သရဲကြောက်တတ်သော နတ်သမီး
Vol. 4 Ch. 37
သို့သော် ပြန်ရောက်ပြီး တစ်လအကြာတွင် ဒု-ဂိုဏ်းချုပ် လီရှီဝူသည် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် သူတို့၏ ခြံဝင်းလေးသို့ ရောက်ရှိလာသည်။ ဆံပင်ဖြူနှင့် တာအိုအကြီးအကဲသည် နုပျိုနေဆဲဖြစ်သော ချင်ယန်ဇီ၏ ရှေ့တွင် အနေရခက်စွာ မတ်တတ်ရပ်နေသည်။ ချင်ယန်ဇီ၏ မျက်နှာတွင် မကျေမနပ်ဖြစ်နေသော အရိပ်အယောင်ကို မြင်သောအခါ သူက စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြောလိုက်သည်။
“စီနီယာအစ်ကို ချင်ယန်ဇီ၊၊ ကျွန်တော် ထပ်ပြီး အကူအညီ လာတောင်းရပြန်ပြီ...”
ချင်ယန်ဇီက မျက်မှောင်ကြုတ်သွားသည်။
“အတွေ့အကြုံဖလှယ်ပွဲ နောက်တစ်ခုလား၊၊ ငါ့တပည့်တွေလည်း ကျင့်ကြံရဦးမယ်၊၊ သူတို့က အမြဲတမ်း လျှောက်သွားနေလို့ မဖြစ်ဘူး”
“အတွေ့အကြုံဖလှယ်ပွဲ မဟုတ်ပါဘူး၊၊ ကတိပေးပါတယ်၊ အများဆုံး နေ့တစ်ဝက်ပဲ ကြာမှာပါ၊၊အစ်ကိုကြီးသာ ကူညီပေးရင် အဲဒီလောက်တောင် မကြာနိုင်ပါဘူး”
လီရှီဝူက အလျင်အမြန် ရှင်းပြသည်။
ချင်ယန်ဇီက လီရှီဝူကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သောအခါ လီရှီဝူက ခါးကို အထပ်ထပ် ညွှတ်ကာ အားနာစွာ ပြုံးပြသည်။
“အတွင်းထဲဝင်ပြီး ရှင်းပြစမ်းပါဦး၊ ဘာကိစ္စလဲ”
ဆုံးဖြတ်ချက်မှာ အခြေအနေပေါ်တွင် မူတည်သော်လည်း စိတ်ထားပျော့ပျောင်းသော ချင်ယန်ဇီသည် လီရှီဝူ၏ တောင်းဆိုမှုကို ချက်ချင်းမငြင်းဆန်ခဲ့ပေ။ အကယ်၍ ခက်ခဲသော ကိစ္စဖြစ်ပါက ဖေးယွီနှင့် ပုယွီတို့ကို လွှတ်မည် ဖြစ်သည်။ အကယ်၍ စားသောက်ပွဲကိစ္စမျိုးသာဖြစ်ပါက သူ၏ တပည့်များအတွက် သူကိုယ်တိုင်ပင် အနစ်နာခံကာ သွားရောက်မည် ဖြစ်သည်။
လီရှီဝူက သက်ပြင်းချလိုက်သည်၊၊
“အမှန်အတိုင်း ပြောရရင် ဒါက ကိုယ်ရေးကိုယ်တာကိစ္စလေးပါ။၊ ကျွန်တော့်ရဲ့ ဇာတိရွာက ကိစ္စမို့လို့ပါ၊၊ ဂိုဏ်းတူဉီးလေးတွေကို အကူအညီတောင်းဖို့ အားနာတာနဲ့ အစ်ကိုကြီးဆီလာခဲ့တာပါ၊ အစ်ကိုကြီးက ကျွန်တော်တို့ထဲမှာ အားကိုးရဆုံးမဟုတ်လား”
ဆယ်မိနစ်ခန့်အကြာတွင် လီရှီဝူသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ပြန်ဆင်းသွားသည်။ မပြန်မီ အပြင်ဘက်တွင် ဓားသိုင်းလေ့ကျင့်နေသော ဝမ်ရှန်းကိုလည်း နှုတ်ဆက်သွားသေးသည်။
