← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 36 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 36 Ch. 355-356

အခန်း (၃၅၅) - မင်္ဂလာသတင်းနှင့် လော့ထျန်းအဖွဲ့၏ ပျော်ရွှင်စရာ ဂုဏ်ပြုပွဲ

နှစ်ရက်အကြာတွင် လော့ချန်သည် စိတ်လက်ကြည်လင်စွာဖြင့် သူ၏ ဂူဗိမာန်အတွင်းမှ ထွက်လာခဲ့သည်။ သူ ကျောက်စိမ်းနှင်းစက်ဆေးလုံးကို စမ်းသပ်ကြည့်ခဲ့ရာ အမှန်တကယ်ပင် အာနိသင်ရှိပေသည်။ ၎င်း၏ ဆေးစွမ်းမှာ ချီစုစည်းဆေးလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ရှိပြီး နဂါးပျံဆေးလုံးထက် များစွာ အားနည်းသည်။ သို့သော် အဓိကပြဿနာမှာ စနစ်တကျ စုပ်ယူနိုင်ခြင်း မရှိသည့်အချက်တွင် ရှိသည်။ နှစ်ရက်တိတိ ကြာသွားသည့်တိုင် သူ၏ ချီပင်လယ်အတွင်း၌ ကျန်ရှိနေသော အအေးဓာတ်ကို ခံစားနေရဆဲ ဖြစ်သည်။ ၎င်းမှာ နေရထိုင်ရ ခက်ခဲစေပြီး ထိုအအေးစွမ်းအင်များ အပြီးတိုင် ပျောက်ကွယ်သွားရန် အနည်းဆုံး နောက်ထပ် တစ်ရက်ခန့် ထပ်မံ လိုအပ်ဦးမည် ဖြစ်သည်။

ဤသည်မှာ စုပ်ယူခြင်းမျိုး မဟုတ်ဘဲ အခိုးအငွေ့အဖြစ် ပျယ်လွင့်သွားခြင်းမျိုးသာ ဖြစ်သည်။ အကယ်၍ သူသာ ထိုစွမ်းအင်ကို အပြည့်အဝ စုပ်ယူနိုင်ခဲ့လျှင် ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ အာနိသင်မှာ ချီစုစည်းဆေးလုံးကို ကျော်လွန်သွားမည် ဖြစ်ပြီး နဂါးပျံဆေးလုံးကိုပင် သာလွန်သွားနိုင်ခြေ ရှိသည်။

ဆန့်ကျင်ဘက်အနေဖြင့် အမျိုးသမီး ကျင့်ကြံသူများမှာမူ ကျောက်စိမ်းနှင်းစက်ဆေးလုံးကို သောက်သုံးရာတွင် ဤကဲ့သို့ စိုးရိမ်စရာ မလိုပေ။ ထိုဆေးလုံးသည် အအေးစွမ်းအင်များကို အမျိုးသမီး ကျင့်ကြံသူများ၏ ခွန်အားအဖြစ် အပြည့်အဝ ပြောင်းလဲနိုင်သည်။

“ဒါကြောင့်လည်း ဒီဆေးလုံးက ရေဓာတ်ခံနဲ့ ရေခဲဓာတ်ခံရှိတဲ့ အမျိုးသမီးတွေအတွက် အထူးသင့်လျော်တယ်လို့ ဆိုတာပဲ၊ အပိုဆောင်း အာနိသင်က တကယ့်ကို ကြီးမားတာပဲ”

“ဒီလိုဆိုရင် ငါ့ရဲ့ နောက်ထပ်အစီအစဉ်က ပိုပြီး သေချာသွားပြီ”

လော့ချန် အတွေးများနေစဉ်မှာပင် တွမ်ဖုန်းသည်လည်း သူ၏ ဂူဗိမာန်ထဲမှ ထွက်လာသည်။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် စကားတစ်လုံးမှ မဆိုဘဲ ထျန်းလန်တောင်ပေါ်မှ ထွက်ခွာကာ လော့ထျန်းအဖွဲ့ရှိရာသို့ ဦးတည်သွားကြသည်။

....

“တွမ်ဖုန်း အခြေတည်အဆင့်ကို ရောက်သွားပြီတဲ့”

ထိုသတင်းမှာ လော့ထျန်းအဖွဲ့အတွင်း ရက်အတော်ကြာ ပျံ့နှံ့နေခဲ့သော်လည်း လော့ချန်နှင့်အတူ တွမ်ဖုန်းပါ ဒန်ရှားတောင်ထိပ်တွင် ပေါ်လာသည့်အခါတွင်မူ ထိုခန့်မှန်းချက်များမှာ အတည်ဖြစ်သွားတော့သည်။ ခဏချင်းမှာပင် တစ်ဖွဲ့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။ အဖွဲ့အတွင်း အခြေတည်အဆင့် ကျင့်ကြံသူ အသစ်တစ်ဦး တိုးလာခြင်းကြောင့်သာမက လော့ချန်၏ စိတ်သဘောထားကို ဖော်ပြနေခြင်းကြောင့်လည်း ဖြစ်သည်။

အဖွဲ့ခေါင်းဆောင် လော့ချန်သည် စိတ်သဘောထား ကြီးမြတ်ပြီး သည်းခံတတ်သူဖြစ်ကြောင်း နှစ်ပေါင်းများစွာ ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်အထိ ထိုစကားများမှာ ကောလာဟလသာ ဖြစ်နေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် လော့ထျန်းအဖွဲ့တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဟူ၍ သူတစ်ဦးတည်းသာ ရှိခဲ့သည် မဟုတ်ပါလော။ လော့ချန်သည် မီရှုဟွာ၊ သို့မဟုတ် ဝမ်ဟိုင်ချောင် တို့ကဲ့သို့သော သူများနှင့် ကွာသည်ဟု မည်သူက ပြောနိုင်ပါမည်နည်း။ သို့သော် ယခုအခါ တွမ်ဖုန်း၏ အောင်မြင်မှုနှင့်အတူ သံသယများ၊ အတင်းအဖျင်းများနှင့် မရေရာမှုများ အားလုံးမှာ ချေဖျက်ခံလိုက်ရပြီ ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်လော့ချန်မှာ သူ၏ လက်အောက်ငယ်သားများ အခြေတည်အဆင့်သို့ တက်လှမ်းခြင်းကို မတားဆီးဘဲ အစွမ်းကုန် ကူညီပေးသည်ဟူသော အချက်ကြောင့် အားလုံး မျှော်လင့်ချက်များ ဖြစ်ပေါ်လာရသည်။

လော့ထျန်းအဖွဲ့အတွင်း၌ တွမ်ဖုန်းအတွက် ဂုဏ်ပြုပွဲ ကျင်းပပေးခဲ့သည်။ ထိုပွဲတွင် တွမ်ဖုန်းသည် သူ၏ အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်း ဝေမျှခဲ့ရာ အဖွဲ့သားများ၏ လော့ချန်အပေါ် လေးစားမှုမှာ ပိုမိုနက်ရှိုင်းလာသည်။ တွမ်ဖုန်း မအောင်မြင်မီက လော့ချန်သည် အန္တရာယ်အရှိဆုံး အပိုင်းများကို လက်တွေ့လေ့ကျင့်နိုင်ရန် ကိုယ်တိုင် ဖန်တီးပေးခဲ့ကြောင်း လူတိုင်း သိသွားကြသည်။ ထို့ပြင် အဆင့်တက်ရန် ကြိုးစားနေစဉ်အတွင်း လော့ချန်ကိုယ်တိုင် အပြင်မှ စောင့်ကြပ်ပေးကာ အနှောင့်အယှက်များ မလာအောင် ကာကွယ်ပေးခဲ့သည်။ ဤလုပ်ရပ်များမှာ သူ၏ ပုံမှန် အပြုအမူများနှင့် ပေါင်းစပ်လိုက်လျှင် မည်သူက စိတ်ရင်းမှန်ဖြင့် မလေးစားဘဲ နေနိုင်မည်နည်း။ ဤအကြောင်းအရာများကြောင့် လော့ထျန်းအဖွဲ့အတွင်း၌ မျှော်လင့်ချက် မီးစလေးများ တဟုန်းဟုန်း တောက်လောင်လာခဲ့သည်။ တွမ်ဖုန်းပင် အောင်မြင်နိုင်ခဲ့လျှင် သူတို့အနေဖြင့်လည်း အဘယ်ကြောင့် မအောင်မြင်နိုင်ရမည်နည်းဟူသော ယုံကြည်ချက်များမှာ အဖွဲ့သားတိုင်း၏ ရင်ထဲတွင် အမြစ်တွယ်သွားခဲ့လေပြီ။

ဂုဏ်ပြုပွဲကို အဖွဲ့တွင်း၌သာ လျှို့ဝှက်ကျင်းပခဲ့သည်။ အဖွဲ့အတွင်းရှိ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူများကိုသာ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ လော့ထျန်းအဖွဲ့က စေးနှဲနေ၍ မဟုတ်ပေ။ ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။

