← Chapters

အခန်း (၈၉၅-၈၉၇)

Vol. 60 Ch. 895-897

အခန်း (၈၉၅-၈၉၇)

Vol. 60 Ch. 895-897

အခန်း (၈၉၅) - ရန်သူကို မျှားခေါ်ခြင်း

လန်ချင်းအောက်က အခြား အရာများကို ဂရုမစိုက်တော့ဘဲ သူမ၏ ခြေအောက်ရှိ ဧရာမ လှိုင်းလုံးကြီးမှာ မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူဆီသို့ တိုက်ရိုက် ရိုက်ချသွားတော့သည်။ အဝေးမှ ကြည့်လျှင် ကျယ်ပြန့်လှသော သမုဒ္ဒရာကြီး တစ်ခုလုံး ပြိုကျလာသည့်အလား ထင်မှတ်ရပြီး လွတ်မြောက်ရန် လမ်းစ မရှိသလောက် ပင်တည်း။ မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူကမူ စိတ်မရှည်စွာဖြင့် သူ၏ ဓားကို အကြိမ်အနည်းငယ်မျှ ရမ်းခါလိုက်ရုံသာ ပြုလုပ်လိုက်၏။

ဓားချက် တစ်ချက်စီတိုင်းမှာ ယခင်ကထက် ပိုမို အစွမ်းထက်နေပြီး လန်ချင်းအောက်၏ ခြေအောက်ရှိ ဧရာမ လှိုင်းလုံးကြီးကို အစအနပင် မကျန်အောင် တိုက်ရိုက် ခုတ်ပိုင်း ဖျက်ဆီးပစ်လိုက်တော့သည်။ လန်ချင်းအောက်သည် အံကို တင်းတင်း ကြိတ်လိုက်ပြီး ငါးမန်း တစ်သောင်း ဝိညာဉ်ခွဲဖြာခြင်း မဟာ နည်းစနစ်ကို အသက်သွင်းရန် ပြင်ဆင်လိုက်သည်။

သို့သော် ရုတ်တရက် အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခုမှာ သူမ၏ ရှေ့တွင် ပေါ်ထွက်လာတော့၏။ လန်ချင်းအောက်မှာ အံ့အားသင့်သွားရသည်။ အနည်းငယ် ပိန်ပါးသော်လည်း အရပ်အမောင်း ထည်ဝါသော အဖြူရောင် ဝတ်စုံရှင်၏ ကျောပြင်ကို ကြည့်ရင်း အထက်စီးဆန်သော အရှိန်အဝါများကို ခံစားလိုက်ရ၏။ ဤကမ္ဘာလောကတွင် သူ တစ်ဦးတည်းသာလျှင် လေးစားမှုနှင့် ထိုက်တန်သည်ဟု ထင်မှတ်ရသည်။

“ဟိုကြည့် ဒီကြည့် လုပ်မနေနဲ့တော့.. ခင်ဗျား ရှာနေတဲ့ လူက ဒီမှာ ရောက်နေပြီ”

နင်ချီက တည်ငြိမ်စွာ ဆိုလိုက်သည်။ ဟိုဟိုဒီဒီ ရှာဖွေနေသော မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူသည် ရုတ်တရက် လှည့်ကြည့်လာတော့သည်။ သူသည် နင်ချီ၏ မျက်နှာကို ကြည့်လိုက်ရာ သူ၏ သေမင်းတမန် မီးခိုးရောင် မျက်လုံးအိမ်များထဲတွင် ထူးဆန်းသော အရောင်တစ်ခု ပေါ်ထွက်လာဟန် ရှိသည်။

“မင်းက... နင်ချီ လား”

“ဟုတ်တယ်”

မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ရုတ်တရက် ဖုံးလွှမ်းသွားတော့၏။

“ကျယ်ပြန့်သော ကမ္ဘာ က လူတွေ အားလုံး ငါ့အမိန့် ကို နားထောင်ကြ.. နင်ချီ.. ဒီမှာ ရောက်နေပြီ.. မင်းတို့ အားလုံး သူ့ကို ဖမ်းရမယ်”

သူက အော်ဟစ်လိုက်ပြီး သတင်းစကားများ ပေးပို့ရန် အထူး နည်းလမ်းများကို အဆက်မပြတ် အသုံးပြုနေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ တာအိုကျင့်ကြံသူ အားလုံးမှာ ဤနေရာဆီသို့ ဆွဲဆောင်ခံလိုက်ရပုံ ရသည်။

မရေမတွက်နိုင်သော အကြည့်များမှာ ဤနေရာဆီသို့ စူးစိုက် ကျရောက်လာသည်ကို လန်ချင်းအောက် ခံစားလိုက်ရသော်လည်း ပထမဆုံး အကြိမ် အဖြစ် ထိုအကြည့်များမှာ သူမကို စိုက်ကြည့်နေခြင်း မဟုတ်ဘဲ သူမ၏ ရှေ့ရှိ အဖြူရောင် ဝတ်စုံရှင် အမျိုးသားကိုသာ စိုက်ကြည့်နေကြခြင်း ပင်တည်း။

'သူက အဲဒီလောက်တောင် ဆွဲဆောင်မှု ရှိနေတာလား'

