အခန်း (၃၅၁-၃၅၂)
Vol. 36 Ch. 351-352
အခန်း (၃၅၁) - မင်လုံယွီ၏ သောကဗျာပါဒနှင့် လမ်းပြကြယ်တစ်ပွင့်
မွှေးရနံသင်းပျံ့သော စန္ဒကူးနံ့သာငွေ့များက အခန်းအတွင်း၌ မြူခိုးများသဖွယ် ဝေဝဲနေသည်။ အခန်းအလယ်တွင် ကျင့်ကြံသူတစ်ဦးသည် တင်ပျဉ်ခွေထိုင်ကာ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေပြီး မုဒြာလက်ကွက်များကို ပုံဖော်နေလေသည်။ တိတ်ဆိတ်အေးစက်နေသော ထိုအခန်းအတွင်း၌ ဝေ့ဝဲနေသော နံ့သာငွေ့များအောက်တွင် သူ၏မျက်နှာမှာ ကြည်လင်ခြင်းမရှိလှပေ။ သူ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်ကွေးနေပြီး မျက်နှာမှာမူ နာကျင်မှုကို အောင့်ထားရသည့်အလား ရှုံံ့မဲ့နေသည်။ အသက်ရှူသွင်းလိုက်တိုင်း စန္ဒကူးနံ့သာငွေ့များသည် နဂါးနှစ်ကောင်အလား သူ၏ နှာခေါင်းအတွင်းသို့ တိုးဝင်သွားကြသည်။
ထိုခဏတွင် အခန်းအတွင်း၌ ထိန်းချုပ်မရသော ဝိညာဉ်အသိစိတ်များ၏ ဖိအားများမှာ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ဤသည်မှာ ဝိညာဉ်အသိစိတ်ကို မထိန်းချုပ်နိုင်သည့် လက္ခဏာဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ စတင်ဝင်ရောက်ကာစ ကျင့်ကြံသူများတွင်သာ တွေ့ရလေ့ရှိသည်။ ဤအခြေအနေမျိုး လော့ချန်ထံတွင် ဖြစ်ပေါ်လာခြင်းမှာ အလွန်ပင် ရှားပါးလှပေသည်။
ရုတ်တရက် ခပ်တိုးတိုး ညည်းတွားသံတစ်ချက် ထွက်ပေါ်လာသည်။ လော့ချန် မျက်လုံးများကို ဖွင့်လိုက်ရာ မျက်ဝန်းအိမ်အတွင်းမှ လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံး လင်းထိန်သွားတော့သည်။
သူ လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ ချီစွမ်းအားတစ်ခုက ထက်ဝက်ခန့် လောင်ကျွမ်းနေသော နံ့သာတိုင်ဆီသို့ ဦးတည်သွားသည်။
ရှဲ....
စန္ဒကူးနံ့သာတိုင် ငြိမ်းသွားသော်လည်း ရနံ့မှာမူ လေထုထဲတွင် ကျန်ရစ်နေဆဲ ဖြစ်သည်။ လော့ချန်သည် သူ၏ မျက်ခုံးကြားကို လက်ဖြင့် အသာအယာ နှိပ်နယ်ပေးလိုက်သည်။
“အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေပဲ သုံးနိုင်တယ်ဆိုတဲ့ နတ်ဘုရားမီးလျှံ အမွှေးတိုင်က တကယ့်ကို နာမည်နဲ့လိုက်အောင် ပြင်းတာပဲဟ....”
“ဝိညာဉ်ကို လှုံ့ဆော်တဲ့အရှိန်က ကြောက်စရာကောင်းလိုက်တာ.... ငါသာ အချိန်မီ သတိပြန်မကပ်နိုင်ရင် ချီစွမ်းအားတွေ လွန်ကဲပြီး တစ်ကိုယ်လုံး နုံးချိသွားနိုင်တယ်”
လော့ချန်တစ်ယောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ထက်ဝက်ကျန်သောအမွှေးတိုင်ကို ကြည့်ကာ မချီးကျူးဘဲ မနေနိုင်တော့ပေ။ ဤအမွှေးတိုင်မှာ သာမန်ပစ္စည်းမဟုတ်ဘဲ ဘုရင်မပန်းဂိုဏ်းမှ မာလာဒေဝီ ကိုယ်တိုင် ထုတ်လုပ်ထားခြင်းဖြစ်သည်။ အသုံးပြုရန် သတ်မှတ်ချက်များမှာ အလွန်တင်းကျပ်သလို ဈေးနှုန်းမှာလည်း မိုးထိုးအောင် မြင့်မားလှသည်။ သို့သော် ရလဒ်မှာမူ ပေးရသည့် ဈေးနှင့် တန်လှသည်။ တစ်ဝက်ခန့်သာ သုံးရသေးသော်လည်း သူ၏ ဝိညာဉ်အသိစိတ်မှာ အလွန်တရာ နိုးကြားသွားခဲ့ပြီဖြစ်သည်။
ယခင်က သူသည် ပင်မကျင့်စဉ်ကို တစ်နေ့လျှင် ၅ ပတ်သာ လှည့်ပတ်နိုင်သော်လည်း ယခုအခါ ၇ ပတ်အထိ တိုးမြှင့်နိုင်ခဲ့ပြီ ဖြစ်သည်။ ၂ ပတ်တိတိ ပိုလာခြင်းဖြစ်သည်။ အပြင်ပန်းကြည့်လျှင် ဤတိုးတက်မှုမှာ သေးငယ်သည်ဟု ထင်ရသော်လည်း ရေရှည်တွင်မူ ကြီးမားသော အကျိုးကျေးဇူးကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း လော့ချန် အတပ်သိနေသည်။
“ငါသာ ဒီတစ်တိုင်လုံးကို တစ်ခါတည်းနဲ့ အကုန်စုပ်ယူနိုင်ရင် ကျင့်စဉ်လည်ပတ်မှုကို အကန့်အသတ်ဖြစ်တဲ့ ၁၀ ကြိမ်အထိ မြှင့်တင်နိုင်မှာပဲ.... ဒါဆိုရင် ဆေးလုံးအကူအညီ မပါရင်တောင် ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန်ကို နှစ်ဆနီးပါး မြှင့်တင်နိုင်လိမ့်မယ်"
“ဟူး.... ငါ့ရဲ့ ဝိညာဉ်အခြေခံက တခြားသူတွေထက် သာတယ်လို့ ငါ တလျှောက်လုံး ထင်နေခဲ့တာ၊ အခုတော့ မလုံလောက်သေးဘူးပဲ”
ယခုအခြေအနေအရ သူ၏ ချီစွမ်းအားမှာ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်ထက် သာလွန်သော်လည်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူကြီးများကိုမူ မမီသေးပေ။ မြင်သာအောင်ပြောရလျှင် အလယ်အဆင့်၏ အထက်ပိုင်း၊ နှောင်းပိုင်းအဆင့်သို့ ရောက်ခါနီး အခြေအနေတွင်သာ ရှိသေးသည်။
“နည်းနည်းတော့ နှမြောစရာပဲ”
“အဆင့်တက်တုန်းက ချီစွမ်းအင်တွေက ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကို ဆေးကြောပြီး ဒန်ထျန်းက ချီပင်လယ် ဖြစ်လာချိန်ဟာ မူလအခြေခံကို ပြန်လည်တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ပဲ၊ အဲဒီအချိန်မှာ ချီစွမ်းအားက ပိုများလေလေ၊ အခြေခံတည်ဆောက်ပြီးနောက်မှာ ဝိညာဉ်အသိစိတ်က ပိုပြီး အားကောင်းလေလေပဲ”
“ငါ အဲဒီတုန်းက လုံလောက်ပြီလို့ ထင်ခဲ့တာကို.... တကယ်တမ်းတော့ မလုံလောက်သေးဘူးပဲ”
လော့ချန် ခေါင်းကို တွင်တွင်ခါလိုက်ပြီး ဤကိစ္စကို ထပ်မတွေးတော့ပေ။ သူ နှမြောမိသော်လည်း နောင်တမရပေ။ ထိုစဉ်က အရေးကြီးဆုံးမှာ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန် ဖြစ်သည်။ ဝိညာဉ်အခြေခံကို အကန့်အသတ်မရှိ မြှင့်တင်ရန်အတွက် အဆင့်တက်ရန် အခွင့်အရေးကို နှောင့်နှေးအောင် မလုပ်သင့်ပေ။ အကယ်၍ နောက်တစ်ကြိမ် ပြန်ဖြစ်လျှင်ပင် သူသည် အခြေတည်အဆင့်ကိုသာ ရွေးချယ်ဦးမည် ဖြစ်သည်။
ထို့ပြင် ယခုအချိန်တွင် ပြန်လည်အဖတ်ဆယ်ရန် နည်းလမ်းမရှိသည်လည်း မဟုတ်ပေ။ အခြားသူများအတွက်မူ ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်ချီ၍ အချိန်ယူကာ ချီစွမ်းအားကို တစ်စစချင်း တည်ဆောက်ရမည်ဖြစ်သော်လည်း သူ့တွင်မူ ဖြတ်လမ်း ရှိနေသည်။
ထိုအရာမှာ ချီလမ်းကြောင်းဆေးလုံး ဖြစ်သည်။
ယခုအခါ အဆင့်နိမ့် ချီလမ်းကြောင်းဆေးလုံးများက သူ့အတွက် အသုံးမဝင်တော့သော်လည်း အဆင့်လတ်၊ အဆင့်မြင့် သို့မဟုတ် ထိပ်တန်းအဆင့်များဆိုပါက တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်ပေသည်။
လော့ချန် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ဒန်ရှားတောင်ထိပ်တွင် ကျောက်စိမ်းအမြုတေဆေးလုံးများကို အကြီးအကျယ် ဖော်စပ်သကဲ့သို့ ချီလမ်းကြောင်းဆေးလုံးများကိုလည်း ဖော်စပ်ကာ ကျွမ်းကျင်မှုအဆင့်ကို တိုးမြှင့်ရပေမည်။ ထိုဆေးလုံးများသည် အိပ်မက်ကမ္ဘာသို့ ရောက်သွားနိုင်သည့် ဘေးထွက်ဆိုးကျိုး ရှိသော်လည်း ဈေးကွက်မှာမူ အမြဲရှိနေမည် ဖြစ်သည်။ အသုံးမဝင်သော အဆင့်နိမ့်ဆေးလုံးများကို လော့ထျန်းအဖွဲ့တွင်း၌ သုံးစေခြင်း သို့မဟုတ် ပြင်ပသို့ ရောင်းချခြင်းဖြင့် အရင်းအမြစ်များကို ပြန်လည်ရှာဖွေနိုင်ပေသည်။ မည်သို့ပင်ဆိုစေ သူ့တွင် အရှုံးမရှိပေ။
သူ၏ အတွေးများမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး စိတ်ဝိညာဉ်မှာလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးကြည့်ရာ ချီပင်လယ်ကို မြင်လိုက်ရသည်။ ပထမအလွှာမှာ ပြည့်လျှံသွားသည်မှာ ကြာပြီဖြစ်ပြီး ဒုတိယအလွှာတွင်မူ ဝိညာဉ်အရည်များမှာ လေးပုံတစ်ပုံခန့် ပြည့်နေပြီဖြစ်သည်။ မနေ့ည တိုးတက်မှုမှာ ပုံမှန်ထက် ပိုမိုမြန်ဆန်ခဲ့သည်မှာ သေချာသည်။
အတိအကျ တွက်ချက်ရန် ခက်သော်လည်း နဂါးပျံဆေးလုံးနှင့် နတ်ဘုရားမီးလျှံ အမွှေးတိုင် နှစ်မျိုးလုံးက ထိရောက်သည်မှာ ယုံမှားသံသယ ရှိစရာမလိုပေ။
လော့ချန်၏ စိတ်ဓာတ်မှာ ပိုမိုခိုင်မာလာခဲ့သည်။
“ဆက်သွားစမ်း.... တစ်နေ့ကျရင် ငါ့ရဲ့ ချီပင်လယ် ကိုးလွှာစလုံး ပြည့်သွားစေရမယ်၊ အဲဒီ ပြည့်လျှံနေတဲ့ ချီပင်လယ်ကြီးထဲကနေ ငါ့ရဲ့ ရွှေအမြုတေကို မွေးဖွားလာစေရမယ်”
....
