အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
အခန်း ၂၂၁: လော့ဆိုတဲ့မိန်းမပြောတာ တကယ်ကြီး မှန်နေတာပဲ...
ဖရိုဖရဲချီများဖြင့် ပေါင်းစပ်ထားကာ နေရောင်ကိုပင် ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားသည့် အနက်ရောင် ပုံရိပ်ယောင်လက်ဝါးတစ်ခုက လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုလက်ဝါးပုံရိပ်ယောင်ကြီးပေါ်တွင် မှော်စာလုံး များ သို့မဟုတ် တာအိုဥပဒေသများ၏ပြသမှုများ မရှိပေ။ ထိုအရာပေါ်၌ ရှိနေသည်မှာ အရာအားလုံး၏ အစနှင့် အဆုံးဖြစ်သော ဖရိုဖရဲပင်။
နတ်ဘုရား ပြစ်ဒဏ်ခတ်မှု၏ဆန္ဒကို သယ်ဆောင်ထားသော ကြယ်အလင်းလှံသည် ထိုဖရိုဖရဲလက်ဝါးကို ထိတွေ့လိုက်သည်နှင့် ချက်ချင်းအရည်ပျော်သွားသည်။
ထိုအရာသည် ရှုံးနိမ့်ခြင်း မဟုတ်ဘဲ လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရခြင်းပင်။
ဖရိုဖရဲလက်ဝါး၏အရှိန်အဟုန်မှာ စိတ်ကူးမယဉ်နိုင်လောက်အောင် မြန်ဆန်သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းတွင် အစစ်အမှန်သူတော်စင် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ကိုပင် မျှော်လင့်ချက်မဲ့သွားစေမည့် ကြယ်တရားစီရင်ခြင်းလှံသည် ဖရိုဖရဲ လက်ဝါး အောက်တွင် တစ်လက်မချင်းစီ ကွဲအက်သွားပေ၏။ ထိုအရာသည် အရည်ပျော်သွားကာ အခြေခံအကျဆုံး စိတ်ဝိညာဉ်ချီနှင့် ကြယ်ရောင်အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး ဖရိုဖရဲချီများ၏ ဝါးမျိုခြင်းကိုခံလိုက်ရကာ မည်သည့်အရာမျှ မကျန်ရစ်ခဲ့ပေ။
"ဘာ... ဘာလဲ..."
ရှင်းချန်ယောင်၏မျက်လုံးသူငယ်အိမ်များ အဆုံးစွန်အထိ ကျုံ့ဝင်သွားခဲ့ပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ရောယှက်နေသော မယုံကြည်နိုင်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။
သူ အသက်သွင်းထားသော နတ်ဘုရားအဆင့် ပုံရိပ်ယောင် ပါဝင်သည့် သတ်ဖြတ်ခြင်းနည်းစနစ်သည် တစ်ဖက်လူ၏ ပေါ့ပေါ့ပါးပါး လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ဤအတိုင်း ဖျက်ဆီးခံလိုက်ရသလော...
ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း...
သာမန် လူသားမျိုးနွယ်စုမှ အစစ်အမှန်သူတော်စင်နယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးပင် သူ့၏တိုက်ခိုက်မှုကို ဤမျှထိ လွယ်လင့်တကူ ဖယ်ရှားနိုင်မည် မဟုတ်ချေ။
ဤလူသားသည် အစစ်အမှန်သူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူထက်ပင် ပို၍အစွမ်းထက်နေသလော...
ဤသည်က မဖြစ်နိုင်ချေ။
သူ၏အရှိန်အဝါသည် လူသားမျိုးနွယ်စု၏ လူငယ် မျိုးဆက်တစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားသည်။
ဤအစိမ်းရောင်ဝတ်ရုံဝတ် လူငယ်သည် မည်ကဲ့သို့ မွန်းစတားမျိုးဖြစ်သနည်း...
သူ အံ့အားသင့်မှုမှ ပြန်လည်မသက်သာခင်မှာပင် စူးချန်ကဲ၏ ညင်သာစွာ ဖိနှိပ်နေသော လက်ဝါးက လှုပ်ရှားမှုမပြောင်းလဲဘဲ ဆက်လက်၍ ကျဆင်းလာသည်။
ကျဆင်းလာသည် နေရောင်ကိုပင် ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားသည့် ဖရိုဖရဲ လက်ဝါးပုံရိပ်ယောင်ကလည်း ဖြည်းညင်းစွာ ဖိနှိပ်လာပေ၏။
ဤတိုက်ခိုက်မှု၏ပစ်မှတ်မှာ ရှင်းချန်ယောင်ပင်။
ထို့နောက် ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ရပ်က ပြင်းထန်စွာ ကျဆင်းလာသည်။
ရှင်းချန်ယောင်သည် အရပ်မျက်နှာအဘက်ဘက်မှလာသော ဖရိုဖရဲချီများက သူ၏ကြယ်နတ်ဘုရား နယ်ပယ်ကို ရူးသွပ်စွာ ဖိနှိပ်နေသည်အား ခံစားလိုက်ရသည်။
သူ ဂုဏ်ယူဝံ့ကြွားပြီး အဆုံးမရှိလုနီးပါးရှိသော ကြယ် စွမ်းအားရင်းမြစ်မှာ ဤအချိန်အခိုက်အတန့်တွင် လုံးလုံးလျားလျား ပြတ်တောက်သွားပုံရသည်။
ထို့ထက်ပို၍ ကြောက်စရာကောင်းသည်မှာ သူ၏ ကြယ်မဟာတာအိုနှင့်ဆက်သွယ်မှုမှာ လျင်မြန်စွာ အားနည်းသွားခြင်းပင်။
ထိုအရာမှာ ဤကမ္ဘာ၏ ကြယ်တာအိုဥပဒေသ များသည် ပို၍မြင့်မားသော အဆင့်အတန်း ရှိသည့် အရာတစ်ခု၏ အမိန့်ပေးခြင်းကို ခံလိုက်ရသည့်အလားပင်။
"ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒီအရာက ငါတို့ နတ်ဘုရား မျိုးနွယ်စုရဲ့ ဥပဒေသတွေကိုတောင် ဖိနှိပ်နိုင်တယ်ပေါ့..."
