အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) ထျဲ့လင်အမဲလိုက်အဖွဲ့၏ ချုံခိုတိုက်ခိုက်မှု
မြင်းရိုင်းများက အရှုံးမပေးဘဲ အဆက်မပြတ် ရုန်းကန်နေကြ၏။
ကျောက်လင်နှင့် သူ၏လူခြောက်ယောက်က မြင်းရိုင်းဆယ့်နှစ်ကောင်ကို မြောင်းထဲမှ ဆွဲထုတ်ပြီးနောက် မြင်းတစ်ကောင်က ခုန်ရန်ရဲသည်နှင့် သစ်သားတုတ်များဖြင့် ရိုက်နှက်ကြသည်။
ထို့ကြောင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံရပြီးနောက် မြင်းရိုင်းဆယ့်နှစ်ကောင်စလုံး ယဉ်ကျေးသွားကာ ထပ်မရုန်းကန်ရဲတော့ပေ။
ချက်ချင်းပင် ကျောက်လင်နှင့် သူ၏အဖွဲ့ဝင်ခုနစ်ယောက်က နွယ်ပင်များကို အသုံးပြု၍ မြင်းရိုင်းဆယ့်နှစ်ကောင်ကို နှစ်ကောင်တစ်တွဲစီ ဆက်လက် ချည်နှောင်လိုက်ကြ၏။ မြင်းရိုင်းနှစ်ကောင်၏ လည်ပင်းများကို နွယ်ပင်များဖြင့် အတူတကွ ချည်နှောင်ထားသောကြောင့် ၎င်းတို့ ရုန်းကန်ရန် ကြိုးစားလျှင်ပင် ထွက်ပြေး၍ မရနိုင်တော့ပေ။
"ကဲ... မင်းတို့ခြောက်ယောက် ဒီမြင်းရိုင်းတွေကို စောင့်ကြည့်ထားကြ... ငါ ပတ်ဝန်းကျင်က တောအုပ်ထဲမှာ သားရဲတွေကို ဆက်ပြီး အမဲလိုက်ဦးမယ်..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။
မြင်းရိုင်းများ ငြိမ်သက်သွားသော်လည်း ၎င်းတို့ အပြည့်အဝ မယဉ်ကျေးသေးကြောင်းကို ကျောက်လင်က ကောင်းကောင်း သိထားသည်။ ၎င်းတို့ ရုတ်တရက် ထိတ်လန့်ကာ ထွက်ပြေးသွားခြင်းမှ ကာကွယ်ရန် လူခြောက်ယောက်က စောင့်ကြည့်နေရမည် ဖြစ်၏။
ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့က ကျောက်လင်၏ ဆိုလိုရင်းကို နားလည်ကြသည်။ သူတို့က မြင်းရိုင်းနှစ်ကောင်စီကို အသီးသီး ထိန်းကျောင်းကာ ကျောက်လင်၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြ၏။
သူ၏ လင်းယုန်မျက်လုံးကို အားကိုးကာ ကျောက်လင်က သားရဲများကို အဆက်မပြတ် ရှာဖွေတွေ့ရှိခဲ့သည်။ သူတို့က တောဝက်အသိုက်တစ်ခုကိုပင် တွေ့လိုက်ရသေး၏။
ယခုအခါ ကျောက်လင်သည် သံမဏိအရိုးနယ်ပယ် အလယ်အလတ်အဆင့်တွင်ရှိနေပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ကျင်းလေးရာကျော် ရှိသည်။ တောဝက်တစ်ကောင်ကိုပင် လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပေသည်။
တစ်နာရီအတွင်း ကျောက်လင်သည် အရွယ်ရောက်ပြီးသော တောဝက်ခြောက်ကောင်၊ ဂျီကောင်နှစ်ကောင်နှင့် တောင်ဆိတ်ငါးကောင်တို့ကို အမဲလိုက်နိုင်ခဲ့၏။ စုစုပေါင်း အလေးချိန်မှာ ကျင်းတစ်ထောင့်လေးရာခန့် ရှိသည်။
ဤသားရဲကောင်များ၏ အသေကောင်များကို မြင်းရိုင်းများ၏ ကျောပေါ်တွင် တင်ကာ သယ်ဆောင်စေသည်။
ဝေါင်း…
ရှေးဟောင်းသစ်တောကြီး၏ အနက်ရှိုင်းဆုံး နေရာမှ သားရဲများ၏ ဟိန်းဟောက်သံများက သစ်တောထဲတွင် ရံဖန်ရံခါ ပဲ့တင်ထပ်နေ၏။ ထိုကြောက်မက်ဖွယ်ကောင်းသော လေထုက သူတို့ခုနစ်ယောက်အပေါ် အမြဲတမ်း လွှမ်းမိုးနေသည်။
"သွားကြစို့... ဒီနေ့အတွက် အမဲလိုက်ရတာ လုံလောက်ပြီ... ငါတို့ ပြန်လှည့်လို့ရပြီ..."
