အိမ်ပြန်ခရီး
Vol. 4 Ch. 33
အဝေးပြေးလမ်းမပေါ်တွင် အရှိန်ပြင်းပြင်း မောင်းနှင်နေသည့် ခရီးသည်တင် မှန်လုံကားကြီး၏ နောက်ခန်းထောင့်တစ်နေရာ၊ မနက် ၁၀ နာရီ။
ဘီပ်...
— အစ်ကိုရှန်း အိမ်က ဘယ်နားမှာလဲ... အိမ်ရောက်ပြီလား၊ ဦးလေးနဲ့ အန်တီကိုလည်း ကျွန်တော့်ကိုယ်စား နှုတ်ဆက်ပေးဦးနော်။
ဘီပ်...
— အစ်ကိုရှန်း လုံဟူရှန်းတောင်ကို ဘယ်တော့ လာလည်မှာလဲ။ ဒီမှာ ဓားကျင့်ကြံတဲ့ အဖွဲ့ရှိတယ်လေ… လာပြီး လမ်းညွှန်ပေးပါဦး။
ဘီပ်...
— အစ်ကိုရှန်း... စီနီယာအစ်မက အချိုကြိုက်တာလား၊ အစပ်ကြိုက်တာလား... ကျွန်တော့်ဆီမှာ နာမည်ကြီး ကြာစေ့လမုန့်နဲ့ ကြက်ဥနှစ်အစာသွတ်မုန့်တွေ ရှိတယ်။
ဘီပ်...
— အစ်ကိုရှန်း...
—
ဤကောင်စုတ်၏ မရပ်မနား စကားပြောနေမှုမှာ စိတ်အနှောင့်အယှက်ဖြစ်စေရာ၌ ပြိုင်ဘက်ကင်းလှပေသည်။ ဖုန်းထဲမှ တစ်ခုလျှင် ၁၅ စက္ကန့်ကျော်ကြာသည့် အသံဖိုင် တသီတတန်းကြီးကို ကြည့်ရှုရင်း ဝမ်ရှန်းတစ်ယောက် ခေါင်းကိုလက်ဖြင့်အုပ်ကာ ညည်းတွားလိုက်မိသည်။
ရှီချန်ကျန်းကို ငါဘာလို့များ ဖုန်းနံပါတ် ပေးလိုက်မိပါလိမ့်...။
“အာ...”
ဘေးမှ တစ်ယောက်ယောက်က အသံပြုလိုက်သည်။
ဝမ်ရှန်းက အလိုလျောက် ပါးစပ်ဟပေးလိုက်ရာ စတော်ဘယ်ရီအရသာ ဂျယ်လီတစ်ခုက ပါးစပ်ထဲသို့ ရောက်ရှိလာသည်။
ပြတင်းပေါက်ဘေးတွင် မုန့်ထုပ်များကြား ထိုင်နေသည့် မုဝမ်ရွှမ်းက ခပ်ဖွဖွလေး ပြုံးနေ၏။ သူမသည် ဖုန်းဖြင့် ကာတွန်းဖတ်ရင်း လီရှီဝူ လက်ဆောင်ပေးလိုက်သည့် မုန့်များကို အပြတ်ရှင်းနေခြင်းဖြစ်သည်။ ထိုင်ခုံကို မှီလိုက်ရင်း ဝမ်ရှန်းသည် အပြစ်ပြောစရာမရှိအောင် လှပသည့် သူ၏စီနီယာအစ်မကို ကြည့်နေမိသည်။ စိတ်ထဲတွင်လည်း တစ်မျိုးကြည်နူးနေမိ၏။ လူနည်းသည့်နေရာတွင် နေထိုင်ရသည်မှာ ပို၍အေးချမ်းလှသည်။ အချိန်မရွေး တရားထိုင် ကျင့်ကြံနိုင်သည် မဟုတ်ပါလား။
မော်ရှန်းတောင်မှ တာအိုသိုင်းပညာဖလှယ်ပွဲမှာမူ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဝမ်ရှန်း၏ ဓားသိုင်းပညာနှင့် မုဝမ်ရွှမ်း၏ တာအိုအဆင့်အတန်းကြောင့် ဝူတန်းတောင်၏ ဂုဏ်သတင်းမှာ တာအိုဂိုဏ်းများကြားတွင် ကျဆင်းမသွားသည့်အပြင် ပို၍ပင် မြင့်တက်လာခဲ့သည်။ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ တောင်ပေါ်ပြန်ရောက်လျှင် တာအိုရသေ့ အသိမှတ်ပြုလက်မှတ်များ ရရှိရန်ရှိသည်။