စစ်မြေပြင်နယ်မြေ အတွင်းသို့ မဝင်ရောက်မီက လန်ချင်းအောက်သည် ပင်လယ်ဘိုးဘေးကြီးထံမှ နင်ချီ၏ အကြောင်းကို ကြားသိခဲ့ဖူးသည်။ သို့သော် ထိုအချိန်က သူမသည် နင်ချီကို ခြွင်းချက် အနေဖြင့် ပါရမီ ပါသော ကျင့်ကြံသူ တစ်ဦး အဖြစ်သာ သတ်မှတ်ထားခဲ့ပြီး ထို့ကြောင့်ပင် ပင်လယ်ဘိုးဘေးကြီးက သူမအား သူ့ကို စောင့်ရှောက်ပေးရန် အကူအညီ တောင်းခဲ့ခြင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် လန်ချင်းအောက် လုံးဝ မမျှော်လင့်ထားခဲ့မိသည်မှာ စစ်မြေပြင်နယ်မြေ အတွင်း၌ နင်ချီနှင့် နောက်ဆုံးတွင် ဆုံတွေ့ရချိန်၌ နင်ချီ ဖြစ်ပေါ်စေခဲ့သော ရိုက်ခတ်မှုမှာ သူ၏ နာမည်ထက်များစွာ သာလွန်နေခြင်း ပင်တည်း။ လန်ချင်းအောက်သည် တောင်နှင့် ပင်လယ် ကမ္ဘာတွင် ထူးခြား ပြောင်မြောက်သော ပါရမီရှင် တစ်ဦး အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားပြီး သူမ၏ အလှအပ အပေါ်တွင်လည်း အလွန်အမင်း ယုံကြည်မှု ရှိသူ ဖြစ်၏။

သို့သော် ဤအခိုက်အတန့်တွင်မူ သူမထံမှ ဖြာထွက်နေသော အလင်းရောင် အားလုံးမှာ သူမ၏ ရှေ့ရှိ နင်ချီ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ကြည့်ရသည်မှာ နင်ချီသည်သာလျှင် ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး နှိုင်းယှဉ်၍ မရနိုင်သော ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ဟန် တူသည်။

လန်ချင်းအောက်သည် အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း ဆိုသည်ကို နားမလည်နိုင်ခဲ့ချေ။ အကြောင်းမှာ သူမသည် နင်ချီ၏ ကျင့်ကြံခြင်း စွမ်းအား အတက်အကျများကို အာရုံခံမိ၏။ ၎င်းမှာ ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်တွင်သာ ရှိနေသေးသည်လေ။

ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦးက အဘယ်ကြောင့် သူမထက် သာလွန်နေရမည်နည်း။

လန်ချင်းအောက်မှာ တွေးတောချိန်ပင် မရလိုက်ချေ။ အကြောင်းမှာ သူမ၏ ရှေ့ရှိ အဖြူရောင် ဝတ်စုံရှင်က ထပ်မံ စကားဆိုလာသောကြောင့် ပင်တည်း။

“ခင်ဗျားတို့ရဲ့ ကျယ်ပြန့်သော ကမ္ဘာ နဲ့ ကျွန်တော် သွယ်ဝိုက်ပြီး နှစ်ကြိမ် တိုက်ခိုက်ဖူးတယ်.. နှစ်ကြိမ်စလုံး ကျွန်တော် အသက်ရှင် လွတ်မြောက်ခဲ့တဲ့ အပြင် အကျိုးအမြတ် အများကြီးတောင် ရလိုက်သေးတယ်”

နင်ချီက ရုတ်တရက် ရွဲ့စောင်းကာ ဆိုလိုက်သည်။

“ခင်ဗျား က ကျွန်တော့် ကို ဖမ်းဖို့ သူ့ရဲ့ အမိန့် အရ လှုပ်ရှားနေတာ ဖြစ်ရမယ် မဟုတ်လား.. ဒါပေမဲ့ ခင်ဗျား . ကျွန်တော့် ကို ဘယ်တော့မှ ဖမ်းမိမှာ မဟုတ်ဘူး”

နင်ချီသည် ငါးတစ်ကောင်အလား ဟင်းလင်းပြင် အတွင်းသို့ ရုတ်တရက် တိုးဝင်သွားရာ လှိုင်းဂယက်များ ထွက်ပေါ်လာတော့သည်။ တဆက်တည်း၌.. တစ်ကီလိုမီတာခန့် အကွာအဝေးရှိ အခြား ဦးတည်ချက် တစ်ခုတွင် တိုက်ရိုက် ပြန်လည် ပေါ်ထွက်လာ၏။ ထိုနေရာတွင် ရှိနေကြသော ကျင့်ကြံသူ အားလုံးမှာ အံ့အားသင့် မှင်သက်သွားကြရတော့သည်။

သူတို့သည် ပတ်ဝန်းကျင်ရှိ ရန်သူများကို တစ်ချက် ကြည့်လိုက်ကြပြီး အံ့သြဖွယ် ကောင်းလောက်အောင်ပင် သူတို့ အားလုံးသည် တိုက်ခိုက်နေခြင်းကို တညီတညွတ်တည်း စွန့်လွှတ်လိုက်ကြကာ အတူတကွ စုရုံး၍ နင်ချီ ရှိရာ အရပ်ဆီသို့ အလွန်တရာ မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းသွားကြတော့၏။

ထို့ကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများသည် အလွန်တရာ ရယ်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။

ခုနလေးတင် သူတို့နှင့် အသည်းအသန် တိုက်ခိုက်နေသော ကျင့်ကြံသူများမှာ ရုတ်တရက် ဦးတည်ချက် တစ်ခုတည်းဆီသို့ ပြတ်သားစွာ ပြေးထွက်သွားကြခြင်း ပင်တည်း။ ရှေ့တွင် ရွှေတွင်း တစ်တွင်း ရှိနေကြောင်း ကြားသိလိုက်ရသော သာမန် လူသားများအလား သူတို့၏ ပုံစံမှာ အလွန်တရာ လောဘတကြီး ဖြစ်နေကြသည်။

ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး ပြိုင်ဘက်၏ လက်ချက်ဖြင့် သေဆုံးရတော့မည့် အခြေအနေသို့ ရောက်ရှိနေသော တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူ အများအပြားပင် ရှိနေသေး၏။ သို့သော် ပြိုင်ဘက်များက သူတို့ကို သတ်ဖြတ်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ကြပြီး ပြတ်သားစွာ ထွက်ခွာသွားကြတော့သည်။ ခေတ္တမျှ အချိန်လေး အတွင်းမှာပင် လူတိုင်းသည် ဤသို့ အဘယ်ကြောင့် ဖြစ်ရသနည်း ဆိုသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားကြရ၏။

