အခန်း (၃၅၃-၃၅၄)
Vol. 36 Ch. 353-354
အခန်း (၃၅၃) - တွမ်ဖုန်း အောင်မြင်စွာ အဆင့်တက်နိုင်ခြင်း
“ဝိညာဉ်ကျောက်တုံး နည်းနည်းပေးရုံနဲ့ ငါ သူတို့ကို မင်းအတွက် ရှင်းပေးမယ်”
ရိုးသားဖြူစင်လှသော လော့ချန်သည် ဤမျှ ပွင့်လင်းလွန်းပြီး သတ်ဖြတ်လိုစိတ် အပြည့်ရှိသော စကားကို ကြားလိုက်ရသောအခါ သူ၏ နှလုံးသားငယ်လေးမှာ အကြီးအကျယ် တုန်လှုပ်သွားရသည်။
‘ထျန်းလန်နတ်ဘုရားမြို့တော်ကလူတွေက ဒီလောက်တောင် ပွင့်လင်းကြတာလား’
သူ မမေးဘဲ မနေနိုင်တော့ပေ။
“မင်းက သူတို့နဲ့ ရန်ငြိုးရှိလို့လား”
ချူခွေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း “မရှိပါဘူး.... အရင်ကလည်း ရန်ငြိုးမရှိဘူး၊ အခုလည်း ရန်ငြိုးမရှိဘူး" ဟု ပြန်ဖြေသည်။
“ဟမ်.... ဒါဆို ဘာလို့လဲ....”
“ဟဲဟဲ.... ဒါက သူတစ်ပါး အခက်အခဲကို ကူညီပေးတာပဲလေ၊ မင်းမှာ ဒီလို လက်သွေးစွန်းခံမယ့်လူမျိုး မလိုဘူးလား”
ချူခွေးကို ရင်ဘတ်ကို ပုတ်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
“ပြောနေကြာတယ်၊ ဒီကိစ္စကို ငါ့ကိုသာ အပ်လိုက်၊ မင်း နောက်ထပ် ဘာမှပူစရာမလိုတော့ဘူး”
လော့ချန် ခေါင်းခါလိုက်သည်။ သူနှင့် ထိုအဖွဲ့အစည်းနှစ်ခုကြားတွင် ဓားမိုး၊ လှံမိုး ရွာရလောက်သည်အထိ ရန်ငြိုးမကြီးသေးပေ။ စီမာဟွေ့နန်၏ ကြိုးစားမှုကြောင့် ကန်းမျိုးနွယ်စုနှင့် ဆက်ဆံရေးမှာ ပြန်လည် ပြေလည်စပြုနေပြီ ဖြစ်သည်။ မကြာမီတွင် ကန်းမျိုးနွယ်စုသည် ပိယိုတောင်ကြားသို့ပင် ပြန်လည် ခြေချလာတော့မည် ဖြစ်သည်။ ရှန်ကုန်းဂိုဏ်းမှာလည်း မျက်နှာပျက်သွားသည်မှလွဲ၍ ထိခိုက်မှု မရှိခဲ့ပေ။ အကယ်၍ ထိုမျှလောက်နှင့် တိုက်ပွဲကြီး ဆင်နွှဲရမည်ဆိုလျှင် ကျင့်ကြံသူများသည် ကျင့်ကြံခြင်းကို စွန့်လွှတ်ပြီး နေ့စဉ်နေ့တိုင်း လက်နက်များနှင့် သွေးချောင်းစီးနေကြရပေလိမ့်မည်။
သို့သော် ကြိုတင်ကာကွယ်မှုများတော့ လုပ်ထားရပေမည်။ လောလောဆယ်တွင် လော့ထျန်းအဖွဲ့သည် ပြန်လည်တည်ဆောက်ခြင်း၊ အင်အားစုဆောင်းခြင်းနှင့် အခြေခံအုတ်မြစ်ချခြင်းတို့ကိုသာ အာရုံစိုက်နေသည်။ ဤအရေးကြီးသော ကာလကိုသာ ကျော်ဖြတ်နိုင်လျှင် ထျန်းလန်နတ်ဘုရားမြို့တော်တွင် အမြစ်တွယ်နိုင်တော့မည် ဖြစ်သည်။ ဤအချိန်တွင် ရန်သူအသစ်များ ရှာဖွေခြင်းမှာ မိုက်မဲရာ ရောက်ပေလိမ့်မည်။ လော့ချန် ငြင်းပယ်လိုက်သည်ကို မြင်သောအခါ ချူခွေး၏ မျက်နှာထက်ဝယ် စိတ်ပျက်မှုများ ထင်ဟပ်သွားသည်။
လော့ချန် ချက်ချင်းပင် မေးလိုက်သည်။
“မိတ်ဆွေချူခွေးက ဒီလောက်.... လက်ရဲဇက်ရဲ ဖြစ်နေတာဆိုတော့ ထျန်းလန်နတ်ဘုရားမြို့တော်မှာ အကူအညီလိုတဲ့သူတွေ အများကြီးရှိမှာပဲ၊ ဘာလို့ ငါ့ဆီကိုမှ ရောက်လာတာလဲ”
ချူခွေးက မဆိုင်းမတွပင် ပြန်ဖြေသည်။
“အဲဒါကတော့ မင်းတို့အဖွဲ့က ငါ့ကို ငှားဖို့တတ်နိုင်လောက်မယ် ထင်လို့ပေါ့”
လော့ချန် မျက်မှောင်ကြုတ်သွားသည်။
ချူခွေးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ထိုက်ပိုင်အရက်ကို ခွက်ထဲသို့ ထပ်ဖြည့်လိုက်သည်။
“စပ်စုတာတော့ မဟုတ်ပါဘူး မိတ်ဆွေလော့ရာ.... မင်းရဲ့ ပုံစံကို ကြည့်ရတာ ဆင်းဆင်းရဲရဲ ရုန်းကန်နေရတဲ့သူနဲ့ မတူဘူးလေ”
“ဟမ်.... ဘယ်လိုကြောင့်....”