ကျောက်လင်က အော်ပြောလိုက်၏။
ကျောက်လင်တွင် သံမဏိအရိုးနယ်ပယ်၏ ခွန်အားရှိသော်လည်း တောအုပ်ထဲမှ လာသော သားရဲများ၏ ဟိန်းဟောက်သံများကို ကြားရသောအခါ ကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်သည်။ ခွန်အားကို နောက်တစ်ဆင့်သို့ မြှင့်တင်နိုင်မှသာ တောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်ရဲမည် ဖြစ်၏။
ထို့နောက် လူခုနစ်ယောက်က မြင်းရိုင်းများကို ဦးဆောင်ကာ ရှေးဟောင်းသစ်တောကြီးထဲမှ ထွက်ခွာလာကြသည်။ ကျောက်လင်က ရှေ့ဆုံးမှ လျှောက်လာပြီး လင်းယုန်မျက်လုံးဖြင့် ပတ်ဝန်းကျင်ကို ဆက်လက် အကဲခတ်နေ၏။
တစ်နေရာအရောက်တွင် ကျောက်လင်သည် တစ်မိုင်ခန့်ဝေးသော တောင်ကုန်းပေါ်တွင် လှုပ်ရှားနေသည့် လူရိပ်များကို မြင်လိုက်ရသည်။
"ဘာတွေ းဖြစ်နေတာလဲ..."
ကျောက်လင်က ရပ်လိုက်ပြီး ထိုလူများကို အလွန် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။
လူနှစ်ဆယ်ခန့်ရှိပြီး သူတို့အားလုံးက လေးနှင့်မြှားများကို ကိုင်ဆောင်ထားကာ ထက်မြက်သော ဓားကောက်များကို လွယ်ထားကြသည်။
ထိုလူများက မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေခြင်း သို့မဟုတ် ထိုင်နေခြင်းမျိုးရှိကာ ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် သစ်တောများကို အဆက်မပြတ် အကဲခတ်နေကြပြီး ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေပုံရ၏။
အကယ်၍ ကျောက်လင်၌သာ အဝေးမှ ပစ်မှတ်များကို မြင်နိုင်စွမ်းရှိသော လင်းယုန်မျက်လုံး မရှိခဲ့ပါက သူနှင့် အခြားခြောက်ယောက်တို့သည် ထိုတောင်ခြေသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ချုံခိုတိုက်ခိုက်ခံရဖွယ် ရှိနေသည်။
"ငါ နားလည်ပြီ... ဒါက ထျဲ့လင်ကျေးရွာက အမဲလိုက်အဖွဲ့ ဖြစ်ရမယ်..."
သေချာစဉ်းစားကြည့်ပြီးနောက် ကျောက်လင် သဘောပေါက်သွား၏။ အဘယ်ကြောင့်ဆိုသော် ဤတောင်တန်းဒေသတွင် ထင်းရှူးနက်ကျေးရွာနှင့် ထျဲ့လင်ကျေးရွာဟူ၍ ရွာနှစ်ရွာသာ ရှိသောကြောင့်ဖြစ်သည်။ ထျဲ့လင်ကျေးရွာတွင်သာ ဤတောင်တန်းဒေသ၌ အမြဲလှုပ်ရှားနေသော အမဲလိုက်အဖွဲ့များ ရှိပေသည်။
ကျောက်လင်က ပို၍ ဂရုတစိုက် အကဲခတ်လိုက်ရာ ရုတ်တရက် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။
"အဲ့ဒီလူက ဒုက္ခသည်စခန်းကနေ ထျန်ကျီလင်ကို လုယူဖို့ ကြိုးစားခဲ့တဲ့ ကောင်နဲ့ တူတယ်... အဲ့ဒီတုန်းက သူက သူ့နာမည်ကို ရှန့်ထျန်းရှုံလို့ ပြောခဲ့ပြီး ထျဲ့လင်ကျေးရွာက မုဆိုးတစ်ယောက်လို့ သူ့ဘာသာ ပြောခဲ့တာပဲ..."