ဝမ်ရှန်းသည် မကောင်းသော အငွေ့အသက်တစ်ခုကို စတင်ခံစားလိုက်ရစဉ်မှာပင် သူ၏ ဆရာက သူ့ကိုရော စီနီယာအစ်မကိုပါ ခေါ်ယူလိုက်သည်။
“ရွှမ်းလေး၊ ရှန်းလေး၊ အတွင်းထဲ လာခဲ့ကြဦး”
ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ဆရာ့ရှေ့တွင် သွားရောက် ရပ်လိုက်ကြသည်။
“မင်းတို့နှစ်ယောက် သရဲတစ္ဆေတွေကိုယုံလား”
ချင်ယန်ဇီက တည်ငြိမ်သော မျက်နှာထားဖြင့် မေးသည်။
“သ... သရဲလား”
မုဝမ်ရွှမ်းက မေးရင်း သူမ၏ လက်ကလေးများ တုန်ယင်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူမ၏ ဖြူရော်နေသော မျက်နှာတွင် ကြောက်ရွံ့မှုများပေါ်လွင်နေပြီး ဝမ်ရှန်း၏ နောက်တွင် ချက်ချင်း ဝင်ပုန်းလိုက်သည်။
“အော်… ငါ မေ့သွားတယ်၊၊ ရွှမ်းလေးက ဒါမျိုးတွေ အရမ်းကြောက်တာပဲ”
ချင်ယန်ဇီက နဖူးကို လက်ဖြင့် ရိုက်ကာ ကူကယ်ရာမဲ့စွာပြုံးလိုက်သည်၊၊
“မင်း အပြင်မှာပဲ သွားပြီး ကျင့်ကြံနေလိုက်တော့… ဒီကိစ္စကို ရှန်းလေးပဲ လုပ်လိမ့်မယ်”
အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သော စီနီယာအစ်မက သရဲကြောက်သည်ဟု ဆိုသဖြင့် ဝမ်ရှန်းလည်း မယုံနိုင်အောင် ဖြစ်သွားသည်။ မုဝမ်ရွှမ်း အခန်းထဲက ထွက်သွားသောအခါ သူသည် ဆရာဖြစ်သူကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
“သူမ အသက် ခုနစ်နှစ်၊ ရှစ်နှစ်လောက်တုန်းက စကားပိုပြောလာအောင်ဆိုပြီး ညဘက် သရဲပုံပြင်ပြောတဲ့ ရေဒီယိုအစီအစဉ်တွေကို ငါ နားထောင်ခိုင်းခဲ့တယ်၊၊ အဲဒီမှာတင် သူက သရဲကို အသေအလဲကြောက်သွားတော့တာပဲ”
ချင်ယန်ဇီက တည်ငြိမ်စွာ ရှင်းပြသည်။ ဝမ်ရှန်းသည် သူ၏ ဆရာကို တစ်ခုခုပြန်ပြောချင်သော်လည်း ထိန်းလိုက်ရသည်။
“ဆရာ၊၊ အဲဒီအစီအစဉ်က တကယ်ရော ထိရောက်မှု ရှိရဲ့လား”
“ဘာမှ မထူးတဲ့အပြင် ပိုတောင် ဆိုးသွားသေးတယ်၊၊ မင်းရဲ့ စီနီယာအစ်မက... အင်း... လူတွေနဲ့ လုံးဝကို အဆက်အသွယ် ဖြတ်တော့မလို့တောင် ဖြစ်သွားခဲ့တာ”
ဝမ်ရှန်း ဘာမှမပြောနိုင်တော့ပဲ ဆွံ့အသွားလေသည်၊၊
ဒါက လုံးဝကို ငါ့ဆရာလုပ်မယ့် အလုပ်မျိုးပဲ…
“နောက်မှ မင်းရဲ့ ဦးလေး လီရှီဝူနဲ့ ဆက်သွယ်လိုက်ပါ၊ မင်းရဲ့ စီနီယာအစ်မက လိုက်လို့မရတော့ မင်းနဲ့အတူ လိုက်ဖို့ တခြားတပည့်တစ်ယောက်ယောက်ကို ရှာခိုင်းထားတယ်”
