← Chapters

အခန်း (၉၀၇-၉၀၉)

Vol. 61 Ch. 907-909

အခန်း (၉၀၇-၉၀၉)

Vol. 61 Ch. 907-909

အခန်း (၉၀၇) - ဖရိုဖရဲ ကာလတွင် ထွက်ပေါ်လာသော မိစ္ဆာ

“သူက ခုလေးတင် နယ်မြေများ ပင်လယ် ရဲ့ စွမ်းအားကို ဆွဲဆောင်လိုက်တာလား...”

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က ခန့်မှန်း၍ မရနိုင်သော တာအို ပုံရိပ်ယောင် ဖြင့် ရေရွတ်လိုက်၏။ နင်ချီ ၏ ပုံရိပ်သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ သူငယ်အိမ်များ အတွင်း၌ ထင်ဟပ်နေပါသည်။ သူ ထိုသို့ ပြုလုပ်ရန် ရည်ရွယ်ချက် မရှိခဲ့သော်ငြား ဤ အခိုက်အတန့် ၌ သူ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ပေါက်ကွဲ ထွက်လာမတတ် ပြင်းထန်စွာ တဒိတ်ဒိတ် ခုန်နေသည်ကို သူ ခံစားလိုက်ရတော့၏။ တောင်ဘိုးဘေးကြီး၊ ပင်လယ်ဘိုးဘေးကြီး နှင့် သူတော်စင် ဘိုးဘေးကြီး တို့ ကျော်ဖြတ်ခဲ့ရသော ကောင်းကင်ကပ်ဘေး အရေအတွက်မှာ နင်ချီ ထက် များစွာ လျော့နည်းနေခဲ့သည် မဟုတ်ပါလော။

အတွေး တစ်ခုက သူတို့၏ စိတ်အာရုံထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။ အကယ်၍ နင်ချီ သာ ဆက်လက် ကြီးထွား ဖွံ့ဖြိုးလာမည် ဆိုပါက သူသည် ဝိညာဉ်ကမ္ဘာကြီး နှစ်ခုကို တည်ထောင်ခဲ့သော ဘိုးဘေးကြီး သုံးပါးကို မလွဲမသွေ ကျော်လွန်သွားလိမ့်မည် ဖြစ်ကြောင်း သူတို့ အကြွင်းမဲ့ ယုံကြည်သွားကြတော့သတည်း။

နင်ချီ ဆွဲဆောင် ဖန်တီးလိုက်သော မကြုံစဖူး ကြောက်မက်ဖွယ် ကောင်းကင်ကပ်ဘေး ကြီးသည် နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့လေပြီ။ စစ်မြေပြင်နယ်မြေ အတွင်းရှိ ကျင့်ကြံသူ အားလုံးသည် ကောင်းကင်ယံမှ မိုးကြိုး တိမ်တိုက်ကြီးများ လွင့်စင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ သက်ပြင်းချလိုက်နိုင်ကြတော့၏။ သို့သော် လူတိုင်း၏ စိတ်အဇ္ဈတ္တ အတွင်း၌မူ တိတ်တဆိတ် ညည်းတွားနေမိကြသည်။

'ဘုရား.. ဘုရား... စုစုပေါင်း ကပ်ဘေး သုံးဆယ့်ခြောက်ခု တောင် ပါလား... တကယ်ပဲ ဒီ ကောင်းကင်ကပ်ဘေး က တာအို နဲ့ ကိုက်ညီနေတာလား... ဒါက တကယ်ရော ကျင့်ကြံသူ တွေ ကျော်ဖြတ်ရမယ့် ကပ်ဘေး ဟုတ်ရဲ့လား'

သာမန် တာအို ကျင့်ကြံသူများသည် ကပ်ဘေး သုံးခုကိုသာ ကျော်ဖြတ်ရန် လိုအပ်ပြီး ထို့ထက် ပိုပါက မျိုးတုံး ပျက်စီးသွားနိုင်ခြေ ရှိ၏။ ပါရမီရှင် အများစုမှာ ကပ်ဘေး ခြောက်ခုကိုသာ ကျော်ဖြတ်နိုင်ကြပြီး ပြိုင်ဘက်ကင်း အထူးချွန်ဆုံး ပါရမီရှင် များသာလျှင် ကပ်ဘေး ကိုးခုကို ကျော်ဖြတ်နိုင်ကြခြင်း ဖြစ်၏။ သို့သော် နင်ချီ ကမူ ထို ပမာဏထက် အဆပေါင်းများစွာ ပိုမို ကျော်ဖြတ်ခဲ့သည် မဟုတ်ပါလော။

နင်ချီ သည် ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ သမိုင်းတစ်လျှောက်တွင် အများပြားဆုံးသော ကပ်ဘေး ဖြတ်ကျော်မှု စံချိန်တင်ထားသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်သွားပြီဟု လူတိုင်း နားလည် သဘောပေါက်လိုက်ကြပါ၏။ ၎င်းသည် အစွမ်းအထက်ဆုံးသော အင်မော်တယ်ဂိုဏ်း သုံးခု၏ ဂိုဏ်းချုပ်ကြီး များကိုပင် ကျော်လွန်သွားခဲ့သလို ဘိုးဘေးကြီး သုံးပါးကိုပါ ကျော်လွန်သွားခဲ့လေပြီ။ ကောင်းကင်ကပ်ဘေး လွင့်စင် ပျောက်ကွယ်သွားပြီးနောက် တွင်ပင် လူတိုင်း၏ နှလုံးသားများမှာ တည်ငြိမ်မှု မရနိုင်သေးဘဲ တဒိတ်ဒိတ် ခုန်နေကြဆဲ ဖြစ်တော့သည်။ ယနေ့မှ စတင်၍ နင်ချီ သည် ဝိညာဉ်ကမ္ဘာကြီး နှစ်ခုစလုံး တွင် အထင်ရှားဆုံးသော ပါရမီရှင် ဖြစ်လာမည်ကို ကျင့်ကြံသူ နှစ်ဖက်စလုံးက အပြည့်အဝ နားလည်ထားကြပြီး သူ၏ အနာဂတ် အလားအလာမှာ လူအများ စိတ်ကူးပင် မယဉ်ဝံ့လောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ဂိုဏ်းချုပ်ကြီး သုံးဦး က နင်ချီ အပေါ် မည်သို့ သဘောထားမည်နည်း၊ ထို့အပြင် ဘိုးဘေးကြီး သုံးပါး က နင်ချီ ကို မည်သို့ ရှုမြင်မည်နည်း ဆိုသော မေးခွန်းများက သူတို့၏ စိတ်အာရုံထဲတွင် လည်ပတ်နေတော့၏။

ဟင်းလင်းပြင် နေရာလွတ်ကြီး ထဲတွင် နင်ချီ မတ်မတ်ကြီး ရပ်နေပါသည်။ တိမ်တိုက်များနှင့် မိုးကြိုးများ ငြိမ်သက်သွားပြီး သူ၏ ခန္ဓာကိုယ် အတွင်းသို့ အားလုံး ပေါင်းစပ် ဝင်ရောက်သွားကြ၏။ ကောင်းကင်ကပ်ဘေး ကို ကျော်ဖြတ်ပြီးနောက် သူ ရယူ ပိုင်ဆိုင်နိုင်ခဲ့သော တသားတည်းဖြစ်ခြင်း ရုပ်ခန္ဓာ ၏ စွမ်းအားများကို သူ တိတ်ဆိတ်စွာ ခံစားနေပြီး အလွန်တရာ အစွမ်းထက်ကာ ဖျက်ဆီး၍ မရနိုင်သော ခံစားချက် တစ်ခုက အလိုအလျောက် ပေါ်ထွက်လာတော့သည်။

'ဒါက တာအိုနဲ့ ပေါင်းစည်းခြင်း နယ်ပယ် ကို တက်လှမ်းပြီးနောက် ရလာတဲ့ စည်းမျဉ်း ရုပ်ခန္ဓာ ပဲလား...'

