← Chapters

အခန်း (၈၉၂-၈၉၄)

Vol. 60 Ch. 892-894

အခန်း (၈၉၂-၈၉၄)

Vol. 60 Ch. 892-894

အခန်း (၈၉၂) - ရန်သူကို မျှားခေါ်ခြင်း

နင်ချီ၏ ရှေ့မှောက်ရှိ ဟင်းလင်းပြင်အတွင်း၌ မတူညီသော အလင်းရောင်များ တလက်လက် တောက်ပနေသည့် ပစ္စည်းသုံးခုမှာ လွင့်မျောနေ၏။ တောင်နှင့်ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်ကြီးက ထိုအရာများကို သူ့အား တစ်ခုချင်းစီ မိတ်ဆက်ပေးလာတော့၏။

ပုံရိပ်ယောင်ကြီးသည် ဘယ်ဘက်ရှိ အရာတစ်ခုကို လက်ညှိုးထိုး ပြလိုက်ရာ ၎င်းမှာ အဆက်မပြတ် လိမ်ယှက်နေသော အရောင်ခုနစ်မျိုး အလင်းတန်းတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ၎င်း၏ လှုပ်ရှား လိမ်ယှက်မှုတိုင်းသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးနှင့် ပဲ့တင်ထပ်နေသည့်အလား အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လှသည်။

“ဒီ ပထမဆုံးတစ်ခုကတော့ ငါ့ရဲ့ မူလခန္ဓာကိုယ်က ထုတ်ယူထားတဲ့ အဓိက ကမ္ဘာ့စွမ်းအား တစ်မျှင်ပဲ”

“ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်က မင်းကို ဘယ်လို ပစ်မှတ်ထားလာမလဲ ဆိုတာကို ငါ မသိပေမယ့်... ဒီ အဓိက နယ်နိမိတ် စွမ်းအားနဲ့ဆိုရင် သူက မင်းကို အလားတူ စွမ်းအား ပမာဏမျိုးနဲ့ မတိုက်ခိုက်သရွေ့ သူ့ရဲ့ နယ်နိမိတ် စွမ်းအားတွေကို မင်း ထိန်းချုပ်ထားနိုင်လိမ့်မယ်”

နင်ချီသည် ခေါင်းညိတ်ပြလိုက်သည်။ ဤအဓိက နယ်နိမိတ် စွမ်းအားသည် ယခင်က တောင်နှင့်ပင်လယ် ကမ္ဘာ ပေးအပ်ခဲ့သော သာမန် နယ်နိမိတ် စွမ်းအားများထက် အနည်းဆုံး ဆယ်ဆခန့် ပိုမို အစွမ်းထက်နေပြီး အရည်အသွေးပိုင်းတွင်လည်းများစွာ သာလွန်နေ၏။ ဤအဓိက နယ်နိမိတ် စွမ်းအားကို သူ၏ အစစ်အမှန်ခန္ဓာကိုယ်ဆီသို့ ပေးပို့လိုက်ပါက ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်၏ လျှို့ဝှက်ချက်များကို ပိုမို သိရှိလာနိုင်မည်လား ဆိုသည်ကို နင်ချီ အလွန်အမင်း သိချင်နေမိတော့သည်။

ထို့နောက် ပုံရိပ်ယောင်ကြီးသည် အလယ်တွင် ရှိနေသော အရာကို ဆက်လက် လက်ညှိုးထိုး ပြလိုက်ပြန်၏။ ထိုအရာမှာ တောင်ငယ်တစ်လုံးခန့် အရွယ်အစားရှိသော မှော်ရတနာတစ်ခု ဖြစ်ပြီး ဟင်းလင်းပြင်အတွင်း၌ နိမ့်ချည်မြင့်ချည် ဝဲလွင့်နေ၏။ ၎င်း၏ အရွယ်အစားမှာ သေးငယ်ပြီး ထူးခြားမှု မရှိလှသော်ငြား နင်ချီသည် ထိုအရာထံမှ ဖြာထွက်နေသည့် ကြီးမြတ်သော စွမ်းအားများကို ရှင်းလင်းစွာ ခံစားနေရသည်။

“ဒီပစ္စည်းက ဟောင်ရှန်း ငယ်ငယ်တုန်းက အသုံးပြုခဲ့တဲ့ မှော်ရတနာ တောင်ဖိနှိပ် တံဆိပ်တုံးပဲ... သူက ဒါကို ဘယ်သူ့ကိုမှ မပေးခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်မှာတော့ အများအကျိုး အတွက် မင်းကို ပေးလိုက်တာပဲ”

“တောင်ဖိနှိပ် တံဆိပ်တုံး….”