ချင်ယန်ဇီက ညွှန်ကြားလိုက်သည်။
ဝမ်ရှန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် တောင်ပေါ်မှာပဲ အေးအေးဆေးဆေး ကျင့်ကြံနေချင်သော်လည်း မိမိက ငြင်းဆန်လိုက်လျှင် ဆရာဖြစ်သူက သူ့ကိုယ်စား သွားရမည်ကို သိနေသည်။ တပည့်တစ်ယောက်အနေဖြင့် ဤအရာမှာ သူ မရှောင်လွှဲနိုင်သော တာဝန်တစ်ခုပင် ဖြစ်သည်။ သူတစ်ပါးအိမ်မှာ မှီခိုနေထိုင်ရသည့်အခါ ကြုံတွေ့ရတတ်သော အခက်အခဲအနည်းငယ်ထဲမှ တစ်ခုပင်ဖြစ်သည်။
“ဆရာ၊ ဦးလေးရှိဝူက ကျွန်တော်တို့ကို ဘာလုပ်ခိုင်းတာလဲ”
“သရဲနှင်ခိုင်းတာလေ”
ချင်ယန်ဇီက ပြန်ဖြေသည်။
ဝမ်ရှန်းသည် ကျောထဲတွင် စိမ့်သွားသလို ခံစားလိုက်ရပြီး အသံနှိမ့်ကာ မေးလိုက်သည်၊၊
“သရဲတွေက တကယ်ရှိတာလား”
“ချီစွမ်းအားတွေ မနိုးထခင်တုန်းကတော့ မဖြစ်နိုင်တဲ့အရာတွေပေါ့၊၊ ဒါပေမဲ့ အခုတော့ သူတို့တွေ စပြီး ပေါ်လာကြပြီ”
ချင်ယန်ဇီက ပြုံးရင်း ပြန်ဖြေသည်။ သူက လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ လက်ချောင်းထိပ်များမှ မီးခိုးဖြူများ ထွက်ပေါ်လာပြီး ဟောလိုးဝင်းပွဲများတွင် မြင်တွေ့ရလေ့ရှိသော သရဲပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။
“ဆရာ၊ အဲဒါက နိုင်ငံခြားက သရဲပုံစံကြီးလေ”
ဝမ်ရှန်းက ဝေဖန်လိုက်ရာ ချင်ယန်ဇီက မီးခိုးများကို ဖြိုခွဲလိုက်ပြီး ပြောလိုက်သည်၊၊
“အားလုံးက အတူတူပါပဲ”
“ရှန်းလေး… မင်းရဲ့အထင်အရ သရဲတွေက ဘယ်ကနေလာတာလို့ ထင်လဲ”
ဝမ်ရှန်းသည် ယခင်ဘဝက တာအိုကျမ်းစာများအရ အတည်ပြုထားသော အဖြေကို ဂရုတစိုက်ရွေးချယ်ကာ ဖြေလိုက်သည်၊၊
“ချီစွမ်းအားတွေနဲ့ ရောယှက်နေတဲ့ ဝိညာဉ်အသိစိတ် အကြွင်းအကျန်တွေလား”
ချင်ယန်ဇီက ကျေနပ်စွာ ပြုံးလိုက်သည်၊၊
“မှန်တယ်၊ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်တယ်ဆိုတာ ကိုယ့်ဝိညာဉ်ကို သန်မာအောင်လုပ်ပြီး ဝိညာဉ်အသိစိတ်ကို သိပ်သည်းစေတဲ့ ဖြစ်စဉ်ပဲ၊၊ ဒါပေမဲ့ ကျင့်ကြံသူတွေပဲ ကိုယ့်ကိုယ်ကိုယ် သန့်စင်နိုင်တာ မဟုတ်ဘူး၊၊ သာမန်လူတွေမှာလည်း ဝိညာဉ်အသိစိတ် ရှိတယ်၊၊ ဒါပေမဲ့ သူတို့ရဲ့ အစွမ်းကတော့ တစ်ယောက်နဲ့တစ်ယောက် ကွာခြားကြတာပေါ့”
