← Chapters

မိတ်ဆွေများရရှိခြင်း

Vol. 4 Ch. 31

မိတ်ဆွေများရရှိခြင်း

Vol. 4 Ch. 31

တောင်ခြေသို့ နီးကပ်လာသောအခါ ရှီချန်ကျန်းက သူ၏ ဗိုက်ကို ပုတ်ရင်း မေးလိုက်သည်၊၊

“ဒီညစာကို ဘာစားကြမလဲ၊၊ ညီမလေးလျှို မင်းက မော်ရှန်းတောင်ရဲ့ အိမ်ရှင်ပဲလေ၊၊ ဒီနားတစ်ဝိုက်မှာ စားလို့ကောင်းတဲ့ ဆိုင်ရှိလား”

ညီမလေးလျှို ဟုတ်လား…

လျှိုယွမ်ကျိ မျက်မှောင်ကြုတ်သွားပြီး သူ၏ ကိုယ်ပတ်လည်တွင် ကမ္ဘာဦးချီစွမ်းအင်များ စတင်လည်ပတ်လာသည်၊၊ သူ၏ လက်ထဲတွင်လည်း အဝါရောင်အဆောင်နှစ်ခုက အဆင်သင့်ရှိနေပြီဖြစ်သည်၊၊

ဝမ်ရှန်းနှင့် ဝူတန်းတပည့်အချို့က ရန်ပွဲကို အမြန်ဝင်တားလိုက်ကြရသဖြင့် နောက်ထပ် ရုန်းရင်းဆန်ခတ်မှုတစ်ခုဖြစ်သွားပြန်သည်၊၊

လူရှစ်ယောက်ပါသော အဖွဲ့သည် တောင်ခြေရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ခုကို ရွေးချယ်လိုက်ကြသည်၊၊ ထိုဆိုင်သည် မတူညီသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ ဆုံတွေ့လေ့ရှိသော နေရာဖြစ်သည်၊၊

ဆိုင်တွင် လူများ အလွန်ပြည့်နေပြီး စားပွဲတိုင်းက သက်သက်လွတ် ဟင်းလျာများနှင့် သစ်သီးဖျော်ရည်များကိုသာ မှာယူကြသဖြင့် ဆိုင်ရှင်မှာ အနည်းငယ် စိတ်ညစ်နေပုံရသည်၊၊ ကံကောင်းစွာဖြင့် သူတို့အတွက် သီးသန့်ခန်းအကြီးကြီးတစ်ခု ကျန်ရှိနေသေးသည်၊၊

ရှီချန်ကျန်းသည် သူ၏ ရှုံးနိမ့်မှုအတွက် ကလဲ့စားချေလိုပုံရပြီး ဝမ်ရှန်းကို ငွေကုန်ကြေးကျများအောင် လုပ်ရန် ရည်ရွယ်ကာ ဈေးအကြီးဆုံး သတ်သတ်လွတ်ဟင်းလျာများကိုသာ စားပွဲအပြည့် မှာယူလိုက်သည်၊၊

ထိုညစာသည် ဝမ်ရှန်း ပူဇော်ပွဲများ လုပ်ပေး၍ ရရှိထားသော ငွေအားလုံးနီးပါးကို ကုန်သွားစေသဖြင့် သူအတော်လေး နှမြောတသဖြစ်သွားရသည်၊၊ အကယ်၍ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် အသားရှောင်ရန်မလိုပါက ရှီချန်ကျန်းသည် သူ့ကို နလံမထူအောင် ဒုက္ခပေးနိုင်လောက်သည်၊၊

တစ်ဖက်တွင်မူ မုဝမ်ရွှမ်းသည် တိတ်ဆိတ်သော နေရာတစ်ခုတွင် ထိုင်ကာ စားသောက်ခြင်းအပေါ်၌သာ အာရုံစိုက်နေသည်၊၊ ဝမ်ရှန်းက သူမဘေးတွင် ထိုင်ပြီး သူမ ဗိုက်ဆာနေမည်ကို စိုးရိမ်သကဲ့သို့ ဟင်းများကို ထည့်ပေးကာ ဟင်းခွက်စက်ဝိုင်းကိုလည်း အမြဲလှည့်ပေးနေသည်၊၊