ထိုလူရိပ်ကို မြင်သောအခါ ကျောက်လင်က အချို့အရာများကို ရုတ်တရက် ပြန်အမှတ်ရသွားပြီး ထိုလူနှစ်ဆယ်ကျော်သည် ထျဲ့လင်ကျေးရွာမှ မုဆိုးများဖြစ်ကြောင်း နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့၏။
ဤလူများ၏ လုပ်ရပ်ကို မြင်သောအခါ ထျဲ့လင်ကျေးရွာ အမဲလိုက်အဖွဲ့သည် ယနေ့တွင် သူ့နောက်သို့ လိုက်နေခြင်း ဖြစ်နိုင်ကြောင်း ကျောက်လင် သဘောပေါက်လိုက်သည်။
"တောအုပ်ကြီးက ဒီလောက်ကျယ်တာ ရွာနှစ်ရွာ မျှဝေဖို့အတွက်တောင် ပိုနေသေးတယ်..."
"ထျဲ့လင်ကျေးရွာ အမဲလိုက်အဖွဲ့... အလွန်အကျွံ လောဘမကြီးကြနဲ့... မင်းတို့ ငါ့ဆီကနေ ပြဿနာ လာမရှာဖို့ မျှော်လင့်တယ်... မဟုတ်ရင် မင်းတို့ အကျိုးဆက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..."
ကျောက်လင်က အေးစက်စွာ ပြောလိုက်၏။
ထို့နောက် ကျောက်လင်က ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့ကို ကြည့်လိုက်သည်။
"ငါ တွေ့လိုက်ရပြီ... ငါတို့ ပြန်မယ့်လမ်းက တောင်ကုန်းပေါ်မှာ ချုံခိုနေတဲ့ အမဲလိုက်အဖွဲ့ တစ်ဖွဲ့ရှိတယ်..."
"သူတို့က ထျဲ့လင်ကျေးရွာက အမဲလိုက်အဖွဲ့ဆိုတာ ငါ သေချာတယ်..."
"ထျဲ့လင်ကျေးရွာ အမဲလိုက်အဖွဲ့က ငါတို့ကို ပစ်မှတ်ထားနေတာလားဆိုတာ သေချာမသိရပေမဲ့ ငါတို့ သတိပေါ့လို့မရဘူး... အခြားသူတွေကို အမြဲတမ်း သတိထားရမယ်..."
"ဒါကြောင့် မင်းတို့ခြောက်ယောက်က ရှေ့ကနေ သွား... ငါက မင်းတို့နောက်မှာ ပုန်းနေမယ်..."
"အကယ်လို့ ထျဲ့လင် အမဲလိုက်အဖွဲ့က မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုရင် မင်းတို့ ဘေးကင်းကင်းနဲ့ ဖြတ်သွားလို့ရတယ်..."
"အကယ်လို့များ ထျဲ့လင် သားရဲအမဲလိုက်အဖွဲ့က မင်းတို့ကို ပစ်မှတ်ထားချင်တယ်ဆိုရင် ပြန်မချနဲ့... ပုန်းဖို့ အခွင့်အရေးရှာ... ပြီးရင် ထျဲ့လင် သားရဲအမဲလိုက်အဖွဲ့ကို ငါ လျှို့ဝှက်ပြီး ဖြေရှင်းပေးမယ်..."
ကျောက်လင်က အခြေအနေကို ရှင်းပြလိုက်၏။
ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့အားလုံး လန့်သွားကြပြီး အန္တရာယ်ရှိနေကြောင်း သဘောပေါက်သွားကြသည်။
"ကောင်းပြီ... မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့..."