သို့သော်လည်း တောင်နှင့် ပင်လယ် ကမ္ဘာမှ တာအိုကျင့်ကြံသူ အများအပြားသည်လည်း သူတို့၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားကြတော့၏။ ထိုသူများထဲတွင် နယ်မြေအရှင်သခင် သုံးဦး ဖြစ်သော ဖန်ချန်နှင့် သူတို့၏ လက်အောက်ငယ်သားများလည်း ပါဝင်နေသည်။

ဖန်ချန်သည် တစ်ခါတစ်ရံမှသာ လျှပ်တစ်ပြက် ပေါ်လာတတ်သော နင်ချီ၏ ပုံရိပ်ကို စူးစိုက် ကြည့်နေပြီး လုံးဝ နှုတ်ဆိတ် နေတော့၏။ သူ၏ ဘေးတွင်မူ ကျင်းကွမ်ဟွာနှင့် မုကျူးထျန်းတို့မှာ ပြင်းထန်လှသော လူသတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသော မျက်နှာ အမူအရာများ ရှိနေကြသည်။

“အစ်ကိုကြီး... နင်ချီ နောက်ဆုံးတော့ ထွက်လာပြီ”

“အစ်ကိုကြီး... ဒုတိယ အစ်ကို... ငါတို့ ဒီ အခွင့်အရေး ကို လက်လွတ်ခံလို့ မဖြစ်ဘူး.. မဟုတ်ရင် သူ ကြီးထွားလာတဲ့ အခါ ငါတို့ လက်စားချေဖို့ ခက်ခဲသွားလိမ့်မယ်”

ဖန်ချန်က နောက်ဆုံးတွင် စကားဆိုလာ၏။

“စိတ်မပူပါနဲ့.. အမြစ်ဖြတ် ရှင်းလင်းရမယ် ဆိုတဲ့ သဘောတရား ကို ငါ နားလည်ပါတယ်.. သူက ပေါင်းစည်းခြင်း နယ်ပယ် အဆင့်လေး သာ ရှိသေးပေမယ့် ဒီလောက် အကြီးအကျယ် ရိုက်ခတ်မှု တွေကို ဖြစ်စေနိုင်တာပဲ.. အကယ်လို့ သူသာ သဟဇာတဖြစ်ခြင်းနယ်ပယ် အဆင့် ကို ရောက်သွားမယ် ဆိုရင် ငါတို့တွေ သေချာပေါက် ဒုက္ခရောက်ကုန်လိမ့်မယ်”

အခန်း (၈၉၆) - ရန်သူကို မျှားခေါ်ခြင်း

ယခင်က နင်ချီ့အပေါ် သူ၏ လက်စားချေမှုမှာ သားဖြစ်သူ အတွက် သက်သက်သာ ဖြစ်ခဲ့သော်လည်း ယခုအခါ ဖန်ချန်သည် အန္တရာယ် ရှိလာမည့် အရိပ်အယောင်များကို သဲသဲကွဲကွဲ ခံစားနေရလေပြီ။ ဆေးတောင်းခံရန်အတွက် ကောင်းကင် ချိတ်ဆက် တောင်ထွတ်သို့ သူ သွားရောက်ခဲ့စဉ်က အချိန်ကို သူ ပြန်လည် အမှတ်ရလိုက်မိ၏။

ထိုအချိန်က သူသည် နင်ချီ၏ အကြောင်းကို ထည့်သွင်း ပြောဆိုခဲ့ဖူးသော်လည်း တောင်ဘိုးဘေးကြီးက သူ့နောက်သို့ လိုက်နေသည်မှာ မည်မျှ ကြာပြီနည်းဟု ပြန်လည် မေးခွန်းထုတ်ခြင်းကို ခံခဲ့ရ၏။ တောင်ဘိုးဘေးကြီးသည်လည်း နင်ချီကို သတိထားမိနေပြီ ဖြစ်ကြောင်း ဖန်ချန် ရုတ်တရက် နားလည် သဘောပေါက်သွားတော့၏။

သူ မြင်တွေ့နေရသည့် အရာများကို အခြေခံ၍ စဉ်းစားကြည့်ပါက တောင်ဘိုးဘေးကြီး ကဲ့သို့သော ပုဂ္ဂိုလ်မျိုး အနေဖြင့် နင်ချီကို သတိမထားမိဘဲ နေရန် ခက်ခဲလိမ့်မည်ဟု ဖန်ချန် ခံစားလိုက်ရသည်။ မည်သို့ပင် ဆိုစေကာမူ စစ်မြေပြင်နယ်မြေ တစ်ခုလုံးတွင် ကျယ်ပြန့်သော ကမ္ဘာမှ တာအိုကျင့်ကြံသူ အများအပြားကို သူ့အား ဖမ်းဆီးရန် ကြိုးပမ်းလာစေအောင် နင်ချီ ကဲ့သို့ မည်သူကမျှ မစွမ်းဆောင်နိုင်ခဲ့ဖူးချေ။

နင်ချီက ကျယ်ပြန့်သော ကမ္ဘာမှ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများကို လှုပ်ရှားလာစေသည်ကို မြင်လိုက်ရသောအခါ ထိပ်တန်း အယောက်ငါးဆယ် စာရင်းဝင် အစွမ်းထက် ကျင့်ကြံသူ တစ်ဦး ဖြစ်သော ဖန်ချန်၏ ရင်တွင်း၌ မလုံခြုံမှုများ တစ်စတစ်စ ကြီးထွားလာတော့သည်။ သူ့လို လူမျိုး အနေဖြင့် ရန်သူကို ပိုမို အစွမ်းထက်လာစေရန် အခွင့်အရေး ပေးမည် မဟုတ်ချေ။ ရန်သူက အစွမ်းထက်လာလျှင်တောင်မှ သူ့ကို လာရောက် ရန်စဝံ့မည် မဟုတ်ဟု ထင်မှတ်နေတတ်သော အသိဉာဏ် ကင်းမဲ့သူ အချို့နှင့် သူက လုံးဝ မတူညီပေ။