ချူခွေးက တောင်ကမ်းပါးယံသို့ လက်ညှိုးထိုးပြလိုက်သည်။
“ထျန်းလန်နတ်ဘုရားမြို့တော်ကို စရောက်ချင်းမှာပဲ ဒုတိယတန်းစား အဆင့်နိမ့် ဂူဗိမာန်ကို ငှားတယ်၊ နောက်ပြီး ဒုတိယတန်းစား အဆင့်မြင့် ဂူဗိမာန်ကိုတောင် ကြိုတင်စာရင်းသွင်းထားသေးတယ်၊ ဆင်းရဲတဲ့ ကျင့်ကြံသူတစ်ယောက်က ဒီလို မသုံးနိုင်ဘူးလေ”
လော့ချန် နားလည်မှုရှိရှိ ခေါင်းညိတ်လိုက်သည်။ သူ ထျန်းလန်နတ်ဘုရားမြို့တော်သို့ ရောက်ရှိလာစဉ်က လုပ်ဆောင်ချက်များမှာ သိုသိုသိပ်သိပ် မရှိလှသည်ကို သူသိသည်။ စပ်စုလိုစိတ်ရှိသူ မည်သူမဆို စုံစမ်းရုံဖြင့် သိနိုင်သည်။ ၎င်းက သူ၏ ‘သိုသိုသိပ်သိပ် နေရမည်’ ဟူသော မူနှင့် ဆန့်ကျင်နေသော်လည်း သူသည် ယခုအခါ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး မဟုတ်တော့ပေ။ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေသူ ဖြစ်နေလေပြီ။ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ရာတွင် တစ်ကိုယ်တော် ကျင့်ကြံသူကဲ့သို့ အမြဲ ပုန်းလျှိုးကွယ်လျှိုး လုပ်၍မရပေ။ တစ်ခါတစ်ရံတွင် အင်အားနှင့် ငွေကြေးကို ထုတ်ပြမှသာ သူတစ်ပါး၏ လေးစားမှုကို ရရှိမည် ဖြစ်သည်။
“ဒါဆိုရင် မင်း ရှန်ကုန်းဂိုဏ်းဆီကို ဘာလို့ မသွားတာလဲ၊ သူတို့ဆီက ငွေယူပြီး ငါ့ကို လာတိုက်လို့ ရတာပဲ မဟုတ်လား”
ချူခွေး နှာခေါင်းရှုံ့လိုက်သည်။
“ချီးပဲ…. အဲ့ငမွဲတွေက ငါ့ကို စရန်တောင် ပေးနိုင်မှာမဟုတ်ဘူး”
လော့ချန် စိတ်ဝင်စားသွားသည်။
“ဒါဆို ချူခွေး.... မင်းရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ”
ချူခွေး၏ မျက်လုံးများမှာ ဝိညာဉ်ကျောက်တုံးများကို မြင်နေရသကဲ့သို့ ဝင်းလက်သွားသည်။
“မများပါဘူး၊ ရှန်ကုန်းဂိုဏ်းလို အခြေတည်အစောပိုင်းအဆင့် ကျင့်ကြံသူ ဦးဆောင်တဲ့ အဖွဲ့မျိုးဆိုရင် တစ်သိန်း၊ ဝိညာဉ်ကျောက်တုံး တစ်သိန်းပေးရင် တစ်ကြိမ် ကူညီပေးတယ်လေ”
“အခြေတည် အလယ်ပိုင်းအဆင့်ဆိုရင် နှစ်သိန်း”
“အဆင့်မြင့် ကျင့်ကြံသူတွေဆိုရင်တော့ ဈေးနှုန်းကို သီးသန့် ညှိနှိုင်းရမယ်၊ သူတို့မှာ ဘာရတနာတွေ ရှိလဲ၊ နောက်ခံက ဘယ်သူလဲ ဆိုတာပေါ် မူတည်တာပေါ့၊ အတိုချုပ် ပြောရရင်.... ဝိညာဉ်ကျောက်တုံးသာပေး၊ ဘယ်ကောင်ကိုမဆို အမှုန့်ကြိတ်ပေးမယ်”
လော့ချန်မှာ ကြောင်အသွားရသည်။
‘လူသတ်ခတောင် ဒီလောက် တိတိကျကျ ရှိတာလား’
ဈေးနှုန်းမှာ မသေးလှပေ။ သာမန် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်အတွက် ဝိညာဉ်ကျောက်တုံး တစ်သိန်း၊ နှစ်သိန်းဆိုသည်မှာ တစ်သက်လုံး စုဆောင်းရမည့် ပမာဏ ဖြစ်သည်။
လော့ချန် အရက်တစ်ငုံ သောက်လိုက်ပြီး အားယူကာ မျိုချလိုက်သည်။ ထို့နောက် အလွတ်ဖြစ်သွားသော ခွက်ကို စားပွဲပေါ်သို့ ညင်သာစွာ ချလိုက်ပြီးနောက် ချူခွေးကို အကဲခတ်သည့်အကြည့်ဖြင့် မေးလိုက်သည်။
"အင်း…. မင်း ပုံမှန်ဆို အသက်မွေးဝမ်းကျောင်းအတွက် ဘာလုပ်လဲ"
ချူခွေး သက်ပြင်းချကာ ရေရွတ်လိုက်သည်။
"ဘာလုပ်ရမှာလဲ၊ ငါ့မှာက တိုက်ခိုက်ရေး ကျွမ်းကျင်မှုကလွဲလို့ တခြား ပါရမီမှ မရှိတာ၊ အဲ့တော့ အဆုံးအဖြတ်စင်မြင့်က ဆုကြေးတွေ၊ ကျင့်ကြံသူ မျိုးနွယ်စုလေးတွေရဲ့ အခကြေးငွေပေးရတဲ့ ကိုယ်ရံတော်အဖြစ် လုပ်တာနဲ့ တစ်ခါတလေ ရန်သူဖမ်းဆီးပေးတဲ့ ဆုကြေးတွေနဲ့ပဲ ရုန်းကန်နေရတာပါ၊ ဒါတွေအားလုံးက သွေးနဲ့ ချွေးနဲ့ ရင်းထားရတဲ့ ငွေတွေပဲ"
လော့ချန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
‘အေးပါကွာ.... သွေးနဲ့ ချွေးနဲ့ပါ၊ မင်းက ချွေးထွက်၊ ဟိုဘက်ကတော့ သွေးထွက်ပေါ့’
လော့ချန်သည် တိုက်ပွဲများကို တောင့်တနေသူ မဟုတ်ကြောင်း ချူခွေး သိသွားလေပြီ။ လော့ချန်သည် ထက်မြက်ပြီး တွက်ချက်တတ်သူ ဖြစ်သော်လည်း သွေးဆာနေသူ မဟုတ်ပေ။ ဆိုလိုသည်မှာ ယနေ့ စီးပွားရေး အဆင်မပြေနိုင်တော့ပေ။ လော့ချန်က ဆုံးဖြတ်ချက် ချပြီးသား ဖြစ်ရာ မိမိ မည်မျှပင် စည်းရုံးစေကာမူ စိတ်ပြောင်းလိမ့်မည် မဟုတ်ပေ။
"မိတ်ဆွေလော့တို့လို အဖွဲ့အစည်းနဲ့ သူတွေက ငါတို့လို တစ်ကိုယ်တော် ကျင့်ကြံသူတွေရဲ့ ဘဝနဲ့ မတူဘူး၊ ပိုပြီး ရှုပ်ထွေးတယ်၊ တစ်ချိန်မဟုတ် တစ်ချိန်တော့ မင်း အခက်တွေ့မှာပဲ၊ အဲဒီအခါကျရင် ငါ့ကိုသာ ဆက်သွယ်လိုက်”
လော့ချန် သဘာဝကျကျပင် သဘောတူလိုက်သည်။ ချူခွေးလို ပါရမီရှင်တစ်ဦးနှင့် ဆက်ဆံရေး တည်ဆောက်ထားခြင်းမှာ မမှားလှပေ။ ထို့ပြင် ချူခွေးသည် အခြားဘာမျှ တောင်းဆိုသည်မဟုတ်ဘဲ ဝိညာဉ်ကျောက်တုံးများသာ တောင်းဆိုခြင်းဖြစ်သည်။ ဝိညာဉ်ကျောက်တုံးနှင့် ဖြေရှင်းနိုင်သော ကိစ္စမှာ ပြဿနာမဟုတ်ပေ။ ဆေးဖော်လုပ်ငန်း အရှိန်ရလာသည်နှင့်အမျှ ဝိညာဉ်ကျောက်တုံးမှာ သူ့အတွက် ပြဿနာ မဟုတ်ပေ။ လော့ချန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချူခွေးက တစ်စုံတစ်ရာကို သတိထားမိသဖြင့် လှည့်ကြည့်လိုက်သည်။
