အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း (၁၈၃) စေ့စပ်ညှိနှိုင်းခြင်းနှင့် နေရာရွှေ့ပြောင်းခြင်း
သေခြင်းရှင်ခြင်းစာအုပ်...
ထိုကျောက်တုံးအစုအား သူ သင်ယူဖူးသမျှ ဆဲရေးတိုင်းထွာသော စကားလုံးများအားလုံးဖြင့် ပစ်ပေါက်ပစ်ချင်စိတ်များ ပြင်းပြနေတော့သည်။
ယွင်ဟွားက ရှောင်ရှူးရှူးကို နှစ်သိမ့်ပေးလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"သူတို့ကိုယ်စား ငါ သစ္စာဆိုပေးမယ်... ရမလား..."
“ပန်းကလေး..”
“ဟွားအာ…”
အလောတကြီး အသံနှစ်သံ ထွက်ပေါ်လာပြီးနောက် တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။
“ငါတို့ပဲ သစ္စာဆိုလိုက်ပါ့မယ်..”
ငရဲလကျောက်က တစ်ဦးကိုတစ်ဦး ဦးစားပေးရန် ဆန္ဒရှိကြသော ထိုသူသုံးဦး၏ သံယောဇဉ်ကြောင့် အလွန်တရာ စိတ်လှုပ်ရှားသွားလေသည်။
၎င်းသည် နေရာတွင်ပင် ခဏမျှ အေးခဲသွားပြီးနောက် ထိုသုံးဦးက သစ္စာဆိုတော့မည်ကို မြင်သောအခါ ချက်ချင်း လွင့်ပျံလာကာ စာလုံးများ ပေါ်လာလေ၏။
“မလိုတော့ပါဘူး... ငါ နင်တို့ကို ယုံကြည်ပါတယ်..”
အပြင်သို့ ထွက်လာသော ကျောက်တုံးပျက်ကို ကြည့်ရင်း သေခြင်းရှင်ခြင်းစာအုပ်က ၎င်းအား ရိုက်နှက်ချင်သည့် ဆန္ဒကို ငြိမ်သက်သွားစေရန် ကြိုးစားလိုက်ရသည်။
သူသည် မူဝါဒရှိသော စာအုပ်တစ်အုပ် ဖြစ်၏။ ၎င်းသည် လိုအပ်သည့်အချိန်တိုင်း စာမျက်နှာကို လှန်နိုင်သော်လည်း ၎င်းက ပန်းကလေး၏ ယင်စွမ်းအင်များကို ထပ်မံခိုးယူရန် ကြိုးစားလာပါက ထိုအရာသည် အခြားဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။
တရားသူကြီးပေပေ့က နှုတ်ခမ်းစူကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
ယွင်ဟွားသည် သူမ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရချိန်ကထက် အရောင်အသွေး များစွာ မှေးမှိန်နေသော ငရဲလကျောက်ကို စိုက်ကြည့်လိုက်သည်။ သူမက များများစားစား တွေးတောမနေဘဲ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်၏။
"ငါ မြောက်ပိုင်းနယ်စပ်နိုင်ငံကို သွားမယ်… နင် ငါ့ကို အဲ့နေရာကို ခေါ်သွားပေးရမယ်..."
သေခြင်းရှင်ခြင်းစာအုပ်က ယွင်ဟွား၏ အစီအစဉ်ကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်ပုံရကာ သူမအား တားဆီးရန် စကားများများစားစား မပြောခဲ့ပေ။
ငရဲလကျောက်မှာမူ အလွန်တရာ ကြောက်လန့်သွားသဖြင့် ၎င်း၏ ကျောက်တုံးကိုယ်ထည် တစ်ခုလုံး တုန်ရီသွားလေတော့သည်။
“နင် နောက်နေတာ မဟုတ်ဘူးမလား…”
လေထဲတွင် တောက်ပစွာ လင်းလက်လာသော စာလုံးကြီးများက ငရဲလကျောက် မည်မျှလောက် အံ့အားသင့်သွားကြောင်းကို ပြသနေ၏။
ယွင်ဟွားက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရာ သူမ၏ ပုံမှန်မဟုတ်သော အလွန်ကောင်းမွန်သည့် စိတ်အခြေအနေကို ထင်ရှားစွာ မြင်တွေ့နိုင်လေသည်။
"အရင်တစ်ခေါက်က ငါ့ကို နေရာရွှေ့ပြောင်းပေးခဲ့တာ နင်ဆိုတာ ငါ သိတယ်... ဒီတစ်ကြိမ်လည်း နင် လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်..."
ငရဲလကျောက်က စိတ်ထဲမှ မျက်လုံးလှန်လိုက်လေသည်။
“နင်က ငါ့ကို ယုံပေမယ့် ငါက ငါ့ကိုယ်ငါ မယုံဘူး..”
