အခန်း (၃၅၉-၃၆၀)
Vol. 36 Ch. 359-360
အခန်း (၃၅၉) - မြို့တောင်ပိုင်းရှိ ဒန်ရှားမေနန်းဆောင်နှင့် တစ်နှစ်လျှင် လေးသိန်းသော ဝင်ငွေ
ယွီလုလမ်းသည် ထျန်းလန်နတ်ဘုရားမြို့တော်၏ သေးငယ်ပြီး လူသိနည်းလှသော လမ်းကျဉ်းလေးတစ်ခု ဖြစ်သည်။
ဤလမ်းတွင် အဓိကအားဖြင့် မှော်စာရွက်ရေးသည့် သားရေဆိုင်များ၊ မှင်ဆိုင်များ၊ ဆေးဖက်ဝင် အပင်ဆိုင်များနှင့် တည်းခိုခန်းတစ်ခုသာ ရှိသည်။ မှော်စာရွက်ရေးဆွဲခြင်းနှင့် ပတ်သက်သည့် ဆိုင်များရှိနေခြင်းကြောင့် ဤလမ်းတစ်လျှောက်တွင် ထူးဆန်းသော အနံ့အသက်များ အမြဲ လွှမ်းမိုးနေတတ်သည်။ ထို့ကြောင့်ပင် တည်းခိုခန်း၏ ရောင်းအားမှာလည်း သိပ်မကောင်းလှပေ။ အဆောင်ခသက်သက်သာသာ နေလိုသော ဆင်းရဲသား တစ်ကိုယ်တော်ကျင့်ကြံသူများသာ ဤနေရာသို့ လာရောက် တည်းခိုလေ့ရှိကြသည်။
သို့သော်လည်း လွန်ခဲ့သော တစ်နှစ်က ဤလမ်းမထက်သို့ အိမ်နီးချင်းအသစ်တစ်ဦး ရောက်ရှိလာခဲ့သည်။ ရောက်လာသည်နှင့် တစ်ပြိုင်နက် လစ်လပ်နေသော သုံးထပ်တိုက်ကြီးတစ်ခုကို ငှားရမ်းလိုက်လေသည်။ ထိုတိုက်ကြီးမှာ ယွီလုလမ်း၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိပြီး လွန်စွာ ထင်ရှားလှ၏။
ဤလမ်းအတွင်းသို့ ဝင်လာသူတိုင်း ပထမဦးဆုံး သတိထားမိမည့် နေရာပင် ဖြစ်သည်။
ဤအိမ်နီးချင်းအသစ်ကို လူတိုင်းက အစပိုင်းတွင် သိပ်ပြီး အရေးမထားကြပေ။
နောက်ပိုင်းတွင်မှ ထိုဆိုင်အတွင်း၌ အမျိုးသမီး ကျင့်ကြံသူများစွာ ရှိနေကြောင်း သိရှိလာကြသည်။
သူတို့အားလုံးမှာ ငယ်ရွယ်ချောမောရုံမက စကားပြောရာတွင်လည်း လွန်စွာ ယဉ်ကျေးသိမ်မွေ့လှသဖြင့် ဆိုင်ထဲသို့ ရောက်ရှိသွားသူတိုင်းမှာ မိမိအိမ်သို့ ပြန်ရောက်သွားသကဲ့သို့ နွေးထွေးမှုကို ခံစားရသည်။ ထို့တင်မကသေးဘဲ မိန်းမလှလေးများသည် ဆိုင်မှ ထွက်ရှိသော သစ်သီးဝလံများနှင့် မုန့်အချိုအချို့ကိုလည်း အိမ်နီးချင်းများကို မကြာခဏ ဝေငှလေ့ရှိသည်။ ဤသို့ဖြင့် အချိန်အနည်းငယ်အတွင်းမှာပင် အားလုံးနှင့် ရင်းနှီးသွားကြတော့သည်။
မကြာမီမှာပင် ထိုဆိုင်ကြီး စတင်ဖွင့်လှစ်ခဲ့သည်။
‘ဒန်ရှားမေနန်းဆောင်’
အဓိကအားဖြင့် ဆေးလုံးမျိုးစုံကို ရောင်းချသော ဆိုင်ဖြစ်သည်။ ဆိုင်အတွင်း၌ မှော်အာဟာရဆေးလုံးနှင့် အနှစ်သာရမွေးမြူရည်ကဲ့သို့သော သာမန်ပစ္စည်းများသာ ရှိသော်လည်း ဈေးနှုန်းမှာမူ လွန်စွာ သက်သာလှပေသည်။ အိမ်နီးချင်းများမှာလည်း ဆိုင်၏ စေတနာကို အမြဲလိုလို ခံစားထားသူများ ဖြစ်သည့်အလျောက် ဒန်ရှားမေနန်းဆောင်အတွက် အင်တိုက်အားတိုက် ဝိုင်းဝန်း ကြော်ငြာပေးကြတော့သည်။
လမ်းရှာမတွေ့သော ဖောက်သည်များနှင့် တွေ့သည့်အခါတိုင်းလည်း သူတို့ကိုယ်တိုင် လမ်းညွှန်ပြသပေးလေ့ရှိကြသည်။
တဖြည်းဖြည်းနှင့် ဒန်ရှားမေနန်းဆောင်၏ ရောင်းအားမှာ တရဟော တက်လာတော့သည်။
အောင်မြင်ရခြင်း အကြောင်းရင်းများစွာ ရှိသည်။ ဥပမာအားဖြင့် ဆိုင်ရှိ အရောင်းစာရေးမလေးများ၏ ပြေပြစ်ချိုသာသော စကားပြောဆိုမှုများပင် ဖြစ်သည်။ ထို့အပြင် ဆေးလုံးဖြစ်စေ၊ မှော်လက်နက်ဖြစ်စေ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းမှာလည်း သင့်တင့်လှသည်။ ငွေကြေးချို့တဲ့သော တစ်ကိုယ်တော်ကျင့်ကြံသူများပင် ဝယ်ယူနိုင်သည့် အနေအထားတွင် ရှိသည်။
ထို့ပြင် လူတိုင်း သတိပြုမိပြီး တိတ်တိတ်ကလေး ချီးကျူးမိကြသည့် အခြားသော အသေးစိတ် အချက်အလက်များလည်း ရှိနေသေးသည်။
....
