်များထက်မြက်လာပြီး မိစ္ဆာသားရဲများအဖြစ်သို့ ပြောင်းလဲလာကြပေမည်။
ဝမ်ရှန်းသည် သူ၏ ဆရာက အဘယ်ကြောင့် တစ်ခါတစ်ရံ ခြံစည်းရိုးပေါ်တွင် ရပ်ကာ အဝေးသို့ ငေးကြည့်ရင်း သက်ပြင်းချကာ စိုးရိမ်ပူပန်နေတတ်သည်ကို ယခုမှ နားလည်သွားခဲ့သည်။
နောင်အနာဂတ်တွင် ကျင့်ကြံခြင်းလမ်းကြောင်းမှာ ပိုမိုလွယ်ကူလာနိုင်သော်လည်း မော်တယ်ကမ္ဘာ၏ ပဋိပက္ခများသည် ပို၍ပြင်းထန်လာပေလိမ့်မည်။
“အွန်း”
မုဝမ်ရွှမ်းက အင်္ကျီလက်ကို ဆွဲလိုက်သဖြင့် သူ၏ အတွေးများ ပြတ်တောက်သွားသည်။ တာအိုဆရာကြီးအချို့သည် သိုင်းပညာဖလှယ်ပွဲပြီးဆုံးကြောင်း ကြေညာရန် ထရပ်နေကြပြီ ဖြစ်သည်။
ဝမ်ရှန်း ပြုံးလိုက်ပြီး သူ၏ အတွေးများကို ရှင်းထုတ်လိုက်သည်။
ငါလုပ်နိုင်တာ အကုန်လုပ်မယ်၊၊ တကယ်လို့ ကောင်းကင်ကြီးက ပြိုကျလာရင်တောင် ငါအရင် ခံပေးလိုက်မယ်…
သူ၏ ဆရာပြောခဲ့သော စကားကို နှလုံးသွင်းရင်း သူသည် ကျင့်ကြံခြင်းလမ်းကြောင်းကို မှန်ကန်စွာ လျှောက်လှမ်းရန် ဆုံးဖြတ်လိုက်လေသည်။