သုံးရက်ကြာပြီးနောက်....။
ထျန်းလန်တောင် အပြင်ဘက်မှ အလင်းတန်းတစ်ခု နှေးကွေးစွာဖြင့် ပျံသန်းလာသည်။ ဤနေရာတွင် ဝင်ထွက်သွားလာနေသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ယှဉ်လျှင် နှေးကွေးသည်ဟု ဆိုရသော်လည်း အောက်ခြေရှိ ကျင့်ကြံသူများထက်မူ ပို၍ မြန်ဆန်လှသည်။
ပျံသန်းလာသူမှာ ချီသန့်စင်အထွတ်အထိပ်တွင် ကြာမြင့်စွာ ရှိနေခဲ့သော မင်လုံယွီပင် ဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ရှိ မြင့်မားသော တောင်ထိပ်များနှင့် တောင်ကမ်းပါးယံကြားမှ မြူခိုးများကို ကြည့်ရင်း စိတ်လှုပ်ရှားနေမိသည်။ ဝိညာဉ်သားရဲများ ပြေးလွှားနေသလို ကြိုးကြာဖြူများလည်း ကောင်းကင်ယံတွင် ဝဲပျံနေကြသည်။ ရေတံခွန်ကြီးများသည် ကောင်းကင်ဘုံမှ စီးဆင်းလာသကဲ့သို့ ကျဆင်းနေပြီး ဝိညာဉ်ငါးများမှာ ရေဆန်သို့ တက်ရန် ကြိုးပမ်းနေကြသည်။
မင်လုံယွီသည် လက်ထဲမှ ဝိညာဉ်တံဆိပ်ပြား၏ လမ်းညွှန်မှုဖြင့် မြေပြန့်ကွင်းပြင်တစ်နေရာတွင် ဆင်းသက်လိုက်သည်။ အပြင်ဘက်ရှိ ခြံဝင်းမှာ ဗလာဖြစ်နေသည်။ အမှန်စင်စစ် ဗလာဖြစ်သည်ဟု မဆိုနိုင်ဘဲ ကျင့်ကြံသူများအတွက် တန်ဖိုးမရှိသော အလှကြည့်ပန်းပင်အချို့ကိုသာ စိုက်ပျိုးထားခြင်း ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ဤဂူဗိမာန်ပိုင်ရှင်သည် ဤနေရာ၌ ကြာရှည်နေထိုင်ရန် ရည်ရွယ်ချက်မရှိကြောင်း သိသာလှသည်။
သူ ရောက်လာသည်ကို သိသည့်အလား မြူခိုးများမှာ လွင့်စင်သွားပြီး ကာကွယ်ရေး မှော်အစီအရင်များမှာလည်း ပွင့်သွားခဲ့သည်။ မင်လုံယွီသည် သူ၏ ဝတ်ရုံကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီး အထဲသို့ လှမ်းဝင်လိုက်သည်။
အတွင်းသို့ ရောက်သောအခါ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လော့ချန်သည် အခန်းတစ်ခုအတွင်း၌ အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည်။ မင်လုံယွီ ခေတ္တမျှ ကြည့်နေပြီးနောက် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"အဖွဲ့ခေါင်းဆောင်.... ဆေးဖော်ခန်းကို ပြင်ဆင်နေတာလား"
လော့ချန်က နောက်လှည့်မကြည့်ဘဲ သူ၏ အလုပ်ကိုသာ ဆက်လုပ်နေရင်း ပြန်ပြောလိုက်သည်။
“ထျန်းလန်တောင်ထိပ်က ဒုတိယအဆင့် ဂူဗိမာန်တိုင်းမှာ မြေအောက်မီး ထွက်ပေါက်တွေ ပါပြီးသားပဲ၊ ငါ အရင် ပြင်ဆင်ထားလိုက်မယ်၊ ပြီးမှ ရေခဲလှိုင်းနန်းတော်က လူတွေကို ခေါ်ပြီး မြေအောက်မီးကို ဆွဲထုတ်ခိုင်းလိုက်မယ်၊ အလကားရတာကို မသုံးရင် နှမြောစရာကြီးလေ”
ဒုန်း....
လေးရောင်ခြယ်ဆေးအိုး၏ ထောက်တိုင်သုံးချောင်းမှာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ကျသွားသည်။ ထိုနေရာမှာ မြေအောက်မီး ထွက်ပေါက်၏ အပေါ်တည့်တည့်ပင် ဖြစ်သည်။ အပြင်အဆင်မှာ အနည်းငယ် ပုံစံမကျသေးသော်လည်း ယခင်က သူ ကိုယ်တိုင်ဖန်တီးခဲ့သော ဆေးဖော်ခန်းများနှင့် ယှဉ်လျှင်မူ အဆပေါင်းများစွာ သာလွန်လှပေသည်။
လော့ချန် စိတ်ကျေနပ်စွာဖြင့် လှည့်ကြည့်ကာ လက်ကို ပွတ်လိုက်သည်။
“ကဲ.... ပစ္စည်းတွေ အကုန်ပါလာရဲ့လား”
မင်လုံယွီက အမြန်ခေါင်းညိတ်ပြပြီး သိိုလှောင်အိတ်တစ်လုံးကို လော့ချန်ထံသို့ ရိုသေစွာ ကမ်းပေးလိုက်သည်။
“အကုန်ပါတာပေါ့ ခေါင်းဆောင်ရယ်.... ခေါင်းဆောင်မှာတဲ့အတိုင်း အဓိကဆေးမယ်တွေကို လင်ကျွင်းကိုယ်တိုင် သေချာစစ်ဆေးပြီး ပြင်ဆင်ပေးထားတာပါ”
လော့ချန်သည် မကွယ်ဝှက်ဘဲ မင်လုံယွီ၏ ရှေ့တွင်ပင် အိတ်ကို ဖွင့်ကာ အတွင်းရှိ ပစ္စည်းများကို သွန်ချလိုက်သည်။ များပြားလှသော ဆေးမယ်များမှာ အခန်း၏ ထောင့်တစ်နေရာတွင် ပုံကျသွားသည်။ ဆေးအမယ်တစ်ခုချင်းစီ၏ အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် သူ ကျေနပ်သွားသည်။
“မဆိုးပါဘူး.... လင်ကျွင်းရဲ့ ဆေးမယ်စီမံမှုက တိုးတက်လာပြီပဲ.... ဘာမှ ပြန်လဲခိုင်းစရာ၊ အသစ်ဝယ်ခိုင်းစရာ မလိုတော့ဘူး”
ပြောပြောဆိုဆို လော့ချန် နောက်သို့ လှည့်ကြည့်လိုက်ရာ စိတ်ပျံ့လွင့်နေသော မင်လုံယွီကို တွေ့လိုက်ရသည်။ မင်လုံယွီ ဘာတွေးနေသည်ကို သူ ခန့်မှန်းမိသွားသော်လည်း မေးလိုက်သည်။
"ကဲ.... ပြောပါဦး၊ ဘာတွေ ဒီလောက်တောင် တွေးနေရတာလဲ"
မင်လုံယွီက ငေးငေးငိုင်ငိုင်ဖြင့် ပြန်ဖြေသည်။
“ဒီဂူဗိမာန်ရဲ့ ချီစွမ်းအင်တွေက တကယ်ကို ပြည့်ဝတာပဲလို့ တွေးနေတာပါဗျ၊ ချီသန့်စင််အဆင့် ကျင့်ကြံသူတွေသာ ဒီမှာ ကျင့်ကြံခွင့်ရရင် အချိန်ကုန် သက်သာပြီး အထွတ်အထိပ်အဆင့်ကို အမြန်ရောက်မှာပဲ”
‘လူညာ.... သူကိုယ်တိုင်က အထွတ်အထိပ်အဆင့်ကို ရောက်နေပြီကို ဘာလို့ ဒါတွေ စိတ်ဝင်စားနေရတာလဲ’
လော့ချန် တစ်ချက် ရယ်မောလိုက်ပြီး ဂူအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ မင်လုံယွီကလည်း နောက်မှ ကပ်လိုက်လာခဲ့သည်။
အပြင်ဘက် လျှောက်လမ်းလေးသို့ ရောက်သောအခါ လော့ချန်သည် မျက်နှာချင်းဆိုင်ရှိ ခပ်နိမ့်နိမ့် တောင်ကမ်းပါးယံတစ်ခုကို ညွှန်ပြလိုက်သည်။
“တွမ်ဖုန်း အဲ့မှာ ရှိတယ်”
ဂလု....
