အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း (၁၈၁) ယွင်ဟွား ဒေါသပေါက်ကွဲခြင်း
ယွင်ဟွားက အသက်ကို ပြင်းပြင်းရှူလိုက်ရာ သူမ၏ လက်သေးသေးလေးများမှာ အနည်းငယ် တုန်ယင်နေလေသည်။
“ဆက်ပြောလေ..”
ရှောင်ဟွားဟွား၏ ထိန်းချုပ်ထားသော အမူအရာကို ကြည့်ရင်း သေခြင်းရှင်ခြင်းစာအုပ်သည် မကောင်းသော ခံစားချက်တစ်ခု ရရှိနေ၏။
“နယ်မြေချဲ့ထွင်ဖို့ နှစ်သက်တဲ့ ပေကျန်းဧကရာဇ်က နောက်ထပ် ငါးနှစ်လောက် တောင့်ခံနိုင်မယ်လို့ ထင်မှတ်ထားခဲ့တယ်... ဒါပေမယ့် အရှေ့ဘက်မှ သူလျှိုတွေအားလုံး ရှင်းလင်းခံလိုက်ရပြီးနောက် ညီလာခံမှာ ဝူဟိုင်ဖုန်းရဲ့ စကားကြောင့် ပိုမို ဒေါသထွက်သွားပြီး နွေဦးပေါက်မှာ စစ်ပွဲစတင်ဖို့ အမိန့်ပေးလိုက်ပြီ…”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ နွေဦးရာသီအစမှာ တုံလင်နိုင်ငံက အင်ပါယာစာမေးပွဲကို ကျင်းပမှာဖြစ်လို့ သူတို့က ငါတို့ အငိုက်မိချိန်ကို အခွင့်ကောင်းယူဖို့ စီစဉ်နေကြတယ်... ပေကျန်းဧကရာဇ်က တုံလင်နိုင်ငံကို သိမ်းပိုက်ပြီး တစ်ကမ္ဘာလုံးကို စိုးမိုးမယ်လို့တောင် ကြုံးဝါးခဲ့သေးတယ်…”
အားလုံးမှာ အံ့အားသင့်သွားကြ၏။
ထိုသတင်းကြောင့် သူတို့က တုန်လှုပ်သွားကြပြီး အမူအရာများ လုံးဝ ပြောင်းလဲသွားကြလေသည်။
အရှေ့ဘက်ရှိ တိုင်းပြည်သည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ငြိမ်းချမ်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ ကောင်မလေး အရင်က ပြောခဲ့ဖူးသည့် နှင်းမုန်တိုင်းကပ်ဘေးကို ထည့်မတွက်လျှင်ပင် နယ်စပ်ရှိ ပြည်သူများ ထပ်မံ၍ ဒုက္ခရောက်ကြရတော့မည် ဖြစ်၏။
နန်းတွင်းမှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း စစ်ပွဲနီးကပ်လာသည်နှင့်အမျှ ပြည်သူများ၏ ထိတ်လန့်မှုသည် ပို၍ ကြီးမားလာမည်ဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်ရမှုများနှင့် နှင်းမုန်တိုင်းကပ်ဘေးတို့ကြောင့် မရေမတွက်နိုင်သော သေကြေဒဏ်ရာရမှုများနှင့် လယ်ကွင်းများအနှံ့ ပြန့်ကျဲနေမည့် အလောင်းများကို သူတို့ မျက်စိထဲတွင် မြင်ယောင်နေမိကြပြီဖြစ်သည်။
