← Chapters

ရိုက်ကူးရေး

Vol. 4 Ch. 36

ရိုက်ကူးရေး

Vol. 4 Ch. 36

“ကြွယ်ဝချမ်းသာခြင်း” ဆိုသည်မှာ ငွေကြေးဥစ္စာသက်သက်ကိုသာ ဆိုလိုသည်မဟုတ်ပေ၊၊

အသုံးအဆောင်လက်နက်များ၊ ၎င်းတို့ကို သွန်းလုပ်သည့် နည်းလမ်းနှင့် ကုန်ကြမ်းပစ္စည်းများ၊ ဆေးလုံးများ၊ ဆေးဖော်စပ်နည်းလမ်းများ၊ ဆေးဖိုများ၊ ဆေးဖက်ဝင်အပင်များနှင့် ထောင်သောင်းချီတန်ဖိုးရှိသော အဆောင်စာရွက်များအစရှိသဖြင့် ကျင့်ကြံခြင်းနှင့် ပတ်သက်သမျှ အရင်းအမြစ်အားလုံးသည် “ကြွယ်ဝချမ်းသာခြင်း” အောက်တွင် အကျုံးဝင်ပေသည်၊၊

ထိုအရာများသည် ကျင့်ကြံသူများအတွက် အမြဲတစေ ပူပန်နေရသော အရာများဖြစ်ပြီး ၎င်းတို့ကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက်လည်း မကြာခဏဆိုသလို အငြင်းပွားမှုများဖြစ်ပွားတတ်ကြလေသည်၊၊ တာအိုဆရာတစ်ပါးအနေဖြင့် လိမ်လည်လှည့်ဖြားခြင်း မပြုဘဲ စည်းစိမ်ဥစ္စာ ရှာဖွေရန်မှာ မလွယ်ကူလှသော အလုပ်ဖြစ်သည်၊၊

ထိုညတွင် ဝမ်ရှန်းသည် ဂိုဏ်း၏ အရင်းအမြစ်များ တိုးတက်လာစေရေးအတွက် သူ၏ ဆရာဖြစ်သူနှင့် ဆွေးနွေးခဲ့သည်၊၊ သို့သော် ချင်ယန်ဇီကမူ စိတ်ပူစရာမလိုကြောင်းနှင့် စိတ်အေးလက်အေးသာ ကျင့်ကြံခြင်းကို အာရုံစိုက်ရန် နှစ်သိမ့်ခဲ့သည်၊၊ အမှန်စင်စစ် ငွေကြေးစီမံခန့်ခွဲသည့်နေရာတွင် ချင်ယန်ဇီလောက် ကျွမ်းကျင်သူမရှိသလောက်ပင်၊၊

နောက်တစ်နေ့ နံနက်တွင် ဝမ်ရှန်းသည် စားပွဲပေါ်၌ ကြွေပုလင်းငယ်လေး နှစ်လုံးကို သတိပြုမိသွားသည်၊၊ ဖွင့်ကြည့်လိုက်သည့်အခါ ရနံ့သင်းပျံ့နေသော ဆေးလုံးအချို့ကို တွေ့လိုက်ရလေသည်၊၊

ဟင်… ဆရာ မနေ့ညက တာအိုအမွေအနှစ်တစ်ခုခုကို သွားလုလာတာလား…။

ဝမ်ရှန်း အံ့အားသင့်လွန်းသဖြင့် မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်၊၊ သူ မေးမြန်းရန် ပြင်နေစဉ်မှာပင် ချင်ယန်ဇီက ပြုံးရွှင်စွာဖြင့် အခန်းထဲသို့ ဝင်လာသည်၊၊

“အဲဒါတွေက ငါကိုယ်တိုင်ဖော်စပ်ထားတဲ့ အားဖြည့်ဆေးလုံးတွေပဲ၊၊ ဘယ်လိုနေလဲဆိုတာ စမ်းကြည့်ဦး”

ချင်ယန်ဇီက ပြောလိုက်သည်၊၊

“ဆရာက ဆေးလုံးတွေ ဖော်စပ်တတ်တာလား” ဝမ်ရှန်းက အံ့သြတကြီး မေးလိုက်မိသည်၊၊

“ဟိုးအရင်တုန်းက ဝူတန်းတောင်က တာအိုအကြီးအကဲတစ်ယောက် ငါ့ကို သင်ပေးခဲ့တာပါ၊၊ သူက ဆေးဖော်စပ်နည်းစာအုပ်တစ်အုပ်လည်း ပေးခဲ့သေးတယ်၊၊ ငယ်ငယ်က ဘာမှလုပ်စရာမရှိတာနဲ့ အဲဒါကို အလွတ်ကျက်ထားလိုက်တာ”