မင်လုံယွီ၏ တံတွေးမြိုချလိုက်သံမှာ အတိုင်းသား ကြားနေရသည်။ သူ ထိုနေရာကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“သူ.... အောင်မြင်သွားမလား မသိဘူးနော် ခေါင်းဆောင်”
“မင်းကော.... သူ့ကို လိုလိုလားလား အောင်မြင်စေချင်ရဲ့လား”
“ဒါပေါ့.... သိပ်လိုလားတာပေါ့”
ဤအဖြေမှာ တွန့်ဆုတ်မှု လုံးဝမရှိပေ။ နှုတ်မှ လွှတ်ခနဲ ထွက်လာခြင်းဖြစ်ပြီး စိတ်ရင်းမှန်ကြောင်း ထင်ရှားလှသည်။ လော့ချန် ပြုံးလိုက်မိသည်။
အကယ်၍ ဤမေးခွန်းကို ဖုန်းရှက ဖြေလျှင် မဆန်းသော်လည်း မင်လုံယွီနှင့် တွမ်ဖုန်းမှာ ဆွေမျိုးတော်စပ်သူများ မဟုတ်သလို ရင်းနှီးလှသည့် သူငယ်ချင်းများလည်း မဟုတ်ပေ။ သို့သော် ဤမျှအထိ ထောက်ခံအားပေးနေခြင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ လော့ချန် သူ့အား အကဲခတ်သည့် အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
ရုတ်တရက် လော့ချန်၏ လေသံမှာ ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း အဓိပ္ပာယ်ပါပါ ပြောင်းလဲသွားသည်။
"မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးမလား"
မင်လုံယွီ ထိတ်လန့်တကြား မော့ကြည့်လိုက်ရာ လော့ချန်နှင့် အကြည့်ချင်း ဆုံသွားသည်။ ထိုမျက်လုံးများမှာ သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းပြီး ဝိညာဉ်အထိ မြင်နိုင်စွမ်း ရှိနေသယောင် ခံစားရသည်။ သူ တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ခေါင်းကို အမြန်ယမ်းလိုက်သည်။
"မဟုတ်ပါဘူး၊ ဘယ်လိုလုပ် ယုံကြည်မှု မရှိဘဲ နေမလဲ.... ကျွန်တော့်မှာ ယုံကြည်မှု အပြည့်ရှိပါတယ်"
“တကယ်လား”
လော့ချန် ခေါင်းခါလိုက်သည်။
“ငါတော့ မယုံဘူး"
မင်လုံယွီသည် ငြင်းရန် ကြိုးစားလိုက်သော်လည်း စကားလုံးများ ထွက်မလာတော့ပေ။ သူ စိတ်ဓာတ်ကျသကဲ့သို့ ဖြစ်သွားပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“ခေါင်းဆောင်ရဲ့ အမြင်က တကယ်ကို စူးရှတာပဲ၊ ကျွန်တော့်ရဲ့ စိတ်ထဲက အတွေးကို တစ်ချက်တည်းနဲ့ မြင်သွားတာပဲ”
လော့ချန် ဘာမှမပြောပေ။ ဤသည်မှာ သူ၏ မျက်လုံးဖြင့် မြင်ရခြင်း မဟုတ်ဘဲ မင်လုံယွီ၏ တုံ့ပြန်မှုမှတစ်ဆင့် သူ ခံစားသိရှိလိုက်ခြင်း ဖြစ်သည်။
မင်လုံယွီသည် တွမ်ဖုန်းအား စိတ်ရင်းဖြင့် အောင်မြင်စေချင်သည်။ ၎င်းမှာ အကျိုးအမြတ်ကြောင့် မဟုတ်သလို သံယောဇဉ်ကြောင့်လည်း မဟုတ်ပေ။ တစ်ဖက်လူ အောင်မြင်သွားလျှင် မိမိ အခြေခံတည်ဆောက်မည့် အချိန်တွင် ယုံကြည်မှုအချို့ ရလာမည်ဖြစ်သောကြောင့်ပင်။ အကြောင်းမှာ အခြေခံ၊ စွမ်းရည်နှင့် အဆင့်အတန်းအရ သူသည် တွမ်ဖုန်းထက် များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။ တွမ်ဖုန်းပင် အောင်မြင်လျှင် သူ မအောင်မြင်စရာ အကြောင်းမရှိဟု တွေးတောကာ ယုံကြည်မှု တည်ဆောက်လိုခြင်း ဖြစ်သည်။
“ဟူး.... ဘာလို့လဲ မသိဘူး၊ ကျွန်တော် ပြင်ဆင်မှုတွေ ပိုလုပ်လေလေ၊ စိတ်ထဲမှာ ပိုပြီး မသေချာသလို ခံစားရလေလေပဲ၊ ကျွန်တော် အထွတ်အထိပ် ရောက်နေတာ သုံးနှစ်ကျော်ပြီ၊ ချီစွမ်းအင်တွေကိုလည်း တခြားသူတွေထက် ပိုပြီး သန့်စင်အောင် လုပ်ထားတယ်၊ ချီစွမ်းအားကလည်း မညံ့ဘူး၊ အားအနည်းဆုံး ခန္ဓာကိုယ်ပိုင်းကိုလည်း ဒီတစ်နှစ်လုံး အနှစ်သာရမွေးမြူရည်တွေနဲ့ ဆေးစိမ်ပြီး သန်မာအောင် လုပ်ထားသေးတယ်၊ ဒါပေမဲ့....”
စကားပြောရင်း မင်လုံယွီ ခဏရပ်လိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ဂူဗိမာန်ကို အားကျစွာ ကြည့်လိုက်သည်။
“ကျွန်တော် တွမ်ဖုန်းကို အားကျမိတယ်၊ သူက အထွတ်အထိပ် ရောက်တာနဲ့ ချက်ချင်းပဲ အဆင့်တက်ဖို့ ကြိုးစားတော့တာပဲ၊ ကျွန်တော်နဲ့ မတူဘူး၊ ကျွန်တော်ကတော့ဗျာ စောင့်လေလေ ကြောက်လာလေလေပဲ”
လော့ချန်က တိတ်ဆိတ်စွာ နားထောင်ရင်း စိတ်ထဲမှ ခေါင်းငြိမ့်မိသည်။ ကျင့်ကြံခြင်းဆိုသည်မှာ ကျောက်ဆစ်ထုသလိုပင်။ အသေးစိတ်ကျပြီး နှေးကွေးကာ စနစ်တကျ ရှိရပေမည်။ အခြေခံ ခိုင်မာလေလေ၊ အုတ်မြစ် ပို၍ သန်မာလေလေပင်။
သို့သော် အဆင့်တက်လှမ်းခြင်း ဆိုသည်မှာမူ လျှပ်စီးတစ်ချက် လက်သလိုမျိုးပင်။ အခိုက်အတန့်ကို အမိအရ ဖမ်းဆုပ်နိုင်မှသာ ရမည်ဖြစ်ပြီး၊ မဟုတ်လျှင်မူ ထိုအခွင့်အရေးမှာ လေထဲတွင် ပျောက်ကွယ်သွားပေလိမ့်မည်။ ထို့ကြောင့်ပင် 'ပထမဆုံး တိုက်စစ်သည် အပြင်းထန်ဆုံးဖြစ်၍ တုံ့ဆိုင်းနေပါက စိတ်ဓာတ်များ ကျဆင်းသွားလိမ့်မည်' ဟူသော ဆိုရိုးစကား ရှိခဲ့ခြင်းပင်။
လော့ချန် ကိုယ်တိုင်လည်း ချီသန့်စင်အဆင့်အထွတ်အထိပ် ရောက်သည်နှင့် အခြားအလုပ်များကို ဘေးဖယ်ကာ အခြေခံတည်ဆောက်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။ ငါးကြိမ်တိုင်တိုင် ကြိုးစားခဲ့ရသော်လည်း သူသည် ထို ဇွဲကို အဆက်မပြတ် ဆုပ်ကိုင်ထားနိုင်ခဲ့သောကြောင့် နောက်ဆုံးတွင် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ပြင်ဆင်မှုများကို အထွတ်အထိပ် မရောက်မီကတည်းက ကြိုတင်လုပ်ဆောင်ထားသင့်ပြီး ရောက်မှသာ အတင်းအကျပ် ရှာဖွေနေခြင်းမှာ နောက်ကျလွန်းလှသည်။
သို့သော် သူ ထိုသို့ ဒဲ့ဒိုး ပြောမည်မဟုတ်။
“အများကြီး မတွေးပါနဲ့.... လူတစ်ထောင်မှာ ကံတစ်ထောင် ရှိကြတာပဲ၊ လူတိုင်းရဲ့ ကျင့်ကြံခြင်း လမ်းစဉ်က မတူညီနိုင်ဘူးလေ”
စိုးရိမ်ပူပန်နေသော မင်လုံယွီကို ကြည့်ရင်း လော့ချန်၏ အသံမှာ ကျောက်ဆောင်ကြားမှ စီးဆင်းနေသော ရေအလား ကြည်လင်စွာ ထွက်ပေါ်လာသည်။
“မင်းက အစီအရင်ကို အဓိကထား ကျင့်ကြံတာ မဟုတ်လား.... အဲ့လမ်းစဉ်က အသေးစိတ် စီစဉ်မှုတွေ၊ ထိန်းချုပ်မှုတွေအပေါ်မှာ အခြေခံထားတာပဲ.... အဖက်ဖက်က ပြည့်စုံအောင် ပြင်ဆင်ထားပြီးမှ ကြီးကျယ်လှတဲ့ အစီအရင်ကြီးကို တည်ဆောက်ပြီး အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်တာလေ.... မင်းရဲ့ အဆင့်တက်တဲ့ ကိစ္စမှာလည်း ဒီသဘောတရားအတိုင်းပဲ မဟုတ်ဘူးလား”
မင်လုံယွီ မှင်သက်သွားသည်။ သူသည် လော့ချန်၏ စကားများကို ပါးစပ်မှ တိုးတိုးလေး ရွတ်ဆိုရင်း ပြန်လည်တွေးတောနေမိသည်။ ကြာမြင့်စွာ အချိန်ယူပြီးနောက်မှ သူ သတိပြန်ဝင်လာသည်။ ယခုတစ်ကြိမ်တွင် သူ၏ မျက်လုံးများထဲ၌ ယုံကြည်မှု အလင်းအချို့ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
သူ လော့ချန်ကို ရိုရိုသေသေ ဦးညွှတ်လိုက်သည်။
“ခေါင်းဆောင်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်”
လော့ချန် ခဏမျှ မှင်သက်သွားပြီးနောက် လက်ယမ်းပြလိုက်သည်။
"ဒါက လမ်းညွှန်မှုလို့ ခေါ်လောက်စရာ မရှိပါဘူး၊ ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ၊ ကဲ.... သွားတော့၊ ငါလည်း လုပ်စရာတွေ ရှိသေးတယ်"
မင်လုံယွီက ခေါင်းညိတ်ကာ သူ၏ ဓားပျံကို စီး၍ ထျန်းလန်တောင်ထိပ်မှ ထွက်ခွာသွားတော့သည်။
လော့ချန် သူ့ကျောပြင်ကို ကြည့်ရင်း မေးစေ့ကို ပွတ်လိုက်သည်။
“ငါ ပြောတဲ့စကားက တကယ်ပဲ အသုံးဝင်သွားတာလား”
အမှန်စင်စစ် သူသည် တစ်ဖက်လူကို နှစ်သိမ့်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
“တကယ် အကျိုးရှိသွားရင်လည်း ကောင်းတာပေါ့၊ မင်လုံယွီ အခြေခံတည်ဆောက်နိုင်ရင် ငါ့အတွက်လည်း အကျိုးရှိတာပဲ”
လော့ချန်သည် မျက်နှာချင်းဆိုင်ရှိ ဂူဗိမာန်ကို တစ်ချက်လှမ်းကြည့်ပြီး ဂူထဲသို့ ပြန်ဝင်လာခဲ့သည်။ အတွင်းသို့ ရောက်သောအခါ သေးငယ်သော ပုံရိပ်လေးတစ်ခုက ပုံကျနေသော ဆေးမယ်များကို လိုက်လံ သယ်ယူနေသည်ကို မြင်လိုက်ရသည်။
ထိုပုံရိပ်လေးမှာ ဆေးမယ်များကို အမျိုးအစားအလိုက်၊ အဆင့်အလိုက် စနစ်တကျ ခွဲခြားကာ လော့ချန် ပြင်ဆင်ထားသော စင်များပေါ်သို့ တင်နေခြင်း ဖြစ်သည်။ ဆေးဖက်ဝင်မှု အဆင့်၊ တစ်ခုနှင့်တစ်ခု ဓာတ်မတည့်သော ဆေးမယ်များကို ခွဲခြားထားပုံမှာ အလွန်ပင် ရှင်းလင်းလှသည်။ လော့ချန် တစ်ချက် ကြည့်လိုက်ရုံဖြင့် ဆေးပေါင်းတစ်ထောင်ခန်းမသို့ ရောက်သွားသည်ဟုပင် ခံစားလိုက်ရသည်။ ဤသို့ စနစ်တကျ ရှိခြင်းက ဆေးဖော်စပ်ရာတွင် လိုအပ်သော ဆေးမယ်ကို ရှာမတွေ့သည့် အခက်အခဲမှ ကင်းဝေးစေမည် ဖြစ်သည်။
“ဟုတ်သားပဲ.... ငါတို့ ရှောင်လင်းလေးက အရင်တုန်းက ဆေးပေါင်းတစ်ထောင်ခန်းမမှာ အလုပ်လုပ်ခဲ့တာလေ”
မြင့်မားသော စင်ကြီးအောက်တွင် ပိုင်မေလင်း၏ ဝိညာဉ်ခန္ဓာကိုယ်မှာ အထက်အောက် ပျံဝဲနေသည်။ လော့ချန်၏ စကားကို ကြားသောအခါ သူမ၏ လည်ပင်းမှာ ၁၈၀ ဒီဂရီ လှည့်လာပြီး သူ့ကို ကြည့်လိုက်သည်။
“ဟုတ်လား.... ကျွန်မကတော့ ဒီလိုစီထားတာက အဆင်ပြေဆုံးလို့ ထင်လို့ပါ”
စကားပြောသံမှာ သွက်လက်လှသော်လည်း လည်ပင်းလှည့်ပုံမှာမူ လော့ချန်ကို ကြက်သီးထစေသည်။
“ဟေ့.... နောက်ခါ အဲဒီလို လည်ပင်းကြီး လှည့်မပြနဲ့ဦး၊ လူကောင်းတစ်ယောက်လို နေစမ်းပါ”
ဂလု....
ပိုင်မေလင်းက ခေါင်းကို ပြန်လှည့်လိုက်ပြီး “ဒါပေမဲ့ ကျွန်မက တစ္ဆေလေ” ဟု ပြန်ပြောသည်။
လော့ချန်က မျက်နှာထားကို တည်လိုက်ပြီး “မဟုတ်ဘူး.... မင်းက လူပဲ၊ ကျင့်ကြံနေတာက ဝိညာဉ်ခန္ဓာကိုယ် ဖြစ်နေပေမဲ့ စိတ်ကတော့ လူစိတ်ပဲ၊ မင်းကိုယ်မင်း တခြားအရာတစ်ခုလို့ မသတ်မှတ်ပါနဲ့”
ပိုင်မေလင်းက နှုတ်ခမ်းဆူလိုက်သည်။ သူမ ဤစကားများကို နားမလည်ပေ။ လော့ချန်လည်း ထပ်မရှင်းတော့ပေ။ သူမ ကျင့်ကြံနေသော စိတ်ဝိညာဉ်သန့်စင်ခြင်းကျမ်းမှာ မပြည့်စုံဘဲ အဓိက အစိတ်အပိုင်းအချို့ လိုအပ်နေသောကြောင့် သူမ၏ မှတ်ဉာဏ်များ ပြန်ရလာသော်လည်း ခံစားချက်ပိုင်းတွင်မူ ချို့ယွင်းနေဆဲ ဖြစ်သည်။
“သူမ စိတ်ဝိညာဉ်တည်ငြိမ်ခြင်း ပဋိညာဉ်ကို ကျင့်ကြံပြီးရင်တော့ အခြေအနေ တိုးတက်လာနိုင်ပါတယ်” ဟု သူ ရေရွတ်လိုက်သည်။
လော့ချန်သည် ဆေးဖော်ခန်းအတွင်းသို့ ဝင်လာပြီး လေးရောင်ခြယ်ဆေးအိုးနှင့် စင်ပေါ်ရှိ ဆေးမယ်များကို ကြည့်လိုက်သည်။ သူ၏ လက်ထဲတွင် ပန်းတစ်ရာနှင်းရည် ပေါ်လာပြီး ချီစွမ်းအင်ဖြင့် စင်ပေါ်ရှိ သိသာသော နေရာတစ်ခုသို့ တင်လိုက်သည်။ ယခုအခါ ကျောက်စိမ်းနှင်းစက်ဆေးလုံးအတွက် လိုအပ်သော ဆေးမယ်အားလုံး စုံလင်သွားပြီ ဖြစ်ရာ စတင်လေ့ကျင့်ရန်သာ လိုတော့သည်။
“ဒုတိယအဆင့် ဆေးဖော်ဆရာ တစ်ယောက်ဖြစ်ပြီးတော့ ပထမအဆင့် ဆေးလုံးတွေကြားမှာပဲ နေ့တိုင်း အချိန်ကုန်မခံနိုင်ဘူး”
“အဆင့်မြင့်ဆေးလုံးတွေကို မဖော်စပ်နိုင်သေးရင်တောင် အဆင့် (၂) ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဖော်စပ်ပြီး တကယ့် ဒုတိယအဆင့် ဆေးဖော်ဆရာစစ်စစ် ဖြစ်လာအောင် လုပ်ရမယ်”
လော့ချန် ပြုံးလိုက်ပြီး ဝါကျင်ကျင် ဝါးပြားလိပ် တစ်ခုကို ထုတ်ယူလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်လိုက်သည်။