ဖန်ချန်၏ ခံယူချက်မှာ တစ်စုံတစ်ယောက်ကို ရှင်းလင်းပစ်ချင်ပါက တစ်ဖက်လူကို အချိန် လုံးဝ မပေးဘဲ အမြန်ဆုံး အမြစ်ဖြတ် ချေမှုန်းရမည် ဆိုသည့် အချက် ပင်တည်း။ ထို့ကြောင့် သူသည် ကျင်းကွမ်ဟွာ.. မုကျူးထျန်း တို့နှင့် အတူ သူတို့၏ နယ်မြေ သုံးခုမှ ကျင့်ကြံသူများကို ဦးဆောင်ကာ ကျယ်ပြန့်သော ကမ္ဘာမှ တာအိုကျင့်ကြံသူများနှင့် အတူ နင်ချီ၏ နောက်သို့ ချက်ချင်း လိုက်ပါသွားကြတော့သည်။ နင်ချီ၏ ကယ်တင်ခြင်းကို ခံလိုက်ရသော လန်ချင်းအောက်သည် နင်ချီ ထွက်ခွာသွားသော ကျောပြင်ကို စူးစိုက်ကြည့်နေပြီး သူမ၏ နှင်းဆီရောင်သန်းနေသော မျက်ဝန်းများမှာ ရေပြင်တစ်ခုအလား လှိုင်းဂယက်များ ထနေလေသည်။

သူမသည်လည်း နင်ချီ၏ နောက်သို့ တန်းတန်းမတ်မတ် လိုက်ပါသွားတော့၏။ ဆရာ ဖြစ်သူ ပင်လယ်ဘိုးဘေးကြီး၏ ညွှန်ကြားချက်ကြောင့် ဖြစ်စေ.. နင်ချီ၏ ယခင် အကူအညီကြောင့် ဖြစ်စေ.. ဤအခြေအနေကို လန်ချင်းအောက် အနေဖြင့် လုံးဝ မျက်ကွယ်ပြုထား၍ မရနိုင်တော့ချေ။ နင်ချီသည် ထိုပတ်ဝန်းကျင်၌ အကြိမ် နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် တည်နေရာ ရွှေ့ပြောင်းပြီးနောက် သူ့အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။

သူ၏ အနောက်ရှိ ပုံရိပ်များမှာ ကျိုင်းကောင် အုပ်ကြီး တစ်အုပ်အလား စုရုံးနေကြပြီး ထိုပုံရိပ် တစ်ခုစီတိုင်းမှာ ကမ္ဘာနှစ်ခုလုံးမှ အစွမ်းထက်လှသော သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများ ပင်တည်း။

ရှေ့ဆုံးမှ ဦးဆောင် လာသူများမှာ ဓားကို စီးနင်းလာသော မီးခိုးရောင် ဝတ်စုံရှင် ကျင့်ကြံသူ အပါအဝင် အထွတ်အထိပ် ဘိုးဘေးကြီးများနှင့် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ပို၍ ဝေးကွာသော နေရာတွင်မူ ဖန်ချန်နှင့် အခြား နှစ်ဦးကိုပါ နင်ချီ လှမ်းမြင်လိုက်ရတော့၏။ သို့သော်ငြား ထိုလူ သုံးဦး ပါဝင်လာခြင်း အပေါ် နင်ချီ အနေဖြင့် လုံးဝ အံ့အားသင့်သွားခြင်း မရှိခဲ့ချေ။

'ခင်ဗျားတို့ အားလုံး လာခဲ့ကြပါစေ.. နောက်ကျရင် တစ်ပြိုင်တည်း ရှင်းထုတ်ပစ်လို့ ရတာပေါ့'

နင်ချီသည် အပြင်ဘက် နယ်မြေ၏ တောင်ဘက်ဆီသို့ ဆက်လက် ဟန်ဆောင် ထွက်ပြေးနေတော့သည်။ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများသည် နင်ချီမှာ ငါးတစ်ကောင်အလား ချောကျိကျိ နိုင်လွန်းသဖြင့် ဖမ်းဆီး တားဆီးရန် ခက်ခဲနေကြောင်း တွေ့လိုက်ရ၏။

နင်ချီ တောင်ဘက်ဆီသို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသောအခါ သူတို့မှာလည်း လုံးဝ နလပိန်းတုံးများ မဟုတ်ကြပေ။ မီးခိုးရောင် ဝတ်စုံရှင် ဓားကျင့်ကြံသူ ဦးဆောင်သော လိုက်လံ ဖမ်းဆီးသူ အုပ်စုကြီးမှာ ရုတ်တရက် ရပ်တန့်သွားကြပြီး ဆက်မလိုက်ကြတော့ချေ။

“မီဟွေ့့.. ဟောက်ရန် အင်မော်တယ်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ဆီက အမိန့် မရဘဲနဲ့.. ငါတို့ ဒီကိစ္စ ကို ဆက်ပြီး မလိုက်သင့်တော့ဘူး”

တစ်စုံတစ်ယောက်က တိတ်တဆိတ် အသံပို့လွှတ်လာတော့သည်။ မီးခိုးရောင် ဝတ်စုံရှင် ဓားကျင့်ကြံသူ မီဟွေ့့က ပြန်လည် မဖြေကြားသော်လည်း သူ၏ မေးကို အနည်းငယ် ဆတ်ပြလိုက်သည်။ မီဟွေ့့သည် ဘယ်ဘက်လက်ကို တစ်ချက် လှန်လိုက်ရာ ဆက်သွယ်ရေး ကျောက်စိမ်းပြားမှာ သူ၏ လက်ဝါးထဲတွင် ပေါ်ထွက်လာပြီး အထဲမှ အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေဟန် ရှိသည်။

နင်ချီကို ရှာဖွေ တွေ့ရှိပြီးနောက် သူသည် စစ်မြေပြင်နယ်မြေ အတွင်းရှိ ကျယ်ပြန့်သော ကမ္ဘာမှ အရေးကြီး ပုဂ္ဂိုလ် တစ်ဦးထံသို့ သတင်းစကား ပေးပို့ခဲ့ပြီး ဖြစ်၏။ ဟောက်ရန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းယင်းချူးနှင့် အစွမ်းအထက်ဆုံး ကျင့်ကြံသူ အုပ်စုကြီးမှာ အလယ်ဗဟို ဒေသဆီသို့ သွားရောက်ခဲ့ကြပြီ ဖြစ်သော်ငြား နင်ချီမှာ သူတော်စင် ဘိုးဘေးကြီး ကိုယ်တိုင် အထူးတလည် စောင့်ကြည့်ရန် ညွှန်ကြားထားသူ ပင်တည်း။

ထို့ကြောင့် ဂိုဏ်းချုပ်သည် အလယ်ဗဟို ဒေသတွင် ရှိနေလျှင်တောင်မှ ကျင့်ကြံသူများ အနေဖြင့် နယ်မြေများကို ဖြတ်ကျော်ကာ သတင်း အချက်အလက်များ ပေးပို့နိုင်စွမ်း ရှိကြသည်။ နင်ချီသည်လည်း အခြားသူများနှင့် ကီလိုမီတာ ဆယ်ချီ ကွာဝေးသော ဟင်းလင်းပြင် အတွင်း၌ ရပ်တန့်နေခဲ့သည်။

အခြားသူများက သူ့နောက်သို့ ဆက်လက် လိုက်ပါရန် အစီအစဉ် မရှိတော့သည်ကို မြင်လိုက်ရသောအခါ နင်ချီ၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားပြီး သူတို့၏ စိုးရိမ်ပူပန်မှုများကို သူ နားလည် သဘောပေါက်လိုက်တော့သည်။ သို့သော်လည်း တစ်ဖက်လူများ သတင်းစကား လက်ခံရရှိသွားသည်နှင့် တစ်ပြိုင်နက် သူ့နောက်သို့ သေချာပေါက် ဆက်လက် လိုက်ပါလာကြလိမ့်မည်ဟု သူ အပြည့်အဝ ယုံကြည်ထား၏။

ထို့နောက် နင်ချီ၏ အကြည့်များသည် ကျယ်ပြန့်သော ကမ္ဘာမှ တာအိုကျင့်ကြံသူများ၏ နောက်သို့ လိုက်ပါလာကြသော တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများဆီသို့ ရောက်ရှိသွားတော့၏။ ရေသူမ လန်ယင်းယင်း၏ ဘေးတွင် ရှိနေသော ငါးမန်း ဘိုးဘေးကြီး.. လန်ချင်းအောက် နှင့် သူ ယခင်က တွေ့ဆုံဖူးခဲ့သော ရင်းနှီးကျွမ်းဝင်သည့် အခြား ကျင့်ကြံသူများစွာကို သူ မြင်တွေ့လိုက်ရသည်။

ဖန်ချန်နှင့် သူ၏ လက်အောက်ငယ်သား နှစ်ဦးမှလွဲ၍ ကျန်ရှိနေသော အခြား တာအိုကျင့်ကြံသူ အများစုမှာ သူ့အား အံ့အားသင့်မှုများနှင့် ခင်မင်ရင်းနှီးမှုများ ရောယှက်နေသော အကြည့်များဖြင့် ကြည့်ရှုနေကြ၏။ မည်သို့ပင် ဆိုစေကာမူ ပေါင်းစည်းခြင်း နယ်ပယ် အဆင့်သာ ရှိသေးသော နင်ချီ တစ်ယောက်တည်းက ကျယ်ပြန့်သော ကမ္ဘာမှ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူ အများအပြားကို သူ့နောက်သို့ လိုက်ပါလာအောင် ဆွဲဆောင်နိုင်ခဲ့ခြင်းမှာ သူတို့၏ အမြင်တွင် အလွန်တရာ ကြီးကျယ်ခမ်းနားလှသော အောင်မြင်မှု တစ်ရပ် ဖြစ်နေပေပြီ။

သူတို့ ကိုယ်တိုင် ဆိုလျှင် ဤသို့ လုံးဝ စွမ်းဆောင်နိုင်မည် မဟုတ်ချေ။ သို့သော်ငြား နင်ချီ အနေဖြင့် ကျယ်ပြန့်သော ကမ္ဘာ၏ အဘယ်ကြောင့် ဤမျှ အလေးထားခြင်းကို ခံနေရသနည်း ဆိုသည်ကိုမူ သူတို့ မသိရှိခဲ့ကြချေ။

ထို့အပြင် နင်ချီမှာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပေးအပ်ထားသော တာဝန်တစ်ခုကို ထမ်းဆောင်နေခြင်း ဖြစ်ကြောင်းကိုလည်း မည်သည့် ကျင့်ကြံသူကမျှ မသိရှိခဲ့ကြပေ။

အခန်း (၈၉၇) - သဟဇာတဖြစ်ခြင်း နယ်ပယ်သို့ ချီတက်ခြင်း

နင်ချီသည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် အနေဖြင့် သူက ရန်သူများ၏ အာရုံကို ဖမ်းစားထားချိန်တွင် သူတို့၏ မဟာမိတ် စစ်တပ်ကြီးကို အလယ်ဗဟို ဒေသဆီသို့ အမြန်ဆုံး ဖြတ်ကျော် ဝင်ရောက်ခွင့် ပေးသင့်သည် မဟုတ်ပါလော။

ကျင့်ကြံသူ စစ်တပ်ကြီး၏ တုံ့ပြန်မှု အမြန်နှုန်းနှင့် အခင်းအကျင်း ဖွဲ့စည်းပုံမှာ သာမန် စစ်တပ်များနှင့် လုံးဝ မတူညီချေ။ အောင်ပွဲနှင့် ရှုံးနိမ့်မှုမှာ မျက်တောင် တစ်ခတ်စာ အချိန်လေး အတွင်းမှာပင် အဆုံးအဖြတ် ပေးသွားနိုင်သည်။