ဒန်ရှားမေနန်းဆောင်၏ တတိယထပ်တွင် ဖြစ်သည်။
အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လော့ချန်သည် စာရင်းဇယားများကို လှန်လှော ကြည့်ရှုနေသည်။ သူ၏ ရှေ့တွင်မူ ဂုဏ်သရေရှိစွာ ရပ်နေကြသော ကူချိုင်ယီနှင့် ရွှီရှောင်လျိုတို့ ရှိနေကြ၏။
ဖြစ်နိုင်သည်မှာ လော့ချန်၏ ကျင့်ကြံခြင်းအဆင့်မှာ ပိုမိုနက်နဲလာခြင်းကြောင့်သော်လည်းကောင်း သို့မဟုတ် သူ၏ အရှိန်အဝါမှာ ပိုမိုကြီးမားလာခြင်းကြောင့်သော်လည်းကောင်း သူတို့နှစ်ဦးစလုံးမှာ လွန်စွာ ရိုသေသမှု ရှိနေကြပြီး အသက်ပြင်းပြင်းပင် မရှူရဲကြချေ။
လော့ချန်က သူတို့နှစ်ဦးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် စာရင်းများကို ဆက်လက် စစ်ဆေးနေသည်။
တစ်နှစ်တာ ကာလအတွင်း ယခင်က ရင်းနှီးမြှုပ်နှံခဲ့သမျှ အရင်းအနှီးများ အားလုံးကို ပြန်လည် ရရှိသွားရုံသာမက အမြတ်အစွန်းများစွာလည်း ပိုလျှံနေခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်က သူသည် ဆုံးဖြတ်ချက်ချကာ ရေခဲလှိုင်းနန်းတော်ထံမှ ဤသုံးထပ်တိုက်ကြီးကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
ပေးဆောင်ခဲ့ရသော ငှားရမ်းခမှာမူ လွန်စွာ သက်သာလှပေသည်။
ပထမအချက်မှာ ယွီလုလမ်းသည် လူသူဝေးလံလှသည့်အပြင် သယံဇာတ ကုန်ကြမ်းများ ရောင်းချသည့် နေရာဖြစ်သောကြောင့် စီးပွားရေး အငွေ့အသက် မရှိခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာမူ သူနှင့် ထန်ထိုက်ကျင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်လည်း ပါဝင်သည်။
ဤဆိုင်၏ တစ်နှစ်စာ ငှားရမ်းခမှာ ဝိညာဉ်ကျောက်တုံး ငါးထောင်မျှသာ ကျသည်။ ဤဈေးနှုန်းမှာ ထျန်းလန်နတ်ဘုရားမြို့တော်ကဲ့သို့ နေရာမျိုးတွင် လွန်စွာ ဈေးပေါလှသည်ဟု ဆိုရမည်။ တူညီသော အကျယ်အဝန်းရှိသည့် ဆိုင်တစ်ဆိုင်ကို လူစည်ကားသော နေရာတွင် ငှားမည်ဆိုပါက ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ ပေးရမည်မှာ သေချာသည်။ ဤဆိုင်ရှိနေခြင်းသည် လော့ထျန်းအဖွဲ့၏ စီးပွားရေးအတွက် ကောင်းမွန်သော အချက်ပင်။ မိမိတို့၏ အမှတ်တံဆိပ်ကို လူသိများလာစေနိုင်သည်။ အထူးသဖြင့် လော့ထျန်းအဖွဲ့မှ ထွက်ရှိသော ကုန်ပစ္စည်းများအတွက် လုံခြုံပြီး စနစ်ကျသော အရောင်းအဝယ်ဌာနတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
ပိယိုတောင်ကြား၏ အနေအထားမှာ ကောင်းမွန်သော်ငြား တည်နေရာက ဝေးကွာလွန်းလှသည်။ ဝမ်ယွမ်တစ်ယောက် ချောင်ဝမ်ချွန်းကို သတ်ဖြတ်ပြီးနောက်ပိုင်းတွင်လည်း ထိုနေရာရှိ လူစည်ကားမှုမှာ အတော်အတန် လျော့နည်းသွားခဲ့သည်။ ပိယိုတောင်ကြား၏ စီးပွားရေးဈေးကွက်ကို ပြန်လည် မြှင့်တင်ရန်မှာ အချိန်ယူရပေလိမ့်မည်။ ထို့ကြောင့်ပင် လော့ချန်သည် မြို့တွင်းနှင့် မြို့ပြင် နှစ်နေရာစလုံးကို တပြိုင်နက်တည်း ဖွံ့ဖြိုးအောင် လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း သူသည် နေ့စဉ် ကျင့်ကြံခြင်းမှလွဲ၍ ကျန်ရှိသော မှော်အတတ်လေ့ကျင့်မှုအားလုံးကို ရပ်နားကာ ဆေးဖော်စပ်ခြင်းနှင့် လူတော်များ မြေတောင်မြှောက်ပေးခြင်းတွင်သာ အချိန်ပေးခဲ့သည်။ တစ်နှစ်တာအတွင်း သူသည် ခုနစ်လတိုင်တိုင် ကျောက်စိမ်းအမြုတေဆေးလုံးများကို မနားတမ်း ဖော်စပ်ခဲ့ပြီး လေးလမှာမူ ကျောက်စိမ်းနှင်းစက်ဆေးလုံးများကို ဖော်စပ်ခဲ့သည်။ ကြားကာလများတွင်လည်း ချီလမ်းကြောင်းဆေးလုံး အမြောက်အမြားကို ဖော်စပ်ခဲ့သေးသည်။
