အနက်ရှိုင်းဆုံး နားစွင့်သူ
Vol. 4 Ch. 34
နောက်ထပ် နှစ်ရက်ခန့်တွင်မူ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ၎င်းတို့ တောင်ပေါ်တွင် မည်သို့ ကျင့်ကြံနေထိုင်သနည်း ဆိုသည်ကို မိဘများအား လက်တွေ့ပြသခဲ့ကြသည်။ မနက်ခင်းတွင်မူ ၎င်းတို့နှစ်ဦးမှာ ဝရန်တာ၌ တရားထိုင်နေသည်မှာ ရုပ်တုများအလားပင်။ တစ်ဖက်တွင်လည်း မိဘများသည် သူတို့ဘဝ၏ အမှန်တရားကို သံသယဝင်ရင်း ဘေးမှ ကြည့်နေကြသည်။ ခါးနာတတ်သည့် သူ၏အဖေဆိုလျှင် တစ်ခါတလေ ခါးကို ပွတ်ကြည့်ရင်း အံ့ဩနေတတ်သည်။ ရောဂါဘယကင်းဝေးသည်မှာ တကယ်ကို ကောင်းမွန်သည့် ကိစ္စပင် ဖြစ်သည်။
မိဘများ၏ စိုးရိမ်ပူပန်မှုများကို လျော့ပါးစေရန်အတွက် ဝမ်ရှန်းက ဧည့်ခန်းထဲတွင် ဓားသိုင်းအကွက်လေးများ ပြသခဲ့သလို စီနီယာအစ်မကလည်း ကျန်းမာရေး လေ့ကျင့်ခန်းလေးများ သင်ကြားပေးခဲ့သည်။ ၎င်းတို့သည် ကျင့်ကြံသူများ မဖြစ်နိုင်သော်လည်း ဤလေ့ကျင့်ခန်းများသည် အသက်ရှည်ကျန်းမာစေမည်ဖြစ်သည်။
နှစ်ရက်ကြာပြီးနောက်တွင် ဝမ်ရှန်း မိသားစုကို နှုတ်ဆက်ရတော့ပေမည်။ မထွက်ခွာမီတွင် မိဘများက သူ့ကို သီးသန့်ခေါ်ယူပြီး တစ်ခုခုပြောရန် ဝန်လေးနေကြသည်။
“ရှင်ပဲ ပြောလိုက်တော့”
ဝမ်ရှန်းအမေက ယောကျ်ားဖြစ်သူကို အတင်းတိုက်တွန်းနေသည်။
“ကဲ မင်းကလည်း... သားနဲ့ စကားပြောတာကို ဘာလို့ ဒီလောက်ရှက်နေတာလဲ”
ဝမ်ရှန်းအဖေက ပြန်ပြောသည်။
“အို... ရှင်ကလည်း”
“အဟမ်း”
သူ၏အဖေက အသံကျယ်ကျယ်ဖြင့် စတင်သော်လည်း နောက်ပိုင်းတွင် လေသံကို နှိမ့်လိုက်ပြီး
“သားရေ... အမှန်တော့ အဖေနဲ့ အမေက ဒီနှစ်ပိုင်းတွေမှာ သားအတွက် မောင်လေး ဒါမှမဟုတ် ညီမလေးတစ်ယောက် ရအောင် ကြိုးစားနေတာ၊၊ ဒါပေမဲ့ ဖြစ်မလာဘူး။ ဆေးစစ်ကြည့်တော့လည်း မင်းအမေရဲ့ ကျန်းမာရေးက ကောင်းတယ်၊၊ အဖေ့မှာလည်း ဘာပြဿနာမှ မရှိဘူး။ ဒုတိယကလေး ယူဖို့က စိုးရိမ်စရာ မရှိပေမဲ့ ဘာလို့ ကိုယ်ဝန်မရမှန်း မသိဘူး။ ဆရာဝန်ကတော့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ ပြောတယ်။ တိုင်းရင်းဆေးတွေလည်း လပေါင်းများစွာ သောက်ကြည့်ပြီးပြီ၊ ဒါပေမဲ့ မထူးခြားဘူး။ အဲဒါကြောင့် သားတို့ဆီမှာများ ဒါနဲ့ပတ်သက်ပြီး ကူညီပေးနိုင်တဲ့ ဆေးလုံးမျိုး ရှိမလားလို့လေ၊၊ သားရဲ့ ဆရာကိုပဲ ဖြစ်ဖြစ် ကူညီပေးဖို့ ပြောပေးလို့ ရမလား”
