အခန်း (၉၁၀-၉၁၁+၉၁၂)
Vol. 61 Ch. 910-911+912
အခန်း (၉၁၀) - အံ့မခန်း ပြောင်းပြန်လှန်မှု
အကယ်၍ ထိုသို့ ဖြစ်ပြီးနောက်မှသာ သူနှင့် တောင်နှင့် ပင်လယ် ကမ္ဘာတို့ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့မည် ဆိုပါက ဓားဘိုးဘေးကြီးတို့နှင့် သူ၏ ဆက်ဆံရေးမှာ အလွန်တရာ ကိုင်တွယ်ရ ခက်ခဲသွားမည်သာ ဖြစ်၏။ တောင်နှင့် ပင်လယ် ကမ္ဘာနှင့် နင်ချီတို့ အကြား ဗဟိုပြုနေရပါက သူတို့ မည်သူ့ စကားကို နားထောင်ရမည်နည်း။ ထို့ကြောင့် နင်ချီ သည် သူတို့ ကပ်ဘေး ဖြတ်ကျော်ရန် သင့်လျော်သော အချိန်ကောင်း တစ်ခုကို အမြဲတမ်း ရှာဖွေနေခဲ့ခြင်း ဖြစ်၏။ ကပ်ဘေး ဖြတ်ကျော်ရန် အခွင့်အရေးကောင်း တစ်ခု ရှာဖွေရုံဖြင့် မလုံလောက်ဘဲ ဓားဘိုးဘေးကြီးနှင့် အခြားသူများ တောင်နှင့် ပင်လယ် ကမ္ဘာ၏ ထိန်းချုပ်မှုအောက်မှ လုံးလုံးလျားလျား လွတ်ကင်းသွားစေရန်ပါ နင်ချီ သေချာအောင် ပြုလုပ်ရမည် ဖြစ်၏။
ဖန်ချန်၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်ကပ်ဘေး အကြွင်းအကျန်များကို မြင်လိုက်ရသောအခါ နင်ချီ၏ ခေါင်းထဲ၌ အကြံဉာဏ် တစ်ခု ချက်ချင်း ထွက်ပေါ်လာတော့သည်။ ဤ ကျန်ရစ်နေသော မိုးကြိုးများကို ဓာတ်ကူပစ္စည်း တစ်ခုအဖြစ် အသုံးပြုကာ ဓားဘိုးဘေးကြီးနှင့် အခြားသူများ၏ ကောင်းကင် ကပ်ဘေးကို ပြောင်းလဲပစ်နိုင်ပြီး သူ ကိုယ်တိုင် ကပ်ဘေး ဖြတ်ကျော်စဉ်ကကဲ့သို့ ဒုက္ခခံစရာ မလိုတော့ချေ။ နင်ချီ ၏ ရင်တွင်း၌ ပြင်းထန်လှသော ယုံကြည်မှုများ အပြည့်အဝ ကိန်းအောင်းနေ၏။ ယခုအခါ ပြောင်းလဲသွားသော ကပ်ဘေး မိုးကြိုးများကို သူ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိလာကောင်း ရှိလာနိုင်၏။
ကောင်းကင်ယံ အထက်တွင်..