ရှင်းချန်ယောင်၏မျက်လုံးသူငယ်အိမ်များ ကျုံ့သွားပြီး သူ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
လူသားတစ်ဦးက နတ်ဘုရားမျိုးနွယ်စု၏ ဥပဒေသ များကို ဖိနှိပ်နိုင်သလော...
သူ ဤကဲ့သို့ အရာမျိုုးကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။
ဤအချိန်တွင် သူ လုံးလုံးလျားလျား ရူးသွပ်သွားတော့သည်။
"ကြယ်နတ်ဘုရား အစစ်အမှန် ရုပ်ခန္ဓာကိုယ်... နယ်ပယ်ဥပဒေသ .. ကောင်းကင်ဘုံ ကြယ်တာရာနယ်မြေ ခန္ဓာကိုယ်ကာကွယ်ခြင်း... ကြယ်တာရာတစ်သောင်း ရုပ်ခန္ဓာကိုယ်ကာကွယ်ခြင်း..."
ရှင်းချန်ယောင်က သူ၏သွေးမျိုးဆက်ကို ရူးသွပ်စွာ လောင်ကျွမ်းလိုက်ပြီး သူ၏နဖူးပေါ်ရှိ နတ်ဘုရားအဆင့် ပုံရိပ်ယောင်မှ နောက်ဆုံးအလင်းရောင်တန်းများ ပေါက်ကွဲထွက်လာသည်။
သူ၏ခန္ဓာကိုယ် ရုတ်တရက် ကြီးထွားလာပြီး တောက်ပသော ကြယ်ရောင်များဖြင့် လင်းလက်နေသော ပေတစ်ရာ မြင့်မားသည့် နတ်ဘုရား ရုပ်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ ကြယ်တစ်စင်း ဆင်းသက်လာသည့်အလားပင်။
နတ်ဘုရား ရုပ်ခန္ဓာကိုယ်၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော ကြယ်ပုံရိပ်ယောင်များဖြင့် ရက်လုပ်ထားသည့် ခမ်းနားသော နတ်ဘုရားသံချပ်ကာတစ်ခု ထွက်ပေါ်လာပြီး မဖျက်ဆီးနိုင်သော ဥပဒေသလှိုင်းဂယက်များကို ထုတ်လွှတ်ထားသည်။
တစ်ချိန်တည်းမှာပင် သူ၏နောက်ရှိ ကြယ်မြစ်အတွင်းမှ ကြယ်ထောင်ပေါင်းများစွာသည် ခွဲထွက်သွားပြီး သန်းပေါင်းများစွာသော ကြယ်မှုန်များအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာများသည် သူ၏နံဘေးပတ်လည်တွင် ရူးသွပ်စွာ လည်ပတ်နေပြီး ကြယ်အကာအကွယ်အလွှာများကို ဖွဲ့စည်းလိုက်၏။
ဤသည်မှာ သူ၏အမြင့်မားဆုံး ကာကွယ်ရေးစွမ်းအားပင်။
သို့သော် ထိုဖရိုဖရဲလက်ဝါးသည် တည်ငြိမ်စွာ ဆင်းသက်လာဆဲပင်။
"ခရက်...ခရက်...ခရက်..."
ပထမဦးဆုံး ကွဲအက်သွားသည်မှာ တောက်ပသော ကြယ်တာရာတစ်သောင်း ရုပ်ခန္ဓာကိုယ်ကာကွယ်ခြင်း ပင်။
ဖရိုဖရဲလက်ဝါးသည် ရှင်းချန်ယောင်၏အကာအကွယ်အလွှာကို တိုက်ရိုက်ထိတွေ့ခြင်းပင် မရှိသေးချေ၊ ထိုအရာမှ ဖရိုဖရဲချီများ၏ ပျံ့နှံ့မှုသက်သက်ကပင် ကြယ် ပုံရိပ်ယောင်ဖြင့် ပြုလုပ်ထားသော အကာအကွယ်အလွှာများကို လေပြင်းမုန်တိုင်းတစ်ခုနှင့် ရင်ဆိုင်ရသော သဲအိမ်လေးများအလား အလွှာလိုက် ပြိုကွဲကာ ပျောက်ကွယ်သွားစေခဲ့သည်။ ဤနေရာ၌ လှိုင်းတစ်ချက်ပင် မထစေခဲ့ချေ။
နောက်တစ်ခုမှာ ကြယ်ရောင်များ စီးဆင်းနေပြီး ထူထပ်သော ဥပဒေသများဖြင့် ပြည့်နှက်နေသော ကြယ်နတ်ဘုရား သံချပ်ကာပင်။
ဖရိုဖရဲလက်ဝါးက ကြယ်နတ်ဘုရားသံချပ်ကာကို ညင်သာစွာ ဖိနှိပ်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံမရှိဘဲ ကြွေထည်တစ်ခု ကွဲအက်သံအလား ခပ်အုပ်အုပ်အသံကိုသာ ကြားလိုက်ရသည်။
ကြယ်ရောင်များ စီးဆင်းနေပြီး ထူထပ်သော ဥပဒေသများဖြင့် ပြည့်နှက်နေသော နတ်ဘုရားသံချပ်ကာ၏မျက်နှာပြင်ပေါ်တွင် ဗဟိုနေရာမှ စတင်ကာ ပင့်ကူအိမ်အလား ပျံ့နှံ့နေသည့် ထူထပ်သိပ်သည်းသော အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
အလွန်ခိုင်မာသော သံချပ်ကာ၏ကိုယ်ထည်သည် အလွှာလိုက် ပေါက်ကွဲထွက်သွားပေ၏။
ထိုအရာမှာ ကြယ်ရောင်များ ပြန့်ကျဲနေသော အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပြီး ဖရိုဖရဲချီ များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရကာ မည်သည့်အရာမျှ မကျန်ရစ်ခဲ့ပေ။
နောက်ဆုံးတွင် ရှင်းချန်ယောင်၏ ပေတစ်ရာ မြင့်မားသော ကြယ်နတ်ဘုရား အစစ်အမှန် ရုပ်ခန္ဓာကိုယ်ပင်။
ဖရိုဖရဲလက်ဝါးက နတ်ဘုရားရုပ်ခန္ဓာကိုယ်၏ ရင်ဘတ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
"ဖောင်း..."