လော့ချန်လည်း ချူခွေးကြည့်ရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ပတ်ဝန်းကျင်ရှိ မြူနှင်းများမှာ ရုတ်တရက် ပါးလွှာသွားသည်။ စိုစွတ်သော လှိုင်းတစ်ခုမှာ အပြင်ဘက်သို့ ပြန့်ကားလာပြီး တောင်ကမ်းပါးယံတစ်ဝိုက် အားကောင်းလှသော စွမ်းအင်သစ်တစ်ခု ထွက်ပေါ်လာသည်။
“ဘယ်ကံကောင်းသူလေးက အခြေခံတည်ဆောက်ခြင်း အောင်မြင်သွားတာလဲ”
ချူခွေးက အံ့ဩတကြီး ရေရွတ်လိုက်သည်။
လော့ချန် ရုတ်တရက် မက်တပ်ရပ်လိုက်သည်။
“တောင်းပန်ပါတယ်.... ဒီနေ့တော့ ဒီလောက်နဲ့ပဲ နှုတ်ဆတ်လိုက်ပါတယ်”
ချူခွေးက မျက်ခုံးပင့်လိုက်ပြီး ချက်ချင်းပင် အခြေအနေကို သဘာပေါက်သွားသည်။
“ကောင်းပါပြီ၊ ကံပါရင် ပြန်ဆုံကြတာပေါ့ဗျာ”
“ဒါပေါ့ဗျာ၊ နောက်တစ်ခါကျရင် ငါက ဧည့်ခံပါမယ်”
ချူခွေးသည် လက်အုပ်ချီ နှုတ်ဆက်ပြီးနောက် တိုးဝင်လာသော စွမ်းအင်လှိုင်းကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး သူ၏ ဖြူလွလွ တိမ်တိုက်ကို စီးနင်းကာ ထွက်ခွာသွားတော့သည်။ “ဝိညာဉ်ကျောက်တုံးသာပေး၊ အကုန်လုံးကို အမှုန့်ကြိတ်ပေးမယ်” ဆိုသော စကားကိုမူ ပြောဖြစ်အောင် ထပ်ပြောသွားခဲ့သေးသည်။
....
ချူခွေး ထွက်သွားပြီးနောက်....။
လော့ချန်သည် မျက်နှာချင်းဆိုင် တောင်ကမ်းပါးယံတွင်ရှိသော သီးသန့် ဂူဗိမာန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
“အစ်ကိုတွမ်”
လွန်ခဲ့သော ခဏလေးကပင် တွမ်ဖုန်းသည် အခြေတည်အဆင့် တက်လှမ်းခြင်း အောင်မြင်သည့် အရှိန်အဝါကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် သူ၏ အောင်မြင်မှုအတွက် နောက်ဆုံး အရေးကြီးဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤအချိန်တွင် အနှောင့်အယှက် တစ်စုံတစ်ရာ မရှိရန် အရေးကြီးဆုံး ဖြစ်သည်။ သို့တိုင် သီးသန့်နေရာကို ရွေးချယ်ထားသော်လည်း ထျန်းလန်တောင်ထိပ်သည် လူသူကင်းမဲ့သော နေရာ မဟုတ်ပေ။ ကျင့်ကြံသူ အပေါင်းမှာ တောင်စောင်းတွင် ပြည့်နှက်နေရာ တစ်စုံတစ်ဦးက သတိထားမိမည်မှာ သေချာသည်။
ချူခွေးသည် ၎င်းကို ချက်ချင်း သတိပြုမိခဲ့သည်။ လော့ချန်သည်လည်း သူ၏ အားကောင်းလှသော ဝိညာဉ်အသိစိတ်ကြောင့် ချက်ချင်းပင် သတိပြုမိခဲ့သည်။ ယခုအခါ စွမ်းအင်လှိုင်းမှာ ပိုမို ကျယ်ပြန့်လာသည်နှင့်အမျှ ကျင့်ကြံသူ ပိုများလာပြီး သတိထားမိလာကြသည်။ ဝိညာဉ်အသိစိတ် မျှင်တန်းများမှာ အရပ်မျက်နှာ အသီးသီးမှ ထွက်ပေါ်လာပြီး မူလဇစ်မြစ်ကို ရှာဖွေရန် စူးစမ်းလာကြသည်။
လော့ချန်၏ မျက်ခုံးများ တွန့်သွားကာ ရှောင်လင်းအား ဂူဗိမာန်ကို စောင့်ရန် အမိန့်ပေးလိုက်ပြီး ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်လိုက်သည်။ သူသည် တွမ်ဖုန်း၏ ဂူဗိမာန်ရှေ့သို့ ချက်ချင်း ရောက်သွားသည်။ ယခုအချိန်တွင် တခြားသူများ၏ ဝိညာဉ်အသိစိတ်များက စပ်စုရန် ရောက်ရှိလာကြသည်။ လော့ချန်သည် သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ချီစွမ်းအင်ကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိပေးလိုက်သည်။
“မိတ်ဆွေတို့.... ကြည့်စရာ ဘာမှမရှိဘူး၊ မြို့တော်ရဲ့ စည်းကမ်းအရ တခြားသူ ကျင့်ကြံနေတာကို နှောင့်ယှက်ခွင့် မရှိဘူး၊ အားလုံး ပြန်ကြပါ”
လော့ချန်၏ သတိပေးမှုကြောင့် စပ်စုနေသော ဝိညာဉ်အသိစိတ်များအားလုံး ပြန်လည် ဆုတ်ခွာသွားကြသည်။ တောင်ပေါ်တွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသဖြင့် မည်သူမျှ ပြဿနာ မရှာရဲကြပေ။
ဝိညာဉ်အသိစိတ်များ ပြန်ဆုတ်သွားသည့်အခါမှ လော့ချန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်သည်။ အားကောင်းသော ဝိညာဉ်အသိစိတ် ရှိသော်လည်း ကျင့်ကြံသူ အများအပြား၏ တစ်ပြိုင်နက်တည်း စူးစမ်းမှုကို ခံရခြင်းမှာ အသက်ရှူ ကျပ်စရာ ကောင်းလှသည်။ ထိုအထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်းနှင့် နှောင်းပိုင်း ကျင့်ကြံသူများ ပါဝင်နေသည်မှာ သေချာသည်။
သူ ခေါင်းလှည့်လိုက်ပြီး တွမ်ဖုန်း၏ ဂူဗိမာန်ကို စိုက်ကြည့်ကာ ဝင်သွားလိုစိတ်ကို အောင့်ထားလိုက်သည်။ ဤကဲ့သို့သော အချိန်တွင် ဝင်ရောက်စွက်ဖက်ခြင်းကို တားမြစ်ထားသည်။ သူ ကိုယ်တိုင် အဆင့်တက်လှမ်းစဉ်က နန်ကုန်းကျင်း သူ့ဆီသို့ လာရန် ကြိုးစားခဲ့ပုံကို သူ မှတ်မိနေသေးသည်။ ထိုစဉ်က ဝမ်ယွမ် ကိုယ်တိုင် တားဆီးပေးခဲ့ခြင်း ဖြစ်သည်။
ယခုအခါ တွမ်ဖုန်းအတွက် အစောင့်အရှောက်အဖြစ် လုပ်ဆောင်ပေးရမည့် အလှည့်မှာ မိမိ ဖြစ်နေသည်။
"မကြာခင် အောင်မြင်လောက်ပါတယ်" ဟု လော့ချန် တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ဂူဗိမာန် အပြင်ဘက်တွင် ဘေးကင်းစေရန်အတွက် နောက်ထပ် ကာကွယ်ရေး အစီအရင်တစ်ခုကို တိတ်တဆိတ် အသက်သွင်းထားလိုက်သည်။
....
သုံးရက်အကြာတွင်....။
ရှည်လျားသော အော်ဟစ်သံတစ်သံမှာ လေထုကို ခွင်းကာ ထွက်ပေါ်လာသည်။ တိုတောင်းပြီး စူးရှသော ထိုအသံမှာ တောင်ထိပ်တစ်ဝိုက် ဟိန်းထွက်သွားပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
တွမ်ဖုန်း၏ ဂူဗိမာန်အတွင်း၌ လော့ချန်နှင့် တွမ်ဖုန်းတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ တွမ်ဖုန်း ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ချီစွမ်းအင်များမှာ အသစ်စက်စက်ဖြစ်ပြီး အလွန်ထက်မြက်လှသည်။ လော့ချန်၏ နှုတ်ခမ်းထက်တွင် ကျေနပ်သော အပြုံးတစ်ခုပေါ်လာသည်။
“ဂုဏ်ယူပါတယ်.... ရှောင်တွမ်” လော့ချန် ပြုံးရင်း ပြောလိုက်သည်။
ရှောင်တွမ် ဟူသော အခေါ်အဝေါ်ကြောင့် တွမ်ဖုန်း အနည်းငယ် မျက်နှာပျက်သွားသော်လည်း ပြုံး၍ပင် ပြန်ပြောသည်။
“နောက်ဆုံးတော့ အခြေခံတည်ဆောက်နိုင်ခဲ့ပြီ”
ထိုစကားတစ်ခွန်းထဲတွင် သူ၏ ရှည်လျားခါးသီးလှသော ရုန်းကန်မှုကြီးများ ပါဝင်နေသည်။ အခြေတည်အဆင့်သို့ ရောက်ရန် လမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသော ပင်ပန်းမှု၊ ဇွဲလုံ့လနှင့် ဆင်းရဲဒုက္ခများ အားလုံး ပါဝင်နေသည်။
လော့ချန် ဂုဏ်ပြုသည့်အနေဖြင့် အရက်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ခွက်ချင်းတိုက်ပြီးနောက် တွမ်ဖုန်းက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
“အခြေတည်အဆင့်က ဒီလောက် ခက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ မင်းသာ ငါ့ကို ကြိုပြီး သရုပ်ပြမပေးခဲ့ရင် နောက်ဆုံး ချီစွမ်းအင်ကို အရည်အဖြစ် ပြောင်းတဲ့အဆင့်မှာ ငါ ကျရှုံးသွားနိုင်တယ်”
လော့ချန်သည် အောင်မြင်မှု၏ ခက်ခဲပုံကို သေချာနားလည်းသည်။ သူကိုယ်တိုင်၏ အောင်မြင်မှုမှာလည်း ပြင်းပြသော စိတ်ဓာတ်ဖြင့်သာ ခက်ခဲစွာ ရယူခဲ့ရခြင်း ဖြစ်သည်။ ခက်ခဲမှု အတိုင်းအတာမှာ လူတစ်ဦးနှင့် တစ်ဦး မတူညီသော်လည်း အခြေခံပါရမီ ပိုအားနည်းသော သူများမှာ အမြဲ ပိုမိုခက်ခဲသော စမ်းသပ်ချက်များကို ရင်ဆိုင်ရလေ့ရှိသည်။
ရုတ်တရက် တွမ်ဖုန်း မတ်တပ်ရပ်လိုက်သည်။
ဟင်....
လော့ချန် အံ့ဩသွားရသည်မှာ သူသည် ကျောက်စားပွဲမှ ထလာပြီး လော့ချန်အား တရိုတသေ ဦးညွှတ်လိုက်သောကြောင့်ပင်။
“ဒီလမ်းတစ်လျှောက်လုံး မင်းရဲ့ ကူညီမှုတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ငါ ဘယ်တော့မှ မမေ့ပါဘူး”
လော့ချန် ပီတိဖြာနေမိသည်။
“ရှောင်တွမ်ကတော့ လုပ်ပြီ”
သူသည် ထိုအရိုအသေကို လိုလိုလားလားပင် ခံယူလိုက်သည်။
“ကဲ.... ဒါဆို နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ” ဟု လော့ချန် မေးလိုက်သည်။
တွမ်ဖုန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေသည်။
“ကျင့်စဉ်ပိုင်းကတော့ ပြဿနာ မရှိပါဘူး၊ ပင်လယ်ဓားကျင့်စဉ်ထဲက အခြေခံတည်ဆောက်ခြင်း အပိုင်းကိုပဲ ဆက်ကျင့်ရမှာ၊ လာမယ့် နှစ်အနည်းငယ်အတွင်းမှာတော့ အခြေတည်အဆင့်ကို တည်ငြိမ်အောင် လုပ်ဖို့ပါပဲ အဓိကပါပဲ”
လော့ချန် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် အစ်ကိုတွမ် နှစ်အနည်းငယ်လောက် တံခါးပိတ် ကျင့်လိုက်ပေါ့၊ လက်နက်ခန်းမဆောင်ကိုတော့ ကျွန်တော်ရယ် လျိုချန်းရယ် ပြီးတော့ အစ်ကိုတွမ်ရဲ့ တပည့်တွေလည်း ရှိနေတာပဲ”
တွမ်ဖုန်း ပြုံးကာ ခေါင်းခါလိုက်သည်။
“အဆင့်ကို တည်ငြိမ်အောင်လုပ်ဖို့က တံခါးပိတ်ကျင့်နေဖို့မှ မလိုတာ”
“ဟင်”
လော့ချန် အံ့ဩသွားသည်။
တွမ်ဖုန်းက ပြုံးရင်း ပြန်ဖြေသည်
“ငါ ချီသန့်စင်အဆင့်တုန်းက ချီစွမ်းအင် သန့်စင်တဲ့ နည်လမ်းကို မင်းမေ့သွားပြီလား”