ဝူတန်းတပည့် လေးယောက်နှင့် အဆောင်ပညာဂိုဏ်းနှစ်ခုမှ ထိပ်တန်းတပည့်နှစ်ယောက်တို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးသွားကြသည်၊၊ သူတို့သည် သစ်သီးဖျော်ရည်ခွက်ချင်းကို အကြိမ်ကြိမ် တိုက်နေကြသည်မှာ ထိုဖျော်ရည်က သူတို့ကို မူးယစ်သွားစေနိုင်သည့်အလားပင်၊၊

တောင်ပေါ်တွင် လူအများရှေ့၌ ရှိနေစဉ်က အားလုံးသည် မိမိတို့၏ ဂိုဏ်းကိုယ်စားပြု မျိုးဆက်သစ်လူငယ်များအဖြစ် ရှိနေရသဖြင့် သတိထားပြီး တည်တည်တံ့တံ့နေခဲ့ကြရသည်၊၊

သို့သော် တောင်အောက်ဆင်းပြီး သီးသန့်အခန်းထဲ ရောက်သွားသောအခါ အားလုံးက တာအိုဝတ်စုံများကို ချွတ်လိုက်ကြသည်၊၊ ကျင့်ကြံသူများ ဖြစ်သော်လည်း ၎င်းတို့၏ လူငယ်စိတ်ဓာတ်အရ ပျော်ပျော်ပါးပါး ဆုံတွေ့ရခြင်းကို နှစ်သက်ကြသည်မှာ သိသာလှသည်၊၊

ကံမကောင်းစွာဖြင့် တောင်ပေါ်တွင် ကျင့်ကြံနေသည့် အချိန်များပြားလှသဖြင့် သူတို့၏ လူမှုဆက်ဆံရေးမှာ အနည်းငယ် အားနည်းနေသည်၊၊ ပထမနာရီဝက်ခန့်တွင် ရှီချန်ကျန်းတစ်ယောက်သာပျော်နေပြီး ကျန်သူများသည် မရဲတင်းသေးပဲ ဟိုအကြောင်းဒီအကြောင်း အပေါ်ယံစကားပြောနေကြသည်၊၊

ဝမ်ရှန်းက တစ်ချိန်လုံး တည်ငြိမ်စွာ နေထိုင်ရင်း အဖွဲ့ကို ထိန်းကျောင်းပေးနေသည်၊၊ ရှီချန်ကျန်းနှင့် လျှိုယွမ်ကျိတို့ အချင်းချင်း နောက်ပြောင်စကားများ ပြောဆိုပြီးနောက်တွင်မှ လေထုက တဖြည်းဖြည်း နွေးထွေးလာသည်၊၊ ရှီချန်ကျန်းသည် ဟုန်လင်းကိုပင် မိတ်ဆွေအဖြစ် တိတ်တဆိတ် ထည့်လိုက်သေးသည်၊၊

“လှပသော အမျိုးသမီးများသည် လူကြီးလူကောင်းများ၏ နှစ်သက်ရာဖြစ်သည်”

အိမ်ထောင်ပြုခြင်းကို တားမြစ်ထားသော အချို့သော တာအိုအမွေအနှစ်များမှလွဲ၍ ယနေ့ခေတ် ကျင့်ကြံသူအများစုသည် ချစ်သူရည်းစားထားခြင်းကို ကန့်သတ်မထားကြပေ၊၊

ထူးဆန်းသည်မှာ စားပွဲဝိုင်းတွင် မည်သူမျှ မုဝမ်ရွှမ်းကို စကားသွားမပြောရဲကြခြင်းဖြစ်သည်၊၊ သို့သော် အကြောင်းရင်းကို နားလည်ရန် မခက်ပေ၊၊

မုဝမ်ရွှမ်းသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်၊၊ ထို့အပြင် သူမ၏ အေးစက်သော အမူအရာနှင့် စကားနည်းသော သဘာဝက ချဉ်းကပ်ရန် ခက်ခဲသော အရှိန်အဝါကို ပေးစွမ်းနေသည်၊၊ သူမသည် ဝမ်ရှန်း၏ စကားကိုသာ တစ်ခါတစ်ရံ တိုးတိုးလေး ပြန်တုံ့ပြန်တတ်သဖြင့် သူစိမ်းများအနေနှင့် ခပ်ဝေးဝေးတွင်သာ နေသင့်ကြောင်း ရှင်းလင်းနေသည်၊၊