ဤနေရာသည် အခြေတည်အဆင့်သို့ ရောက်ရုံဖြင့် နယ်မြေတစ်ခုကို စိုးမိုးနိုင်သော တာဟဲဈေးမြို့တော် မဟုတ်တော့ပေ။ ထျန်းလန်နတ်ဘုရားမြို့တော်တွင် အခြေတည်အဆင့် ကျင့်ကြံသူများမှာ အဆင့်အတန်းတစ်ခု ရှိသော်လည်း အလွန်အမင်း ထူးခြားနေသည်တော့ မဟုတ်ပေ။ မြို့တော်အတွင်း၌ ထိုကဲ့သို့သော သူများမှာ ပေါများလှပြီး အင်အားကြီးဂိုဏ်းများမှ တပည့်များမှာလည်း အမြဲ ဖြတ်သန်းသွားလာနေကြသည်။ သာမန် အခြေတည်အဆင့်တက်လှမ်းခြင်းအတွက် ခမ်းနားကြီးကျယ်စွာ လုပ်ပြနေလျှင် မည်သူ၏ ချီးမွမ်းမှုကိုမျှ ရမည်မဟုတ်ဘဲ အထင်သေးမှုကိုသာ ခံရမည် ဖြစ်သည်။ ထို့ကြောင့် ဂုဏ်ပြုပွဲကို လော့ထျန်းအဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်များဖြင့်သာ ကန့်သတ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဂုဏ်ပြုပွဲအတွင်း လော့ထျန်းအဖွဲ့မှ ဝါရင့်ကျင့်ကြံသူတိုင်းက တွမ်ဖုန်းကို ဂုဏ်ပြုစကားများ ဆိုကြသည်။ အများစုမှာ စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုကြခြင်း ဖြစ်သည်။ နောက်ထပ် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး တိုးလာခြင်းမှာ သူတို့၏ စုပေါင်းအင်အား မြင့်တက်လာခြင်းပင် ဖြစ်သည်။ အဖွဲ့သားများအတွက်မူ ပိုမိုခိုင်မာသော ကာကွယ်မှုနှင့် ချောမွေ့သော အနာဂတ်လမ်းကို ရရှိခြင်းပင် ဖြစ်သည်။

စိတ်ရင်းဖြင့် ဂုဏ်ပြုကြသော်လည်း မနာလိုစိတ် အနည်းငယ် ဖြစ်မိကြသည်မှာ ရှောင်လွဲမရပေ။ မည်သို့ပင်ဆိုစေ တွမ်ဖုန်းမှာ ကျင့်ကြံမှု တိုးတက်ခြင်းထက် တိုက်ခိုက်ရေး စွမ်းရည်ကြောင့်သာ လူသိများခဲ့သူ ဖြစ်သည်။ လော့ထျန်းအဖွဲ့အတွင်း၌ တွမ်ဖုန်းထက် ကျင့်ကြံမှု ပိုမြင့်သူများစွာ ရှိနေသေးသည်။ စီမာဟွေ့နန်၊ မုရုံချင်းလျန်၊ ဘီယန်ကျန်းနှင့် မင်လုံယွီ တို့ကဲ့သို့သော သူများမှာ တွမ်ဖုန်းထက် ပို၍ ရှေ့ရောက်နေကြသူများ ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ တွမ်ဖုန်းက သူတို့ထက်အရင် မဟာလမ်းစဉ်ပေါ်သို့ လှမ်းတက်သွားခဲ့ခြင်း ဖြစ်သည်။

အခြားသူများ မည်သို့တွေးသည်ကိုမူ လော့ချန် စိတ်မဝင်စားသလို ခန့်မှန်းရန်လည်း မကြိုးစားပေ။ သူ့အတွက်မူ တွမ်ဖုန်း၏ အောင်မြင်မှုမှာ ကောင်းကျိုးသာ ရှိပြီး ဆိုးကျိုးမရှိပေ။ လော့ထျန်းအဖွဲ့အတွင်း အခြေတည်အဆင့်ရှိသူတစ်ဦး အမြဲ ရှိနေခြင်းမှာ ကိစ္စရပ်များစွာကို သူ့ထံ လွှဲအပ်ထားနိုင်သဖြင့် လော့ချန်အတွက် အဖိုးတန်သော အချိန်များကို အကုန်သက်သာစေမည် ဖြစ်သည်။

အချိန် ဟူသော ထိုစကားလုံးမှာ ရိုးရှင်းသော်လည်း အခြေတည်အဆင့်နှင့် ချီသန့်စင်အဆင့်တို့ကြား အခြေခံကျသော ခြားနားချက်ပင် ဖြစ်သည်။ ချီသန့်စင်အဆင့်ကျင့်ကြံသူများမှာ နေ့စဉ်နှင့်အမျှ အလုပ်များဖြင့် မနားမနေ ရုန်းကန်နေရပြီး ဘဝကို နေ့များ၊ လများ၊ အလွန်ဆုံးရှိလျှင် နှစ်အနည်းငယ်ဖြင့်သာ တိုင်းတာကြသည်။ သို့သော် အခြေတည် ကျင့်ကြံသူများအတွက်မူ အချိန်၏ အဓိပ္ပာယ်မှာ လုံးဝ ပြောင်းလဲသွားသည်။

လော့ချန်သည် သူ၏ ခရီးတစ်လျှောက်တွင် ဤခြားနားချက်ကို နက်နက်ရှိုင်းရှိုင်း ခံစားလာရသည်။ ဝိညာဉ်ဆေးနန်းဆောင်မှ ဆိုင်ရှင်လျို ဖြစ်စေ၊ နဂါးရတနာမှောင်ခိုစျေးကွက်မှ ထျန်းရှင်းကျီ ဖြစ်စေ၊ ထိုသူတို့သည် အချိန်အကြောင်း ပြောလျှင် "မကြာမီ" သို့မဟုတ် "သိပ်မကြာတော့ပါဘူး" ဟူသော စကားစုများကိုသာ အမြဲ သုံးလေ့ရှိသည်။ အစပိုင်းတွင် ၎င်းမှာ ရက်အနည်းငယ်ဟု လော့ချန် ထင်ခဲ့သည်။ နောက်ပိုင်းမှသာ သူတို့ပြောသော "မကြာမီ" ဆိုသည်မှာ လအတော်ကြာ သို့မဟုတ် နှစ်အချို့ကို ဆိုလိုမှန်း သူ သိလာရသည်။ ထိုအခါမှသာ အဆင့်မြင့် ကျင့်ကြံသူများ၏ အချိန်အပေါ် ရှုမြင်ပုံမှာ အဆင့်နိမ့်ကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားကြောင်း လော့ချန် နားလည်သွားခဲ့သည်။

ယခုအခါ သူကိုယ်တိုင် အခြေတည်အဆင့်သို့ ရောက်လာသည့်အခါတွင်မူ ထိုနားလည်မှုမှာ ပိုမို နက်ရှိုင်းလာသည်။ တစ်ကြိမ် တံခါးပိတ်ကျင့်ကြံခြင်းမှာ တစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ကြာနိုင်သည်။ အကယ်၍ သူ၏ ကျင့်ကြံမှု ဆက်လက် မြင့်တက်လာလျှင် တစ်ကြိမ် တံခါးပိတ်ကျင့်ကြံခြင်းမှာ ငါးနှစ် သို့မဟုတ် ဆယ်နှစ်အထိပင် ရှည်ကြာသွားနိုင်သည်။

ကျင့်ကြံနေသူအတွက် ထိုအချိန်မှာ ခဏလေးအတွင်း ကုန်ဆုံးသွားသလို ခံစားရသော်လည်း သူ၏ သူငယ်ချင်းများနှင့် ချစ်ခင်ရသူများအတွက်မူ အထီးကျန်လှသော အချိန်ရှည်ကြီး ဖြစ်နေပေလိမ့်မည်။ သူ ကျင့်ကြံရာမှ ထွက်လာသည့်အခါ သူ ဂရုစိုက်ရသူများမှာ အိုမင်းမစွမ်းဖြစ်ကာ သေဆုံးသွားကြပြီး ဖြစ်နိုင်သည်။ သူ ဦးဆောင်သော အဖွဲ့အစည်းမှာလည်း မုန်တိုင်းများဒဏ်ကြောင့် ပျက်စီးသွားခြင်း သို့မဟုတ် အနိမ့်အမြင့် အပြောင်းအလဲများ ဖြစ်သွားခြင်းမျိုး သူ မသိလိုက်ဘဲ ဖြစ်သွားနိုင်သည်။

အခြေတည်အဆင့်သို့ ရောက်မှသာ စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာခြင်းပင်။

လော့ချန်သည် တစ်နေ့တွင် တံခါးပိတ်ကျင့်ကြံရာမှ ပြန်ထွက်လာသည့်အခါ သူ၏ သူငယ်ချင်းများနှင့် လော့ထျန်းအဖွဲ့မှာ အတိတ်က အကြွင်းအကျန်များ ဖြစ်သွားမည်ကို မလိုလားပေ။ ဝမ်ယွမ်တွင် အခြေတည်အဆင့်နှင့် တူညီသော တိုက်ခိုက်ရေး စွမ်းရည်ရှိသော်လည်း ကျင့်ကြံမှုအရ ဆိုရလျှင် စစ်မှန်သော အခြေတည်အဆင့်ကျင့်ကြံသူ မဟုတ်ပေ။ သူသည် နေ့စဉ်ကိစ္စရပ်များတွင် အဖွဲ့ကို ကာကွယ်ပေးနိုင်သော်လည်း စစ်မှန်သော အခြေတည် အဆင့်အတန်း လိုအပ်သည့် ကိစ္စများတွင်မူ စီမံခန့်ခွဲရန် ခက်ခဲသည်။

ယခုအခါ တွမ်ဖုန်း၏ တက်လှမ်းမှုနှင့်အတူ ထိုအားနည်းချက်မှာ နောက်ဆုံးတွင် ပြေလည်သွားခဲ့ပြီ ဖြစ်သည်။

....

အဖွဲ့တွင်းဂုဏ်ပြုပွဲ ပြီးခါနီးတွင် တွမ်ဖုန်းက သူ၏ ချစ်သူဖြစ်သော ဖုန်းရှနှင့် လက်ထပ်လိုကြောင်း ပြောလာသည်။

“ငါ ဖုန်းရှနဲ့ လက်ထပ်ချင်တယ်”

လော့ချန်သည် တွမ်ဖုန်း၏ ဘေးတွင် ရှက်ကိုရှက်ကန်း ရပ်နေသော အမျိုးသမီးကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ဒါက သတင်းကောင်းပဲ၊ ခွင့်တောင်းနေစရာတောင် မလိုဘူး”

လော့ချန် ကန့်ကွက်ခြင်း မရှိသည်ကို မြင်ရသောအခါ ဖုန်းရှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ဘာကြောင့်မှန်း မသိသော်လည်း လော့ချန် အခြေတည်အဆင့်သို့ ရောက်ပြီးနောက်ပိုင်း သူ၏ တည်ရှိမှုမှာ ပိုမို ခန့်ညားထည်ဝါလာသလို ခံစားရသည်။ အစပိုင်းတွင် ထိုအရာမှာ အဆင့်မြင့် ကျင့်ကြံသူတစ်ဦးထံမှ သဘာဝ ဖိအားဟုသာ သူမ ထင်ခဲ့သည်။ သို့သော် ချွီလင်ကျွင်းနှင့် မီလီတို့၏ ကိစ္စဖြစ်ပြီးနောက် သူမ၏ စိတ်ထဲတွင် စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ သူမနှင့် တွမ်ဖုန်းတို့အပေါ် လော့ချန် သဘောမတူခဲ့လျှင် မည်သို့ဖြစ်မည်နည်း။

တွမ်ဖုန်းက ရယ်မောရင်း နောက်ပြောင်လိုက်သည်။

"ငါက အသိပေးတာပါ ခေါင်းဆောင်ရာ.... မင်း သဘောမတူလည်း ဘာမှုစရာလဲ၊ ဒါပေမဲ့ ဟဲဟဲ.... လက်ဖွဲ့ကောင်းကောင်းလေးတော့ ပြင်ထားဦးနော်"

"ရှောင်တွမ် ရှောင်တွမ်.... လက်စသတ်တော့ ဒါလိုချင်လို့ကိုး"

လော့ချန်က ရယ်မောရင်း ကျိန်ဆဲလိုက်ပြီး “မင်္ဂလာဆောင်ကို ဘယ်တော့လောက် ကျင်းပဖို့ စိတ်ကူးထားသလဲ” ဟု မေးလိုက်သည်။ တွမ်ဖုန်းတွင် အဖြေရှိပြီးသား ဖြစ်သည်။

"ငါ့ရဲ့ ကျင့်ကြံမှုကို အပြည့်အဝ တည်ငြိမ်အောင် လုပ်ပြီးတာနဲ့ အခမ်းအနား ကျင်းပပြီး ရှရှကို တရားဝင်ဇနီးအဖြစ် လက်ထပ်ယူမှာပါ"

"ကောင်းပါပြီ၊ အဲဒီအချိန်ကျရင် လော့ထျန်းအဖွဲ့ကနေ ခင်ဗျားအတွက် ပွဲအကြီးအကျယ်လုပ်ပေးရမှာပေါ့"

လော့ချန်က အားရပါးရ ရယ်မောလိုက်ပြီးနောက် ဖုန်းရှဘက်သို့ လှည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။

"မမရှ.... ဂုဏ်ယူပါတယ်"

ဖုန်းရှမှာ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း စကားမပြောနိုင်မီ မျက်ရည်များ ဝဲလာခဲ့သည်။ သူမ တိမ်ဝင်နေသော အသံဖြင့် "ကျေးဇူးတင်ပါတယ်ကွယ်" ဟုသာ ပြောနိုင်ခဲ့သည်။

ရိုးရှင်းသော စကားလုံးများ ဖြစ်သော်လည်း သူမ၏ ခံစားချက်များမှာ ရှုပ်ထွေးနေသည်။ သူမ၏ လက်ထပ်မှုကို ခွင့်ပြုပေးသည့်အတွက် ကျေးဇူးတင်နေခြင်းလော သို့မဟုတ် တွမ်ဖုန်းကို အမြဲ ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်နေခြင်းလော ဆိုသည်ကို ခွဲခြားရန် ခက်ခဲသည်။

လော့ချန်က ရယ်မောရင်း သူမ၏ ကျေးဇူးတင်စကားကို ပေါ့ပေါ့ပါးပါးပင် လက်ခံလိုက်သည်။

ဖုန်းရှမှာ အမျိုးသမီးကောင်းလေး တစ်ဦး ဖြစ်သည်။ သူမ၏ ကျင့်ကြံမှုမှာလည်း အထင်သေးစရာ မဟုတ်ပေ။ သူမသည် ပြီးခဲ့သောနှစ်က လော့ထျန်းအဖွဲ့တွင် ချီသန့်စင်အဆင့် ၉ သို့ ရောက်ရှိခဲ့သူများထဲမှ တစ်ဦး ဖြစ်သည်။ သူမတွင် အခြေတည်အဆင့်သို့ ရောက်နိုင်စွမ်း ရှိမရှိကို လော့ချန် သေချာ မသိသော်လည်း သူမနှင့် တွမ်ဖုန်းတို့မှာ မည်သို့ပင်ဆိုစေကာမူ လိုက်ဖက်ညီလှသည့် စုံတွဲတစ်တွဲ ဖြစ်သည်မှာ ငြင်းမရနိုင်သော အမှန်တရားဖြစ်သည်။ အမှန်စင်စစ် တွမ်ဖုန်း လုံးဝ ကံထူးသွားသည်ဟုပင် ဆိုရမည်။ တွမ်ဖုန်းအပေါ် သူမထားရှိသော စိတ်ရင်းစေတနာနှင့် အနစ်နာခံ ပေးဆပ်မှုများမှာ အဖွဲ့သားအားလုံး၏ အသိပင် ဖြစ်သည်။

ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် လော့ချန်သည် တွမ်ဖုန်းတို့ စုံတွဲအား အနှောင့်အယှက် မဖြစ်စေရန် ရှောင်ထွက်ခဲ့လိုက်သည်။ အဖွဲ့သားများစွာကလည်း တွမ်ဖုန်းနှင့် စကားပြောချင်နေကြသေးသည်။

သူသည် အပြင်ဘက်ရှိ ခန်းမဆောင်တစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။ ထိုနေရာတွင် တစ်စုံတစ်ယောက်က သူ့အား စောင့်နေနှင့်ပြီ ဖြစ်သည်။

“လျိုဇီရေ .... ဘယ်လိုလဲကွ၊ လော့ထျန်းအဖွဲ့မှာ နေရတာ အသားကျပြီလား”

ရွှီရှောင်လျိုသည် ယခင် လမ်းဘေးလူဆိုးလေးဘဝထက် များစွာ ရင့်ကျက်တည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။ သူ ရိုသေစွာဖြင့် ဖြေကြားလိုက်သည်။

“အားလုံး အဆင်ပြေပါတယ် ခေါင်းဆောင်၊ အရင်က တစ်ကိုယ်တော်ကျင့်ကြံသူဘဝထက်စာရင် ဒီမှာက အများကြီး ပိုကောင်းပါတယ်ဗျ”

လော့ချန် ခေါင်းယမ်းလိုက်သည်။

"မင်းက အရင်က အနှောင်အဖွဲ့ ကင်းကင်းနဲ့ နေချင်ခဲ့သူမိုလို့ပါ၊ မင်းဦးလေးရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် ဘယ်အခြေတည် အဖွဲ့အစည်းမဆို မင်းကို ဝမ်းသာအားရ လက်ခံမှာပဲ"

ရွှီရှောင်လျိုသည် တစ်ချိန်က မိမိ၏ နုနယ်ခဲ့သော အတွေးအခေါ်များကို ပြန်တွေးမိသလို ခပ်နွမ်းနွမ်းလေး ပြုံးလိုက်သည်။ အနှောင်အဖွဲ့ကင်းသော လွတ်လပ်သည့် ကျင့်ကြံသူဘဝမှာ အကောင်းဆုံးဟု သူ ထင်ခဲ့မိသော်လည်း ဘဝ၏ အချိုးအကွေ့များတွင် ရွေးချယ်စရာ မရှိသည့် အခိုက်အတန့်များကို သူ ကြုံခဲ့ရသည်။

သို့သော် လော့ချန်မှာမူ ထိုကိစ္စများကို စပ်စုရန် စိတ်မဝင်စားပေ။

သူ လက်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်သော မြူငွေ့များ ထွက်ပေါ်နေသော ကျောက်စိမ်းပုလင်းတစ်ပုလင်း သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ ထို့နောက် ၎င်းကို ရွှီရှောင်လျိုထံ လေထဲမှတစ်ဆင့် ပို့ပေးလိုက်သည်။

“မင်းရဲ့ ဦးလေး လောင်ရွှီက ရေခဲခံတပ်ဂိုဏ်းရဲ့ အကြီးအကဲ ရှီပေါ်ရင်းနဲ့ ရင်းနှီးတယ် မဟုတ်လား”

ရွှီရှောင်လျိုက ကျောက်စိမ်းပုလင်းကို အံ့ဩတကြီး ကြည့်ရင်း ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ်.... နည်းနည်းတော့ ပတ်သက်မှု ရှိပါတယ်၊ ခေါင်းဆောင်…. ကျွန်တော့်ကို ဘာများ လုပ်စေချင်လို့ပါလဲ"

“အထွေအထူးမဟုတ်ပါဘူး၊ ဒီ ကျောက်စိမ်းနှင်းစက်ဆေးပုလင်းကို အကြီးအကဲ ရှီဆီ ပို့ပေးဖို့ မင်းဦးလေးကို ပြောပေးပါ၊ ပြီးတော့.... လူတစ်ယောက်က ရေခဲခံတပ်နဲ့ စီးပွားရေး လက်တွဲလုပ်ချင်နေတယ်လို့ စကားပါးပေးပါ"

