အားကိုးရာ
Vol. 4 Ch. 35
သူသည် စွမ်းအင်အနည်းငယ်ကို ဓားထဲသို့ ထည့်ကြည့်လိုက်သည့်အခါ ဓားက ထိုစွမ်းအင်ကို အလွယ်တကူ စုပ်ယူသွားသည်။ ထို့နောက် သူ၏ သွေးကြောများထဲမှတစ်ဆင့် အေးမြသည့် ခံစားချက်တစ်ခု လက်ဆီသို့ ပြန်ရောက်လာသည်။
ဓားစွမ်းအင်လား… ဝိညာဉ်လက်နက်တစ်ခုလား…၊၊
လျှိုယွမ်ကျိ၏ ရွှေရောင်တာအိုဝတ်စုံ သို့မဟုတ် ရှီချန်ကျန်း၏ ကျောက်စိမ်းပြားလောက်တော့ ထူးဆန်းအံ့ဩဖွယ် မကောင်းသော်လည်း “အနက်ရှိုင်းဆုံးကို နားစွင့်သူ” ဟု အမည်ရသည့် ဤရှေးဟောင်းဓားသည် ဓားကျင့်ကြံသူများအတွက် သီးသန့်ဖန်တီးထားခြင်းဖြစ်ကြောင်း သိသာလှသည်။
သူ စွမ်းအင်များ ပို၍ထည့်လိုက်သည့် အခါတွင်မူ ဓားမှ တုန်ခါသံ ထွက်လာပြီး အလင်းများ ပို၍တောက်ပလာသည်။ သို့သော် ခဏအကြာတွင် သူ ဓား၏ ကန့်သတ်ချက်ကို သိရှိလိုက်ရသည်။ စွမ်းအင်များ ဤထက် ပိုထည့်လျှင် ဓားမှာ ပျက်စီးသွားနိုင်ပေသည်။
သူ သက်ပြင်းချလိုက်မိသည်။ သာမန်သံမဏိထက် ပိုကောင်းသော်လည်း ဤဓား၏ ကြံ့ခိုင်မှုမှာ အကန့်အသတ် ရှိနေသည်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်မူ သုံးစွဲရန် အဆင်ပြေသော်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာ ဤထက် ပို၍မြင့်မားလာလျှင်မူ ဤဓားမှာ သူ့နောက်သို့ လိုက်နိုင်မည် မဟုတ်တော့ပေ။
သို့သော် ဝမ်ရှန်း ခဏအကြာတွင် ပြုံးလိုက်မိသည်။ လီရှီဝူကသာ ဝူတန်းတောင်၏ အဖိုးတန်ရတနာကြီးကို ပေးခဲ့လျှင် သူသည် ဝူတန်းတောင်အား ကျေးဇူးကြွေးများစွာ တင်ရှိသွားပေလိမ့်မည်။ ကျေးဇူးကြွေးဆိုသည်မှာ ကျင့်ကြံသူများအတွက်ပင် ဆပ်ရန်အခက်ဆုံး အရာပေ။ ယခု သူ ရရှိထားသည့် ဓားမှာ အဖိုးတန်သော်လည်း အကောင်းဆုံးတော့ မဟုတ်ပေ။ ၎င်းကို မော်ရှန်းတောင်မှ စွမ်းဆောင်ရည်အတွက် ဆုလာဘ်ဟုသာ သတ်မှတ်၍ ရသည်။
“စီနီယာအစ်မ ကြည့်ပါဦး”
ဝမ်ရှန်းက ရတနာဓားကို မုဝမ်ရွှမ်းထံ ကမ်းပေးလိုက်သည်။ သူမက ကိုင်ထားသည့် အင်္ကျီများကို ဘေးချကာ ဓားကို အသေအချာ လှမ်းယူလိုက်သည်။
“အင်း...”
