← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅) လေးပစ်စွမ်းရည် ပြသခြင်း

"ညီအစ်ကိုတို့... ငါတို့ကို လာလုနေပြီဟေ့..."

၎င်းတို့ဆီသို့ ပြေးဝင်လာသော တပ်ပျက်စစ်သား သုံးဆယ့်သုံးယောက်ကို မြင်လိုက်ရသောအခါ ကျောက်လင်က ချက်ချင်း အော်ဟစ်လိုက်၏။

ထိုလူများသည် မဟာလီမင်းဆက်၏ စစ်တပ်က အသုံးပြုခဲ့ဖူးသော စစ်သုံးဓားရှည်များကို ကိုင်ဆောင်ထားကြသည်။

သို့ဖြစ်ရာ ဤလူများသည် စစ်ရှုံးပြီး နေရာအနှံ့ ကွဲလွင့်သွားသော မဟာချင်စစ်တပ်မှ တပ်ပျက်စစ်သားများ ဖြစ်ကြောင်း ကျောက်လင် သိလိုက်ရ၏။

“သေစမ်း... တကယ်ကြီး ဓားပြတွေ ရှိနေတာပဲ..."

တောင်နောက်ဘက်မှ ဆူညံသံများကို ယောင်းဟွိုင်တောက်လည်း မြင်လိုက်ရသည်။

"အဲ့ဒါ မဟာလီမင်းဆက်က တပ်ပျက်စစ်သားတွေကွ..."

တပ်ပျက်စစ်သားများ၏ လက်ထဲရှိ ဓားများကို မြင်လိုက်ရသောအခါ ရှုံ့တကျွမ်းက အလျင်အမြန် သတိပေးလိုက်၏။

အော်ဟစ်သံများကို ကြားလိုက်ရသောအခါ ရှန်ချန်းရွှယ်နှင့် ထျန်ကျီလင်တို့မှာ ခြံဝင်းထဲမှ ချက်ချင်း ပြေးထွက်လာကြပြီး ဒေါသတကြီး ပြေးဆင်းလာသော တပ်ပျက်စစ်သား သုံးဆယ့်သုံးယောက်ကို မြင်လိုက်ရသည်။

"ယောကျ်ား... ရှင့်ကို ကူညီဖို့ ကျွန်မ ရောက်လာပြီ..."

ကျောက်လင်နှင့် အကြိမ်အနည်းငယ် အတူအိပ်စက်ပြီးနောက်တွင် ရှန်ချန်းရွှယ်၏ စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ်မှာ တိုးတက်လာခဲ့၏။ သူမသာ အစွမ်းကုန် အသုံးပြုလိုက်မည်ဆိုလျှင် ကြေးဝါအရေပြားနယ်ပယ် နောက်ဆုံးအဆင့်ရှိ ကျင့်ကြံသူ နှစ်ယောက် သို့မဟုတ် သုံးယောက်ခန့်ကို တားဆီးထားနိုင်ပေမည်။

ထျန်ကျီလင်မှာမူ ပန်းချီစွမ်းရည်သာ ရှိသဖြင့် စိုးရိမ်ပူပန်မှု အပြည့်ဖြင့်သာ စောင့်ကြည့်နေနိုင်ခဲ့သည်။

ကျောက်လင်က ခပ်ဖွဖွ ပြုံးလိုက်သည်။

"မင်းတို့ အခန်းထဲ ပြန်ဝင်နေကြ... တိုက်ခိုက်တာကို ငါတို့ ယောကျ်ားတွေကိုသာ လွှဲထားလိုက်..."

လွန်ခဲ့သော တစ်ရက်ကသာဆိုလျှင် ဤတပ်ပျက်စစ်သားများသည် ကျောက်လင်အတွက် အနည်းငယ် ဒုက္ခပေးနိုင်စွမ်း ရှိလိမ့်မည်ဖြစ်သည်။

သို့သော် ယခု ကျောက်လင်မှာ သံမဏိအရိုးနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သွေးနတ်ဘုရားဓားမှာလည်း ဒုတိယနယ်ပယ်၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ဤတပ်ပျက်စစ်သားများကို အမှန်တကယ်ပင် ကြောက်ရွံ့နေခြင်း မရှိတော့ပေ။

"ညီအစ်ကိုတို့... ရှေ့ဆုံးက ပြေးလာတဲ့ ကောင်တွေကို ငါ အရင်ပစ်ချလိုက်မယ်... မင်းတို့က နောက်ကနေ အကာအကွယ် ပေးထား..."