ဤမျှကြီးမားလှသော ဆေးဖော်စပ်မှု လုပ်ငန်းစဉ်များကို သူ၏ နက်ရှိုင်းလှသော စိတ်ဝိညာဉ်စွမ်းအားနှင့် မြင့်မားသော ဆေးဖော်ပညာကျွမ်းကျင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ဆေးဖော်ခန်းမဆောင်ရှိ ကျင့်ကြံသူများ၏ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အရေးပါလှသည်။ ရရှိလာသော ရလဒ်မှာမူ လွန်စွာ စိတ်ကျေနပ်စရာပင်။
ကျောက်စိမ်းအမြုတေဆေးလုံးပေါင်း လေးသောင်းခန့်ကို ဖော်စပ်နိုင်ခဲ့သည်။
ထိုတင်မကသေးပေ။ လော့ချန်၏ နေ့စဉ် ကြီးကြပ်ကွပ်ကဲမှုနှင့် လမ်းညွှန်မှုများကြောင့် ချွီလင်ကျွင်းသည်လည်း အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးများကို တည်ငြိမ်စွာ ဖော်စပ်နိုင်လာခဲ့ပြီ ဖြစ်သည်။ ဆေးအောင်နှုန်းမှာ လော့ချန်ကဲ့သို့ မမြင့်မားသေးသော်လည်း ပုံမှန်အတိုင်း ထုတ်လုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လော့ချန် ပြုစုပျိုးထောင်နေသည့် လူမှာ လင်ကျွင်း တစ်ဦးတည်း မဟုတ်ပေ။
မီလီ....။
သူမသည်လည်း လော့ချန်၏ လေ့ကျင့်ပေးခြင်း ခံရသူ တစ်ဦးပင်။
ယခင်က မီရှုဟွာ၏ သောက်တလွဲ လေ့ကျင့်ပေးမှုအောက်တွင် ပါရမီများ နစ်မြုပ်နေခဲ့ရသော်လည်း သူမတွင် အမှန်တကယ် ဆေးဖော်စပ်သည့် ပါရမီရှိပေသည်။ မီရှုဟွာက သူမအား စစချင်းမှာပင် ခက်ခဲလှသော ကျောက်စိမ်းအမြုတေဆေးလုံးကို ဖော်စပ်ခိုင်းခဲ့ခြင်းကြောင့်သာ သူမ မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
လော့ချန်၏ မီလီအပေါ် လေ့ကျင့်ပေးပုံမှာမူ လေ့ကျင့်ပေးခြင်းဟု မခေါ်ဘဲ လွတ်လပ်ခွင့် ပေးထားခြင်းဟု ဆိုရမည်။ အစပိုင်းတွင် သူမအား ဆေးဖော်စပ်ရာ၌ လက်ထောက်အဖြစ်သာ ထားရှိခဲ့သည်။ နောက်ပိုင်းတွင်မှ မပြောပလောက်သော မှော်အာဟာရဆေးလုံးများကို ဖော်စပ်ခိုင်းခဲ့သည်။
မှော်အာဟာရဆေးလုံးမှာ အဆင့်မသတ်မှတ်ထားသော သာမန်ဆေးသာ ဖြစ်သဖြင့် မီလီမှာ လွယ်ကူစွာပင် တတ်မြောက်သွားခဲ့သည်။ နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ သူမတွင် ခိုင်မာသော ဆေးဖော်စပ်ခြင်း အခြေခံများ ရှိနေခဲ့ပြီ ဖြစ်သည်။
ယခုနှစ်အတွင်းမှာမူ လော့ချန်သည် သူမအား ပထမအဆင့် ဆေးလုံးများကို စတင် ဖော်စပ်ခိုင်းခဲ့သည်။
သို့သော်လည်း ကျောက်စိမ်းအမြုတေဆေးလုံး မဟုတ်ပေ။ ၎င်းမှာ အံ့ဖွယ်တစ်သောင်းဆေးလုံးပင် ဖြစ်သည်။ ဤဆေးလုံးမှာ လော့ချန်အား ပထမဦးဆုံးသော အောင်မြင်မှုအသီးပွင့်များ ဆွတ်ခူးစေခဲ့သည့် ဆေးလုံးဖြစ်သဖြင့် သူ၏ ကျွမ်းကျင်မှုမှာ ကျောက်စိမ်းအမြုတေဆေးလုံးထက်ပင် သာလွန်ပေသည်။
အကြိမ်ရေများစွာ ဖော်စပ်ခဲ့ခြင်းကြောင့် မဟုတ်ပေ။ အခြေခံမှ စတင်ကာ တဖြည်းဖြည်း တိုးတက်လာသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို သူ ကောင်းကောင်းကြီး ခံစားနားလည်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သံဒယ်အိုးဖြင့် ဆေးဖော်ခဲ့ရာမှ သစ်သားဆေးအိုး ထို့နောက်တွင် မြေအောက်မီးဖြင့် ဆေးဖော်စပ်သည်အထိ အဆင့်တိုင်းကို သူ ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်ခြင်းမှာ လော့ချန်အတွက်မူ မည်သည့် လျှို့ဝှက်ချက်မျှ မရှိတော့ချေ။
မီလီသည်လည်း အံ့ဖွယ်တစ်သောင်းဆေးလုံးနှင့် ရင်းနှီးပြီးသားဖြစ်သည်။ ယခင်က ထန်ချွမ်တစ်ယောက် ထိုဆေးကို ဖော်စပ်ရာတွင် မကြာခဏ ရှုံးနိမ့်လေ့ရှိရာ လော့ချန်အား မနှောင့်ယှက်ရဲသဖြင့် မီလီနှင့်သာ တိုးတိုးတိတ်တိတ် ဆွေးနွေးလေ့ရှိခြင်းကြောင့် ဖြစ်သည်။ ဆိုရလျှင် မီလီသည် လက်တွေ့ မဖော်စပ်ရသေးသော်လည်း အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်ခြင်း၏ အခက်အခဲမျိုးစုံကိုမူ နှလုံးသားထဲမှ သိရှိနေခဲ့ပြီ ဖြစ်သည်။