သေခြင်းရှင်ခြင်းစာအုပ်ထံမှ စကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်…
တရားသူကြီး၏စုတ်တံက ခုန်ပေါက်သွားပြီး ၎င်း၏ မျက်လုံးများက ဒေါသတကြီး ပြူးကျယ်လာကာ မျက်နှာလေးမှာလည်း ဒေါသကြောင့် ဖောင်းကားသွားလေသည်။
“သူက ရဲတင်းလှချည်လား”
“တုံလင်နိုင်ငံကို သိမ်းပိုက်ပြီး တစ်ကမ္ဘာလုံးကို စိုးမိုးဖို့ဆိုတာက ရှောင်ဟွားအတွက် ငါတို့နှစ်ယောက် ရေးဆွဲထားတဲ့ အစီအစဉ်ပဲ... အကယ်၍ သူသာ အဲ့အစီအစဉကို ခိုးယူရဲမယ်ဆိုရင် ပေပေ့က အဲ့ခွေးကောင်ကို သတ်ပစ်ရလိမ့်မယ်…”
“ဟုတ်တယ်... နင့်ရဲ့ ရတနာတွေ အကုန်လုံးကို ထုတ်လိုက်... ဟွားဟွားအတွက် သူတို့ကို သေအောင် ထုသတ်ပစ်ကြစို့…”
သေခြင်းရှင်ခြင်းစာအုပ်သည်လည်း ပေါက်ကွဲလုနီးပါး ဖြစ်နေ၏။ ဟွားဟွားသည် ဤကမ္ဘာလောကကို ချစ်မြတ်နိုးသော်လည်း တုံလင်နိုင်ငံအပြင် သူမ၏ ချစ်ရသော မိသားစုနှင့် သူငယ်ချင်းများကို ပို၍ပင် ချစ်မြတ်နိုးလေသည်။
သူတို့သည်လည်း ဟွားဟွားအတွက် ဤကမ္ဘာလောကကို ကာကွယ်ပေးချင်နေသည်။
“သူတို့ကို သေအောင် ထုသတ်ရုံတင်မကဘူး ပေကျန်းနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေအားလုံးရဲ့ သက်တမ်းတွေကိုပါ ဖြတ်ပစ်မယ်..”
တရားသူကြီး၏စုတ်တံက အော်ဟစ်လိုက်ရာ သေခြင်းရှင်ခြင်းစာအုပ်သည် ငြိမ်မနေသော ၎င်း၏ ဆံပင်အစုအဝေးကို အမြန်ဖမ်းဆုပ်လိုက်သည်။
“နင် ဘာလုပ်နေတာလဲ... နင် လူတွေရဲ့ သက်တမ်းတွေကို အရမ်းများများ ဖြတ်တောက်နေတာ... အစောနဲ့အနှောင်း ယမမင်း သိသွားလိမ့်မယ်... နင် ငြိမ်းငြိမ်းချမ်းချမ်း နေချင်သေးရဲ့လား..”
“အသက်တွေကို ယူမယ့်အစား သူတို့ကို သေတဲ့အထိ နှိပ်စက်နိုင်မယ့် နည်းလမ်းကို ရှာကြတာပေါ့... အဲ့တာက ပိုပြီး ကျေနပ်စရာကောင်းလိမ့်မယ်..”