နင်ချီ က သူ၏ မျက်လုံးများကို ဖွင့်လိုက် ပိတ်လိုက် လုပ်လိုက်ရာ ထို မျက်ဝန်းများ အတွင်း၌ ကြယ်များ ကြွေကျ သေဆုံးသွားသည့်အလား ပုံရိပ်ယောင်များ ပေါ်ထွက်လာပြီး သူက တိုးတိတ်စွာ ရေရွတ်လိုက်၏။

“တာအို...”

သူ အစွမ်းကုန် လှုံ့ဆော် ဆင့်ခေါ်ခဲ့သော ကောင်းကင်ကပ်ဘေး တွင် တောင်နှင့် ပင်လယ် ကမ္ဘာ၊ ကျယ်ပြန့်သော ကမ္ဘာ၊ အစစ်အမှန်သိုင်းကမ္ဘာ နှင့် နယ်မြေများ ပင်လယ် တို့၏ စွမ်းအားများ အားလုံး ပေါင်းစပ် ပါဝင်နေ၏။ ဤကဲ့သို့ အန္တရာယ် များလှသော စွန့်စားမှု ကြီးက နောက်ဆုံးတွင် ခိုင်မာ ကြီးမားလှသော ရလဒ် များကို ဖြစ်ထွန်းစေခဲ့ပါပြီ။

နင်ချီ က သူ၏ လက်သီးကို တင်းတင်း ဆုပ်လိုက်ရာ ယခု သူ၏ တာအို ရုပ်ခန္ဓာ သည် သူ ကျင့်ကြံထားခဲ့သမျှသော နတ်ဘုရား မှော်စွမ်းရည် များကို အလွယ်တကူ ထုတ်လွှတ်နိုင်စွမ်း ရှိနေကြောင်း ခံစားလိုက်ရပြီး နတ်ဘုရား မှော်စွမ်းရည် များ အားလုံးမှာ သားရဲဆိုး များ၏ မူလအစ ပါရမီ စွမ်းရည်များ အဖြစ်သို့ အသွင်ပြောင်းသွားသည့်အလား ရှိနေတော့သည်။ ယခုအခါ သူသည် လက်ဟန် မုဒြာ များကို ဖွဲ့စည်းရန် မလိုတော့သလို ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို တမင်တကာ စုစည်းနေရန်လည်း မလိုအပ်တော့ချေ... စိတ်ကူး တစ်ချက်ဖြင့် မည်သည့် နတ်ဘုရား မှော်စွမ်းရည် ကိုမဆို သူ အလိုရှိသလို လွတ်လပ်စွာ ထုတ်လွှတ်နိုင်ပြီ ဖြစ်၏။

အဝေးမှ စောင့်ကြည့်နေကြသော ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ သည် နင်ချီ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ အတန်ငယ် တည်ကြည် လေးနက်သွားကြ၏။

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် မှာ ဆက်နေရမည်လား သို့မဟုတ် ထွက်ခွာသွားရမည်လား ဆိုသည်ကို ဝေခွဲမရ ဖြစ်နေ၏။ နင်ချီ ကို နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်ရမည် ဆိုသော အတွေးက သူ့ကို အလွန်အမင်း စိုးရိမ် ထိတ်လန့်သွားစေခဲ့သည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကမူ နင်ချီ ကို စူးစိုက် ကြည့်နေပြီး သူ၏ ရင်တွင်း၌ ဟိန်းဟောက်နေတော့၏။

'ဒီကောင်လေး က ဟောင်ရှန်း နဲ့ ချင်ဟိုင် ကို သေချာပေါက် ကျော်လွန်သွားလိမ့်မယ်... သူတို့ နှစ်ယောက် နဲ့ ယှဉ်ပြိုင်ဖို့ အတွက် သူ့ကို ငါ မဖြစ်မနေ ပျိုးထောင်ရမယ်'

ရုတ်တရက် နင်ချီ ၏ အကြည့်များက အောက်ဘက်သို့ ဝေ့ကြည့်လိုက်၏။ ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ မှာ အံ့အားသင့်သွားပြီး နင်ချီ ၏ အောက်ဘက်ရှိ မြေပြင်ဆီသို့ လိုက်ပါ ကြည့်ရှုလိုက်ကြ၏။

မြေပြင်ပေါ်၌ မြင်တွေ့နေရသည်မှာ နယ်နိမိတ် နံရံကြီး တစ်ခုလုံး အပေါက်အပြဲများဖြင့် စုတ်ပြတ်သတ်နေပြီး မည်းနက် ကျွမ်းလောင်နေသည့် မြင်ကွင်းပင် ဖြစ်တော့သည်။ ခုလေးတင် ကျရောက်ခဲ့သော ကောင်းကင်ကပ်ဘေး သည် စစ်မြေပြင်နယ်မြေ ကို အမှန်တကယ်ပင် ဆွဲဖြဲပစ်လိုက်လေပြီ။ အကယ်၍သာ ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ က အလွန်တရာ မြန်ဆန်စွာ တုံ့ပြန်ပြီး ပြင်ပမှ စွမ်းအင်များကို ဆွဲယူကာ မခိုင်မာစေခဲ့ဘူး ဆိုပါက ဤနေရာမှာ ကောင်းကင်ကပ်ဘေး ၏ ဖျက်ဆီးမှုကြောင့် လုံးလုံးလျားလျား ပျက်စီးသွားနိုင်ပြီး နယ်မြေများ ပင်လယ် ၏ အစိတ်အပိုင်း တစ်ခု အဖြစ်သို့ ရောက်ရှိသွားနိုင်၏။

ထိုစဉ် မီးခိုးမည်းများ အူထွက်နေသော ပုံရိပ်မည်း တစ်ခု က မြေပြင် နယ်နိမိတ် နံရံကြီး အတွင်းမှ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ ထို ပုံရိပ်မည်း သည် ကောင်းကင်ကပ်ဘေး ၏ ခုတ်ပိုင်းမှုကြောင့် မည်သူမည်ဝါမှန်း မှတ်မိ၍ မရနိုင်လောက်အောင် စုတ်ပြတ်သတ်နေပြီး သူ၏ ကိုယ်ပိုင် အရှိန်အဝါ ပင်လျှင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ သူ့ကို ဘယ်သူမှန်း သိရှိနိုင်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။

သို့သော်ငြား သူ ပေါ်ထွက်လာသည် နှင့် တစ်ပြိုင်နက် အထက်တွင် ရှိနေသော နင်ချီ ကို အလျင်အမြန် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ထိုနေရာ၌ ဆက်လက် မနေရဲတော့ဘဲ အလင်းတန်း တစ်ခုအလား မြန်ဆန်သော အရှိန်ဖြင့် ဦးတည်ချက် တစ်ခုဆီသို့ ထွက်ပြေးသွား၏။ နင်ချီ ရော ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ ပါ အသက်ရှင် ကျန်ရစ်နေသော ထိုသူကို လောလောဆယ်တွင် မမှတ်မိနိုင်ကြပေ။

သို့သော် သူ ထွက်ပြေးသွားသော ဦးတည်ချက်ကို အကဲခတ်ကြည့်မည် ဆိုပါက ၎င်းမှာ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ရှိရာ အရပ်ဆီသို့ ဦးတည်နေဟန် ရှိ၏။ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် သည်လည်း ပုံရိပ်မည်းကြီး သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရ၏။

'ဒီကောင်က မီးခိုးရောင် ဝတ်စုံ နဲ့ ကျင့်ကြံသူ မီဟွေ့ များလား'

မီဟွေ့ သည် ယခင်က နင်ချီ ကို လိုက်လံ ဖမ်းဆီးခဲ့သော ကျယ်ပြန့်သော ကမ္ဘာ မှ တာအိုကျင့်ကြံသူ အုပ်စု တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် တစ်ဦး ဖြစ်၏။ ဤသူ့ထံတွင် သူ၏ ကိုယ်ပိုင် ချီစွမ်းအင် လုံးဝ မရှိတော့သော်ငြား ကောင်းကင်ကပ်ဘေး ၏ အငွေ့အသက်များ ကတော့ စွဲထင်နေဆဲ ပင်တည်း။ နင်ချီ ဖြစ်စေ... ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ ဖြစ်စေ ဤမျှလောက် ကံကောင်းသော ကျင့်ကြံသူ အပေါ် မည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ကြချေ။

သူတို့ အားလုံးသည် ထို တာအိုကျင့်ကြံသူ ဘယ်ကို သွားမည်နည်း ဟု တွေးတောကာ စူးစိုက် ကြည့်နေကြပါ၏။ ပုံရိပ်မည်းကြီး သည် သူ့ကို စောင့်ကြည့်နေကြောင်း သတိပြုမိသွားသောအခါ ပို၍ပင် မြန်ဆန်စွာ ပျံသန်းသွားတော့သည်။ သူ.. ဤကဲ့သို့ အသက်ရှင် ကျန်ရစ်ခဲ့ရခြင်းမှာ ဘိုးဘေးကြီး ပေးသနားခဲ့သော ရှင်သန်ခြင်း ဆေးလုံး ကြောင့်ပင် ဖြစ်၏။

အခန်း (၉၀၈) - ဖရိုဖရဲ ကာလတွင် ထွက်ပေါ်လာသော မိစ္ဆာ

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ၏ အံ့အားသင့်မှုများ ကြားတွင်ပင် ထိုသူက ရပ်တန့်ခြင်း သို့မဟုတ် အကူအညီ တောင်းခံခြင်း လုံးဝ မရှိဘဲ ဖြတ်သန်းသွားခဲ့၏။ သူသည် ရူးသွပ်သွားသည့်အလား တစ်ယောက်တည်း ရှေ့သို့သာ ဆက်လက် ပြေးလွှားနေတော့၏။ တစ်ချိန်တည်းမှာပင် သူ၏ ပါးစပ်မှ မီးခိုးများ အူထွက်နေပြီး အက်ကွဲ ရှတသော အသံကြီးဖြင့် အော်ဟစ်နေ၏။

“ကြောက်စရာ ကောင်းလိုက်တာ... ကြောက်စရာကြီးပါလား”

ထိုအခိုက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် သည် နင်ချီ ၏ ဘေးသို့ ရုတ်တရက် နေရာကူးပြောင်း ရောက်ရှိလာတော့သတည်း။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က နင်ချီအား ချီးကျူးစကား ဆိုလိုက်၏။

“ကောင်လေး... မင်း တကယ့်ကို အံ့မခန်း လုပ်ပြနိုင်ခဲ့တာပဲ... ဝိညာဉ်ကမ္ဘာကြီး နှစ်ခု ရဲ့ ကမ္ဘာ့ဆန္ဒတော်တွေတောင်မှ မင်းရဲ့ မိုးကြိုးကပ်ဘေးကြောင့် ဒီနေရာကနေ ထွက်သွားရတဲ့ အထိပဲ...”

နင်ချီ သည် သူ၏ ထက်ရှသော အရှိန်အဝါများကို အလျင်အမြန် ဖုံးကွယ်လိုက်ပြီး လက်ယှက်ကာ အရိုအသေ ပေးလိုက်သည် ။ ထို့နောက် သူက မေးမြန်းလိုက်သည်။

“ကမ္ဘာ့အရှင်သခင်... ဒီကောင်လေး ရဲ့ အခြေအနေမှာ ကြီးမားတဲ့ လျှို့ဝှက် အန္တရာယ် တစ်ခုခုများ ရှိနေနိုင်မလား...”

“ဒါဆို မင်းက တာအို ရဲ့ လျှို့ဝှက် အန္တရာယ် တွေကို သိနေတာပေါ့ ဟုတ်လား...”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က နောက်ပြောင်သော လေသံဖြင့် ဆိုလိုက်၏။ သို့သော်လည်း သူက သူ၏ ပုံရိပ်ယောင် ရင်ဘတ်ကို ပုတ်ကာ ဆက်ပြောလိုက်၏။

“စိတ်မပူပါနဲ့... ငါ ဒီမှာ ရှိနေသရွေ့ ဘယ်သူမှ မင်းကို တစ်ခုခု လုပ်ရဲမှာ မဟုတ်ဘူး...”

“ကျေးဇူး အများကြီး တင်ပါတယ် ကမ္ဘာ့အရှင်သခင်...”

နင်ချီ သည် မကြုံစဖူး ကြောက်မက်ဖွယ် ကောင်းကင်ကပ်ဘေး ကြီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး မည်သည့် ကမ္ဘာကိုမျှ ကိုယ်စားမပြုသော စည်းမျဉ်း ရုပ်ခန္ဓာကို ပိုင်ဆိုင်နိုင်ခဲ့သော်ငြား လုံးဝ သတိလက်လွတ် မဖြစ်ခဲ့ပါချေ။

ယခင်က ကပ်ဘေး ဖြတ်ကျော်နေစဉ် အတွင်း နင်ချီ သည် ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်များ ထံသို့ မိုးကြိုးကပ်ဘေး များ ကျရောက်သွားစေရန် တိတ်တဆိတ် တမင်တကာ ဖန်တီး လမ်းညွှန်ခဲ့ခြင်း ဖြစ်၏။ သူ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသကဲ့သို့ပင် ထို မိုးကြိုးကပ်ဘေး ၏ အသွင်ပြောင်းလဲမှု များမှာ အဆုံးအစမဲ့ စွမ်းအင်များကို ပိုင်ဆိုင်ထားပြီး သူ၏ အသိပညာ နှင့် စွမ်းရည်များ အားလုံးကို တစ်ပေါင်းတစ်စည်းတည်း ပေါင်းစပ်ထားသည့်အလား ရှိနေ၏။ ကောင်းကင်ကပ်ဘေး က အသုံးပြုခဲ့သော နတ်ဘုရား မှော်စွမ်းရည် အသီးသီးမှာ နင်ချီ ကိုယ်တိုင် အသုံးပြုသည်ထက်ပင် များစွာ ပိုမို အစွမ်းထက်နေပါသည်။

ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော် ပုံရိပ်ယောင်များ သည် ကပ်ဘေးကို ရင်ဆိုင်ရန် ဝင်ရောက်လာခဲ့ကြသဖြင့် အခြေခံအားဖြင့် နင်ချီ က သူတို့ကို တိုက်ခိုက်နေသည့်အလား ဖြစ်သွားခဲ့သော်ငြား သူတို့ နှစ်ဦးစလုံးမှာ ထို အခြေအနေကို အလွယ်တကူပင် ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ကြ၏။

နောက်ဆုံးတွင် သူတို့ ဆုတ်ခွာသွားခဲ့ရသည် ဆိုသော်ငြား ၎င်းမှာ သူတို့သည် ကိုယ်ပွား ပုံရိပ်ယောင် များသာ ဖြစ်ကြပြီး လက်ရှိ စစ်မြေပြင်နယ်မြေ အတွင်း၌ သဟဇာ ဖြစ်ခြင်း နယ်ပယ် အဆင့် ၏ အမြင့်ဆုံး စွမ်းအားကိုသာ ထုတ်လွှတ်နိုင်သောကြောင့် ပင်တည်း။ ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ သည် သူတို့၏ စွမ်းအား အများစုကို သူတို့၏ ကိုယ်ပိုင် ဝိညာဉ်ကမ္ဘာ နှင့် စစ်မြေပြင်နယ်မြေ တည်ငြိမ်မှု ရှိစေရန် အတွက်သာ အဓိက အသုံးပြုနေကြရခြင်း ဖြစ်ပေ၏။

ထို့ကြောင့် ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ ၏ စွမ်းအားမှာ သူ့ထက် အဆပေါင်းများစွာ သာလွန် ကြီးမားနေဆဲ ဖြစ်ကြောင်းကို နင်ချီ အသေအချာ ယုံကြည်ထား၏။ အပြီးသတ် အောင်ပွဲကို ရယူနိုင်ရန် အတွက် နင်ချီ သည် နောက်ဆုံး အခိုက်အတန့် သို့ မရောက်မချင်း သူ၏ အစွယ်များကို ဘယ်သောအခါမှ ထုတ်ဖော် ပြသမည် မဟုတ်ချေ။

နင်ချီ က ယခင်ကဲ့သို့ပင် နှိမ့်ချစွာ နေထိုင်နေသည်ကို မြင်တွေ့လိုက်ရသောအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ သဘာဝကျစွာပင် အလွန် ကျေနပ် အားရသွားတော့သည်။ တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး ဟူသော အဘိုးကြီး အဘွားကြီး နှစ်ဦး နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက နင်ချီ က သိသိသာသာ ပို၍ လိမ္မာ ယဉ်ကျေးပြီး ပျိုးထောင်ပေးရန် တန်ဖိုး ရှိလှပေ၏။ သို့သော်ငြား ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီး မှာ လက်ရှိ ဆင်နွှဲနေဆဲ ဖြစ်ရာ လောလောဆယ်တွင် သူ ဤနေရာမှ ထွက်ခွာ၍ မရနိုင်သေးချေ။

အပြန်အလှန် နှုတ်ခွန်းဆက် စကားများ ပြောဆိုပြီးနောက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် သည် ထွက်ပြေးသွားသော ပုံရိပ်မည်းကြီး ဆီသို့ လှမ်းကြည့်လိုက်ပြီး နင်ချီ အား မေးလိုက်၏။

“မင်းရဲ့ မိုးကြိုးကပ်ဘေး အောက်မှာ တာအို ကျင့်ကြံသူ တွေ အများကြီး သေဆုံးသွားခဲ့ပြီလေ... သူတို့ကို အမြစ်ပြတ် မရှင်းလင်းပစ်တော့ဘဲ ဒီတိုင်း လွှတ်ပေးလိုက်တော့မလို့လား...”

နင်ချီ သည် ထိုသူ၏ ကျောပြင်ကို တစ်ချက် လှမ်းကြည့်လိုက်ပါသည်။

“ကမ္ဘာ့အရှင်သခင်... ဒီလူ တကယ်ပဲ ရူးသွားတာလား... ဒါမှမဟုတ် ဟန်ဆောင် နေတာလား ဆိုတာကို မသိချင်ဘူးလား...”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ပြုံးလိုက်၏။

“မင်း အဲဒီလို ပြောလိုက်မှပဲ မင်း ဘာကို ဆိုလိုချင်လဲ ဆိုတာကို ငါ နားလည်သွားပြီ... ကြောင် နဲ့ ကြွက် ကစားတမ်း ကစားချင်နေတာပေါ့...”

“မဟုတ်ပါဘူး... ဒီလူ ဘယ်သူလဲ ဆိုတာကို ကျွန်တော် အကြမ်းဖျင်း ခန့်မှန်းမိပါတယ်... သူ အသက်ရှင် ကျန်ရစ်ခဲ့တာ ကတော့ ကျွန်တော် မျှော်လင့် မထားခဲ့တဲ့ ကိစ္စပါပဲ... အခု သူ အသက်ရှင် သွားပြီ ဆိုမှတော့ ကျွန်တော့် အပေါ် ထားတဲ့ သူ့ရဲ့ အမုန်းတရား တွေ တကယ်ပဲ ပျောက်ကွယ်သွားပြီလား ဆိုတာကို ကျွန်တော် သိချင်တယ်... အကယ်၍ မပျောက်သေးဘူး ဆိုရင်တော့... သူ့ကို ပိုပြီး မျှော်လင့်ချက် ကင်းမဲ့သွားအောင် ကျွန်တော် လုပ်ပစ်မယ်...”

နင်ချီ က တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်၏။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် နင်ချီ ကို တစ်ချက် စူးစိုက် ကြည့်လိုက်သည်။

“ဒီလူ ဘယ်သူလဲ ဆိုတာကို ငါတောင် မသိတာ... မင်းက ခန့်မှန်းမိနေတယ်ပေါ့...”

နင်ချီ က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။

“ဒါက ခုလေးတင် ကျော်ဖြတ်ခဲ့တဲ့ ကောင်းကင်ကပ်ဘေး ကနေ ကျွန်တော် ရလိုက်တဲ့ စွမ်းရည် လည်း ဖြစ်နိုင်ပါတယ်...”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည်လည်း ဤကိစ္စ နှင့် ပတ်သက်၍ အလွန်အမင်း သိချင် စပ်စုနေမိတော့သည်။ ယခုအခါ နင်ချီ ၏ အရှိန်အဝါ မှာ ဖမ်းဆုပ်၍ မရနိုင်လောက်အောင် လျှို့ဝှက် ဆန်းကြယ်နေပြီး နင်ချီ အမှန်တကယ် မည်မျှ အစွမ်းထက်နေပြီနည်း ဆိုသည်ကို သူ ကိုယ်တိုင်ပင် အတိအကျ မသိရှိနိုင်တော့ချေ။

တရုတ် ရိုးရာ မှင်ရေး ပန်းချီကား တစ်ချပ်အလား ယင် နှင့် ယန် အရောင်များ ရောယှက်နေပြီး တာအို ကြယ်ပေါင်း ၃၆၅ လုံး ၏ ပုံရိပ်ယောင် များဖြင့် အလှဆင်ထားသော နင်ချီ ၏ ခမ်းနား ကြီးကျယ်လှသည့် ဝတ်ရုံကြီးကို စိုက်ကြည့်ရင်း တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က မေးလိုက်၏။

“မင်း လှုံ့ဆော်ခဲ့တဲ့ ကောင်းကင်ကပ်ဘေး မှာ စည်းမျဉ်း သုံးရာ ပါဝင်နေတယ် ဆိုတာကို ငါ မှတ်မိပါတယ်... အခု မင်းရဲ့ ဝတ်ရုံ ပေါ်မှာ ကြယ် ပုံရိပ်ယောင် သုံးရာ့ ခြောက်ဆယ့်ငါး ခု ပေါ်နေပြီ ဆိုတော့... ကောင်းကင်ကပ်ဘေး ကို ကျော်ဖြတ်ပြီးတဲ့ နောက်မှာ မင်း နောက်ထပ် စည်းမျဉ်း ခြောက်ဆယ့်ငါး ခု ကိုပါ ထပ်ပြီး ကျွမ်းကျင် ပိုင်နိုင်သွားတာများလား...”