လော့ချန်က သူမအား လက်တွေ့ဖော်စပ်ခိုင်းပြီးနောက်တွင် သူ၏ လမ်းညွှန်မှု၊ အခက်အခဲများကို ဖြေရှင်းပေးမှုနှင့် သူမ၏ နှစ်ရှည်လများ စုဆောင်းထားသော အခြေခံများ ပေါင်းစပ်လိုက်သောအခါ လအနည်းငယ်အတွင်းမှာပင် အဆင့်နိမ့် အံ့ဖွယ်တစ်သောင်းဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့တော့သည်။
ဤသို့ဖြင့် လော့ထျန်းအဖွဲ့မှ ထွက်ရှိသော ဆေးလုံးအမျိုးအစားများမှာ ပိုမို စုံလင်လာခဲ့သည်။
လော့ချန် ဖော်စပ်သော အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများကို အဓိကထား၍ ချွီလင်ကျွင်း၏ အဆင့်လတ် ဆေးလုံးများဖြင့် အားဖြည့်ထားသည်။ မီလီ၏ အံ့ဖွယ်တစ်သောင်းဆေးလုံးများကလည်း အရံအဖြစ် ပါဝင်လာသည်။
အနှစ်သာရမွေးမြူရည်မှာမူ အလွယ်ဆုံးဖြစ်ပြီး ဆေးဖက်ဝင်အပင်များကိုသာ စပ်ပေးလိုက်လျှင် ကျင့်ကြံသူများက သူတို့ဘာသာ ပြန်လည် ချက်ယူနိုင်ကြသည်။ အမြတ်မှာ အဓိကအားဖြင့် လက်ခမှ ရရှိခြင်းဖြစ်သည်။ မှော်အာဟာရဆေးလုံးမှာလည်း မခက်ခဲလှပေ။ ယခင် တာဟဲဈေးမြို့တော်တွင် ရှိစဉ်ကတည်းက လော့ချန် တစ်ဦးတည်းသာ ဖော်စပ်ခဲ့ခြင်း မဟုတ်ချေ။ ဆေးဖော်ခန်းမဆောင်ရှိ ကျင့်ကြံသူအချို့ကို သင်ကြားပေးခဲ့ပြီးနောက်တွင် မှော်အာဟာရဆေးလုံးကိုသာ သီးသန့်ဖော်စပ်သော ဆေးဖော်ဆရာတစ်ဦး ပေါ်ထွက်လာခဲ့သည်။
ဆိုရလျှင် ချီလမ်းကြောင်းဆေးလုံး၊ သွေးအဆီအနှစ်ဆေးလုံးနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးတို့မှလွဲ၍ လော့ချန်သည် သူတတ်မြောက်ထားသမျှ ဆေးလုံးအားလုံးကို အစွမ်းကုန် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ဒန်ရှားမေနန်းဆောင်၏ စင်ကြီးများပေါ်တွင် ပစ္စည်းမျိုးစုံဖြင့် တင့်တယ်နေတော့သည်။
ထို့တင်မကသေးဘဲ ဒန်ရှားမေနန်းဆောင်၌ လက်နက်ခန်းမဆောင်မှ လက်နက်များကိုလည်း ရောင်းချသေးသည်။ ထိုလက်နက်များမှာ လက်နက်ခန်းမဆောင်မှ အသစ်သွန်းလုပ်ထားခြင်း မဟုတ်ဘဲ တိုက်ပွဲပေါင်းများစွာမှ ရရှိလာသော လော့ထျန်းအဖွဲ့၏ စစ်သုံ့ပန်း ပစ္စည်းများ ဖြစ်သည်။ အကောင်းဆုံး ပစ္စည်းများကိုမူ လော့ထျန်းအဖွဲ့ဝင်များသာ အသုံးပြုရန် သိမ်းဆည်းထားပြီး ကျန်ရှိသော ပစ္စည်းများကိုမူ ပြုပြင်မွမ်းမံကာ အရောင်းစင်ပေါ်သို့ တင်ထားခြင်း ဖြစ်သည်။
ထို့အပြင် ဖုန်းရှနှင့် ယွမ်ရှောင်ယွဲ့ တို့သည်လည်း သူတို့၏ ယခင် အတတ်ပညာများကို ပြန်ထုတ်သုံးလာကြသည်။ နတ်ပဲလှော်၊ အမဲသားခြောက်၊ နို့လက်ဖက်ရည်နှင့် ပြောင်းဖူးပေါက်ပေါက် စသည်တို့ပင်။ ထိုတင်မကသေးဘဲ မူလပစ္စည်းများကို အခြေခံ၍ နတ်ပိုးတိမ်တောင်ပဲကြော်နှင့် ရနံ့တစ်ဆယ်ပဲတောင့် ကဲ့သို့သော မုန့်များကိုပါ တီထွင်ခဲ့ကြသည်။ ဤသည်မှာ ဝိညာဉ်လယ်ကွင်းများရှိ တန်ဖိုးမရှိသော သီးနှံများကို အကျိုးရှိစွာ အသုံးချလိုက်ခြင်းပင် ဖြစ်သည်။
နောက်ဆုံးတွင်မူ ဒန်ရှားမေနန်းဆောင်သည် ပစ္စည်းမျိုးစုံ ရရှိနိုင်သော ဆိုင်ကြီးတစ်ဆိုင်အဖြစ် ရပ်တည်လာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဤသို့ ဖြစ်လာသည့်အခါ အရင်းအနှီးနှင့် အမြတ်အစွန်းများကို တွက်ချက်ခြင်းမှာ လွန်စွာ ရှုပ်ထွေးလှသော အလုပ်တစ်ခု ဖြစ်လာတော့သည်။
အစောပိုင်းကာလများတွင် မကြာခဏ မှားယွင်းမှုများ ရှိခဲ့သည်။ ထို့ကြောင့်ပင် လော့ချန်သည် အချိန်ရတိုင်း ဆိုင်သို့လာကာ စာရင်းစစ်ဆေးပေးရခြင်း ဖြစ်သည်။
