လက်ဆောင်
Vol. 4 Ch. 38
သုံးနှစ်တာ ဓားလေ့ကျင့်မှုကြောင့် ကျစ်လျစ်သန်မာနေသော သူ၏ ကိုယ်လုံးကို ဖုံးကွယ်ရန် အင်္ကျီတစ်ထည် ဝတ်လိုက်ပြီးနောက်တွင်မှ မုဝမ်ရွှမ်းက သူ့ကို အပြင်သို့ ဆွဲထုတ်သွားသည်။ ဟုန်လင်းက သူ့ကို အားနာစွာ ပြုံးပြရင်း သက်ပြင်းချလိုက်ရာ သူမ၏ လေသံထဲတွင် စိတ်မကောင်းဖြစ်နေသော အရိပ်အယောင်များ ပါဝင်နေသည်။
မုဝမ်ရွှမ်းသည် နေ့ခင်းပိုင်းက ဟုန်လင်းကို အဖော်စပ်ကာ တောင်အောက်သို့ ခေါ်သွားခဲ့ပုံရပြီး ညဉ့်နက်မှ သူတို့ ပြန်ရောက်လာကြခြင်း ဖြစ်သည်။ သူတို့ သွားခဲ့သည်မှာ ပျော်ပါးရန် မဟုတ်ဘဲ ပစ္စည်းများ ဝယ်ယူရန်ဖြစ်ပြီး ထိုပစ္စည်းများကို ဟုန်လင်းရှေ့ရှိ စက္ကူကတ်ထူသေတ္တာထဲတွင် ထည့်ထားသည်။
ဟုန်လင်းက သက်ပြင်းချလိုက်ပြီး “ဂျူနီယာမောင်လေး ဖေးယွီ၊၊ အထဲမှာ ဘာတွေပါလဲဆိုတာ ကြည့်လိုက်ပါဦး၊၊ နင်ရဲ့ စီနီယာအစ်မက သူ့ရဲ့ စုဆောင်းထားသမျှ ငွေတွေအကုန်လုံး အဲဒီအတွက်သုံးလိုက်တာ”
“အွန်း”
မုဝမ်ရွှမ်းကလည်း အလေးအနက်အမူယာဖြင့် ခေါင်းညိတ်ပြသည်။
ဝမ်ရှန်းသည် အထဲတွင် ဘာတွေပါဝင်မည်ကို ကြိုတင်ရိပ်မိနေသည်။ သူ တိတ်ဆိတ်စွာ လမ်းလျှောက်သွားပြီး ထိုင်ချကာ သေတ္တာကို ဖွင့်ကြည့်လိုက်သည်။ အထဲက ပစ္စည်းများကို မြင်လိုက်ရသည့်အခါ သူ ဘာမှမပြောနိုင်တော့ဘဲ နဖူးပေါ်တွင် စိတ်ပျက်နေသော အစင်းကြောင်းများ ပေါ်လာသည်။
အထဲတွင် ဒီဇိုင်းအမျိုးမျိုးဖြင့် ပြုလုပ်ထားသော အဆောင်အိတ်ငယ်လေး အချို့ ရှိနေသည်။ ၎င်းတို့မှာ တောင်ခြေက ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ တန်ဖိုးနည်း အဆောင်အတုလေးတွေဖြစ်ပြီး ဝူတန်းတောင်၏ အမှတ်တရပစ္စည်းတွေသာဖြစ်သည်။ ထို့ပြင် လက်သီးဆုပ်ခန့်ရှိသော ကြေးခေါင်းလောင်းလေးတစ်ခုလည်း ပါသည်။ ထိုခေါင်းလောင်းတွင် ချီစွမ်းအား အနည်းငယ် ခိုအောင်းနေသော်လည်း ၎င်းမှာ ဟောင်းနွမ်းနေပြီး အတော်လေး ပျက်စီးနေပြီ ဖြစ်သည်။ ထိုခေါင်းလောင်းလေး၏ နောက်တွင်မူ ခြင်္သေ့ခေါင်းလောက်ကြီးသည့် ပုတီးစေ့များပါဝင်သော ဗုဒ္ဓဘာသာပုတီးတစ်ကုံးလည်း ရှိနေသည်။ ပုတီးစေ့များမှာ ချောမွေ့ပြောင်လက်နေသော်လည်း ထိုထက်ပိုသော တန်ဖိုးတော့ မရှိပေ။
ပုတီးကုံးအောက်တွင် တံခါးစောင့်နတ်မင်းကြီးများ၏ ပုံများ၊ သုံးလက်မခန့် ရှည်သော မဟော်ဂနီဓားငယ်လေးတစ်လက်နှင့် ငွေရောင်လည်ဆွဲတစ်ကုံးတို့ ပါဝင်သည်။