အားလုံးက နောင်တတရားများဖြင့် ကြည့်နေကြ၏။
တရားသူကြီး၏စုတ်တံသည် လည်ပင်းကို ကျုံ့လိုက်ပြီး ချက်ချင်းပင် လေလျှော့သွားလေသည်။
ဤအချိန်တွင် အားလုံးသည် ကိုယ်ပိုင်အတွေးများဖြင့် အလုပ်ရှုပ်နေကြပြီး ယွင်ဟွား၏ တစ်ကိုယ်လုံး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကာ သူမ၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေပြီး သေးငယ်သော လက်လေးများက လက်သီးဆုပ်ထားသည်ကို မည်သူမျှ သတိမပြုမိကြပေ။
သူမသည် ဖခင်ဖြစ်သူ၏ ဦးခေါင်းများကို စုဆောင်းရသည်ကို နှစ်သက်ပြီး ရှောင်ယွမ်ယွမ်အား အဆိပ်ဒဏ်ကို ဆယ့်ငါးနှစ်တိုင်တိုင် ခံစားရစေခဲ့ကာ ယခုအခါတွင်မူ စစ်ပွဲတစ်ပွဲကို စတင်လိုက်လေရာ ပြည်သူများကို အိုးမဲ့အိမ်မဲ့ဖြစ်စေပြီး ဒုက္ခတွင်းသို့ ကျရောက်စေကာ စစ်သည်များမှာ တိုင်းပြည်ကို ကာကွယ်ရန် ရှေ့တန်းစစ်မျက်နှာပြင်တွင် အသက်စတေးကြရမည် ဖြစ်သည်။
ဤသည်မှာ သူမ ချစ်မြတ်နိုးသော လောကဖြစ်ပြီး သူမ၏ မိသားစုနှင့် သူမ ကာကွယ်ပေးလိုသော လူများရှိရာ နေရာဖြစ်သည်။
“ငရဲပြည်မှာ တစ္ဆေတွေ ပြည့်လျှံနေပြီ... ပြီးတော့ သူတို့က လူတွေကို ဦးခေါင်းမပါဘဲတောင် အောက်ကို ပို့နေကြသေးတယ်... ဒီအဘွားကြီးက အဲ့ခွေးကောင်ကို သတ်ပစ်ရလိမ့်မယ်..”
ယွင်ဟွားသည် ပေါက်ကွဲထွက်သွားပြီး သူမ၏ စိတ်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဆက်လက် ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ပေ။ သူမသည် အစွမ်းကုန် အားယူကာ အစောပိုင်းက မင်းသားစု ရထားလုံးကို ထုရိုက်ခဲ့သည့် ပုံစံအတိုင်း အတုခိုးလျက် လက်သီးဆုပ်ကာ ပြင်းပြင်းထန်ထန် ထုချလိုက်လေသည်။
"ငရဲကို သွားလိုက်စမ်း..."
ယွင်ဟွားက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"ဂျွတ်..."
"ဂျွတ်..."
ထိုရင်းနှီးနေသော အသံကို ကြားလိုက်ရသည်နှင့် လမ်းပေါ်ရှိ လူများသည် ရထားလုံးနှင့် အမြန်ဝေးရာသို့ ရှောင်ထွက်သွားကြသည်။
ရထားလုံးထဲရှိ လူများသည် ခဏတာမျှ ကြောင်အသွားကြ၏။
နောက်တစ်စက္ကန့်တွင်မူ။
ရထားလုံးသည် အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး မည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ရထားလုံးနှင့်တကွ အပျက်အစီးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ယွင်ဟွားခမျာ လုံးဝကို ကြောင်အသွားလေသည်။
နန်ကုန်းယွမ်လည်း သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ ယခုဆိုလျှင် လူများအတွက် ပြောစရာအကြောင်းအရာတစ်ခု ထပ်ရသွားပြန်ပြီ ဖြစ်သည်။
သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ မျက်လုံးများကို အုပ်ထားလိုက်ပြီး စောစောကတည်းက မကောင်းသော ခံစားချက်တစ်ခု ရရှိနေခဲ့သည်ဟု ပြောလိုက်သည်။
"အား...အစ်မကြီး... ကျွန်တော့် ခြေထောက်က သေမတတ် နာနေပြီ..."
တတိယမင်းသားသည် ၎င်း၏ ခြေထောက်ကို ဆုပ်ကိုင်ထားရင်း အော်ဟစ်လိုက်လေသည်။ ယခုမှ အနည်းငယ် သက်သာလာသော သူ၏ ခြေထောက်သည် ပြဿနာ ထပ်တက်သွားပြန်ပြီ ဖြစ်၏။
ယွင်ဟွား၏ မျက်ခွံများက တုန်လှုပ်သွားသည်။
ထို့နောက် အခြားသော အော်ဟစ်သံတစ်ခုက သူမ၏ နားထဲသို့ ရောက်ရှိလာပြန်သည်။
"အား..."