နင်ချီ က အနေရခက်စွာ ရယ်လိုက်၏။

“ကမ္ဘာ့အရှင်သခင် ကို ဘာမှ ဖုံးကွယ်ထားလို့ မရပါဘူးဗျာ... ဒီကောင်လေး က ကောင်းကင်ကပ်ဘေး ထဲကနေ တကယ်ပဲ အများကြီး သင်ယူနိုင်ခဲ့ပါတယ်...”

သူသည် မိုးကြိုးကပ်ဘေး အတွင်းသို့ အဖိုးတန် ရတနာ အမြောက်အမြားကို ပစ်သွင်းခဲ့၏။ ကောင်းကင်ကပ်ဘေး ၏ သန့်စင် ဆေးကြောမှု များကို ခံယူပြီးနောက် ၎င်းအတွင်း၌ တာအိုကို အဆက်မပြတ် လေ့လာ နားလည်အောင် ကြိုးပမ်းခဲ့ရာ နောက်ထပ် တာအို စည်းမျဉ်း ခြောက်ဆယ့်ငါး ခုကို အမှန်တကယ်ပင် ထပ်မံ ကျွမ်းကျင် ပိုင်နိုင်သွားခဲ့ခြင်း ဖြစ်ပေ၏။

“အံ့မခန်းပါပဲကွာ...”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က နောက်တစ်ကြိမ် ထပ်မံ ချီးကျူးလိုက်ပြန်ပါသည်။

“ကမ္ဘာ့အရှင်သခင် က အရမ်း မြှောက်ပြောလွန်းနေပါပြီ... ဒီလူ ဘယ်ကို သွားမလဲ ဆိုတာကို လိုက်ကြည့်ရအောင်ဗျာ...”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူတို့ နှစ်ဦးစလုံး သည် လေထဲသို့ ပျံတက်သွားကြပြီး ပုံရိပ်မည်းကြီး ၏ အနောက် ခပ်လှမ်းလှမ်း နေရာမှ တိတ်ဆိတ်စွာ လိုက်ပါသွားကြတော့သည်။

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကမူ ထိုသူသည် သူ့ထံမှ အကူအညီ တောင်းခံခြင်း မရှိဘဲ အရူး တစ်ယောက်အလား ပြုမူနေသည်ကို မြင်လိုက်ရသောအခါ ရိုးရှင်းစွာပင် လျစ်လျူရှု ထားလိုက်၏။

တစ်ဖက်လူ သည် သူ၏ ကျယ်ပြန့်သော ကမ္ဘာ မှ တာအိုကျင့်ကြံသူ လား သို့မဟုတ် တောင်နှင့် ပင်လယ် ကမ္ဘာ မှ တာအိုကျင့်ကြံသူ လား ဆိုသည်ကို သူ အတိအကျ မခွဲခြားနိုင်ခဲ့ချေ။ ယခုအခါ ဆရာ ဖြစ်သူ သူတော်စင် ဘိုးဘေးကြီး ထံမှ နောက်ထပ် ဆင့်ခေါ်မှု တစ်ခုကို လက်ခံ ရရှိထားပြီ ဖြစ်ရာ အရင်ဆုံး သွားရောက် သတင်းပို့ရမည်သာ ဖြစ်၏။

ပုံရိပ်မည်းကြီး သည် ဒယိမ်းဒယိုင်ဖြင့် ရှေ့သို့ ဆက်လက် ပျံသန်းနေသည် ။ သူ သတိ ပြန်လည် လာပြီးနောက် တွင် သူ၏ ကိုယ်ပိုင် အခြေအနေကို အပြည့်အဝ နားလည် သဘောပေါက်သွားခဲ့လေပြီ။ သူ၏ လူမဆန်သော... တစ္ဆေ သရဲ တစ်ကောင်အလား အကျည်းတန်လှသည့် အသွင်အပြင် က သူ့ကို ပြင်းထန်လှသော အမုန်းတရား များဖြင့် ပြည့်နှက်သွားစေခဲ့၏။

ပို၍ မုန်းတီး နာကြည်းစရာ ကောင်းသည်မှာ သူ တစ်ယောက်တည်း သာလျှင် အသက်ရှင် ကျန်ရစ်လိမ့်မည်ဟု ဘယ်သောအခါမှ ထင်မှတ် မထားခဲ့ခြင်း ပင်တည်း။ ပုံရိပ်မည်းကြီး သည် သတိ ပြန်လည် လာသည့် အခိုက်အတန့် မှစ၍ သူသည် နင်ချီ အပေါ် မည်သည့်အရာကိုမျှ မလုပ်နိုင်တော့ကြောင်း ကောင်းကောင်းကြီး သိရှိသွားခဲ့၏။

သို့သော် သူ၏ ဒေါသ များကိုတော့ မဖြစ်မနေ ဖွင့်ထုတ် ပေါက်ကွဲပစ်ရမည်သာ ဖြစ်တော့၏။

သူသည် ယခင်က အလွန်တရာ အောင်မြင် ကျော်ကြားခဲ့သူ တစ်ဦး ဖြစ်ခဲ့သော်ငြား ယခုအခါတွင်မူ သူ့ထံ၌ ဘာတစ်ခုမျှ မကျန်ရှိတော့ချေ။ ထို့ကြောင့် သူ သေရမည် ဆိုလျှင်တောင် လူတစ်စုကိုတော့ သူနှင့်အတူ သေမင်းနိုင်ငံ သို့ ဆွဲခေါ်သွားချင်နေမိသည်။

ထို့ကြောင့် ပုံရိပ်မည်းကြီး သည် ရူးသွပ်ဟန် ဆောင်နေခြင်း ဖြစ်သလို ခံစားချက် များ၏ တွန်းအားကြောင့် အမှန်တကယ်ပင် ရူးသွပ်နေခြင်း လည်း ဖြစ်ပေ၏။

ကံကောင်း ထောက်မစွာဖြင့် နင်ချီ ၏ ကောင်းကင်ကပ်ဘေး မှ အသက်ရှင် ကျန်ရစ်ခဲ့သော တစ်ဦးတည်းသော သူ ဖြစ်သည့် အားလျော်စွာ ၎င်း၏ အကျိုးကျေးဇူး အချို့ကိုလည်း သူ ရရှိခဲ့၏။ နည်းလမ်း တစ်ခုမှာ သူ၏ စွမ်းရည် အမှတ်အသား များ အားလုံးကို ဖျက်ဆီးပစ်နိုင်ခြင်း ဖြစ်ပြီး ၎င်းက လူတိုင်းကို ယာယီ ထုံထိုင်း ဇဝေဇဝါ ဖြစ်သွားစေနိုင်၏။