နောက်ပိုင်းတွင်မှ ရွှေခန်းမခေါင်းဆောင် ကူချိုင်ယီက ဆိုင်တာဝန်ခံအဖြစ် တာဝန်ယူကာ အသားကျသွားပြီးနောက်ပိုင်းမှသာ စာရင်းဇယားများမှာ ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။
လော့ချန်သည်လည်း အကျင့်ဖြစ်နေခဲ့သဖြင့် စာရင်းများကို အမြဲမပြတ် လာရောက် ကြည့်ရှုလေ့ရှိသည်။ ယခု သူ ကြည့်ရှုနေသည်မှာ တစ်နှစ်တာအတွင်းရှိ စုစုပေါင်း စာရင်းများ ဖြစ်သည်။
“မြို့တွင်းက ဒန်ရှားမေနန်းဆောင်ရဲ့ တစ်နှစ်စာ အမြတ်ငွေက ဝိညာဉ်ကျောက်တုံး သုံးသိန်းလောက် ရှိတယ်၊ အဲဒီထဲမှာ ငါဖော်စပ်တဲ့ ဆေးလုံးတွေနဲ့ လက်နက်ခန်းမဆောင်ရဲ့ လက်နက်တွေက အဓိကပဲ”
“ပိယိုတောင်ကြားဘက်က စာရင်းကိုလည်း ငါကြည့်ပြီးပြီ၊ အမြတ်က တစ်သိန်းလောက် ရှိတယ်၊ အဲဒီမှာလည်း အမြတ်အများစုက ငါနဲ့ လက်နက်ခန်းမဆောင်ဆီကပဲ”
“ချွီလင်ကျွင်းနဲ့ မီလီတို့ရဲ့ ဆေးဖော်စပ်မှုအဆင့်ကိုတော့ ဆက်ပြီး မြှင့်တင်ရဦးမယ်၊ အခု သူတို့နှစ်ယောက်ရဲ့ တစ်နှစ်တာ ဝင်ငွေက တစ်သောင်းလောက်ပဲ ရှိသေးတယ်”
အကယ်၍ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်ဆိုလျှင် ချီသန့်စင်အဆင့်ကျင့်ကြံသူ နှစ်ဦးက တစ်နှစ်လျှင် တစ်သောင်းကျော် ရှာနိုင်ခြင်းမှာ လွန်စွာ များပြားလှပေသည်။ သို့သော် လက်ရှိ လော့ထျန်းအဖွဲ့၏ အနေအထားအရမူ ၎င်းမှာ မပြောပလောက်သော ပမာဏသာ ဖြစ်ပြီး လော့ချန် ဘာမှမရှိဘဲ စတင်ခဲ့စဉ်က ရှာဖွေနိုင်ခဲ့သည့် ပမာဏထက်ပင် များစွာ နည်းပါးနေသေးသည်။
သို့သော်လည်း လော့ချန်ကမူ ဂရုမစိုက်ပေ။ ထိုနှစ်ဦးအတွက်မူ သူ စိတ်ရှည်လက်ရှည် ရှိလှပေသည်။ ဆက်လက် ပျိုးထောင်သွားမည်ဆိုပါက မလွဲဧကန် အောင်မြင်လာမည့် လူများဖြစ်သည်။
‘တစ်နှစ်ကို အမြတ် လေးသိန်း.... ဒါက အခြေခံတည်ဆောက်ခြင်းအဆင့် အင်အားစု တော်တော်များများထက် သာလွန်နေပြီ၊ ဒါက ငါကိုယ်တိုင် ဆေးဆရာတစ်ယောက် ဖြစ်နေလို့သာ ဒီလို အမြတ်မျိုး ရတာ’
လော့ချန်သည် သူ၏ မြင့်မြတ်သော ဆေးဖော်ဆရာ အဆင့်အတန်း၏ အရေးပါမှုကို ထပ်မံ အတည်ပြုလိုက်မိသည်။ ထို့နောက်တွင် သူသည် မိမိ အသုံးပြုနိုင်မည့် ဝိညာဉ်ကျောက်တုံး အရေအတွက်ကို စတင် တွက်ချက်လိုက်တော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၆၀) - ဂုဏ်သရေရှိဧည့်သည်တော် ရောက်ရှိလာခြင်း
အသားတင်အမြတ်ဟူသည်မှာ အကြမ်းဖျင်းတွက်ချက်မှုသာ ဖြစ်သည်။ အကြောင်းမှာ ထိုထဲတွင် ကုန်ကျစရိတ်မျိုးစုံကို မနှုတ်ယူရသေးသောကြောင့်ပင်။
ပထမဆုံးအနေဖြင့် ကုန်ကြမ်းစရိတ်....။
ဤသည်မှာ အမှန်စင်စစ် များပြားလှသည်မဟုတ်ပေ။ ကျောက်စိမ်းအမြုတေ ဆေးလုံးတစ်ပုလင်းစာ ကုန်ကြမ်းမှာ ဝိညာဉ်ကျောက်တုံး ၅ တုံးသာ ကျသင့်သည်။ စစ်ပွဲကြောင့် ၆ တုံးအထိ စျေးတက်သွားလျှင်ပင် အလွန်အမင်း ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်မဟုတ်ပေ။ သို့သော် လော့ချန်၏ ကျောက်စိမ်းနှင်းစက်ဆေးလုံးနှင့် ချီလမ်းကြောင်းဆေးလုံးတို့ကို အရှုံးခံဖော်စပ်နေရသည့် အရင်းအနှီးများနှင့် ပေါင်းလိုက်လျှင် ကုန်ကြမ်းစရိတ်မှာ ဝိညာဉ်ကျောက်တုံး ၄ သောင်းခန့် ရှိပေမည်။
အိမ်ငှားခအနေဖြင့်မူ ဒန်ရှားမေနန်းဆောင်အတွက် တစ်နှစ်လျှင် ကျောက်တုံး ၅ ထောင် ကျသင့်သည်။ လော့ချန်နှင့် ရေခဲခံတပ်တို့၏ ဆက်ဆံရေးမှာ လက်ရှိတွင် ပျားရည်ဆမ်းခရီးကဲ့သို့ ချိုမြိန်ဆဲကာလ ဖြစ်နေသောကြောင့် ဤအထူးသက်သာခွင့်စျေးနှုန်းမှာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်၏။