ချင်ယန်ဇီက ပြန်ဖြေသည်၊၊ သူ၏ တပည့်ဖြစ်သူ၏ အမူအရာကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်ပြီး

“ဒီဘက်ခေတ်မှာ ဆေးဖက်ဝင်အပင်တွေ ရှာရတာ ခက်လာတော့ အများကြီးတော့ မဖော်နိုင်ဘူး၊၊ ဆေးမီးဖိုငှားပေးတဲ့ စီနီယာအစ်ကိုကြီးအတွက်လည်း အချို့ချန်ထားရသေးတယ်၊၊ မင်းအတွက် ဒီလောက်ပဲ ပေးနိုင်တော့တယ်”

ဝမ်ရှန်းသည် သူ၏ ဖခင်အတွက် သားသမီးရနိုင်စေမည့် ဆေးလုံးများအကြောင်း မေးမြန်းရန် ပြင်လိုက်သော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်သည်၊၊

ဆေးဖော်စပ်နည်းတွေနဲ့ နည်းလမ်းတွေကို ငါ့ဘာသာငါပဲ ရှာဖွေကြည့်ရမယ်၊၊ အဲဒီလိုကိစ္စမျိုးကို တိုက်ရိုက်ကြီး မေးရတာ ရှက်ဖို့ကောင်းလွန်းတယ်…။

“မနေ့က ဂျူနီယာညီလေး ရှီဝူပြောတာတော့ မင်းက မော်ရှန်းတောင်က လျှိုယွမ်ကျိတို့၊ လုံဟူရှန်းတောင်က ရှီချန်ကျန်းတို့နဲ့ အတော်လေး ရင်းနှီးနေတယ်ဆို၊၊ အဲဒါဟုတ်လား”

ချင်ယန်ဇီက အနီးရှိ ကုလားထိုင်တွင် ထိုင်ရင်း မေးလိုက်သည်၊၊

ဝမ်ရှန်းက ဘာမှ ထွေထွေထူးထူး စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်၊၊

“ဟုတ်ကဲ့ ဆရာ၊ ကျွန်တော်တို့က အဲဒီတာအိုဂိုဏ်းနှစ်ခုနဲ့ ရန်ငြိုးများ ရှိလို့လား”

ချင်ယန်ဇီက လက်ခါပြရင်း ပြုံးလိုက်သည်၊၊

“ရန်ငြိုးလား… မဟုတ်တာ၊၊ ငါပြောချင်တာက တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ သူတို့ရဲ့ နောက်ခံထက် သူတို့ရဲ့ စိတ်ဓာတ်ကို ပိုပြီး တန်ဖိုးထားဖို့ သတိပေးချင်တာပါ၊၊ ရှီချန်ကျန်းက နည်းနည်း ရိုင်းစိုင်းပြီး မောက်မာတတ်တယ်လို့ ရှီဝူက ပြောတယ်၊၊ မင်းခက်ခက်ခဲခဲ ကျင့်ကြံထားတဲ့ တာအိုနှလုံးသားကို မထိခိုက်စေနဲ့”

ဝမ်ရှန်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်၊၊

“နားလည်ပါပြီ ဆရာ၊၊ သူ့ကို အခုပဲ contact ထဲက ဖျက်ပစ်လိုက်ပါမယ်”

သူသည် ရှီချန်ကျန်းကို အရင်ကလည်း ဖျက်ခဲ့ဖူးသော်လည်း ရှီချန်ကျန်းက သူငယ်ချင်းအဖြစ် ထပ်ဖန်တလဲလဲ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်၊၊ ထိုလူမှာ အာရုံစိုက်ခံချင်သည့် စိတ်ရောဂါတစ်မျိုး ရှိနေပုံရလေသည်၊၊ ဝမ်ရှန်းသည် ယခင်ဘဝကလည်း ထိုကဲ့သို့သော လူမျိုးများနှင့် ကြုံဖူးပြီး အများစုမှာ သိပ်၍... မူမမှန်ကြပေ၊၊

“အဲဒီလောက်အထိတော့ မလိုပါဘူး” ချင်ယန်ဇီက ရယ်မောရင်း ပြောလိုက်သည်၊၊

“တစ်ခုခုလုပ်ရင် အစွန်းမရောက်စေနဲ့… နောက်နောင် ပြန်တွေ့ရမယ့်ကိစ္စတွေအတွက်လည်း လမ်းချန်ထား”

“ဆရာ မသိလို့ပါ၊ အဲဒီလူက...”