မုန့်ဝမ်ရွှမ်းက ဓားသွားတစ်လျှောက် လက်ဖြင့် အသာအယာ ပွတ်သပ်ကြည့်သည်။ ထို့နောက် ဝမ်ရှန်းကို ကြည့်ကာ ခေါင်းခါပြသည်။ ၎င်းမှာ ဤဓားကြောင့် သူ၏ ကျင့်ကြံခြင်း စိတ်အခြေနေကို အထိခိုက်မခံရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
“စိတ်မပူပါနဲ့။ ဒီဓားနဲ့ လူသတ်ဖို့ ကျွန်တော် မသုံးပါဘူး”
မုဝမ်ရွှမ်းလည်း စိတ်အေးသွားပြီး ဓားကို ပြန်ပေးသည်။ ဝမ်ရှန်းက ရှေးဟောင်းဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဓားအောက်၌ ရှိနေသည့် အနက်ရောင် စာအုပ်ငယ်လေး နှစ်အုပ်ကို ကောက်ကိုင်လိုက်သည်။ စာအုပ်ကို ဖွင့်ကြည့်လိုက်သော် ၎င်းတို့၏ ဓာတ်ပုံလေးများနှင့်အတူ အသက်၊ ကျင့်ကြံသည့် သက်တမ်း၊ တာအိုကျောင်းဆောင်နှင့် ဂိုဏ်းအမည်များကို မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ၎င်းတို့၏ တာအိုဆရာလက်မှတ်များ ရောက်ရှိလာပြီ ဖြစ်သည်။
ဝမ်ရှန်း၏ ကျင့်ကြံသည့်သက်တမ်းကို သုံးနှစ်ဟု မှတ်တမ်းတင်ထားပြီး မုဝမ်ရွှမ်းကို ၁၅ နှစ်ဟု ပြထားသည်။ ၎င်းမှာ သူမ ကျင့်ကြံခြင်းကို စတင်သိရှိလာသည့် အချိန်မှစ၍ တွက်ချက်ထားခြင်း ဖြစ်ပေလိမ့်မည်။ ဘယ်သူမျှ မွေးမွေးချင်း တာအိုကို နားမလည်နိုင်ပေ။
ရှေးဟောင်းဝတ်စုံများ၏ အောက်တွင်မူ မုဝမ်ရွှမ်းက ကျောက်စိမ်းဆွဲပြားတစ်ခုကို တွေ့ရှိသွားသည်။ သူမက ခဏမျှ ကြည့်ရှုပြီးနောက် ဝမ်ရှန်းထံသို့ ဝမ်းသာအားရ ကမ်းပေးလိုက်သည်။
“အင့်”
“ကျွန်တော်က ဓားကို ယူထားတာဆိုတော့ ဒီဆွဲပြားကို စီနီယာအစ်မပဲ ယူထားလိုက်ပါ”
မုဝမ်ရွှမ်းက ခေါင်းခါပြပြီး ကျောက်စိမ်းဆွဲပြားကို ဝမ်ရှန်းလက်ထဲသို့ အတင်းထည့်ပေးသည်။ ထို့နောက် သူမဖုန်းကို ထုတ်ကာ စာသားတစ်ခု ရိုက်ပြသည်။
“ငါက ကမ္ဘာမှာ ပြိုင်ဘက်ကင်းပဲ။ စကြာဝဠာမှာ နံပါတ်တစ်”
သူမ ပြောချင်သည်မှာ စိတ်ကို တည်ငြိမ်စေသည့် ဤဆွဲပြားမှာ သူမအတွက် မလိုအပ်ဘဲ ဝမ်ရှန်းသာ ဝတ်ဆင်ထားရန် ဖြစ်သည်။ သို့သော် ဝမ်ရှန်းတွင်လည်း ခံယူချက်ရှိသည်။ ယခုအချိန်တွင် စီနီယာအစ်မကို ကောင်းကောင်းမစောင့်ရှောက်နိုင်သေးရာ သူမနှင့် ထိုက်တန်သည့် ပစ္စည်းကို သူက မည်သို့ ယူနိုင်မည်နည်း။
တစ်ဦးက အတင်းပေး၊ တစ်ဦးက အတင်းငြင်းနေရင်း မိနစ်အနည်းငယ် ကြာသော် မုဝမ်ရွှမ်းက သူ့ကို မျက်ရည်ဝဲသည့် မျက်လုံးလေးများဖြင့် ကြည့်လာသည်။ ဝမ်ရှန်းတစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။
“စီနီယာအစ်မ စိတ်မဆိုးပါနဲ့...”