ဝမ်ရှန်းက ပြန်ဖြေရန် ပြင်လိုက်သော်လည်း ရယ်မိသွားသည်။ ထို့နောက်မှ ခေါင်းညိတ်ပြလိုက်သည်။ တောင်ပေါ်ပြန်ရောက်လျှင်မူ ဓားသိုင်းအပြင် ဆေးဖော်စပ်သည့် ပညာကိုပါ လေ့လာရတော့မည်ဟု တွေးလိုက်သည်၊၊
စကားပြောပြီးနောက်တွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် တောင်ပေါ်ပြန်ရန် အမြန်ရထားကို စီးခဲ့ကြသည်။ လမ်းခရီး၌ ဝမ်ရှန်း တစ်ယောက်တည်း စဉ်းစားနေမိသည်မှာ လူလတ်ပိုင်းအရွယ်များတွင် ဖြစ်တတ်သည့် ကလေးမရနိုင်သော ကိစ္စအတွက် ရှေးဟောင်းဆေးနည်းများ ရှိမလားဟူ၍ ဖြစ်သည်။ သူ တစ်ခါမျှတော့ မကြားဖူးချေ။
ဘီပ်... ဘီပ်...
ဖုန်းက တုန်ခါလာသည်။ ဝမ်ရှန်း ဖုန်းဖွင့်ကြည့်လိုက်သော် အသံဖိုင် အများကြီးရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ တစ်ခုကို မှားယွင်းနှိပ်လိုက်မိရာ ရင်းနှီးနေသည့် ယောကျ်ားသံကြီး ထွက်ပေါ်လာသည်။
ဘီပ်... ဘီပ်...
— အစ်ကိုရှန်း...
သေစမ်း... ဒီကောင့်ကို အဆက်အသွယ်ဖြတ်မှ ဖြစ်တော့မယ်…။
….
ပန်းတိုင်နှင့် နီးကပ်လာလေလေ အိမ်နှင့် ဝေးကွာသွားလေလေပင် ဖြစ်သည်။
အမြန်ရထားဘူတာမှ ထွက်ခွာပြီးနောက် ၎င်းတို့သည် ဝူတန်းတောင်အဝင်ဝသို့ ပို့ဆောင်ပေးမည့် ကားတစ်စီးဆီသို့ ပြောင်းစီးခဲ့ကြသည်။ တောင်အောက်မြို့လေး၏ အဆောက်အအုံလေးများနှင့် ကွေ့ကောက်နေသည့် လမ်းမများမှာ တဖြည်းဖြည်း ဝေးကွာသွားပြီး ပတ်ဝန်းကျင်၌ သိပ်သည်းသည့် ဝိညာဉ်စွမ်းအင်များ အစားထိုးဝင်ရောက်လာသည်။
မုဝမ်ရွှမ်းကတော့ အရင်တောင်ပေါ်မှ ဆင်းစဉ်ကအတိုင်း ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေဆဲပင် ဖြစ်သည်။ သို့သော် အရင်ကလို စိတ်လှုပ်ရှားနေခြင်းမျိုးမဟုတ်ဘဲ ဤတစ်ခါတွင်မူ နောက်တစ်ခါ တောင်အောက်ဆင်းရမည့် အချိန်ကို မျှော်လင့်နေသည့် အရိပ်အယောင်လေးများ ရှိနေသည်။
စီနီယာအစ်မသည် စကားသိပ်ပြောလေ့မရှိသဖြင့် ဝမ်ရှန်းကလည်း မော်ရှန်းတောင်ခရီးစဉ်နှင့် သူ၏ဇာတိမြို့အကြောင်း ဘာမျှမမေးတော့ပေ။ သို့သော် သူမ၏ အမူအရာကို ကြည့်ရုံနှင့်ပင် အတော်လေး စိတ်ကျေနပ်မှုရှိသည်မှာ သိသာလှသည်။ အနည်းဆုံးတော့ ဘယ်နေရာ၌မျှ စိတ်အနှောင့်အယှက် ဖြစ်ပုံမရခဲ့ပေ။
ထာဝရရှင်သန်ခြင်းနှင့် ကျင့်ကြံခြင်းကို ရှာဖွေခြင်းမှာ အမှန်တရားကို ရှာဖွေခြင်းဖြစ်ပြီး အင်မော်တယ်များ၏ နေရာကို ရှာဖွေခြင်းမှာမူ လွတ်လပ်မှုကို ရှာဖွေခြင်းပင် ဖြစ်သည်။