ဓားဘိုးဘေးကြီး၊ ချီခယ်ချင်းနှင့် အခြားသူများသည် သူတို့၏ ကျင့်ကြံခြင်း နယ်ပယ်ကို ဆက်လက် ဖိနှိပ်မထားတော့ဘဲ သူတို့၏ ကိုယ်တွင်းရှိ စည်းမျဉ်း အမျိုးမျိုးမှာ နဖူးပြင်ဆီသို့ တစ်ဟုန်ထိုး တက်လာကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ကမ္ဘာလောက၏ အပြောင်းအလဲများကို ဖြစ်ပေါ်သွားစေတော့သည်။ သူတို့၏ အထက် ကောင်းကင်ယံ၌ တောင်နှင့် ပင်လယ် ကမ္ဘာ၏ မရေမတွက်နိုင်သော စည်းမျဉ်းများ စုရုံးလာပြီး လေထုထဲ၌ တိမ်မည်းကြီးများ အထပ်ထပ် ဖြစ်တည်လာ၏။ တိမ်မည်းကြီးများမှာ ယခုမှ စတင် စုရုံးလာခြင်း ဖြစ်သော်ငြား ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် မိုးကြိုးသံများက တဂျိမ်းဂျိမ်း မြည်ဟည်းနေတော့သည်။
အဆုံးအစမဲ့သော လျှပ်စီးတန်းများက တိမ်မည်းကြီးများကို ထိုးဖောက် ထွက်ပေါ်လာပြီး အောက်ဘက်ရှိ လူတိုင်း၏ မျက်နှာများကို တစ်ခါတစ်ရံ လင်းထိန်သွားစေ၏။ ဓားဘိုးဘေးကြီးနှင့် အခြားသူများ ကပ်ဘေး ဖြတ်ကျော်နေသည်ကို မြင်လိုက်ရသောအခါ အောက်ဘက်ရှိ များပြားလှသော ကျင့်ကြံသူ အားလုံးမှာ အဝေးဆီသို့ အလျင်အမြန် ထွက်ပြေးသွားကြတော့သည်။
“ဒီလူတွေ အကုန်လုံး ရူးများ သွားကြပြီလား... တစ်ပြိုင်နက်တည်း အစုလိုက်အပြုံလိုက် ကပ်ဘေး ဖြတ်ကျော်ဖို့ ရွေးချယ်လိုက်ကြတာလား...”
သာမန် ကျင့်ကြံသူများသည် တာအို ကပ်ဘေးကို ကျော်ဖြတ်ရန် လိုအပ်လာပါက အတွေ့အကြုံရှိသူများသည် အခြားသူများကို ထိခိုက်မှု မရှိစေရန် လူသူကင်းမဲ့သော နေရာများကိုသာ ရွေးချယ်လေ့ ရှိကြ၏။ သို့သော် ယခုမူ လူ ဒါဇင်ပေါင်းများစွာသည် ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားကြပြီး ဤနေရာ၌ အတူတကွ ကပ်ဘေး ဖြတ်ကျော်ရန် ရည်ရွယ်နေကြ၏။ ဤသို့ အစုလိုက်အပြုံလိုက် ပြုလုပ်ခြင်းက ဆွဲဆောင်လာမည့် ကောင်းကင်ကပ်ဘေးမှာ တစ်ကိုယ်တော် ကပ်ဘေး ဖြတ်ကျော်သည်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်မည် ဆိုသည်ကို သူတို့ မသိကြဘူးလော။
ဓားဘိုးဘေးကြီးနှင့် အခြားသူများသည်လည်း ဤကိစ္စကို အပြည့်အဝ နားလည် သေချာနေခြင်း မရှိကြသော်ငြား နင်ချီ၏ အသံလွှင့် သတင်းစကားကို ကြားလိုက်ရသောအခါ သူ့ကို လုံးလုံးလျားလျား ယုံကြည်ရန် သဘာဝကျကျ ရွေးချယ်လိုက်ကြခြင်း ပင်တည်း။ နင်ချီက သူတို့ကို ယခုအချိန်တွင် ကပ်ဘေး ဖြတ်ကျော်ရန် ညွှန်ကြားလာပြီ ဆိုမှတော့ သူ သေချာပေါက် ယုံကြည်မှု ရှိနေ၍သာ ဖြစ်ရမည်။ ဤ အခိုက်အတန့်တွင် သူတို့ ကပ်ဘေး ဖြတ်ကျော်နေစဉ် အတွင်း၌ပင် သူတို့ဆီသို့ ပျံသန်းလာသော မည်းနက် ကျွမ်းလောင်နေသည့် ပုံရိပ်ကြီးကို ဒေါသတကြီး စိုက်ကြည့်ရန် မမေ့လျော့ခဲ့ကြချေ။
