အစစ်အမှန် ထိပ်တန်းပညာရှင်
Vol. 3 Ch. 30
Chapter 30
မိတ်ဆွေဖွဲ့ခြင်း
လှပသော ဆည်းဆာရောင်ခြည်အောက်တွင် အသက်အရွယ်ပေါင်းစုံ တာအိုဆရာတစ်စုသည် တောင်ပေါ်မှ ခမ်းနားစွာ ဆင်းလာကြသည်၊၊
လီရှီဝူသည် ဆံပင်ဖြူဖွေးနေသော တာအိုဆရာကြီးအချို့နှင့်အတူ ယှဉ်တွဲလမ်းလျှောက်လာသည်၊၊ တစ်ချိန်တည်းမှာပင် သီးခြားတာအိုအမွေအနှစ်များရှိကြသော မြင့်မြတ်တောင်အသီးသီးမှ တပည့်တစ်ဒါဇင်ခန့်သည်လည်း သိုင်းပညာရှင်အဖွဲ့နှင့်အတူ လိုက်ပါလာကြသည်၊၊
ငယ်ရွယ်သော ကျင့်ကြံသူအများအပြားသည် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို မိတ်ဖွဲ့ရန် စိတ်အားထက်သန်နေပုံရသော်လည်း မည်သူမျှ အစဥ်အလာကို ကျော်လွန်၍ မဝံ့ရဲကြပေ၊၊ ၎င်းတို့သည် သူတို့၏ တာအိုဆရာများနောက်မှ ငြိမ်သက်စွာသာ လိုက်ပါလာကြသည်၊၊
တောင်ပေါ်မှ လေညင်းက အေးမြစွာ တိုက်ခတ်နေပြီး တောက်ပသော ညနေခင်းတိမ်တိုက်များနှင့် ရောယှက်နေသည်၊၊ မုဝမ်ရွှမ်းက တည်ငြိမ်အေးချမ်းသော သံစဉ်လေးတစ်ခုကို တိုးတိုးလေးညည်းနေပြီး စိတ်လက်ပေါ့ပါးနေသော ဝမ်ရှန်းကတော့ ကျယ်ပြန့်သောသဘာဝတရားထဲတွင် စိတ်နှစ်ထားကာ သူ၏ ဝိညာဉ်အသိစိတ်ကို လွတ်လပ်စွာ စီးဆင်းနေစေသည်၊၊
ဆန်းကြယ်ဂိတ်တံခါးကို ဖြတ်ကျော်ပြီးနောက် ထောင့်တစ်နေရာမှ တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်၊၊
“အစ်ကိုရှန်း… ကျွန်တော့်ကို စောင့်ပါဦး”
ဝမ်ရှန်း လှည့်ကြည့်လိုက်သောအခါ ထောင်နေသောဆံပင်တိုနှင့် ရင်းနှီးနေသော လူတစ်ယောက်က လူအုပ်ကြားထဲမှ သူ့ထံသို့ အပြေးအလွှားလာနေသည်ကို မြင်လိုက်ရသည်၊၊
မုန့်ဟောင်နှင့် ကျိုးရင်လောင်တို့က ထိုလူကို တားဆီးရန် ပြင်လိုက်သော်လည်း သူတို့၏ ဆရာက အချက်ပြတားမြစ်လိုက်သဖြင့် ရှီချန်ကျန်းသည် ဝမ်ရှန်းထံသို့ အနှောင့်အယှက်မရှိ ပြေးသွားနိုင်ခဲ့သည်၊၊
ဝမ်ရှန်းက ယဉ်ကျေးစွာ ပြုံးပြီး မေးလိုက်သည်၊၊
“ဘာကိစ္စရှိလို့လဲ”
“ဖုန်းနံပါတ်ချင်း လဲရအောင်လေ… ခုနကပဲ ကျွန်တော်တို့ သဘောတူထားတယ်မဟုတ်လား”
ရှီချန်ကျန်းသည် သူ၏ စမတ်ဖုန်းအသစ်ကို ဝှေ့ယမ်းပြပြီး ရင်ဘတ်ကို ယုံကြည်မှုရှိရှိပုတ်လိုက်သည်၊၊
“ဒီနေ့ ဒီမှာရှိတဲ့ လူငယ်ကျင့်ကြံသူတွေထဲမှာ အစ်ကိုရှန်းတစ်ယောက်ပဲ မိတ်ဖွဲ့ဖို့ တန်တယ်၊၊ ခင်ဗျားရဲ့ ဓားသိုင်းကို ကျွန်တော် တကယ်အထင်ကြီးသွားပြီ၊၊ နောက်လည်း ပြန်ဆုံကြမှာ သေချာတာမို့ အဆက်အသွယ်မပြတ်အောင် လုပ်ထားရမယ်”
အနီးရှိ ကျင့်ကြံသူများသည် မျက်လုံးလှန်ကြည့်ကာ ထိုသူ၏ အရှက်မရှိမှုကို စိတ်ထဲမှ ကျိန်ဆဲနေကြသည်၊၊
သို့သော် ဝမ်ရှန်းကမူ ရှီချန်ကျန်း၏ ရဲတင်းမှုကြောင့် တစ်မျိုးစိတ်ဝင်စားသွားသည်၊၊ ထိုသူက ကောက်ကျစ်ပြီး တိုက်ပွဲတွင် မသန့်ရှင်းသော နည်းလမ်းများကို သုံးခဲ့သော်လည်း အမြင်စူးရှမှု၊ ပါရမီနှင့် ကျင့်ကြံခြင်းအဆင့်တွင်မူ ချီးကျူးစရာကောင်းလှသည်၊၊
ရန်သူဖြစ်တာထက် မိတ်ဆွေဖြစ်တာက ပိုကောင်းပါတယ်….