“လွတ်လပ်မှု” ဆိုသည့် စကားလုံးသည် “အေးဆေးအနားယူခြင်း” နှင့် ယှဉ်လျှင် ပို၍ နှိမ့်ချရာရောက်သော်လည်း ၎င်း၌လည်း ကိုယ်ပိုင်ထူးခြားသည့် ဆွဲဆောင်မှုရှိသည်။
တောင်ပေါ်သို့ တက်လာသည့်အခါတွင်မူ အရင်ကထက် လူနှုတ်ဆက်ခြင်းကို ပို၍ခံလာရကြောင်း ဝမ်ရှန်း သတိထားမိသည်။ သိုင်းပညာဖလှယ်ပွဲမှ ၎င်းတို့၏ စွမ်းဆောင်ရည်သတင်းမှာ ကျိုးရင်လောင်၊ ကျောင်းကျောင်း၊ မုန့်ဟောင်နှင့် ဟုန်လင်းတို့ကြောင့် ဝူတန်းတောင်တစ်ခုလုံး ပျံ့နှံ့နေပြီ ဖြစ်သည်။
ယခုခေတ် ဆက်သွယ်ရေးမှာ အလွန်လွယ်ကူသဖြင့် တပည့်များက လူမှုကွန်ရက်အဖွဲ့များ ဖွဲ့ထားကြပြီး သတင်းများမှာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေခြင်းဖြစ်သည်။ ယခုဆိုလျှင် တောင်ပေါ်ရှိ တာအိုကျောင်းတော်တိုင်းနှင့် ကျင့်ကြံသည့် နေရာတိုင်းက ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့၏ မြင့်မားသော ကျင့်ကြံမှုအဆင့်အတန်းကို သိရှိနေကြပြီ ဖြစ်သည်။
ဝမ်ရှန်း၏ ပြတ်သားသည့် ဓားသိုင်းပညာ၊ ခုနှစ်စင်ကြယ်ဓားအလင်းတန်းနှင့် မုဝမ်ရွှမ်း၏ ယင်ယန်တာအိုစည်းချက်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်တို့က ၎င်းတို့ကို ဝူတန်းတောင်၏ လူငယ်တပည့်များကြား၌ ထွန်တောက်စကြယ်ပွင့်များ ဖြစ်လာစေခဲ့သည်။
လမ်းလျှောက်နေရင်း ဝမ်ရှန်းကို နှုတ်ဆက်သည့်သူ ပိုများလာသည်။ သူကလည်း ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြပြီး မလိုအပ်ဘဲ စကားအများကြီး မပြောသော်လည်း မောက်မာသည့်ပုံစံမျိုးမူ မပြပေ။ အရင်ဘဝက ဂိုဏ်းစတားလောကတွင် နှစ်ပေါင်းများစွာ နေခဲ့ဖူးသဖြင့် “ပညာရှင်” ဆိုသူတို့၏ ဖိနှိပ်ဆက်ဆံခြင်းကို သူ ကောင်းကောင်း ခံစားခဲ့ဖူးသည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း သူ မုန်းခဲ့သည့် ကျင့်ကြံသူမျိုး မဖြစ်ချင်ပေ။
၎င်းတို့၏ ခြံဝင်းအဝင်ဝတွင်မူ ချင်ယန်ဇီက ၎င်းတို့လာမည်ကို ကြိုတင်သိနေသကဲ့သို့ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်စောင့်နေသည်။ ဆရာဖြစ်သူကို မြင်သော် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က ခြေလှမ်းကို အရှိန်မြှင့်လိုက်ကြသည်။ တောင်တက်လမ်းမှာလည်း လောလောလတ်လတ်သန့်ရှင်းရေးလုပ်ထားပုံရသည်။ အရင်က ပျက်စီးနေသည့် နေရာများလည်း ပြုပြင်ပြီးသားဖြစ်နေခြင်းမှာ လီရှီဝူ စီစဉ်ပေးထားခြင်း ဖြစ်နိုင်ပေသည်။