တစ်ဖက်လူ၏ အစွမ်းထက်လှသော ကျင့်ကြံခြင်းနှင့် အရှိန်အဝါများမှာ အခြားသူများထက် များစွာ သာလွန်နေပြီး သူ့ထံမှ ဖြာထွက်နေသော လူသတ်လိုသည့် ရည်ရွယ်ချက်များမှာ လက်ဖြင့်ပင် ဆုပ်ကိုင်၍ ရနိုင်မတတ် ပြင်းထန်လွန်းလှ၏။ ပြောနေစရာပင် မလိုတော့ဘဲ ဤ ကံဆိုးမိုးမှောင်ကျနေသူမှာ ခုလေးတင် နင်ချီ၏ နောက်သို့ လိုက်ပါသွားပြီး ကံကောင်းထောက်မစွာ အသက်ရှင် ကျန်ရစ်ခဲ့သူ တစ်ဦး ဖြစ်ရမည်မှာ သေချာလှသည်။
ထို့နောက် နင်ချီ ကပ်ဘေး ဖြတ်ကျော်ပြီးသွားသော အခါတွင် နင်ချီကို မသတ်နိုင်တော့ကြောင်း သိသွားသဖြင့် သူတို့ကို အစားထိုး သတ်ဖြတ်ရန် ရောက်လာခြင်း ပင်တည်း။ သို့သော် နင်ချီက သူ့ကို ဘာကြောင့် မဖမ်းဆီးဘဲ သူတို့ကို ကပ်ဘေး ဖြတ်ကျော်ခိုင်းရသနည်း ဆိုသည်မှာ ဓားဘိုးဘေးကြီးနှင့် အခြားသူများ အတွက် ပဟေဠိ တစ်ခု ဖြစ်နေဆဲပင်။
“သတ်...”
ရူးသွပ်နေသော ဖန်ချန်၏ ပါးစပ်မှ ကျောချမ်းဖွယ် ကောင်းလှသော လူသတ် အသံကြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။ သူသည် မူလက ဓားဘိုးဘေးကြီးနှင့် အခြားသူများကို တိုက်ရိုက် တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သော်ငြား ရုတ်တရက် မိုးကြိုး တိမ်တိုက်ကြီးများထံ အကြည့်ပို့လွှတ်လိုက်၏။ ထို အခိုက်အတန့်လေး အတွင်းမှာပင် ဖန်ချန် သည် ထူးဆန်းသော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ ဤလူများ ကပ်ဘေး ဖြတ်ကျော်ရာမှ ဖြစ်ပေါ်လာသော မိုးကြိုး တိမ်တိုက်ကြီးများမှာ သိပ်ပြီး ထူးထူးခြားခြား မရှိလှဟု ဖန်ချန် ခံစားနေရခြင်း ပင်တည်း။
၎င်းမှာ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းက သဟဇာတဖြစ်ခြင်း နှောင်းပိုင်း အဆင့်တွင် ရှိနေသောကြောင့် မဟုတ်ဘဲ နင်ချီ၏ သုံးဆယ့်ခြောက်လွှာသော ကောင်းကင်ကပ်ဘေး မှ သူ၏ ခန္ဓာကိုယ် အတွင်း၌ ကျန်ရစ်နေခဲ့သည့် မိုးကြိုး အကြွင်းအကျန်များ ကြောင့်သာ ဖြစ်၏။ သူ၏ ရှေ့မှောက်ရှိ ကောင်းကင်ကပ်ဘေးမှာ သူ၏ ကိုယ်တွင်း၌ ကျန်ရစ်နေသော မိုးကြိုး အကြွင်းအကျန်များနှင့် နှိုင်းယှဉ်ပါက လုံးဝ ခြားနားသော အဆင့်အတန်း တစ်ခုတွင် ရှိနေ၏။ သူ့ကို ပို၍ အံ့အားသင့်သွားစေသည်မှာ ကောင်းကင်ယံရှိ ကပ်ဘေး မိုးကြိုးများသည် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူနှင့် ပဲ့တင်ထပ်နေကြောင်း ဖန်ချန် ရှင်းလင်းစွာ ခံစားလိုက်ရခြင်း ပင် ဖြစ်တော့သည်။