ဤသည်မှာ ဧရာမပူဖောင်းတစ်လုံးကို အပ်ဖြင့် ဖောက်လိုက်သည့်အလားပင်။
ရှင်းချန်ယောင်၏ ကြယ်နတ်ဘုရား အစစ်အမှန် ရုပ်ခန္ဓာကိုယ်သည် ဖရိုဖရဲလက်ဝါး၏ ဖိနှိပ်ထားသော ဖိအားအောက်တွင် အသက်တစ်ရှိုက်စာမျှပင် တောင့်မခံနိုင်ဘဲ အလျင်အမြန် ပြိုကွဲသွားတော့သည်။
ထိုအရာသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသော ကြယ်များ၏ ဖရိုဖရဲလှိုင်းထန်မှုတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပေ၏။
"ဖူး..."
အစစ်အမှန် ရုပ်ခန္ဓာကိုယ် ကွဲအက်သွားသည်နှင့် ရှင်းချန်ယောင်၏ ပင်မခန္ဓာကိုယ်သည် မိုးကြိုးပစ်ခတ်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး ဖျော့တော့သော ရွှေရောင်နတ်ဘုရားသွေးတစ်လုတ်ကို ပြင်းထန်စွာ အန်ထုတ်လိုက်သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြယ်ဝတ်ရုံသည် တစ်လက်မချင်းစီ ကွဲအက်သွားပြီး အလင်းရောင် မှိန်ဖျော့သွားသော ခန္ဓာကိုယ်တစ်ခုကို လှစ်ဟပြနေသည်။
သူ၏အရှိန်အဝါမှာ အဆုံးစွန်အထိ ညှိုးနွမ်းသွားပြီး အရင်က မင်ကျိုးယို၏ အခြေအနေထက် မပိုသော အခြေအနေသို့ ရောက်ရှိသွားပေ၏။
သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းတွင် အလွန်ခိုင်မာသော အင်မော်တယ် ရှေးဟောင်းမြေပြင်ပေါ်၌ သွေးစွန်းနေသော ခြေရာနက်ကြီးများကို ချန်ထားရစ်ခဲ့သည်။
သူ၏မျက်နှာပေါ်တွင် မောက်မာထောင်လွှားခြင်း သို့မဟုတ် တည်ငြိမ်ခြင်းတို့ မရှိတော့ဘဲ အကန့်အသတ်မဲ့ ကြောက်ရွံ့ခြင်းနှင့် အနည်းငယ် နားမလည်နိုင်မှုတို့သာ ကျန်ရှိတော့သည်။
သူ ရှုံးသွားပြီ...
သူ လုံးဝလုံးဝ အရေးနိမ့်သွားခဲ့လေပြီ။
သူသည် ပြိုင်ဘက်က မည်သည့် နတ်ဘုရားစွမ်းရည် သို့မဟုတ် မဟာတာအိုအား အသုံးပြုခဲ့သည်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိပုံရသည့် ဖရိုဖရဲ ဖြစ်မှုတစ်ခုတည်းသာ ရှိနေသည်။
"မင်း... မင်းက ဘယ်သူလဲ... ကမ္ဘာအသင်္ချေရဲ့ လူငယ် မျိုးဆက်ထဲမှာ မင်းလို တည်ရှိမှုမျိုး ဘယ်အချိန်ကတည်းက ထွက်ပေါ်လာခဲ့တာလဲ..."
ရှင်းချန်ယောင်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
သူ၏စိတ်ထဲတွင် နတ်ဘုရားမျိုးနွယ်စု၏ အထက်ပိုင်း အဆင့်မြင့်ပုဂ္ဂိုလ်များကြားတွင် ပျံ့နှံ့နေသော အလွန် ရှေးကျပြီး တားမြစ်ထားသည့် ဒဏ္ဍာရီတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
ဒီအရာက... မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်လား...
နောက်တစ်စက္ကန့်တွင်...
ဖရိုဖရဲ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ထပ်မံ၍ တိုက်ခိုက်လာသည်။ သူ၏ခန္ဓာကိုယ်သည် တောင့်မခံနိုင်တော့ဘဲ ခွေးသေတစ်ကောင်အလား မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
တစ်ချိန်တည်းမှာပင်...