ဝမ်ရှန်းက လည်ဆွဲကို ထုတ်ကြည့်လိုက်ရာ သိသာလွန်းသော လက်ဝါးကပ်တိုင် ဆွဲသီးကို မြင်လိုက်ရသည့်အခါ သူ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း စကားလုံးများမှာ ထွက်မလာတော့ပေ။
ဟုန်လင်းက ကြားဖြတ်ပြောလိုက်သည်၊၊
“ဝမ်ရွှမ်းက ဒါတွေကို သရဲနှင်တဲ့ ကိရိယာတွေအဖြစ် သေသေချာချာ ရွေးချယ်ထားတာနော်… နင်ကန့်ကွက်လို့ မရဘူး”
သူမ၏ လေသံအရ သူ၏ စီနီယာအစ်မကို မဝေဖန်ရန် ပြောနေခြင်း ဖြစ်သည်။
ဝမ်ရှန်းက ဘာမှမတတ်နိုင်ပဲ ရယ်မောလိုက်မိသည်။ ဗုဒ္ဓ၊ ယေရှုနှင့် အစစ်မှန်သူတော်စင်သုံးပါး၏ အထိမ်းအမှတ်ပစ္စည်းများကို သေတ္တာတစ်လုံးထဲ စုစည်းထားခြင်းက အနည်းငယ် လွန်ကဲနေသော်လည်း စီနီယာအစ်မသည် သူ့ကို စိတ်ပူသဖြင့် အားစိုက်ထုတ်ထားခြင်းဖြစ်ကြောင်း သူ သိသည်။ သူမအတွက်တော့ ကျင့်ကြံခြင်းနှင့် ဤဘာသာရေးအထိမ်းအမှတ်ပစ္စည်းများမှာ သိပ်ပြီး မကွာခြားလှပေ။
ဝမ်ရှန်းက ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့ စီနီယာအစ်မ၊ ဒါတွေကို မနက်ဖြန် ကျွန်တော်နဲ့အတူ ယူသွားပါ့မယ်”
“အွန်း”
တစ်ခုခုကို သတိရသွားပုံရသော မုဝမ်ရွှမ်းသည် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားပြီး ခဏအကြာတွင် ကြက်သွန်ဖြူတစ်တွဲကို ကိုင်ကာ ပျော်ရွှင်စွာ ပြန်ထွက်လာသည်။ ဝမ်ရှန်းနှင့် ဟုန်လင်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ မုဝမ်ရွှမ်းကတော့ ဘာမှနားမလည်သလို မျက်တောင်လေးခတ်ကာ ကြည့်နေသည်။
ထိုပစ္စည်းများက မည်မျှပင် အားကိုးမရသော်လည်း ဝမ်ရှန်းက ကြက်သွန်ဖြူမှလွဲ၍ ကျန်သည့်အရာများကို ယူသွားရန် ဆုံးဖြတ်လိုက်သည်။ ခရမ်းရောင်တိမ်တိုက်ကျောင်းက ထမင်းစားဆောင်က အစားအစာတွေက သိပ်ပြီး အရသာမရှိသဖြင့် ကြက်သွန်ဖြူကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးနေရသည်။ ထို့ပြင် သူသွားရမည့် တာဝန်က သရဲနှင်ရန်ဖြစ်ပြီး ဗန်ပိုင်းယားများကို တိုက်ရန် မဟုတ်သဖြင့် ကြက်သွန်ဖြူက သိပ်ပြီး အသုံးမဝင်လှပေ။
ဟုန်လင်းကို ပြန်လိုက်ပို့ပြီးနောက် ဝမ်ရှန်း ပစ္စည်းများ ထုပ်ပိုးနေသည်ကို ကြည့်ကာ မုဝမ်ရွှမ်းသည် သက်ပြင်းချလိုက်သည်။ ထို့နောက် ဝမ်ရှန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
ဝမ်ရှန်းက တမင်တကာပင် ရဲရင့်တည်ငြိမ်သော အမူအရာကို လုပ်ပြလိုက်ပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ စီနီယာအစ်မ… ဆရာက ကျွန်တော့်ကို သရဲနှင်တဲ့ ဂါထာ သင်ပေးထားတယ်… နှစ်တစ်ထောင် မကောင်းဆိုးဝါးဝိညာဉ်နဲ့ တွေ့ရင်တောင် ကျွန်တော် ရင်ဆိုင်နိုင်ပါတယ်”