ကျောက်လင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

ကျောဘက်တွင် ကွင်းတပ်ဓားကို လွယ်ထားပြီး လက်ထဲတွင် ပေါင်းစပ်လေးကို ကိုင်ဆောင်ထားကာ ကျောက်လင်က တပ်ပျက်စစ်သားများဆီသို့ ပြေးဝင်သွားသည်။

တောင်ပေါ်တွင်မူ လျိုမုယွမ်က ကျောက်လင်၏ လုပ်ရပ်ကို မြင်သောအခါ မဲ့ပြုံး ပြုံးလိုက်မိ၏။

"မင်းလိုကောင် ကျောက်လင်က တကယ့်ကို မိုက်ရူးရဲဆန်ပြီး ဦးနှောက်မရှိတာပဲ... ကြေးဝါအရေပြားနယ်ပယ် ကျင့်ကြံသူလေးဖြစ်တဲ့ မင်းက ငါတို့အုပ်စုထဲကို တစ်ယောက်တည်း ပြေးဝင်ရဲတယ်ပေါ့... သေချင်နေတာပဲ..."

လျိုမုယွမ် ရရှိထားသော သတင်းအချက်အလက်များအရ ကျောက်လင်မှာ ကြေးဝါအရေပြားနယ်ပယ်တွင်သာ ရှိသေးသည်။ ထို့ကြောင့် ကျောက်လင် စိတ်အားထက်သန်စွာ ပြေးဝင်လာသည်ကို မြင်သောအခါ ကျောက်လင်သည် မိုက်ရူးရဲဆန်ပြီး ဘာမှနားမလည်သူဟုသာ သူ မှတ်ယူလိုက်၏။

မကြာမီပင် ကျောက်လင်သည် ရှေ့ဆုံးမှ တပ်ပျက်စစ်သားနှင့် မီတာနှစ်ဆယ် အကွာသို့ ရောက်ရှိလာသည်။

"ဒီမဟာလီမင်းဆက်က တပ်ပျက်စစ်သားတွေက တော်တော်လေး တိုက်ခိုက်တတ်ကြတာပဲ... သူတို့က အချိန်ပြည့် သုံးယောက်တစ်စု တိုက်ခိုက်ရေးစစ်ကြောင်းကို ထိန်းသိမ်းထားနိုင်တယ်..."

"ကံဆိုးတာက... မင်းတို့က ငါ ကျောက်လင်ရဲ့ စွမ်းအားကို လျှော့တွက်လိုက်တာပဲ..."

ကျောက်လင်က ခါးမတ်လိုက်ပြီး ပြုံးလိုက်၏။

ထိုတပ်ပျက်စစ်သား သုံးဆယ့်သုံးယောက်သည် သုံးယောက်တစ်စု ခွဲထားကြသည်။

၎င်းတို့ သုံးယောက်က တစ်စုဖြစ်ပြီး ရှေ့ဆုံးမှ လူက ကာကွယ်ရေးကို အဓိက တာဝန်ယူကာ ဘေးနှစ်ဖက်ရှိ လူများက တိုက်ခိုက်ရေးကို အဓိက တာဝန်ယူကြ၏။

ဤသည်က သုံးယောက်တစ်စု တိုက်ခိုက်ရေးစစ်ကြောင်းဖြစ်သည်။

ပစ်မှတ်နှင့် ရင်ဆိုင်ရသောအခါ ရှေ့ဆုံးမှ လူက လက်နက်ဖြင့် ပစ်မှတ်၏ တိုက်ခိုက်မှုကို ကာကွယ်ပြီး နောက်မှ နှစ်ယောက်က အခွင့်အရေးယူကာ တိုက်ခိုက်ကြရာ ပစ်မှတ်အနေဖြင့် တစ်ပြိုင်နက်တည်း ကာကွယ်ရန် မဖြစ်နိုင်တော့ပေ။

ဤသည်က စနစ်တကျ ဖွဲ့စည်းထားသော စစ်တပ်နှင့် ပြောက်ကျားတပ်ဖွဲ့တို့ကြားမှ ကွာခြားချက်ပင် ဖြစ်သည်။

ပေါင်းစပ်လေး ကွေးညွတ်သွား၏။

တြိဂံမြှားက ရုတ်တရက် ပစ်ထွက်သွားသည်။

"အရမ်းမြန်တာပဲ..."