“ကျောက်စိမ်းနှင်းစက်ဆေးလုံး”

ဤစကားကို ကြားလိုက်ရသောအခါ ရွှီရှောင်လျို၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားရတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၅၆) - ရေခဲခံတပ်မှ ဖိတ်ခေါ်စာ

“ကျောက်စိမ်းနှင်းစက်ဆေးလုံး ဟုတ်လား”

ရေခဲလှိုင်းနန်းတော်တွင် ဖြစ်သည်။

အဘွားအိုသည် မှီထိုင်ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်သည်။ သူမ၏ ဝါးတားတားဖြစ်နေသော မျက်ဝန်းအစုံမှာ တောက်ပသွားပြီး ကုန်းနေသော ကျောပြင်မှာလည်း လှံတစ်စင်းကဲ့သို့ ဖြောင့်တန်းသွားသည်။ အိုမင်းမစွမ်းသည့် အရိပ်အယောင် လုံးဝမရှိတော့ဘဲ ထူးကဲသော စွမ်းအားများသာ ဖုံးလွှမ်းသွားတော့သည်။

သူမ လက်ကို လေထဲတွင် တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ထိုခဏ၌ပင် ရွှီကျင်းနန်၏ လက်ထဲမှ ကျောက်စိမ်းပုလင်းသည် လေဟာနယ်ကို ဖြတ်သန်းကာ သူမ၏လက်ထဲသို့ တည့်တည့်မတ်မတ် ရောက်ရှိသွားသည်။ ရွှီကျင်းနန်သည် ရှေ့မှ ဆံပင်ဖြူဖွေးနေသော အဘွားအိုကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီးနောက် ခေါင်းကို ရိုသေသမှုဖြင့် ငုံ့ထားလိုက်သည်။ ဤကိစ္စမှာ လော့ချန် အကူအညီတောင်းထားခြင်း ဖြစ်လေရာ သူ အစွမ်းကုန် ကြိုးစားပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဤသည်မှာ တစ်ဖက်လူ၏ မြင့်မားလှသော ကျင့်ကြံခြင်းအဆင့်ကို ကြောက်ရွံ့၍သာမဟုတ်ဘဲ သူ၏တူဖြစ်သူ လျိုဇီသည် ယခုအခါ လော့ထျန်းအဖွဲ့တွင် အပြင်စည်းတာဝန်ခံ ဖြစ်နေခြင်းကြောင့်လည်း ပါဝင်သည်။ ပို၍ အရေးကြီးသည်မှာ ကျောက်စိမ်းနှင်းစက်ဆေးလုံးဟူသည်မှာ အခြားကျင့်ကြံသူများအတွက် အရေးမကြီးလှသော်လည်း အမျိုးသမီးကျင့်ကြံသူများသာ ရှိသည့် ရေခဲခံတပ်အတွက်မူ ရတနာထက်ပင် တန်ဖိုးရှိသော ထိပ်တန်းဆေးစွမ်းကောင်း ဖြစ်နေခြင်းပင်။ ဤကဲ့သို့သော ဆေးလုံးကို ဆက်သနိုင်ခြင်းသည် သူ့အတွက်လည်း မျက်နှာကောင်းရစရာ ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။

ရှီပေါ်ရင်းသည် လက်ထဲမှ ဆေးပုလင်းကို အသာအယာ ချလိုက်ပြီး သူမ၏ မျက်နှာတွင် ဖုံးဖိမရသော စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ သူမ ခေါင်းမော့၍ ရွှီကျင်းနန်ကို အကဲခတ်သလို စိုက်ကြည့်လိုက်သည်။

“အဲဒီတော့ လော့ချန်က ငါတို့နဲ့ ဒီကျောက်စိမ်းနှင်းစက်ဆေးလုံး စီးပွားရေးကို လက်တွဲလုပ်ချင်တယ်လို့ မင်း ပြောနေတာလား”

“မှန်ပါတယ်ခင်ဗျာ”

“ဒီဆေးလုံးက ဘယ်ကလာတာလဲဆိုတာရော မင်းသိလား၊ သူက ဖုန်းဟွာဒေသကနေ မှာယူသွင်းတာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ဖော်စပ်တာလား”

“အခုထိတော့ အတိအကျ မသိရသေးပါဘူး၊ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ ဒုတိယအချက် ဖြစ်ဖို့ ပိုများပါတယ်”

“အို.... ဘာကြောင့်လဲ”

ရွှီကျင်းနန်က လေးနက်သော အမူအရာဖြင့် ရှင်းပြသည်။

“လော့ထျန်းအဖွဲ့က အရှေ့ဖျားက တာဟဲဈေးမြို့တော်ကနေ လာတာပါ၊ ထျန်းလန်နတ်ဘုရားမြို့တော်ကို ရောက်တာ တစ်နှစ်ပဲ ရှိသေးသလို သူတို့မှာ ဖုန်းဟွာဒေသနဲ့ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်း လုံးဝရှိနိုင်မှာ မဟုတ်ပါဘူး”

ရှီပေါ်ရင်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ စင်စစ်တွင် ဆက်သွယ်ရေးလမ်းကြောင်း ရှိခြင်း၊ မရှိခြင်းမှာ အဓိကမကျလှပေ။ ကျောက်စိမ်းနှင်းစက်ဆေးလုံးဆိုသည်မှာ ဖုန်းဟွာဒေသတွင်ပင်လျှင် အလုအယက် ဝယ်ယူနေရသော ဆေးစွမ်းကောင်းမျိုး မဟုတ်ပါလော။ ပုံမှန်အားဖြင့် ဖုန်းဟွာနန်းတော်အတွက်သာ သီးသန့်ထုတ်လုပ်ခြင်းဖြစ်ပြီး အပြင်သို့ ပြန့်နှံ့လာပါကလည်း အရည်အသွေးနိမ့်သော ဆေးလုံး အနည်းငယ်သာ ပါရှိတတ်သည်။

ဤသို့ ဖြစ်ရခြင်းမှာ ကုန်ကြမ်းရှားပါး၍ မဟုတ်ဘဲ ဖော်စပ်သည့်နည်းစနစ်မှာ လွန်စွာခက်ခဲလွန်းသောကြောင့်ပင်။ ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ ဆေးဖော်စပ်နည်းမှာ ရရှိရန် မခက်ခဲကြောင်း တစ်ကိုယ်တော် ကျင့်ကြံသူ အများစု သိကြမည်မဟုတ်ပေ။ အမှန်စင်စစ် ရေခဲခံတပ်တွင်ပင် ကူးယူထားသော ဖော်စပ်နည်းတစ်စောင်ရှိနေသည်။ သို့သော် ဆေးလုံးမှာ ဖော်စပ်ရန် အလွန် ခက်ခဲလှသည်။ ရေခဲခံတပ်မှ ဒုတိယအဆင့် ဆေးဖော်ဆရာများ ပြောစကားအရဆိုလျှင် ဤဆေးကို ဖော်စပ်ရန်အတွက် ဆေးပညာကျွမ်းကျင်မှု သုံးမျိုးစလုံးတွင် အဆင့်မြင့်အဆင့်သို့ ရောက်ရှိရန် လိုအပ်သည်ဟု ဆိုကြသည်။ ထို့တင်မကသေး၊ ရေနှင့် မီး ဆေးဖော်စပ်နည်း နှစ်မျိုးလုံးကို ကျွမ်းကျင်ရမည့်အပြင် ဖော်စပ်နေစဉ်အတွင်း ဟန်ချက်ညီညီ ပြောင်းလဲနိုင်စွမ်းလည်း ရှိရမည်။ သာမန်အားဖြင့် ဤကဲ့သို့ စွမ်းဆောင်နိုင်သော ဆေးဖော်ဆရာသည် သာမန် ဒုတိယအဆင့်ဆေးဖော်ဆရာထက် များစွာ အဆင့်မြင့်သွားပြီဖြစ်သည်။

တတိယအဆင့် ဆေးဖော်ဆရာများအတွက်မူ ဖော်စပ်ရန် မခဲယဉ်းလှပေ။ သို့သော်လည်း ရေခဲခံတပ်တွင် တတိယအဆင့် ဆေးဖော်ဆရာတစ်ဦးတစ်ယောက်မျှ မရှိချေ။ ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင်မူ တစ်ဦးရှိပေသည်။ သို့သော်လည်း ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ ဈေးကွက်မှာ ကျင့်ကြံသူလောကတွင် အများစုဖြစ်သော အမျိုးသားများကို ဖယ်ထုတ်ထားခြင်းဖြစ်သည်။ ဤဆေးမှာ အဆင့် (၂) ဆေးလုံးမျှသာ ဖြစ်သောကြောင့် အမြတ်အစွန်းမှာလည်း မပြောပလောက်ပေ။ ထို့ကြောင့် ပုံမှန် တတိယအဆင့် ဆေးဖော်ဆရာများသည် ဤကဲ့သို့သော ဆေးမျိုးအတွက် အချိန်ကုန်ခံရန် ဝန်လေးကြသည်။ ခက်လည်းခက်သည်၊ ရရှိမည့် ဝိညာဉ်ကျောက်တုံးလည်း နည်းပါးသည်၊ ဤသည်မှာ ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ အဓိက အားနည်းချက်ပင်။

“အဲဒီလော့ချန်က ဆေးဖော်စပ်တဲ့နေရာမှာ ဒီလောက်တောင် ပါရမီထူးတာလား”