“ဆရာ”
“အင်း”
“မင်းတို့နှစ်ယောက် မော်ရှန်းတောင်မသွားခင် လူမသိအောင် နေဖို့ ငါ မမှာထားဘူးလား”
ချင်ယန်ဇီက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ တပည့်နှစ်ဦး မျက်လုံးများပြာကာ စိုးရိမ်သွားသည့် အချိန်မှာပင် သူက ပြုံးလိုက်ပြီး
“ကောင်းကောင်း လုပ်နိုင်ခဲ့ကြတာပဲ။ ငါတို့က ဒီမှာ ဧည့်သည်အဖြစ် လာနေတာဖြစ်ပြီး စစ်မှန်တဲ့ ဝူတန်းအမွေအနှစ်ကို ဆက်ခံသူတွေ မဟုတ်ပေမဲ့ ဒီသာသနာ့နယ်မြေရဲ့ ကျင့်ကြံသူတွေပဲ မဟုတ်လား။ ငါ့မျက်နှာကို မပျက်စေခဲ့ဘူး။ ဒါပေမဲ့ အခုကစပြီး မင်းတို့ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဆက်ပြီး ကြိုးစားကျင့်ကြံရမယ်။ လောကကြီးက ကျယ်ပြောပြီး ပညာရှင်တွေ အများကြီးရှိတယ်။ ငါကိုယ်တိုင်တောင် မမောက်မာရဲဘူး။ ခဏတာ အောင်မြင်မှုကြောင့် တခြားတာအိုအမွေအနှစ်တွေကို အထင်မသေးမိစေနဲ့”
ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့က ဆရာ့စကားကို နှလုံးသွင်းရင်း တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။ ချင်ယန်ဇီက ပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
“အထဲဝင်ကြတော့။ မနေ့က မင်းတို့ဦးလေးလီက ပစ္စည်းတချို့ လာပို့သွားတယ်။ အဲဒီထဲမှာ အတော်ကောင်းတဲ့ ပစ္စည်းနှစ်ခုပါတယ်။ ခရီးစဉ်အတွက် ဆုလာဘ်အဖြစ် သဘောထားလိုက်ပါ။ အခု ငါက ထိုက်ဟယ်နန်းတော်မှာ အစည်းအဝေးရှိတယ်။ ညစာ ဝယ်လာခဲ့မယ်”
ထို့နောက် ချင်ယန်ဇီက လေထဲတွင် ပျံသန်းနေသကဲ့သို့ ခမ်းနားစွာ ထွက်ခွာသွားသည်။
“ရက်ပိုင်းပဲ ရှိသေးတာကို ဆရာက အဆင့်တက်တော့မယ့်ပုံပဲ”
ဝမ်ရှန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ မုန့်ဝမ်ရွှမ်းကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
ချင်ယန်ဇီ၏ ဗဟုသုတများသည် ဝူတန်းတောင်မှ တာအိုအကြီးအကဲများနှင့် ရင်ပေါင်တန်းနိုင်ပြီး တာအိုအပေါ် နားလည်မှုကလည်း ဝါရင့်ကျင့်ကြံသူ အများအပြားထက် သာလွန်ပေသည်။ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက အံ့ဩစရာမရှိပေ။ ၎င်းမှာ ခိုင်မာသည့် အခြေခံအုတ်မြစ်ရှိကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး မျက်လုံးချင်းဆုံကာ ရယ်မောလိုက်ကြပြီး ခရီးဆောင်အိတ်များကို အသစ်ပြင်ထားသည့် ခြံဝင်းထဲသို့ သယ်သွားကြသည်။ ၎င်းတို့သည် မြောက်ဘက်အခန်းထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ဝင်သွားကြသည်။ စားပွဲပေါ်တွင်မူ ပစ္စည်းတချို့ ရှိနေသော်လည်း ဝမ်ရှန်း၏ မျက်လုံးမှာ ဓားအိမ်ထဲ၌ ရှိနေသည့် ဓားရှည်တစ်လက်ဆီသို့ ချက်ချင်း ရောက်သွားသည်။