မုဝမ်ရွှမ်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဆုတ်သွားပြီး သူမက ရှေ့သို့ ပြေးလာကာ ဝမ်ရှန်း၏ အင်္ကျီလက်ကို ဆွဲကာ ငိုတော့မလို ဖြစ်သွားသည်။
သူမ၏ အမူယာကြောင့် ဝမ်ရှန်းလည်း အလျင်အမြန် တောင်းပန်လိုက်ပြီး နောက်နေခြင်းဖြစ်ကြောင်း ပြောလိုက်ရသည်။
သူသည် အနီးနားက မြို့နယ်တစ်ခုဖြစ်သော လီရှီဝူ၏ ဇာတိရွာသို့ သွားကာ အခမ်းအနားတစ်ခု လုပ်ပေးရုံသာ ဖြစ်သည်။ သရဲနှင်ရမည့် နေရာမှာ ဝူတန်းတောင်သို့ အလှူငွေ အမြောက်အမြား လှူဒါန်းထားသော သူဌေးကြီးတစ်ဦး၏ အိမ်ပင် ဖြစ်သည်။ မုဝမ်ရွှမ်းက အကြောင်းအမျိုးမျိုးကြောင့် မလိုက်နိုင်သဖြင့် လီရှီဝူက ကျိုးရင်လောင်နှင့် ဝမ်ရှန်းတို့ကို သူနှင့်အတူ လိုက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သူဌေးကြီး၏ အိမ်သို့ ရောက်သောအခါ လီရှီဝူက လူမှုရေးကိစ္စများကို ကိုင်တွယ်မည်ဖြစ်ပြီး ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့က သရဲနှင်သည့် ကိစ္စကို လုပ်ဆောင်ရမည်၊၊
သရဲတွေ့ရင် နှင်ထုတ်မည်၊ မတွေ့ရင်တော့ အိမ်ပြန်ကြမည်ဖြစ်သည်။ ထို့ပြင် တပည့်နှစ်ယောက်လုံးအတွက်လည်း ဆုလာဘ်များရရှိမည် ဖြစ်သည်။ ဤမျှ ရိုးရှင်းသော်လည်း လီရှီဝူက ချင်ယန်ဇီထံတွင် အကူအညီ တောင်းရခြင်းမှာ တစ်ခုခုထူးခြားနေသည်ဟု ဝမ်ရှန်းက ထင်နေမိသည်။ ဝမ်ရှန်းသည် ယခင်ဘဝက သူ မည်သို့ သေဆုံးခဲ့ရသည်ကို မမေ့သေးဘဲ ယခုအချိန်တွင်မူ သူ ဘာလုပ်လုပ် ပို၍ ဂရုစိုက်တတ်လာသည်။ လီရှီဝူက သူ့ကို တမင်တကာ ဒုက္ခပေးမည်ဟု မထင်သော်လည်း အချို့သော သတင်းအချက်အလက်များကို ဖုံးကွယ်ထားသည်ဟု သူ သံသယဝင်နေမိသည်။
ထိုညတွင် ဝမ်ရှန်းသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားသော်လည်း မုဝမ်ရွှမ်းမှာမူ ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း အိပ်မပျော်နိုင်ဖြစ်နေသည်။ သူမသည် ပစ္စည်းများကို ထုပ်ပိုးကာ သူမ၏ ဂျူနီယာမောင်လေးနှင့်အတူ လိုက်သွားရန် အကြိမ်ကြိမ် စဉ်းစားမိသော်လည်း တီဗွီထဲက သို့မဟုတ် ရေတွင်းထဲကနေ ဆံပင်ဖားလျားနဲ့ ထွက်လာတဲ့ သရဲတွေကို မြင်ယောင်လိုက်တိုင်း သူမ တုန်ယင်သွားမိသည်။
သူ့ရဲ့ ဓားသိုင်းက အရမ်းကောင်းတာပဲ၊ သူ ကိုင်တွယ်နိုင်မှာပါ၊ သူ ဘာမှမဖြစ်မှာ သေချာပါတယ်...