ထို့အပြင် ဝမ်ရှန်းကလည်း သူမဘေးတွင် ထိုင်နေသည်၊၊ သူတို့ကြားတွင် ချစ်သူရည်းစားပတ်သက်မှုမျိုးမဟုတ်ဘဲ မောင်နှမကဲ့သို့သာဖြစ်နေသော်လည်း မည်သူမျှ ထိုမထိရဲသော မိန်းမလှလေးကို ချဉ်းကပ်ခြင်းဖြင့် ဝမ်ရှန်းကို အမှားမလုပ်မိစေရန် သတိထားနေကြသည်၊၊

မုဝမ်ရွှမ်းသည် လှပသော ခန္ဓာကိုယ်နှင့် ရုပ်ရည်ရှိသူဖြစ်သည်၊၊ လူငယ်များအနေနှင့် တာအိုပညာဖလှယ်ရန် သန့်ရှင်းသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လျှင်ပင် တစ်မျိုးတစ်ဖုံ အထင်မှားခံရနိုင်သည်၊၊

သောက်စရာအချို့ သောက်ပြီးနောက် ဝမ်ရှန်းသည် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ လူမှုဆက်ဆံရေး အသိုင်းအဝိုင်းတစ်ခုကို စတင် တည်ဆောက်မိသွားပြီဖြစ်ကြောင်း သတိပြုလိုက်မိသည်၊၊

ဝူတန်းတောင်မှ စီနီယာလေးယောက်သည် ထိုအသိုင်းအဝိုင်း၏ အစိတ်အပိုင်းဖြစ်နေပြီဖြစ်သည်၊၊ ယခု ဆုံတွေ့မှုကြောင့် အနည်းဆုံးတော့ သူနှင့် ဆက်လက်တွဲသွားမည့် မိတ်ဆွေများ ဖြစ်လာကြသည်၊၊ ဝူတန်းတောင်ပေါ်က ဘဝသည်လည်း ယခင်ကလို အထီးကျန်နေတော့မည် မဟုတ်ပေ၊၊

ဝမ်ရှန်းသည် သူ့ကို လာရောက် မိတ်ဖွဲ့ကြသော ရှီချန်ကျန်းနှင့် လျှိုယွမ်ကျိတို့၏ ဖော်ရွေမှုကိုလည်း ငြင်းပယ်ခြင်း မပြုခဲ့ပေ၊၊ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်တွင် မိတ်ဆွေများ ရှိနေခြင်းက နောင်တွင် အကြံဉာဏ်များဖလှယ်ရန်အတွက် အထောက်အကူဖြစ်နိုင်သည်၊၊

လုံဟူရှန်းတောင်နှင့် မော်ရှန်းတောင်တို့သည် တာအိုဂိုဏ်းများထဲတွင် အလွန်အရေးပါသော အမွေအနှစ်များဖြစ်ကြပြီး ၎င်းတို့သည် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ ဂိုဏ်းတူမောင်နှမနှစ်ယောက်၏ အနာဂတ်အပေါ် အမြင်ကောင်းရှိပုံရသည်၊၊ ထို့ကြောင့်လည်း ထူးချွန်သော တပည့်များကို လွှတ်၍ အဆက်အသွယ်ပြုလုပ်ခိုင်းခြင်း ဖြစ်သည်၊၊

လျှိုယွမ်ကျိသည် ခန့်ညားသော ရုပ်ရည်နှင့် ယဉ်ကျေးသော အမူအရာရှိသူဖြစ်ပြီး သူ၏ အပြုံးများသည် အနည်းငယ် ဟန်ဆောင်မှုပါနေသကဲ့သို့ ရှိသည်၊၊

တစ်ဖက်တွင်မူ ရှီချန်ကျန်းသည် အခွင့်အရေးရတိုင်း ဝမ်ရှန်းကို အစ်ကိုရှန်းဟူသော အသုံးနှုန်းဖြင့် အားတက်သရော ခေါ်နေသည်၊၊ သူသည် သစ်သီးဖျော်ရည်များကို လိုက်ထည့်ပေးပြီး ဟင်းများ ထပ်မှာရန်အတွက် စားပွဲထိုးကိုလည်း အပြေးအလွှားသွားခေါ်ပေးခဲ့သည်၊၊

ထိုနှစ်ယောက်သည် ယဉ်ကျေးသော လူကြီးလူကောင်းနှင့် လမ်းဘေးလေလွင့်သူတို့၏ ခြားနားမှုကို အပြည့်အဝ ဖော်ပြနေသည်၊၊ ဘေးချင်းယှဉ်ထိုင်နေသော သူတို့နှစ်ယောက်၏ ဆန့်ကျင်ဘက်အခြေအနေက မြင်ရသူတိုင်းကို ပြုံးမိစေလေသည်၊၊