“ယူ”
“ကောင်းပါပြီ ခဏလေးနော်”
ဝမ်ရှန်းက အခန်းထဲ ဝင်သွားပြီး သေတ္တာရှည်တစ်လုံး သယ်ဆောင်လာသည်။
“ဒါကို စီနီယာအစ်မရဲ့ မွေးနေ့ကျမှ ပေးမလို့ ကြိုတင်ပြင်ဆင်ထားတာ။ အခု စီနီယာအစ်မက ကျွန်တော့်ကို တစ်ခုခုပေးချင်တယ်ဆိုရင် ဒါကို ပြန်ယူမှ ဖြစ်မယ်”
မုဝမ်ရွှမ်းက မျက်တောင်လေးခတ်ကာ သေတ္တာကို ဖွင့်ကြည့်လိုက်သော် လှပပြီး အစိမ်းရောင်တောက်ပနေသည့် ကျောက်စိမ်းပလွေတစ်ချောင်းကို တွေ့လိုက်ရသည်။
“အင်တာနက်ကနေ ဝယ်ထားတာပါ။ သာမန်ပစ္စည်းလေးပဲဆိုပေမဲ့ လှလို့ ဝယ်လိုက်တာ”
ဝမ်ရှန်းက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ရင်း ပြောလိုက်သည်။
မုဝမ်ရွှမ်းက ကျောက်စိမ်းပလွေလေးကို ဝမ်းသာအားရ ကိုင်ကြည့်နေသည်။ သူမ အလွန်မြတ်နိုးသည့် ရတနာတစ်ခုကဲ့သို့ အသာအယာပွတ်သပ်နေသည်။
နှစ်ယောက်သဘောတူညီချက်အရ ကျောက်စိမ်းဆွဲပြားက ဝမ်ရှန်းထံ ရောက်ရှိလာခဲ့သည်။ ဆွဲပြားကို ကိုင်လိုက်သည်နှင့် စိတ်ထဲ၌ အေးမြသည့် အငွေ့အသက်တစ်ခု ရရှိလာသည်။ ကျင့်ကြံသည့်အခါ ဤအရာကို ဝတ်ဆင်ထားလျှင် စိတ်မပြန့်လွင့်ဘဲ တရားထိုင်ရသည်မှာ ပို၍ မြန်ဆန်စေမည်ဖြစ်သည်။ ဤဆွဲပြားမှာလည်း ဝိညာဉ်လက်နက်တော့ မဟုတ်ပေ။ ဝိညာဉ်စွမ်းအင်များ စိမ့်ဝင်နေသည့် အရည်အသွေးမြင့် ကျောက်စိမ်းတစ်ခုသာဖြစ်သည်။
တူ~ တူ တူ
ဝမ်ရှန်း ဘေးသို့ လှည့်ကြည့်လိုက်သော် မုဝမ်ရွှမ်းက ကုတင်ပေါ်၌ ထိုင်ကာ ပလွေကို စမ်းမှုတ်နေသည်ကို တွေ့ရသည်။ မုဝမ်ရွှမ်းကို ခဏမျှ ကြည့်နေပြီးမှ ပြုံးကာ ခေါင်းခါလိုက်ပြီး အိတ်များကို သယ်ယူ၍ အထဲဝင်သွားသည်။ ခဏအကြာတွင် သူလည်း ပုံမှန်ဝတ်နေကျ ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီ၊ ဖိနပ်အစုတ်လေး စီးကာ အမိုးပေါ်သို့ တက်လာခဲ့သည်။
သူသည် ပုံမှန် တရားထိုင်နေကျနေရာ၌ သစ်သားပြားလေး ခံကာ ထိုင်လိုက်သည်။ သူက ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၌သာ ရှိသေးသဖြင့် သူ၏ အသားနှင့် အရိုးများမှာ မာကျောမှု မရှိသေးပေ။ အောက်တွင် ဘာမျှမခံဘဲ အကြာကြီး ထိုင်နေလျှင် တင်ပါးက နာကျင်လာမည်ဖြစ်သည်။