ဝူးး။
လေတိုးသံက ပြတင်းပေါက်ကြားမှ တိုးဝင်လာပြီး မှန်ချပ်များကို တုန်ခါသွားစေသည်။ တစ်ချိန်တည်းမှာပင် တောအုပ်ထဲမှ အမည်မသိ ညငှက်တစ်ကောင်၏ အော်သံကလည်း ပို၍ခြောက်ခြားဖွယ်ကောင်းလာသည်။
ဂစ် ဂစ်
မုဝမ်ရွှမ်း တုန်ယင်သွားပြီး စောင်ကို တင်းတင်းခြုံလိုက်သော်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့်နှင့်ပင် အအေးဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။
ထိုအချိန်တွင် သူမ အကြံတစ်ခုရလာသည်။ သူမသည် စောင်ကို ဆွဲကာ လျှပ်လက်သကဲ့သို့ လျင်မြန်စွာ ဘေးအခန်းသို့ ပြေးဝင်သွားသည်။ အိပ်ပျော်နေသော ဝမ်ရှန်းသည် တစ်ခုခုက သူ့ကို လာတိုက်မိသလို ခံစားလိုက်ရပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ “စောင်ဝိညာဉ်” တစ်ခုက သူ့ဘေးတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
“စီနီယာအစ်မလား”
“အွန်း”
“ဘာမှမဖြစ်ပါဘူး… ဒီမှာပဲ အိပ်လိုက်ပါ၊၊ ကျွန်တော်ကလည်း မနက်ဖြန် မနက်အစောကြီး ထရမှာဆိုတော့”
“အွန်း”
ဝမ်ရှန်းက သူမအတွက် နေရာပိုရအောင် တစ်ဖက်သို့ တိုးပေးလိုက်ပြီး ပြန်အိပ်လိုက်သည်။
….
နောက်တစ်နေ့ မနက်တွင် ဝမ်ရှန်း နိုးလာသောအခါ မုဝမ်ရွှမ်းသည် သူတို့ကြားတွင် စောင်ပါးလေး နှစ်ထပ်ခြားထားသည်ကို သတိပြုမိသည်။ သို့သော်လည်း သူမသည် ဝမ်ရှန်း၏ ကျောဘက်တွင် ကပ်လျက် ရှိနေပြီး လက်များကို ရင်ဘတ်ပေါ်တွင် ယှက်ထားသည်။ ဝမ်ရှန်း ပြုံးလိုက်ပြီး ညင်သာစွာ ထလိုက်သည်။
သူ လှုပ်ရှားလိုက်သည်နှင့် မုဝမ်ရွှမ်းက မျက်လုံးဖွင့်ကြည့်လာသည်။ သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ သူမသည် ဝမ်ရှန်း၏ စီနီယာအစ်မဖြစ်သော်လည်း မနေ့ညက လေတိုက်သံကို ကြောက်လွန်းသဖြင့် သူမ၏ ဂျူနီယာမောင်လေးထံတွင် လာရောက် ခိုလှုံခဲ့ရခြင်းမှာ အတော်လေးကို အရှက်ရစရာဖြစ်နေသည်။ ကံကောင်းသည်မှာ သူမ၏ ဂျူနီယာမောင်လေးက တကယ်ကို အားကိုးရသူဖြစ်နေခြင်းပင် ဖြစ်သည်။
နေမထွက်မီမှာပင် ဝမ်ရှန်းသည် ကျောပိုးအိတ်ကို လွယ်ကာ အဝတ်ပတ်ထားသော အနက်ရှိုင်းဆုံးနားစွင့်သူဓားကို ကိုင်လိုက်သည်။ စီနီယာအစ်မ၏ လိုက်ပို့မှုဖြင့် သူသည် တောင်တံခါးဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ကွမ်လုံဘုရားကျောင်းသို့ ရောက်သောအခါ ဝမ်ရှန်းက မုဝမ်ရွှမ်းကို ပြန်ရန် ပြောလိုက်သည်။ သူမက နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့ကို သွားရန် လက်ဟန်ပြလိုက်သည်။
ဒါက ဘာလို့ ခင်ပွန်းဖြစ်သူ စစ်ထွက်တာကို လိုက်ပို့နေတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ပုံရိပ်မျိုးကို သတိရသွားစေတာလဲ… နေပါဉီး အာ့လိုဇာတ်ကွက်မျိုးဆို ခင်ပွန်းက ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးမလား….။
ဝမ်ရှန်းက သူမကို ပြုံးပြရင်း လက်ပြကာ ပေါ့ပေါ့ပါးပါးလျှောက်သွားလိုက်သည်။
မုဝမ်ရွှမ်းသည် သူ တောအုပ်ထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ခြံဝင်းလေးသို့ ပြန်လာခဲ့သည်။ နှစ်ပေါင်းများစွာ အတူနေလာခဲ့သဖြင့် သူမ၏ ဂျူနီယာမောင်လေး ရုတ်တရက် ထွက်သွားခြင်းက သူမကို ရင်ထဲတွင် ဟာတာတာကြီး ဖြစ်ကျန်ရစ်စေတော့သည်။