ဝမ်ရှန်းက သက်ပြင်းချရင်း ခေါင်းခါလိုက်ပါသည်၊၊

“... သိပ်ပြီး လူကောင်းကြီးတော့ မဟုတ်ဘူး”

ဝမ်ရှန်း၏ မျက်လုံးများထဲက အရိပ်အယောင်ကို ကြည့်ကာ ချင်ယန်ဇီက သဘောပေါက်သွားပုံရသည်၊၊ စိတ်ချသွားသဖြင့် ထိုအကြောင်းကို ဆက်မပြောတော့ဘဲ “ဒီဆေးလုံးတွေကို သုံးပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ၊ ငါကပဲ အပိုတွေ ပူပန်နေမိတာ ထင်တယ်”

“စိတ်ချပါ ဆရာ၊၊ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ဘယ်တော့မှ မလုပ်ပါဘူး”

ဝမ်ရှန်း ပေးနိုင်သော အကောင်းဆုံး ကတိမှာ ထိုမျှသာ ဖြစ်ပါသည်၊၊ တနေ့နေ့တွင် ရှီချန်ကျန်းက သူ့ကို ဒေါသထွက်အောင် အလွန်အကျွံဆွပေးလာလျှင် သူ အင်အားသုံးပြီး ဖြေရှင်းမိမည်လား ဆိုသည်ကိုတော့ သူကိုယ်တိုင်ပင် မသေချာပေ၊၊

ကောင်းကင်က နတ်ဘုရားများ ကောင်းချီးပေးပါ... စိတ်အေးအေးထားစမ်း ဝမ်ရှန်း… စိတ်အေးအေးထား…။

ထိုဆေးလုံးများသည် ချီစွမ်းအားများကို ပြန်လည်ဖြည့်တင်းရန်၊ သဘာဝစွမ်းအင်များကို မြန်မြန်ဆန်ဆန် စုပ်ယူနိုင်ရန်၊ အစွမ်းအစများကို နိုးထစေရန်နှင့် အနည်းငယ် ဒဏ်ရာပျောက်ကင်းစေရန် ရည်ရွယ်သည်၊၊

ဆရာပေးသော အရာဖြစ်သဖြင့် ဝမ်ရှန်း မငြင်းရဲပေ၊၊ ဆေးလုံးများကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး ဓားအသစ်ကို ကိုင်ကာ ရင်ပြင်သို့ ထွက်လာခဲ့လိုက်သည်၊၊

သူသည် ဓားကို ကိုင်ဆောင်ကာ မတ်တတ်ရပ်နေစဉ် ညင်သာသောတာအိုအငွေ့အသက်များ လည်ပတ်စီးဆင်းလာသဖြင့် စိတ်နှလုံးမှာ ကြည်လင်အေးချမ်းသွားခဲ့သည်၊၊

တောင်ပေါ်လေပြေတိုက်လာသည့်အခါ ဝမ်ရှန်းသည် လေနောက်သို့ လိုက်ကာ ဓားကို ဝှေ့ယမ်းလိုက်သည်၊၊ တည်ငြိမ်သော အရှိန်နှုန်းကို ထိန်းထားရင်း ခုနှစ်စင်ကြယ်ဓားအစီအရင်ကို အစမှ အဆုံးအထိ လေ့ကျင့်ပြီး အတွင်းပိုင်းက နက်နဲသော အပြောင်းအလဲများကို ဂရုတစိုက်လေ့လာနေမိသည်၊၊

ဝမ်ရှန်းသည် ဓားအစီအရင်ကို စတင်လေ့ကျင့်စဉ်က အရုပ်ကို “ရန်သူ” အဖြစ် ထားရှိကာ လေ့ကျင့်ခဲ့သော်လည်း ယခုအခါတွင်မူ ထိုအဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်၊၊ သူ၏ ကျွမ်းကျင်မှုမှာ သူ၏ ဆရာနှင့် မယှဉ်နိုင်သေးသော်လည်း သိပ်တော့ မကွာတော့‌ပေ၊၊