အရင်ကနှင့် မတူသည်မှာမူ ယခု သူ၏ဘေး၌ ရှေးဟောင်းဓားတစ်လက်ရှိနေပြီး ဓားလက်ကိုင်တွင် ကျောက်စိမ်းဆွဲပြားလေး ချိတ်ထားခြင်းပင် ဖြစ်သည်။
မုဝမ်ရွှမ်းသည်လည်း လေ့ကျင့်ခန်းဝတ်စုံ ပြောင်းလဲဝတ်ဆင်ကာ ခြံအပြင်ဘက် တောအုပ်ထဲ၌ တရားထိုင်နေသည်။ ကျောက်စိမ်းပလွေလေးက သူမဘေး၌ရှိပြီး ပတ်ဝန်းကျင်မှ စွမ်းအင်များကို စုပ်ယူနေသည်။ နေဝင်ချိန်တွင်မူ တောအုပ်ထဲမှ ပလွေသံလေးများ ထွက်ပေါ်လာသည်။ သီချင်းတစ်ပုဒ်အနေဖြင့် မပီပြင်သေးသော်လည်း အသံမှာ နူးညံ့ပြီး နားထောင်၍ ကောင်းလှသည်။
တစ်ဖက်တွင်လည်း ဝမ်ရှန်းက ခြံထဲ၌ ဓားသိုင်းကွက်များကို လေ့ကျင့်နေသည်။ အချိန်အတော်ကြာသော် သူသည် ကျောက်တုံးကြီးပေါ်၌ ရပ်ကာ အနောက်ဘက်တောင်တန်းမှ ရောင်စုံတိမ်တိုက်များကို ငေးကြည့်နေမိသည်။ သူသည် သူ၏အနာဂတ်၊ စီနီယာအစ်မနှင့် ဆရာဖြစ်သူ၏ အနာဂတ်အကြောင်းများကို စဉ်းစားနေခြင်း ဖြစ်သည်။
ကျင့်ကြံခြင်း လမ်းစဉ်၌ လိုအပ်ချက် လေးခု ရှိသည်—နည်းလမ်း၊ အရင်းမြစ်၊ အဖော်နှင့် နေရာ။ အရင်းမြစ်ဆိုသည်မှာ မရှိမဖြစ်လိုအပ်သော်လည်း ၎င်းတို့ဂိုဏ်း၌မူ တောင်လည်းမရှိ အခြေခံလည်းမရှိ၊ ဘိုးဘေးစဉ်ဆက်က ပေးခဲ့သည့် ကြေးသေတ္တာလေးတစ်လုံးသာ ရှိသည်။ ဆရာက တစ်ယောက်တည်း အေးအေးဆေးဆေး နေတတ်ပြီး စီနီယာအစ်မလည်း လောကီရေးရာများကို နားမလည်ရှာပေ။ ဤအချက်များကို ထည့်သွင်းစဉ်းစားလျှင် သူကသာ ဂိုဏ်းအတွက် အနာဂတ်ကို ကြိုတင်စဉ်းစားပေးရတော့မည် ဖြစ်သည်။
“ဟူး”
သူကသာ မိသားစု၏ အားကိုးရာဖြစ်နေသကဲ့သို့ ခံစားချက်ကြောင့် စိတ်ထဲ၌ ဂုဏ်ယူမှုလေးတစ်ခု ပေါ်လာသည်။ နေဝင်ချိန်ကို ကြည့်ရင်း ဝမ်ရှန်း ဓားအိမ်ကို လက်ဖြင့် အသာအယာပွတ်သပ်လိုက်သည်။ ညနေခင်း လေပြေထဲ၌ သူ၏ စည်းထားသော ဆံပင်များက မျောလွင့်နေသည်။ အရပ်ရှည်ရှည်နှင့် သွယ်လျသည့် သူ၏ ပုံစံမှာ ယခုဆိုလျှင် အရင်ကလို ကြမ်းတမ်းသည့် ပုံစံမျိုး တစ်စက်ကလေးမျှ မရှိတော့ပေ။