ရှီချန်ကျန်း၏ စိတ်နေစိတ်ထားကို အသေအချာမသိရသေးသော်လည်း အပေါ်ယံမိတ်ဆွေအဖြစ် ထားရှိခြင်းက ဘာမှ မထိခိုက်နိုင်ဟု ဝမ်ရှန်းယူဆသည်၊၊
သူက ဖုန်းထုတ်ပြီး ရှီချန်ကျန်းကို Contactထဲ ထည့်လိုက်သည်၊၊ ရှီချန်ကျန်းသည် ဝမ်ရှန်းဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော မုဝမ်ရွှမ်းကို ခိုးကြည့်လိုက်သော်လည်း ဘာမှတော့ မပြောဝံ့ပေ၊၊
ရှီချန်ကျန်းအတွက် မုဝမ်ရွှမ်းသည် မျိုးဆက်သစ်လူငယ်များ၏ အဆင့်အတန်းကို ကျော်လွန်သွားပြီဖြစ်သည်၊၊
“တောင်အောက်ကို အတူလမ်းလျှောက်ဆင်းရအောင်”
ရှီချန်ကျန်းက လက်ကို အိတ်ကပ်ထဲ ထိုးထည့်ရင်း အကြံပေးသည်၊၊
“စကားပြောဖို့ အခွင့်အရေးကောင်းပဲ… အစ်ကိုရှန်း”
ဝမ်ရှန်းက ရယ်မောလိုက်သည်၊၊
“စကားပြောတာက ပြဿနာမရှိပေမယ့် ပျက်စီးသွားတဲ့ အဆောင်စာရွက်တွေအတွက်တော့ ငါလျော်ကြေးမပေးနိုင်ဘူးနော်”
“ဒါကို ပြန်မပြောစမ်းပါနဲ့ စဉ်းစားမိတိုင်း ရင်နာတယ်”
ရှီချန်ကျန်းက အိုးတိုးအမ်းတမ်း ရယ်ရင်း ပြန်ပြောသည်၊၊
“ပြီးတော့ အဲဒါတွေက ကျွန်တော့် ဦးလေးဆီက ပစ္စည်းတွေ ထပ်တောင်းလို့ရအောင် တန်ဖိုးမြှင့်ပြောထားတာပါ၊၊ အဆောင်တွေက ယွမ်အနည်းငယ်ပဲ တန်ပါတယ်၊၊ ဒါနဲ့ အစ်ကိုရှန်း… ခင်ဗျားရဲ့ ဓားသိုင်းနာမည်က ဘာလဲ… ဝူတန်းရဲ့ နာမည်ကြီး ခုနှစ်စင်ကြယ်ဓားအစီအရင်လား၊၊ သောက်ရမ်းလန်းတာပဲ၊၊ လေ့ကျင့်တာ ဘယ်နှနှစ်ရှိပြီလဲ”
ဝမ်ရှန်းက ခေါင်းကို အသာခါယမ်းလိုက်သည်၊၊
“ဘာလဲ… မင်းက နောက်ပိုင်း ငါ့ကို ပြန်စိန်ခေါ်ဖို့ ငါ့ပညာအကြောင်း စုံစမ်းနေတာလား”
ရှီချန်ကျန်းက ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်၊၊
“မဟုတ်တာ မဟုတ်တာ၊၊ ကျွန်တော် မလုပ်ရဲပါဘူး၊၊ ခင်ဗျားခုတ်ဖြတ်ဖို့ ကျွန်တော့်မှာ အဆောင်တွေ အများကြီးမကျန်တော့ဘူး၊၊ အခုတလော အဆောင်ရေးဖို့ ဝိညာဉ်သားရဲသွေးရဖို့က အတော်ခက်နေတယ်၊၊ အဲဒီကောင်တွေက နိုင်ငံတော်က ကာကွယ်ထားတဲ့ သတ္တဝါတွေဆိုတော့ ရှာရတာလည်း ခက်သလို ဈေးလည်း အရမ်းကြီးတယ်”
ဝမ်ရှန်း ခဏမျှ ဆွံ့အသွားသည်၊၊
သူတို့ လမ်းလျှောက်နေစဉ် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသည်၊၊
“တာအိုအစ်ကိုဖေးယွီ ခဏစောင့်ပါဦး”