သို့သော် အဓိကအကျဆုံးနှင့် အကြီးမားဆုံး ကုန်ကျစရိတ်မှာ လုပ်အားခပင် ဖြစ်သည်။ တစ်နှစ်ပတ်လုံး အားသွန်ခွန်စိုက် ဆေးဖော်စပ်ခဲ့ရသဖြင့် ဆေးဖော်ခန်းမဆောင်နှင့် ဆေးဝါးခန်းမဆောင်မှ ကျင့်ကြံသူများမှာ မောပန်းနွမ်းနယ်နေကြပြီဖြစ်သည်။ ထိုအခြေအနေမျိုးတွင် လော့ချန်အနေဖြင့် အခြေခံလစာအပြင် များပြားလှသော ဆုကြေးငွေများကိုလည်း ပေးအပ်ရပေမည်။ ဤခန်းမဆောင်နှစ်ခုတည်းအတွက်ပင် တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး ၆ သောင်းခန့် ကုန်ကျသည်။
တိုက်ခိုက်ရေးခန်းမဆောင်မှာမူ အကာအကွယ်ပေးရန်နှင့် သယ်ယူပို့ဆောင်ရန် တာဝန်ယူရသဖြင့် ဆုကြေးငွေပေးရန် မလိုဘဲ အခြေခံလစာသာ ပေးရသည်။ ထိုငွေမှာလည်း တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး ၆ သောင်းခန့် ရှိသည်။
အရောင်းပိုင်းတာဝန်ယူထားရသော ရွှေခန်းမဆောင်သည် ဆေးဖော်စပ်ခြင်းပြီးလျှင် အရေးအကြီးဆုံးဖြစ်သည်။ လော့ချန်သည် သူတို့အား အခြေခံလစာနှင့် ဆုကြေးငွေများအစား ကော်မရှင်စနစ်ကို ကျင့်သုံးရန် ဆုံးဖြတ်လိုက်သည်။ ဆေးတစ်ပုလင်း သို့မဟုတ် အကြမ်းထည်ပြုပြင်ထားသည့် ဝိညာဉ်အနှစ်သာရမွေးမြူရည် တစ်ပုလင်း ရောင်းရတိုင်း ကော်မရှင်အနေဖြင့် ဝိညာဉ်ကျောက်တုံး ၂ တုံးစီ ပေးအပ်သွားမည်ဟု သူ ကတိပေးထားသည်။ ရွှေခန်းမဆောင်ရှိ အမျိုးသမီးကျင့်ကြံသူ အရေအတွက်မှာ များလှသည်မဟုတ်သလို ကျင့်ကြံခြင်းအဆင့်မှာလည်း မြင့်မားခြင်းမရှိကြသေးသဖြင့် သူတို့အတွက် ကုန်ကျမည့်စရိတ်မှာ ဝိညာဉ်ကျောက်တုံး ၂ သောင်းခန့်သာ ရှိပေလိမ့်မည်။
‘ဒါဆိုရင် သာမန်ကျင့်ကြံသူတွေအတွက် လုပ်အားခက ၁ သိန်း ၄ သောင်းဝန်းကျင် ရှိမယ်၊ ကုန်ကြမ်းနဲ့ အိမ်ငှားခပါ ပေါင်းလိုက်ရင် ၁ သိန်း ၈ သောင်းထက် မပိုဘူး၊ ဒါပေမဲ့ အသုံးစရိတ် အများဆုံးက အဆင့်မြင့်ကျင့်ကြံသူတွေပဲ’
လော့ထျန်းအဖွဲ့၏ အဆင့်မြင့်အဖွဲ့ဝင်များအတွက် လော့ချန် ပေးအပ်သော လစာမှာ အောက်ခြေကျင့်ကြံသူများထက် များစွာသာလွန်သည်။ စီမာဟွေ့နန်နှင့် မုရုံချင်းလျန်တို့ကဲ့သို့ အဓိကလူများကို မဆိုထားနှင့်၊ ကျိုးယွမ်လီနှင့် လျိုချန်းတို့ကဲ့သို့ လူဟောင်းများပင် တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၃၀၀ မှ ၄၀၀ အထိ ရရှိကြသည်။ ဤ ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ အုပ်စုငယ်လေးအတွက်ပင် တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး ၆ သောင်း ကုန်ကျသည်။
ထို့အပြင် ဝမ်ယွမ်နှင့် တွမ်ဖုန်းတို့ကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးမှာမူ တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၃ ထောင်စီ ရရှိကြသည်။ တစ်ဦးလျှင် တစ်နှစ်ကို အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၃ သောင်း ၆ ထောင်စီ ပေးရပေမည်။
‘အကုန်လုံး ပေါင်းလိုက်ရင် တစ်နှစ်ကို အသုံးစရိတ်က ဝိညာဉ်ကျောက်တုံး ၃ သိန်းလောက် ရှိမှာပဲ’
ဤစာရင်းကို တွက်ချက်ပြီးနောက် လော့ချန်ကိုယ်တိုင်ပင် စိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားသော်လည်း အံ့အားသင့်သွားရသည်။
ဝမ်ဟိုင်ချောင်သည် အဘယ်ကြောင့် ထိုမျှအထိ တွန့်တိုခဲ့ပြီး သူ၏တပည့်များကို ပုံမှန်လစာ မပေးခဲ့သည်ကို သူ နားလည်သွားတော့သည်။ အဘိုးကြီးမီရှုဟွာ သည်လည်း အဘယ်ကြောင့် သူ့ဂိုဏ်းတွင် ဒုတိယမြောက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ထွက်ပေါ်လာမည်ကို မလိုလားခဲ့ရသည့် အကြောင်းရင်းမှာလည်း ရှင်းလင်းသွားသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရှိလျှင် တစ်နှစ်ကို ကျောက်တုံး ၃ သောင်း၊ ၄ သောင်းခန့် အပိုကုန်ကျမည် မဟုတ်ပါလော။