ကောင်းကင်ယံ တစ်ခုလုံး တိမ်မည်းကြီးများ ဖုံးလွှမ်းနေပြီး ငွေရောင် လျှပ်စီးတန်းများ အရူးအမူး ကခုန်နေကြသော်ငြား သူ၏ အထက်တွင်မူ မည်သည့် လျှပ်စီးတန်းကမျှ သူ့အနီးသို့ မကပ်ရဲသည့်အလား လူတစ်ရပ်စာခန့် ရှိသော ထူးခြားသည့် လေဟာနယ် ကွက်လပ်ကြီး တစ်ခု ပေါ်ထွက်နေ၏။ ၎င်းမှာ ငှက်တစ်ရာက ဖီးနစ်ငှက်မြတ်ကို တွေ့ဆုံရသည့်အလား သို့တည်းမဟုတ် သာမန် သေမျိုး လူသားက ဧကရာဇ်မင်းကို ဖူးတွေ့ရသည့်အလား ရှိနေတော့သည်။
ဤ အံ့မခန်း အပြောင်းအလဲက ဖန်ချန်၏ စိတ်အာရုံကို ချက်ချင်း ပြောင်းလဲသွားစေခဲ့လေပြီ။
သူသည် ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွလာပြီး ကောင်းကင်ယံသို့ တိုက်ရိုက် တဟုန်ထိုး ပြေးဝင်သွားတော့၏။
ကောင်းကင်ယံမှ ဟိန်းဟောက်သံကြီးများ ပိုမို ကျယ်လောင်လာပြီး လျှပ်စီးတန်းများမှာ ရုတ်တရက် အရောင်အသွေး ပိုမို စုံလင်လာတော့သည်။ သူ ပါဝင်ပတ်သက် လိုက်ခြင်းကြောင့် ကောင်းကင်ကပ်ဘေး၏ စွမ်းအားမှာ တစ်ဟုန်ထိုး မြင့်တက်သွားကြောင်း တွေ့လိုက်ရသဖြင့် ဖန်ချန် အံ့အားသင့်သွားရ၏။
အခန်း (၉၁၂) - အံ့မခန်း ပြောင်းပြန်လှန်မှု
“ဟားဟား... သေကြစမ်း... မင်းတို့ အားလုံး သေလိုက်ကြစမ်း...”
ဖန်ချန် က ရူးသွပ်စွာ ရယ်လိုက်ပြီး အနီရင့်ရောင် အသားစများ ပေါ်လွင်နေသော သူ၏ မည်းနက် ကျွမ်းလောင်နေသည့် ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်သော လျှပ်စီးတန်းများ တစ်ဟုန်ထိုး ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။ ထို လျှပ်စီးတန်းများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပစ်ထွက်လာသည်နှင့် တစ်ပြိုင်နက် နဂါးငယ်လေးများ အလား ကောင်းကင်ယံရှိ တိမ်မည်းကြီးများနှင့် ရောယှက် ပေါင်းစပ်သွားကြ၏။
ချက်ချင်းဆိုသလိုပင် ဖန်ချန်၏ လူသတ်လိုသော ရည်ရွယ်ချက်များ လွှမ်းမိုးခံလိုက်ရသည့်အလား ကောင်းကင်ယံရှိ တိမ်မည်းကြီးများ အပေါ်၌ သွေးနီရောင် အလွှာ တစ်ခု ဖုံးအုပ်သွားသည်ကို ထိုနေရာရှိ လူတိုင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။
မိုးကြိုး နတ်ဘုရား တစ်ပါးအလား ဖန်ချန် သည် ကောင်းကင်ကပ်ဘေး တစ်ခုလုံး၏ ဗဟိုချက် အဖြစ်သို့ ရောက်ရှိသွားဟန် တူ၏။ သူ၏ မည်းနက် ကျွမ်းလောင်နေသော ခန္ဓာကိုယ် ပေါ်တွင် လျှပ်စီးများ တဖျပ်ဖျပ် တောက်ပနေပြီး မိုးကြိုး ပင်လယ်ကြီး အတွင်း၌ ရေချိုးနေသည့်အလား ရှိနေတော့သည်။ ဤ အပြောင်းအလဲက ဓားဘိုးဘေးကြီးနှင့် အခြားသော ကပ်ဘေး ဖြတ်ကျော်နေသူများကို အံ့အားသင့်သွားစေရုံ သာမက ဘေးမှ စောင့်ကြည့်နေသူများကိုပါ ထို နေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးသွားအောင် ပြုလုပ်လိုက်၏။
“ဒုက္ခပါပဲ... ကောင်းကင်ကပ်ဘေး က နောက်တစ်ကြိမ် ထပ်ဖြစ်လာပြန်ပြီ...”