“အခြေခံတည်ဆောက်ပြီးရင်တောင် ဒီနည်းလမ်းကို သုံးလို့ ရသေးတာလား”
တွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ဒါက တို့မျိုးနွယ်စုရဲ့ လက်နက်သွန်းလုပ်နည်းနဲ့ ပေါင်းစပ်ထားတဲ့ နည်းပဲ၊ အဲ့ဒီ.... အဘိုးကြီးက လူလွှတ်ပြီး သင်ပေးခဲ့တာ”
“ငါ အခြေခံတည်ဆောက်နိုင်ခဲ့တာက မင်းရဲ့ ကူညီမှုတွေ အများကြီး ပါပါတယ်၊ တခြားနည်းနဲ့တော့ ငါ မကျေးဇူးဆပ်နိုင်ဘူး၊ လော့ထျန်းအဖွဲ့က မင်းရဲ့ သွေးနဲ့ချွေးနဲ့ တည်ဆောက်ထားတာဆိုတော့ ငါလည်း တတ်နိုင်သလောက် ကူညီရမှာပေါ့"
လော့ချန်က စိတ်လှုပ်ရှားစွာ ပြောသည်။
“တကယ်တော့ ဒီလောက်ကြီး မလောပါဘူး"
“မဟုတ်ဘူး”
တွမ်ဖုန်းက သဘောမတူပေ။
“မင်းက လက်နက်ခန်းမဆောင်ကို သိပ်မမျှော်လင့်ဘူး ဆိုပေမဲ့ ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ လက်နက်ခန်းမဆောင်က တိုးတက်ဖို့ အလားအလာ အများကြီးရှိတယ်ဆိုတာ ငါတွေ့ခဲ့ရတယ်"
“တကယ်လို့ ကောင်းကောင်း လည်ပတ်နိုင်မယ်ဆိုရင် လော့ထျန်းအဖွဲ့အတွက် အကျိုးအမြတ် အများကြီး ပေးနိုင်မှာပါ"
“ဒါ့အပြင် အခြေခံတည်ဆောက်ပြီးရင် လိုအပ်တဲ့ အရင်းအမြစ်တွေက အများကြီး ပိုများလာတယ်၊ ငါ အခြေခံတည်ဆောက်ပြီးသွားတာတောင် မင်းဆီက ဆေးလုံးတွေပဲ ထိုင်စောင့်နေလို့ မဖြစ်ဘူးလေ”
သူ၏ နောက်ဆုံးစကားက စနောက်ကျီစယ်သော လေသံပါနေသည်။ လော့ချန် မရယ်ဘဲ မနေနိုင်တော့ပေ။ အကယ်၍သာ လက်နက်ခန်းမဆောင်ကို စနစ်တကျ အကောင်အထည်ဖော်နိုင်ခဲ့လျှင် ဆေးဖော်ခန်းမဆောင်၊ ဆေးဝါးခန်းမဆောင်တို့နှင့်အတူ လော့ထျန်းအဖွဲ့၏ တတိယမြောက် အဓိကဝင်ငွေ အရင်းအမြစ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ခြေထောက်တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်တည်းဖြင့် ရပ်တည်ခြင်းထက် သုံးဖက်ထောက်ရပ်တည်ခြင်းက ပို၍ ခိုင်ခံ့မြဲမြံသည် မဟုတ်ပါလော။ လက်နက်ခန်းမဆောင်၏ ခေါင်းဆောင်ဖြစ်သည့်အတွက် တွမ်ဖုန်းကိုယ်တိုင်လည်း ရရှိမည့် ဝိညာဉ်ကျောက်တုံးပမာဏမှာ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။
“ဟုတ်သားပဲ၊ ငါ မင်းကို ပြစရာ တစ်ခု ရှိတယ်”
တွမ်ဖုန်း လက်ကို ဖြန့်လိုက်ရာ ငွေရောင် ဖန်လုံးနှစ်လုံး ပေါ်လာသည်။ ထိုအလုံးလေးများသည် ငွေဖြူရောင်အလင်းများ တောက်ပနေပြီး မျက်နှာပြင်မှာ အရည်ပျော်နေသော သတ္တုများ စီးဆင်းနေသကဲ့သို့ တဖိတ်ဖိတ် တောက်ပြောင်နေသည်။
ထိုအရာများကို မြင်လိုက်ရသည့် ခဏ၌ လော့ချန်၏ နှလုံးခုန်သံမှာ မြန်ဆန်သွားခဲ့သည်။
“ဘာလဲဆိုတာ သိသွားပြီလား”
တွမ်ဖုန်းက လေးနက်စွာ ခေါင်းညိတ်ပြသည်။
“သေချာတယ်၊ ဒီနှစ်ခုက တကယ့်ကို မှော်ရတနာ သန္ဓေလောင်းတွေပဲ”
ဤစကားကို ပြောလိုက်သောအခါ တွမ်ဖုန်း၏ အသက်ရှူသံမှာ သိသိသာသာ မြန်ဆန်လာသလို လော့ချန်ကိုယ်တိုင်လည်း ရင်ခုန်စိတ်လှုပ်ရှားသွားရသည်။ သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားမိတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားမှုများ
အခန်း (၃၅၄) - မှော်ရတနာ သန္ဓေသားလောင်း၊ တွမ်မျိုးနွယ်စုမှ ကျန်ရစ်ခဲ့သော လျှို့ဝှက်ချက်
တာဟဲဈေးမြို့တော် သမိုင်းတစ်လျှောက် နှစ်ပေါင်းသုံးရာ တည်တံ့လာသော တွမ်မျိုးနွယ်စု၏ အခြေခံအုတ်မြစ်မှာ လီမျိုးနွယ် သို့မဟုတ် မီရှုဟွာတို့ထက် များစွာ သာလွန်လှသည်။ မျိုးနွယ်စုကို စတင်တည်ထောင်ခဲ့သော ဘိုးဘေးအပြင် လွန်ခဲ့သော နှစ်ပေါင်းသုံးရာအတွင်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးအထိ ပေါ်ထွက်ခဲ့ဖူးသည်။