သာမန် အခြေခံတည်ဆောက်ခြင်းအဆင့် အင်အားစုတစ်ခုအနေဖြင့် ဤမျှကြီးမားသော အသုံးစရိတ်ကို မည်သို့မျှ တောင့်ခံနိုင်မည်မဟုတ်ပေ။ လော့ချန်ကဲ့သို့ စွမ်းဆောင်ရည်နှင့် သတ္တိရှိသူမှသာ ဤသို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
အကယ်၍ ဝမ်ဟိုင်ချောင်သာ အသက်ရှိသေးပြီး လော့ချန်၏ ရက်ရောမှုကို မြင်သွားပါက "ဦးနှောက်မရှိတဲ့ကောင်" ဟု ဆဲဆိုပေလိမ့်မည်။ သို့သော် လော့ချန်ကမူ အားလုံးထက် ပို၍ အမြော်အမြင်ရှိသူ ဖြစ်သည်။ ဤကုန်ကျစရိတ်များသည် အလွန်အရေးကြီးပြီး ထိုသူများ ရရှိသော လစာမှာလည်း သူတို့၏ ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သော ရလဒ်ပင်ဖြစ်သည်။ ပေးဆပ်မှုမရှိဘဲ ဤမျှကြီးမားသော ဝင်ငွေ ဘယ်မှာရနိုင်ပါ့မည်နည်း။
ဥပမာအားဖြင့် တွမ်ဖုန်းအား တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး ၃ သောင်းကျော် ပေးရခြင်းမှာ များပါသလားဟု မေးလျှင် လုံးဝ မများပေ။ ပထမအချက်အနေဖြင့် တွမ်ဖုန်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သည်။ ဒုတိယအချက်မှာ လက်နက်ခန်းမဆောင်၏ တစ်နှစ်တာဝင်ငွေမှာပင် ဝိညာဉ်ကျောက်တုံး ၈ သောင်း၊ ၉ သောင်းခန့် ရှိနေသည်။ ၎င်းမှာ ဆေးဖော်ခန်းမဆောင်မှ ရရှိသော ၄ သိန်းနှင့် မသက်ဆိုင်ပေ။
ဝမ်ယွမ်လည်း ထို့အတူပင်။ သူသည် မည်သည့်ကုန်ပစ္စည်းမှ ထုတ်လုပ်ခြင်းမရှိဟု ထင်ရပေလိမ့်မည်။ သို့သော် လော့ထျန်းအဖွဲ့၏ ခရီးလမ်းတစ်လျှောက်တွင် ဝမ်ယွမ်သည် အမြဲ အင်အားအကြီးဆုံး အကာအကွယ် တံတိုင်းကြီးတစ်ခု ဖြစ်ပေးခဲ့သည်။ ဖူမျိုးနွယ်စုနှင့် တိုက်ပွဲတွင် ခိုင်မာလှသော ခံတပ်ကို သူဖျက်ဆီးခဲ့သည်။ ရှောင်ဟွမ်းတောင်တိုက်ပွဲတွင် တွမ်ချန်ခွန်း၏ ဖိအားကို သူ ထိပ်တိုက်ရင်ဆိုင်ပေးခဲ့သည်။ ကောင်လင်လွင်ပြင် တိုက်ပွဲတွင်လည်း ဟော်ဟူကို အနိုင်ယူခဲ့သည်။ ဒန်ရှားတောင်သို့ ပြောင်းရွှေ့စဉ်ကလည်း ချောင်ဝမ်ချွန်းကို သတ်ဖြတ်ကာ လော့ထျန်းအဖွဲ့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သည်။ ထိုသို့သော လူမျိုးကို ၃ သောင်းပေးခြင်းမှာ နည်းပင်နည်းသေးသည်။
အခြားသူများအတွက်လည်း လော့ချန် မနှမြောပေ။ သူကိုယ်တိုင်လည်း အောက်ခြေကျင့်ကြံသူဘဝ၏ ခါးသီးမှုကို ခံစားဖူးခဲ့သူ မဟုတ်ပါလော။
‘ဒါတွေအားလုံးကို နှုတ်လိုက်ဦးတော့.... ငါ့လက်ထဲမှာ တစ်နှစ်ကို အသားတင်အမြတ် ဝိညာဉ်ကျောက်တုံး ၁ သိန်း ကျန်သေးတာပဲ’
တစ်သိန်း....။
ဤစင်ကြယ်သော အမြတ်ငွေအားလုံးမှာ လော့ချန်တစ်ဦးတည်း ပိုင်ဆိုင်ခြင်း ဖြစ်သည်။ မည်သည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ဤမျှအထိ ရှာဖွေနိုင်ပါသနည်း။ ဤသည်မှာ သူကိုယ်တိုင်ပိုင်ဆိုင်သော အင်အားစုနှင့် ဆေးဖော်စပ်ခြင်းအတတ်ပညာတို့ ပေါင်းစပ်ဖန်တီးလိုက်သော တန်ဖိုးပင် ဖြစ်သည်။
လော့ချန်သည် ဤကြီးမားလှသော ငွေကြေးကို မိမိကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။ ဝိညာဉ်ကျောက်တုံး ၁ သိန်းဆိုလျှင် အဆင့်နိမ့် မှော်ရတနာများကို စိတ်ကြိုက်ဝယ်ယူနိုင်သည်။ သို့သော် သူ ထိုသို့မလုပ်ပေ။ ကျင့်ကြံခြင်းအဆင့် မြင့်မားလာစေရန်သာ သူ ပိုမိုအာရုံစိုက်သည်။
"ဖြစ်နိုင်ရင် အဆင့်မြင့် ဂူဗိမာန် တစ်ခုလောက် ပြောင်းဖို့ စဉ်းစားသင့်ပြီ"
ထန်ထိုက်ကျင်းတို့၏ ဂူဗိမာန်များတွင် ချီစွမ်းအင် သိပ်သည်းမှုမှာ သာမန်ထက် နှစ်ဆခန့် ပိုများသည်။ ထိုသို့သော ပတ်ဝန်းကျင်တွင် ကျင့်ကြံရပါက သူ၏ တိုးတက်မှုမှာ များစွာ မြန်ဆန်လာပေလိမ့်မည်။
ဒုန်း....