စစ်မြေပြင်နယ်မြေ၏ အပြင်ဘက်တွင် ဖြစ်စေ၊ အတွင်းဘက် စက်ဝိုင်းတွင် ဖြစ်စေ ခုလေးတင်မှ ကောင်းကင်ကပ်ဘေး ပြီးဆုံးသွားပြီဟု အောင်ပွဲခံနေခဲ့ကြသော အစွမ်းအထက်ဆုံး အင်မော်တယ်ဂိုဏ်း သုံးခု၏ ဂိုဏ်းချုပ်ကြီးများ အားလုံးမှာ မျက်နှာ အမူအရာများ ပြောင်းလဲသွားကြတော့သည်။
ကောင်းကင်ကပ်ဘေး က ဘာကြောင့် နောက်တစ်ကြိမ် ထပ်ပေါ်လာရပြန်ရသနည်း။
စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို အပေါ်စီးမှ စောင့်ကြည့်နေကြသော ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ ဘိုးဘေးကြီး သုံးပါး ပင်လျှင် ဤမြင်ကွင်းကြောင့် အလွန်အမင်း တုန်လှုပ်သွားကြရ၏။ သို့သော်လည်း သူတို့သည် ပါဝင်ပတ်သက်သူများ မဟုတ်ဘဲ ဘေးမှ စောင့်ကြည့်နေသူများသာ ဖြစ်ကြရာ တိကျသော အခြေအနေများကိုမူ မသိရှိခဲ့ကြချေ။
နင်ချီ၏ နောက်မှ လိုက်ပါလာသော တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင် သာလျှင် ထို သတ္တဝါ၏ တည်ရှိနေမှုကို အမှန်တကယ် ခံစား သိရှိလိုက်၏။ မည်သို့ပင် ဆိုစေကာမူ ဓားဘိုးဘေးကြီးနှင့် အခြားသူများ၏ ကောင်းကင်ကပ်ဘေးမှာ တောင်နှင့် ပင်လယ် ကမ္ဘာ၏ စည်းမျဉ်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် အနေဖြင့် ထို ကောင်းကင်ကပ်ဘေး အတွင်းရှိ အပြောင်းအလဲများကို အပြည့်အဝ အာရုံခံ သိရှိနိုင်စွမ်း ရှိ၏။
ဖန်ချန် တဟုန်ထိုး ဝင်ရောက်လာပြီးနောက် ထို စည်းမျဉ်းများမှ ထွက်ပေါ်လာသော မိုးကြိုး လျှပ်စီးများမှာ လုံးလုံးလျားလျား ပြန်လည် ရေးဆွဲခံလိုက်ရသည့်အလား ရှိနေတော့၏။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ၎င်းအပေါ် ထိန်းချုပ်နိုင်စွမ်းကို တဖြည်းဖြည်း ဆုံးရှုံးလာသည်။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်မှာ အံ့အားသင့် မှင်သက်သွားပြီး တိုးတိတ်စွာ ရေရွတ်လိုက်မိ၏။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
ယခင်က နင်ချီ၏ ကောင်းကင်ကပ်ဘေး သည် ကျယ်ပြန့်သော ကမ္ဘာ၏ စည်းမျဉ်းများ၊ နယ်မြေများ ပင်လယ်၏ စွမ်းအားများနှင့် ရောနှောနေသောကြောင့် ထိန်းချုပ်၍ မရနိုင်ခဲ့ခြင်းမှာ တစ်ပိုင်း ဖြစ်၏။ သို့သော် ယခုမူ နင်ချီ၏ ကောင်းကင်ကပ်ဘေးမှ အသက်ရှင် ကျန်ရစ်ခဲ့သည့် အကြောင်းခံ တစ်ခုတည်းကြောင့် ကောင်းကင်ကပ်ဘေး က ဘာကြောင့် ပြောင်းလဲသွားရသနည်း။