ထို့အပြင် တွမ်မျိုးနွယ်စု၏ ခေါင်းဆောင်များသည် ဒေသတွင်း အာဏာကိုသာ မက်မောနေခြင်း မဟုတ်ဘဲ ထူးချွန်သော တပည့်များကို ဂိုဏ်းကြီးများသို့ ပို့ဆောင်ရန် အမြဲတစေ ကြိုးစားခဲ့ကြသည်။ တွမ်ဖုန်း၏ ဖခင်မှာလည်း ထိုသူများထဲမှ တစ်ဦး ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးတွင် တွမ်မျိုးနွယ်စု ပျက်စီးသွားပြီးနောက် လော့ထျန်းအဖွဲ့ ရရှိခဲ့သော အမွေအနှစ်မှာ အနည်းငယ်မျှသာ ရှိနေခြင်းသည် ထူးဆန်းလှသည်။
နောက်ပိုင်းတွင် တွမ်ချန်ခွန်း၏ သိုလှောင်အိတ်ကို ဖွင့်နိုင်ခဲ့ရာ အရင်းအမြစ် အချို့ ရရှိခဲ့သော်လည်း တကယ့်တကယ် စဉ်းစားကြည့်လျှင် ထူးထူးခြားခြား များပြားလှသည်တော့ မဟုတ်ပေ။ သာမန် ကျင့်ကြံသူ မျိုးနွယ်စုတစ်ခု၏ အတိုင်းအတာလောက်သာ ရှိသည်။
သို့သော် တွမ်မျိုးနွယ်စုသည် ဝိညာဉ်အရင်းအမြစ် ပေါကြွယ်ဝလှသော ဝမ်တောင်တန်းကြီးနှင့် ကပ်လျက်ရှိသော တာဟဲဈေးမြို့တော်တွင် အခြေစိုက်ခဲ့သည် မဟုတ်ပါလော။ ကံကောင်း၍ အခြေခံတည်ဆောက်နိုင်ခဲ့သော မီရှုဟွာပင် ထိုမျှ များပြားသော ပိုင်ဆိုင်မှုများ ရှိနေလျှင် တွမ်မျိုးနွယ်စု ထိုမျှ ဆင်းရဲစရာ အကြောင်းမရှိပေ။
လော့ချန် ပေးထားသော ငွေလုံးနှစ်လုံးကို စတင်လေ့လာသည့်အခါမှသာ တွမ်မျိုးနွယ်စု၏ ကြွယ်ဝမှုများ အဘယ်သို့ ရောက်သွားသည်ကို တွမ်ဖုန်း သိလိုက်ရသည်။
“ဒါက ငါတို့ တွမ်မျိုးနွယ်စုက ပျံံလွှားမြို့တော်ကနေ သင်ယူခဲ့တဲ့ လက်နက်သွန်းလုပ်နည်း တစ်မျိုးပဲ၊ အဖိုးတန်ငွေသတ္တုကို အခြေခံပြီး ဒုတိယအဆင့် ကုန်ကြမ်း လေးမျိုးကို ပေါင်းစပ်ပြီး တားမြစ်ချက်ဖန်လုံး တစ်ခုအဖြစ် ဖန်တီးထားတာ”
“ပုံမှန်ဆိုရင် ဒီနည်းလမ်းကို လွယ်လွယ်နဲ့ မသုံးဘူး၊ ဘာလို့လဲဆိုတော့ အဖိုးတန်ငွေသတ္တု တားမြစ်ချက်ဖန်လုံးတွေက အရမ်းဈေးကြီးလို့ပဲ၊ ဒါပေမဲ့ ဒါကို သုံးဖို့ မဖြစ်မနေ လိုအပ်တဲ့ အခြေအနေ တစ်ခုတော့ ရှိတယ်”
တွမ်ဖုန်းက ထိုဖန်လုံးနှစ်လုံးကို စိုက်ကြည့်ရင်း ကျွမ်းကျင်စွာ ရှင်းပြနေသည်။ သူ၏ ကိုယ်မှ ဝိညာဉ်အသိစိတ် အချို့ ထွက်ပေါ်လာပြီး ဖန်လုံးများပေါ်သို့ ကျရောက်သွားသည်။ တွမ်ဖုန်းမှာ အခြေခံတည်ဆောက်ပြီးကာစ ဖြစ်သဖြင့် ဝိညာဉ်အသိစိတ်ကို အသုံးပြုရသည်မှာ အနည်းငယ် ပင်ပန်းပုံရသည်။
ခဏအကြာတွင် ဖန်လုံးပေါ်မှ စီးဆင်းနေသော ငွေရောင်အရည်များ ဖယ်ခွာသွားပြီး အတွင်းရှိ အရာဝတ္ထုတစ်ခု ပေါ်ထွက်လာသည်။
လော့ချန်က အံ့သြစွာ မေးလိုက်သည်။
"ဒါဆို.... ဒါက မှော်ရတနာ သန္ဓေသားလောင်းရဲ့ ပုံစံလား"
“ဒါက ပုံမဖော်ရသေးလို့ပါ၊ ကုန်ကြမ်းတချို့လည်း လိုသေးတယ်"
တွမ်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ ပြောနေစဉ်မှာပင် ငွေရောင်အရည်များမှာ ထိုအရာကို တစ်ဖန် ပြန်လည် ဖုံးအုပ်သွားပြန်သည်။
“တကယ်တော့ အဖိုးတန်ငွေသတ္တု တားမြစ်ချက်ဖန်လုံးကို သုံးဖို့ဆိုတာ မှော်ရတနာ သန္ဓေသားလောင်းလို ရတနာမျိုးမှပဲ တန်ဖိုးရှိတာ…. ငါတို့ တွမ်မျိုးနွယ်စုမှာ အရင်က ဒါကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တဲ့ သာဓက ရှိဖူးတယ်"
“ကွေ့ရွှေမှော်ဝင်ပန်းချီလား” ဟု လော့ချန် မေးလိုက်သည်။
တွမ်ဖုန်းက ခေါင်းညိတ်ရင်း ပြန်ဖြေသည်။
“ဟုတ်တယ်၊ အဲဒီ ခံစစ်မှော်တနာက ပြီးမြောက်ဖို့ နှစ်ပေါင်းသုံးရာ ကြာခဲ့တယ်၊ အဓိကကုန်ကြမ်းဖြစ်တဲ့ ကွေ့ရွှေအနှစ်က ရှာရခက်သလို နည်းနည်းချင်းစီပဲ ထည့်လို့ရလို့ပဲ၊ ငါတို့ရဲ့ လက်မှုအတတ်က ပျမ်းမျှအဆင့်ပဲ ရှိတာကြောင့်လည်း ပါတာပေါ့၊ ဒါကြောင့် သန္ဓေသားလောင်း ပျက်မကျအောင် အဖိုးတန်ငွေသတ္တု ဖန်လုံးတွေထဲမှာ အမြဲတမ်း ပိတ်လှောင်ထားခဲ့ရတယ်”
‘ဟင်.... သန္ဓေသားလောင်း ပျက်ကျတယ်၊ ကြားရတာ တစ်မျိုးကြီးပဲ....’