ယခုအချိန် အထိတော့ ရလဒ်များမှာ အလွန် ကောင်းမွန်နေသည်... နင်ချီ ရော ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ကမ္ဘာ့ဆန္ဒတော်များ ပါ သူ့ကို မမှတ်မိနိုင်ကြချေ။ အခြား အကျိုးကျေးဇူး တစ်ခုမှာ သူ၏ ကိုယ်ပိုင် စွမ်းအားမှာ သုံးပုံတစ်ပုံခန့် တိုးတက်လာကြောင်းကို သူ ကိုယ်တိုင် ခံစား သိရှိနေရခြင်း ပင်တည်း။

ပုံရိပ်မည်းကြီး သည် တိုးတိတ်စွာ သက်ပြင်း တစ်ချက် ချလိုက်၏။ အကယ်၍သာ သူသည် နင်ချီ ကို မဆန့်ကျင်မီက ဤ အကျိုးကျေးဇူး များကို ရရှိခဲ့မည် ဆိုပါက ဤကဲ့သို့သော အခြေအနေဆိုး မျိုးသို့ ရောက်ရှိလာမည် မဟုတ်ချေ။

ပုံရိပ်မည်းကြီး သည် စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို တိတ်ဆိတ်စွာ အာရုံ ဖြန့်ကျက် စစ်ဆေးလိုက်သည် ။ သူ၏ ဝိညာဉ် အာရုံခံနိုင်စွမ်း မှာလည်း ယခင်ကထက် များစွာ ကျယ်ပြန့်နေခဲ့ပြီ ဖြစ်၏။ သတင်းဆိုး ကတော့ သူ့နောက်သို့ လိုက်ပါလာဟန် ရှိသော နင်ချီ နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် တို့ကို သူ လှမ်းမြင်လိုက်ရခြင်းပင် ဖြစ်တော့သည်။

သို့သော် ယခုအချိန်တွင် ထိုကိစ္စကို သူ ဂရုမစိုက်နိုင်တော့ချေ။

မကြာမီမှာပင် ပုံရိပ်မည်းကြီး သည် သူ လက်စားချေရမည့် ပစ်မှတ်ကို နောက်ဆုံး၌ ရှာတွေ့သွားခဲ့လေပြီ။

ထို ပစ်မှတ်များမှာ အရှေ့ဘက် ဒေသ တွင် ရှိနေပြီး တာအို ကျင့်ကြံသူ တစ်ယောက်မျှ မပါဝင်သော ပေါင်းစည်းခြင်း နယ်ပယ် စစ်တပ်ကြီး နှစ်ခု ဖြစ်၏။ နင်ချီ ကပ်ဘေး ဖြတ်ကျော်နေစဉ် မတိုင်မီ နှင့် ပြီးနောက် တွင် စစ်မြေပြင်နယ်မြေ တစ်ခုလုံးမှာ ယာယီ အပစ်အခတ် ရပ်စဲရေး အခြေအနေ တစ်ခုသို့ ဝင်ရောက်သွားခဲ့၏။

ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများ ဦးဆောင်သော ထို စစ်တပ်ကြီး နှစ်ခုမှာ သဘာဝကျစွာပင် ဓားဘိုးဘေးကြီး ၏ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ် နှင့် ချီခယ်ချင်း ၏ ဖူယောင် နယ်မြေ စစ်တပ် တို့ပင် ဖြစ်တော့သည်။

ပုံရိပ်မည်းကြီး သည် နင်ချီ ကို အပြင်သို့ ထွက်လာစေရန် ဖိအားပေးလိုသော ရည်ရွယ်ချက်ဖြင့် သူတို့ကို ပြဿနာ ရှာရန် အတွက် စစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။ သို့သော် လမ်းခုလတ်တွင် လန်ချင်းအောက် ၏ တားဆီးခြင်းကို ခံလိုက်ရသဖြင့် ယာယီ လက်လျှော့ လိုက်ရခြင်းပင်။

သို့သော် ယခုအခါတွင်မူ သူတို့ကို သေမင်းနိုင်ငံ ဆီသို့ သူနှင့်အတူ မဖြစ်မနေ ဆွဲခေါ်သွားရမည်သာ။

ပုံရိပ်မည်းကြီး ၏ တစ်ကိုယ်လုံးမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ် တစ်ခုလုံး မည်းနက် ကျွမ်းလောင်နေကာ အက်ကွဲကြောင်းများ ကြားမှ အနီရင့်ရောင် ခြောက်သွေ့နေသော အသားစများကို မြင်တွေ့နေရ၏။ သူသည် တာအို စည်းမျဉ်းများ နှင့် ဖွဲ့စည်းထားသော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသော်ငြား မူလ အခြေအနေ သို့ ပြန်လည် ရောက်ရှိနိုင်စွမ်း မရှိတော့ချေ။ ဤအချက်ကပင် နင်ချီ ၏ ကောင်းကင်ကပ်ဘေး မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ရှင်းလင်းစွာ ပြသနေပေ၏။

ပုံရိပ်မည်းကြီး သည် ယိမ်းယိုင်ကာ ရှေ့သို့ ဆက်လက် ပျံသန်းသွားရင်း အဓိပ္ပာယ် မဲ့သော စကားများကို ရေရွတ်နေသည်။

“ဖရိုဖရဲ ကာလ တွေမှာ မိစ္ဆာ တွေ ထွက်ပေါ်လာတတ်တယ်... ဖရိုဖရဲ ကာလ တွေမှာ မိစ္ဆာ တွေ ထွက်ပေါ်လာတတ်တယ်...”

အခန်း (၉၀၉) - ဖရိုဖရဲ ကာလတွင် ထွက်ပေါ်လာသော မိစ္ဆာ

အရှေ့ဘက် မြေပြင်ပေါ်၌... ဓားဘိုးဘေးကြီး၊ ချီခယ်ချင်း နှင့် အခြားသူများ သည်လည်း နင်ချီ ရှိရာ အရပ်ဆီသို့ အဆက်မပြတ် စိုက်ကြည့်နေကြ၏။ ကောင်းကင်ကပ်ဘေး စတင် ပေါ်ထွက်လာစဉ်က သူတို့သည် နင်ချီ အပေါ် အလွန်တရာ ကြီးမားသော ယုံကြည်မှု ရှိခဲ့ကြ၏။

သာမန် တာအို ကပ်ဘေး လောက်ကတော့ နင်ချီ ကဲ့သို့သော လူမျိုးကို တားဆီးနိုင်ရန် ခဲယဉ်းလှသည် မဟုတ်ပါလော။

သို့သော် နောက်ပိုင်း နဝမမြောက် ကပ်ဘေး သို့ ရောက်ရှိလာသောအခါ အဝေးဆီမှ တာအို ကျင့်ကြံသူများ ၏ မှတ်ချက်ပြု စကားသံများကို ကြားလိုက်ရပြီး သူတို့၏ ကျောရိုးထဲသို့ စိမ့်ခနဲ အေးစက်သွားစေခဲ့၏။