အပြာရောင်တာအိုဝတ်စုံအသစ်ကို ဝတ်ဆင်ထားသော လျှိုယွမ်ကျိက သူတို့ထံသို့ လျှောက်လာသည်၊၊ တစ်ဖွဲ့လုံး လှည့်ကြည့်လိုက်မိကြသည်၊၊ သူသည် ဝမ်ရှန်းနှင့် ရှီချန်ကျန်းတို့ထံသို့ အမှီလိုက်လာသော်လည်း အသက်ရှူသံက တည်ငြိမ်နေကာ အမူအရာမှာလည်း ပေါ့ပါးစွာရှိနေလေသည်၊၊
အနီးရှိ အမျိုးသမီး ကျင့်ကြံသူအချို့သည် သူ့ကို မြင်လိုက်ရုံဖြင့် မျက်နှာများ ဝင်းပသွားကြသည်၊၊
လျှိုယွမ်ကျိက ဝမ်ရှန်းကို လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်၊၊
“တာအိုအစ်ကို…. ခုနက အဲဒီလူယုတ်မာကို သင်ခန်းစာပေးဖို့ ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ်၊၊ ကျွန်တော့်ရဲ့ စိတ်ပျက်မှုတွေ ပြေပျောက်သွားရတာကြောင့် ကျေးဇူးမတင်ဘဲ မနေနိုင်လို့ပါ”
သူတို့ဘေးတွင် နှာခေါင်းနှိုက်နေသော ရှီချန်ကျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်၊၊
“ဘာလို့ ဒီလောက်တောင် နုရွနေရတာလဲ၊၊ ဘယ်သူ့ကို အထင်ကြီးအောင် လုပ်နေတာလဲ၊၊ အခုက ခေတ်သစ်ရောက်နေပြီဟ… အစ်ကို ဟိုဟာ အစ်ကို ဒီဟာနဲ့ ရင်ဘတ်ရှိတာနဲ့ပဲ လူစွမ်းကောင်းဖြစ်သွားပြီ ထင်နေလား”
[စာရေးသူ၏ ပြက်လုံးတစ်ခုသာ ဖြစ်သည်၊၊ “အစ်ကို” (兄) နှင့် “ရင်ဘတ်” (胸) ဟူသော စကားလုံးနှစ်ခုမှာ အသံထွက် ဆင်တူနေသည်၊၊]
လျှိုယွမ်ကျိက သူ့ကို အေးစက်စက် ကြည့်လိုက်သည်၊၊
“အနည်းဆုံးတော့ ငါက မင်းလို အောက်တန်းမကျဘူး”
“အော်… ဟုတ်လား”
ရှီချန်ကျန်းက အင်္ကျီလက်ကို လိပ်လိုက်သည်၊၊
“ငါ့ကို ရှုံးထားတဲ့လူက ငါ့ရှေ့မှာ လေကြီးလေကျယ်တွေ လာပြောနေတာလား”
လျှိုယွမ်ကျိက နှာမှုတ်လိုက်ပြီး ပြန်ကြည့်လိုက်ရာ နှစ်ဦးသားကြားတွင် တင်းမာမှုများ မြင့်တက်လာသည်၊၊
“မင်းတို့နှစ်ယောက် ဗိုက်ဆာနေပြီလား”
ဝမ်ရှန်းက ဖြတ်မေးလိုက်သည်၊၊
ဝမ်ရှန်းကို ရှုံးနိမ့်ခဲ့သည်ကို သတိရသွားသော ရှီချန်ကျန်းက ရှက်အမ်းအမ်းဖြစ်ကာ ရယ်မောလိုက်သည်၊၊ လျှိုယွမ်ကျိကလည်း ခေါင်းကို အသာအယာခါလိုက်ပြီး ရှီချန်ကျန်း အနေခက်သွားသည်ကို ကြည့်ကာ ကျေနပ်နေပုံရသည်၊၊
ဝမ်ရှန်းက အဖွဲ့ကို လှည့်ပြောလိုက်သည်၊၊
“အားလုံးပဲ တောင်အောက်ဆင်းပြီး ထမင်းအတူတူစားကြမလား၊၊ ဒီည ကျွန်တော် ကျွေးပါ့မယ်”
ရှီချန်ကျန်းက ပြုံးဖြဲဖြဲနှင့် သူ၏ ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး အဝစားရန် စတင်ကြံစည်လိုက်သည်၊၊