သူ အမှန်တကယ်ပင် နားမလည်နိုင်အောင် ဖြစ်နေတော့သည်။
ဘေးတွင် ရပ်နေသော နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ပုံရိပ်ယောင်ကို တိတ်ဆိတ်စွာ တစ်ချက် အကြည့်ပို့လွှတ်လိုက်၏။ ကြည့်ရသည်မှာ ဖန်ချန်ကို အမြန်ဆုံး ရှင်းလင်းပစ်ရန် လိုအပ်နေပြီပင်။
သို့မဟုတ်ပါက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပို၍ စပ်စုလာလေလေ ..ဤကိစ္စကို ပို၍ အစအန ဖော်လာလေလေ ဖြစ်ပေလိမ့်မည်။
နင်ချီသည် ကောင်းကင်ကပ်ဘေး အတွင်းသို့ တဟုန်ထိုး ဝင်ရောက်သွားသော ဖန်ချန်ကိုလည်း လှမ်းကြည့်လိုက်တော့သည်။ တကယ်တမ်းတွင် သူသည်လည်း ဖန်ချန် နည်းတူ ခံစားနေရပြီး ဓားဘိုးဘေးကြီးနှင့် အခြားသူများ၏ ကပ်ဘေး မိုးကြိုးများမှာ အလွန်တရာ အားနည်းလွန်းလှသည်ဟု ထင်မြင်နေမိခြင်း ပင်တည်း။
သို့သော် နင်ချီ သည် ၎င်းကို ဖန်ချန်ထက်ပင် ပို၍ နက်ရှိုင်းစွာ ခံစားသိရှိနေ၏။ သူသည် ထို ပြောင်းလဲသွားသော မိုးကြိုး လျှပ်စီးများကို ကြိုးကိုင် ခြယ်လှယ်နိုင်ရုံ သာမက ဖန်ချန် ကိုယ်တိုင်ကိုပင် ကြိုးကိုင် ခြယ်လှယ်နိုင်စွမ်း ရှိနေပေ၏။ နင်ချီ၏ အမြင်တွင် ဖန်ချန် သည် အဝေးမှ ထိန်းချုပ် ဖောက်ခွဲနိုင်သော ဗုံးတစ်လုံးနှင့် တူညီနေတော့သည်။
မိုးကြိုး တိမ်တိုက်ကြီးများ အောက်တွင်.. ဓားဘိုးဘေးကြီးနှင့် အခြားသူများသည် ပြောင်းလဲသွားသော ကပ်ဘေး တိမ်တိုက်ကြီးများက ယခင်က နင်ချီ ကျော်ဖြတ်ခဲ့သော ကပ်ဘေး တိမ်တိုက်ကြီးများ အဖြစ်သို့ စတင် အသွင်ပြောင်းလာသည်ကို မြင်တွေ့လိုက်ရပြီး နှလုံးသားများမှာ စိုးရိမ် ပူပန်မှုများဖြင့် တဒိတ်ဒိတ် ခုန်လာကြ၏။
သဟဇာတဖြစ်ခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသော မည်းနက် ကျွမ်းလောင်နေသည့် ပုံရိပ်ကြီး ဖြစ်စေ၊ ကပ်ဘေး တိမ်တိုက်ကြီး ဖြစ်စေ နှစ်ခုစလုံးက သူတို့၏ အသက်အန္တရာယ်မှာ ဆံခြည်တစ်မျှင်ပေါ်တွင် တွဲလောင်း ခိုနေရသကဲ့သို့ ခံစားလာရစေတော့သည်။
“ဟေ့ကောင်လေး... ဒါက နည်းနည်း လွန်မသွားဘူးလား... ငါတို့က မင်းနဲ့ မတူဘူးကွ...”
သူက နင်ချီ ထံသို့ အသံလွှင့်ကာ သတိပေးလိုက်၏။
ထိုအခါ၊ နင်ချီက တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်သည်။
“ကျွန်တော် ဒီမှာ ရှိနေတာပဲ... အားလုံး စိတ်ချလက်ချသာ နေကြပါ...”