မီတာနှစ်ဆယ် အကွာအဝေးဆိုသည်မှာ ပေါင်းစပ်လေး၏ အားပြင်းမှုအတွက် မျက်စိတစ်မှိတ်အတွင်းပင် ဖြစ်သည်။

ရှေ့ဆုံးမှ ပြေးလာသော တပ်ပျက်စစ်သားမှာ အလိုအလျောက် တုံ့ပြန်မှုဖြင့် သူ၏ ဓားကို ဝှေ့ယမ်းကာ ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သေလုမြောပါး စစ်သားမှာ သွေးပျက်ဖွယ် အော်ဟစ်သံကြီးကိုသာ ချန်ရစ်ခဲ့ရတော့၏။

မြှားတစ်စင်း ပစ်ပြီးသည်နှင့် ကျောက်လင်က အနည်းငယ်မျှ ရပ်တန့်မနေဘဲ နောက်ထပ် မြှားတစ်စင်းကို အလျင်အမြန် တပ်ဆင်ကာ ထပ်မံ ပစ်ခတ်လိုက်သည်။

တြိဂံမြှားက လျှပ်စီးလက်သကဲ့သို့ ထပ်မံ ပျံသန်းသွားပြီး အခြား တပ်ပျက်စစ်သားတစ်ယောက်၏ အသက်ကိုပါ အဆုံးသတ်လိုက်၏။

"မဖြစ်နိုင်ဘူး..."

သူ၏ အဖော်နှစ်ယောက် ထိုသို့ လဲကျသွားသည်ကို မြင်လိုက်ရသောအခါ သုံးယောက်တစ်စု တိုက်ခိုက်ရေးစစ်ကြောင်းမှ နောက်ဆုံး ကျန်ရစ်သူမှာ အလွန် ထိတ်လန့်သွားတော့သည်။ သူက တုံဆိုင်းမနေဘဲ လှည့်ကာ ထွက်ပြေးလေတော့၏။

ကျောက်လင်က သူ့ကို ထွက်ပြေးဖို့ အခွင့်အရေး ပေးပါမည်လား။

နောက်ထပ် မြှားတစ်စင်း ပစ်ခတ်လိုက်သည်။

တတိယမြောက် တပ်ပျက်စစ်သားလည်း မြှားထိမှန်ကာ လဲကျသွား၏။

လျိုမုယွမ်လည်း သုံးယောက်တစ်စု တိုက်ခိုက်ရေးစစ်ကြောင်းတွင် ပါဝင်နေသည်။ ကျောက်လင်က သူ၏ လူသုံးယောက်ကို မြှားသုံးစင်းဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ သူ အလွန် အံ့အားသင့်သွား၏။

"ဒီကောင့်ရဲ့ လေးပစ်စွမ်းရည်က တကယ့်ကို အံ့သြစရာပဲ..."

ဤသည်မှာ လျိုမုယွမ်၏ တုံ့ပြန်မှုဖြစ်သော်လည်း သူက ကြောက်ရွံ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်လင်၏ ကျောဘက်ရှိ မြှားကျည်တောက်ထဲတွင် မြှားခုနစ်စင်းသာ ကျန်တော့သည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

"ညီအစ်ကိုတို့... မျဉ်းဖြောင့်စစ်ကြောင်း ဖွဲ့ပြီး ကျောက်လင်ကို တစ်ပြိုင်နက်တည်း ဝိုင်းသတ်ကြ..."

လျိုမုယွမ်က သူ၏ နည်းဗျူဟာကို အလျင်အမြန် ပြောင်းလဲလိုက်ပြီး ကျန်ရှိနေသော သုံးယောက်တစ်စု တိုက်ခိုက်ရေးစစ်ကြောင်း ဆယ်ခုကို တစ်တန်းတည်း ဖြန့်ခွဲကာ ကျောက်လင်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် စီစဉ်လိုက်သည်။ ထို့မှသာ ကျောက်လင် အာရုံများသွားကာ တစ်ခုခုကိုသာ အာရုံစိုက်နိုင်တော့မည် ဖြစ်၏။

သို့သော်လည်း ကျောက်လင်က အေးစက်စက် ပြုံးနေဆဲဖြစ်ပြီး တပ်ပျက်စစ်သားများ၏ တိုက်ခိုက်ရေးစစ်ကြောင်း ပြောင်းလဲသွားမှုအပေါ် လုံးဝ ဂရုစိုက်ပုံ မရပေ။

ကျောက်လင်က ကျန်ရှိနေသော တြိဂံမြှား ခုနစ်စင်းကို တုံဆိုင်းမနေဘဲ ဆက်တိုက် ပစ်ခတ်လိုက်သည်။

လူခြောက်ယောက် မြှားထိမှန်၍ သေဆုံးသွား၏။

"ခွေးကောင် ကျောက်လင်... မင်းလိုကောင်ကို ငါ အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်..."