အသံအနည်းငယ် ထွက်ပေါ်လာသဖြင့် လော့ချန် အတွေးစပြတ်ကာ ကြည့်လိုက်သည်။ ရွှီရှောင်လျိုတစ်ယောက် မတ်တပ်ရပ်နေရသည်မှာ ကြာပြီဖြစ်သဖြင့် ပျင်းရိကာ အနောက်နံရံကို မတော်တဆ တိုက်မိသွားခြင်း ဖြစ်သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... တောင်းပန်ပါတယ်ခင်ဗျာ"
“ရပါတယ်၊ ဘာမှမဖြစ်ဘူး"
လော့ချန် ပြုံးလိုက်သည်။ သူ အတွေးလွန်သွားခြင်းကို သတိပြုမိသွားသည်။
“မင်းတို့ မကြာသေးခင်က တော်တော်လေး ကြိုးစားထားကြတာပဲ"
လော့ချန် ချီးကျူးလိုက်သည်။
ရွှီရှောင်လျိုက ခေါင်းကို ကုတ်ကာ ရယ်မောလိုက်သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ အကြံဉာဏ်က ကောင်းလွန်းလို့ပါ၊ ဟိုလက်ကမ်းစာစောင်လေးတွေကြောင့် ကျွန်တော်တို့ ဒန်ရှားမေနန်းဆောင်က ဒီလောက် ချောင်ကျတာတောင် ဧည့်သည်တွေ အလိုလို ရောက်လာကြတာလေ"
လော့ချန် ပြုံးရုံသာ ပြုံးနေလိုက်သည်။ လက်ကမ်းစာစောင်ဆိုသည်မှာ သူ၏ ကမ္ဘာဟောင်းမှ ရိုးရှင်းသော နည်းလမ်းလေးတစ်ခုသာ ဖြစ်သော်လည်း ဤကမ္ဘာမှ ကျင့်ကြံသူများမှာ ဂုဏ်သိက္ခာကို ငဲ့ကွက်လွန်းသဖြင့် ထိုသို့မလုပ်ကြခြင်းသာ။
“ချိုင်ယီ.... မင်းလည်း တကယ်တော်ပါတယ်”
ကူချိုင်ယီသည် လော့ချန်၏ ချီးကျူးမှုကို ရရှိသောအခါ ရင်ကို အနည်းငယ် ကော့လိုက်ပြီး ဝမ်းသာအားရ ပြုံးပြသည်။
“ဒါတွေက အဖွဲ့ချုပ်ခေါင်းဆောင် ငယ်ငယ်ကတည်းက သင်ပေးထားတဲ့ အရာတွေပဲလေ၊ ချိုင်ယီအနေနဲ့ ဂုဏ်ယူစရာ မရှိပါဘူး”
လော့ချန် ခေါင်းခါပြသည်။
“မင်းကို ငါချီးကျူးတာက အဲဒီကိစ္စတစ်ခုတည်း မဟုတ်ဘူး၊ ဒီဆိုင်ကြီး တစ်ခုလုံးကို အခြေခံကစပြီး မင်းတစ်ယောက်တည်း စီမံခန့်ခွဲခဲ့ရတာ၊ မင်းရဲ့ ပင်ပန်းမှုတွေကို ငါ အမြဲတမ်း မြင်နေရပါတယ်”
ကူချိုင်ယီသည် တစ်ခုခုပြောရန် ပြင်သော်လည်း ရင်ထဲတွင် လှိုက်တက်လာကာ စကားလုံးတို့ အာခေါင်မှာပင် တစ်ဆို့သွားရသည်။ လွန်ခဲ့သော တစ်နှစ်လုံး သူမ တကယ်ပင် ပင်ပန်းခဲ့သည်။ ယခင်က ဆိုင်ငယ်လေးများကို စီမံဖူးသော်လည်း ယခုမူ ထျန်းလန်နတ်ဘုရားမြို့တော်ကြီးတွင် အစစအရာရာကို တစ်ယောက်တည်း ရင်ဆိုင်ရခြင်း ဖြစ်သည်။ အမှားအယွင်း အနည်းငယ်ပင် သူမ အဖြစ်မခံနိုင်ပေ။ သူမ၏ ကြိုးစားမှုအားလုံးမှာ အချည်းနှီးမဟုတ်ခဲ့ဘဲ သူ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့လေပြီ။
“ချိုင်ယီ လုပ်သမျှက လုပ်သင့်လုပ်ထိုက်တာတွေပါပဲ" ဟု သူမ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
လော့ချန် နွေးထွေးစွာ ပြုံးပြသည်။
“လုပ်သင့်လုပ်ထိုက်တာဆိုတာ မရှိပါဘူး၊ မင်း ကောင်းကောင်းလုပ်နိုင်ခဲ့ရင် ဆုလာဘ်ရှိရမှာပေါ့၊ မကြာသေးခင်က အမျိုးသမီးကျင့်ကြံသူတွေအတွက် အကျိုးရှိမယ့် အရာလေးတစ်ခုကို ငါ ရှာတွေ့ထားတယ်၊ ဆိုင်ပိတ်ပြီးရင် မင်း စမ်းကြည့်လို့ ရပါတယ်"
ကူချိုင်ယီ၏ မျက်လုံးအစုံမှာ မျှော်လင့်ချက်များဖြင့် တောက်ပသွားသည်။ လော့ချန်မှ ‘အကျိုးရှိမယ်’ ဟု ပြောလျှင် အမှန်တကယ်ပင် ထိရောက်မည်မှာ သေချာသည်။
လော့ချန်သည် ဆက်လက်၍ မှာကြားစရာရှိသည်များကို မှာကြားနေရင်းမှ သူ၏ အသံမှာ တဖြည်းဖြည်း တိုးသွားသည်။ သူ၏ အကြည့်မှာ ဒန်ရှားမေနန်းဆောင် အပြင်ဘက်ရှိ လမ်းမဆီသို့ ရောက်ရှိသွားသည်။ သစ်သားပြတင်းပေါက်များကို ဖြတ်ကျော်ကာ လမ်းမပေါ်တွင် ကြာမြင့်စွာ ရပ်တန့်နေသော လူရိပ်တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။
“ဂုဏ်သရေရှိတဲ့ ဧည့်သည်တော်တစ်ယောက်.... ငါတို့အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီပဲ"