ပြင်ဆင်ခြင်း
Vol. 4 Ch. 40
“နားလည်ပါပြီ”
ကျိုးရင်လောင်နှင့် ဝမ်ရှန်းတို့က ပြိုင်တူဖြေကာ လီရှီဝူနောက်မှ လိုက်ဝင်သွားကြသည်။
ခြံထဲတွင် လူအများအပြား တံခါးဝဘက်သို့ ကသောကမျောပြေးလာကြသည်။ ရှေ့ဆုံးမှ လာသူမှာ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးဖြစ်ပြီး နောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးများနှင့် ဆယ်ကျော်သက်နှစ်ဦး ပါလာသည်။
အနားသို့ ရောက်လာသောအခါ အဘိုးအိုက တုန်တုန်ရီရီဖြင့် အော်ပြောလိုက်သည်၊၊
“ညီလေး နောက်ဆုံးတော့ မင်းပြန်လာပြီပဲ… အိမ်ထဲမှာ သရဲခြောက်နေတယ် ငါတို့လည်း မခံနိုင်တော့ဘူး”
ကျိုးရင်လောင် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ လီရှီဝူ၏ လုပ်ယူထားသော တည်ငြိမ်သည့် ပုံစံမှာ စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားခဲ့သည်။
ဝမ်ရှန်း၏ သံသယများလည်း ပြေပျောက်သွားသည်၊၊
ဆရာဦးလေးက ဘာကြောင့် ဒီခရီးစဉ်ကို ဝေ့လည်ကြောင်ပတ်ပြောနေရသလဲဆိုသည်ကို ယခုမှ သဘောပေါက်တော့သည်။ ဝူတန်းတောင်ကို လှူဒါန်းနေသည့် အလှူရှင်ဟုသာ အကြောင်းပြခဲ့သော်လည်း သူကိုယ်တိုင် အလေးအနက်ထားကာ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကိုပါ ခေါ်ချင်ခဲ့ခြင်း ဖြစ်သည်၊၊
အမှန်စင်စစ် ဤစံအိမ်မှာ လီရှီဝူ၏ မိသားစုနေအိမ် ဖြစ်နေသည်။ ယခုကိစ္စမှာ ရာထူးကို အသုံးချကာ ကိုယ်ကျိုးရှာခြင်းဟု ဆိုနိုင်သော်လည်း ဝူတန်းတောင်အနေဖြင့် ဤမျှလောက်ကို ပြဿနာလုပ်မည် မဟုတ်ပေ။ အကြောင်းမှာ လီရှီဝူသည် ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး အကျိုးဆောင်ပေးထားသူ ဖြစ်၍ပင်။
အခြားသူများ တရားထိုင်ကျင့်ကြံနေချိန်တွင် သူကတော့ ဟိုပြေးဒီပြေးဖြင့် ကိစ္စအဝဝကို ဆောင်ရွက်ပေးခဲ့သည် မဟုတ်ပါလား။
လီရှီဝူက ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ကို ရှက်ကိုးရှက်ကန်း ပြုံးပြသည်။
ထို့နောက် အဘိုးအိုဘက် လှည့်ကာ “စိတ်မပူပါနဲ့ အစ်ကိုကြီး ကျွန်တော် ရောက်လာပြီပဲ”
ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ ခရီးစဉ်၏ ရည်ရွယ်ချက်ကို သိသွားသဖြင့် ယခုအခါ စိတ်အေးသွားကြပြီ ဖြစ်သည်။ မကောင်းဆိုးဝါးနှင်ခြင်းကိုလည်း ညည်းညူခြင်းမရှိဘဲ လုပ်ဆောင်ပေးရန် စိတ်ထဲက ဆုံးဖြတ်လိုက်ကြသည်။
လီရှီဝူက ခရမ်းရောင်အင်္ကျီဝတ်ထားသော သူ၏အစ်ကိုကြီးကို တွဲကူလိုက်သည်။
ဤသူမှာ ဝူတန်းတောင်သို့ ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့သူ ဖြစ်သည်။ ငယ်စဉ်က အရပ်ရှည်ခဲ့သော်လည်း ယခုအခါ အသက်အရွယ်ကြောင့် ခါးကိုင်းနေရှာပြီ။ သို့သော်လည်း လီရှီဝူထက် ခေါင်းတစ်လုံးစာခန့် ပိုမြင့်နေသေးသည်။