'ကမ္ဘာ့အရှင်သခင် က ငါ တစ်ဖက်လူ ကို လုံးလုံးလျားလျား ဟန့်တားနိုင်တဲ့ အချိန်အထိ တကယ်ပဲ စောင့်ဆိုင်းနေဦးမှာလား'

သူ၏ ရှေ့ဘက်တွင်မူ မီးခိုးရောင် ဝတ်စုံရှင် ဓားကျင့်ကြံသူ မီဟွေ့့၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားမှာ ရုတ်တရက် တုန်ခါသွားတော့သည်။ မီဟွေ့့သည် အထဲတွင် ပါရှိသော အချက်အလက်များကို ချက်ချင်း ဖတ်ရှုလိုက်သည်။

“ငါတို့ နင်ချီ ကို မဖြစ်မနေ ဖမ်းရမယ်.. ဒါပေမဲ့ တောင်ပိုင်း ဒေသ ရဲ့ သုံးပုံတစ်ပုံ အကွာအဝေး ကို ရောက်တာနဲ့ ချက်ချင်း နောက်ဆုတ် ပြီး ဒီတာဝန် ကို စွန့်လွှတ်ရမယ်”

ဤသတင်းစကားမှာ ဟောက်ရန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းယင်းချူး ထံမှ လာခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားလှသည်။ မီဟွေ့့သည် ဤသတင်းစကားကို အခြားသော ပုဂ္ဂိုလ် အနည်းငယ်နှင့်အတူ လက်ခံ ရရှိခဲ့ခြင်း ဖြစ်ပြီး ထိုသူများ အားလုံးမှာ ကျယ်ပြန့်သော ကမ္ဘာ အတွင်းရှိ သက်ဆိုင်ရာ နယ်မြေ အသီးသီးမှ ခေါင်းဆောင်ပိုင်းများ ပင်တည်း။ ထိုအုပ်စုသည် မျက်နှာရိပ် မျက်နှာကဲ အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် နင်ချီ့အနောက်သို့ ဆက်လက် လိုက်ပါရန် ဆုံးဖြတ်လိုက်ကြတော့၏။

ဤအခြေအနေကို မြင်လိုက်ရသောအခါ နင်ချီ ချက်ချင်း နားလည် သဘောပေါက်သွား၏။ ကျယ်ပြန့်သော ကမ္ဘာအတွက် သူ၏ ဆွဲဆောင်မှုမှာ အမှန်တကယ်ပင် ကြီးမားလှသည်။ သူတို့ကို တောင်ဘက်သို့ ဆက်လက် ခေါ်ဆောင်သွားပြီး သူတို့၏ လိုက်လံ ဖမ်းဆီးမှု မည်သည့်နေရာတွင် အဆုံးသတ်မည်ကို ကြည့်ရှုရန် သူ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

လူတိုင်းက နင်ချီ၏ နောက်သို့ ဆက်လက် လိုက်ပါနေကြချိန်တွင် တောင်နှင့် ပင်လယ် ကမ္ဘာမှ တာအိုကျင့်ကြံသူ အားလုံး၏ စိတ်ထဲ၌ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ အသံမှာ ပဲ့တင်ထပ်သွား၏။

“နင်ချီ က ရန်သူ တွေကို မျှားခေါ်သွားတဲ့ အချိန်မှာ မင်းတို့ အားလုံး အလယ်ဗဟို ဒေသ ရဲ့ နယ်နိမိတ် ဆီကို တိတ်တဆိတ် လိုက်သွားကြ.. ပြီးရင် ငါ.. မင်းတို့ကို အထဲ ဝင်ခွင့်ပေးမယ်.. လောလောဆယ် အလယ်ဗဟို ဒေသ ကို သိမ်းပိုက်နိုင်ဖို့က အရေးကြီးဆုံးပဲ”

ကမ္ဘာ့အရှင်သခင်၏ အသံကို ကြားလိုက်ရသောအခါ လူတိုင်းမှာ နောက်ဆုံးတွင် နားလည် သဘောပေါက်သွားကြတော့သည်။ ဤအရာများ အားလုံးမှာ ကမ္ဘာ့အရှင်သခင်နှင့် ဘိုးဘေးကြီး နှစ်ပါးတို့က အကွက်ချ စီစဉ်ထားခြင်း ပင်တည်း။ တောင်နှင့် ပင်လယ် ကမ္ဘာမှ တာအိုကျင့်ကြံသူများမှာ ကမ္ဘာ့အရှင်သခင်၏ အလိုဆန္ဒအတိုင်း တိတ်တဆိတ် လှုပ်ရှားလိုက်ကြသည်။ သို့သော် အချို့သော သူများကမူ မနာခံကြချေ။

လန်ချင်းအောက်သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကို ဆက်သွယ်ရန် သူမ၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို အသုံးပြုလိုက်တော့၏။

“ကမ္ဘာ့အရှင်သခင်.. နင်ချီ တစ်ယောက်တည်း ရန်သူ တွေကို မျှားခေါ်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား.. ဆရာ ပင်လယ်ဘိုးဘေးကြီး က သူ့ကို အရမ်း တန်ဖိုးထားတာမို့ ကျွန်မ သူ့ကို ကူညီရပါမယ်”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် လန်ချင်းအောက်မှာ ပင်လယ်ဘိုးဘေးကြီး၏ ထင်ရှားသော တပည့် တစ်ဦး ဖြစ်ကြောင်း သိထားသဖြင့် သူမအား အမှန်တရားကို ဖွင့်ပြောပြလိုက်သည်။

“ချင်းအောက်.. နင်ချီ က ငါတို့ရဲ့ အစီအစဉ် ဆိုတာ မင်း သိပါတယ်.. ဒါပေမဲ့ ငါတို့က နင်ချီ အတွက် အသက်လွတ်လမ်း တစ်ခုကို ချန်ထားပေးမယ် ဆိုတာကိုတော့ မင်း မတွေးမိဘူးလား”