ခေတ္တအကြာတွင် ဝမ်ရှန်းသည် ဓားကို ပြန်သိမ်းလိုက်ပြီး လမ်းဘေးက ကျောက်တုံးကြီးပေါ်တွင် မတ်တတ်ရပ်နေရင်း လောကကြီးနှင့် တစ်သားတည်း ဖြစ်သွားသလို ခံစားလိုက်ရသည်၊၊ သဘာဝစွမ်းအင်များက သူ့ပတ်ပတ်လည်တွင် စုဝေးလာပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးကာ ပြန်လည်လွင့်ပျံ့သွားကြသည်၊၊

အနီးရှိ တောအုပ်ထဲက သစ်ပင်တစ်ပင်အောက်တွင် မုဝမ်ရွှမ်းက ငြိမ်သက်စွာ ထိုင်နေသည်၊၊ ကျင့်ကြံနေစဉ် မျက်စိမှိတ်ထားသော်လည်း ဝမ်ရှန်းရောက်နေသည်ကို သူမ သိရှိပုံရပြီး နှုတ်ခမ်းထောင့်တွင် ပြုံးယောင်သန်းနေလေသည်၊၊

ထိုအတောအတွင်း ချင်ယန်ဇီသည် အိမ်မကြီးထဲတွင် မရှိတော့ဘဲ ကျင့်ကြံရန်အတွက် ဆိတ်ငြိမ်သောနေရာတစ်ခုခုသို့ သွားနေပုံရလေသည်၊၊

ဧည့်သည်အချို့ ရောက်လာတတ်သည်မှအပ သူတို့၏ ဘဝမှာ အေးချမ်းသာယာလျက် ရှိနေသည်၊၊

ထူးခြားသည်မှာ မုဝမ်ရွှမ်း၏ ထူးခြားသော ဉာဏ်အလင်းရမှုပင် ဖြစ်သည်၊၊ ဝမ်ရှန်းက သူမကို ကျောက်စိမ်းပုလွေ လက်ဆောင်ပေးပြီး သုံးရက်အကြာမှာပင် သူမသည် ရိုးရှင်းသော သံစဉ်များကို မှုတ်နိုင်နေနိုင်လေပြီ။ ခြောက်ရက် သို့မဟုတ် ခုနစ်ရက်အကြာတွင် သံစဉ်အပြည့်အစုံကို မှုတ်နိုင်လာပြီး လဝက်အကြာတွင်မူ သူမ ပုလွေမှုတ်သည့်အခါတိုင်း စိတ်ကို အေးချမ်းစေသော ဝိညာဉ်စွမ်းအင်များ ပါဝင်လာလေသည်၊၊ နားထောင်သူတိုင်းကိုလည်း သိမ်မွေ့သော ဉာဏ်အလင်းရရှိမှုကို ပေးစွမ်းနိုင်လာသည်၊၊

သူမ၏ တိုးတက်မှုကို သတိပြုမိသောအခါ ဆရာဖြစ်သူ ချင်ယန်ဇီက အကြံတစ်ခု ရရှိခဲ့သည်။ တောင်ပေါ်သို့ ပြန်ရောက်ပြီး ပထမဆုံး လပြည့်ညတွင် သူသည် တပည့်နှစ်ယောက်ကို ခေါ်၍ သူ၏ အကြံအစည်ကို အကောင်အထည်ဖော်လိုက်သည်၊၊ သူသည် မုဝမ်ရွှမ်းကို လှပသော မြစိမ်းရောင်ဝတ်စုံရှည် ဝတ်ဆင်စေပြီး ပုခုံးပေါ်တွင် ပါးလွှာသော ပိတ်စများကို တင်ပေးထားသည်။ ခါးတွင် အဖြူရောင်ခါးစည်းကြိုးကို ပတ်ထားသဖြင့် သူမ၏ ကိုယ်လုံးအလှမှာ ပိုမိုပေါ်လွင်နေပြီး ဆံပင်ရှည်များကိုလည်း လှပသော ဆံထိုးတစ်ခုဖြင့် ထိုးပေးထားသည်။

သူမက လရောင်အောက်တွင် ကျောက်စိမ်းပုလွေကို မှုတ်နေစဉ် အပြာရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသော ဝမ်ရှန်းကလည်း အနက်ရှိုင်းဆုံးနားစွင့်သူဓားကို ဝေ့ယမ်းလိုက်သည်။ သူ၏ လှုပ်ရှားမှုများက ကြယ်တာရာများအလား လှပသော ဓားရိပ်များကို လေထဲတွင် ပြန့်လွင့်သွားစေသည်။