စားသောက်ပြီးနောက် အဖွဲ့သားများသည် စားသောက်ဆိုင်၏ သီးသန့်ခန်းထဲတွင် ထိုင်ကာ နေကြာစေ့စားရင်း လက်ဖက်ရည်သောက်ကာ စကားစမြည် ပြောဆိုနေကြသည်၊၊

“အစ်ကိုရှန်း ခင်ဗျား ဓားသိုင်းကို လေ့ကျင့်လာတာ ဘယ်နှနှစ်ရှိပြီလဲ”

ရှီချန်ကျန်းက ရုတ်တရက် မေးလိုက်သည်၊၊

“သုံးနှစ်လောက်ရှိပြီ” ဝမ်ရှန်းက ပြန်ဖြေသည်၊၊

“ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ၊၊ တောင်ပေါ်မတက်ခင်ကတည်းက အခြေခံ အနည်းငယ်ရှိနေလို့ပါ”

ရှီချန်ကျန်းက ချက်ချင်းပင် လက်မထောင်ပြလိုက်သည်၊၊ သူပြုံးလိုက်သောအခါ နေကြာစေ့ခွံတစ်ခုက သူ့နှုတ်ခမ်းတွင် ကပ်နေသည်၊၊

“ဒါက တကယ် အံ့သြဖို့ကောင်းတယ်၊၊ အခု ကမ္ဘာဦးချီစွမ်းအင်တွေ ပြန်ရောက်လာပြီဆိုတော့ တခြားလူတွေ ခင်ဗျားရဲ့ ဓားသိုင်းအဆင့်ကို မှီဖို့ တစ်သက်လုံး ကြိုးစားရလိမ့်မယ်၊၊ တကယ် ချီးကျူးစရာပဲ”

“ဒါကတော့ အပြည့်အဝ မမှန်ဘူး”

လျှိုယွမ်ကျိက တိုးတိုးလေး ပြောသည်၊၊

“ချီစွမ်းအင်တွေ ပြန်မလာခင်ကတည်းက အစ်ကိုဖေးယွီရဲ့ ဓားတာအိုက အခုထက် မနိမ့်ပါဘူး၊၊ ကျွန်တော့်ဆရာ အမြဲပြောတာက ကျင့်ကြံခြင်းလမ်းစဉ်အားလုံးမှာ နောက်ဆုံးတော့ သိမြင်နားလည်မှုဆိုတဲ့ စကားလုံးတစ်လုံးတည်းပေါ်မှာပဲ မူတည်တယ်တဲ့”

ဝမ်ရှန်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသဖြင့် နှိမ့်ချသော စကားတစ်ခွန်း ပြန်ပြောရန် ပြင်လိုက်သော်လည်း သူ မပြောရသေးခင်မှာပင် မုန့်ဟောင်က ရယ်မောကာ ဝင်ပြောလိုက်သည်၊၊

“ကြားရရင် ယုံမှာမဟုတ်ဘူး၊၊ ညီလေးဝမ်ရဲ့ ဓားသိုင်းအကြောင်းကို ဒီနေ့မှ ငါတို့ သိရတာပဲ၊၊ သူက ဝူတန်းတောင်ရဲ့ နောက်ဖက်မှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင့်ကြံနေတာလေ၊၊ အခု ပြန်စဉ်းစားကြည့်တော့ ဒီနေ့ သူ ဒီလောက် စွမ်းဆောင်နိုင်တာက တိုက်ဆိုင်မှု မဟုတ်တော့ဘူး”

“စီနီယာအစ်ကိုက ကျွန်တော့်ကို အမွှန်းတင်လွန်းနေပါပြီ”

ဝမ်ရှန်းက ပြုံးလျက် စကားလမ်းကြောင်းကို အသာအယာ ပြောင်းလိုက်သည်၊၊

“တာအိုရောင်းရင်း ရှီချန်ကျန်း… မင်း ခုနက သုံးခဲ့တဲ့ လေထဲကနေ အိတ်လေးလုံးထွက်လာအောင် လုပ်နိုင်တာတွေ… တာအိုရောင်းရင်း လျှိုယွမ်ကျိက အဆောင်ကို သုံးပြီး ရန်သူကို တိုက်ခိုက်ဖို့ မိုးကြိုးဆင့်ခေါ်နိုင်တာတွေကမှ တကယ့် အံ့သြစရာတာအိုပညာတွေပါ”