“ငါ တွေးကြည့်သလောက်တော့ သာမန်လူတွေက သေခါနီးမှာ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတွေ ခံစားရရင် သူတို့ရဲ့ ဝိညာဉ်အသိစိတ်တွေ ပေါက်ကွဲထွက်လာပြီး ချီစွမ်းအားတွေကို ဆွဲဆောင်နိုင်တယ်၊၊ အဲဒါက သူတို့ရဲ့ ဝိညာဉ်အသိစိတ် တစ်စိတ်တစ်ပိုင်းကို ဒီလောကထဲမှာ ခေတ္တတည်ရှိနေစေတာပဲ၊၊ ဘာပဲဖြစ်ဖြစ် ငါ မင်းကို သရဲနှင်တဲ့ ဂါထာတစ်ပုဒ် သင်ပေးမယ်၊၊ အလွတ်ကျက်ထားလိုက်…. မင်း တာဝန်ထမ်းဆောင်နေတုန်း သရဲတွေနဲ့ ကြုံရင် အဲဒီဂါထာကို သုံးပြီး သူတို့ကို နှင်ထုတ်တာ ဒါမှမဟုတ် လမ်းပြပေးတာမျိုး လုပ်ပါ”
“နားလည်ပါပြီ”
ဝမ်ရှန်းက ဦးညွှတ်လိုက်သည်။
ချင်ယန်ဇီသည် ချောင်းတစ်ချက်ဟန့်ကာ ကိုယ်ဟန်အနေအထားကို ပြင်လိုက်ပြီး လေးနက်စွာ ခြေလှမ်းအချို့ လှမ်းလိုက်ပြီး ဂါထာကို စတင်ရွတ်ဆိုလိုက်သည်။
“စစ်မှန်သော ကြယ်ငါးစင်းအလင်းက အမှောင်ထုကို ခွင်း၍ နတ်ဘုရားများနှင့် သူတော်စင်များက ငါ့ဝိညာဉ်ကို စောင့်ရှောက်ပါစေ။ ဘေးအန္တရာယ်မှန်သမျှ ကင်းစင်ပပျောက်စေ၊ အမိန့်တော်အတိုင်း အမြန်ဆုံးဖြစ်စေ”
ဝမ်ရှန်းသည် သူ၏ နှာခေါင်းကို ပွတ်လိုက်မိသည်။
ဒါက ကျော်ကြားသော နတ်ဆရာအကလား….
ချင်ယန်ဇီက အခန်းထဲတွင် ပတ်လျှောက်ရင်း လေးနက်စွာ ညွှန်ကြားနေသည်၊၊
“သေချာ အာရုံစိုက်စမ်းပါ၊ အဓိကက လေသံနဲ့ ရစ်သမ်ပဲ၊၊ ငါ့ရဲ့ ခြေလှမ်းတွေနောက်ကို လိုက်ခဲ့”
ဝမ်ရှန်းလည်း နာခံစွာ နောက်မှ လိုက်ကာ ဂါထာကို နောက်မှလိုက်၍ ရွတ်ဆိုရင်း လေသံအတက်အကျကို မှတ်သားနေသည်။ သူ့ကို ကျောခိုင်းပြီး လမ်းလျှောက်နေသော ချင်ယန်ဇီ၏ မျက်နှာမှာမူ ပြုံးစိစိဖြစ်နေခဲ့သည်။
…
တောင်ပေါ်ကို ပြန်ရောက်တာ တစ်လပဲ ရှိသေးသဖြင့် ဝမ်ရှန်းသည် ပြန်ထွက်ရမည်ကို အနည်းငယ် စိတ်ပျက်နေမိသော်လည်း ခရီးစဉ်မှာ အခမ်းအနားတစ်ခု ကျင်းပပြီး သရဲနှင်ပေးရုံသာဖြစ်သဖြင့် သိပ်တော့ မခက်ခဲလှဟု ထင်ရသည်။ သို့သော် လီရှီဝူသည် အဘယ်ကြောင့် ချင်ယန်ဇီထံသို့ အကူအညီလာတောင်းရသနည်းဟု သူ တွေးနေမိသည်။ ရိုးရိုးသရဲနှင်ရုံသက်သက်ဆိုလျှင် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်က တပည့်တစ်ယောက်ယောက်က သူတို့ရဲ့ ဝိညာဉ်အသိစိတ်ကို သုံးပြီး လွင့်ပျံ့နေတဲ့ ဝိညာဉ်တွေကို နှင်ထုတ်နိုင်လေသည်၊၊
နောက်ကွယ်မှာ တခြားအကြောင်းရင်းများ ရှိနေသေးသလား….