"မြန်မြန်... တစ်ယောက်ယောက် မြန်မြန်လာခဲ့ကြပါဦး... သစ်သားစတစ်စက ငါ့တင်ပါးကို စူးဝင်သွားပြီ... အဘိုးကြီးယွင်... ငါ့အတွက် အခုချက်ချင်း ဆွဲနုတ်ပေးစမ်း..."
ချန်ကျဲဟန်သည် လူးလှိမ့်နေပြီး မြေပြင်ပေါ်တွင် မှောက်လျက်သား လဲကျနေကာ နာကျင်မှုကြောင့် ချွေးများ ဒလဟော စီးကျနေ၏။ နောင်တွင် သူ မြင်သမျှ ဖရဲသီးတိုင်းကို မစားသင့်တော့ကြောင်း သူ သိလိုက်သည်။ အကယ်၍ သတိမထားပါက ပြဿနာကြီးကြီးမားမားနှင့် ရင်ဆိုင်ရနိုင်သည် မဟုတ်ပါလား။
ယွင်ဟွားသည် အနည်းငယ် သနားစရာကောင်းနေသော ချန်ကျဲဟန်ကို လှမ်းကြည့်လိုက်ပြီး အပြစ်ရှိသလို ခံစားရကာ နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
သူမ တမင်တကာ လုပ်ခဲ့ခြင်း မဟုတ်ပေ။
ဝန်းရံနေကြသော လူများက မြေပြင်ပေါ်သို့ လဲကျနေသူများကို မြင်သောအခါ စုဝေးကြည့်ရှုကြလေသည်။
"သူတို့ကို ကြည့်စမ်း... ခေါင်းခွဲမင်းသမီးနဲ့ လူယုတ်မာမင်းသား... သူတို့နှစ်ယောက် ပေါင်းမိရင် အခြားသူများကို ဒုက္ခပေးမယ် မဟုတ်ရင် သူတို့ရဲ့ ကိုယ်ပိုင်လူတွေအပေါ်တောင် ကပ်ဘေးဆိုက်စေမှာ သေချာတယ်.."
"မင်းပြောတာ မှန်တယ်... ငါတို့ အသံတိတ်တိတ်နေကြရအောင်... အကယ်၍ ခေါင်းခွဲမင်းသမီးက ကြားသွားခဲ့ရင် တစ်ယောက်က ငါတို့ရဲ့ ခေါင်းကို ခွဲပစ်ပြီး နောက်တစ်ယောက်က ငါတို့ရဲ့ နှလုံးကို ဆွဲထုတ်ပစ်လိမ့်မယ်... ငါတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
ယွင်ဟွားမှာ အံ့အားသင့်သွားသည်။
နန်ကုန်းယွမ်မှာ တွေဝေသွားသည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် မင်းသားစုအိမ်တော်နှင့် သိပ်မဝေးလှပေ။
ဆူညံပွက်လောရိုက်မှုများ ပြီးဆုံးသွားပြီးနောက် ချန်ကျဲဟန်တစ်ယောက် သေသည့်တိုင်အောင် ယွင်ဟွားနှင့် တစ်ရထားတည်း စီးရန် ငြင်းဆန်ခဲ့လေသည်။
အထီးကျန်နေသော ရုပ်သွင်တစ်ခုက ရထားလုံးပေါ်တွင် ပျပ်ဝပ်စွာ လဲလျောင်းနေပြီး သူ၏ အိမ်တော်ဆီသို့ မောင်းနှင်သွားစဉ် ညည်းတွားအော်ဟစ်နေလေသည်။
မင်းသားစု၊ သူ၏ သားတော် နန်ကုန်းယွမ်နှင့် ယွင်ရှောင်ထျန်းတို့သည် လေးနက်သော အမူအရာများဖြင့် နန်းတော်ဆီသို့ အလျင်စလို ထွက်ခွာသွားကြသည်။
မထွက်ခွာမီ နန်ကုန်းယွမ်က တတိယမင်းသားအား အေးစက်စက်နှင့် သတိပေးသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
"မင်းရဲ့ ခြေထောက် ကျိုးသွားပြီဆိုရင် အခုချက်ချင်းပြန်ပြီး အနားယူသင့်တယ်..."
