ကပ္ပတိန်
Vol. 4 Ch. 32
ညလေညင်းက မော်ရှန်းတောင်၏ တားမြစ်ထားသော အနောက်ဖက်တောင်ကုန်းသို့ အေးချမ်းမှုကို ယူဆောင်လာသည်၊၊
ချုံရှီးနန်းတော် အပြင်ဘက်ဧရိယာကို သန့်ရှင်းရေးလုပ်ထားပြီး ဖြစ်သော်လည်း တပည့်အချို့က ပို၍ သပ်ရပ်အောင် ဆက်လက်လုပ်ဆောင်နေကြသည်၊၊ လာရောက်လည်ပတ်သော တာအိုဆရာအများစုမှာ မြို့ထဲသို့ ဆင်းသွားကြပြီဖြစ်ပြီး မော်ရှန်းတောင်မှ တာအိုဆရာများသည်လည်း မိမိတို့၏ ကျောင်းဆောင် သို့မဟုတ် နေအိမ်များသို့ ပြန်သွားကြပြီဖြစ်သည်၊၊
နေ့လယ်ပိုင်း သိုင်းပညာဖလှယ်ပွဲကို စီစဉ်ခဲ့သော တာအိုဆရာသည် သားမြီးယပ်ကို ကိုင်လျက် ရောက်လာသည်၊၊ သူသည် ဧည့်သည်များကို လိုက်လံပို့ဆောင်ပြီး ပြန်လာပုံရသည်၊၊
“တခြားဝင်းထဲကို သန့်ရှင်းရေး သွားလုပ်ကြ”
သူက ညွှန်ကြားလိုက်သည်၊၊
“နားလည်ပါပြီ ဂိုဏ်းချုပ်”
တပည့်များက ဦးညွှတ်ကာ အမြန် ထွက်သွားကြသည်၊၊
ထိုနေရာတွင် မည်သူမျှ မရှိတော့ကြောင်း အတည်ပြုပြီးနောက် တာအိုဆရာသည် ချုံရှီးနန်းတော်အနားသို့ ချဉ်းကပ်ကာ ငှက်တစ်ကောင်ကဲ့သို့ လေထဲသို့ ခုန်တက်လိုက်သည်၊၊ သူသည် အမိုးစွန်းအောက်တွင် လက်ကို ဝှေ့ယမ်းလိုက်ပြီး လေတိုက်၍ ယိမ်းနွဲ့နေသော မိုးမခပင်ကဲ့သို့ မြေပြင်ပေါ်သို့ ငြင်သာစွာ ဆင်းသက်လိုက်သည်၊၊
သူ၏ လက်ထဲတွင်မူ ဘေးတစ်ဖက်၌ အပေါက်လေးတစ်ခုပါသော လေးထောင့်သေတ္တာငယ်လေး တစ်ခု ပါလာသည်၊၊
သူသည် စစ်ရေးဝါသနာရှင်တစ်ဦးမဟုတ်သဖြင့် ဤပစ္စည်း၏ တန်ဖိုးကို နားမလည်ပေ၊၊ သူ သိသည်မှာ ဤပစ္စည်းသည် ၂၄ နာရီလုံး အဆင့်မြင့်ရုပ်သံများကို မှတ်တမ်းတင်နိုင်သည်ဟူသော အချက်သာ ဖြစ်သည်၊၊
သူက ကတ်ပြားလေးတစ်ခုကို သေတ္တာအောက်ခြေနားသို့ ကပ်လိုက်ရာ တိုးညှင်းသော အသံတစ်ခု ထွက်လာသည်၊၊ ယင်းမှာ တစ်နေ့တာ ရုပ်သံမှတ်တမ်းများကို သိမ်းဆည်းလိုက်ပြီး လက်ခံစက်သို့ ပေးပို့နေခြင်းဖြစ်သည်၊၊ ထိုကိရိယာကို ကြည့်ရင်း တာအိုဆရာ၏ မျက်လုံးထဲတွင် ဝေခွဲမရဖြစ်မှုများ လှည့်ပတ်နေသည်၊၊
ချုံရှီးနန်းတော် အတွင်းပိုင်းဆီမှ သက်ပြင်းချသံ တိုးတိုးလေးတစ်ခု ထွက်ပေါ်လာသဖြင့် တာအိုဆရာ တုန်လှုပ်သွားသည်၊၊ သူသည် အနက်ရောင်သေတ္တာကို အင်္ကျီလက်ထဲသို့ အမြန် ထည့်လိုက်သော်လည်း ဝတ်စုံဖြူ ဝတ်ထားသော အဘိုးအိုတစ်ဦးသည် သူ၏ ရှေ့တွင် အသံမထွက်ဘဲ ပေါ်လာသည်၊၊
တာအိုဆရာက မလုံမလဲပြုံးလိုက်ပြီး
“ဆရာ.. ကျင့်ကြံဖို့ မဝင်သေးဘူးလား”
“မင်း ဆုံးဖြတ်ချက်ချပြီးပြီလား”
အဘိုးအိုက မေးသည်၊၊
“မင်း ဒါကို ဆက်လုပ်ရင် ဂုဏ်သိက္ခာမရှိသလို ယုံကြည်မှုလည်း ပျက်ပြားသွားလိမ့်မယ်”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် တာအိုဆရာက ပြန်ဖြေသည်၊၊
“ဆရာ ကျွန်တော် လုပ်နေတာက မော်ရှန်းတောင်တစ်ခုတည်းရဲ့ အကျိုးအမြတ်အတွက် မဟုတ်ပါဘူး၊၊ ကျင့်ကြံခြင်းလောကတစ်ခုလုံးရဲ့ အကျိုးအတွက်ပါ”
“ဒါတောင်မှ မင်းရဲ့ လုပ်ရပ်က... မဟုတ်သေးဘူး၊၊ အင်း… ငါက ဂိုဏ်းချုပ်ရာထူးကို မင်းကို လွှဲပေးထားပြီးပြီဆိုတော့ ငါ ဝင်မစွက်ဖက်သင့်တော့ဘူး”
အဘိုးအို၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားပြီး နန်းတော်အတွင်းပိုင်းသို့ ပြန်လည် ဆုတ်ခွာသွားသည်၊၊
တာအိုဆရာက သက်ပြင်းချလိုက်သည်၊၊
“ဆရာ ဒီနေ့ခေတ် ကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကနဲ့ မတူတော့ဘူး၊၊ အဲဒီတုန်းက လူသားတွေက ဓားတွေ၊မြားတွေ၊ မြင်းတွေကိုပဲ သုံးခဲ့ကြတယ်၊၊ အခုခေတ်မှာတော့ သေနတ်တွေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တခြားအရာတွေ အများကြီး ရှိနေပြီ၊၊ကျွန်တော်တို့ ဘယ်လောက်ပဲ ကျင့်ကြံခြင်း မြင့်မားပါစေ… အစိုးရကသာ တကယ် လုပ်ချင်တယ်ဆိုရင် မော်ရှန်းတောင်ကို တစ်ညတည်းနဲ့ မြေလှန်ပစ်နိုင်တယ်၊၊
ဆရာကိုယ်တိုင် ပြောခဲ့တယ် မဟုတ်လား၊ အခုက ငြိမ်းချမ်းတဲ့ ခေတ်ဖြစ်လို့ ကျွန်တော်တို့လို ကျင့်ကြံသူတွေက ကာကွယ်စောင့်ရှောက်သူတွေအဖြစ် နေစရာ မလိုတော့ဘူးတဲ့၊၊ ကျွန်တော်တို့ လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းဖို့ နိုင်ငံတော်ရဲ့ ဥပဒေတွေကို လိုက်နာဖို့နဲ့ ကျင့်ကြံခြင်းလောကက လူမှုပတ်ဝန်းကျင်ကို မနှောင့်ယှက်အောင် လုပ်ဖို့ပဲလေ”
အဘိုးအိုက လက်ကို ဝှေ့ယမ်းပြပြီး ပြန်ပြောလိုက်သည်၊၊
“တော်ပြီ တော်ပြီ၊၊ငါ ကျင့်ကြံဖို့ပဲ အာရုံစိုက်တော့မယ်”
သူသည် နန်းတော်၏ အမှောင်ရိပ်ထဲသို့ ပျောက်ကွယ်သွားပြီး တာအိုဆရာတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်၊၊
တာအိုဆရာက အတွင်းဘက်ကို ဦးညွှတ်အရိုအသေပေးလိုက်ပြီး အင်္ကျီလက်ထဲက အနက်ရောင်သေတ္တာကို ကြည့်လိုက်သည်၊၊
သေတ္တာပေါ်တွင် မီးစိမ်းလေး တောက်နေသည်မှာ ရုပ်သံပေးပို့ခြင်း ပြီးဆုံးသွားပြီဖြစ်ကြောင်း အချက်ပြနေခြင်းဖြစ်သည်၊၊
သူ့ဆုံးဖြတ်ချက် သူ ခိုင်မာသော်လည်း စိတ်ထဲတွင် နောင်တအနည်းငယ်တော့ ရှိနေသည်၊၊ သူသည် မိမိ၏ ဂိုဏ်းနှင့် အခြားတာအိုရောင်းရင်းများကို သစ္စာဖောက်မိသလို ခံစားနေရသည်၊၊
သက်ပြင်းတစ်ခု ထပ်မံ ချလိုက်ပြီးနောက် သူ၏ သားမြီးယပ်ကို ခါလျက် ဘေးတံခါးမှ ထွက်ခွာသွားသည်၊၊
“တောင်တွေက ငြိမ်းချမ်းတယ်လို့ ဆိုကြတယ်၊၊ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးရဲ့ ဖုန်မှုန့်တွေ မရှိလို့တဲ့၊၊ ဒါပေမဲ့ အခုတော့ အဲဒီလို ငြိမ်းချမ်းတဲ့နေရာ ဆိုတာ မရှိတော့ပါလား”
****
မော်ရှန်းတောင် အပြင်ဘက်ရှိ မြို့ငယ်လေး တစ်မြို့၊၊
မြို့အစွန်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံတစ်ခုအတွင်း၌ လူတစ်ဒါဇင်ခန့်သည် ကွန်ပျူတာနှစ်တန်းကို စောင့်ကြည့်နေကြသည်၊၊ ကွန်ပျူတာတစ်တန်းတွင် မော်ရှန်းမြို့၏ နေရာမျိုးစုံမှာ ရုပ်သံများကို ပြသနေပြီး အခြားတစ်တန်းတွင်မူ နာမည်ကြီး တာအိုဂိုဏ်းများမှ ကိုယ်စားလှယ်အဖွဲ့များ တည်းခိုရာနေရာများကို ပြသနေသည်၊၊
ဖြတ်သန်းသွားလာသူများ၏ ခြေသံနှင့် လူငယ်အချို့၏ ကီးဘုတ်ရိုက်သံမှလွဲ၍ ထိုနေရာသည် တိတ်ဆိတ်နေသည်၊၊
“ကပ္ပတိန်… ကင်မရာ ၂ ကနေ ရုပ်သံမှတ်တမ်း ရပါပြီ”
တစ်စုံတစ်ယောက်က အော်လိုက်သဖြင့် တိတ်ဆိတ်မှု ပျောက်ကွယ်သွားသည်၊၊
ထောင့်ရှိ ဆိုဖာပေါ်တွင် မှီအိပ်နေသော အမျိုးသမီးတစ်ဦး ချက်ချင်း ထရပ်လိုက်သည်၊၊ သူမ၏ ဒေါက်ဖိနပ်သံက တချက်တချက် မြည်သွားပြီး လျှောက်လာရာ ထိုအခန်းထဲရှိ လူတိုင်း၏ အာရုံက သူမထံသို့ ရောက်သွားသည်၊၊ အမျိုးသားများမှာလည်း စည်းကမ်းကြီးပြီး ထက်မြက်လှသော ၎င်းတို့၏ ကပ္ပတိန်ကို မကြည့်ဘဲ မနေနိုင်ကြပေ၊၊
သူမသည် အသက်လေးဆယ်ကျော်နေပြီ ဖြစ်သော်လည်း သွယ်လျသော ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ကျော့ရှင်းသော အလှတရားရှိနေဆဲဖြစ်သည်၊၊ သူမ၏ မျက်နှာပေါ်တွင် အရေးအကြောင်း အချို့နှင့် အိုမင်းရင့်ရော်ခြင်း၏ အမှတ်အသားများရှိသော်လည်း အချိန်နှင့် အတွေ့အကြုံများက ပုံဖော်ပေးထားသော ထူးခြားသည့် ဆွဲဆောင်မှု ရှိသည်၊၊ သူမ ဝတ်ထားသော ဝတ်စုံက သူမ၏ ပြတ်သားသော အမူအရာကို ပို၍ ပေါ်လွင်စေသည်၊၊
သူမက တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်၊၊
“၁၀ နာရီကျော် ရုပ်သံရှိရမယ်၊၊ အသုံးဝင်တဲ့ အချက်အလက်အားလုံးကို အမြန်ဆုံး ထုတ်ယူလိုက်”
“ဟုတ်ကဲ့ပါ ကပ္ပတိန်၊၊ ၁၅ မိနစ်အတွင်း အပြီးလုပ်ပေးပါ့မယ်”
သူမက ခေါင်းအသာညိမ့်ပြပြီး လက်ပိုက်ကာ အနားရှိ စားပွဲမှနေ၍ စောင့်ကြည့်နေသည်၊၊
မော်ရှန်းတောင်မှ တာအိုသိုင်းပညာဖလှယ်ပွဲသည် ၎င်းတို့ဌာနအတွက် အလွန်အရေးကြီးသည်၊၊ ယင်းမှာ တာအိုဂိုဏ်းအသီးသီး၏ အင်အားနှင့် ကျင့်ကြံခြင်းလောက၏ အခြေအနေကို အကဲဖြတ်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်၊၊
ကွန်ပျူတာရှေ့က လူငယ်မှာ လက်ချောင်းများ အနည်းငယ် တုန်နေပြီး တံတွေးကို ခက်ခက်ခဲခဲမျိုချကာ တိုးတိုးလေး ပြောလိုက်သည်၊၊
“ကပ္ပတိန် ခဏလောက် ဖယ်ပေးလို့ ရမလား၊၊ ကပ္ပတိန် ဒီမှာ ရပ်နေတော့ ကျွန်တော် အာရုံစိုက်လို့ မရလို့ပါ”
“မြန်မြန်သာ လုပ်စမ်းပါ”
ကပ္ပတိန်က အေးစက်စက်နှင့် ပြတ်သားစွာ ပြန်ပြောသည်၊၊ သူမ နောက်သို့ ဆုတ်ပေးလိုက်သဖြင့် လူငယ်လည်း အလုပ်ဆက်လုပ်နိုင်သွားသည်၊၊
သူမ ဖယ်ပေးလိုက်သည်နှင့် တာအိုဂိုဏ်းဖလှယ်ပွဲကို စိတ်ဝင်စားနေကြသော အခြားဝန်ထမ်းများမှာလည်း ရုပ်သံပြသနေသည့် မော်နီတာအနားသို့ တိုးကပ်လာကြသည်၊၊
ကပ္ပတိန်ဆိုသူက ဘာမှမပြောဘဲ ဖိုင်တွဲများရှိရာသို့ လျှောက်သွားရင်း သူမ၏ ဖုန်းကိုလည်း တစ်ချက်တစ်ချက် ကြည့်နေသည်၊၊
ဆံပင်ဖြူအနည်းငယ်ဖြူနေသော ဂျာကင်ဝတ် အမျိုးသားတစ်ဦးသည် ကော်ဖီခွက်ကို ကိုင်ကာ သူမထံသို့ လျှောက်လာသည်၊၊
“ကပ္ပတိန် ကော်ဖီသောက်ပါဦး၊၊ ဒီအဖွဲ့ထဲက လူသစ်တွေက ကပ္ပတိန်ကို နည်းနည်းကြောက်နေပုံရတယ်၊၊ စိတ်ထဲ မထားပါနဲ့”
ကပ္ပတိန်က ပြုံးရုံသာ ပြုံးလိုက်သည်၊၊ သူမ ကော်ဖီကို တစ်ငုံသောက်လိုက်ရာ ကော်ဖီမှာ အနည်းငယ် ခါးနေသည်၊၊
ထိုအမျိုးသားသည် ကပ္ပတိန်နှင့် အလုပ်လုပ်လာသည်မှာ ကြာပြီဖြစ်ပုံရသည်၊၊ သူသည် သူမ၏အနားတွင် ပြက်လုံးများစွာ မပြောရဲသော်လည်း သူမအကြောင်းကို အခြားသူများထက် ပိုသိနေသည်မှာ သိသာသည်၊၊
“ကပ္ပတိန်… ဝမ်လေးဆီက သတင်းရပြီလား”
သူမ၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များ ယှက်သန်းသွားပြီး ခေါင်းကို အသာအယာ ခါလိုက်သည်၊၊
“မရသေးဘူး၊ သူ့ကျောင်းကို လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်”
“စိတ်မပူပါနဲ့ ကပ္ပတိန်၊၊ သူက စိတ်ကောက်နေလို့ ဖြစ်မှာပါ၊ ကျွန်တော့် သမီးတုန်းကလည်း အဲဒီလိုပဲ—"
မော်နီတာကို စောင့်ကြည့်နေသော အဖွဲ့ထံမှ ရုတ်တရက် အာမေဍိတ်သံများ ထွက်ပေါ်လာသည်၊၊
“ဟင်”
“ဝါး”
“မယုံနိုင်စရာပဲ”
“ကပ္ပတိန် မြန်မြန် လာကြည့်ပါဦး၊၊ ဒီဓားသိုင်းက ရုပ်ရှင်ထဲကအတိုင်းပဲ”
ကပ္ပတိန်နှင့် ထိုအမျိုးသားတို့ ချက်ချင်းပင် လျှောက်သွားလိုက်ကြသည်၊၊ အရေးကြီးသောနေရာတွင် ရှိနေသူများမှလွဲ၍ ကျန်လူအားလုံးသည် ရုပ်သံကို ဝိုင်းကြည့်နေကြသည်၊၊
မော်နီတာပေါ်တွင် ဝမ်ရှန်း၏ ဓားသိုင်းပြသနေသည့် ရုပ်ပုံကို ရပ်ထားသည်၊၊ ရုပ်သံမှတ်တမ်းမှ တစ်ဆင့် ကြည့်လျှင်ပင် ထိုစွမ်းဆောင်ရည်မှာ အခြားကမ္ဘာမှ ပုံရိပ်တစ်ခုကဲ့သို့ ခမ်းနားနေသည်၊၊
ကပ္ပတိန်က မျက်မှောင်ကြုတ်လိုက်သည်၊၊
“သူက ဘယ်သူလဲ”
ဖိုင်တွဲကို ကိုင်ထားသော အမျိုးသမီးငယ်တစ်ဦးက ချက်ချင်း ဖြေလိုက်သည်၊၊
“ဝမ်ရှန်း၊၊ တာအိုဘွဲ့က ဖေးယွီ၊၊ သူက ဝူတန်းတောင် ကိုယ်စားလှယ်အဖွဲ့ကပါ၊၊ ဒါပေမဲ့ မနက်ပိုင်းမှာတော့ ပရိသတ်ထဲမှာပဲ ထိုင်နေပြီး နောက်ပိုင်းမှ ထူးထူးခြားခြား စွမ်းဆောင်ပြခဲ့တာပါ၊၊ ရရှိထားတဲ့ သတင်းတွေအရ သူ့ဆရာရဲ့ တာအိုဘွဲ့က ပုယန် နာမည်ရင်းက ချင်ယန်ဇီ၊၊ သူ့ဆရာက အမြုတေဖွဲ့စည်းခြင်း အဆင့် ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ အဆင့်မှာ ရှိတယ်လို့ သိရပါတယ်”
ကပ္ပတိန်၏ လက်များ တုန်ယင်သွားပြီး ကော်ဖီစက်အချို့ သူမ၏ လက်ပေါ်သို့ ဖိတ်ကျသွားသည်၊၊ သို့သော် သူမသည် ထိုအပူကို သတိမထားမိချင်းမရှိပေ၊၊
“မင်း အခု ဘာပြောလိုက်တာလဲ၊၊ သူ့ဆရာက ဘယ်သူလဲ”
ကပ္ပတိန်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သဖြင့် အမျိုးသမီးငယ်သည် ထိတ်လန့်သွားပြီး သူမ၏ ဖိုင်တွဲပင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်၊၊
Telegram Channel-
https://t.me/wanshang68