[ကျောက်စိမ်းနှင်းစက်ဆေးလုံး - အဆင့် (၂) ဆေးနည်း အပြည့်အစုံ။ စတင်လေ့လာလိုပါသလား]
[စတင်မယ်]
ကျွမ်းကျင်မှု ကဏ္ဍတွင် စာသားလေး စတင် ပေါ်လာသည်။ လော့ချန်သည် စိတ်အာရုံကို သုံး၍ အောင်မြင်မှုအမှတ် ၁၀ မှတ်ကို ထိုနေရာသို့ ထည့်သွင်းလိုက်သည်။ ထိုစာသားလေးမှာ တောက်ပသော အလင်းရောင်များဖြင့် ဖြာထွက်လာသည်။
အလင်းရောင် မှိန်သွားသည့်အခါတွင်မူ စာသားလေးမှာ ရှင်းလင်းသွားတော့သည်။
[ကျောက်စိမ်းနှင်းစက်ဆေးလုံး - အခြေခံအဆင့် (၁/၁၀၀)]
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၅၂) - ဝိညာဉ်ကျောက်တုံးနည်းနည်းပေးရုံနဲ့ ငါ သူတို့ကို ရှင်းပေးမယ်
ဆေးဖော်ခန်း၏ တံခါးဝတွင် ပုံရိပ်ငယ်လေးတစ်ခုသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် လက်ညှိုးလေးဖြင့် စက်ဝိုင်းများ ဝိုင်းနေသည်။ သူမထံမှ ယင်စွမ်းအင်များသည် ရံဖန်ရံခါတွင် ထက်မြက်သော လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး ကြမ်းပြင်ပေါ်တွင် နက်ရှိုင်းသော အစင်းရာများကို ထင်ကျန်စေသည်။ သူမ၏ အကြည့်မှာမူ ဆေးဖော်ခန်းအတွင်း၌ အလုပ်ရှုပ်နေသော ပုံရိပ်ဆီမှ တစ်ဖန်မျှပင် မခွာပေ။
မြေအောက်မီးမှာ ဟုန်းဟုန်းတောက်နေသည်။ ချီစွမ်းအင်များမှာလည်း တသွင်သွင် စီးဆင်းနေသည်။ ရံဖန်ရံခါတွင် အခြေခံတည်ဆောက်ခြင်းအဆင့်၏ စစ်မှန်သောမီးတောက်များကို ထည့်သွင်းလိုက်ရာ မီးအရှိန်မှာ ပို၍ပင် ပြင်းထန်လာသည်။ ဆေးမယ်များသည် သတ်မှတ်ထားသော အစဉ်အတိုင်း ဆေးအိုးကြီးအတွင်းသို့ ဝင်ရောက်သွားကြသည်။ အချို့သော ဆေးမယ်များမှာမူ တိုက်ရိုက်မထည့်မီ မန္တန်များဖြင့် အထူးပြုပြင်ရသည်။ လော့ချန်၏ တိုးညင်းသော ရေရွတ်သံများကို ပိုင်မေလင်းတစ်ယောက် တစ်ချက်တစ်ချက် ကြားနေရသည်။
“ပန်းတစ်ရာနှင်းရည်ကို အရင်ဆုံးထည့်ဖို့က အဓိကသော့ချက်ပဲ.... ဒါမှ ဆေးလုံးကို ပုံဖော်လို့ရမှာ”
“ဒီအဆင့်မှာ တတိယအကြိမ်တုန်းကလို ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး၊ ရေတံခွန်စိမ့်စမ်းလက်ကွက်နဲ့ တိမ်တိုက်အသွင်ပြောင်းလက်ကွက် နှစ်မျိုးစလုံးကို သုံးရမယ်”
“ဆောင်းဂျင်ဆင်း၊ ဒေါင်းခိုမြစ်၊ ဝါးဖြူမှို၊ ဂုံမင်းပင်၊ ရှားစောင်းလက်ပတ်.... ဒီအရန်ဆေးမယ်တွေက မီးနဲ့တင် ပြုပြင်လို့ မရဘူး.... ဆေးနည်းထဲမှာ မရေးထားပေမဲ့ ဆေးမဖော်စပ်ခင် ရေဓာတ်အခြေခံဆေးဖော်နည်းနဲ့ အရင် ပြုပြင်မယ်ဆိုရင်....”
လော့ချန် တစ်ယောက်တည်း ရေရွတ်ရင်း ဆေးအိုးကို စိုက်ကြည့်နေသည်။ သူသည် ဝိညာဉ်အသိစိတ်ကို အပြင်သို့ ဖြန့်ကျက်ထားပြီး ဆေးအိုးအတွင်းရှိ ဆေးမယ်များ၏ ပြောင်းလဲမှုတိုင်းကို မျက်ခြေမပြတ် စောင့်ကြည့်ကာ မှတ်သားနေသည်။
စနစ်ကြောင့် ရရှိလာသော ဆေးအောင်မြင်နှုန်းမှာ ပုံသေဖြစ်သည်ဟု ထင်ရသော်လည်း အကြိမ်တိုင်းတွင် ဂရုတစိုက် မလုပ်ဆောင်ပါက အနိမ့်ဆုံး အောင်မြင်နှုန်းပင် မရနိုင်ကြောင်း လော့ချန် သိရှိပြီး ဖြစ်သည်။ ကျွမ်းကျင်မှုအဆင့် တိုးမြှင့်ရာတွင်လည်း ထိုနည်းအတိုင်းပင်။
နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်ကို ဥပမာထားကြည့်လျှင် သူသာ ပေါ့ပေါ့တန်တန် ကျင့်ကြံပါက ကျွမ်းကျင်မှု တစ်မှတ်တိုးရန် အကြိမ် ၄၀ သို့မဟုတ် ၅၀ ခန့် ကျင့်ကြံရမည် ဖြစ်သော်လည်း အစွမ်းကုန် ကြိုးစားလျှင်မူ အကြိမ် ၂၀ ခန့်ဖြင့် တိုးတက်စေနိုင်သည်။
ယခု ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဖော်စပ်ရာတွင်လည်း လော့ချန် ထိုသို့ပင် အစွမ်းကုန် အားစိုက်နေသည်။ ချီသန့်စင်အဆင့်တွင် ဆေးဖော်စပ်ခြင်းနှင့် မတူဘဲ ဝိညာဉ်အသိစိတ်၏ အကူအညီဖြင့် ဆေးမယ်များ အရည်ပျော်ပြီး ဆေးလုံးဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို ပိုမို အသေးစိတ်ကျစွာ မြင်တွေ့နိုင်သဖြင့် သူ့အဖို့ သင်ခန်းစာများစွာ ရရှိစေသည်။ ဆေးလုံး မထွက်လာသည့်တိုင် ကျွမ်းကျင်မှုအဆင့်မှာမူ အနည်းငယ် တက်နေဆဲ ဖြစ်သည်။
ကျောက်စိမ်းနှင်းစက်ဆေးလုံးသည် ဒုတိယအဆင့် ဆေးလုံးဖြစ်သည်နှင့်အညီ လက်ကွက်များမှာ ပထမအဆင့် ဆေးလုံးများထက် များစွာ ပိုမို ရှုပ်ထွေးလှသည်။ အချို့သော အဆင့်များတွင် ရေဓာတ်နှင့် မီးဓာတ် နည်းစနစ်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း သုံးရသည့် အခြေအနေမျိုး ရှိရာ ယခင်ကဆိုလျှင် သူ ရုန်းကန်ရမည်မှာ သေချာသည်။ သို့သော် ဤသို့ လုပ်ဆောင်ခြင်း၏ ကောင်းကျိုးမှာ ဆေးပညာ ကျွမ်းကျင်မှုအဆင့်များ သိသိသာသာ မြန်ဆန်စွာ တိုးတက်လာခြင်းပင်။ ဤအတိုင်းသာ ဆက်သွားလျှင် မကြာမီ ထိုစွမ်းရည်များ အားလုံး ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
“'လင်ထင်းရနံ့မွှေးရွက် ထည့်ရမယ့် အချိန်ပဲ”
လော့ချန် စိတ်လှုပ်ရှားသွားသည်။ ထိုဆေးပင်မှာ ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ အဓိကဆေးမယ် သုံးမျိုးထဲမှ တစ်မျိုးဖြစ်ပြီး ဒုတိယအဆင့် ဝိညာဉ်ပင် ဖြစ်သည်။ တစ်ပင်လျှင် ဝိညာဉ်ကျောက်တုံး ၂၀ ခန့် တန်ဖိုးရှိသည်။ အရေးကြီးဆုံးမှာ ဤရနံ့မွှေးရွက်ကို ကြိုတင်ပြုပြင်ထား၍ မရခြင်းပင်။ ၎င်းကို ဆေးဖော်စပ်နေစဉ်မှ ချက်ချင်း ခူးဆွတ်ကာ ချက်ချင်း ထည့်ရသည်။