ရွှီကူမြို့ ရင်ပြင်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
လူတိုင်း၏အကြည့်က တိုက်ပွဲမြေပြင်၏ ဗဟိုချက်ဆီသို့ တည်ငြိမ်စွာ ကျရောက်နေပေ၏။ ထို့ထက်ပို၍ တိကျစွာ ပြောရလျှင် စောစောလေးကမှ ပျောက်ကွယ်သွားသော နေရောင်ကိုပင် ဖုံးကွယ်နိုင်သည့် ဖရိုဖရဲ လက်ဝါးပုံရိပ်ယောင်ကြီး ရှိနေခဲ့သည့် နေရာဆီသို့ပင်။
နတ်ဘုရားအဆင့် ပုံရိပ်ယောင်ကို ပိုင်ဆိုင်ထားပြီး ကြယ်များကို ထိန်းချုပ်ကာ မင်ကျိုးယိုကို ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးအလား အနိုင်ယူခဲ့သော ကြယ်နတ်ဘုရား တော်ဝင်မျိုးနွယ်စု၏ နတ်ဘုရားသားတော် ရှင်းချန်ယောင်သည် လက်ဝါး တစ်ချက်တည်းဖြင့် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသလော...
"..."
တစ်စုံတစ်ယောက်က အလွန် ခက်ခဲစွာဖြင့် မရှိတော့သော တံတွေးတစ်လုတ်ကို မျိုချလိုက်မိသည်။
"ရှီး..."
နောက်တစ်စက္ကန့်တွင် ကျင့်ကြံသူ လူအုပ်ကြီးကြားမှ အသက်ပြင်းပြင်းရှုသံများ ပျံ့နှံ့သွားတော့သည်။
ရှေးဟောင်းမြင့်မြတ်နယ်မြေမှ သူတော်စင်သည် သူ၏ ထိတ်လန့်နေသော အပေါင်းအဖော်များကို လှည့်ကြည့်လိုက်ပြီးနောက် အဝေးရှိ အစိမ်းရောင် ဝတ်ရုံဝတ်ပုံရိပ်ဆီသို့ ကြည့်လိုက်၏။ သူ၏ နှုတ်ခမ်းများက အချိန်အတော်ကြာ တုန်ယင်နေပြီးနောက် သူက အလွန်ခြောက်သွေ့နေသော လည်ချောင်းမှ သူ၏အသံကို ညှစ်ထုတ်လိုက်သည်။
"ဖရိုဖရဲ... ဖရိုဖရဲ... ဒါက... ဒဏ္ဍာရီလာ... ဖရိုဖရဲ စွမ်းအားလား..."
ယွဲ့ယီ က သူမ၏ အနီရောင်နှုတ်ခမ်းများကို ဖုံးအုပ်ထားသည့် သူမ၏လက်ကို လွှတ်လိုက်သော်လည်း သူမ၏ လှပသော မျက်လုံးများက စူးချန်ကဲ၏ ကျောပြင်ဆီမှ မခွာနိုင်ဘဲ ပြူးကျယ်နေဆဲပင်။
သူမ၏ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး စိတ်လှုပ်ရှားမှုကြောင့် သူမ၏ပါးပြင်များမှာ ရင်ခုန်စရာကောင်းသော အနီရောင်သမ်းနေသည်။
စူးချန်ကဲ အစွမ်းထက်လိမ့်မည်ဟု သူမ ခန့်မှန်းခဲ့သော်လည်း သူသည် ဤမျှထိ စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
ထို့ပြင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော မင်ကျိုးယိုသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားကာ သူ၏ သတိမှာ ဝေဝါးနေသည်။ သို့ရာတွင် သူ၏မှေးမှိန်လာသော အမြင်အာရုံမှတစ်ဆင့် သူ၏ကျန်ရှိနေသော သတိတရားဖြင့် အစောပိုင်းက မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။
သူ၏မျက်လုံးသူငယ်အိမ်များတွင် ထုံထိုင်းမှုနှင့် အံ့အားသင့်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။
"မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်..."
"သူက ဖရိုဖရဲ ဧရာမဂိတ်တံခါးကို လှုံ့ဆော်နိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး..."
"ဒီလို ကောင်းကင်ကိုဆန့်ကျင်တဲ့ ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံမျိုး ရှိနေမှတော့..."
"လော့ဆိုတဲ့ မိန်းမပြောတာ တကယ်ကြီး မှန်နေတာပဲ..."
အခန်း ၂၂၂: အဓိကပစ်မှတ်က မင်း ဖြစ်နေပုံရတယ်
"မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်... ဟား ဟား ဟား...အဲ့ဒါက တကယ့်ကို မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်ပဲ"
အပျက်အစီးများကြားတွင် ရှင်းချန်ယောင်က သွေးစွန်းနေသော သူ၏ခေါင်းကို မနည်းမော့လိုက်ရသည်။ တစ်ချိန်က ကြယ်များအလား တောက်ပခဲ့သော သူ၏မျက်လုံးများမှာ ယခုအချိန်၌ သွေးကြောများ ယှက်နွယ်နေပြီး ရူးသွပ်လုနီးပါးဖြစ်နေသော အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။
သူသည် သွေးများအန်ထုတ်လိုက်သော်လည်း ရယ်မောနေဆဲပင်။ သူ၏ အက်ကွဲနေသော ရယ်မောသံထဲတွင် နတ်ဘုရားမျိုးနွယ်စု သွေးမျိုးဆက်၏ နက်ရှိုင်းသောနေရာမှ မြစ်ဖျားခံလာသော အစွန်းရောက် တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"မင်းတို့ ကမ္ဘာအသင်္ချေမှာ လက်ဆင့်ကမ်းလာတဲ့ ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ သုံးထောင်ထဲက ကောင်းကင်ဘုံရဲ့ မဟာတာအိုအသင်္ချေကို လွှမ်းမိုးထားနိုင်တဲ့ ခေတ်အဆက်ဆက် ဒဏ္ဍာရီလာ နံပါတ်တစ် နတ်ဘုရား ရုပ်ခန္ဓာကိုယ်... ဟီးဟီး အဲ့ဒီအရာ တကယ်ကြီး မွေးဖွားလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ... ကောင်းတာပေါ့ ဒီအရှင်က ဒီမွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်ဆိုတာ ကောလာဟလတွေ ပြောသလောက် တကယ်ပဲ သာလွန်ထူးကဲတာမျိုး ရှိမရှိဆိုတာကို ကြည့်ရသေးတာပေါ့..."