"ငါတို့အားလုံးက ကျားရဲစစ်တပ်ကနေ လာတာဖြစ်ပြီး သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ဖြတ်သန်းခဲ့ဖူးတယ်... ဒီလောက် အသေးအဖွဲ အခြေအနေလေးကို ငါတို့ ကိုင်တွယ်နိုင်ပါတယ်..."
"ငါတို့က နယ်ခြားစောင့်တပ်တွေလေ... ထျဲ့လင် အမဲလိုက်အဖွဲ့က ငါတို့ကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်လာမယ်ဆိုရင် ငါတို့ရဲ့ တန်ပြန်တိုက်ခိုက်မှု ဒါမှမဟုတ် သူတို့ကို သတ်ပစ်တာတောင်မှ စစ်ဘက်ဆိုင်ရာ ဥပဒေအရ အကာအကွယ် ပေးထားလိမ့်မယ်..."
"နယ်ခြားစောင့်တပ် တစ်ယောက်ဖြစ်လာတာက တိုက်ပွဲတွေနဲ့ ပတ်သက်နေမယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး... ကောင်းပြီလေ... လူမသတ်ရတာ ရက်အနည်းငယ် ရှိနေပြီဆိုတော့ ဒီနေ့ လေ့ကျင့်လို့ရတာပေါ့..."
ထိုလူခြောက်ယောက်က အကြောက်တရားကို မပြသကြဘဲ တိုက်ခိုက်လိုသော ပြင်းပြသည့် ဆန္ဒကိုသာ ပြသနေကြ၏။
ထိုအခိုက်တွင် တောင်ကုန်းပေါ်၌ ထျဲ့လင် အမဲလိုက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ရှန့်ထျန်းရှုံက စကားပြောနေသည်။
"လူကြီးမင်းတို့... ဒီတောင်တန်းဒေသက ငါတို့ ထျဲ့လင်အမဲလိုက်အဖွဲ့ရဲ့ နယ်မြေပဲ... တခြား ဘယ်အမဲလိုက်အဖွဲ့ကိုမှ ဝင်ခွင့်မပြုဘူး... မုဆိုးတစ်ယောက်တောင် ဝင်ခွင့်မရှိဘူး..."
"ထင်းရှူးနက်ကျေးရွာက မုဆိုးတွေက ဒီတောင်တန်းဒေသမှာ ဝင်စွက်ဖက်ရဲတယ်ဆိုတာ ငါတို့ ထျဲ့လင် အမဲလိုက်အဖွဲ့ ရှိနေတာကို လျစ်လျူရှုတာပဲ... သူတို့က ငါတို့ကို ရန်စနေတာ..."
"ကျောက်လင်နဲ့ သူ့လူခုနစ်ယောက် ဒီတောင်တန်းဒေသထဲကို ဝင်လာတယ်ဆိုတာ ငါ့ရဲ့ ကင်းထောက်တွေက ငါ့ကို ပြောပြပြီးပြီ... ပြီးတော့ ဒါက သူတို့ထွက်သွားနိုင်တဲ့ တစ်ခုတည်းသောလမ်းပဲ..."
"ငါတို့ ဒီမှာ သက်တောင့်သက်သာ စောင့်နေကြမယ်... ထင်းရှူးနက်ကျေးရွာက မုဆိုးတွေကို တွေ့တာနဲ့ သူတို့ကို အခွင့်အရေး မပေးဘဲ ပစ်သတ်ကြမယ်..."
"သူတို့က နယ်ခြားစောင့်တပ်ဆိုတော့ကော ဘာဖြစ်လဲ... ငါတို့ သူတို့ကို သတ်ပစ်လိုက်သရွေ့ နယ်ခြားစောင့်တပ်ရဲ့ အထက်လူကြီးတွေက ဘာသက်သေမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ပြီးတော့ ငါတို့ကိုလည်း အပြစ်မပေးရဲဘူး..."
"ဒါ့အပြင် ငါ့ညီက ယွီရွှေခရိုင်က ချီလင်ကျောင်းတော်ထဲကို ဝင်ရောက်ပြီး နည်းပြတွေရဲ့ မျက်နှာသာပေးမှုကို ရရှိနေပြီ... ချီလင်ကျောင်းတော်ရဲ့ အဆက်အသွယ်နဲ့ဆိုရင် နယ်ခြားစောင့်တပ်ရဲ့ အထက်လူကြီးတွေက ငါ ရှန့်ထျန်းရှုံကို ဆန့်ကျင်တဲ့ သက်သေအထောက်အထားတွေ တွေ့ရင်တောင်မှ ငါ့ကို မသတ်ရဲပါဘူး..."