ကပ်ဘေး ဆယ်ခု... ထို့နောက် ကပ်ဘေး နှစ်ဆယ်ကျော် သွားသော အခါတွင်မူ သူတို့၏ နှလုံးသား ထဲ၌ ဆုတောင်းပေးခြင်း မှလွဲ၍ အခြား ဘာတစ်ခုမျှ မရှိတော့ချေ။

နင်ချီ သည် ကပ်ဘေး သုံးဆယ့်ခြောက်ခု လုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး တိမ်တိုက်များနှင့် မိုးကြိုးများ လွင့်စင် ပျောက်ကွယ်သွားကာ နင်ချီ ပြန်လည် ပေါ်ထွက်လာချိန် မှသာ သူတို့ အပြည့်အဝ စိတ်အေးသွားနိုင်ကြတော့၏။

ဓားဘိုးဘေးကြီး ၏ အိုမင်းနေသော မျက်နှာပေါ်တွင် ဝမ်းသာ ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး သူ၏ ဓားသွားအလား ထက်ရှသော မျက်ဝန်းများမှာလည်း တလက်လက် တောက်ပနေလေသည်။

ပြီးခဲ့သော နှစ်များ တစ်လျှောက်လုံး အကန့်အသတ်မဲ့ ဓားဂိုဏ်း ၏ သမိုင်းကြောင်းကို ပြန်လည် တွေးတောကြည့်မည် ဆိုလျှင် သူ တာဝန် ယူပြီးနောက်ပိုင်း လုံးဝ ကျဆင်းလုနီးပါး ဖြစ်ခဲ့ရသော်ငြား ယခုအခါ ဖုန်မှုန့်များကို ဖယ်ရှားပစ်နိုင်ခဲ့ပြီး ၎င်း၏ ဂုဏ်ကျက်သရေ များကို နောက်ဆုံး၌ ပြန်လည် ရယူနိုင်ခဲ့လေပြီ။ အကန့်အသတ်မဲ့ ဓားဂိုဏ်း သည် နောက်ဆုံးတွင် တကယ့်ကို ထိုက်တန်သော ခေါင်းဆောင် ဂိုဏ်းချုပ်ကြီး တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ပင်တည်း။

ချီခယ်ချင်း နှင့် ဖူယောင် နယ်မြေ မှ အခြားသော ကျင့်ကြံသူများ အနေဖြင့်မူ သဘာဝကျစွာပင် နင်ချီ အတွက် အောင်ပွဲခံ အော်ဟစ်နေကြပါသည် ။ နင်ချီ ဘေးကင်း လုံခြုံစွာ အဆင့်တက်လှမ်း သွားနိုင်ခဲ့သည်ကို မြင်တွေ့ရခြင်းက သူတို့ ကိုယ်ပိုင် ဂိုဏ်းချုပ် အဆင့် တက်လှမ်းသွားသည်ကို မြင်ရသည်ထက်ပင် ပို၍ စိတ်လှုပ်ရှား ဝမ်းသာစရာ ကောင်းနေခဲ့၏။

ရုတ်တရက် ကောင်းကင်ယံ ၌ ပုံရိပ်မည်းကြီး တစ်ခု ပေါ်ထွက်လာပြီး သူတို့ ရှိရာဆီသို့ ယိမ်းထိုးကာဖြင့် ပျံသန်းလာ၏။ ဓားဘိုးဘေးကြီး နှင့် ချီခယ်ချင်း တို့သည် ဘာလုပ်ရမည်မှန်း မသိဘဲ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြ၏။ သို့သော် ထိုသူ၏ အနောက်မှ နင်ချီ လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရသောအခါ ဓားဘိုးဘေးကြီး နှင့် ချီခယ်ချင်း တို့မှာ စိတ်သက်သာရာ ရသွားကြတော့သည်။

ထို မည်းနက် ကျွမ်းလောင်နေသော ပုံရိပ်ကြီးမှာ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦး ဖြစ်နေလျှင်တောင် ဘာဖြစ်သနည်း။

နင်ချီ သည် ပုံရိပ်မည်းကြီး ၏ အနောက်မှ လိုက်ပါလာရင်း ၎င်းမှာ ဓားဘိုးဘေးကြီး နှင့် အခြားသူများ ရှိရာဆီသို့ ပျံသန်းသွားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ ချက်ချင်းပင် ထက်ရှ စူးရှသွားတော့၏။

“ဒါ တကယ်ပဲ ခင်ဗျား ကိုး... ခင်ဗျား က သေလုနီးပါး ဖြစ်နေတာတောင် မကောင်းတဲ့ ရည်ရွယ်ချက် တွေကို မစွန့်လွှတ်သေးဘူးပဲ...”

ပုံရိပ်မည်းကြီး သည် တိုက်ခိုက်ရန် အကွာအဝေး သို့ ရောက်ရှိသည် အထိ ဓားဘိုးဘေးကြီး နှင့် အခြားသူများ အနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။ သူ၏ ရူးသွပ်နေသော ဟန်ဆောင်မှု များ ကြားမှ လူသတ်လိုသော ရည်ရွယ်ချက် တစ်ခုက ရုတ်တရက် လျှပ်တစ်ပြက် ထွက်ပေါ်လာတော့၏။

သူ၏ မည်းနက် ကျွမ်းလောင်နေသော ခန္ဓာကိုယ်ကြီး သည် ဓားဘိုးဘေးကြီး နှင့် အခြားသူများ ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည် ။ တစ်ချိန်တည်းမှာပင် အံ့အားသင့်ဖွယ် ကောင်းလှစွာ သူ၏ ခန္ဓာကိုယ် ထဲမှ လျှပ်စီးတန်း များစွာ ပစ်ထွက်လာ၏။ ထို လျှပ်စီးတန်းများ အားလုံးမှာ နင်ချီ ကပ်ဘေး ဖြတ်ကျော်စဉ် က ကြုံတွေ့ခဲ့ရသော မိုးကြိုးကပ်ဘေး များနှင့် အတိအကျ တူညီနေ၏။

ဤသည်ကို မြင်လိုက်ရသောအခါ နင်ချီ ၏ မျက်ဝန်းများ တလက်လက် တောက်ပသွားပြီး တိုက်ခိုက်ရန် ရွယ်ထားသော သူ၏ လက်ကို အမှန်တကယ်ပင် အောက်သို့ ပြန်ချလိုက်၏။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ် ကြေညာလိုက်တော့၏။

“ဘာလို့ အခုထိ ကပ်ဘေး ဖြတ်ကျော်ဖို့ မလုပ်ကြသေးတာလဲ... ဘယ်တော့ လုပ်ကြမှာလဲ...”