ကားသည် သူ၏ဇာတိမြို့ဆီသို့ ဦးတည်မောင်းနှင်နေသည်။ ဝမ်ရှန်း တရားထိုင်ရာမှ နိုးလာသည့်အချိန်တွင်မူ ဘဝနှစ်ခုစာပေါင်း အနှစ်လေးဆယ်နီးပါး ဖြတ်သန်းခဲ့သည့် မြို့ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ ပြတင်းပေါက် အပြင်ဘက်တွင်မူ စည်ကားနေသည့် လမ်းမများ၊ သွားလာနေသည့် လူများနှင့် လမ်းဘေးတွင် ဆော့ကစားနေသည့် ကလေးတစ်သိုက်ကို တွေ့ရသည်။ ဤမြင်ကွင်းက သူ့ကို ထူးထူးဆန်းဆန်း လွမ်းဆွတ်သတိရမှုကို ပေးစွမ်းနေ၏။
အိမ်အပြန်ခရီးတွင် ပေါ့ပေါ့ပါးပါးဖြစ်စေရန်အတွက် ၎င်းတို့နှစ်ယောက်စလုံး တာအိုဝတ်စုံများကို မဝတ်ဆင်ခဲ့ကြပေ။
မုဝမ်ရွှမ်းသည် သူမ ဂျူနီယာမောင်လေး၏ မိဘများနှင့် တွေ့ဆုံရမည်ဖြစ်သဖြင့် ဝမ်ရှန်း မော်ရှန်းတောင်တွင် ဝယ်ပေးခဲ့သည့် ပန်းပွင့်လေးများပါသော ဂါဝန်တို ခါးသိမ်လေးနှင့် နေကာဦးထုပ်ကို ရွေးချယ်ဝတ်ဆင်ထားသည်။ အိမ်စီးခြေညှပ်ဖိနပ်လေးသာ စီးထားသော်လည်း သူမ၏ နတ်သမီးဆန်သည့် အငွေ့အသက်များကိုမူ ဖုံးကွယ်ထား၍ မရနိုင်ပေ။ ၎င်းက ဘေးလူများ၏ အာရုံစိုက်မှုကို အနည်းငယ်သာ လျှော့ချနိုင်ခဲ့ခြင်းဖြစ်သည်။
ဝမ်ရှန်းကမူ ဆံပင်ကို ပိုနီတေးလ်ပုံစံ စည်းထားပြီး ဂျင်းဘောင်းဘီနှင့် ရှပ်အင်္ကျီ ပေါ့ပေါ့ပါးပါးသာ ဝတ်ထားသည်။ သို့သော်လည်း အဆင့်တက်ခါနီး ဖြစ်နေသည့်အတွက်ကြောင့် သူ၏ထံမှ ပြင်းထန်ပြီး ထက်ရှသည့် ဓားဆန္ဒများ ထွက်ပေါ်နေသည်။ လမ်းသွားလမ်းလာများက သူ့ကို လှမ်းကြည့်လိုက်လျှင် ဤလူငယ်လေးထံမှ ထွက်ပေါ်နေသည့် ထူးခြားသော တောက်ပမှုကြောင့် အနားကပ်ရန်ပင် ခက်ခဲသည့် ကြယ်တစ်ပွင့်ကဲ့သို့ ခံစားကြရသည်။
စတင်ကျင့်ကြံကတည်းက တောင်ပေါ်သယ်သွားသည့် ဂျင်းဘောင်းဘီမှာ ယခုမူ အနည်းငယ် ကျပ်နေပြီဖြစ်သည်။ ခြေမျက်စိများ ပေါ်နေခြင်းကြောင့် ဘောင်းဘီတိုကဲ့သို့ ဖြစ်နေသည်။ သူကျင့်ကြံတိုင်း အမြဲစီးသည့် ဖိနပ်အစုတ်လေးနှင့် တွဲဖက်စီးထားခြင်းဖြစ်သည်။ ဤဝတ်စုံမှာ ကြည့်လိုက်လျှင် ဘဝကို ရုန်းကန်နေရသော်လည်း စိတ်ဓာတ်ခိုင်မာသည့် အနုပညာရှင်လူငယ်လေးတစ်ယောက် ပုံစံပေါက်နေသည်။
“စီနီယာအစ်မ အိမ်ရောက်ရင် ကျွန်တော့်မိဘတွေက အစ်မ နားမလည်တာတွေ ပြောလိမ့်မယ်”
ဝမ်ရှန်းက ကြိုတင်သတိပေးလိုက်သည်။
“အဲဒါတွေကို ဂရုမစိုက်ဘဲ စီနီယာအစ်မ လွတ်လွတ်လပ်လပ်နေပါ”
“အမ်”
မုန့်ဝမ်ရွှမ်းက နားမလည်သလို မျက်တောင်လေး ခတ်လိုက်သည်၊၊
သူမ သိသလောက်မူ ဝမ်ရှန်း၏ မိဘများသည် လူကောင်းများဖြစ်သည်။ တောင်ပေါ်သို့လည်း အစားအသောက်များ ခဏခဏ ပို့ပေးတတ်ကြသည်။ သူမဝတ်သည့် အင်္ကျီအများစုမှာလည်း ဝမ်ရှန်း၏ အမေပေးထားခြင်းဖြစ်သည်။ သို့သော်လည်း မုဝမ်ရွှမ်းသည် ဝမ်ရှန်း၏ အဆုံးအဖြတ်ကို ယုံကြည်သည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီး မုန့်ထုပ်ကြီးကိုသာ ဆက်၍ ရှင်းထုတ်နေသည်၊၊
သူ၏မိဘများနှင့် တွေ့ဆုံသည့် အခါတွင်မူ ဝမ်ရှန်း မနေ့ညက တွေးထားသည့်အတိုင်း အတိအကျပင်ဖြစ်သည်။ ကားဂိတ်မှ ထွက်ထွက်ချင်းမှာပင် သပ်ရပ်စွာ ဝတ်ဆင်ထားသည့် လူလတ်ပိုင်း ဇနီးမောင်နှံက ကားအသစ်ကြီး ဘေးတွင်ရပ်ကာ ၎င်းတို့ကို လက်လှမ်းပြနေကြသည်။
Video call ဖြင့် ခဏခဏစကားပြောဖြစ်ကြသော်လည်း လူချင်းမတွေ့ရသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ မိဘများသည် အရင်ကထက် ပို၍နုပျိုလာသလိုပင်။ ဝမ်ရှန်းက မနှစ်က သူတို့၏ ခန္ဓာကိုယ်ကို စွမ်းအင်များဖြင့် သန့်စင်ပေးခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။ လူတိုင်းသည် မိဘများကို အသက်ရှည်ကျန်းမာစေချင်ကြပေသည်၊၊ ၎င်းတို့က ကျင့်ကြံသူများ မဟုတ်သော်လည်း သားတစ်ယောက်အနေဖြင့် သူ တတ်နိုင်သမျှ လုပ်ဆောင်ပေးချင်မိသည်။
ကံမကောင်းသည်မှာ ဝမ်ရှန်းက ဓားလမ်းစဉ်ကိုသာ လိုက်စားခြင်းဖြစ်သည်။ ဆေးဖော်စပ်သည့် ပညာရပ်တွင်မူ မကျွမ်းကျင်ပေ။ နောင်နှစ်အနည်းငယ်ကြာ၍ ဆေးဘက်ဝင်အပင်များက ဝိညာဉ်စွမ်းအင်များ ပြည့်ဝလာပြီဆိုလျှင် အသက်ရှည်ဆေးများ ပေါ်ပေါက်လာဦးမည်ဖြစ်သည်။ ထိုအချိန်ကျလျှင်မူ သူသည် ခိုးယူခြင်းမျိုး မဟုတ်ဘဲ ထိုဆေးများကို မိဘများအတွက် ရအောင် ကြိုးစားရှာဖွေပေးမည်ဟု ဆုံးဖြတ်ထားသည်။
“ဒါက ရွှမ်းလေး မဟုတ်လား၊၊ မတွေ့တာ မကြာသေးဘူး သမီးလေးက ပိုလှလာပြီး ချစ်ဖို့ကောင်းနေတာပဲ... အို~ လာပါဦး အန်တီ့ကို ဖက်ပါဦး”
ဝမ်ရှန်း၏ အမေက ဝမ်းသာအားရ အော်ဟစ်လိုက်သဖြင့် ဝမ်ရှန်းလည်း အတွေးထဲမှ နိုးလာသည်။
မုဝမ်ရွှမ်းက အားနာနာဖြင့်ပင် အဖက်ခံလိုက်ပြီး နေရခက်နေသော်လည်း ယဉ်ယဉ်ကျေးကျေးလေး ပြုံးပြနေရှာသည်။ တစ်ဖက်တွင်မူ ဝမ်ရှန်းအဖေက ဝတ်စုံအပြည့်ဖြင့် ခရီးဆောင်အိတ်များကို ကားအသစ်ထဲသို့ ထည့်နေသည်။ အမျိုးသမီးနှစ်ဦး စကားပြောနေစဉ်တွင် သူက ဝမ်ရှန်းနားသို့ လာရောက်ကာ ပုခုံးချင်း တိုက်လိုက်သည်။
“ကဲ သားရေ... အဖေတို့ ဘယ်တော့လောက် ကန်တော့ပွဲတွေ ကြိုပြင်ထားရမလဲ”