ရှင်းချန်ယောင်က စူးချန်ကဲကို ထွင်းဖောက်မြင်နိုင်ရန် ကြိုးစားနေသည့်အလား စူးစိုက်ကြည့်နေသည်။
သူ၏မျက်လုံးများထဲရှိ အကြောက်တရားနှင့် စိတ်ရှုပ်ထွေးမှုများမှာ ဤအချိန်အခိုက်အတန့်တွင် ပြင်းထန်စွာ လောင်ကျွမ်းနေသော တိုက်ပွဲဝင် မီးတောက်တစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
"နတ်ဘုရား အရှင်သခင်က အမိန့်တော်တစ်ခု ချမှတ်ခဲ့တယ်... ဒီတစ်ကြိမ် ကောင်းကင်တက်လှမ်းခြင်း အချိန်အတွင်းမှာ ကမ္ဘာအသင်္ချေက ပါရမီရှင်တွေကို ငါတို့ သတ်ရမယ်တဲ့...အဓိကပစ်မှတ်က မင်း ဖြစ်နေပုံရတယ်...အပြည့်အဝ ကြီးထွားမလာသေးတဲ့ မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်ပိုင်ရှင် တစ်ယောက်ကို ငါကိုယ်တိုင် လည်ပင်းညှစ်သတ်ရတာ... ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်သလဲ.... ဘယ်လောက်တောင် ကြီးကျယ်တဲ့ လုပ်ရပ်လဲ...ဒီအရှင်ကို နတ်ဘုရားကျောင်းတော်ထဲ ဝင်ခွင့်ပေးဖို့ အဲ့ဒါက လုံလောက်တယ်..."
ရှင်းချန်ယောင်၏အသံ ရုတ်တရက် မြင့်တက်လာပြီး စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ပါဝင်လာသည်။
ဘုန်း....
သူ၏စကားများ မဆုံးမီမှာပင် သူ၏ပျက်စီးနေသော ခန္ဓာကိုယ်မှ ယခင်ကထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းသော ကြယ်ရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ထိုအရာမှာ ရိုးရှင်းသော လောင်ကျွမ်းခြင်း မဟုတ်ဘဲ လုံးလုံးလျားလျား လွတ်မြောက်သွားခြင်းပင်။
သူ၏နဖူးပေါ်ရှိ ကွဲအက်နေသော နတ်ဘုရားအဆင့် ပုံရိပ်ယောင် အပိုင်းအစလေးသည် ဤအချိန်အခိုက်အတန့်တွင် လုံးလုံးလျားလျား လောင်ကျွမ်းသွားပြီး အသန့်စင်ဆုံး နတ်ဘုရား မူလအစအဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေသော ကြယ်နတ်ဘုရား တော်ဝင်မျိုးနွယ်စု၏ အသန့်စင်ဆုံး သွေးမျိုးဆက်နှင့် ပေါင်းစပ်သွားသည်။
"ကြယ်နတ်ဘုရား ဘိုးဘေးသွေး... ငါ့ရဲ့ အမိန့်ကို နာခံစမ်း... စကြာဝဠာနဲ့ ရှေးဦးကမ္ဘာ... ငါ့ကို မင်းတို့ရဲ့ သခင်အဖြစ် အသိအမှတ်ပြုစမ်း "
ရှင်းချန်ယောင်က မိုးကောင်းကင်ယံသို့ မော့ကြည့်ပြီး ဟိန်းဟောက်လိုက်ရာ သူ၏အသံက မိုးကုတ်စက်ဝိုင်းကို တုန်ခါသွားစေသည်။
သူ၏အနောက်ရှိ ကြီးမားကျယ်ပြန့်သော ကြယ်မြစ်ပုံရိပ်ယောင်သည် ပုံရိပ်ယောင်တစ်ခု မဟုတ်တော့ဘဲ သူ၏ပင်မခန္ဓာကိုယ်နှင့် လျှို့ဝှက်ဆန်းကြယ်သော အချိတ်အဆက်တစ်ခုကို ဖွဲ့စည်းလိုက်ပုံရသည်။
မြင့်မားစွာ ချိတ်ဆွဲထားသော ရှေးဟောင်းကြယ်သုံးစင်းက တောက်ပစွာလင်းလက်နေပြီး ရှေးကျကာအထီးကျန်ဆန်သော ကြယ်ရောင်စီးကြောင်းများက အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ ဆင်းသက်လာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားသည်။
သူ၏ခန္ဓာကိုယ်သည် ပို၍ပြီးပြည့်စုံပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်ပြောင်းမှုတစ်ခုကို စတင် ဖြတ်သန်းလာခဲ့သည်။
အရေပြား၊ ကြွက်သား၊ အရိုး... အရာအားလုံးက ကြယ်ရောင်များအတွင်း၌ အရည်ပျော်ကျပြီး ပြန်လည်ဖွဲ့စည်းသွားလေ၏။
သူ၏ပုံစံမှာ ကြီးထွားလာရုံမျှသာ မဟုတ်တော့ဘဲ ပို၍ ရှေးကျပြီး လူသားမဟုတ်သည့် အခြေအနေတစ်ခုဆီသို့ စတင်၍ ပြောင်းလဲလာခဲ့သည်။
