← Chapters

ခြောက်ခြားဖွယ် လီစံအိမ်

Vol. 4 Ch. 39

ခြောက်ခြားဖွယ် လီစံအိမ်

Vol. 4 Ch. 39

လွန်ခဲ့သော ရက်အနည်းငယ်က ဝူတန်းတောင်တွင် စည်းမျဉ်းသစ်တစ်ခု ထုတ်ပြန်ခဲ့သည်။ တောင်လယ်အထိ မောင်းနှင်ခွင့်ပြုခဲ့သော ယာဉ်များကို ယခုအခါ တောင်တံခါးဝအထိသာ ပေးဝင်တော့သည်။

တောင်တံခါးအနီး ရပ်ထားသော အဆင့်မြင့်ဇိမ်ခံကားတစ်စီးဘေးတွင် ရပ်နေသည့် ကျိုးရင်လောင်သည် ပုံမှန်အဝတ်အစားများ ဝတ်ဆင်ထားပြီး လူလွတ်ကျင့်ကြံသူတစ်ဦးကဲ့သို့ ခန့်ညားနေသည်။ သူ၏ပုံစံမှာ ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်၏ အရှိန်အဝါမျိုးပင် ထွက်ပေါ်နေ၏။

အဝေးမှ ဝမ်ရှန်းကို လှမ်းမြင်သောအခါ သူက လက်ဝှေ့ယမ်းပြလိုက်သည်၊၊ ထို့နောက် ဝမ်ရှန်း၏ဖောင်းကားနေသော ကျောပိုးအိတ်ကို ကြည့်ပြီး သူက မေးလိုက်သည်။

“ဘာလို့ ပစ္စည်းတွေ အများကြီး သယ်လာတာလဲ ဒီနေ့တင် ပြန်လာမှာလို့ ဆရာဉီးလေးက ပြောထားတယ်မဟုတ်လား”

ဝမ်ရှန်းက ခဏမျှ စဉ်းစားပြီး ပြန်ဖြေသည်။

“အဆင်သင့်ဖြစ်အောင် ပြင်ထားတာ ပိုကောင်းတယ်လေ”

မကြာမီ ကားမှန်ကျလာပြီး လီရှီဝူက ဖော်ရွေစွာ ပြောလိုက်သည်၊၊

“ဖေးယွီ ကျောပိုးအိတ်ကို နောက်ဖုံးထဲထည့်ပြီး ကားပေါ်တက်တော့… စောစောပြန်ရအောင် အခုပဲ ထွက်ကြစို့… သွားကြမယ်”

သဘောကောင်းမည့်ပုံရှိသော လူလတ်ပိုင်းအရွယ် ဒရိုင်ဘာတစ်ဦးက ဝမ်ရှန်းကို ကူညီရန် ကားပေါ်မှ ဆင်းလာသည်။ အလှူရှင်က လွှတ်လိုက်ခြင်း ဖြစ်ပုံရသည်။

ဒရိုင်ဘာသည် ဝမ်ရှန်းကို တစ်ချက်ကြည့်ပြီးနောက် “တာအိုဆရာ” ဟု ရိုသေစွာ ခေါ်လိုက်သည်။ ထို့နောက် ဝမ်ရှန်း၏ ကျောပိုးအိတ်နှင့် အနက်ရောင်ပိတ်စဖြင့် ပတ်ထားသော ဓားကို အတင်းကူသယ်ပေးသည်။

“ဓားကိုတော့ ကျွန်တော့်ဘာသာ ကားထဲ သယ်သွားလိုက်မယ်” ဝမ်ရှန်းက ငြင်းလိုက်သည်။

ဒရိုင်ဘာကလည်း ချက်ချင်းပင် သဘောတူလိုက်သည်။

ကျိုးရင်လောင် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။ သူကတော့ သူ၏ဓားသစ်ကို နောက်ဖုံးရှိ အထုပ်အပိုးများအောက်တွင် ပစ်ထားခဲ့မိသည်။