မုန့်ဟောင်၊ ကျိုးရင်လောင်၊ ဟုန်လင်းနှင့် ကျောင်းကျောင်းတို့လည်း ဝမ်ရှန်း၏ ဖိတ်ခေါ်မှုကို ချက်ချင်း သဘောတူလိုက်ကြသည်၊၊ ထို့နောက် လျှိုယွမ်ကျိကို နွေးထွေးစွာ နှုတ်ဆက်ကြပြီး ရှီချန်ကျန်းကိုမူ အားလုံးက ဝိုင်းလျစ်လျူရှုထားကြသည်၊၊
ရှီချန်ကျန်းကမူ ဂရုမစိုက်ဘဲ ဝမ်ရှန်းနှင့်သာ ထွေရာလေးပါးအကုန် လျှောက်ပြောနေသည်၊၊
ရှီချန်ကျန်းကဲ့သို့ စကားအလွန်ပြောသော လူတစ်ယောက်ရှိနေသဖြင့် စကားဝိုင်းက ခဏလေးမျှပင် မပြတ်သွားပေ၊၊ လမ်းတစ်လျှောက်တွင် ရယ်စရာကောင်းသော ဇာတ်လမ်းများစွာကိုလည်း ပြောဖြစ်ကြသည်၊၊
ရှီချန်ကျန်းသည် ယခုနှစ်တွင် အသက် ၂၂ နှစ်ရှိပြီဖြစ်ကြောင်း ဝမ်ရှန်း သိလိုက်ရသည်၊၊ သူသည် အသက် ၁၇ နှစ်အရွယ်တွင် လုံဟူရှန်းတောင်သို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ပြီး ဝမ်ရှန်း ဝူတန်းတောင်သို့ သွားခဲ့သည့်အချိန်နှင့် အတူတူပင်ဖြစ်သည်၊၊ ခြားနားချက်မှာ ဝမ်ရှန်းက ကျင့်ကြံရန် မိမိသဘောဆန္ဒဖြင့် သွားခဲ့ခြင်းဖြစ်သော်လည်း ရှီချန်ကျန်းကိုမူ သူ၏ မိသားစုက အတင်းဆွဲခေါ်သွားခဲ့ခြင်းဖြစ်သည်၊၊
ရှီချန်ကျန်းသည် အလယ်တန်းကျောင်းသားဘဝကတည်းက ပြဿနာရှာသူဖြစ်ပြီး ကျောင်းသားငယ်များထံမှ ဆက်ကြေးတောင်းခြင်း၊ ကျောင်းပြေးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အင်တာနက်ကဖေးများတွင် အချိန်ဖြုန်းခြင်းနှင့် ဂိုဏ်းအဖွဲ့များထဲသို့ပင် ဝင်ရောက်ခဲ့သူဖြစ်သည်၊၊ အထက်တန်းကျောင်းရောက်သောအခါ သူသည် လူငယ်ပြုပြင်ရေးစခန်းများသို့ ခဏခဏရောက်နေကျသူဖြစ်နေပြီဖြစ်သည်၊၊
စိတ်ပျက်လက်ပျက်ဖြစ်နေသော သူ၏ မိသားစုသည် သူ့ကို လုံဟူရှန်းတောင်သို့ ပို့လိုက်ပြီး အမျိုးတော်စပ်သူ တာအိုဆရာတစ်ဦးထံ အပ်နှံလိုက်ကြသည်၊၊
ကံကြမ္မာအလှည့်အပြောင်းတစ်ခုကြောင့် ရှီချန်ကျန်းသည် တာအိုလမ်းစဥ်အပေါ် စိတ်ဝင်စားမှု ရှိလာခဲ့သည်၊၊ ကြိမ်လုံးနှင့် ဖိနပ်ကို လက်နက်သဖွယ် သုံးတတ်သော တင်းကျပ်သည့် တာအိုဆရာ၏ လက်အောက်တွင် သူသည် တဖြည်းဖြည်းလူကောင်းဖြစ်လာခဲ့သည်၊၊ သူသည် ကောင်းကင်သခငါတာအိုဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်သို့ ချီစွမ်းအင်များ ပြန်လည်ရောက်ရှိလာချိန်တွင် သူ၏ အရည်အချင်းများ စတင်တောက်ပလာခဲ့သည်၊၊
လျှိုယွမ်ကျိသည်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က သူ၏ ဆရာနှင့်အတူ လုံဟူရှန်းတောင်သို့ သွားရောက်စဉ် ရှီချန်ကျန်းနှင့် တွေ့ဆုံခဲ့ဖူးကြောင်း ပြောပြသည်၊၊ ထိုစဉ်က ရှီချန်ကျန်းသည် သူ့ကို ချောင်းမြောင်းတိုက်ခိုက်ပြီး သူ၏ ပစ္စည်းများကို လုယူကာ သစ်ပင်တွင် ချည်နှောင်ထားခဲ့သဖြင့် လျှိုယွမ်ကျိသည် ထိုရန်ငြိုးကို မမေ့နိုင်ဘဲ ရှိနေခြင်းဖြစ်သည်၊၊
ကမ္ဘာဉီးချီစွမ်းအင်များ ပြန်လည်ရောက်ရှိလာသောအခါ လျှိုယွမ်ကျိသည် အဆောင်ပညာတွင် တိုးတက်လာခဲ့ပြီး ကလဲ့စားချေရန် ကြိုးစားခဲ့သည်၊၊ ကံမကောင်းစွာဖြင့် သူ ထပ်မံ ရှုံးနိမ့်ခဲ့ပြန်သည်၊၊ သူတို့၏ ပြိုင်ဆိုင်မှုသည် ယခု ကျင်းပသည့် အပြန်အလှန်ဖလှယ်ပွဲတွင် ထိပ်တိုက်တွေ့ခြင်းဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်၊၊
သူတို့၏ အတိတ်သမိုင်းကြောင်းများ ရှိနေသော်လည်း ၎င်းတို့၏ ဂိုဏ်းများကမူ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို မိတ်ဖွဲ့ထားရန် ညွှန်ကြားထားကြသည်၊၊ ၎င်းတို့၏ ထူးချွန်သော စွမ်းဆောင်ရည်ကြောင့် နောင်တစ်ချိန်တွင် တာအိုလောက၏ ကြယ်ပွင့်များ ဖြစ်လာနိုင်သူများနှင့် မိတ်ဖွဲ့ထားခြင်းက ရန်သူဖြစ်ခြင်းထက် ပို၍ ကောင်းမွန်သည်ဟု ယူဆကြသည်၊၊
အကယ်၍ ၎င်းတို့သည် သာမန်လူငယ်ကျင့်ကြံသူများသာဖြစ်ပါက ဝမ်ရှန်းလည်း စိတ်ဝင်စားမည် မဟုတ်ပေ၊၊ သို့သော် လျှိုယွမ်ကျိနှင့် ရှီချန်ကျန်းတို့သည် သူတို့၏ တာအိုအမွေအနှစ်အသီးသီးတွင် ထူးချွန်သော ပါရမီရှင်များဖြစ်ကြသဖြင့် ဝမ်ရှန်းအတွက်လည်း မိတ်ဆွေဖွဲ့ရန် သင့်တော်ပေသည်၊၊
သို့သော် ဝမ်ရှန်းသည် ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်ကို ကောင်းကောင်းသိရှိနေသည်၊၊
သံကို ပုံဖော်ရန် ခွန်အားလိုသည်၊၊ ယနေ့ သူသည် သူ၏ ဓားတာအိုကျင့်ကြံမှုနှင့် သူ၏ စီနီယာအစ်မ၏ အဆင့်အတန်းကြောင့်သာ ဂုဏ်သိက္ခာကြီးမားသော ဂိုဏ်းများ၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်းဖြစ်သည်၊၊ ထို့ကြောင့်လည်း ရှီချန်ကျန်းနှင့် လျှိုယွမ်ကျိတို့က သူ့ကို လာရောက်မိတ်ဖွဲ့ကြခြင်းဖြစ်သည်၊၊ ယင်းအတွက် မာန်တက်နေရန် မလိုပေ၊၊
နှိမ့်ချသောစိတ်ကို ထားရှိပြီး တည်ငြိမ်စွာ ကျင့်ကြံခြင်းဖြင့်သာ စစ်မှန်သောကျင့်ကြံမှုလမ်းစဉ်ပေါ်တွင် ဆက်လက်ရှိနေနိုင်မည်ဖြစ်သည်၊၊