ပေါင်းစပ်လေးက ဤမျှ အားပြင်းလိမ့်မည်ဟု သော်လည်းကောင်း၊ ကျောက်လင်၏ လေးပစ်စွမ်းရည်က ဤမျှ ကောင်းမွန်လိမ့်မည်ဟု သော်လည်းကောင်း လျိုမုယွမ် လုံးဝ ထင်မှတ်မထားခဲ့မိပေ။

လူနှစ်ဆယ့်လေးယောက်သာ ကျန်တော့သည်။

"ကျောက်လင်... အခု မင်းဆီမှာ မြှားမရှိတော့ဘူးလေ... ငါ မင်းကို ဘယ်လိုသတ်မလဲဆိုတာ သေချာ ကြည့်ထား..."

လျိုမုယွမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။

ထိုအချိန်တွင် ယောင်းဟွိုင်တောက်က မြှားအစင်း ခြောက်ဆယ် ပါဝင်သော မြှားကျည်တောက်ကို သယ်ဆောင်ကာ ကျောက်လင်၏ ဘေးသို့ ပြေးလာခဲ့သည်။

ဤမြှားများက ဘယ်က ရောက်လာသနည်း။

တောင်ပေါ်တွင် ကျောက်လင်က ရှန့်ထျန်းရှုံနှင့် သူ၏ မုဆိုးလေးယောက်ကို ရိုင်ဖယ်ဖြင့် ပစ်သတ်ခဲ့စဉ်က ထိုလေးယောက်စလုံးတွင် လေး၊ မြှားနှင့် မြှားကျည်တောက်များ ပါရှိခဲ့သည်။

သဘာဝကျစွာပင် ယောင်းဟွိုင်တောက်နှင့် သူ၏ အဖော်ခြောက်ယောက်တို့က ထိုလူလေးယောက်ထံမှ လေးများ၊ မြှားများနှင့် မြှားကျည်တောက်များကို ယူဆောင်လာခဲ့ကြ၏။

ကျောက်လင်၏ အိမ်သို့ ပြန်ရောက်ပြီးနောက် ထိုလူလေးယောက်ပိုင်ဆိုင်သော လေးနှင့် မြှားများကို ခြံဝင်းထဲတွင် ထားရှိခဲ့ကြသည်။

မမျှော်လင့်ဘဲ ဤတပ်ပျက်စစ်သားများ လာရောက်တိုက်ခိုက်ကြသဖြင့် ယောင်းဟွိုင်တောက်က ခြံဝင်းထဲသို့ ပြေးဝင်သွားကာ လေးနှင့် မြှားကျည်တောက်များကို သွားယူခဲ့ခြင်း ဖြစ်သည်။

"ငါ့ဆီမှာ မြှားမရှိဘူးလို့ ဘယ်သူပြောလဲ..."

ကျောက်လင်က ခပ်ဖွဖွ ပြုံးလိုက်၏။

မျက်စိတစ်မှိတ်အတွင်း ကျောက်လင်က နောက်ထပ် မြှားတစ်စင်းကို ဆွဲထုတ်လိုက်ကာ ပေါင်းစပ်လေးကို အဆုံးထိ ကွေးညွတ်စေပြီးနောက် လျှပ်စီးလက်သကဲ့သို့ ပစ်လွှတ်လိုက်သည်။

ထိုမြှားမှာ လျိုမုယွမ်ဆီသို့ ဦးတည်သွား၏။

"ခွေးကောင်..."

သံမဏိအရိုးနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသူပီပီ လျိုမုယွမ်က အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး မြှားကို တစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ်လိုက်ကာ သူ၏ တစ်ကိုယ်လုံးမှာ ဒေါသကြောင့် တုန်ယင်နေ၏။

ကျောက်လင်၏ ဘေးရှိ မြှားများ အပြည့်ပါသော မြှားကျည်တောက်ကို မြင်သောအခါ လျိုမုယွမ် သဘောပေါက်သွားသည်။ သူ၏ လူများကို ကျောက်လင်အား ဆက်တိုက်ခိုက်ရန် အမိန့်ပေးပါက အလုပ်ဖြစ်မည်မဟုတ်ဘဲ သူတို့ကို သေတွင်းထဲသို့ ပို့လိုက်သလိုသာ ဖြစ်သွားမည်ကို သူ နားလည်လိုက်၏။

"မင်းတို့အားလုံး ဆုတ်ကြတော့... ငါ နောက်ကနေ ကာကွယ်ပေးမယ်..."

လျိုမုယွမ်က ရုတ်တရက် အော်ဟစ်လိုက်သည်။

ဤလူများထဲတွင် သူ၏ တုံ့ပြန်မှုအလျင်အမြန်နှုန်းသာလျှင် မြှားတိုက်ခိုက်မှုကို ကာကွယ်နိုင်ကြောင်း လျိုမုယွမ် သိထား၏။

ထို့အပြင် လျိုမုယွမ်မှာလည်း သံမဏိအရိုးနယ်ပယ်တွင် ရှိနေသဖြင့် မြှားထိမှန်ခဲ့လျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရမည် မဟုတ်ပေ။

ကျန်ရှိနေသော သူ၏ လူများကို ကာကွယ်နိုင်ရန်အတွက် လျိုမုယွမ်မှာ ဤအမိန့်ကို ထုတ်ပြန်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

ထို့ကြောင့် ကျန်ရှိနေသော တပ်ပျက်စစ်သား နှစ်ဆယ့်သုံးယောက်မှာ လှည့်ပြေးကြပြီး တောင်နောက်ဘက်သို့ ပြန်ဆုတ်ရန် ကြိုးစားကြတော့၏။

လျိုမုယွမ်က သူ၏ လူများ သစ်တောထဲသို့ ထွက်ပြေးနိုင်ရန် အကာအကွယ်ပေးရင်း နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာကာ ကျောက်လင်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။

“အဟငါ... ဒီကို ရောက်လာမှတော့ ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့..."

ကျောက်လင်က လှောင်ပြုံး ပြုံးလိုက်၏။

ချက်ချင်းပင် ကျောက်လင်က မြှားကျည်တောက်ကို ပခုံးပေါ် လွယ်တင်လိုက်ပြီး ဆက်လက် လိုက်လံ ဖမ်းဆီးတော့သည်။

မြှားများ ဆက်တိုက် ပစ်ထွက်သွား၏။

ပစ်မှတ်မှာ လျိုမုယွမ် မဟုတ်ဘဲ သစ်တောထဲသို့ ပြေးဝင်သွားကြသော တပ်ပျက်စစ်သားများပင် ဖြစ်သည်။

လင်းယုန်မျက်လုံးဖြင့် ပစ်မှတ်ကို သော့ခတ်ထားသဖြင့် တပ်ပျက်စစ်သားများ၏ ခန္ဓာကိုယ်ကို သစ်ပင်များက ကွယ်မနေသရွေ့ မြှားများက မျက်စိပါသကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်များဆီသို့ တိုက်ရိုက် စိုက်ဝင်သွားတော့၏။

ထို့နောက် သစ်တောထဲမှ အော်ဟစ်သံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

"ခွေးကောင်... ခွေးကောင်..."

လျိုမုယွမ်မှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်နေ၏။

လျိုမုယွမ်ကို လေးနှင့် မြှားအသုံးပြု၍ တိုက်ခိုက်မည့်အစား ကျောက်လင်က အဆက်မပြတ် ရှောင်တိမ်းကာ ဟိုဟိုဒီဒီ ပြေးလွှားရင်း မြှားများကို အခမဲ့ရထားသကဲ့သို့ ပစ်ခတ်နေခဲ့သည်။

မြှားတစ်စင်းစီက တပ်ပျက်စစ်သားတစ်ယောက်၏ အသက်ကို နီးပါးလောက် နှုတ်ယူသွားနိုင်စွမ်းရှိသည်။

ကျောဘက်မှ အော်ဟစ်သံများကို ကြားရသောအခါ သူ၏ လူများ အလျင်အမြန် လဲကျသေဆုံးနေကြောင်း လျိုမုယွမ် ကောင်းကောင်း သိလိုက်၏။

တပ်ပျက်စစ်သား အနည်းငယ်သာ ကျန်ရှိတော့သည်။

All Chapters