လျှိုယွမ်ကျိက ပြုံးရုံသာ ပြုံးနေသည်၊၊

ရှီချန်ကျန်းက ကိုးရိုးကားယားရယ်မောလိုက်သည်၊၊

“အဲဒါက လူတွေကို လှည့်စားတဲ့ လှည့်ကွက်လေးပါ၊ အဲဒီအိတ်လေးလုံးက အစကတည်းက ကျွန်တော့်ကိုယ်မှာ ချည်ထားတာပါ”

ထို့နောက် သူက သက်ပြင်းအရှည်ကြီး ချလိုက်သည်၊၊

“ဒီနေ့တော့ မော်ရှန်းတောင်မှာ နာမည်ကြီးအောင် လုပ်ပြီး နောင်ကျရင် ကြော်ငြာတွေ ဘာတွေ ရမလားလို့ အစွမ်းပြမလို့ ကြံတာ၊၊ ဒါပေမဲ့ ခင်ဗျားရဲ့ ဓားနဲ့ တိုးတာပဲ၊ ကျွန်တော့် အဘိုးကြီးက ပြောဖူးတယ် ဒီခရီးမှာ ထူးခြားတဲ့လူတစ်ယောက်နဲ့ တွေ့လိမ့်မယ်တဲ့၊၊ ထူးခြားတာတင်မကပါဘူး ခင်ဗျားက ငရဲက ဓားဘုရင်ပဲ”

တံခါးခေါက်သံတစ်ခုက သူတို့၏ စကားဝိုင်းကို အနှောင့်အယှက် ပေးလိုက်သည်၊၊ ထို့နောက် တံခါးကြားမှ မိန်းကလေးငယ်တစ်ဦး ခေါင်းပြူထွက်လာသည်၊၊ မျက်လုံးတောက်ပသော ထိုမိန်းကလေးသည် တာအိုဝတ်စုံကို ဝတ်ထားပြီး ရှေ့ဆံပင် ဆံမြိတ်ညှပ်ထားသည်၊၊ ဝမ်ရှန်းလည်း သူမကို မြင်ဖူးသလိုလိုရှိနေသည်၊၊ အစောပိုင်းက မော်ရှန်းတောင်ပေါ်တွင် တွေ့ခဲ့ပုံရသည်၊၊

သူမက မျက်နှာလေးနီရဲနေပြီး တိုးတိုးလေး မေးလိုက်သည်၊၊

“ဒီမှာ ဝူတန်းတောင်က တာအိုတပည့်တွေ ရှိလားမသိဘူး၊၊ ကျွန်မက မော်ရှန်းတောင်က ကျင့်ကြံသူတစ်ယောက်ပါ၊ စီနီယာအစ်ကို ဖေးယွီနဲ့ စီနီယာအစ်မ ပုယွီတို့နဲ့အတူ ဓာတ်ပုံရိုက်ချင်လို့ပါ၊၊ ရမလားမသိဘူး”

ဝမ်ရှန်း ဆွံ့အသွားသည်၊၊

ဝမ်ရှန်း သို့မဟုတ် မုဝမ်ရွှမ်းတို့ ဘာမှမပြောရသေးခင်မှာပင် ရှီချန်ကျန်းက စိတ်အားထက်သန်စွာ ထရပ်ပြီး သူမကို လက်ယပ်ခေါ်လိုက်သည်၊၊

“ဝင်ခဲ့… ဝင်ခဲ့၊၊ သူတို့ ဒီမှာရှိတယ်”

တံခါးကြီး ပွင့်သွားပြီးနောက် တာအိုဝတ်စုံ ဝတ်ထားသော လူငယ်ခုနစ်ယောက် ရှစ်ယောက်ခန့် တိုးဝှေ့ဝင်လာကြသည်၊၊

စင်္ကြံလမ်းပေါ်ရှိ အခြားလူများလည်း ထိုသတင်းကို ကြားသွားကြသည်၊၊ အချို့က လာရောက်မိတ်ဆက်ကြပြီး အချို့ကမူ တာအိုတရားအကြောင်း ဆွေးနွေးရန် လာကြသည်၊၊ ခဏအကြာတွင် လျှိုယွမ်ကျိ၏ လက်မှတ်ကို လာတောင်းသော မိန်းကလေးများလည်း ရောက်လာကြသည်၊၊