ထိုစကားကို ကြားလိုက်ရသောအခါ လန်ချင်းအောက်၏ ပန်းရောင် မျက်ဝန်းလေးများမှာ တောက်ပသွားရတော့သည်။ သူမ ကိုယ်တိုင် စိုးရိမ်လွန်ပြီး ပြဿနာ အကြီးအကျယ် ရှာနေမိသလားဟု သူမ တွေးတောနေမိ၏။

လန်ချင်းအောက်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်ကို ပြန်လည် ဖြေကြားလိုက်တော့သည်။

“ကမ္ဘာ့အရှင်သခင်.. အဲဒီလို ဆိုရင်တော့ ချင်းအောက် စိတ်အေးသွားပါပြီ”

သူမသည် နင်ချီကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ထပ်မံ ဆိုလိုက်ပြန်သည်။

“ဒါပေမဲ့ ကျွန်မ က ဆရာ ပင်လယ်ဘိုးဘေးကြီး ရဲ့ အမိန့်ကို နာခံရမှာ ဖြစ်လို့.. နင်ချီ တကယ် အန္တရာယ်ကင်းတယ် ဆိုတာ သေချာမှပဲ ထွက်သွားပါတော့မယ်”

“သဘောပဲ”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် လူတိုင်းဆီသို့ အသံ ပို့လွှတ်လိုက်ရာ အများစုမှာ သူ၏ အမိန့်ကို နာခံကြသော်လည်း လန်ချင်းအောက် ကဲ့သို့ ပြတ်ပြတ်သားသား ငြင်းဆန်သူ အနည်းငယ်လည်း ရှိနေသေးသည်။ ထိုအထဲတွင် ဖန်ချန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးလည်း ပါဝင်နေသည်။

“ကမ္ဘာ့အရှင်သခင်.. နင်ချီ က ဘာပဲဖြစ်ဖြစ် ပေါင်းစည်းခြင်း နယ်ပယ် အဆင့်လေးသာ ရှိသေးတာပါ.. အခု တခြားသူတွေ ကမ္ဘာ့အရှင်သခင် ရဲ့ အစီအစဉ် အတိုင်း လိုက်သွားကြပြီ ဆိုတော့.. ကျွန်တော်တို့ နယ်မြေ သုံးခု က တာအိုကျင့်ကြံသူ တွေက နင်ချီ ကို စောင့်ရှောက်ပေးပါ့မယ်”

ဖန်ချန်က လုံးဝ ညှိနှိုင်း၍ မရနိုင်သော လေသံဖြင့် ပြတ်သားစွာ ဆိုလိုက်တော့သည်။

“ဒါ့အပြင်.. သူက တောင်ဘိုးဘေးကြီး ရဲ့ လက်အောက် က ကျင့်ကြံသူ တစ်ယောက် ဖြစ်လို့.. ကျွန်တော်တို့ က တောင်ဘိုးဘေးကြီး ရဲ့ ကိုယ်စား တာဝန်ယူပေးသင့်ပါတယ်”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ပုံရိပ်ယောင် အဖြစ် ထွက်ပေါ်လာခြင်း မရှိဘဲ ဖန်ချန်.. ကျင်းကွမ်ဟွာ.. မုကျူးထျန်း တို့နှင့် အခြား နယ်မြေ သုံးခုမှ ကျင့်ကြံသူများကို အေးစက်စွာ ငုံ့ကြည့်နေလိုက်သည်။ သူတို့၏ သဘောထားမှာ အပေါ်ယံမျှသာ လေးစားဟန် ပြနေပြီး လက်တွေ့တွင်မူ သူ့ကို လုံးဝ ဂရုမစိုက်ကြကြောင်း သူ ကောင်းကောင်း သိနေလေ၏။

ဟောင်ရှန်းသည် တောင်နှင့် ပင်လယ် ကမ္ဘာတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဖြစ်လာကတည်းက ဤတောင်ဘိုးဘေးကြီး၏ လက်အောက်ငယ်သားများ တကယ်တမ်း လေးစားသည့် တစ်ဦးတည်းသော သူမှာ ဟောင်ရှန်းသာ ဖြစ်တော့သည်။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ထိုသူ သုံးဦးကို ပြန်လည် မဖြေကြားသလို သူတို့၏ လှုပ်ရှားမှုများကို ဟောင်ရှန်းထံသို့ တိုင်ကြားရန်လည်း အစီအစဉ် မရှိခဲ့ချေ။ ထိုသုံးဦး မည်သို့ တွေးတောနေသည်ကို သူ မသိဘဲ နေမည်လား။

'သူတို့ က နင်ချီ ကို ပစ်မှတ်ထားနေပြီ ဆိုမှတော့ ကြိုးစားကြည့်ကြပါစေ.. နင်ချီ ကလည်း သူတို့ကို ရှင်းထုတ်ပေးနိုင်လိမ့်မယ် လို့ ငါ ယုံကြည်တယ်'

နင်ချီသည် တောင်ဘက်သို့ ဆက်လက် ထွက်ပြေးနေပြီး ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများက သူ၏ နောက်သို့ ထက်ကြပ်မကွာ လိုက်ပါလာကြသည်။ သူတို့သည် ပတ်ဝန်းကျင် အခြေအနေကို လေ့လာရင်း အနီးအနားရှိ တောင်နှင့် ပင်လယ် ကမ္ဘာမှ တာအိုကျင့်ကြံသူများနှင့် အသေးစား တိုက်ပွဲများ ဆင်နွှဲနေကြ၏။

သို့သော်လည်း တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က ထောင်ချောက် ဆင်ထားပြီး ဖြစ်ရာ အစစ်အမှန် အခြေအနေကို သူတို့အား မည်သို့ သိရှိခွင့် ပေးနိုင်မည်နည်း။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် မူလအစ ကမ္ဘာ့စွမ်းအားများကို အသုံးပြုကာ ဖန်ချန်တို့၏ နယ်မြေ သုံးခု စစ်တပ်ကြီး နောက်သို့ လိုက်ပါသွားမည့် ပေါင်းစပ် ပုံရိပ်ယောင် အများအပြားကို တိုက်ရိုက် ဖန်တီးလိုက်တော့သည်။ ဤဗျူဟာကို “အပေါ်ယံမှာ လမ်းဖောက်ပြီး တိတ်တဆိတ် စစ်ချီခြင်း” ဟု ခေါ်ဆိုကြသည်။ လက်တွေ့တွင်မူ သူသည် တာအိုကျင့်ကြံသူ အများစုကို အလယ်ဗဟို ဒေသဆီသို့ ရွှေ့ပြောင်းပေးလိုက်လေပြီ။