လော့ချန် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိသည်။
“ဒါဆိုရင် ဒီသန္ဓေသားလောင်းတွေက ဘယ်လို မှော်ရတနာမျိုးတွေ ဖြစ်လာမလဲဆိုတာ ခင်ဗျား သိလား”
တွမ်ဖုန်းက ခေါင်းညိတ်ပြန်သည်။
“ငါ ခုနက ဖွင့်လိုက်တဲ့ တစ်ခုကတော့ အသုံးအများဆုံး ဓားပျံပဲ၊ ရေဓာတ်ခံဖြစ်ပြီး အဓိကကုန်ကြမ်း နှစ်မျိုး လိုသေးတယ်၊ ကျန်တဲ့တစ်ခုကတော့ ငါလည်း အတိအကျ မသိသေးဘူး၊ ဒါပေမဲ့ သက်တမ်းကို ကြည့်ရတာ ဓားပျံထက်တောင် ပိုရင့်ပုံရတယ်၊ ငါတို့ဘိုးဘေး လက်ထက်ကတည်းက ကျန်ခဲ့တာ ထင်တယ်"
လော့ချန် မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“တကယ်လို့ အောင်အောင်မြင်မြင် သွန်းလုပ်နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ"
သူ့တွင် ယခု ဝိညာဉ်ချုပ် နယ်ရုပ်နှင့် ရွှေမီးဓား ကဲ့သို့သော မှော်ရတနာများ ရှိသော်လည်း များလေ ပိုကောင်းလေ မဟုတ်ပါလော။ အခြေတည် အဆင့်ကို လှမ်းတက်စ တွမ်ဖုန်းဖြစ်စေ၊ သိုင်းလမ်းစဉ် ဒုတိယအဆင့်သို့ ရောက်နေသော ဝမ်ယွမ်ဖြစ်စေ၊ သို့မဟုတ် အောင်မြင်မှုရရန် နီးစပ်နေသော လော့ထျန်းအဖွဲ့မှ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူများ ဖြစ်စေ အားလုံးမှာ မှော်ရတနာများကို အလွန် လိုအပ်နေကြသည်။ အကယ်၍ နောက်ထပ် မှော်ရတနာ နှစ်ခုကိုသာ ရရှိနိုင်လျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ များစွာ မြင့်တက်လာပေလိမ့်မည်။
“တကယ်လို့ မင်းသာ အဲဒီကုန်ကြမ်းနှစ်ခုကို ရှာပေးနိုင်ရင်၊ ငါ ဒီဓားပျံကို အပြီးသတ် သွန်းလုပ်ပေးနိုင်မယ် ထင်တယ်"
“ဟင်.... အစ်ကိုတွမ်က အဆင့်လတ် မှော်လက်နက်တွေပဲ လုပ်နိုင်တာ မဟုတ်ဘူးလား” လော့ချန်က သံသယဖြင့် ကြည့်လိုက်သည်။
တွမ်ဖုန်းက နှာခေါင်းရှုံ့လိုက်ရင်း
“အမယ်.... ဘယ်သူ့ကို လာအထင်သေးနေတာလဲ၊ မနှစ်ကတည်းက အဆင့်မြင့် မှော်လက်နက်တွေကို အောင်အောင်မြင်မြင် လုပ်နိုင်နေပါပြီနော်”
လော့ချန် ရယ်မောလိုက်သည်။ သူ ပြီးခဲ့သည့် တစ်နှစ်လုံးနီးပါး တံခါးပိတ်ကျင့်ကြံနေသဖြင့် တွမ်ဖုန်း၏ တိုးတက်မှုများကို သတိမထားမိခဲ့ပေ။ သို့သော် မှော်ရတနာသွန်းလုပ်ခြင်းသည် မှော်လက်နက်နှင့် မတူဘဲ အလွန် ခက်ခဲလှသည်။
နှစ်ဦးသားမှာ အလွန် ရင်းနှီးကြသူများဖြစ်ရာ တွမ်ဖုန်းသည် လော့ချန် ဘာတွေးနေသည်ကို အကြမ်းဖျင်း သိသွားသည်။ လော့ချန်၏ စိုးရိမ်မှုကို သိသဖြင့် သူ ဆက်ပြောသည်။
“တကယ်တော့ ဒါက မခက်ခဲပါဘူး၊ ဘာလို့လဲဆိုတော့ သန္ဓေသားလောင်းက ပြည့်စုံလုနီးပါး ဖြစ်နေပြီး ကုန်ကြမ်းနှစ်ခုပဲ လိုတော့လို့ပဲ၊ ငါက အဲဒီကုန်ကြမ်းတွေကို အရည်ဖျော်ထည့်ပြီး ပုံဖော်ပေးရုံပဲ”
လော့ချန်၏ အမူအရာမှာ တည်ကြည်သွားသည်။
"ကျွန်တော် သိသလောက်တော့ ကုန်ကြမ်းတွေက တစ်ပိုင်းပဲ ရှိသေးတယ်၊ အစီအရင်တွေက ပိုပြီး ခက်ခဲတဲ့ အတားအဆီး မဟုတ်ဘူးလား၊ အစ်ကိုတွမ်ရာ ဟုတ်မှလည်း လုပ်ပါ၊ တကယ်ပဲ ယုံကြည်ချက် ရှိရဲ့လား"
"အရင်ကဆိုရင်တော့ ဘယ်ရှိမလဲ၊ ဒါပေမဲ့ အခုတော့...."
တွမ်ဖုန်း ရယ်မောလိုက်သည်။
"ငါတို့ လော့ထျန်းအဖွဲ့မှာ အစီအရင် ဆရာကြီးတစ်ယောက် ရှိနေတာကို မင်း မေ့နေပြီလား"
လော့ချန်တစ်ယောက် မင်လုံယွီအား ချက်ချင်း သတိရသွားသည်။
"ဒါပေမဲ့.... သူက မှော်လက်နက် ဖန်တီးတဲ့ အတတ်ကို မသိဘူး မဟုတ်လား"
တွမ်ဖုန်းက ယုံကြည်မှုရှိရှိ ပြန်ဖြေသည်။
"လက်မှုပညာရှင်တိုင်းက အစီအရင်တွေကို ကျွမ်းကျင်တာ မဟုတ်ဘူး၊ အများအားဖြင့် မှော်ရတနာ တစ်ခုကို ဖန်တီးတာက ပူးပေါင်းဆောင်ရွက်မှု တစ်ခုပဲ၊ ကုန်ကြမ်းကနေ အချောထည် ဖြစ်လာတဲ့အထိ အဆင့်တိုင်းမှာ မတူညီတဲ့ လက်တွေ ပါဝင်ကြတယ်၊ အရေးကြီးဆုံး ဖြစ်တဲ့ အစီအရင်တွေ ထည့်သွင်းတာကိုတောင် အခြား တစ်ယောက်ယောက်ကိုပဲ အပ်နှံလေ့ ရှိကြတယ်"
ထိုသို့ ရှင်းပြလိုက်သည့် အခါမှ လော့ချန် နားလည်သွားတော့သည်။ ယခင်က တွမ်ဖုန်း မှော်လက်နက်များ ဖန်တီးစဉ် သို့မဟုတ် ပြုပြင်စဉ်က သူ၏ တပည့်များက အမြဲ ဝိုင်းဝန်း ကူညီပေးခဲ့ကြသည်။ အချို့က သတ္တုရိုင်းများကို သန့်စင်ပေးပြီး အချို့က မီးအရှိန်ကို ထိန်းချုပ်ပေးကြသည်။ အရေးကြီးသော အစီအရင်များ ထည့်သွင်းစဉ်မှာပင် အလုပ်ကို ခွဲဝေ လုပ်ဆောင်ခဲ့ကြသည်။
မှော်လက်နက် ဖန်တီးခြင်းနှင့် ဆေးဖော်စပ်ခြင်းမှာ မတူညီသော အတတ်ပညာများ ဖြစ်သည်။ ဆေးဖော်စပ်ခြင်းမှာ ဆေးဖော်ဆရာကိုယ်တိုင် အဓိက အလုပ်အားလုံးကို လုပ်ဆောင်ရန် လိုအပ်သည်။ သို့သော် မှော်လက်နက် ဖန်တီးခြင်းမှာမူ အဆောက်အအုံ ဆောက်ခြင်းနှင့် တူပြီး အလုပ်သမားများကြား အလုပ်ခွဲဝေနိုင်သည်။ ထိုအတတ်ပညာ နှစ်ခု၏ ရှုပ်ထွေးမှုနှင့် စံနှုန်းမှာ အခြေခံအားဖြင့် ကွဲပြားလေသည်။
“ကောင်းပြီ၊ ဒါဆို လိုတဲ့ကုန်ကြမ်းတွေကို ကျွန်တော့်ကို ပြောပြထားပါ၊ ကျွန်တော် ရှာတွေ့ရင် ယူလာခဲ့ပေးမယ်"
တွမ်ဖုန်းက မတွန့်ဆုတ်ဘဲ ပြောပြလိုက်သည်။ အကယ်၍ ဤမှော်ရတနာ သန္ဓေသားလောင်း နှစ်ခုကိုသာ အောင်မြင်အောင် ဖန်တီးနိုင်လျှင် တစ်ခုကို သူ ရရှိပြီး ကျန်တစ်ခုကို ဝမ်ယွမ် ရရှိနိုင်သည်ကို သူ သိသည်။ အဆုံးတွင် ဤသန္ဓေသားလောင်း နှစ်ခုလုံးမှာ တွမ်ချန်ခွန်း၏ သိုလှောင်အိတ်မှ ရလာခြင်း ဖြစ်သည်။ ဝမ်ယွမ်သည်လည်း အစွမ်းကုန် ကြိုးစားခဲ့သူ ဖြစ်ရာ ထိုက်တန်သော ဝေစုကို ရရှိသင့်သည်။
နှစ်ဦးသား ခဏမျှ ထပ်မံ စကားပြောပြီးနောက် လော့ချန် ပြန်ရန် ပြင်လိုက်သည်။ တွမ်ဖုန်းမှာ အခြေခံတည်ဆောက်ပြီးကာစ ဖြစ်သဖြင့် ကျင့်ကြံမှုကို တည်ငြိမ်အောင် လုပ်ရန်ဖြစ်စေ၊ အခြေတည်အဆင့် ကျင့်စဉ်သို့ ပြောင်းလဲရန် ဖြစ်စေ အချိန်များစွာ လိုအပ်နေမည်ကို သူ သိသည်။
....