ဝမ်ရှန်း အနည်းငယ် သံသယဝင်လာသည်။ သူ့ကို တစ်စုံတစ်ယောက်က တမင်ပစ်မှတ်ထားခြင်းက မဖြစ်နိုင်သော်လည်း ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
ထိုညတွင် လေ့ကျင့်မှုများ ပြီးဆုံးသွားသောအခါ သူသည် ပစ်ထားသည်မှာ ကြာပြီဖြစ်သော ကျောပိုးအိတ်ကို ပြန်ထုတ်လိုက်သည်။ နောက်တစ်နေ့ ဝတ်ဆင်ရန် လက်ရှည်ဝတ်စုံတစ်စုံကို သေသေချာချာ ခေါက်ထည့်လိုက်ပြီး တာအိုဝတ်စုံ အပြာရင့်ရောင်ကိုလည်း အိတ်ထဲ ထည့်လိုက်သည်။ ထို့ပြင် အားဖြည့်ဆေးလုံး အနည်းငယ်ကိုလည်း ထည့်လိုက်သည်။
ထို့နောက် အနက်ရှိုင်းဆုံးနားစွင့်သူဓားကို အဝတ်အမည်းဖြင့် ပတ်လိုက်သည်။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်က မေးမြန်းလာပါက ရှေးဟောင်းပစ္စည်း စုဆောင်းမှုတစ်ခုဟု အကြောင်းပြနိုင်သည်။ ကံကောင်းသည်မှာ သူတို့သည် ကိုယ်ပိုင်ယာဉ်ဖြင့် သွားကြမည် ဖြစ်သဖြင့် လုံခြုံရေးစစ်ဆေးမှုများကို စိတ်ပူစရာမလိုပေ။
အားလုံး ပြင်ဆင်ပြီးသောအခါ ဝမ်ရှန်းသည် ကုတင်ပေါ်တွင် လဲလျောင်းကာ မျက်နှာကြက်ကို ငေးကြည့်ရင်း အတွေးများထဲတွင် နစ်မျောနေသည်။
သရဲနှင်ရမှာပါလား...
“ဟေး”
တံခါးဝတွင် မုဝမ်ရွှမ်းက သူမ၏ ခေါင်းလေးကို ပြူထွက်လာပြီး ခေါ်လိုက်သည်။ တစ်နေ့ခင်းလုံး သူမကို မတွေ့ရဘဲ ဆရာဖြစ်သူ ပြောပြချက်အရ သူမသည် လိုအပ်သောပစ္စည်းအချို့ ဝယ်ယူရန် တောင်အောက်သို့ ဆင်းသွားသည်ဟု သိရသည်။ သူမကို တစ်ယောက်တည်း လွှတ်လိုက်ရန် ဆရာက ဘယ်လိုစိတ်ချသွားသည်ကို သူ တွေးမရပေ။
“ဘာကိစ္စလဲ စီနီယာအစ်မ”
သူမက သူ့ကို လာရန် လက်ဟန်ပြလိုက်သည်။ ဝမ်ရှန်းသည် အင်္ကျီမပါဘဲ ကုတင်ပေါ်က ဆင်းလိုက်စဉ်မှာပင် မုဝမ်ရွှမ်းက သူ့ကို အလျင်အမြန် တားဆီးကာ တံခါးဆီသို့ လက်ဟန်ခြေဟန်များဖြင့် အမြန်ပြလိုက်သည်။ သူ၏ ဝိညာဉ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်ရာ ရင်းနှီးသော မိန်းကလေးတစ်ယောက်၏ အော်ရာကို ခံစားလိုက်ရသည်။
“ဟုန်လင်းက ဒီကို ဘာလာလုပ်တာလဲ”