နင်ချီသည် တောင်ဘက်ဆီသို့ ဆက်လက် ထွက်ပြေးနေပြီး သူ့အား မည်သူကမျှ အမီ မလိုက်နိုင်ခဲ့ချေ။ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူ အားလုံးမှာ သူ၏ ထွက်ပြေးနေသော ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်နေကြတော့၏။

'သူတော်စင် ဘိုးဘေးကြီး က ဒီလူကို ဒီလောက်တောင် တန်ဖိုးထားနေတာ မထူးဆန်းတော့ဘူး.. ငါတို့ ဒီလောက် အကြိမ်ကြိမ် တိုက်ခိုက်နေတာတောင် သူ့ကို မီအောင် မလိုက်နိုင်ဘူး ဆိုတာကပဲ နင်ချီ ရဲ့ တန်ဖိုး ကို ပြသနေတာပဲ'

မီဟွေ့့သည် တောင်ပိုင်း ဒေသ၏ သုံးပုံတစ်ပုံခန့် အကွာအဝေးသို့ ရောက်ရှိလာခဲ့လေပြီ။ ရုတ်တရက် သူ၏ သေမင်းတမန် မီးခိုးရောင် မျက်လုံးများထဲမှ သေစေနိုင်လောက်သော ဓားစိတ်ဆန္ဒ နှစ်ခု ထက်ရှလာတော့သည်။ ၎င်းက မျက်လုံးများမှ တစ်ဆင့် လုံးလုံးလျားလျား ထုတ်လွှတ်လိုက်သော ဓားနည်းစနစ်တစ်ခု ဖြစ်ပြီး ပုံသဏ္ဌာန် မရှိ.. ဒြပ်မဲ့ ဖြစ်သော်ငြား ၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ဓားစိတ်ဆန္ဒ နှစ်ခုမှာ နင်ချီ၏ နောက်ကျောကို ထိုးဖောက်တော့မည့် ဆဲဆဲတွင် မျက်စိတစ်မှိတ်အတွင်း သူ့ကို အမီလိုက်လာခဲ့၏။

“ဝှစ်”

ထိုအခိုက်အတန့်လေးမှာပင် နင်ချီ၏ နောက်ကျောမှ ဝိညာဉ်ဓား တစ်လက် ပျံထွက်လာတော့သည်။ ဝိညာဉ်ဓားသည် နဂါးတစ်ကောင်အလား ဒြပ်မဲ့ ဓားစိတ်ဆန္ဒ နှစ်ခုကို မျက်တောင် တစ်ခတ်စာ အချိန်လေး အတွင်း တိုက်ခိုက်လိုက်သည်။ မီဟွေ့့ အံ့အားသင့်သွားရသည်မှာ နင်ချီသည် ဒြပ်မဲ့ကို အနိုင်ယူရန်အတွက် ဒြပ်ရှိကို အမှန်တကယ် အသုံးပြုနိုင်ခဲ့ခြင်း ပင်တည်း။

ဓားများ ရိုက်ခတ်သွားသည့် အခိုက်အတန့်တွင် မီဟွေ့့သည် ဓားကျင့်ကြံသူ တစ်ဦး အနေဖြင့် နင်ချီ၏ ဝိညာဉ်ဓား အတွင်း၌ ပါဝင်နေသော ထူးခြားသည့် ဆန္ဒတစ်ခုကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ထိုအရာမှာ နင်ချီ၏ ဆန္ဒ မဟုတ်ဘဲ တောင်နှင့် ပင်လယ် ကမ္ဘာ၏ ဆန္ဒများ ရောယှက်နေခြင်း ပါပင်။

မီဟွေ့့သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး တွေးတောလိုက်မိသည်။

'အဲဒါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူ့ကို ပေးထားတဲ့ အသက်လွတ် နည်းလမ်း လား'

ယခုအခါ နင်ချီသည် သူ၏ လက်တွင်းမှ နောက်တစ်ကြိမ် လွတ်မြောက်သွားပြန်ပြီ ဖြစ်သော်လည်း မီဟွေ့့သည် ဟောက်ရန် အင်မော်တယ်ဂိုဏ်း ဂိုဏ်းချုပ် ကျန်းယင်းချူး၏ ညွှန်ကြားချက်များကိုမူ မမေ့လျော့သေးချေ။ သူသည် အခြားသူများ အားလုံးကို တားဆီးရန် လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်တော့၏။

“ငါတို့ရဲ့ လိုက်လံ ဖမ်းဆီးမှု က ဒီမှာပဲ အဆုံးသတ်ပြီ.. ငါတို့ သူတို့ကို ထပ်ပြီး လိုက်လို့ မရတော့ဘူး”

ဟင်းလင်းပြင် အတွင်း၌ ရှိနေကြသော တာအိုကျင့်ကြံသူ အားလုံးမှာ တညီတညွတ်တည်း ရပ်တန့်သွားကြသည်။ သူတို့သည် နင်ချီ၏ မျက်လုံးများကို ကြည့်ရင်း နှမြောတသ ဖြစ်နေသော်လည်း အလွန်တရာ အသိဉာဏ် ရှိစွာဖြင့် ငြိမ်သက်နေကြ၏။

ဤအခြေအနေကို မြင်လိုက်ရသောအခါ နင်ချီလည်း ရပ်တန့်လိုက်တော့သည်။ တစ်ဖက်လူ၏ နောက်ဆုံး ကန့်သတ်ချက်ကို သူ နားလည်သွားပြီပင်။

All Chapters