ဓားကို မြတ်နိုးသူတစ်ဦးအနေဖြင့် သူ့ကို သစ်သားဓားများနှင့် ဓားတုံးများဖြင့် အဘယ်ကြောင့် ဤမျှကြာအောင် လေ့ကျင့်ခိုင်းခဲ့သနည်း ဟူသော ဆရာ့စေတနာကို သူ နားလည်သည်။ သို့သော် ယခု ဖျော့တော့သော ဝိညာဉ်အငွေ့အသက်များ ထွက်ပေါ်နေသည့် ရတနာဓားတစ်လက်ကို တွေ့လိုက်ရသည့် အခါတွင်မူ သူ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။
သူသည် ဓားအိမ်ကို လက်ဖြင့် အသာအယာ ပွတ်သပ်ကြည့်သည်။ ဓားအိမ်မှာ မာကျောပြီး ထူးခြားသည့် ပစ္စည်းတစ်ခုနှင့် လုပ်ထားပုံရသည်။ သူ ထိလိုက်သည့်အချိန်၌ ဓားထံမှ ခပ်တိုးတိုး အသံလေး ထွက်လာသလိုပင် ခံစားလိုက်ရသည်။ ၎င်းမှာ သာမန်ဓားတော့ မဟုတ်ပေ။
သူ သုံးနေကျ ထိုက်ကျိဓားနှင့် ယှဉ်လျှင် ဤဓားမှာ လက်ကိုင်နေရာ ပိုကျယ်ပြီး ဓားသွားက ပိုကျဉ်းသည်။ ရှေးဟောင်း ချင်ခေတ်မှ ဓားပုံစံမျိုး ဖြစ်သည်။ မလိုက်သည့်အခါ သူ ထင်ထားသည်ထက် ပိုလေးနေသည်ကို တွေ့ရသည်။ ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည့်အခါ ဓားကို ဆွဲထုတ်ချင်သည့် စိတ်များ တဖွားဖွားပေါ်လာသော်လည်း စိတ်ထဲတွင်မူ ဝေခွဲမရ ဖြစ်နေမိသေးသည်။ သူ စိုးရိမ်နေသည်မှာ ဤဓားက သူ မျှော်လင့်ထားသလောက်ဖြစ်မနေမှာကိုပင်။ လောလောဆယ်တွင်မူ ဝူတန်းတောင်၏ လက်ရာကိုသာ ယုံကြည်လိုက်ရုံသာ ရှိတော့သည်။
ရှေးဟောင်းစတိုင် ဂါဝန်နှစ်ထည်ကို ယှဉ်ကြည့်နေသည့် မုဝမ်ရွှမ်းကလည်း သူ၏လက်ထဲမှ ဓားကို စပ်စုသည့် မျက်လုံးများဖြင့် ကြည့်နေသည်။ ဝမ်ရှန်းက အသက်ပြင်းပြင်းရှူကာ ဓားအိမ်ထဲမှ ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။ ဓားသွားနှင့် ဓားအိမ် ပွတ်တိုက်သံမှာ နားထဲ၌ သာယာလှသည်။
ပုစဥ်းရင်ကွဲ အတောင်ပံကဲ့သို့ ပါးလွှာသည့် ဓားသွားထံမှ အလင်းဖျော့ဖျော့လေး ထွက်နေပြီး ဓားအလယ်၌ မြောင်းလေး တစ်ခု ပါရှိသည်။ ဓားပေါ်တွင် ဝိညာဉ်စွမ်းအင်များ ရစ်ပတ်နေသဖြင့် ဓားမျက်နှာပြင်မှာ ရေလှိုင်းလေးများကဲ့သို့ လှုပ်ခတ်နေသလိုပင်။
ဓားလက်ကိုင်နားတွင်မူ ရှေးဟောင်းစာလုံး နှစ်လုံးကို ထွင်းထုထားသည်—
“အနက်ရှိုင်းဆုံး နားစွင့်သူ”