ထိုသို့ လုပ်ဆောင်ရန်အတွက် သစ္စာနှလုံးသားလက်ကွက်ကို အသုံးပြုရန် လိုအပ်သည်။ လော့ချန်၏ သစ္စာနှလုံးသားလက်ကွက်မှာ ပါရမီရှင်အဆင့်သို့ ရောက်နေပြီဖြစ်ရာ ဤသည်မှာ သူ့အတွက် ခက်ခဲသော အရာ မဟုတ်ပေ။ သူ ချက်ချင်းပင် တစ်ရွက် ခူးလိုက်သည်။ အရွက်၏ အူတိုင်ကိုသာ ယူပြီး ကျန်အပိုင်းများကို မန္တန်ဖြင့် ဖယ်ရှားလိုက်ရာ သန့်စင်သော ဆေးအနှစ်ကို ရရှိလိုက်သည်။
ထို့နောက် အရွက်ကို ဆေးအိုးအပေါ်တွင် ပျံဝဲစေလိုက်သည်။ ချီစွမ်းအင် ပိုက်ကွန်က ရနံ့မွှေးရွက်အား ကြက်ခြေခတ်ပုံစံ ဖြတ်တောက်လိုက်ရာ ရနံ့မွှေးရွက်၏ အဖိုးတန် အူတိုင်လေးမှာ ဆေးအိုးအတွင်းသို့ ကျဆင်းသွားတော့သည်။
ထိုအူတိုင်လေးမှာ အရေးအကြီးဆုံး ဖြစ်သည်။ သာမန်နည်းလမ်းဖြင့် ခူးဆွတ်ပါက ဘေးပတ်ပတ်လည်ရှိ အမျှင်များကို ထိခိုက်စေနိုင်ပြီး ထိုအမျှင်များက ဆေးစွမ်းကို ညစ်ညမ်းစေကာ အူတိုင်ကို အကျိုးမဲ့စေနိုင်သည်။ သစ္စာနှလုံးသားလက်ကွက်ဖြင့်သာ အူတိုင်လေးကို မထိမခိုက်စေဘဲ သန့်ရှင်းစင်ကြယ်စွာ ထုတ်ယူနိုင်ခြင်း ဖြစ်သည်။
လော့ချန် ချက်ချင်းပင် ချီစွမ်းအင်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
နောက်ဆုံးအဆင့်တွင် မြရောင်မြူခိုးမြက်ထဲမှ မြရောင်မြူခိုးကို ထုတ်ယူကာ ဆေးလုံးအတွင်းသို့ ထည့်သွင်းရသည်။ ထို့နောက် ပန်းတစ်ရာနှင်းရည်ဖြင့် ဆေးခွံကို ပိတ်လိုက်လျှင် ပြီးဆုံးပြီ ဖြစ်သည်။ ဤဆေးလုံးကို အေးစက်သော ပတ်ဝန်းကျင်တွင် တစ်ရက်နှင့် တစ်ည ထားရှိရပေမည်။
မြရောင်မြူခိုးမြက်ကို စီမံရန်အတွက် ကျောက်စိမ်းကွဲလက်ကွက်ကို သုံးရမည် ဖြစ်သည်။ ဤလက်ကွက်တွင် လော့ချန် အမှန်ပင် ထူးချွန်လှသည်။
ယခင်က ကျောက်စိမ်းအမြုတေဆေးလုံးများကို နေ့စဉ် ဖော်စပ်ခဲ့စဉ်က ကျောက်စိမ်းဆေးခြင်းမှာ သူ၏ အဓိက အလုပ်ဖြစ်ခဲ့သည်။ သူသည် ကျောက်စိမ်းကွဲလက်ကွက်ကို အထွတ်အထိပ်အဆင့်အထိ ကျွမ်းကျင်ခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ၎င်းကို မြရောင်မြူခိုးမြက်တွင် အသုံးပြုရခြင်းမှာ သူ့အတွက် အလွန်လွယ်ကူလှသည်။ တကယ်တမ်းဆိုလျှင် လော့ချန်သည် သွေးမိစ္ဆာဆေးလုံးထက်စာလျှင် ဤကျောက်စိမ်းနှင်းစက်ဆေးလုံးကို အရင်ရွေးချယ်ခဲ့ခြင်းမှာ သူ၏ အခြေခံ ခိုင်မာနေသောကြောင့်လည်း ပါဝင်သည်။
လော့ချန် သူတစ်ယောက်တည်းဖြင့် အဆင့်များကို တစ်ခုချင်းစီ လုပ်ဆောင်သွားသည်။ ဆေးဖော်စပ်မှုအကြောင်း မသိသော ပြင်ပလူတစ်ဦးသာ ကြည့်နေပါက လော့ချန်၏ တနေကုန် ခက်ခက်ခဲခဲ လုပ်ဆောင်နေပုံကို ကြည့်ပြီး "ဆေးလုံးတစ်လုံးတည်းအတွက် ဒီလောက်တောင် လုပ်နေရတာလား" ဟု ပါးစပ်အဟောင်းသား ဖြစ်သွားပေလိမ့်မည်။
ထိပ်တန်းဆေးဖော်ဆရာကြီးများကမူ ထိုသို့သော မေးခွန်းမျိုးကို ဖြေနေမည် မဟုတ်ပေ။
ဆေးဖော်စပ်သူများသည် အဘယ်ကြောင့် မဟာလမ်းစဉ်ကြီး ၄ ရပ်ထဲတွင် အလေးစားခံရဆုံးသူများ ဖြစ်ရသနည်း။ အကျိုးအမြတ်ကြောင့်လည်း ပါသလို ကျင့်ကြံခြင်းအတွက် အရေးကြီးသောကြောင့်လည်း ဖြစ်သည်။ သို့သော် ပိုပြီး အဓိကကျသည်မှာ ဤပညာရပ်သည် စတင်လေ့လာရန် ခက်ခဲသလို တိုးတက်ရန်လည်း အလွန် ခက်ခဲလှသောကြောင့်ပင်။ အခြားပညာရပ်များတွင် ပါရမီ တစ်ခုတည်းဖြင့် ခရီးအဝေးကြီး သွားနိုင်သော်လည်း ဆေးဖော်စပ်ခြင်း ပညာရပ်တွင်မူ ဖြတ်လမ်း မရှိပေ။
ပါရမီ၊ ကြိုးစားမှု၊ အရင်းအနှီး၊ ဇွဲလုံ့လနှင့် ထိုးထွင်းသိမြင်မှုများအားလုံးမှာ အခြေခံ လိုအပ်ချက်များဖြစ်သည်။ ဆေးဖော်စပ်ခြင်းတွင် ဖြတ်လမ်း မရှိပေ။ ဆေးလုံးပေါင်း ထောင်သောင်းချီကို ကိုယ်တိုင် ဖော်စပ်ရင်း မီးတောက်နှင့် ကျွမ်းကျင်မှုများ တစ်သားတည်း ဖြစ်သွားသည်အထိ နောက်ဆုံးတွင် မိမိ၏ ကျွမ်းကျင်မှုကို "လက်ရည်လေး သွက်ရုံပါ" ဟုသာ ခပ်အေးအေး ပြောနိုင်သည်အထိ ကြိုးစားရခြင်း ဖြစ်သည်။
လော့ချန်တွင် ပါရမီမှလွဲ၍ အခြား အရည်အချင်းအားလုံး ရှိသည်။ စနစ်က သူ့အတွက် လိုအပ်နေသော ထိုပါရမီကို ဖြည့်ဆည်းပေးခဲ့ခြင်း ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် သူသည် အခြားသော ကျွမ်းကျင်မှုများမှ ရရှိလာသော အသီးအပွင့်များကို ဆေးဖော်စပ်မှု ကျွမ်းကျင်မှုအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် "ငါ ဆေးဖော်စပ်ရာမှာ ရရှိသမျှ အရာအားလုံးက ငါ့ရဲ့ ကြိုးစားမှုကြောင့်ပဲ" ဟု လိပ်ပြာသန့်သန့်ဖြင့် ပြောနိုင်ခြင်း ဖြစ်သည်။
“ရှောင်လင်း”
“လာပြီ၊ လာပြီ”
ပိုင်မေလင်းသည် လော့ချန်၏ ဘေးသို့ ချက်ချင်း ရောက်လာသည်။ သူမ၏ လက်ထဲတွင် လမင်းကဲ့သို့ ဝိုင်းစက်နေသော လင်ဗန်းတစ်ချပ် ပါလာသည်။ ထိုလင်ဗန်းမှ အေးစက်သော မြူငွေ့များ ထွက်ပေါ်နေသည်။
ဤသည်မှာ ကျောက်စိမ်းဖြူ ရေခဲလင်ဗန်း ဖြစ်သည်။ ပျံလွှားဂိုဏ်းမှ ထုတ်လုပ်ပြီး ရတနာနန်းဆောင်တွင် ရောင်းချသော အဆင့်နိမ့် မှော်လက်နက်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် အရက်နှင့် သစ်သီးများကို အေးအောင်ထားရန် သုံးလေ့ရှိသော်လည်း ယခု ကျောက်စိမ်းနှင်းစက်ဆေးလုံးများအတွက်လည်း အလွန် သင့်တော်လှပေသည်။
လော့ချန် လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရာ လုံးဝန်းပြီး တောက်ပနေသော ဆေးလုံး (၁၀) လုံးမှာ အသိုက်ပြန်လာသော ပျံလွှားငှက်လေးများပမာ သူ့ဆီသို့ ပျံသန်းလာကြသည်။ ထို့နောက် လင်ဗန်းထဲသို့ ဖြည်းညင်းစွာ ကျဆင်းသွားကြသည်။
ပိုင်မေလင်းက စပ်စုသည့်လေသံဖြင့် မေးလိုက်သည်။
"အောင်မြင်သွားပြီလား"
"အောင်မြင်တာပေါ့"
လော့ချန်က မတွန့်ဆုတ်ဘဲ ပြန်ဖြေလိုက်သည်။
ပုံမှန်အားဖြင့် တစ်ရက် စောင့်ကြည့်ပြီးမှ တိမ်တိုက်ပုံစံ ၄ ခု ပေါ်လာလျှင် အောင်မြင်သည်ဟု သတ်မှတ်သော်လည်း လော့ချန်မှာမူ စနစ်ကြောင့် အောင်မြင်ကြောင်း ကြိုတင် သိရှိပြီး ဖြစ်သည်။ စနစ်ဘောင်တွင် ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ ကျွမ်းကျင်မှုအမှတ် ၁၀ မှတ် တက်သွားသည်ကို မြင်လိုက်ရသည်။
ဆိုလိုသည်မှာ သူ၏ ပထမဆုံးအကြိမ် ဖော်စပ်မှုမှာ အောင်မြင်သွားပြီ ဖြစ်သည်။
ဖော်စပ်မှု ပြီးသွားသည့်အခါတွင် လော့ချန် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ ဆေးလုံးက ခက်ခဲလွန်း၍ မဟုတ်ဘဲ လုပ်ငန်းစဉ်မှာ အလွန် အနုစိတ်လွန်းလှသောကြောင့် ဖြစ်သည်။ တစ်ခါဖော်စပ်ရန် တနေကုန် အချိန်ပေးရပြီး ထိုအချိန်အတွင်း အပြည့်အဝ အာရုံစိုက်ထားရခြင်းမှာ တကယ့် စမ်းသပ်မှုတစ်ခုပင်။ သို့သော် ဝိညာဉ်အသိစိတ် ထိန်းချုပ်မှုမှာမူ ပိုမို ကောင်းမွန်လာခဲ့သည်။ ဤအပိုင်းနှင့်ပက်သက်၍ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူ အားလုံး၏ ထိပ်ဆုံးတွင် ရှိနေသည်ဟု သူ့ကိုယ်သူ ယုံကြည်သည်။ ဂိုဏ်းကြီးများမှ ထိပ်တန်း တပည့်များနှင့် ရင်ဆိုင်ရလျှင်ပင် သူ အားနည်းနေမည် မဟုတ်ပေ။
ဆေးဖော်ခန်းအား သန့်ရှင်းရေး လုပ်ပြီးနောက် လော့ချန် ဧည့်ခန်းသို့ ထွက်လာခဲ့ပြီး ကျောက်စိမ်းနှင်းစက်ဆေးလုံး တစ်ခါဖော်စပ်လျှင် ကုန်ကျမည့် စရိတ်ကို တွက်ချက်လိုက်သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် အခြေခံ ကုန်ကြမ်းစျေးနှုန်းများမှာ တစ်ခါဖော်လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ ခန့်အထိ တက်သွားပြီး စျေးနှုန်းမှာလည်း မတည်ငြိမ်သေးပေ။ ၁၀ ကြိမ်စာ ဆိုလျှင် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ခန့် ကုန်ကျမည် ဖြစ်သည်။
လက်ရှိ အခြေခံအဆင့်တွင် အောင်မြင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းသာ ရှိရာ ၁၀ အိုး ဖော်မှ အဆင့်နိမ့် ကျောက်စိမ်းနှင်းစက်ဆေးလုံး တစ်လုံးသာ ထွက်မည် ဖြစ်သည်။
“ကြည့်ရတာ အောင်မြင်မှုနှုန်း မတက်မချင်းတော့ အရင်းတောင်ကျေမှာ မဟုတ်ဘူး”
ဒုတိယတန်းစား အဆင့်နိမ့် ဆေးလုံးများ၏ ဈေးနှုန်းမှာ သာမာန်အားဖြင့် ၃၀၀ မှစ၍ ကျင့်ကြံရေးဆေးလုံးများမှာမူ ၅၀၀ ဝန်းကျင်တွင် ရှိလေသည်။ သို့သော် အဆင့်တက်ဆေးလုံးများမှာမူ မတူပေ။ အဆင့်တက်လှမ်းခြင်းနှင့် သက်ဆိုင်သည့် ဆေးလုံးများသည် ဈေးကွက်တွင် အမြဲမရှိသလို တန်ဖိုးမှာလည်း အကန့်အသတ်မရှိပေ။ အခြေတည်ဆေးလုံးကို ဥပမာထားကြည့်လျှင် ဒုတိယတန်းစား ဆေးလုံးဖြစ်သော်ငြား လေလံပွဲများတွင် ဝိညာဉ်ကျောက်တုံး ၂၀၀၀ မှ စလေ့ရှိပြီး ၄၀၀၀၊ ၅၀၀၀ နှင့် တစ်ခါတစ်ရံ ၁၀၀၀၀ အထိပင် တက်သွားလေ့ရှိသည်။
ကျောက်စိမ်းနှင်းစက်ဆေးလုံးသည် ထိုသို့သော မရှိမဖြစ် ဆေးလုံးမျိုးနှင့်တော့ မယှဉ်နိုင်ပေ။ ၎င်း၏ အဆင့်အတန်းမှာ နဂါးပျံဆေးလုံး ကဲ့သို့သော ဆေးလုံးများနှင့်သာ တူညီသည်။ သို့သော် အမျိုးသမီး ကျင့်ကြံသူများအတွက်ပါ အကျိုးရှိသည်ကို ထည့်တွက်လျှင် ၎င်း၏ တန်ဖိုးကို ပိုမြင့်အောင် သတ်မှတ်နိုင်သည်။ ဝိညာဉ်ကျောက်တုံး ၆၀၀ ဆိုလျှင်လည်း မများလှသလို စစ်ပွဲကာလ ကုန်စျေးနှုန်း တက်နေသည်နှင့် ၇၀၀ အထိ တင်ရောင်းလျှင်လည်း တရားမျှတမှု ရှိလှပေသည်။ ထိုတွက်ချက်မှုအရ လော့ချန်သည် သူ၏ အောင်မြင်မှုနှုန်းကို ၂၀၊ ၃၀ သို့မဟုတ် ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်လျှင် ရရှိမည့် အကျိုးအမြတ်မှာ အလွန် ကြီးမားလှပေလိမ့်မည်။ သို့သော် လော့ချန်သည် ဤဆေးလုံးကို ဝိညာဉ်ကျောက်တုံး ရှာရန်အတွက်သာမကဘဲ အခြား ရည်ရွယ်ချက်တစ်ခုအတွက် တံခါးဖွင့်သည့် သော့တစ်ချောင်းအဖြစ် သုံးရန် စီစဉ်ထားသည်။
လော့ချန်၏ မျက်လုံးများ တောက်ပသွားသည်။ သူ ဆေးမဖော်စပ်ခင် ကတည်းက ဤအစီအစဉ်ကို စဉ်းစားထားပြီးသား ဖြစ်သည်။ ယခု ဆေးလုံး ရပြီဖြစ်လေရာ ကျန် အစီအစဉ်များကို ဆက်လုပ်နိုင်ပြီ ဖြစ်သည်။
"ရှောင်လင်း.... မင်း ဘာလုပ်နေတာလဲ"
သူ လှည့်ကြည့်လိုက်သည့်အခါ ပိုင်မေလင်းသည် ကျောက်စိမ်းဖြူ ရေခဲလင်ဗန်း ဘေးတွင် ချစ်စဖွယ် မှောက်လျက်ကလေး ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက ငိုက်မြည်းနေသော မျက်လုံးများဖြင့် မော့ကြည့်လာသည်။
"ဘာမှ မလုပ်ပါဘူး...."
"ပြောမှသာပြောပါ ရှောင်လင်းရာ" လော့ချန်က မေးလိုက်သည်။
"ဒီဆေးလုံးရဲ့ အနံ့က.... တကယ့်ကို မွှေးတာပဲလို့ တွေးနေတာပါ"
လော့ချန်၏ နဖူး တွန့်သွားသည်။
"ရှောင်လင်း.... မင်း ကျောက်စိမ်းနှင်းစက်ဆေးလုံးကို သောက်နိုင်လို့လား"
သူမ ခေါင်းကို အမြန်ယမ်းလိုက်သည်။
"ဟင့်အင်း.... ကျွန်မမှာ ခန္ဓာကိုယ် မရှိတာ၊ ဘယ်လိုလုပ် သောက်နိုင်မှာလဲ၊ ဒါပေမဲ့ ဒီဆေးလုံးရဲ့ အငွေ့အသက်လေးတွေကို ရှူရရုံနဲ့တင်.... ကျွန်မရဲ့ ယင်စွမ်းအင်တွေက ပိုပြီး မြန်မြန် စီးဆင်းလာသလိုပဲ"
သူမ၏ စကားကြောင့် လော့ချန် ခဏမျှ စဉ်းစားသွားသည်။ ထို့နောက် သူမကို မနှင်ထုတ်ဘဲ ဆေးလုံးများအနီးတွင် ဆက်နေခွင့် ပေးလိုက်သည်။
....