“ဂျုနီယာညီလေးရဲ့ ဓားသိုင်းအဆင့်အတန်းက ငါတို့ထက် အပြတ်အသတ် သာလွန်နေတာ အကြောင်းမဲ့တော့ မဟုတ်ဘူးပဲ ဂိုဏ်းတူအစ်ကိုတစ်ယောက်အနေနဲ့ ငါတောင် ရှက်မိတယ်” ကျိုးရင်လောင်က မှတ်ချက်ပေးလိုက်သည်။

ဝမ်ရှန်းက ပြုံးလျက် ပြန်ပြောသည်၊၊

“စီနီယာအစ်ကိုက အထင်ကြီးလွန်းနေပါပြီ၊၊ ကျွန်တော်က ဒီဓားကို သဘောကျလို့ပါ… အနားမှာ ရှိနေမှ ပိုပြီး စိတ်အေးရလို့ပါ”

ရှေ့ခန်းမှ လီရှီဝူက နောက်လှည့်ကြည့်ကာ ပြုံးလိုက်သည်၊၊

“မင်း သဘောကျတယ်ဆိုရင် ဝမ်းသာပါတယ်၊၊ အဲဒီဓားက ဂိုဏ်းချုပ်ဟောင်းကိုယ်တိုင် မင်းအတွက် ရွေးပေးခဲ့တာပဲ၊၊ တူလေးလို လူမျိုးမှပဲ ဒီလိုနာမည်ကျော်လက်နက်ရဲ့ စွမ်းအားကို အပြည့်အဝထုတ်သုံးနိုင်မှာ”

ဝမ်ရှန်းက ကိုယ်ကိုမတ်ကာ လေးနက်စွာ ပြန်ပြောလိုက်သည်။

“တစ်နေ့ကျရင် ဂိုဏ်းချုပ်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ခွင့်ရဖို့ မျှော်လင့်ပါတယ်”

“စိတ်မပူပါနဲ့… မင်းမှာ အခွင့်အရေးရှိလာမှာပါ၊၊ ငါတို့နောက်တစ်ကြိမ်ထပ်တွေ့ရင် မင်းကို ရွှေတောင်ထိပ်ကို ခေါ်သွားပြီး လက်ဖက်ရည်တိုက်ပါ့မယ်”

လီရှီဝူက နောက်ပြောင်လိုက်သည်၊၊

“အာ့အချိန်ကျရင် မင်းက ဝူတန်းရဲ့ အကြီးအကဲတွေအားလုံးနဲ့ တွေ့ဆုံရလိမ့်မယ်၊၊ ပြီးတော့ လွန်ခဲ့တဲ့ နှစ် ၃၀က ငါ့ရဲ့ နုပျိုတဲ့နေ့ရက်တွေကိုပါ တွေ့ရမယ်”

ဝမ်ရှန်းလည်း မည်သို့ပြန်ပြောရမှန်း မသိသဖြင့် ရယ်သာရယ်နေလိုက်သည်။

ကိုယ်ပိုင်ကားနှင့်ဖြစ်၍ လူကြပ်သော ဘတ်စ်ကားဖြင့် သွားခဲ့ရသည့် မော်ရှန်းတောင် ခရီးစဉ်ထက် အဆပေါင်းများစွာ သက်သောင့်သက်သာ ရှိလှပေသည်။

ခဏမျှ စကားစမြည်ပြောပြီးနောက် လီရှီဝူက ထိုင်ခုံကိုမှီကာ မှေးခနဲ အိပ်ပျော်သွားသည်။ ဒရိုင်ဘာမှာမူ လူမှုရေးအပြည့်ဖြင့် စကားမပြောပဲ ကားကိုသာ အာရုံစိုက် မောင်းနှင်နေသည်။

ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည်လည်း တိုးတိုးတိတ်တိတ် စကားပြောပြီးနောက် မျက်စိမှိတ် အနားယူလိုက်ကြသည်။

ဝမ်ရှန်းနှင့် တွေ့ဆုံပြီးကတည်းက ကျိုးရင်လောင်သည် သိသိသာသာ ပြောင်းလဲလာခဲ့သည်။ တစ်ချိန်က အေးအေးဆေးဆေးကျင့်ကြံတတ်သော်လည်း ယခုအခါ တရားထိုင်ရန်နှင့် ထိုက်ယီဓားသိုင်း လေ့ကျင့်ရန် အခွင့်အရေးကို အမြဲရှာဖွေနေတတ်သည်။ ထမင်းစားချိန်နှင့် အိပ်ခါနီးတွင်ပင် သူ လေ့ကျင့်နေတတ်သည်။

ခရီးစဉ်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ အဝေးပြေးလမ်းမှ ထွက်လာချိန်တွင် မနက်ဆယ်နာရီကျော်နေပြီ ဖြစ်သည်။ လမ်းကြေးပေးဆောင်သည့် ဂိတ်ကို ဖြတ်ပြီးနောက် စည်ကားသော မြို့ငယ်လေး၏ ဆင်ခြေဖုံးသို့ ရောက်ရှိလာသည် ၎င်းမှာ သူတို့၏ ဦးတည်ရာပင် ဖြစ်သည်။

လီရှီဝူသည် အိပ်ချင်မူးတူးဖြင့် ပြတင်းပေါက်ပြင်ပကို ကြည့်ကာ သက်ပြင်းချလိုက်သည်၊၊

“အိမ်မပြန်ဖြစ်တာ နှစ်တွေတောင် အတော်ကြာပြီပဲ”

နောက်ခန်းတွင် တရားထိုင်နေသော ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့လည်း နိုးလာပြီး အပြင်သို့ လှမ်းကြည့်ကြသည်၊၊

ဤနေရာရှိ ချီစွမ်းအင်မှာ ဝူတန်းတောင်၏ သန့်ရှင်းလတ်ဆတ်သော လေထုနှင့်စာလျှင် နောက်ကျိညစ်ထေးနေသည်။ ကျင့်ကြံခြင်းဆိုသည်မှာ ဆိတ်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင် လိုအပ်သည် မဟုတ်ပါလား။ သို့သော်လည်း မြို့ကြီးပြကြီးများ သို့မဟုတ် ဝမ်ရှန်း၏ ဇာတိမြေကဲ့သို့ အဆိပ်အတောက်ဖြစ်စေသော နေရာများနှင့်စာလျှင်မူ မဆိုးလှပေ။

လီဆိုသည်မှာ သူတို့သွားရောက်မည့် အလှူရှင်၏ မျိုးရိုးအမည်လည်း ဖြစ်သည်။ သူ၏အိမ်မှာ မြို့ပြင်တွင် ရှိသည်။

ကားသည် မြို့နယ်အဆင့် မြို့ငယ်လေးကို ဖြတ်သွားစဉ် လမ်းဘေးရှိ ဈေးဝယ်စင်တာကြီးတစ်ခုကို ဝမ်ရှန်း သတိပြုမိလိုက်သည်။

“ပူဇော်ပွဲပြီးရင် ဒီလမ်းကပဲ ပြန်မှာလား” ဝမ်ရှန်းက မေးသည်။

လီရှီဝူမှာ ခဏမျှ ကြောင်သွားပြီး သမ်းဝေရင်း ပြန်မေးလိုက်သည်၊၊

“ဟင် ဘာပြောလိုက်တာလဲ ဖေးယွီ”

“ဒီလမ်းကပဲ ပြန်မှာပါ” ဒရိုင်ဘာက ကိုယ်စားဖြေပေးသည်။

“တစ်ခုခု လိုတာရှိလို့လား”

“အော် ဘာမှမဟုတ်ပါဘူး”

ဝမ်ရှန်းက တောင်းဆိုလိုက်သည် ။

“အပြန်ကျရင် အဲဒီဈေးဝယ်စင်တာမှာ ကျွန်တော့်ကို ခဏလောက် ချပေးလို့ ရမလား… တောင်ပေါ်ကို ယူသွားဖို့ ပစ္စည်းတချို့ ဝယ်ချင်လို့ပါ”

“ရတာပေါ့” လီရှီဝူက လွယ်လွယ်ပင် သဘောတူသည် ။ ထို့နောက် ဝမ်ရှန်းကို ကြည့်ကာ နောက်ပြောင်လိုက်သည်၊၊

“မင်းရဲ့ ဂိုဏ်းတူအစ်မအတွက် လက်ဆောင်ဝယ်မလို့လား”

ဝမ်ရှန်းက ပြုံးလျက် ခေါင်းညိတ်ပြသည်။

ဘေးနားရှိ ကျိုးရင်လောင်ကလည်း နှာခေါင်းကို ပွတ်သပ်ရင်း “ကျွန်တော်လည်း ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်ကိုအတွက် တစ်ခုခု ဝယ်ပေးရမယ်၊၊ ဂျူနီယာလေးရဲ့ အသာစီးရတာကိုတော့ အခံရမနိုင်ဘူး”

“မင်းက ဘာလို့ ဝင်ပါနေတာလဲ”

လီရှီဝူက ဆူလိုက်သဖြင့် ကျိုးရင်လောင်မှာ ရှက်ကိုးရှက်ကန်း ရယ်နေတော့သည်။

သူတို့၏ အပြန်အလှန် နောက်ပြောင်မှုများကြောင့် လေထုမှာ ပေါ့ပါးသွားသည်။

“ရောက်ဖို့ ဆယ်မိနစ်လောက်ပဲ လိုတော့တယ်” လီရှီဝူက အကြောဆန့်ရင်း ပြောလိုက်သည်၊၊

“နောက်ထပ် ခဏလောက် အနားယူလိုက်ကြဦး”

“ဆရာဦးလေး အဲဒီရောက်ရင် ကျွန်တော်တို့က ဘာတွေလုပ်ရမှာလဲ”

ကျိုးရင်လောင်က မေးသည်။

“ပူဇော်ပွဲ လုပ်ရမှာပေါ့” လီရှီဝူက ရယ်မောလိုက်သည်။

“ငါက ယဇ်ပလ္လင်ပြင်မယ် မင်းတို့နှစ်ယောက်က အိမ်ထဲကို လိုက်ကြည့်ကြ… မသန့်ရှင်းတာတစ်ခုခုတွေ့ရင် ရှင်းထုတ်လိုက်”

ဝမ်ရှန်းက ခေါင်းညိတ်လိုက်ပြီး သူ၏ဆရာ သင်ပေးထားသော မကောင်းဆိုးဝါးနှင် ဂါထာများကို စိတ်ထဲမှ ပြန်လည် အမှတ်ရနေသည်။ လူအများရှေ့တွင် ဂါထာရွတ်ခြင်းနှင့် ကခုန်ခြင်းများ ပြုလုပ်ရမည်ကို တွေးမိကာ အနည်းငယ် ရှက်စိတ်ဝင်လာမိသည်။

“စိတ်ချပါ… ငါတို့ရဲ့ အလှူရှင်က မင်းတို့ရဲ့ ကြိုးစားမှုနဲ့ ထိုက်တန်အောင် ပေးမှာပါ”

လီရှီဝူက သူတို့၏ ခရီးစဉ်အတွက် အာမခံလိုက်သည်၊၊

သို့သော် ဝမ်ရှန်းနှင့် ကျိုးရင်လောင်အတွက်မူ အခကြေးငွေက အဓိကမဟုတ်ပေ။ ဝူတန်းဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် လီရှီဝူကို အားနာ၍သာ လိုက်လာခဲ့ကြခြင်း ဖြစ်သည်။

မြစ်ဘေးရှိ ကွန်ကရစ်လမ်းအတိုင်း မောင်းနှင်လာပြီးနောက် ကားသည် တိတ်ဆိတ်သော တောင်ကုန်းလေးပေါ်သို့ ချိုးကွေ့ဝင်ရောက်ကာ သူတို့၏ ဦးတည်ရာသို့ ရောက်ရှိလာသည်။

“လီအိမ်တော်” ဟု ရေးထိုးထားသော ရှေးဟောင်းဟန် ကြက်သွေးရောင်တံခါးကြီးရှေ့တွင် ကားရပ်လိုက်သည်။ တံခါးဝတွင် အဝတ်ကြမ်းဝတ်ထားသော အစေခံများအစား လုံခြုံရေးကင်မရာများသာ တပ်ဆင်မထားပါက ရှေးခေတ်ကာလသို့ ရောက်သွားသည်ဟု ထင်မှတ်မှားစရာပင်။

ဤသည်မှာ သူဌေးကြီးတစ်ဦး၏ စံအိမ်တော်ဖြစ်ကြောင်း ထင်ရှားလှသည်။

တိတ်ဆိတ်ငြိမ်သက်သော နေရာတွင် တည်ဆောက်ထားသည့် အိမ်ကြီးဖြစ်သည်။ တံခါးဝကို ကျော်လွန်လိုက်သည်နှင့် ကျောက်တောင်အတုများ၊ ထူးဆန်းသော ကျောက်တုံးများ၊ ဝါးတောများနှင့် ရေကန်များပါဝင်သော တရုတ်ရိုးရာဥယျာဉ်ကြီးကို တွေ့လိုက်ရသည်။

ဤနေရာရှိ ချီစွမ်းအင်မှာ သိသိသာသာ ပိုမိုသန့်ရှင်းနေသည်။

ဝမ်ရှန်းသည် ကျောပိုးအိတ်နှင့် ဓားကိုယူကာ ကျိုးရင်လောင်နှင့်အတူ ရင်ပြင်ထဲသို့ လှမ်းကြည့်လိုက်သည်။ ဤကဲ့သို့သော နေရာမျိုးသို့ သူတို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။

“ဘယ်လိုလဲ မဆိုးဘူးမလား” လီရှီဝူက နောက်မှ လိုက်လာရင်း ပြုံး၍မေးသည်။

“ဒီနေရာကို ဝူတန်းတောင်က ဖုန်းရွှေဆရာတစ်ယောက်က ပုံစံထုတ်ပေးခဲ့တာပဲ… ပြီးဖို့ ရှစ်နှစ်လောက် ကြာတယ်… ငါတောင်ပေါ်မှာ ကျင့်ကြံနေတာ ဒုတိယနှစ်လား၊ တတိယနှစ်လား မသိဘူး… အဲဒီအချိန်မှာ ဆောက်လို့ ပြီးသွားတာ”

ဒရိုင်ဘာသည် ကားပါကင်ထိုးရန်အတွက် သူတို့ကို တံခါးဝတွင် ထားခဲ့ကာ ထွက်သွားသည်။

လမ်းပြမည့်သူ မရှိသဖြင့် လီရှီဝူက လက်ကိုနောက်ပစ်ကာ ရှေ့မှ လျှောက်သွားရင်း ညွှန်ကြားလိုက်သည်၊၊

“ပူဇော်ပွဲကို ဒီမှာပဲ လုပ်မယ်… ခဏနေရင် ငါက ပလ္လင်ပြင်ပြီး အစီအရင်တွေ လုပ်မယ်… မင်းတို့နှစ်ယောက်ကတော့ ခြံထဲကို လိုက်ရှာကြည့်ကြ… ဒုက္ခပေးနေတဲ့ မကောင်းတာတစ်ခုခုတွေ့ရင် လိုအပ်သလို ရှင်းလိုက်”

All Chapters