ဝမ်ရှန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
“စိတ်မပူပါနဲ့ အဖေ... မြေးချီရဖို့ ကျွန်တော် သေချာပေါက် စီစဉ်ပေးမှာပါ”
သူ၏အဖေက စိတ်မရှည်သလို မျက်လုံးလှန်ကြည့်လိုက်သည်။ သူ၏မိဘများ၏ ဆန္ဒမှာ ရိုးရှင်းလှသည်။ ဝမ်ရှန်းကို ကျင့်ကြံခြင်းနှင့် အိမ်ထောင်ပြုခြင်းကို မျှမျှတတလုပ်ဆောင်စေချင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဝမ်ရှန်းတစ်ယောက် ကျင့်ကြံခြင်းထဲ၌ပင် နစ်မွန်းပြီး တောင်ပေါ်တွင် တာအိုဆရာအဖြစ် တစ်သက်လုံး နေထိုင်သွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ အစမှ အဆုံးအထိ ဝမ်ရှန်း၏ မိဘများသည် သူတို့သား အဘယ်ကြောင့် ရုတ်တရက်ကြီး တာအိုလမ်းစဥ်အပေါ် စိတ်ဝင်စားသွားပြီး ကျောင်းစာများကို ပစ်ပယ်ကာ ဝူတန်းတောင်တွင် သွားရောက်ကျင့်ကြံနေသနည်း ဆိုသည်ကို နားမလည်နိုင်ကြသေးပေ။
“သမီးရွှမ်းလေး... အန်တီနဲ့ နောက်ခန်းမှာ အတူထိုင်ရအောင်”
ဝမ်ရှန်းအမေက တိုက်တွန်းသည်။
“ဟုတ်ကဲ့”
မုန့်ဝမ်ရွှမ်းက ရှက်ရှက်ဖြင့် ပြန်ဖြေကာ ကားထဲသို့ လိုက်ဝင်သွားသည်။
ဝမ်ရှန်းအမေက ကျင့်ကြံခြင်းနှင့် မဆိုင်သည့် အိမ်တွင်းရေးကိစ္စလေးများကို တတွတ်တွတ် ပြောပြနေသည်ကို သူမက သေချာနားထောင်ပေးနေသည်။ ရှေ့ခန်းတွင်မူ ဝမ်ရှန်းအဖေက ကား၏ စွမ်းဆောင်ရည်များကို ကြွားလုံးထုတ်နေပြီး တစ်အိမ်သားလုံး နွေးနွေးထွေးထွေးဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။
အိမ်ရောက်သော် အရာအားလုံးမှာ ပြောင်လက်နေသည်။ ဝမ်ရှန်း မသွားခင်ကထက် အလှဆင်ထားမှုများ ပိုများလာသလို ခေါင်းအုံးလေးများမှာလည်း ချစ်စရာကောင်းနေသည်။ ဝမ်ရှန်းနှင့် မိဘများက အပြင်တွင် စားမည်လား၊၊ အိမ်တွင်ပင် ချက်စားမည်လား ငြင်းခုံနေစဉ်တွင် မုဝမ်ရွှမ်းက အကျီလက်များကို မတင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည့် လက်ရာကို ထုတ်ပြလိုက်သည်။ သူမချက်သည့် ဟင်းများသည် ဆီနည်းပြီး အသီးအရွက်များသာ ဖြစ်သော်လည်း ဝမ်ရှန်းမိဘများကတော့ သူမ၏ တည်ငြိမ်ပြီး လိမ္မာယဉ်ကျေးမှုကို ချီးမွမ်းမဆုံး ဖြစ်ရုံမက မြိန်ရေယှက်ရေ စားနေကြသည်။
ထမင်းစားပြီးနောက် မုဝမ်ရွှမ်းက ဝမ်ရှန်း၏ လက်မောင်းကို ဆွဲကာ မိဘများနှင့် စကားပြောရန် လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။
“စီနီယာအစ်မ... ကျွန်တော့်အခန်းမှာ ခဏသွားနားပါလား” ဝမ်ရှန်းက ပြောသည်။
“ဒီည စီနီယာအစ်မက ကျွန်တော့်အခန်းမှာပဲ အိပ်လိုက်ပဲ၊၊ ကျွန်တော်က ဧည့်ခန်းဆိုဖာပေါ်မှာ အိပ်မယ်”
မုဝမ်ရွှမ်းက ခေါင်းညိတ်ပြသည်။ ဝမ်ရှန်းလည်း ၎င်းတို့နှစ်ဦး၏ အိတ်များကို အခန်းထဲသို့ သယ်ဆောင်ပေးလိုက်သည်။ အခန်းတံခါးကို ဖွင့်လိုက်သည့် အချိန်တွင် ဝမ်ရှန်း သက်ပြင်းချလိုက်မိသည်။ အခန်းတစ်ခုလုံးမှာ ပြောင်းလဲနေ၏။ တစ်ယောက်အိပ်ကုတင်မှ နှစ်ယောက်အိပ် ကုတင်အသစ်ကြီးဖြစ်နေပြီး အခန်းတစ်ခုလုံးကို ခရမ်းနုရောင်များဖြင့် အလှဆင်ထားသည်။ ထောင့်များတွင်လည်း ပန်းအိုးများနှင့် မျက်နှာကျက်တွင်မူ ရောင်စုံပူဖောင်းများဖြင့် ပြည့်နှက်နေသည်။ ကုတင်ခေါင်းရင်း၌ “မင်္ဂလာ” ဆိုသည့် စာတန်းကြီး ကပ်ရန်သာ လိုတော့သည်။
မိဘများသည် မိဘများပင် ဖြစ်တော့သည်၊၊
ဝမ်ရှန်းက ချောင်းတစ်ချက်ဟန့်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“စီနီယာအစ်မ... ကိုယ့်အိမ်လိုပဲ သဘောထားပါနော်၊ တောင်ပေါ်မှာ နေသလိုမျိုးပဲ နေပါ၊ ဒီအခန်းက အစ်မအတွက် သီးသန့်ပြင်ထားတာပါ”
“ကောင်းပြီ”
မုန့်ဝမ်ရွှမ်းက ပြုံးပြုံးလေး ပြန်ဖြေသည်။ သူမသည် ဝမ်ရှန်းကို မိဘများထံ သွားရန် လက်ဟန်ပြပြီး တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။
အခန်းအပြင်ဘက်တွင်မူ ဝမ်ရှန်း သက်ပြင်းချလိုက်မိသည်။ စီနီယာအစ်မ စိတ်အနှောင့်အယှက်ဖြစ်သွားမည်လားဟု စိုးရိမ်နေခြင်းဖြစ်သည်။ ကံကောင်းသည်မှာ သူမသည် ဤအရာများကို ဂရုမစိုက်သည့်အတွက် သူလည်း အားနာစရာမလိုတော့ပေ။ ဧည့်ခန်းထဲတွင်မူ သူ၏မိဘများက အခန်းထဲမှ မုဝမ်ရွှမ်းကြားသွားမည်စိုးသဖြင့် တိုးတိုးတိုးတိုးဖြင့် တိုင်ပင်နေကြသည်။
“သားလေး... လာဦး၊ ဒီမှာ ခဏထိုင်ပြီး စကားပြောရအောင်”
ဝမ်ရှန်း၏ အမေက ညင်သာစွာ လှမ်းခေါ်သည်၊၊
သူ၏အမေနှင့် မတူဘဲ အဖေဖြစ်သူက မျက်နှာကို တင်းထားပြီး
“သား... တောင်ပေါ်မှာ ဘယ်လောက်ထိ ကြာကြာနေဦးမှာလဲ၊၊ အခုပဲ အသက်က နှစ်ဆယ်ရှိနေပြီ၊၊ အနာဂတ်အတွက် စဉ်းစားဖို့ အချိန်ရောက်ပြီ”
ဝမ်ရှန်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ သူက လက်ဝါးကို ဖြန့်လိုက်ရာ အစစ်မှန်ချီစွမ်းအင်များသည် မီးတောက်တစ်ခုကဲ့သို့ ကခုန်နေ၏။
“အဖေနဲ့ အမေ... ထာဝရရှင်သန်ခြင်းလမ်းကြောင်း ကျင့်ကြံခြင်းကို ဘယ်လိုထင်လဲ”