အဆုံးမရှိသော ကြယ်ရောင်များက သူ၏ခန္ဓာကိုယ် အပြင်ဘက်တွင် စုစည်းလာပြီး အရည်အဖြစ် စီးဆင်းနေသော ကြယ်ရောင်အလင်းတန်းများနှင့်အတူ ရှေးဦးကြယ်တာရာမြေပုံများ ရေးထွင်းထားသည့် တောက်ပသော နတ်ဘုရား သံချပ်ကာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာသည် ယခင် ကောင်းကင်ဘုံ ကြယ်တာရာနယ်မြေ သံချပ်ကာထက် ပို၍ခိုင်မာပြီး ကြီးကျယ်ခမ်းနားနေသည်။
သူ၏ခေါင်းနောက်တွင် မရေမတွက်နိုင်သော ကြယ်ငယ်လေးများဖြင့် ဖွဲ့စည်းထားသည့် တောက်ပသော နတ်ဘုရား အလင်းကွင်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာပေ၏။ ထိုအရာသည် ဖြည်းညှင်းစွာ လည်ပတ်နေကာ မိုးကောင်းကင်ယံကို ဖိနှိပ်ထားပြီး ကြယ်များအားလုံးကို လက်အောက်ခံစေသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
သူ၏မျက်လုံးများသည် လည်ပတ်နေသော ကြယ်တွင်းနက်နှစ်ခုအဖြစ် လုံးဝပြောင်းလဲသွားပြီး အေးစက်ကာ စိတ်ခံစားမှုကင်းမဲ့နေသည်။ သူသည် ကြယ်ဥပဒေသများအပေါ် အကြွင်းမဲ့ထိန်းချုပ်မှုနှင့် သက်ရှိအားလုံးကို ဂရုမစိုက်သော နတ်ဘုရားအသွင်အပြင် တစ်ခုကို ပိုင်ဆိုင်ထားလေ၏။
သူ၏အရှိန်အဝါသည် ရူးသွပ်စွာ မြင့်တက်လာပြီး မြင်နိုင်စွမ်းမရှိသော အတားအဆီးများကို တစ်ခုပြီးတစ်ခု ချက်ချင်းချိုးဖျက်သွားသည်။
ဟင်းလင်းပြင်တာအိုနယ်ပယ်၏ အစောပိုင်းအဆင့်...
မဟုတ်သေး...
ထိုအရာသည် ဆက်လက်၍ မြင့်တက်နေဆဲပင်။
ထို့ပြင် ဤဖိအားတွင် နတ်ဘုရားမျိုးနွယ်စု တော်ဝင် သွေးမျိုးဆက်နှင့် ကောင်းကင်ဘုံ ကြယ်တာရာနယ်မြေ၏ ကြယ်များမှ ပေးသနားထားသော အမြင့်ဆုံး နတ်ဘုရားစွမ်းအား ပါဝင်နေပြီး တူညီသော အဆင့်ရှိ လူသားမျိုးနွယ်စု ကျင့်ကြံသူများထက် များစွာပို၍လေးလံပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သည်။
ဤအချိန်အခိုက်အတန့်တွင် ရှင်းချန်ယောင်သည် သာမန်နတ်ဘုရား မျိုးနွယ်စုဝင်တစ်ဦး မဟုတ်တော့ဘဲ ကြယ်တာရာအာဏာ တစ်စိတ်တစ်ပိုင်းကို ကိုင်စွဲကာ သေမျိုးလောကတွင် လမ်းလျှောက်နေသော စစ်မှန်သည့် ကြယ်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားပုံရသည်။
"ဒါ... ဒါက သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားပဲ "
အဝေးတွင်ရှိနေသော မင်ကျိုးယို၏ ကျယ်ပြန့်နေသော မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားပြီး သူ၏သွေးစွန်းနေသော မျက်နှာပေါ်တွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အမူအရာတစ်ခု ထွက်ပေါ်လာသည်။
ယခင်က သူ့ကို ကျဥ်းထဲကျပ်ထဲရောက်အောင် တွန်းပို့ခဲ့သော ရှင်းချန်ယောင်သည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဖုံးကွယ်ထားခဲ့သလော....
ကြယ်တာရာကောင်းကင်တစ်ခုလုံးနှင့် ပဲ့တင်ထပ်နေပြီး နတ်ဘုရားတစ်ပါးအဖြစ် ကိုယ်ထင်ပြနေပုံရသော ဤအရှိန်အဝါက အလောင်းတောင်များနှင့် သွေးပင်လယ်များထဲမှ တွားသွားထွက်လာခဲ့သောမြေအောက်ကမ္ဘာ သားတော်အား အသက်ရှူမွန်းကြပ်စေသည့် အစွမ်းအစမဲ့ ခံစားချက်ကို ပေးစွမ်းလေသည်။
ဤကဲ့သို့ နတ်ဘုရား မျိုးနွယ်စုဝင်တစ်ဦးကို လူတစ်ယောက်က မည်သို့ တိုက်ခိုက်နိုင်မည်နည်း..