ကောင်မလေး၏ ရှေ့တွင် ပေါ်မလာခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
မမျှော်လင့်ဘဲ...
တတိယမင်းသားက ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"ငါ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား... ဟေး... မင်း အခု နန်းတော်ကို သွားရတော့မယ်... မင်း ငါ့ကို မထိန်းချုပ်နိုင်ဘူး... မင်း ငါ့ကို မထိန်းချုပ်နိုင်ဘူး..."
သူ၏ မာနထောင်လွှားနေသော အမူအရာက နန်ကုန်းယွမ်အား သူ၏ အခြားခြေထောက်တစ်ဖက်ကိုပါ ထုခွဲပစ်ချင်စိတ် ပေါက်သွားစေသည်အထိပင်။
အချိန်က အလွန်အရေးကြီးနေသဖြင့် သူသည် အံကြိတ်ကာ ထွက်ခွာသွားရန်သာ တတ်နိုင်တော့၏။
တတိယမင်းသားသည် ပြဿနာရှာတတ်သော နန်ကုန်းယွမ်ကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ပြီးနောက် ပြုံးဖြီးဖြီးဖြင့် ချဉ်းကပ်လာခဲ့သည်။
ယွင်ဟွားက မကြည့်ရက်တော့ဘဲ မေးလိုက်သည်။
"နင့်အိမ်တော်ကို ဘာလို့ မပြန်တာလဲ... ငါ့ရဲ့ ယွင်အိမ်တော်မှာ ဘာလာလုပ်နေတာလဲ..."
တတိယမင်းသားက မျက်ခုံးပင့်လိုက်ကာ
"အစ်မကြီးရှိတဲ့ နေရာက ငါရှိမယ့် နေရာပဲ... အစ်မကြီးရဲ့ အိမ်က ငါ့အိမ်ပဲ... ငါ့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီးပြီမို့ အစ်မကြီးဆီမှာ ခိုလှုံဖို့ ရောက်လာတာ..."
“နင် ဘာပြောလိုက်တယ်..."
ယွင်ဟွား၏ အသံက ရုတ်တရက် ကျယ်လောင်သွားလေသည်။
ထိုစဉ် ရထားလုံးသည် ယွင်အိမ်တော်၏ တံခါးပေါက်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
တတိယမင်းသား၏ အစောင့်များသည် ပစ္စည်းများထည့်ထားသော သေတ္တာများကို အိမ်တော်အတွင်းသို့ သယ်ဆောင်နေကြ၏။
"ရပ်လိုက်စမ်း..."
"သူ့ပစ္စည်းတွေ အကုန်လုံးကို အပြင်ကို လွှင့်ပစ်လိုက်..."
ယွင်ဟွားသည် ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး သွေးစုပ်ကောင်ကဲ့သို့ ဖြစ်နေသော တတိယမင်းသားကို ကြည့်ကာ သူမသည် အုတ်ခဲဖြင့် သေအောင် ထုသတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေလေသည်။
အိမ်တော်ထိန်းသည် အခက်တွေ့နေသော အမူအရာဖြစ်နေ၏။ သခင်မကြီးသည် ယနေ့နံနက်စောစောက ဒုတိယသခင်မလေးနှင့် တတိယသခင်မလေးတို့ကို နင်းအန်းနယ်စားအိမ်တော်သို့ ခေါ်ဆောင်သွားခဲ့ပြီး အစ်ကိုကြီးမှာမူ ကျောင်းတွင် ရှိနေသည်။
"မင်းသမီး... ပြန်ရောက်လာပြီလား..."
အိမ်တော်ထိန်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။
တတိယမင်းသား၏ အစောင့်များသည် အားလုံး တောင့်တင်းသန်စွမ်းကြပြီး သူက လုံးဝ တားဆီးနိုင်ခြင်း မရှိပေ။ ယခု မင်းသမီး ရောက်ရှိလာပြီဖြစ်ရာ သူသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်သွားလေသည်။
ယွင်ဟွားက သူမ၏ လက်သေးသေးလေးကို နောက်သို့ တစ်ချက် လှုပ်ခါလိုက်ရာ ရွှေအုတ်ခဲလေးတစ်တုံးက သူမ၏ လက်ထဲတွင် ပေါ်လာပြီး
"နောက်ထပ် တစ်ခုကို ရွှေ့ရဲတဲ့သူရှိရင် ငါ့လက်ထဲက ဒီအုတ်ခဲရဲ့ စွမ်းအားကို မြည်းစမ်းကြည့်ရလိမ့်မယ်..."
“ပန်းကလေး... အဲ့အရူးကို အရင်ဆုံး သေအောင်ထုသတ်လိုက်..”
သေခြင်းရှင်ခြင်းစာအုပ်က တတိယမင်းသားအပေါ်တွင် အညှိုးအာဃာတ ကြီးမားလှပြီး သူက ဟွားဟွားကို အနှောင့်အယှက်ပေးရဲသေးသည်။ ၎င်းက သူ့ကို သေအောင် ကိုက်ပစ်လိမ့်မည်။
တတိယမင်းသားသည် သူ့ကိုယ်သူ အေးအေးဆေးဆေးပင် အသယ်ခံလိုက်ပြီး သူ၏ ဘီးတပ်ကုလားထိုင်ကို သေတ္တာ၏ ဘေးသို့ တွန်းပို့စေလိုက်သည်။
"အစ်မကြီး... မင်းက လှပပြီး စိတ်ထားကောင်းတဲ့သူပါ... ငါက နေ့တိုင်း အခန်းထဲမှာ တစ်ယောက်တည်း နေရတာ အထီးကျန်ပြီး အေးစက်လွန်းလို့ ငါ့ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့အတွက်ပဲဟာ... အစ်မကြီးက အဲ့လောက်တောင် ရက်စက်လို့ မရဘူးလေ..."
ယွင်ဟွားသည် သူ့အား အေးစက်စွာ စိုက်ကြည့်နေပြီး သူမ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ ရှိမနေပေ။
တတိယမင်းသား၏ မျက်နှာကြွက်သားများ အနည်းငယ် တွန့်လိမ်သွားပြီး သူ၏ လက်များကို ဖြည်းညင်းစွာနှင့် ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားကာ သေတ္တာတစ်လုံးကို ဖွင့်လိုက်လေသည်။
ထိုခဏတွင်…
မျက်စိကျိန်းမတတ် တောက်ပနေသော ရွှေရောင်အလင်းတန်းများကြောင့် အားလုံးမှာ မျက်စိပင် မဖွင့်နိုင်ကြတော့ပေ။
ယွင်ဟွား၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး ရှောင်ကျင်းဇီက သူမကို ပြုံးဖြီးဖြီးနှင့် ကြည့်နေသည်ကို မြင်လိုက်ရသကဲ့သို့ပင်။
သေခြင်းရှင်ခြင်းစာအုပ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး တရားသူကြီး၏စုတ်တံက အံ့ဩတကြီးဖြင့်
"ပန်းကလေး... ရွှေတွေ အများကြီးပဲ... နင်တော့ ထပ်ပြီး ချမ်းသာတော့မယ်..”
တတိယမင်းသား၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွား၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ အစ်ကိုကြီးသည် ရွှေလေးများအပေါ်တွင် ခုခံနိုင်စွမ်း မရှိကြောင်း သူ သိထားသည် မဟုတ်ပါလား။
ထို့နောက် သူက လက်ချောင်းလေးများကို တစ်ချက် တွတ်လိုက်သည်။
တတိယမင်းသား၏ အနောက်ရှိ အစောင့်များက အခြားသော သေတ္တာများစွာကို ဆက်လက် ဖွင့်လိုက်ကြလေသည်။