အနီးအနားတွင်မူ လေးစားဖွယ် တာအိုဆရာကြီးတစ်ပါးသည် သူ၏ သိက္ခာကိုပင် ဂရုမစိုက်ဘဲ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အရည်အသွေးမြင့် ကင်မရာပါသော ဖုန်းဖြင့် ဗီဒီယိုရိုက်နေသည်။ သူသည် ကင်မရာထောင့်ကို အမျိုးမျိုး ပြောင်းလဲရင်း ညွှန်ကြားချက်များကိုလည်း တတွတ်တွတ် ပြောနေသည်။

“အေး အဲဒီထောင့်က အကွက်ကျတယ်... ဝမ်ရှန်း မင်းက ဓားကွက်ကိုပဲ အာရုံမစိုက်နဲ့လေ… မင်းရဲ့ စီနီယာအစ်မနဲ့လည်း နည်းနည်း အပြန်အလှန် တုံ့ပြန်မှု ရှိဦးမှပေါ့။ ရွှမ်းလေး ပြုံးလိုက်စမ်း၊ ဟန်ဆောင်ပြုံးတာ မဟုတ်ဘူးနော် မျက်ခုံးလေးတွေမှာပါ ပျော်ရွှင်တဲ့ အရိပ်အယောင်လေး ပေါ်လာအောင်ပြုံး… အေး အဲဒီလိုမျိုး”

တစ်ညလုံး သောင်းကျန်းပြီးနောက် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ပင်ပန်းနွမ်းနယ်စွာဖြင့် မြေခုတင်ပေါ်တွင် ထိုင်ကာ ဆရာဖြစ်သူ ရိုက်ထားသော ဗီဒီယိုတိုများကို ကြည့်နေကြသည်။ ဗီဒီယိုများထဲတွင် ချင်ယန်ဇီက ကဗျာအချို့ကို ရွတ်ဆိုထားသည်။

[အင်္ကျီလက်စများကြားမှ ကျောက်စိမ်းပုလွေသံက မထင်မရှားပုံပြင်များကို တိုးတိုးလေး ပြောပြနေသည်။ ဓားတစ်လက်က ကြယ်တာရာများကို ဖြတ်ကျော် ခရီးနှင်နေသည်… အဘယ်သူကများ ထိုအော်ဟစ်သံကို နားထောင်ပါမည်နည်း။ ဘယ်လိုကျောက်စိမ်းအလှနတ်သမီးကများ လရောင်အောက်မှာ ကခုန်ရင်း ဤသံစဉ်၏ အဓိပ္ပာယ်ကို တွေးတောနေပါသနည်း]

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အားရပါးရ ရယ်မောလိုက်မိကြသည်။ ချင်ယန်ဇီက ချောင်းတစ်ချက်ဟန့်ကာ ဖုန်းကို ပြန်သိမ်းလိုက်သည်၊၊

“သွားနားကြတော့၊ မနက်ကျမှ ဗီဒီယိုကို ပြန် Edit ရမယ်”

“ဆရာက အဲဒီဗီဒီယိုတွေကို ဘာလုပ်မလို့လဲ”

ဝမ်ရှန်းက မေးလိုက်သည်။

“တပည့်မရှိတဲ့ တာအိုအကြီးအကဲတွေ မနာလိုဖြစ်အောင် လူမှုကွန်ရက်ပေါ် တင်မလို့လေ” ချင်ယန်ဇီက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။

ဝမ်ရှန်းလည်း တာအိုနှလုံးသားပင် တုန်လှုပ်သွားရကာ မျက်နှာကို လက်ဖြင့် အုပ်လိုက်သော်လည်း သူ၏ စီနီယာအစ်မမှာမူ ရယ်ရလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ခါနေသည်။ တောင်ပေါ်သို့ ပြန်ရောက်ကတည်းက သူတို့၏ ဘဝမှာ ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့သည်။ ဝမ်ရှန်းသည် တစ်နှစ်အတွင်း အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရန်နှင့် အစာမစားဘဲ နေထိုင်နိုင်သည့် အတွေ့အကြုံကို ရယူရန်သာ အာရုံစိုက်လိုသည်။

All Chapters