ထို့ထက်ပို၍ မျှော်လင့်ချက်မဲ့စေသောအရာမှာ သူ၏ စကားများအရ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမှာ နတ်ဘုရားမျိုးနွယ်စု၏ လက်ရှိ မျိုးဆက်တွင် အစွမ်းအထက်ဆုံး နတ်ဘုရားသားတော် မဟုတ်ခြင်းပင်။
ရွှီကူမြို့တစ်ခုလုံးသည် ကြယ်တာရာပင်လယ် တစ်ခုအလား ကျယ်ပြန့်ကာ သန့်ရှင်းပြီး ကြီးကျယ်ခမ်းနားသော ဤကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါဖြင့် နောက်တစ်ကြိမ် လွှမ်းခြုံခြင်းခံလိုက်ရသည်။
အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများအားလုံး၏ စိတ်ထဲတွင် အစောပိုင်းကမှ ဖြစ်ပေါ်လာခဲ့သော မျှော်လင့်ချက်နှင့် အံ့အားသင့်မှု မီးပွားလေးမှာ နောက်တစ်ကြိမ် ဖိနှိပ်ခံလိုက်ရပြီး ပို၍ကြီးမားသော တုန်ယင်မှုဖြင့် အစားထိုးခံလိုက်ရသည်။
သူတို့သည် မိုးသက်မုန်တိုင်းထဲရှိ ပုရွက်ဆိတ်များအလား ခံစားလိုက်ကြရပြီး အထက်သို့ မော့ကြည့်ခွင့်ပင် မရှိတော့ချေ။
ယွဲ့ယီ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေသော အနီရောင်သမ်းမှုမှာ ချက်ချင်းပျောက်ကွယ်သွားပြီး သေလုမတတ် ဖြူရော်သွားကာ သူမ၏ လှပသော မျက်လုံးများတွင် အလွန်အမင်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
သခင်လေး စူး... ဒီလို အခြေအနေမျိုးမှာ ရှိနေတဲ့ ရှင်းချန်ယောင်ကို ရင်ဆိုင်ရတာက... သူ အနိုင်ယူနိုင်ပါ့မလား....
မိုးထိအောင် မြင့်မားသော တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒဖြင့် ကြယ်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားစဉ် အရှိန်အဝါများ တလိမ့်လိမ့်ထလာသော ရှင်းချန်ယောင်ကို ရင်ဆိုင်ရချိန်တွင် စူးချန်ကဲ၏မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။
အမှန်အားဖြင့် သူ၏ နက်ရှိုင်းသော မျက်လုံးများ အတွင်းတွင် အနည်းငယ် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။
"အခုမှပဲ နည်းနည်း စိတ်ဝင်စားစရာ ကောင်းလာပြီ" စူးချန်ကဲက တွေးတောလိုက်၏။
သူက မူလက မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်၏ စွမ်းအားကို စမ်းသပ်လိုခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက်သည် ပို၍အစွမ်းထက်လေလေ သူသည် ထိုအရာ၏ ကန့်သတ်ချက်များကို ပို၍ကောင်းမွန်စွာ တိုင်းတာနိုင်လေလေပင်။
ယခုချိန်၌ ရှင်းချန်ယောင် ပြသနေသော စွမ်းအားမှာ ယေဘုယျအားဖြင့် လူငယ်မျိုးဆက်၏ နယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သဖြင့် သူ့အတွက် သင့်တင့်လျောက်ပတ်သော စမ်းသပ်ကျောက်တစ်တုံး ဖြစ်လာခဲ့သည်။
နတ်ဘုရားအရှင်သခင်၏ အမိန့်တော်နှင့် တစ်ဖက်လူ ပြောခဲ့သော အဓိကပစ်မှတ် ဖြစ်လာခြင်းအတွက်မူ သူသည် ထိုအရာများကို နှလုံးသွင်းမထားခဲ့ပေ။
နောက်တစ်စက္ကန့်တွင်....
ရှင်းချန်ယောင်သည် သူ၏ နောက်ဆုံးအသွင်ပြောင်းမှုကို ပြီးစီးသွားခဲ့ပြီး သူ၏ကြယ်နတ်ဘုရား ခန္ဓာကိုယ်က ဟင်းလင်းပြင်တွင် မတ်တတ်ရပ်နေကာ သူ၏ နတ်ဘုရားစွမ်းအားမှာ ငရဲအကျဉ်းထောင်တစ်ခုအလား ဖြစ်နေသည်။
သူသည် စကားများများ မပြောတော့ဘဲ ကြယ်တာရာ ကောင်းကင် တစ်ခုလုံး၏အလေးချိန်ကို ကိုင်ဆောင်ထားသည့်အလား လေထုထဲသို့ သူ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
"ကြယ်နတ်ဘုရားရဲ့ ဒေါသ... ကြယ်တစ်သောင်း ပျက်သုဉ်းခြင်း"
သူက လက်နှစ်ဖက်လုံးကို ရှေ့သို့ ရုတ်တရက် တွန်းထုတ်လိုက်၏။ သူ၏လက်ဝါးများအတွင်းတွင် မရေမတွက်နိုင်သော ကြယ်မှော်စာလုံးများ လင်းလက်လာပြီး ကြယ်တာရာနယ်မြေတစ်ခုလုံးကို အဆုံးသတ်သွားစေနိုင်လောက်အောင် သန့်စင်သော ပျက်သုဉ်းခြင်း ဒီရေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုဒီရေ ဖြတ်သန်းသွားသော နေရာတိုင်းတွင် အရာအားလုံးက ညှိုးနွမ်းသွားပြီး ဥပဒေသများ ပြိုလဲကျကာ ဟင်းလင်းပြင်သည် ဆွေးမြည့်နေသော အဝတ်စ တစ်စအလား ဆုတ်ဖြဲခံလိုက်ရသည်။