ထိုစကားကို ကြားလိုက်ရသောအခါ ဓားဘိုးဘေးကြီး နှင့် အခြားသူများမှာ ချက်ချင်းပင် နားလည် သဘောပေါက်သွားကြသည်။ ကပ်ဘေး ဖြတ်ကျော်ရန် သင့်လျော်သော အခွင့်အရေး တစ်ခုကို ရှာဖွေရမည် ဖြစ်ကြောင်း နင်ချီ က သူတို့ကို ယခင်က ကြိုတင် ပြောပြထားခဲ့ပြီး ဖြစ်ပါ၏။

ဤ ပုံရိပ်မည်းကြီး တဟုန်ထိုး ပြေးဝင်လာသည့် အခိုက်အတန့် သည် သူတို့ အတွက် ကပ်ဘေး ဖြတ်ကျော်ရန် ပြီးပြည့်စုံသော အခွင့်အရေးကြီး တစ်ခုကို ဖန်တီး ပေးလိုက်ခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားလှသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားဘိုးဘေးကြီး၊ ချီခယ်ချင်း နှင့် ပေါင်းစည်းခြင်း နယ်ပယ် ၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေကြသော နယ်မြေ နှစ်ခု၏ စစ်တပ်များ အတွင်းရှိ ကျင့်ကြံသူ အားလုံး သည် ကောင်းကင်ယံ သို့ တစ်ပြိုင်နက်တည်း ပျံတက်သွားကြတော့၏။

သူတို့သည် သူတို့၏ ကျင့်ကြံခြင်း စွမ်းအားများကို အချိန် အတော်ကြာအောင် ဖိနှိပ် ချုပ်တည်းထားခဲ့ကြသော်ငြား ယခုအခါတွင်မူ ဆက်လက် ဖိနှိပ်မထားကြတော့ချေ။

ပုံရိပ်မည်းကြီး သည် လူအုပ်ကြီး ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားကြသည်ကို မြင်လိုက်ရသောအခါ အကြီးအကျယ် အံ့အားသင့်သွားရ၏။

ရုတ်တရက် လူတိုင်း၏ ပတ်လည်တွင် တိမ်တိုက်လွှာများ ပေါ်ထွက်လာပြီး ကောင်းကင်ယံ ၌ မရေမတွက်နိုင်သော တိမ်မည်းကြီးများ စုရုံးလာကြရာ ယခင်က နင်ချီ ပြုလုပ်ခဲ့သည် နှင့် တစ်ထေရာတည်း တူညီနေတော့၏။ ပုံရိပ်မည်းကြီး ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး သူ၏ မျက်လုံးများ ထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်ခု ပေါ်ထွက်လာ၏။ ထို့ကြောင့် သူသည် အလိုအလျောက် နောက်သို့ ဆုတ်သွားမိပြီး ရှေ့သို့ တစ်လှမ်းမျှ ဆက်မတိုးရဲတော့ချေ။

သို့သော် နောက်တစ်စက္ကန့် တွင်မူ သူ၏ ကိုယ်ပိုင် စိတ်အခြေအနေ ကို ပြန်လည် သတိပြုမိသွားပြီး အလွန်အမင်း အပြစ်ရှိသလို ခံစားလိုက်ရတော့၏။

“ဒုတိယ ညီလေး... တတိယ ညီလေး... မင်းတို့ နှစ်ယောက်လုံး သေသွားကြပြီ... ငါ တစ်ယောက်တည်း အသက်ရှင် နေရတာ ဘာကို ကြောက်စရာ လိုသေးလို့လဲ...”

“နင်ချီ က မင်းတို့ အားလုံးကို သတ်ခဲ့တယ်... ငါတို့ နယ်မြေ သုံးခု က ကျင့်ကြံသူတွေ အားလုံးကို မျိုးတုံး သတ်ဖြတ်ခဲ့တယ်... ငါ့မှာ ဘာ ထွက်ပေါက်မှ မရှိတော့ဘူး...”

ဤသို့ တွေးတောလိုက်ပြီးနောက် ပုံရိပ်မည်းကြီး သည် ဓားဘိုးဘေးကြီး နှင့် အခြားသူများ ရှိရာဆီသို့ နောက်တစ်ကြိမ် တဟုန်ထိုး ပြေးဝင်သွားပြန်၏။

သူ၏ မည်းနက် ကျွမ်းလောင်နေသော ခန္ဓာကိုယ် အတွင်း၌ လျှပ်စီးများ တလက်လက် တောက်ပနေပြီး ကမ္ဘာလောက တစ်ခုလုံးကို ထူးခြားသော သွေးဆာနေသည့် အရောင်အသွေး တစ်ခုဖြင့် မျက်စိတစ်မှိတ် အတွင်း လွှမ်းခြုံသွားစေတော့သည်။

မည်းနက် ကျွမ်းလောင်နေသော ပုံရိပ်ကြီးသည် ဓားဘိုးဘေးကြီးနှင့် သူ၏ အဖွဲ့ထံသို့ တဟုန်ထိုး ပြေးဝင်လာပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေ၏။

ထို ပုံရိပ်မည်းကြီးမှာ အခြားသူ မဟုတ်ဘဲ အံ့ဩဖွယ်ကောင်းလောက်အောင် အသက်ရှင် ကျန်ရစ်ခဲ့သော ဖန်ချန် ပင် ဖြစ်၏။

ယခုအခါ ဖန်ချန်၏ နှလုံးသားမှာ အပိုင်းပိုင်းအစစ ကွဲအက်နေပြီး ထွက်ပေါက် လုံးဝ မရှိတော့ဟု ခံစားနေရတော့သည်။ သူ၏ ခေါင်းထဲသို့ နောက်ဆုံး ဝင်ရောက်လာသော အတွေးမှာ ဓားဘိုးဘေးကြီးနှင့် သူ၏ လူများကို သတ်ဖြတ်ရန် ဖြစ်ပြီး ထိုသို့မှသာ နင်ချီ တစ်ယောက် အထီးကျန်ခြင်း၏ နာကျင်မှုကို ခံစားရမည် ဖြစ်၏။

သို့သော် ဖန်ချန် မသိခဲ့သည့် အချက်မှာ နင်ချီက သူ့ကို မှတ်မိနေပြီး ဖြစ်ကြောင်း ပင်တည်း။ ထို့အပြင် နင်ချီသည် ဖန်ချန်၏ ခန္ဓာကိုယ်ထဲတွင် သူ၏ ကောင်းကင်ကပ်ဘေးမှ ကျန်ရစ်နေသော မိုးကြိုး အကြွင်းအကျန်များ ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားရ၏။ ဤ ကျန်ရစ်နေသော မိုးကြိုးများမှာ အဖိုးတန် ရတနာကြီး တစ်ခုပင် ဖြစ်တော့သည်။

နင်ချီ ကိုယ်တိုင်က ကောင်းကင်ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်ငြား သူ၏ ရင်ထဲတွင် ဓားဘိုးဘေးကြီးနှင့် အခြားသူများအတွက် နေရာတစ်နေရာ အမြဲတမ်း ရှိနေဆဲပင်။ ဓားဘိုးဘေးကြီးနှင့် အခြားသော ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့် ကျင့်ကြံသူများသည် တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ မွေးဖွားလာခဲ့ကြသူများ ဖြစ်၏။

အကယ်၍ သူတို့သာ ကပ်ဘေး ဖြတ်ကျော်မည် ဆိုပါက ထို ကပ်ဘေးများသည် တောင်နှင့် ပင်လယ် ကမ္ဘာ၏ စည်းမျဉ်းများဖြင့်သာ ဖွဲ့စည်းထားလေမည်။ အကယ်၍ သူတို့သာ ဤကပ်ဘေးများကို အမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့မည် ဆိုလျှင် သူတို့သည် တောင်နှင့် ပင်လယ် ကမ္ဘာ၏ အစောင့်အရှောက်များ အဖြစ်သို့ ပြောင်းလဲသွားမည် မဟုတ်ပါလော။

All Chapters