ရှီပေါ်ရင်းက အနည်းငယ် သံသယဝင်သော လေသံဖြင့် မေးမြန်းလိုက်သည်။

ရွှီကျင်းနန်ကမူ ယုံကြည်ချက်ရှိရှိဖြင့် ပြန်ပြောလိုက်သည်။

“သူက တကယ်ကို ထူးခြားတဲ့ ဆေးဖော်ဆရာတစ်ယောက်ပါ…. လော့ထျန်းအဖွဲ့ကို တည်ထောင်တာကလည်း သူ့ရဲ့ ဆေးဖော်စပ်မှုတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို အထောက်အပံ့ပေးဖို့ လှေကားထစ်တစ်ခုအနေနဲ့ပဲ ဖြစ်ပါလိမ့်မယ်…. ကျွန်တော် သိသလောက်တော့ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပထမအဆင့် အဆင့်မြင့်ဆေးလုံးတွေကို ကျွမ်းကျွမ်းကျင်ကျင် ဖော်စပ်နိုင်ရုံမက သာမန်ဆေးနည်းတွေကိုတောင် ပြုပြင်မွမ်းမံနိုင်တဲ့ စွမ်းအားရှိသူပါ…. အခြေခံတည်ဆောက်ပြီးနောက်မှာ ကျောက်စိမ်းနှင်းစက်ဆေးလုံးကို သူကိုယ်တိုင် ဖော်စပ်နိုင်တယ်ဆိုတာ ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်”

ဤရှင်းပြချက်ကို နားထောင်ပြီးသည့်တိုင် ရှီပေါ်ရင်းသည် ဝေခွဲမရသေးဘဲ တွေးတောနေဆဲပင်။ သူမ စိတ်ဝိညာဉ်အာရုံကို သုံး၍ သတင်းပို့လိုက်သည်။

ခဏအကြာတွင် မိန်းမပျိုလေး ရှီလန်သည် အပြင်ဘက်မှ သွက်လက်စွာ ပြေးဝင်လာတော့သည်။

သူမ၏ မေးမြန်းမှုအောက်တွင် ရှီလန်က လော့ချန်နှင့် ပတ်သက်၍ သူမ သိရှိသမျှကို တစ်ခုမကျန် အသေးစိတ် ပြောပြလိုက်လေသည်။ လော့ချန်တွင် ငွေကြေးအင်အား အဆမတန် တောင့်တင်းနေခြင်းနှင့် တန်ဖိုးကြီးလှသော ဂူဗိမာန်ကို ဆယ်နှစ်စာ ကြိုတင်ငှားရမ်းထားသည်ကို သိရှိပြီးနောက်တွင်မူ ရှီပေါ်ရင်း၏ သံသယများသည် နှင်းပွင့်များကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ ငွေကြေးဆိုသည်မှာ ဆေးဖော်ဆရာတစ်ဦး၏ စွမ်းရည်ကို တိုင်းတာသည့် အမှန်ကန်ဆုံး ပြယုဂ်ပင် ဖြစ်သည်မဟုတ်ပါလော။ ဆေးဖော်ဆရာ အစစ်အမှန်များ၏ လက်ထဲတွင် ဝိညာဉ်ကျောက်တုံးများ မပြတ်တောက်နိုင်ချေ။ လော့ချန် ဤမျှအထိ ကြွယ်ဝချမ်းသာနေခြင်းကို ကြည့်ခြင်းအားဖြင့် သူ၏ ဆေးဖော်ပညာ မည်မျှအထိ အစွမ်းထက်မည်ကို ခန့်မှန်းရုံဖြင့် သိနိုင်ပေသည်။

“ကျောက်စိမ်းနှင်းစက်ဆေးလုံး စီးပွားရေးလား၊ သူကိုယ်တိုင် ဖော်စပ်နိုင်တယ်ဆိုရင် တိုက်ရိုက်ရောင်းချလို့ ရတာပဲ၊ ဘာလို့ ငါတို့ ရေခဲခံတပ်ကိုမှ သီးသန့်လာရှာရတာလဲ”

ရှီပေါ်ရင်းသည် အချက်အလက်များကို အတည်ပြုပြီးနောက်တွင် ပို၍ နက်နက်ရှိုင်းရှိုင်း စဉ်းစားလာမိသည်။ သူမ စဉ်းစားခန်း ဝင်နေချိန်တွင် ကျန်ရှိနေသော လူနှစ်ဦးမှာ မလှုပ်မယှက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

“မင်းတို့ အရင်ဆင်းသွားကြတော့…. အခြေအနေ အသေးစိတ်ကိုတော့ မကြာခင် ငါပြန်ပြီး အကြောင်းကြားမယ်”

ရွှီကျင်းနန်က ရိုသေစွာ ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွားသည်။ ရှီလန်ကမူ မျက်တောင်တခတ်ခတ်ဖြင့် သူမ၏ စိတ်ထဲတွင် တစ်ခုခုကို ကြံစည်နေဟန် ရှိပေသည်။

....

ရှီပေါ်ရင်းပြောသည့် မကြာခင်ဆိုသော စကားသည် လော့ချန်အတွက်မူ ရှည်လျားလှသော စောင့်ဆိုင်းခြင်း ဖြစ်သွားခဲ့သည်။

သုံးလတာ ကာလအတွင်း သူသည် မည်သည့် သတင်းစကားကိုမျှ မကြားသိခဲ့ရပေ။ သို့သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးသည် တစ်ဖက်လူကို သွားရောက် အတင်းအကျပ် လုပ်ဆောင်၍ မရမှန်း သူသိသည်။ ထို့ကြောင့်ပင် လော့ချန်သည် သူ၏ စွမ်းအားအလုံးစုံကို ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်များတွင်သာ ပုံအောထားလိုက်တော့သည်။

ဤသုံးလအတွင်း၌ပင် သူ၏ ဦးဆောင်မှုဖြင့် လော့ထျန်းအဖွဲ့ ဆေးဖော်ခန်းမဆောင်သည် အကြီးအကျယ် ဆေးဖော်စပ်သည့် စစ်ဆင်ရေးကြီးကို စတင်လိုက်တော့သည်။ ယခင် ရှောင်ဟွမ်းတောင်တွင် အသုံးပြုခဲ့သော သာမန်မြေအောက်မီးနှင့် မတူတော့ပေ။ ဒန်ရှားတောင်အောက်ရှိ မြေအောက်မီးသည် စစ်မှန်သော အဆင့်မီ မီးကြောကြီး ဖြစ်သည်။ ထို့ကြောင့်ပင် လုပ်ငန်းစဉ်များသည် လျှပ်စီးအလား မြန်ဆန်လာခဲ့သည်။ သုံးလအတွင်းမှာပင် ကျောက်စိမ်းအမြုတေဆေးလုံးပေါင်း နှစ်သောင်းနီးပါးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေသည်။

အမှန်စင်စစ် လော့ချန်အနေဖြင့် ဤထက်ပို၍ ဖော်စပ်နိုင်သေးသော်လည်း လောဘစိတ်ကို ပညာဖြင့် သူ ထိန်းချုပ်လိုက်သည်။ ကျောက်စိမ်းအမြုတေဆေးလုံးများကို အမြောက်အမြား ထုတ်လုပ်ပြီး အမြတ်ရှာနေမည့်အစား ပိုလျှံသည့်အချိန်များကို သူပိုမိုလိုအပ်သော ဆေးများအတွက်သာ အသုံးချလိုက်ခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် ချီလမ်းကြောင်းဆေးလုံးနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးတို့ကဲ့သို့ပင်။

ဤကာလအတွင်း သတင်းကောင်းများကလည်း တရစပ် ထွက်ပေါ်လာသည်။ ပထမဆုံး သတင်းကောင်းမှာ သူ၏ ဆေးဖော်စပ်သည့် လက်ကွက်များဖြစ်သော ရေတံခွန်စိမ့်စမ်းလက်ကွက်နှင့် တိမ်တိုက်အသွင်ပြောင်းလက်ကွက်တို့မှာ အဆင့်တစ်ခုတက်သွားပြီး အမှတ်နှစ်မှတ် ရရှိလိုက်ခြင်းပင်။ ဤတိုးတက်မှုသည် ကျောက်စိမ်းနှင်းစက်ဆေးလုံးကို ဖော်စပ်ရာတွင် သူ့အား ပိုမိုခိုင်မာသော ယုံကြည်မှုကို ပေးစွမ်းလိုက်သည်။

နောက်ထပ် ထူးခြားသော သတင်းတစ်ခုမှာမူ ချွီလင်ကျွင်းထံမှ ဖြစ်သည်။

ချွီလင်ကျွင်းသည် နောက်ဆုံးတွင် အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးကို စတင်ဖော်စပ်နိုင်ခဲ့ပြီဖြစ်သည်။ ဤသည်မှာ တကယ့်ကို အံ့မခန်းဖွယ် သတင်းကောင်းပင်။ ချွီလင်ကျွင်းသည် အသက် ၂၀ ပင် မပြည့်သေးပေ။ ဤအသက်အရွယ်နှင့် ပထမအဆင့် အဆင့်လတ်ဆေးလုံးကို ဖော်စပ်နိုင်ခြင်းသည် ပြင်ပသို့ ပေါက်ကြားသွားပါက ထျန်းလန်နတ်ဘုရားမြို့တော် တစ်ခုလုံး တုန်လှုပ်သွားပေလိမ့်မည်။ ကျောက်စိမ်းအိုးဓားဂိုဏ်း ခုနစ်ဂိုဏ်းလုံးပင်လျှင် သူ့အား အစွမ်းကုန် စည်းရုံးကြပေလိမ့်မည်။

သူ၏ ပါရမီကို မထူးခြားဟု မည်သူမှ ထင်ကြမည်မဟုတ်ပေ။ ဤကဲ့သို့သော ဆေးဖော်ပါရမီရှင်ကို ဂိုဏ်းကြီးများက အရင်းအမြစ်များစွာဖြင့် ထောက်ပံ့ပေးကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသည်အထိ အစွမ်းကုန် လက်သတ်မွေးကြမည်မှာ ဧကန်မလွဲပင်။ စစ်မှန်သော ပါရမီရှင်များအတွက်မူ မူလအရင်းခံ ပါရမီဆိုသည်မှာ မည်သည့်အခါမျှ အတားအဆီး မဟုတ်ပေ။

ဤပါရမီမှာ ကြည့်ရသည်မှာ အနည်းငယ် ချဲ့ကားထားသလို ရှိနေသော်လည်း အမှန်စင်စစ် ဖြစ်သင့်ဖြစ်ထိုက်သော အရာပင် ဖြစ်သည်။ ကျောက်စိမ်းအမြုတေဆေးလုံးကို အထွတ်အထိပ်အဆင့်အထိ ကျွမ်းကျင်သော လော့ချန်ကဲ့သို့ ဆရာတစ်ဦး ရှိနေသဖြင့် နည်းစနစ်ပိုင်းဆိုင်ရာမှာ မေးခွန်းထုတ်စရာ မလိုတော့ပေ။ ဆေးဖော်စပ်ခြင်း၏ အဓိက သော့ချက်မှာ ထပ်ခါတလဲလဲ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။ ၎င်းမှာ ကျရှုံးမှုများစွာကို ကျော်ဖြတ်ကာ အောင်မြင်မှုကို စုဆောင်းရခြင်း ဖြစ်သည်။

ဤနေရာတွင် ချွီလင်ကျွင်းသည် လော့ချန်၏ အကန့်အသတ်မရှိသော ထောက်ပံ့မှုကို ရရှိခဲ့ခြင်းပင်။ ယခင် လော့ချန် တံခါးပိတ်ကျင့်ကြံသည့် ကာလအတွင်းကပင် လော့ထျန်းအဖွဲ့ တစ်ဖွဲ့လုံးကို ချွီလင်ကျွင်း၏ ဆေးဖော်စပ်မှု စမ်းသပ်ချက်များအတွက် အစွမ်းကုန် ကူညီရန် အမိန့်ထုတ်ထားခဲ့သည်။

နောက်ပိုင်း အကြီးစား ဆေးဖော်စပ်မှုများ ပြုလုပ်သည့် အကြိမ်တိုင်းတွင်လည်း ချွီလင်ကျွင်းသည် လော့ချန်၏ အဓိက လက်ထောက်အဖြစ် အနီးကပ် သင်ယူခွင့် ရခဲ့သည်။ လော့ချန်သည် မိမိ နားနေသည့် အချိန်များတွင်လည်း လင်ကျွင်းအား ကိုယ်တိုင်ဖော်စပ်စေကာ ဘေးမှနေ၍ အသေးစိတ် ညွှန်ကြားပြသခဲ့ပြီး အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ အမြဲ ပြန်လည်ဆန်းစစ် ဝေဖန်ပေးခဲ့သည်။ ခြုံငုံကြည့်ပါက ချွီလင်ကျွင်း၏ ဤအောင်မြင်မှုသည် သူ၏ ပင်ကိုယ်ပါရမီ၊ ဆရာကောင်း၏ လမ်းညွှန်မှုနှင့် များပြားလှသော လက်တွေ့အတွေ့အကြုံများ ပေါင်းစပ်သွားခြင်းကြောင့်ပင် ဖြစ်သည်။

ထိုနေ့က ချွီလင်ကျွင်းတစ်ယောက် အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံး ၁၅ လုံးကို အောင်မြင်စွာ ဖော်စပ်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ လော့ချန် မည်မျှအထိ ဝမ်းမြောက်သွားသည်ကို ပြောရန်ပင် လိုမည်မထင်ပေ။ သူ လွန်စွာ စိတ်လှုပ်ရှားသွားပြီး သူ၏ အဖိုးတန် ချီစုဆုံဝင်္ကပါ အသေးစားလေးကိုပင် ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်တော့သည်။ သူ တောင်းဆိုလိုက်သည့် တစ်ခုတည်းသော အချက်မှာ ဤအောင်မြင်မှုကို လျှို့ဝှက်ထားရန်ပင် ဖြစ်သည်။

ထို့အပြင် လင်ကျွင်းဖော်စပ်သမျှ အဆင့်လတ် ဆေးလုံးများကိုလည်း လော့ချန်၏ အမည်ဖြင့်သာ ထုတ်ပြန်စေခဲ့သည်။ ဤသည်မှာ သူ၏ ဂုဏ်သိက္ခာကို လုယူခြင်းမဟုတ်ဘဲ ပါရမီရှင် လူငယ်လေးအား ဘေးအန္တရာယ်မှ ကာကွယ်ပေးရန်သာ ဖြစ်သည်။

‘အပင်မြင့်ရင် လေတိုက်ခံရတတ်တယ်’ ဆိုသော အမှန်တရားကို လော့ချန် အမြဲ နှလုံးသွင်းထားသည် မဟုတ်ပါလော။

“ချီစုဆုံဝင်္ကပါက မင်းရဲ့ ကျင့်ကြံမှု အရှိန်အဟုန်ကို မြှင့်တင်ပေးလိမ့်မယ်၊ ဆေးလုံးတွေကိုလည်း လိုအပ်သလို အသုံးချပေါ့”

လော့ချန်က ခဏရပ်ပြီး လေးလေးနက်နက် မှာကြားလိုက်သည်။

“ဆေးလုံးတွေကို သုံးဖို့ လိုပေမဲ့ အလွန်အကျွံတော့ မဖြစ်စေနဲ့၊ မဟုတ်ရင် အခြေခံကို ထိခိုက်စေနိုင်တယ်”

ချွီလင်ကျွင်းက ချီစုဆုံဝင်္ကပါကို ပျော်ရွှင်စွာ လက်ခံလိုက်သည်။ သူသည် လော့ချန်၏ ဆုံးမစကားများကို သူ၏ နှလုံးသားတွင် အမြဲ ကမ္ပည်းတင်ထားသူ ဖြစ်သည်။ ဆရာသည် သူ့အပေါ် စေတနာအပြည့်ထားသူ ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည် မဟုတ်ပါလော။

မိမိ၏ တပည့်လေး ပျော်ရွှင်နေသည်ကို ကြည့်ရင်း လော့ချန်လည်း စိတ်သက်သာရာ ရသွားတော့သည်။ ဤတပည့်အတွက် သူသည် ဆေးဖော်စပ်ခြင်းသာမက ကျင့်ကြံခြင်းတွင်လည်း အစွမ်းကုန် ပံ့ပိုးပေးခဲ့ရသည်။ လစဉ် ဆေးလုံးများ၊ စိတ်ငြိမ် အမွှေးတိုင်များနှင့် အနှစ်သာရမွေးမြူရည်များကို တစ်ခါမျှ မပြတ်တောက်စေခဲ့ပေ။ ယခုဆိုလျှင် ချီစုဆုံဝင်္ကပါလေးပင် ပေးလိုက်ပြီဖြစ်သည်။ ဤကဲ့သို့သော အထောက်အပံ့များအောက်တွင် သူ၏ ကျင့်ကြံမှုနှုန်းသည် အရှိန်အဟုန်ဖြင့် မြန်ဆန်လာပေလိမ့်မည်။ ဝိညာဉ်အမြစ်ပါရမီ မထူးခြားသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိရန်မှာ အိပ်မက် မဟုတ်တော့ချေ။

ဂိုဏ်းကြီးများ ထောက်ပံ့နိုင်သည့် အရာမှန်သမျှကို သူလည်း ထောက်ပံ့ပေးနိုင်သည်ဟု လော့ချန် ယုံကြည်ချက်ရှိသည်။ အရင်းအမြစ်များကို အကန့်အသတ်မရှိ ပုံအောပေးလိုက်ရုံသာ မဟုတ်ပါလော။ သူ့တပည့်တစ်ယောက်အတွက် အရင်းအမြစ်ဆိုသည်မှာ သူ့အတွက် ပြောပလောက်သည့် ကိစ္စမဟုတ်ချေ။

ထို့ပြင် နောက်ပိုင်းတွင် ချွီလင်ကျွင်းတစ်ယောက် အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးများကို တည်တည်ငြိမ်ငြိမ် ဖော်စပ်နိုင်လာပါက ရရှိမည့် အကျိုးအမြတ်မှာလည်း ကြီးမားလှပေသည်။ စင်စစ်တွင် လော့ချန်အနေဖြင့် သူ့အား အမြဲ ထောက်ပံ့နေရန်ပင် မလိုအပ်တော့ပေ။ ချွီလင်ကျွင်းသည် ယခုအခါ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လော့ချန် အမှန်တကယ် လုပ်ဆောင်ပေးရမည့်အရာမှာ လမ်းမှန်ကို ပြသပေးရန်နှင့် အကာအကွယ်ပေးရန်သာ ဖြစ်တော့သည်။

နေ့စဉ် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်များ ပြီးဆုံးသွားသည့်အခါ လော့ချန်သည် သူ၏ လှေပျံကို စီးနင်းကာ ထျန်းလန်တောင်သို့ အမြန်ပြန်လာခဲ့သည်။ ဒုတိယအဆင့် ဂူဗိမာန်တွင် ကျင့်ကြံလိုစိတ်ကြောင့်သာ မဟုတ်ပေ။ အမှန်စင်စစ် သူ အကြာကြီး စောင့်မျှော်နေခဲ့ရသော နောက်ဆုံး သတင်းကောင်းတစ်ခုသည် အောင်မြင်မှု အရိပ်အယောင် ပြလာသောကြောင့် ဖြစ်သည်။

ယခုအခါ ထိုအရာကို အတည်ပြုရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

....

နွယ်မြက်သစ်ပင် ဆေးဘုရင်ကျင့်စဉ် - ပါရမီရှင်အဆင့် (၅၀၁/၁၀၀၀)

ဂူဗိမာန်အတွင်းရှိ လေဟာနယ်ကို လော့ချန် စိုက်ကြည့်နေမိသည်။ သူ၏ အခြေအနေပြကြေးမုံပြင်ပေါ်တွင် နွယ်မြက်သစ်ပင် ဆေးဘုရင်ကျင့်စဉ် ဆိုသည့် စာသားသည် ရွှေရောင်အလင်းများဖြင့် တဖျတ်ဖျတ် တောက်ပနေသည်။

ကျွမ်းကျင်မှုမှာ ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ လပေါင်းများစွာ မနားတမ်း ကျင့်ကြံခဲ့ခြင်းနှင့် နတ်ဘုရားမီးလျှံ အမွှေးတိုင်များကို ပိုမိုအသုံးပြုခဲ့ခြင်းတို့၏ ရလဒ်ပင် ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ ပင်မကျင့်စဉ်ကို အမြင့်မားဆုံးသော အဆင့်သို့ တွန်းတင်နိုင်ခဲ့ပြီဖြစ်သည်။

ဤပြောင်းလဲမှုသည် လွန်ခဲ့သော နှစ်ရက်ခန့်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ပါရမီရှင်အဆင့်သို့ ရောက်ပြီးသည့်တိုင် သိသာထင်ရှားသော ပြောင်းလဲမှုကို ရှာမတွေ့သေးပေ။

သို့သော်ငြား လော့ချန်သည် သူ၏အတွင်းပိုင်း၌ တစ်စုံတစ်ခု ပြောင်းလဲသွားကြောင်း အာရုံခံမိနေသည်။ ထို့ကြောင့်ပင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လော့ချန် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို အသေအချာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူ၏ စိတ်အာရုံကို ခန္ဓာကိုယ်အတွင်းပိုင်းသို့ ပို့ဆောင်ကြည့်လိုက်သောအခါ မယုံနိုင်ဖွယ် ပြောင်းလဲမှုကို တွေ့လိုက်ရပြီ ဖြစ်သည်။

သူ၏ စိတ်အာရုံကို သုံးလိုက်သည့်ခဏတွင် လက်ချောင်းထိပ်ပေါ်၌ ဝိညာဉ်ရည်တစ်စက် ပေါ်လာသည်။ ဤသည်မှာ သူ၏ ကျင့်စဉ်မှ သန့်စင်ထုတ်လုပ်လိုက်သော ချီစွမ်းအင် ဖြစ်သည်။

ပြီးပြည့်စုံအဆင့်တွင်ရှိစဉ်က သူ၏ ချီစွမ်းအင်မှာ အစိမ်းရင့်ရောင် ဖြစ်သည်။ အခြေခံတည်ဆောက်ပြီးသည့်တိုင် ဤအရောင်အတိုင်းပင် ရှိနေခဲ့သည်။ သို့သော်လည်း ဤနှစ်ရက်အတွင်း ဖြစ်တည်လာသော ဝိညာဉ်ရည်သစ်များသည် အရောင် လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အစိမ်းရင့်ရောင်မှသည် စိုပြည်သော အစိမ်းနုရောင်သို့ ပြောင်းလဲသွားကာ ထာဝရရှင်သန်မှု အငွေ့အသက်များ ဝေစီနေတော့သည်။ နွယ်ပင်များကဲ့သို့ မပြတ်မတောက်ဘဲ အိုမင်းခြင်းကင်းစင်ကာ ထာဝရစိမ်းလန်းနေသကဲ့သို့ ခံစားရစေသည်။

“ဒီလက္ခဏာက.... မပျက်စီးမသေဆုံးနိုင်တဲ့ ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်နဲ့ တူနေတာပဲ”

လော့ချန် အံ့အားသင့်သွားပြီး သူ၏ ခန့်မှန်းချက်ကို အတည်ပြုရန် ကြိုးစားလိုက်သည်။ ကျင့်ကြံသူလောကတွင် လူသိများသော နွေဦးကျင့်စဉ်နှင့် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်တို့သည် အမှန်စင်စစ် ဆေးဘုရင်ဂိုဏ်း၏ မပျက်စီးမသေဆုံးနိုင်သော ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်မှ ခွဲထွက်လာသည့် အစိတ်အပိုင်းလေးများသာ ဖြစ်သည်။ အဓိက အနှစ်သာရအချို့ကိုသာ ယူထားပြီး အရေးကြီးလှသော လျှို့ဝှက်ချက်များကိုမူ ချန်လှပ်ထားခဲ့ကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ချီစွမ်းအင်ကို အလိုအလျောက် သန့်စင်ခြင်း၊ ချီစွမ်းအင် မကုန်ခမ်းနိုင်ခြင်းနှင့် သက်တမ်းရှည်ကြာစေခြင်းတို့ ဖြစ်သည်။

ဆိုရလျှင် လော့ချန် ယခင်က ကျင့်ခဲ့သော နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ် ဆိုသည်မှာ အမည်ခံမျှသာ ဖြစ်သည်။ ကျင့်ကြံသည့်အခါတိုင်းတွင် ပြင်ပမှ ချီစွမ်းအင်ကို စုပ်ယူရခြင်းမှလွဲ၍ အခြားထူးခြားမှု မရှိခဲ့ပေ။ သို့သော်လည်း ယခုအခါ ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားသောအခါမှသာ ထာဝရနုပျိုခြင်း ကျင့်စဉ်မှ ဆင်းသက်လာသော ဤဒုတိယအဆင့် ကျင့်စဉ်သည် ၎င်း၏ အမည်နှင့် လိုက်ဖက်သော စစ်မှန်သော စွမ်းအားများကို ပြသလာလေသည်။

လော့ချန်သည် သူ၏လက်ထဲမှ ဝိညာဉ်ရည်တစ်စက်၏ ထူးကဲသော စွမ်းအားကို ခံစားနေရသည်။ ယခင် ဝိညာဉ်ရည်များထက် များစွာ ပိုမိုသန့်စင်သွားရုံသာမက စွမ်းအားမှာလည်း အဆပေါင်းများစွာ ပိုမိုကြီးမားလာခဲ့သည်။

“ဒါရဲ့ အစွမ်းက ဘယ်လောက်အထိ ရှိမလဲဆိုတာ စမ်းသပ်ကြည့်ရမယ်”

ချီစွမ်းအင်၏ အစွမ်းကို စမ်းသပ်ရန် အကောင်းဆုံးနည်းလမ်းမှာ မှော်အတတ်များကို အသုံးပြုခြင်းပင် ဖြစ်သည်။

မီးလုံး၊ နွယ်ရှင်နှောင်ကြိုး၊ ကုသခြင်း၊ မြေစိုင်တောင်....။

လော့ချန်သည် သူ၏ ထိန်းချုပ်မှုအောက်တွင် ဤဝိညာဉ်ရည်သစ်ကို အသုံးပြု၍ သူတတ်မြောက်ထားသော မှော်အတတ်များကို တစ်ခုချင်းစီ စမ်းသပ်လိုက်တော့သည်။ ဤသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ကြွယ်ဝလှသော ချီစွမ်းအင်ကို သက်သေပြနေခြင်းပင်။ စမ်းသပ်မှုများ ပြီးဆုံးသွားသည့်အခါ လော့ချန် အလေးအနက် တွေးတောနေမိသည်။

“ငါ့မှာ ဓာတ်ကြီးငါးပါး ပါရမီရှိလို့ ဓာတ်ကြီးငါးပါးလုံးနဲ့ ပတ်သက်တဲ့ မှော်အတတ်တွေကို သုံးနိုင်တယ်”

“အရင်ကတော့ သတိမထားမိခဲ့ဘူး၊ အခုမှ သိလိုက်ရတာက ပင်မကျင့်စဉ်က ထွက်ပေါ်လာတဲ့ ချီစွမ်းအင်ဟာ တူညီတဲ့ ဓာတ်ရှိတဲ့ မှော်အတတ်တွေအပေါ်မှာ ဒီလောက်တောင် စွမ်းအားတိုးပေးနိုင်တာလား”

အမှန်ပင် ဖြစ်သည်။ ယခုလေးတင် စမ်းသပ်မှုတွင် မီးလုံးမှော်အတတ်နှင့် မြေစိုင်တောင်မှော်အတတ်တို့သည် ယခင်ကထက် များစွာ ထူးခြားမလာခဲ့ပေ။ သို့သော်လည်း နွယ်ရှင်နှောင်ကြိုးနှင့် ကုသခြင်းမှော်အတတ်များသို့ ရောက်ရှိသည့်အခါတွင်မူ အခြေအနေမှာ လုံးဝပြောင်းလဲသွားသည်။

“စွမ်းအားက နှစ်ဆနီးပါးလောက် တိုးလာတာပဲ”

“နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်.... ဟုတ်တာပေါ့၊ ဒီကျင့်စဉ်က ငါ့ရဲ့ သစ်သားဓာတ် မှော်အတတ်တွေကို အဓိက စွမ်းအားမြှင့်တင်ပေးတာပဲ ဖြစ်ရမယ်”

“ဒီလိုဆိုရင် အမြင့်ဆုံးအဆင့်ထိ ရောက်ထားတဲ့ နွယ်ရှင်နှောင်ကြိုးမှော်အတတ်က ငါ့အတွက် အင်အားကြီးတဲ့ လူသတ်လက်နက် တစ်ခု ဖြစ်လာတော့မှာပဲ”

“ဒါတင်မကသေးဘူး၊ ကုသခြင်းမှော်အတတ်ကိုလည်း အမြင့်ဆုံးအဆင့်ထိ ရောက်အောင် လုပ်လိုက်ရင် ထူးခြားလှတဲ့ အစွမ်းတွေ ရှိလာနိုင်တယ်”

လော့ချန်သည် တစ်ကိုယ်တည်း ရေရွတ်ရင်း အထွတ်အထိပ်အဆင့် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်၏ စမ်းသပ်မှုကို ခေတ္တရပ်နားလိုက်သည်။ ခေတ္တမျှသာ ဖြစ်သည်။ ဤကျင့်စဉ်သည် ကျွမ်းကျင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်၍ နောင်တွင် နောက်ထပ် အံ့အားသင့်ဖွယ် ပြောင်းလဲမှုများစွာ ရှိလာဦးမည်ကို သူ သိရှိနေသည်။ ယခုမူ အချိန်အနည်းငယ်သာ ရှိသေးသဖြင့် အလုံးစုံကို မသိရှိနိုင်သေးခြင်း ဖြစ်သည်။

ရှေ့ဆက်၍ ကျင့်ကြံသွားမည်ဆိုပါက ဤကျင့်စဉ်၏ အစစ်အမှန် အနှစ်သာရကို သူ သေချာပေါက် သိရှိလာပေလိမ့်မည်။

သူ စိတ်ကို ပြန်လည်စုစည်း၍ ဆက်လက် ကျင့်ကြံရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ စိတ်အာရုံထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။

ကျင့်ကြံခန်းအတွင်းမှ ထွက်လာသောအခါ ပိုင်မေလင်းသည် ဂူဗိမာန်၏ အစီအရင်အကာအကွယ်နားတွင် စိုးရိမ်တကြီး ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။

လော့ချန်ကို မြင်လိုက်ရသည့်အခါ သူမ အပြင်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

“အသံလွှင့်စာလွှာ ရောက်နေပါတယ်”

လော့ချန် လက်လှမ်းလိုက်သည့်အခါ အပြင်ဘက်တွင် ဝဲပျံနေသော အသံလွှင့်စာလွှာသည် သူ၏လက်ထဲသို့ မြားတစ်စင်းအလား ရောက်ရှိလာသည်။

“မိတ်ဆွေလော့ချန်၊ မနက်ဖြန်မနက် ထျန်းလန်တောင် ယီ-၁ ဂူဗိမာန်မှာ စောင့်မျှော်နေပါမယ်” ဟူသော ရှီပေါ်ရင်း၏ အသံထွက်ပေါ်လာသည်။

ယီ-၁ ဂူဗိမာန်။

လော့ချန်၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့သည်။ ထျန်းလန်တောင်ပေါ်ရှိ ဂူဗိမာန်များကို အဆင့်ငါးဆင့် ခွဲခြားထားသည် မဟုတ်ပါလော။

ကျား၊ ယီ၊ ပင်း၊ တိန်၊ ဝူ။

ဤအဆင့်များသည် တတိယအဆင့်၊ ဒုတိယအဆင့် (အဆင့်မြင့်၊ အလယ်၊ အနိမ့်) နှင့် ပထမအဆင့် အဆင့်မြင့်များကို အသီးသီး ကိုယ်စားပြုကြသည်။ ယခု သူနေထိုင်သောနေရာမှာ 'တိန်-၁၇' ဂူဗိမာန်မျှသာ ဖြစ်သည်။ နံပါတ်စဉ်များသည် ဂူဗိမာန်၏ အရည်အသွေးကို မပြသသော်လည်း ယီ - ၁ ဟု တပ်ထားသော ဂူဗိမာန်များမှာမူ တစ်ခုခု ထူးခြားနေတတ်သည်မှာ အမှန်ပင်။

ယီ-၁ ဆိုသည်မှာ တတိယအဆင့် ဂူဗိမာန်များ၏ အောက်တွင် အကောင်းဆုံးနှင့် အဆင့်အတန်း အမြင့်မားဆုံးသော ဒုတိယအဆင့် ဂူဗိမာန်ပင် ဖြစ်သည်။

ထို ရှီပေါ်ရင်း ဆိုသူမှာ ဤမျှအထိ အဆင့်အတန်း မြင့်မားနေသည်လော။

လော့ချန်သည် သံသယဖြစ်နေမိသော်လည်း ရင်ထဲတွင်မူ မျှော်လင့်ချက်များစွာ ပြည့်နှက်နေတော့သည်။ တစ်ဖက်လူက သူ့အား ဤကဲ့သို့ ချိန်းဆိုလိုက်ခြင်းမှာ ကျောက်စိမ်းနှင်းစက်ဆေးလုံး စီးပွားရေးကိစ္စကို ဆွေးနွေးရန်အတွက်ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပေ။

“ဒါဆိုရင်တော့ အဆင်ပြေသွားပြီ၊ လော့ထျန်းအဖွဲ့မှာ ကျောက်စိမ်းနှင်းစက်ဆေးလုံးတွေ တောင်ပုံရာပုံ ဖြစ်နေတာ ဘယ်တော့ ရောင်းရမလဲလို့ တွေးနေတာ”

“ဒီဘက်က အဆင်ပြေသွားရင်တော့ ငါ လက်ဖျားငွေသီးပြီပဲ”

....

နောက်တစ်နေ့ နံနက်ခင်းတွင်....။

လော့ချန်တစ်ယောက် ရေမိုးချိုးကာ သန့်ရှင်းသပ်ရပ်လှသော အဆင့်မြင့်ဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ ထို့နောက် ဆံပင်အရှည်များကိုလည်း သေသေသပ်သပ် စည်းနှောင်ကာ ကျောက်စိမ်းဆံထိုးလေးဖြင့် ထိန်းထားလိုက်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေပြီး မျက်ဝန်းများတွင်မူ ယုံကြည်ချက်အပြည့်ဖြင့် ရဲရင့်လှသည်။

ပိုင်မေလင်းသည် မှန်တစ်ချပ်ကို ကိုင်ဆောင်ကာ ဘေးမှနေ၍ အံ့သြတကြီး ဝဲပျံနေလေသည်။

“သခင်.... သခင်က အရမ်းကို ခန့်ညားလွန်းပါပေတယ်”

လော့ချန်က သူမကို ဘာမှပြန်မပြောဘဲ အသာအယာ ကြည့်လိုက်သည်။ သို့သော်လည်း မှန်ထဲ၌ မိမိကိုယ်မိမိ ပြန်လည်ကြည့်ရှုလိုက်သည့်အခါတွင်မူ ယခင်ကထက် များစွာ ပြောင်းလဲသွားသည်ကို သူကိုယ်တိုင်လည်း သတိထားမိလိုက်သည်။ ရုပ်ရည်ပိုင်းမှာ သိသိသာသာ ပြောင်းလဲခြင်း မရှိသော်လည်း သူ၏ အသားအရေ၊ အရှိန်အဝါနှင့် တည်ငြိမ်လှသော ယုံကြည်မှုတို့သည် တစ်မူထူးခြားသွားခဲ့ပြီ ဖြစ်သည်။ အသားအရေမှာ ကိုယ်ခန္ဓာကျင့်စဉ်နှင့် ချင်းယွမ်အဆိပ်ဖြေနည်းကြောင့် ဖြစ်သော်လည်း ကျန်ရှိသော အရှိန်အဝါများမှာ သူဖြတ်သန်းခဲ့ရသော ကြမ်းတမ်းလှသော အတွေ့အကြုံများ၏ ရလဒ်ပင် ဖြစ်သည်။

ရှေးလူကြီးများ၏ စကားအရ "စာဖတ်သူသည် အရှိန်အဝါရှိသည်" ဟု ဆိုကြသည်။ သို့သော်လည်း လူတစ်ဦး၏ အရှိန်အဝါကို ပြောင်းလဲပေးနိုင်သည်မှာ စာဖတ်ခြင်း တစ်ခုတည်း မဟုတ်ပေ။ ခရီးများစွာ သွားလာဖူးခြင်းသည် စာအုပ်များစွာ ဖတ်ရခြင်းထက် ပိုမိုထိရောက်သည် မဟုတ်ပါလော။

“ငါ လော့ချန် ဖြတ်သန်းခဲ့တဲ့ ခရီးလမ်းဟာ မိုင်ပေါင်း သောင်းချီမကတော့ဘူး”

သူ အသာအယာ ပြုံးလိုက်ရင်း ဂူဗိမာန်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ ထိ့နောက် ကောင်းကင်ယံနှင့် ထိစပ်နေသော တောင်ထိပ်ကြီးကို မော့ကြည့်လိုက်ရင်း တိမ်တိုက်များကို နင်းဖြတ်ကာ ပျံသန်းလိုက်တော့သည်။

တောင်တန်းများကို ကျော်ဖြတ်ပြီးနောက် ဆီးနှင်းများ ဖုံးလွှမ်းနေသော လှပလှသည့် နယ်မြေတစ်ခုသို့ သူ ရောက်ရှိလာခဲ့လေတော့သည်။

လော့ချန် ဖြည်းညှင်းစွာ ဆင်းသက်လိုက်ပြီး အဝေးမှ လှမ်း၍ အော်ပြောလိုက်သည်။

“လော့ထျန်းအဖွဲ့က လော့ချန်.... မိတ်ဆွေကို လာရောက်တွေ့ဆုံတာပါ”

All Chapters