ဝမ်ရှန်းက သူ၏ ဝိညာဉ်အာရုံကို သုံး၍ အလှူရှင်ကို စစ်ဆေးကြည့်ရာ အဘိုးအို၏ အသက်ဓာတ်မှာ အားနည်းနေပြီး ဝိညာဉ်ဓာတ်မှာလည်း လျော့ပါးနေသည်ကို တွေ့ရသည်။ နဖူးပြင်တွင်လည်း မွဲပြာရောင် အငွေ့အသက်အချို့ကို မြင်နေရသည်။
အဘိုးအိုမှာ သဘာဝအတိုင်း သေဆုံးရန် သိပ်မဝေးတော့ပုံရသည်။
ဒီနေရာမှာ တကယ်ပဲ မကောင်းဆိုးဝါးများ ရှိနေတာလား…။
ဝမ်ရှန်းသည် ဖုန်းရွှေ သို့မဟုတ် ယင်ယန်ပညာရပ်များတွင် မကျွမ်းကျင်သော်လည်း သူ၏ ဝိညာဉ်အာရုံကို မီတာများစွာအထိ ဖြန့်ကျက်လိုက်သောအခါ ထူးဆန်းသော စွမ်းအင်အချို့ကို ခံစားလိုက်ရသည်။ ထိုစွမ်းအင်နောက်သို့ လိုက်ရန် ပြင်နေစဉ်မှာပင် အဘိုးအိုက သူတို့ထံ ပြုံးလျက် လျှောက်လာသည်။
“အော်… ဝူတန်းတောင်က တာအိုဆရာလေးတွေလား… ဒီမှာပဲ ရပ်မနေပါနဲ့ အတွင်းကို ကြွပါ”
သူက ပျူငှာစွာ နှုတ်ဆက်လိုက်သည်။
“ကိုယ့်အိမ်ကိုယ်ရာလိုပဲ သဘောထားကြပါ၊၊ မင်းတို့က ငါ့ညီရဲ့ တူတွေဆိုတော့ ငါ့တူတွေပဲပေါ့”
သူက ခဏမျှ ရယ်မောလိုက်သော်လည်း နောက်ဆုံးတွင် ချောင်းဆိုးလာသည်။
ဝမ်ရှန်းက ပြုံးကာ “အလှူရှင်က ယဉ်ကျေးလွန်းနေပါပြီ”
ကျိုးရင်လောင်ကလည်း “ကြိုဆိုမှုအတွက် ကျေးဇူးတင်ပါတယ်”
“ရပါတယ်… ရပါတယ် လာကြ… လာကြ အထဲဝင်ရအောင်”
အဘိုးအိုက အသံမြှင့်ပြောသော်လည်း အသက်အရွယ်ကြောင့် အသံမှာ အားမပါလှပေ။ ချောင်းများလည်း ထပ်မံဆိုးလာသဖြင့် မျက်နှာမှာ နီမြန်းနေသည်။
အရပ်ရှည်ရှည် လူလတ်ပိုင်းအမျိုးသားတစ်ဦးက ချက်ချင်းပင် ပြေးလာပြီး တွဲကူလိုက်သည် ။
“အဖေ အသံကို လျှော့ပြောပါဦး လည်ချောင်းနာမှာ မစိုးရိမ်ဘူးလား”
အဘိုးအိုက ရင်ဘတ်ကို ပုတ်ကာ “ငါကသာ ယုံကြည်မှုရှိရှိ မနေရင် အဲဒီမကောင်းဆိုးဝါးတွေကို ကြောက်နေတယ်လို့ ထင်ကုန်မှာပေါ့”
ဝမ်ရှန်းမှာ မပြုံးဘဲ မနေနိုင်တော့ပေ။ ဤအဘိုးအိုကို သူ အတော်လေး သဘောကျမိသွားသည်။
ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် ယခင်ကလည်း ဝူတန်းတောင်မှ တာအိုဆရာများနှင့်အတူ ယဇ်ပူဇော်ပွဲများ လိုက်ပါဖူးကြသည်။ ထုံးစံအတိုင်းပင် သူတို့သည် ရှက်ကိုးရှက်ကန်းနှင့် ယဉ်ကျေးပျူငှာစွာ ပြုံးပြလျက် အလှူရှင်များကို နှုတ်ဆက်ကြသည်။ ထို့နောက် လီရှီဝူ၏ နောက်မှနေ၍ ဥယျာဉ်အတွင်းရှိ တိတ်ဆိတ်သော လမ်းကလေးအတိုင်း လိုက်ပါလာကြသည်။
ဤနေရာကို မိမိအိမ်ကဲ့သို့ မည်သို့သဘောထားနိုင်ပါမည်နည်း…။ သူတို့၏ အိမ်များမှာ ဤမျှလောက် ကျယ်ဝန်းသည်မဟုတ်ပေ။
လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံ နှစ်တွဲလည်း သူတို့ကို ကြိုဆိုရန် ထွက်လာကြသည်။ အလှူရှင်၏ သားသမီးများနှင့် ချွေးမ၊ သမက်များ ဖြစ်ပုံရသည်။ ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့မှာမူ ဤအသေးစိတ်အချက်အလက်များကို ဂရုစိုက်နေရန် မလိုပေ။
လူတိုင်းက လီရှီဝူကို ရိုသေစွာ နှုတ်ဆက်ကြပြီး ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ကိုလည်း အသိအမှတ်ပြုကြသည်။ ထိုနှစ်ယောက်မှာမူ ခေါင်းညိတ်ပြုံးပြရုံသာ ပြုလုပ်ပြီး သူတို့၏ ဆရာဦးလေးနောက်မှ လိုက်လာကြသည်။
လီရှီဝူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ကြည်သော အမူအရာဖြင့် ရှေ့မှ ဦးဆောင်သွားသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက် ၊ ရံဖန်ရံခါ ရပ်တန့်၍ သူ၏မုတ်ဆိတ်ကို ပွတ်သပ်ကာ အလေးအနက် စဉ်းစားဟန်ပြုလိုက်နှင့် ရှိနေသည်။
လီမိသားစုဝင်များသည် သူတို့၏ ဦးလေးနှင့် အဘိုးအိုကို စိုးရိမ်တကြီး ကြည့်နေကြသည်။ အများစုမှာ စကားပြောရန်ပင် ကြောက်ရွံ့နေကြ၏။ အမှန်စင်စစ် ဝူတန်းတောင်၏ ဒုတိယဂိုဏ်းချုပ်ဖြစ်သော လီရှီဝူသည် ရိုသေလေးစားမှုကို ရရှိထားသူ ဖြစ်သည်။
ဝါးတောငယ်လေးတစ်ခုကို ကျော်လွန်လိုက်သောအခါ အိမ်အကူအချို့နှင့် ဆုံမိသည်။ သူတို့သည် လာရောက်သူများကို စူးစမ်းစွာ ကြည့်နေကြပြီး တီးတိုးပြောဆိုနေကြသော်လည်း ဗြောင်ကျကျ လက်ညှိုးထိုးခြင်းမျိုးတော့ မလုပ်ဝံ့ကြပေ။
လီမိသားစုတွင် ဒရိုင်ဘာများ ၊ အိမ်အကူများ ၊ တောင်ကုန်းပေါ်ရှိ စံအိမ်ကြီးနှင့် လုံခြုံရေးဝန်ထမ်းအချို့ပင် ရှိနိုင်သည်။
လီရှီဝူအနေဖြင့် သူ၏အစ်ကိုပိုင်ဆိုင်သော ဤချမ်းသာကြွယ်ဝမှုများကို မခံစားဘဲ ဘာကြောင့် တာအိုကျောင်းတော်ကို ဝင်ခဲ့သလဲဟု ဝမ်ရှန်း မေးခွန်းထုတ်ချင်စိတ် ပေါက်လာမိသည်။ သို့သော်လည်း မေးဖြစ်ခဲ့လျှင်ပင် နောက်ပြောင်သည့်အနေဖြင့်သာ မေးဖြစ်ပေလိမ့်မည်။
လူတို့သည် အကြောင်းရင်းနှစ်ရပ်ကြောင့် ကျင့်ကြံခြင်းလမ်းစဉ်ကို ရွေးချယ်တတ်ကြသည်။ တစ်ချက်မှာ တာအိုနှင့် ရေစက်ပါပြီး သန့်ရှင်းစင်ကြယ်သောဘဝကို လိုလားခြင်းဖြစ်ကာ၊ အခြားတစ်ချက်မှာမူ လောကီရေးရာများကို စိတ်ကုန်သွားစေမည့် ကံဆိုးမိုးမှောင်ကျမှုတစ်ခုခုနှင့် ကြုံတွေ့ရခြင်းကြောင့် ဖြစ်သည်။
လီမိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သော လီရှီဝူ၏ အစ်ကိုကြီးက မိမိကိုယ်ကိုယ် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ကို မိတ်ဆက်သည်။ သူ၏အမည်မှာ လီရှီရှန်းဖြစ်ပြီး လီရှီဝူထက် ဆယ်နှစ်ကြီးသည်။ သူ၏ အမည်ကို ဝူတန်းတောင်ကပင် ပေးခဲ့ခြင်း ဖြစ်သည်။