ဤသည်မှာ ရိုးရှင်းသော စွမ်းအင်တိုက်ခိုက်မှုတစ်ခု မဟုတ်တော့ဘဲ ကြယ်တာရာ ပျက်သုဉ်းခြင်း မဟာ တာအို၏ စစ်မှန်သော အဓိပ္ပာယ် ပါဝင်နေသည့် ဥပဒေသ ရေစီးကြောင်းတစ်ခုပင်။
လောကကြီးကို ဖျက်ဆီးမည့် ဤပျက်သုဉ်းခြင်း ဒီရေကို ရင်ဆိုင်ရချိန်၌ စူးချန်ကဲက နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။
သူသည် မည်သည့်နတ်ဘုရားစွမ်းရည်ကိုမျှ ဖော်ဆောင်ခဲ့ခြင်း မရှိသည့်အပြင် မည်သည့်မှော်ရတနာ ကိုမျှလည်း အသက်မသွင်းခဲ့ချေ။
သူက ရိုးရိုးရှင်းရှင်းသာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။
သူ ထိုခြေလှမ်းကို လှမ်းလိုက်သည်နှင့် တွင်းနက်ကြီး တစ်ခုအလား တိတ်ဆိတ်နေခဲ့သော သူ၏မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ် မူလအစက အိပ်ပျော်နေသော နဂါးတစ်ကောင်အလား ဖြည်းညှင်းစွာ နိုးထလာသည်။
ပြင်ပသို့ ထွက်ပေါ်လာသော လောကကြီးကို တုန်လှုပ်စေမည့်ဖြစ်စဉ်များ မရှိခဲ့ချေ။
သို့သော် သူ့ကို ဗဟိုပြု၍ မြင်နိုင်စွမ်းမရှိသော အရှိန်အဝါတစ်ခုက သဘာဝကျကျ ပွင့်အံ့ထွက်လာသည်။
ထိုအရာမှာ တမင်သက်သက် ဖန်တီးထားသော နယ်ပယ်တစ်ခု မဟုတ်ဘဲ မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်တွင် မွေးရာပါပါရှိသော မဟာ တာအို စက်ကွင်းဖြစ်သည့် ဖရိုဖရဲနယ်ပယ်ပင်။
ထိုနယ်ပယ်အတွင်းတွင် အရောင်များက ဖရိုဖရဲ မီးခိုးရောင်သို့ ပြန်လည်ရောက်ရှိသွားပြီး အသံများက ထာဝရတိတ်ဆိတ်မှုသို့ ပြန်လည်ရောက်ရှိသွားကာ ဥပဒေသများက အကြမ်းတမ်းဆုံးဖြစ်ပြီး ခွဲခြားထားခြင်းမရှိသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
သူ ရရှိထားသော တခြားမဟာတာအိုဥပဒေသများ အားလုံး ဤနေရာတွင် သဘာဝကျကျ ဖိနှိပ်ခံရပြီး ပယ်ချခံလိုက်ရသည်။
ဤသို့ဖြင့် စူးချန်ကဲသည် ဟင်းလင်းပြင်တာအို နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများကို ဖြူရော်သွားစေရန် လုံလောက်သော ပျက်သုဉ်းခြင်း ဒီရေဆီသို့ တိုက်ရိုက်လျှောက်လှမ်းသွားလေ၏။
ထို့နောက် သူက သူ၏ညာဘက်လက်သီးကို မြှောက်လိုက်သည်။
ထိုအရာမှာ ရိုးရှင်းပြီး လှပခြင်းမရှိကာ လက်သီးကိုယ်တိုင်နှင့် ထိုအရာ၏နံဘေးပတ်လည်တွင် သဘာဝကျကျ လှည့်ပတ်နေသော ဖရိုဖရဲချီစီးကြောင်း အစအနလေးများသာရှိပြီး အရာအားလုံးကို ပေါင်းစပ်သွားစေနိုင်ပုံရသည်။
သူသည် လှိုင်းထနေသော ပျက်သုဉ်းခြင်း ဒီရေဆီသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ဝုန်း...
လက်သီးချက်က ဒီရေလှိုင်းနှင့် တွေ့ဆုံသွားသည်။
မျှော်လင့်ထားသော လောကကြီးကို တုန်လှုပ်စေမည့် ပေါက်ကွဲမှုကြီး ဖြစ်မလာခဲ့ပေ။
ကြယ်တာရာ ပျက်သုဉ်းခြင်း ဥပဒေသများ ပါဝင်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ဒီရေသည် စူးချန်ကဲ၏လက်သီးပေါ်ရှိ ဖရိုဖရဲချီနှင့် ထိတွေ့လိုက်သည့် အချိန်အခိုက်အတန့်တွင် ပြိုကျပျက်စီးသွားသည်။
စူးချန်ကဲ၏လက်သီးသည် ရက်စက်ပြီး အကြောင်းပြချက်မရှိသော နည်းလမ်းဖြင့် အတင်းအကြပ် ဖြတ်သန်းသွားကာ ပျက်သုဉ်းခြင်း ဒီရေကို ဖောက်ထွင်းသွားသည်။
ကျယ်ပြန့်သော ဒီရေကြားတွင် သူသည် ဖြောင့်တန်းသော လေဟာနယ်လမ်းကြောင်း တစ်ခုကို ထိုးဖောက်လိုက်၏။
ထို့ပြင် သူ ကိုယ်တိုင်သည် ထိုလမ်းကြောင်းအတိုင်း ခြေတစ်လှမ်းတည်းဖြင့် ပေရာပေါင်းများစွာကို ဖြတ်ကျော်ကာ ကြယ်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသော ရှင်းချန်ယောင်၏ရှေ့တွင် ထွက်ပေါ်လာသည်။
မြန်တယ်...
ဒါက အရမ်းမြန်လွန်းတယ်...