နင်ချီသည် တီးတိုး ရေရွတ်လိုက်မိ၏။ တောင်ဘိုးဘေးကြီးသည် နင်ချီအတွက် အမြဲတမ်း ပဟေဠိတစ်ခုအလား လျှို့ဝှက်ဆန်းကြယ်နေခဲ့သူ ဖြစ်သည်။ ဤတောင်ဖိနှိပ် တံဆိပ်တုံးကို အသုံးပြု၍ တစ်ဖက်လူ၏ စွမ်းအား မည်မျှ ကြီးမားကြောင်းကို သူ လေ့လာ သိရှိနိုင်ကောင်း သိရှိနိုင်ပေမည်။

ထို့နောက် ပုံရိပ်ယောင်ကြီးသည် ညာဘက် အစွန်ဆုံးတွင် ရှိနေသော ပင်လယ်ပြာရောင် ကျောက်မျက်ရတနာတစ်ခုကို လက်ညှိုးထိုး ပြလိုက်ပြန်သည်။ ထိုကျောက်မျက်အတွင်း၌ ရေလှိုင်းများ ညင်သာစွာ ရိုက်ခတ်နေပြီး သူ၏ ဝိညာဉ်အာရုံများကိုပင် လှိုင်းလုံးများ ရိုက်ခတ်နေသည့်အလား နင်ချီ ခံစားလိုက်ရတော့သည်။ သူသည် ခေါင်းကို အနည်းငယ် လွှဲဖယ်လိုက်သောအခါမှသာ ထိုထူးဆန်းသော ခံစားချက်များမှာ လျော့ကျသွားရ၏။

“ဒီအရာကို သမုဒ္ဒရာ နှလုံးသားလို့ ခေါ်တယ်... ဒါကို ပင်လယ်ဘိုးဘေးကြီးက မင်းကို ချီးမြှင့်လိုက်တာပဲ... လာမယ့် တိုက်ပွဲတွေမှာ မင်း ပိုပြီး ကြီးမားတဲ့ အကျိုးဆောင်မှုတွေ ပြုလုပ်နိုင်ဖို့ ငါ မျှော်လင့်တယ်”

နင်ချီသည် ထိုပစ္စည်းသုံးခုကို တစ်ခုချင်းစီ လက်ခံ ရယူလိုက်ပြီးနောက် ယဉ်ကျေးစွာ ပြန်လည် တုံ့ပြန်လိုက်သည်။

“ကမ္ဘာ့အရှင်သခင်... စိတ်ချပါ... ဒီ ရတနာသုံးပါးနဲ့ဆိုရင် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားပါ့မယ်”

“အရမ်း ကောင်းတယ်”

ပုံရိပ်ယောင်ကြီးက ကျေနပ်အားရစွာဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် တိုက်ပွဲများ ပိုမို ပြင်းထန်လာနေသော အပြင်ဘက် နယ်မြေဆီသို့ အဝေးမှ ရှုမျှော်ကြည့်လိုက်တော့၏။

“မြန်မြန် သွားတော့”

နင်ချီသည် စကား ထပ်မဆိုတော့ဘဲ ထိုနေရာမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

ပုံရိပ်ယောင်ကြီးသည် သူ ပျောက်ကွယ်သွားသော အရပ်ဆီသို့ တိတ်ဆိတ်စွာ လှမ်းကြည့်နေပြီး သူ၏ မျက်လုံးများအတွင်း၌ အလင်းရောင်တစ်ချက် ဝင်းလက် တောက်ပသွားရ၏။

အလယ်ဗဟို ဒေသရှိ တိုက်ပွဲ၏ အဆုံးအဖြတ်မှာ နင်ချီ တစ်ယောက်တည်း အနေဖြင့် ကျယ်ပြန့်သော ကမ္ဘာမှ တာအိုကျင့်ကြံသူ မည်မျှကို ဆွဲဆောင်နိုင်မည် ဆိုသည့် အချက်အပေါ်တွင် မူတည်နေသည်။ သူ တစ်ယောက်တည်း သာမက ပင်လယ်ဘိုးဘေးကြီးနှင့် တောင်ဘိုးဘေးကြီးတို့သည်လည်း ကျယ်ပြန့်သော ကမ္ဘာ၏ အမြင်တွင် နင်ချီ၏ တန်ဖိုးမှာ မည်မျှ ရှိနေသည်ကို အလွန်အမင်း သိချင်နေကြ၏။