လီရှီဝူ ဝူတန်းတောင်တွင် စတင်ကျင့်ကြံစဉ်က လီရှီရှန်းသည် ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့ပြီး လူဝတ်ကြောင်တပည့် ဘွဲ့ထူးကို ရယူခဲ့သည်။ ယနေ့တွင် သူ၏အမည်နှင့် အိမ်ထောင်စုစာရင်းမှာ ဝူတန်းတောင်၏ မှတ်တမ်းများတွင် ရှိနေပြီဖြစ်သည်။
နှစ်ပေါင်းများစွာအတွင်း လီရှီရှန်းသည် ဝူတန်းတောင်ကို ငွေကြေးထောက်ပံ့မှု တစ်ခါမျှ မပြတ်ခဲ့ပေ။ လီရှီဝူအနေဖြင့် ကျင့်ကြံခြင်းတွင် သိသိသာသာ တိုးတက်မှုမရှိသော်လည်း ယခုကဲ့သို့ ရာထူးရလာခြင်းမှာ သူ၏အစ်ကိုဖြစ်သူ၏ ငွေကြေးပံ့ပိုးမှုကြောင့်ဟုပင် ဆိုနိုင်သည်။
“အစ်ကိုကြီး ၊ ဒီခြံရဲ့ တည်ဆောက်ပုံတွေ ပြောင်းသွားတာရှိလား”
လီရှီဝူက လေထုထဲတွင် မကောင်းသော ယင်စွမ်းအင်များရှိနေသည်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လီရှီရှန်းက ခေါင်းခါလိုက်သည်၊၊
“ဘယ်လိုလုပ် ပြောင်းမှာလဲ၊၊ ငါနေ့တိုင်း ပုံကြမ်းတွေကို စစ်နေတာပဲ။ ပန်းပင်တွေ မြက်ပင်တွေတော့ အတိအကျတူချင်မှတူမယ်၊၊ ဒါပေမဲ့ ကျောက်တုံးတွေနဲ့ အိုးထဲကအပင်တွေကတော့ တစ်လက်မတောင် မရွေ့စေရဘူး”
“အဲ့ဒါကောင်းတယ်…။ ကျွန်တော့်အထုပ်အပိုးတွေ ယူလာပေးပြီး အဝတ်လဲဖို့ အခန်းတစ်ခန်းနဲ့ အမွှေးတိုင်ပလ္လင်ကို ပြင်ထားပေးပါ...”
သူ စကားမဆုံးမီ လီရှီရှန်းက လက်ကာပြလိုက်သည်၊၊
“မလောပါနဲ့ဦး။ ပူဇော်ပွဲမလုပ်ခင် အရင်ထမင်းစားကြတာပေါ့၊၊ ငါ့တူတွေ ဗိုက်ဆာနေမှာ စိုးလို့”
“ပူဇော်ပွဲအရင်လုပ်ရမယ်” လီရှီဝူက အခိုင်အမာ ပြောသည်။
“မဟုတ်ရင် ကျွန်တော်တို့ အေးအေးဆေးဆေး စားနိုင်မှာမဟုတ်ဘူး”
လီရှီရှန်းက ထပ်မံငြင်းဆန်ချင်သော်လည်း အောင့်ထားလိုက်သည်။ အမှန်စင်စစ် သူ၏ညီငယ်မှာ ယခုအခါ ဝူတန်းတောင်၏ ဒုတိယဂိုဏ်းချုပ်သာမက အစစ်အမှန် ကျင့်ကြံသူတစ်ဦးဖြစ်နေလေပြီ။
သူတို့သည် ခြံဝင်းအတွင်း လျှောက်လာကြပြီး စင်္ကြံလမ်းများကို ဖြတ်ကျော်ကာ ရေကန်ဘေးရှိ အဓိကအိမ်ဆောင်သို့ ရောက်ရှိလာကြသည်။ အိမ်အကူများကို ပလ္လင်ပြင်ရန် ခေါ်ယူလိုက်ပြီး ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့မှာမူ အဝတ်လဲရန် လီရှီဝူနောက်သို့ လိုက်သွားကြသည်။
ဝမ်ရှန်း သူ၏ကျောပိုးအိတ်ကို ဖွင့်လိုက်သောအခါ သူ၏ဆရာဦးလေးနှင့် ဂိုဏ်းတူအစ်ကိုတို့သည် လှမ်းကြည့်မိပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
အတွင်းတွင် ဗုဒ္ဓဘာသာပုတီးများ၊ ခေါင်းလောင်းဟောင်းတစ်ခု၊ ခရစ်ယာန်လက်ဝါးကပ်တိုင်နှင့် အဆောင်လက်ဖွဲ့များ ပါရှိနေသည်။
“ကောင်းကင်က နတ်ဘုရားတွေ ကယ်ပါဉီး...”
လီရှီဝူက သူ၏နဖူးကို လက်ဖြင့်ဖိကာ ဘာပြောရမှန်းမသိဘဲ သက်ပြင်းသာ ချလိုက်နိုင်တော့သည်။
ဗုဒ္ဓဘာသာပုတီးကတော့ ထားပါတော့… ခရစ်ယာန်လက်ဝါးကပ်တိုင်က ဘာလို့ ပါနေရတာလဲ…။