သန့်စင်ခြင်းမှော်အတတ်ကို သုံးလိုက်ပြီးနောက် လော့ချန် ဂူဗိမာန်အပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။ တစ်လပြည့်ခါနီးပြီ ဖြစ်သော်လည်း တွမ်ဖုန်းမှာမူ အပြင်သို့ ထွက်မလာသေးပေ။
“ဟားဟား.... မိတ်ဆွေလော့ချန် မဟုတ်လားဗျိုး”
အထက်ကောင်းကင်ယံမှ ရဲတင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ လော့ချန် မော့ကြည့်လိုက်ရာ ကျင့်ကြံသူတစ်ဦးသည် လေထဲတွင် ရပ်နေရင်း မိမိအား ပြုံးပြုံးကြီးကြည့်နေသည်ကို မြင်လိုက်ရသည်။
“မိတ်ဆွေချူခွေးများလား”
လော့ချန်ထံသို့ ယခင်က ရောက်ရှိလာသော အသံလွှင့်စာလွှာ သုံးစောင်အနက် တစ်စောင်မှာ ဤ ချူခွေးဆိုသူထံမှ ဖြစ်သည်။ သူသည် ကျော်ကြားသော တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ချူခွေးသည် လူမှုရေးအရသာ မိမိကို ဆက်သွယ်ခြင်း ဖြစ်မည်ဟု လော့ချန် ထင်ထားခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဟဲဟဲ.... ဟုတ်တယ်ဗျို့၊ ချူခွေးပါ”
လော့ချန်က ဖိတ်ခေါ်သည့် အမူအရာ ပြလိုက်သည်။
“ဆင်းခဲ့ပါဦး မိတ်ဆွေချူခွေး.... စကားလေးဘာလေးပြောကြတာပေါ့”
ချူခွေး အားမနာဘဲ မြေပြင်သို့ ဆင်းသက်လာသည်။ လော့ချန် ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စားပွဲပေါ်တွင် အရက်ခွက်နှင့် အရက်အိုး ပေါ်လာသည်။
“အရက်သောက်ဖို့ ပြောထားဖူးတယ် မဟုတ်လား၊ ဒီနေ့ပဲ သောက်ကြတာပေါ့ဗျာ”
ချူခွေးက အရက်အိုးကို ယူ၍ အနံ့ခံကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။
“မိတ်ဆွေလော့ရဲ့ အရက်က မရသေးဘူး၊ ငါ့ဟာပဲ သောက်ရအောင်”
သူ လက်ကို ဝှေ့ယမ်းလိုက်ရာ လှပသော အရက်အိုးတစ်အိုး ပေါ်လာသည်။
“ဒါက ထိုက်ပိုင်ဈေးမြို့တော်ရဲ့ အထူးထုတ် အဆင့် (၂) ဝိညာဉ်အရက်လေ၊ အရသာက တကယ့်ကို ထူးကဲလှတယ်၊ မြည်းကြည့်စမ်းပါဦး မိတ်ဆွေလော့”
လော့ချန် ထိုသူကို တစ်ချက်ကြည့်လိုက်သည်။ ဤလူမှာ တကယ့်ကို ရင်းနှီးလွယ်သူ ဖြစ်သည်။ လော့ချန် ငြင်းမနေတော့ဘဲ အရက်ခွက်ကို လှမ်းယူကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။ အရက်မှာ လည်ချောင်းတစ်လျှောက် နွေးထွေးစွာ စီးဆင်းသွားပြီး ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားသည်။ အရသာ ကောင်းမွန်သော်လည်း ထူးခြားမှု မရှိသလို ခံစားရသည်။ သို့သော် ခဏအကြာတွင် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ချူခွေးက ခွက်ကိုကိုင်ရင်း ရယ်မောလိုက်သည်။
“ဘယ်လိုလဲ မိတ်ဆွေ၊ ကောင်းတယ်မလား”
လော့ချန် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
“ဒါက တကယ့်ကို အဆင့် (၂) ဝိညာဉ်အရက်ပဲ၊ နာမည်က ဘာလဲဗျ”
“ဈေးရဲ့ နာမည်အတိုင်း ထိုက်ပိုင်အရက်လို့ပဲ ခေါ်တယ်ဗျ”
“အရက်ကောင်းပဲ အရက်ကောင်းပဲ”
လော့ချန် ချီးကျူးလိုက်သည်။
ထိုအရက်၏ အစွမ်းသတ္တိမှာ အလွန်ပင် ထူးခြားလှသည်။ သောက်သုံးလိုက်သည်နှင့် သူ၏ ချီပင်လယ်အတွင်းရှိ ချီစွမ်းအင်များကို ပိုမိုသန့်စင်စေရုံသာမက ဝိညာဉ်ရည်များအဖြစ် ပြောင်းလဲနှုန်းကိုပါ အံ့မခန်း မြန်ဆန်စေသည်။ ဤအာနိသင်မှာ ချီသန့်စင်ဆေးလုံးများ၏ စွမ်းအားနှင့် ယှဉ်လျှင်ပင် အနည်းငယ်မျှသာ လျော့နည်းတော့သည်။ ဤမျှ ထူးခြားလှသော အရက်ကို မြင်လိုက်ရသည့်အခါ လော့ချန်၏ စိတ်ထဲတွင် ဖာလိုက်ဝယ်ယူ၍ အိမ်တွင် အလုံအလောက် လှောင်ထားချင်သည့် စိတ်ဆန္ဒများ ချက်ချင်းပင် တဖွားဖွား ပေါ်ပေါက်လာတော့သည်။
သို့သော် သူ၏ စိတ်ကူးယဉ် အိပ်မက်များကို ချူခွေး၏ ရယ်မောသံက ချက်ချင်းပင် ဖြတ်တောက်လိုက်လေသည်။
“အဲ့လိုမျက်နှာထားမျိုး လုပ်မနေနဲ့ဦးဗျ၊ ထိုက်ပိုင်အရက်က အထွက်နှုန်း အရမ်းနည်းတယ်၊ ငါလည်း ပြီးခဲ့တဲ့နှစ်က အဆုံးအဖြတ်စင်မြင့်မှာ ထိပ်ဆုံး ၁၀ ယောက်စာရင်း ဝင်ခဲ့လို့ ဆုရခဲ့တာပါ”
လော့ချန်က နားမလည်စွာ မေးသည်။
“ဒါပေမဲ့ ဒါက ထိုက်ပိုင်ဈေးမြို့တော်ရဲ့ အထူးထုတ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား”
“ဟုတ်တယ်၊ အထူးထုတ်ပဲ၊ ဒါပေမဲ့ အဲဒါကို ကျောက်စိမ်းအိုးဓားဂိုဏ်းကိုပဲ သီးသန့်ပေးတာ”
လော့ချန် သဘောပေါက်သွားသည်။ ဤကဲ့သို့သော အရင်းအမြစ်များကို သာမန်အချိန်တွင် ဝယ်ယူရန် ခဲယဉ်းလှသည်။ ထျန်းလန်နတ်ဘုရားမြို့တော်ရှိ ဝိညာဉ်ဆေးနန်းဆောင်တွင်ပင် မြင်တွေ့ရခဲလှသည်။ ပေါ်လာလျှင်လည်း ချက်ချင်း ရောင်းကုန်သွားတတ်သည်။ ဆိုင်ရှေ့တွင် နေ့ရောညပါ ဖျာခင်းစောင့်မနေပါက တစ်သက်တစ်ခါ ကြုံရန်ပင် မလွယ်ပေ။
“မိတ်ဆွေလော့.... မင်း ဘယ်ကနေ ရောက်လာတာလဲ၊ ကြားတာတော့ မင်းမှာ အဖွဲ့အစည်းတစ်ခု ရှိတယ်ဆို”
လော့ချန်က သူ၏ နောက်ခံနှင့် လော့ထျန်းအဖွဲ့အကြောင်းကို အကျဉ်းချုံး ပြောပြလိုက်သည်။ သူ အံ့ဩမိသည်မှာ ချူခွေးသည် ဤအကြောင်းကို အလွန်အမင်း စိတ်ဝင်တစား ရှိနေခြင်းပင်ဖြစ်သည်။
“ထျန်းလန်နတ်ဘုရားမြို့တော်မှာ အဖွဲ့အစည်းတစ်ခု ထောင်ထားတာလား၊ အဲဒါ မလွယ်ဘူးနော်၊ မင်းတို့ ဒန်ရှားတောင်ကို စရောက်ချင်းတုန်းက ရှန်ကုန်းဂိုဏ်း၊ ကန်းမျိုးနွယ်စုနဲ့ ညိခဲ့သေးတယ်မလား၊ သူတို့က လွယ်လွယ်နဲ့ လက်လျှော့မယ့်သူတွေ မဟုတ်ဘူးနော်၊ အခု ငြိမ်နေပေမဲ့ တစ်နေရာရာမှာ မကောင်းတာ ကြံစည်နေကြတာလည်း ဖြစ်နိုင်တယ်….”
“မိတ်ဆွေလော့ မင်းက တိုက်ခိုက်ရေးမှာ အရမ်းတော်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် သုံးယောက်ကို တစ်ချက်တည်းနဲ့ နှိမ်နင်းနိုင်ခဲ့တယ်လို့ ကြားတယ်၊ ဒါပေမဲ့ ခိုးမယ့်သူကပဲ စောင့်ကြည့်လို့ ရတယ်၊ အခိုးခံရမယ့်သူကတော့ အမြဲ စောင့်မကြည့်နိုင်ဘူး ဆိုတဲ့ စကားရှိတယ် မဟုတ်လား”
“ဒီပြဿနာနှစ်ခုကို အမြစ်ပြတ် မရှင်းချင်ဘူးလား”
လော့ချန်သည် ချူခွေး၏ စကားများကို နားထောင်ရင်း တစ်ခုခု မှားနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ သံသယဖြင့် မေးလိုက်သည်။
“မိတ်ဆွေချူခွေး.... မင်းကြည့်ရတာ တစ်ခုခုပြောချင်နေသလိုပဲ၊ ပွင့်ပွင့်လင်းလင်းသာ ပြောပါ"
“အဟမ်း”
ချူခွေးက လည်ချောင်းကို ရှင်းလိုက်ပြီး သူ၏ ပေါ့ပေါ့ပါးပါး အမူအရာကို ဖျောက်ကာ အဆင့်မြင့် ကျင့်ကြံသူကြီးတစ်ဦး၏ ပုံစံကို ဖမ်းလိုက်သည်။
“ငါ ချူခွေးဟာ အဆုံးအဖြတ်စင်မြင့်ရဲ့ ပုံမှန်ဧည့်သည်၊ ပါရမီရှင်စာရင်း ထိပ်ဆုံး ၁၀ ယောက်ဝင်၊ တစ်ကိုယ်တော် ကျင့်ကြံသူတွေထဲမှာ ထိပ်တန်းကပဲ၊ မိတ်ဆွေတွေဆို ငါ့ကို ထျန်းခွေးကျီ လို့တောင် ဘွဲ့ပေးထားကြတယ်၊ ငါက တရားမျှတမှုကို မြတ်နိုးပြီး အားနည်းသူတွေကို ကူညီရတာ သိပ်သဘောကျတာ”
“ရှန်ကုန်းဂိုဏ်းလို လူယုတ်မာတွေကိုတော့ ဘယ်သူမဆို နှိမ်နင်းသင့်တာပေါ့ဗျာ"
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။
“ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့ဗျာ”
ချူခွေးက လက်ကို ဟိတ်ဟန်ဖြင့် ဝှေ့ယမ်းလိုက်ပြီး
“ဝိညာဉ်ကျောက်တုံး နည်းနည်းပေးရုံနဲ့ ငါ သူတို့ကို မင်းအတွက် ရှင်းပေးမယ်”