ထိုသီးသန့်ခန်းလေးသည် ခဏချင်းမှာပင် ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်၊၊

တစ်နာရီကျော်ခန့် လူရှုပ်ပြီးနောက် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ဖရိုဖရဲဖြစ်နေသော ပုံစံဖြင့် ဟိုတယ်သို့ ပြန်လာကြသည်၊၊ မုန့်ဟောင်နှင့် ကျန်သုံးယောက်ကမူ လျှိုယွမ်ကျိ၊ ရှီချန်ကျန်းတို့နှင့်အတူ ညဈေးသို့ လမ်းလျှောက်ထွက်သွားကြသည်၊၊

ထိုလူအုပ်ထဲမှ လွတ်မြောက်လာချိန်တွင် ဝမ်ရှန်း၏ YouChat အဆက်အသွယ်စာရင်းမှာ အတော်လေး များသွားသည်၊၊ အခြားဂိုဏ်းအသီးသီးမှ မျိုးဆက်သစ်လူငယ်များအတွက် သီးသန့် group တစ်ခုပင် ရှိနေပြီဖြစ်သည်၊၊ ထို့အပြင် သူသည် group လေးငါးခုထဲသို့လည်း ဝင်ရောက်ခဲ့ရသော်လည်း အားလုံးကို mute ထားလိုက်သည်၊၊

မုဝမ်ရွှမ်းလည်း အဆက်အသွယ်အချို့ ရရှိခဲ့သည်၊၊ အဓိကအားဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိသော ကျင့်ကြံသူကြီးကို အားကျနေကြသည့် မိန်းကလေးများ ဖြစ်ကြသည်၊၊ သူမသည် ထိုသူများ၏ စီနီယာအစ်မကြီးဖြစ်ရသည်ကို သဘောကျကာ တခစ်ခစ်ရယ်နေလေသည်၊၊

သူတို့ဂိုဏ်းတွင် နာမည်အတိအကျမရှိသေးသော်လည်း သူတို့နှင့် သူတို့၏ ဆရာသည် နောင်တစ်ချိန်တွင် ကြီးကျယ်သော အောင်မြင်မှုများ ရရှိကြမည်မှာ သေချာသည်၊၊ ထို့ကြောင့် ကျင့်ကြံခြင်းလောကတွင် အဆက်အသွယ်များ တိုးချဲ့ထားရန် လိုအပ်သည်ဟု ဝမ်ရှန်းက ယူဆကာ ထိုကိစ္စကို အလေးအနက်ထားခဲ့သည်၊၊ နောင်တွင် အခက်အခဲမဖြစ်စေရန် အဆက်အသွယ်သစ်တစ်ဦးချင်းစီ၏ ဂိုဏ်း၊ အမည်နှင့် တာအိုဘွဲ့နာမည်များကို သေချာမှတ်သားထားလိုက်သည်၊၊

ထိုညမှာပင် အချို့သောအဖွဲ့များ ပြန်သွားကြသည်၊၊ ဝူတန်းတောင်အဖွဲ့ကမူ မနက်ဖြန်မနက်မှ ပြန်ရန် စီစဉ်ထားသည်၊၊

ဝမ်ရှန်းကမူ မော်ရှန်းတောင်မှ နှစ်နာရီ၊ သုံးနာရီခန့်သာ ဝေးသော သူ၏ ဇာတိမြို့သို့ သွားရန် လက်မှတ်များ ဝယ်ထားပြီးသားဖြစ်သည်၊၊ မနက်ဖြန်တွင် မုဝမ်ရွှမ်းကို ခေါ်ပြီး မိဘများထံ သွားရောက်လည်ပတ်မည် ဖြစ်သည်၊၊

ဇာတိမြို့သို့ ပြန်ရခြင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု ပြောလေ့ရှိကြသည်၊၊ ထို့ကြောင့်ပင် ဝမ်ရှန်း တစ်ညလုံး အိပ်မပျော်နိုင်ဖြစ်နေသည်၊၊ သူ၏ မိဘများက သူ၏ စီနီယာအစ်မကို အနေခက်စေမည့်စကားများ ပြောမလားဟု စိုးရိမ်နေသည်၊၊

ဒီနေ့ သိုင်းပညာဖလှယ်ပွဲ၏ ရလဒ်ထက် ဤကိစ္စက ဝမ်ရှန်းကို ပို၍ စိတ်ပူစေသည်၊၊

Telegram Channel-

https://t.me/wanshang68

All Chapters