တွမ်ဖုန်း၏ ဂူဗိမာန်မှ ထွက်လာပြီးနောက် လော့ချန် သူ၏ အိမ်သို့ ပြန်လာခဲ့သည်။
သုံးရက်တိုင်တိုင် အစောင့်အရှောက်အဖြစ် လုပ်ဆောင်ပေးခဲ့ရသဖြင့် သူ အနည်းငယ် ပင်ပန်းနေပြီး အနားယူချင်နေမိသည်။ သို့သော် အိမ်အပြန်လမ်းတွင် ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်ကာ တွမ်ဖုန်း၏ ဂူဗိမာန်ရှိရာသို့ ဝမ်းနည်းစွာ ငေးကြည့်နေသော လူတစ်ဦးကို တွေ့လိုက်ရသည်။
“သူပါလား”
ယခုကဲ့သို့ ခြေထောက်နှစ်ဖက် မသန်စွမ်းတော့ဘဲ ဘီးတပ်ကုလားထိုင်ပေါ်တွင် အမြဲထိုင်နေရသော ဤလူသည် တစ်ချိန်က တာဟဲဈေးမြို့တော်တွင် နာမည်ကျော်ခဲ့သော ပါရမီရှင် နန်ကုန်းချင် ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်နိုင်မည် မဟုတ်ပေ။ ကံကြမ္မာမှာ ရက်စက်လှသည်။ တောက်ပစမ်းရေဈေးမြို့တော်အား ပိုင်မျိုးနွယ်စု စီးနင်းစဉ်က တစ်ကိုယ်တော် ကျင့်ကြံသူများက နန်ကုန်းမျိုးနွယ်စုကို ဝိုင်းဝန်း သတ်ဖြတ်ခဲ့ကြပြီး ထိုတိုက်ပွဲမှာ အလွန် သွေးပျက်စရာ ကောင်းခဲ့သည်။
နန်ကုန်းကျင်းက ရန်သူကို ခုခံပေးခဲ့ပြီး နန်ကုန်းချင်ကို အရင် ထွက်ပြေးရန် ပြောကာ အသက်စွန့် တိုက်ခိုက်ခဲ့သည်။ သို့သော် ထွက်ပြေးနေစဉ်မှာပင် နန်ကုန်းချင်မှာ ရန်သူ ဆယ်ဂဏန်းကျော်၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ သူသည် ဖခင်၏ အစွမ်းကုန် ကြိုးစားမှုကြောင့် အသက်ရှင်ခဲ့သော်လည်း ၎င်းအတွက် ပေးဆပ်လိုက်ရသော တန်ဖိုးမှာ ကြီးမားလှပြီး သူ၏ ခြေထောက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရသည်။
ယခုအခါ သူသည် တွမ်ဖုန်း၏ အခြေခံတည်ဆောက်ခြင်း အောင်မြင်မှုကို ကြားသိပြီး ဖြစ်မည်မှာ သေချာသည်။ အောင်မြင်မှုမှ ထွက်ပေါ်လာသော ချီစွမ်းအင် လှိုင်းများက နန်ကုန်းချင်ကို စုံစမ်းရန် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာမက လော့ချန်ကိုယ်တိုင် ဂူအပြင်ဘက်တွင် စောင့်နေပုံကို ကြည့်ပြီး တွမ်ဖုန်း အောင်မြင်သွားပြီးမှန်း သူ တွက်ချက်မိမည်မှာ သေချာသည်။ ထိုလူမှာ တစ်ချိန်က သူ၏ လက်အောက်တွင် ကျရှုံးခဲ့သော ပြိုင်ဘက် ဖြစ်သည်။ ယခုမူ ထိုလူက သူ့ထက်အရင် အခြေတည်အဆင့် ဟူသော မသေမျိုးလမ်းစဉ်ပေါ်သို့ လှမ်းတက်သွားခဲ့ပြီ ဖြစ်သည်။
‘တကယ်လို့ သူသာ ဒဏ်ရာ မရခဲ့ရင် အခုအချိန် အခြေတည်အဆင့်ကို ရောက်လုနီးပါး ဖြစ်နေမှာပဲ’
လော့ချန် စိတ်ထဲမှ သက်ပြင်းချရင်း တွေးလိုက်မိသည်။ နန်ကုန်းချင်သည် တွမ်ဖုန်း အခြေခံတည်ဆောက်နိုင်ခဲ့သည့် သတင်းကို ကြားသိပြီးနောက် စိတ်မကောင်း ဖြစ်နေခြင်း ဖြစ်ပေလိမ့်မည်။
လော့ချန် ထိုသူအား မနှုတ်ဆက်ဘဲ ကျော်ဖြတ်ကာ ဂူဗိမာန်သို့ ပြန်လာခဲ့သည်။ ဂူထဲ ရောက်သည့်အခါ ကျောက်စိမ်းနှင်းစက်ဆေးလုံးကို စစ်ဆေးကြည့်လိုက်သည်။ အအေးခံပြီး အနားပေးထားပြီးနောက် ၎င်းတို့၏ ဆေးစွမ်းမှာ တည်ငြိမ်သွားပြီး ဆေးလုံးလေးများ အတွင်း၌ စုစည်းနေသည်။ လော့ချန် ဆေးလုံးတစ်လုံးကို ယူပြီး အသေးစိတ် ကြည့်လိုက်သည်။
"ဖော်စပ်နည်းထဲမှာတော့ ဒီဆေးလုံးက အမျိုးသမီး ကျင့်ကြံသူတွေအတွက် အရမ်း အစွမ်းထက်တယ်လို့ ဆိုထားပေမဲ့ အမျိုးသားတွေအတွက် အသုံးမဝင်ဘူးလို့တော့ မပြောထားပါဘူး၊ ငါ တစ်ခါလောက် စမ်းသုံးကြည့်ရမယ်"
လော့ချန်နှင့် သူ၏စွန့်စားခန်းများ