ဓားဘိုးဘေးကြီး သည် သူ၏ ဘေးတွင် ရှိနေသော ချီခယ်ချင်းနှင့် အခြားသူများကို တစ်ချက် ဝေ့ကြည့်လိုက်၏။
ချီခယ်ချင်း၏ မျက်နှာ အမူအရာမှာ သူ့ထက်ပင် ပို၍ ခိုင်မာ ပြတ်သားနေကြောင်း တွေ့လိုက်ရသောအခါ ဓားဘိုးဘေးကြီး သည် အကူအညီမဲ့စွာ ရယ်လိုက်မိတော့သည်။
'ဘာလို့များ ဒီကောင်မလေးက ငါ့ထက်တောင် နင်ချီကို ပိုယုံကြည်နေရတာလဲ...'
ထို့နောက် သူသည် ကပ်ဘေး ဖြတ်ကျော်ရန် မိမိကိုယ်ကိုယ် ပြင်ဆင်လိုက်တော့သည်။
ထွက်ပြေးသွားသော လူအုပ်ကြီးကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်ရင်း ဓားဘိုးဘေးကြီး ၏ ရင်တွင်း၌ ဂုဏ်ယူ ဝင့်ကြွားမှုများ တစ်ဟုန်ထိုး မြင့်တက်လာ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ တစ်ခုလုံးတွင် နင်ချီ မှလွဲ၍ မည်သူကများ ဤ ကပ်ဘေးကို ရင်ဆိုင်ရဲပါမည်နည်း။
ရာသီဥတုမှာ အံ့မခန်း ပြောင်းလဲသွားလေပြီ။
ဖန်ချန် ဝင်ရောက်သွားသည်နှင့် အမျှ ကောင်းကင်ယံရှိ မိုးကြိုး တိမ်တိုက်ကြီးများမှာ ပို၍ ထူထဲလာပြီး ပိုမို နိမ့်ဆင်းလာတော့၏။ လျှပ်စီး မြွေကောင်များမှာ ပို၍ ပို၍ များပြားလာပြီး အရွယ်အစား အားဖြင့်လည်း ပိုမို ကြီးမားလာကြသည်။ လျှပ်စီးများ ဝန်းရံနေသော ဖန်ချန် သည် လုံးဝ ရူးသွပ်နေဟန် ရှိ၏။ သူသည် အောက်ဘက်သို့ ရုတ်တရက် လက်ညှိုး ထိုးလိုက်တော့၏။
ချက်ချင်းဆိုသလိုပင် သူ၏ ဘေးပတ်လည်တွင် တွားသွားနေသော လျှပ်စီး မြွေကောင်ကြီးများသည် အောက်ဘက်သို့ တဟုန်ထိုး ရိုက်ချသွားကြသည်။ ဓားဘိုးဘေးကြီးနှင့် အခြားသူများမှာ တိုက်ရိုက် ထိမှန်သွားကြတော့၏။
သူတို့ အထဲတွင် အချို့က လျှပ်စီးများကို ခံနိုင်ရည် ရှိရန် သူတို့၏ ရုပ်ခန္ဓာ စွမ်းအားကို အားကိုးကြပြီး အချို့က အသက်ဆက်ရန် မှော်ရတနာများကို အားကိုးကြသည်။ အချို့ကမူ ကပ်ဘေး မိုးကြိုးများကို တွန်းလှန်ရန် သူတို့၏ နတ်ဘုရား မှော်စွမ်းရည်များကို အားကိုးကြ၏။ သို့သော် ချွင်းချက် မရှိ... သူတို့ မည်သည့် ကျင့်ကြံခြင်း နည်းလမ်းကို အသုံးပြုသည် ဖြစ်စေ၊ မည်သို့ တုံ့ပြန်သည် ဖြစ်စေ ကျဆင်းလာသော လျှပ်စီးများက အရာအားလုံးကို အလွယ်တကူ ထိုးဖောက် ဖျက်ဆီးသွားတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် လူတိုင်း၏ ခန္ဓာကိုယ် ပေါ်တွင် အပေါက်ကြီး တစ်ပေါက် ဖောက်ထွင်း ခံလိုက်ရ၏။ ဓားဘိုးဘေးကြီးနှင့် အခြားသူများ၏ မျက်နှာများမှာ ဖြူရော်သွားကြပြီး ဒဏ်ရာများကို ချက်ချင်း ပြန်လည် ကုသ ပြုပြင်လိုက်ကြတော့သည်။ ဤ ကောင်းကင်ကပ်ဘေး မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ သာမန် တာအို ကောင်းကင်ကပ်ဘေး မှာ မည်မျှ အစွမ်းထက်သနည်း ဆိုသည်ကို သူတို့ မသိရှိခဲ့ကြသော်ငြား ဤ ပြောင်းလဲသွားသော ကောင်းကင်ကပ်ဘေး ကြီးမှာ သူတို့ ခံနိုင်ရည် ရှိသည်ထက် များစွာ သာလွန်နေခဲ့လေပြီ။ အဓိက အချက်မှာ ၎င်းက နင်ချီ၏ ကပ်ဘေးမှ အကြွင်းအကျန် သက်သက်သာ ရှိသေးခြင်း ပင်တည်း။
သူတို့ကို စကားဆွံ့အသွားစေခဲ့သည့် အချက်မှာ သူတို့၏ ဒဏ်ရာများ မသက်သာသေးမီမှာပင် ကောင်းကင်ကပ်ဘေး က ကောင်းကင်ယံမှ ရုတ်တရက် ထပ်မံ ကျဆင်းလာခြင်းပင် ဖြစ်တော့၏။ ဖန်ချန် သည် ကောင်းကင်ကပ်ဘေး ၏ စည်းမျဉ်းများကို လုံးလုံးလျားလျား ပြန်လည် ရေးဆွဲလိုက်ပြီး ၎င်းတို့ကို သူ၏ အလိုဆန္ဒ အတိုင်း အပြည့်အဝ ထိန်းချုပ်လိုက်လေသည်။
နင်ချီ ကပ်ဘေး ဖြတ်ကျော်စဉ် ကပင် ကောင်းကင်ကပ်ဘေး သည် သူ့အား အသက်ရှူရန် အချိန် အနည်းငယ် ပေးခဲ့သေးသော်ငြား ယခုအခါ ဓားဘိုးဘေးကြီးနှင့် အခြားသူများ ရင်ဆိုင်နေရသော ကောင်းကင်ကပ်ဘေး ကိုမူ ဖန်ချန် က အပြည့်အဝ ကြိုးကိုင် ခြယ်လှယ်ထား၏။ သူက လူများကို ပြန်လည် နာလန်ထူရန် အချိန် လုံးဝ မပေးဘဲ တိုက်ခိုက်မှုများကို တွေဝေခြင်း အလျဉ်းမရှိ ဆက်တိုက် စေလွှတ်နေတော့သည်။
“ဟားဟားဟား...”
ဖန်ချန် သည် မိုးကြိုး တိမ်တိုက်ကြီးများ ကြားတွင် အရူးအမူး ရယ်နေပြီး ယခင်က သူ ဘယ်သောအခါမှ မကြုံဖူးခဲ့သော ရူးသွပ်မှု မျိုးကို ခံစားနေရ၏။ သူ၏ မျက်လုံးများမှာ သွေးများဖြင့် နီရဲနေပြီး အောက်ဘက်ရှိ လူတိုင်းကို မုန်းတီး နာကြည်းစွာ စိုက်ကြည့်နေတော့သည်။
ကပ်ဘေး တိမ်တိုက်ကြီးများ သည် သူ၏ အတွင်းစိတ် လှုပ်ရှားမှု များကြောင့် လိမ်ကောက် ယိမ်းနွဲ့နေသည့်အလား ရှိ၏။ သူ၏ အမုန်းတရားများ ကြီးထွားလာသည်နှင့် အမျှ ၎င်းတို့က ဆက်လက် ကြီးမား ကျယ်ပြန့်လာ၏။