ဟင်းလင်းပြင် တစ်ခွင်လုံး တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။

နင်ချီသည် အပြင်းထန်ဆုံး စစ်တလင်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့သော်လည်း သူ၏ ကိုယ်ယောင်ဖျောက် အခင်းအကျင်းကို ချက်ချင်း မရုပ်သိမ်းလိုက်သေးချေ။ သူ့အား လိုက်လံ သတ်ဖြတ်မည့် ရန်သူများကို ပိုမို ဆွဲဆောင်နိုင်ရန်အတွက် သူသည် ထင်ရှား ကျော်ကြားသော ပုံစံဖြင့် ထွက်ပေါ်လာကာ ရန်သူများ၏ အမုန်းတရားများကို လုံလောက်စွာ ဆွဲဆောင်ရမည်သာ ဖြစ်၏။

သူသည် ရှေ့သို့ ဂရုပြုကြည့်လိုက်သည်။ ဤစစ်မြေပြင်တွင် ကျင့်ကြံသူ နှစ်ဦးမှာ အသည်းအသန် တိုက်ခိုက်နေကြပြီး သူတို့၏ ဦးနှောက်များပင် အပြင်သို့ ထွက်ကျလာမတတ် ကြမ်းတမ်း ပြင်းထန်လှသည်။

နင်ချီ၏ အာရုံကို ဖမ်းစားသွားသည်မှာ ထိုနေရာတွင် သူနှင့် ရင်းနှီးကျွမ်းဝင်သူ အချို့ ရှိနေခြင်း ပင်တည်း။

ပင်လယ်ဘိုးဘေးကြီး၏ လက်အောက်မှ လန်ချင်းအောက်သည် အပြာရောင် ဝတ်စုံကို ဆင်မြန်းထားပြီး သူမ၏ ခြေတံရှည်များဖြင့် ရေစည်းမျဉ်းများဖြင့် ဖွဲ့စည်းထားသော ဧရာမ လှိုင်းလုံးကြီးကို နင်းကာ ကောင်းကင်ယံမှ တဟုန်ထိုး ဆင်းသက်လာတော့သည်။ ဧရာမ လှိုင်းလုံးကြီးများအတွင်း၌ မရေမတွက်နိုင်သော ပင်လယ်သားရဲ ပုံရိပ်ယောင်များ စုစည်းနေကြပြီး လှိုင်းလုံးကြီးများ ရိုက်ခတ်သွားမည့် အခိုက်အတန့်တွင် ရန်သူကို အရှင်လတ်လတ် ဝါးမျိုရန် စောင့်ဆိုင်းနေကြသည့်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။

“လှိုင်းလုံးပျံ ခုတ်ပိုင်းခြင်း”

လန်ချင်းအောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူမ၏ အသံတွင် ပင်လယ် သမုဒ္ဒရာ၏ ရက်စက် ကြမ်းတမ်းမှုများ ရောယှက် ပါဝင်နေ၏။

သူမ၏ အောက်ဘက် လေဟာနယ်အတွင်း၌ ကျယ်ပြန့်သော ကမ္ဘာမှ အထွတ်အထိပ် ဘိုးဘေးကြီးတစ်ပါး ရှိနေသည်။ ထိုအမျိုးသားသည် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် အပိုပစ္စည်းမျှ မရှိသလို အဝတ်အစားများတွင်လည်း အလှဆင်ထားသော ပုံစံများ လုံးဝ မပါဝင်ချေ။ သူ၏ သက်ဝင် လှုပ်ရှားမှု မရှိသော မီးခိုးရောင် မျက်လုံးများက အထက်မှ တဟုန်ထိုး ဆင်းသက်လာသော လန်ချင်းအောက်ကို ကြည့်နေသော်ငြား သူ၏ မျက်ဝန်းများအတွင်း၌ မည်သည့် တုန်လှုပ်မှု အရိပ်အယောင်မျှ မရှိပေ။

ရုတ်တရက် ထိုအမျိုးသား၏ နောက်ကျောမှ မီးခိုးရောင် ဓားအလင်းတန်းတစ်ခု ပျံထွက်လာပြီး သူ၏ လက်ထဲသို့ ကျရောက်သွားတော့သည်။ နင်ချီသည် ဓားစိတ်ဆန္ဒများနှင့် ပတ်သက်၍ အလွန်တရာ အာရုံခံစားလွယ်သူ တစ်ဦး ဖြစ်သည်။ ဤသူ၏ ဝိညာဉ်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူသည် မိမိ၏ ဘဝတစ်ခုလုံးကို ဓားပညာ အတွက်သာ မြှုပ်နှံထားမည့်သူမျိုး ဖြစ်ကြောင်း နင်ချီ ချက်ချင်း နားလည် သဘောပေါက်လိုက်တော့သည်။

အခန်း (၈၉၃) - ရန်သူကို မျှားခေါ်ခြင်း

“နှလုံးသားခွဲ ဓား”

မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ကောင်းကင်ယံမှ တဟုန်ထိုး ဆင်းသက်လာသော လန်ချင်းအောက်ဆီသို့ ဓားဖြင့် တည့်မတ်စွာ ထိုးစိုက်လိုက်တော့သည်။

ရုတ်တရက် ဧရာမ မီးခိုးရောင် ဓားအလင်းတန်းကြီးတစ်ခုမှာ အထက်သို့ ပြောင်းပြန် တက်သွား၏။ အဝေးမှ ကြည့်လျှင် ကောင်းကင်ယံကို ခုတ်ပိုင်းကာ အတားအဆီး အားလုံးကို ဖြိုခွင်းနိုင်စွမ်း ရှိသော ဧရာမ ဓားကြီးတစ်လက်အလား ထင်မှတ်ရသည်။ ထိုဓားအလင်းတန်းမှာ တောက်ပမှု မရှိသော်ငြား လူတို့၏ စိတ်နှလုံးကို တုန်လှုပ်သွားစေနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသူ၏ အနီးရှိ ကျယ်ပြန့်သော ကမ္ဘာမှ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများ အားလုံးမှာ သူ့ထံမှ အလျင်အမြန် ဆုတ်ခွာသွားကြတော့၏။ ကြည့်ရသည်မှာ ဤသူသည် တိုက်ခိုက်တော့မည် ဆိုပါက ရန်သူနှင့် မိတ်ဆွေကို ခွဲခြားတတ်ပုံ မပေါ်ချေ။

ကောင်းကင်ယံထက်တွင် လန်ချင်းအောက်၏ လှပသော မျက်ခုံးလေးများ အနည်းငယ် တွန့်ချိုးသွားသော်လည်း သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝ မရှိခဲ့ချေ။ ချဉ်းကပ်လာသော မီးခိုးရောင် ဓားအလင်းတန်းကို ဂရုမစိုက်ဘဲ သူမသည် ဧရာမ လှိုင်းလုံးကြီးကို စီးနင်းကာ အောက်သို့ ဆက်လက် တဟုန်ထိုး ဆင်းသက်လာတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တာအို မှော်စွမ်းအား နှစ်ခုမှာ ပြင်းထန်စွာ ရိုက်ခတ်သွားကြလေပြီ။ ထူးဆန်းသည်မှာ ထိုတိုက်ခိုက်မှုက ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးများကို မဖြစ်ပေါ်စေခဲ့ဘဲ အရာအားလုံးမှာ ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေခြင်း ပင်တည်း။ ဓားအလင်းတန်းသည် ဧရာမ လှိုင်းလုံးကြီးများကို ထောပတ်ကို ဓားဖြင့် လှီးဖြတ်လိုက်သည့်အလား အလွန် လွယ်ကူစွာ တိတ်ဆိတ်စွာပင် ခုတ်ပိုင်း ဖြတ်သန်းသွားတော့၏။

ဧရာမ လှိုင်းလုံးကြီးများအတွင်းရှိ မရေမတွက်နိုင်သော ပင်လယ်သားရဲ ပုံရိပ်ယောင်များ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ထင်ဟပ်လာကြ၏။ ထို့နောက် သူတို့သည် စိတ်လွတ်သွားသည့်အလား အားလုံး ပေါက်ကွဲ ထွက်သွားကြပြီး ဧရာမ လှိုင်းလုံးကြီးများအတွင်းသို့ ပြန်လည် ပေါင်းစည်း သွားကြတော့သည်။

ထိုအခိုက်အတန့်တွင် လန်ချင်းအောက်၏ မျက်နှာ အမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားရလေပြီ။ သူမသည် ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရဖူးသော မျှော်လင့်ချက် ကင်းမဲ့ခဲ့သည့် အခိုက်အတန့်များ အားလုံး သူမ၏ စိတ်ထဲသို့ တဟုန်ထိုး ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး အတိတ်က ကျရှုံးမှုများနှင့် နာကြည်းမှုများမှာလည်း သူမ၏ အတွေးများထဲတွင် ဆက်တိုက် ပေါ်ထွက်လာတော့၏။ ထိုနာကျင်မှုများမှာ အဆုံးအစ မရှိသည့်အလား သူမ၏ နှလုံးသားနှင့် စိတ်ဆန္ဒများကို အဆက်မပြတ် ရိုက်ခတ် တိုက်ခိုက်နေသည်။

ရုတ်တရက် လန်ချင်းအောက်သည် သူမ၏ အသိစိတ်အတွင်း၌ ဆရာ ဖြစ်သူ ပင်လယ်ဘိုးဘေးကြီး၏ ပုံရိပ်ကို ပုံဖော် ကြည့်လိုက်၏။ အသက် တစ်ရှူစာ အချိန်လေးအတွင်းမှာပင် ပုံရိပ်ယောင်များ အားလုံး ဖျက်ဆီးခံလိုက်ရပြီး သူမ၏ မျက်လုံးများမှာ ပြန်လည် ကြည်လင်လာတော့၏။ သို့သော် ဓားအလင်းတန်းမှာ ဧရာမ လှိုင်းလုံးကြီးကို လုံးလုံးလျားလျား ခုတ်ပိုင်းပြီးသွားပြီ ဖြစ်ကာ သူမထံသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ လန်ချင်းအောက်သည် ပင်လယ်ဘိုးဘေးကြီး၏ တပည့် တစ်ဦး ဖြစ်ပြီး သူမ၏ စွမ်းအားမှာ ပင်လယ်ဘိုးဘေးကြီး၏ လက်အောက်တွင် ထိပ်ဆုံး အဆင့်၌ ရှိနေဆဲ ပင်တည်း။ သူမ၏ ဖြူစင် ရှည်လျားပြီး ကျောက်စိမ်းအလား လှပသော ခြေတံများပေါ်ရှိ ဖန်သား ဖိနပ်လေး တစ်စုံထံမှ ကြောက်မက်ဖွယ် စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ သူမသည် တစ်ချက် ကန်ထုတ်လိုက်ခြင်းဖြင့် ဓားသွားကို ကြေမွသွားစေခဲ့ပြီး အန္တရာယ်ကို ယာယီ ဖြေလျှော့လိုက်နိုင်သည်။

လန်ချင်းအောက်သည် သက်ပြင်း တစ်ချက် ချလိုက်နိုင်ဟန် ရှိသော်လည်း နောက်တစ်စက္ကန့်မှာပင် သူမ၏ ပတ်လည်ရှိ ဟင်းလင်းပြင်အတွင်း၌ ဓားပုံရိပ်ယောင် ထောင်ပေါင်းများစွာ ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။ ထိုဓားပုံရိပ် တစ်ခုစီတိုင်းမှာ ယခင်က ဓားအလင်းတန်းကြီး၏ အရွယ်အစားနှင့် တူညီနေသည်။ ဓားပုံရိပ်ယောင် ထောင်ပေါင်းများစွာသည် သူမကို တိတ်ဆိတ်စွာ ဝိုင်းဝန်း တိုက်ခိုက်လာကြလေပြီ။

လန်ချင်းအောက်၏ မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့ဝင်သွားရသည်။

'ဒါတော့ မဟန်တော့ဘူး... အကယ်လို့ ဓားအလင်းတန်း တိုင်းမှာ ခုနက လိုမျိုး ဝိညာဉ် စိတ်ဆန္ဒ ရိုက်ခတ်မှုတွေ ပါနေမယ် ဆိုရင်... ငါ ဒါကို တောင့်ခံနိုင်ပါဦးမလား'

ထိုအတွေးသည် သူမ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားသော်လည်း သူမသည် ရုတ်တရက် အံကို တင်းတင်း ကြိတ်လိုက်ပြီး သွေးများ ထွက်လာသည် အထိ သူမ၏ နီရဲသော နှုတ်ခမ်းလေးကို ကိုက်ထားလိုက်တော့သည်။

သူမ၏ ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော စည်းမျဉ်း စွမ်းအားများသည် ဧရာမ ပင်လယ်မိစ္ဆာ ဘုရင်ကြီးများ အဖြစ်သို့ စုစည်းသွားကြတော့သည်။ ထိုသားရဲ ပုံရိပ်ယောင်များသည် သူမ၏ ခန္ဓာကိုယ်ထဲမှ ပျံထွက်သွားကြပြီး အချို့မှာ သူမကို ကာကွယ်ရန်အတွက် သူမ၏ ပတ်လည်တွင် အဆက်မပြတ် လှည့်ပတ်နေကြသည်။ အချို့မှာမူ ထောင်ပေါင်းများစွာသော ဓားပုံရိပ်ယောင်များဆီသို့ အသည်းအသန် ပျံသန်းသွားကြပြီး ၎င်းတို့ကို တစ်ခုချင်းစီ ကြိတ်ချေ ဖျက်ဆီးပစ်ရန် ကြိုးစားနေကြတော့သည်။

တစ်ချိန်တည်းမှာပင် လန်ချင်းအောက်၏ ခြေအောက်၌ ဧရာမ လှိုင်းလုံးကြီးတစ်ခု စုစည်းလာပြီး အောက်ဘက်ရှိ မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူဆီသို့ တဟုန်ထိုး ရိုက်ချသွား၏။ ပင်လယ်သားရဲ ပုံရိပ်ယောင်များက ထောင်ပေါင်းများစွာသော ဓားပုံရိပ်ယောင်များကို တားဆီးနိုင်မည်ဟု သူမ အာမမခံနိုင်သော်ငြား သူမ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သေချာပေါက် သေဆုံးရမည် ဆိုလျှင်တောင်မှ မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူကို သတ်ဖြတ်ပစ်ရန် ပင်တည်း။

“ရွှစ်..”

ဤတစ်ကြိမ်တွင် မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူ၏ ဓားပုံရိပ်ယောင် ထောင်ပေါင်းများစွာထံမှ ခုတ်ပိုင်းသံများ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့လေပြီ။ ဟင်းလင်းပြင်ထက်တွင် လန်ချင်းအောက်၏ ပင်လယ်မိစ္ဆာ ဘုရင်ကြီးများမှာ ဓားပုံရိပ်ယောင်များဖြင့် အဆက်မပြတ် ခုတ်ပိုင်း ဖျက်ဆီးခံနေရပြီး အံ့မခန်း မြန်ဆန်လှသော အရှိန်ဖြင့် ပျက်စီးနေကြတော့၏။

ဓားများ အားလုံး ခုတ်ပိုင်းပြီးသွားသော အချိန်တွင် အောက်သို့ တဟုန်ထိုး ဆင်းသက်လာသော လန်ချင်းအောက်၏ လှပသော ခန္ဓာကိုယ်လေးမှာ တစ်ဝက်ခန့်သာ ကျဆင်းလာရသေးသည်။ သို့သော် ဓားပုံရိပ်ယောင် ထောင်ပေါင်းများစွာမှာ သူမဆီသို့ ရောက်ရှိလာခဲ့လေပြီ။

လန်ချင်းအောက်၏ မျက်လုံးများ ရုတ်တရက် နီရဲသွားရ၏။ ဓားပုံရိပ်ယောင်များ၏ ခုတ်ပိုင်းခြင်းကို ခံရမည့် အစား သူမသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး ဝိညာဉ်ခွဲဖြာရန် ရွေးချယ်လိုက်လေ၏။

အခန်း (၈၉၄) - ရန်သူကို မျှားခေါ်ခြင်း

သူမသည် ပင်လယ်ဘိုးဘေးကြီးထံမှ ငါးမန်း တစ်သောင်း ဝိညာဉ်ခွဲဖြာ မဟာ နည်းစနစ် ဟု ခေါ်ဆိုသော နည်းစနစ်တစ်ခုကို ရရှိထားခဲ့သည်။

မိမိတို့၏ ကိုယ်ပိုင် သွေးသား စည်းမျဉ်းများကို စတေးကာ လူသတ်လိုသော ရည်ရွယ်ချက်ကိုသာ ပိုင်ဆိုင်သည့် ပင်လယ် ငါးမန်း မိစ္ဆာ အုပ်စုကြီးတစ်ခုကို ပြန်လည် ဖွဲ့စည်းလိုက်သည့် သိုင်းနည်းစနစ်ပင်။

မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူ၏ နှလုံးသားခွဲ ဓားသည် သူမ၏ အသိစိတ်ကို ထိခိုက်စေနိုင်ကြောင်း လန်ချင်းအောက် သတိပြုမိသွားသဖြင့် ထိုနည်းစနစ်ကိုပင် ပြန်လည် အသုံးချရန် သူမ ဆုံးဖြတ်လိုက်၏။ သူ၏ ပြင်းပြသော ဓားစိတ်ဆန္ဒကို အသုံးပြုကာ ငါးမန်း တစ်သောင်း၏ လူသတ်လိုသော ရည်ရွယ်ချက်များကို မီးမွှေးပေးရန် သူမ ပြင်ဆင်လိုက်ခြင်း ပင်တည်း။ သူမ အနေဖြင့် သူ့ကို မအနိုင်ယူနိုင်စရာ အကြောင်း မရှိဟု အခိုင်အမာ ယုံကြည်ထားသည်။

သို့သော်လည်း လန်ချင်းအောက် အနေဖြင့် ဤအတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်။ သူမ၏ ဓမ္မခန္ဓာကိုယ်မှာ ငါးမန်းများ၏ လုံးလုံးလျားလျား ဝါးမျိုခြင်းကို ခံရတော့မည် ဖြစ်ပြီး သူမသည် တာအို ကျင့်ကြံသူ တစ်ဦး ဖြစ်လင့်ကစား ပြန်လည် နာလန်ထူရန် အလွန်တရာ နှေးကွေးသွားမည် ဖြစ်သည်။

လန်ချင်းအောက်သည် အဖြေတစ်ခုကို လျှပ်တစ်ပြက် တွေးတောမိလိုက်စဉ်မှာပင် သူမ၏ နားထဲသို့ အသံတစ်သံ ရုတ်တရက် ဝင်ရောက်လာတော့၏။

“အောက်ကို ဆက်ပြီး ထိုးဆင်းသွား... အဲဒီ ဓားပုံရိပ်ယောင် တွေကို ခင်ဗျား အတွက် ကျွန်တော် ရှင်းပေးမယ်”

လန်ချင်းအောက်သည် အသံပို့လွှတ်လာသူ မည်သူဖြစ်ကြောင်း မသိသော်ငြား ထိုအသံထဲတွင် ပြင်းထန်လှသော ယုံကြည်မှုများ ပါဝင်နေသည်ကို ခံစားလိုက်ရသည်။ သူမ အနည်းငယ် အံ့အားသင့်သွားရသည်။

သို့သော်လည်း စစ်မြေပြင်တွင် သူမသည် အခြားသူများ၏ ကယ်တင်မှုကို လုံးဝ အားကိုးမည် မဟုတ်သဖြင့် ပြင်ဆင်မှု နှစ်ခုကို ပြုလုပ်ထားလိုက်၏။ တစ်ဖက်လူက ဓားပုံရိပ်ယောင်များကို မတားဆီးနိုင်ဘဲ သူမထံသို့ ရောက်ရှိလာပါက သူပြောသည့်အတိုင်း လုပ်ဆောင်မည် မဟုတ်ဘဲ ငါးမန်း တစ်သောင်း ဝိညာဉ်ခွဲဖြာခြင်း မဟာ နည်းစနစ်ကို ချက်ချင်း အသက်သွင်းရန် ပြင်ဆင်ထားလိုက်ခြင်း ပင်တည်း။

နင်ချီသည် လန်ချင်းအောက်၏ အနီးရှိ ဟင်းလင်းပြင်အတွင်း၌ ပုန်းအောင်းနေခြင်းပင်။ ဤအမျိုးသမီး အပေါ်တွင် သူ၏ အမြင်မှာ အတော်လေး ကောင်းမွန်နေခဲ့သည်။ အကြောင်းမှာ သူမသည် ယခင်က ဖန်ချန်နှင့် နယ်မြေသုံးခု မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများကို ကြားဖြတ် တားဆီးပေးခဲ့ပြီး ဓားဘိုးဘေးကြီးနှင့် အခြားသူများ အန္တရာယ်မှ ကင်းဝေးစေရန် ကူညီပေးခဲ့သောကြောင့် ပင်တည်း။

အကယ်၍ တစ်ဖက်လူ၏ စွမ်းအားသာ မရှိခဲ့ပါက ထိုအချိန်က နင်ချီ ကိုယ်တိုင် လူလုံးထွက်ပြရမည် ဖြစ်ပြီး ထိုသို့သာ ဆိုလျှင် အခင်းအကျင်းများ တည်ဆောက်ရန် အချိန်ဆွဲနိုင်ခဲ့မည် မဟုတ်ချေ။ ထို့ကြောင့် ယခု လန်ချင်းအောက် အန္တရာယ် ကျရောက်နေသည်ကို မြင်လိုက်ရသောအခါ သူ အမှန်တကယ် လှုပ်ရှားရတော့မည် ဖြစ်သဖြင့် သူမကို ကူညီပြီး ကျေးဇူးဆပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ဤသို့ တွေးတောပြီးနောက် နင်ချီသည် လန်ချင်းအောက်ထံသို့ အသံပို့လွှတ်လိုက်ခြင်း ပင်တည်း။ ပြိုင်ဘက်က သူမ၏ ခြေအောက်ရှိ လှိုင်းလုံးကြီးများကို စီးနင်းကာ အောက်သို့ ဆက်လက် ထိုးဆင်းသွားသည်ကို မြင်လိုက်ရသောအခါ နင်ချီသည် လန်ချင်းအောက်ဆီသို့ ခုတ်ပိုင်းလာသော ဓားပုံရိပ်ယောင် ထောင်ပေါင်းများစွာကို သုံးသပ်ကြည့်လိုက်သည်။

သူသည် သူ၏ ညာဘက်လက်ဖြင့် ဓားလက်ချောင်းပုံစံကို အလျင်အမြန် ဖန်တီးလိုက်ပြီး မရေမတွက်နိုင်သော ဓားပုံရိပ်ယောင်များဆီသို့ ညွှန်ပြလိုက်တော့သည်။ ရုတ်တရက် ဓားပုံရိပ်ယောင် ထောင်ပေါင်းများစွာမှာ အခြားတစ်ယောက်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည့်အလား အားလုံး ရပ်တန့်သွားကြသည်။ ဤရပ်တန့်သွားမှုအား လန်ချင်းအောက် သာမက အောက်ဘက်ရှိ မီးခိုးရောင် ဝတ်စုံရှင် ဓားကျင့်ကြံသူကပါ ချက်ချင်း သတိပြုမိသွားတော့၏။

လန်ချင်းအောက်မှာ တိတ်တဆိတ် ဝမ်းသာသွားရသည်။

ရုတ်တရက် မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူ၏ သေမင်းတမန် မီးခိုးရောင် မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် တောက်ပသွား၏။ အမှောင်ထုထဲမှ မီးပွားလေးတစ်ခုအလား ထင်မှတ်ရသည်။

“ဘယ်သူ က ငါ့ရဲ့ ဓားစိတ်ဆန္ဒတွေကို လာပိတ်ပင်ရဲတာလဲ”

သူသည် စကားမပြောသည်မှာ အတော်ကြာပြီ ဖြစ်ဟန်တူပြီး သူ၏ ပါးစပ်မှ ထွက်ပေါ်လာသော အသံမှာ အလွန်တရာ အက်ကွဲနေတော့သည်။ သို့သော် မည်သူကမျှ သူ့ကို ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။

မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူသည် လန်ချင်းအောက်ကို တိုက်ခိုက်မည့် အစီအစဉ်အား ခေတ္တမျှ လုံးလုံးလျားလျား စွန့်လွှတ်လိုက်ဟန် ရှိပြီး သူ၏ ဓားလမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်းရှိသော နောက်ကွယ်မှ လူကိုသာ ရှာဖွေလိုနေတော့၏။ ဓားကျင့်ကြံသူ တစ်ဦး အနေဖြင့် ဤအချက်ကို သူ အပြည့်အဝ နားလည် သဘောပေါက်ထားသည်။ ဓားပညာတွင် သူ့ကို လွှမ်းမိုးနိုင်သူမှာ သေချာပေါက် ဓားပညာတွင် သူ့ထက် သာလွန်သူ တစ်ဦးသာ ဖြစ်ရမည်ပင်။

All Chapters