ရှန့်ထျန်းရှုံက တစ်ခဏမျှ ကျေနပ်ဂုဏ်ယူစွာ ပြောလိုက်၏။
"အစ်ကိုထျန်းဝေ့က တကယ်ကို အံ့သြစရာကောင်းတာပဲ... အသက်နှစ်ဆယ်အရွယ်မှာတင် သံမဏိအရိုးနယ်ပယ်ရဲ့ ခွန်အားကို ပိုင်ဆိုင်နေပြီလေ... သူက ချီလင်ကျောင်းတော်ကို သွားပြီး စစ်ဆေးမှုကို တိုက်ရိုက်အောင်မြင်ခဲ့တဲ့အပြင် နည်းပြတွေရဲ့ အာရုံစိုက်မှုကိုပါ ရရှိခဲ့တာ..."
ချက်ချင်းပင် အသက်ကြီးသူတစ်ဦးက သူ၏ ချီးမွမ်းစကားများကို စတင်ပြောဆိုလာ၏။
"အစ်ကိုထျန်းဝေ့က အနီရောင်သစ်သီးကို စားပြီးကတည်းက သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီက သိသိသာသာ တိုးတက်လာခဲ့တယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ သံမဏိအရိုးနယ်ပယ်က ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့တယ်... သူက အခုအချိန်ကစပြီး ငါတို့ ထျဲ့လင်ကျေးရွာအတွက် အကြီးမားဆုံးသော အထောက်အပံ့ ဖြစ်လာလိမ့်မယ်..."
အခြားမုဆိုးတစ်ယောက်ကလည်း ချီးမွမ်းစကား ပြောလိုက်သည်။
ရှန့်ထျန်းရှုံက အမြဲတမ်း မာနထောင်လွှားပြီး ဗိုလ်ကျတတ်သူဖြစ်သည်။ ကျင့်ကြံခြင်းတွင် ပါရမီပါသော ရှန့်ထျန်းဝေ့ဟူသည့် ညီတစ်ယောက်ရှိသောကြောင့် ထျဲ့လင် အမဲလိုက်အဖွဲ့တွင် ဩဇာအာဏာအရှိဆုံးဖြစ်ပြီး သဘာဝကျကျပင် ခေါင်းဆောင်ဖြစ်လာခဲ့၏။
ချီလင်ကျောင်းတော်ဆိုသည်မှာ ဧကရာဇ်နန်းတော်မှ အသိအမှတ်ပြုထားသည့် တရားဝင် ကိုယ်ခံပညာသင်တန်းကျောင်းဖြစ်ပြီး ကျင့်ကြံခြင်းတွင် ထူးခြားသော ပါရမီပါသည့် သာမန်ပြည်သူများကိုသာ လက်ခံပေသည်။
မဟာချင်မင်းဆက်၏ ခရိုင်တိုင်းတွင် ချီလင်ကျောင်းတော်တစ်ခုစီရှိပြီး ၎င်းသည် သာမန်လူများ ကျင့်ကြံခြင်းလမ်းစဉ်သို့ ဝင်ရောက်ရန် တစ်ခုတည်းသော တရားဝင် လမ်းကြောင်းလည်း ဖြစ်၏။
သဘာဝကျကျပင် ချီလင်ကျောင်းတော်မှ ကျောင်းသားများအားလုံးသည် အထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားကြသည်။
"ဟေး... ဟိုမှာ ကြည့်လိုက်... ဟိုမှာ မြင်းရိုင်းတစ်အုပ်နဲ့ သူတို့ကို ဦးဆောင်နေတဲ့ ကောင်ခြောက်ကောင် ရှိတယ်..."
"သူတို့က ထင်းရှူးနက်ကျေးရွာက မုဆိုးတွေ ဖြစ်နိုင်မလား..."
ရုတ်တရက် မုဆိုးတစ်ယောက်က အောက်ဘက်ရှိ တောအုပ်ကို လက်ညှိုးထိုးပြကာ တစ်စုံတစ်ရာကို ပြောလိုက်၏။