ပြီးခဲ့သည့် နေရာရွှေ့ပြောင်းခြင်းက ၎င်း၏ စွမ်းအားအားလုံး နီးပါးကို ကုန်ခမ်းသွားစေခဲ့သည်။ ယခု ၎င်းက ထိုအရာကို ထပ်မံလုပ်ဆောင်လိုနေရုံသာမက ဤတစ်ကြိမ်တွင် ပို၍ ဝေးကွာသော ရန်ဘက်နိုင်ငံဆီသို့ နေရာရွှေ့ပြောင်းရန် တောင်းဆိုနေခြင်းပင် ဖြစ်၏။
ငရဲလကျောက်က ခပ်ဟဟ ရယ်မောလိုက်လေသည်။
တောင်းဆိုချက်များက အလွန်တရာ မြင့်မားလွန်းလှရာ ၎င်းအနေဖြင့် ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။
ယွင်ဟွားသည် ၎င်း၏ အဖြေကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး အနည်းငယ် မှေးမှိန်နေသော ငရဲလကျောက်ကို ထပ်မံ ကြည့်လိုက်သည်။ သူမသည် မိုက်မဲသူ မဟုတ်ရာ အနည်းငယ်တော့ နားလည်သဘောပေါက်သွားလေသည်။
"နောက်တစ်ကြိမ် နေရာရွှေ့ပြောင်းနိုင်ဖို့အတွက် နင့်ရဲ့ စွမ်းအားအချို့ ပြန်လည်ပြည့်ဝလာအောင် ယင်စွမ်းအင်တွေကို စုပ်ယူဖို့ လိုအပ်နေတာလား..."
အတိအကျပင် ဖြစ်၏။
ငရဲလကျောက်သည် စိတ်လှုပ်ရှားစွာဖြင့် လှုပ်ခါသွားသည်။
“မြောက်ပိုင်းနယ်စပ်နိုင်ငံက အရမ်း ဝေးလွန်းတယ်... နေရာရွှေ့ပြောင်းဖို့အတွက် ယင်စွမ်းအင် ဒါမှမဟုတ် နာကြည်းချက်စွမ်းအင် အမြောက်အမြား လိုအပ်တယ်... မဟုတ်ရင် ငါ နင့်ကို မကူညီနိုင်ဘူး…”
“ပြီးခဲ့တဲ့ နေရာရွှေ့ပြောင်းမှုအပြီးမှာ ငါသာ နင့်ရဲ့ ယင်စွမ်းအင်တွေကို ခိုးယူပြီး ပြန်လည်မဖြည့်တင်းခဲ့ဘူးဆိုရင် ဒီကျောက်တုံးက ဤးခုထက်တောင် ပိုဆိုးရွားတဲ့ အခြေအနေကို ရောက်နေလောက်ပြီ... ခုတစ်ကြိမ်မှာ နေရာရွှေ့ပြောင်းရမယ့် အကွာအဝေးက ပိုဝေးပြီး အသွားအပြန် နှစ်ခေါက်တောင် လုပ်ရမှာဆိုတာကို ထည့်ပြောစရာတောင် မလိုတော့ဘူး…”
ဟီးဟီး...
ငရဲလကျောက်သည် လျှို့ဝှက်စွာဖြင့် တစ်စုံတစ်ရာကို အကြံအစည် ထုတ်နေလေသည်။ ပထမအချက်အနေဖြင့် ၎င်း၏ အသုံးမကျသော သခင်ဖြစ်သူ၏ ခြေထောက်ကို ကုသပေးရန်အတွက် ဤအခွင့်အရေးကို အသုံးချကာ ယင်စွမ်းအင်များ ပိုမိုစုဆောင်းလိုခြင်းဖြစ်၏။
ဒုတိယအချက်အနေဖြင့် ၎င်း၏ စွမ်းအားများ ပြန်လည်ရရှိလာသည်နှင့် တစ်ပြိုင်နက် ဤကပ်ဘေးဒုက္ခနှစ်ပါး ဖြစ်ကြသော သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏ စုတ်တံတို့ကို ကြောက်ရွံ့နေရန် လိုအပ်တော့မည် မဟုတ်ပေ။
ယွင်ဟွားမှာမူ အကျပ်ရိုက်နေပုံပေါ်လေသည်။
မြောက်ပိုင်းနယ်စပ်နိုင်ငံသည် အရှေ့ဘက်နယ်စပ်နှင့် အလွန်တရာ ဝေးကွာလှသည်မှာ အမှန်ပင် ဖြစ်ပြီး ငရဲလကျောက်၏ အဆိုအရ ၎င်းသည် ယင်စွမ်းအင် အမြောက်အမြား လိုအပ်သည်ဆိုသည်မှာလည်း မှန်ကန်လှပေသည်။
မြို့ပြင်ရှိ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေမှ ယင်စွမ်းအင်များကို ယခင်အကြိမ်က သူမနှင့် ကျောက်တုံးတို့က အပြည့်အဝ ခွဲဝေယူငင်ခဲ့ပြီး ဖြစ်၏။
သူမသည် မြောက်ပိုင်းနယ်စပ်နိုင်ငံသို့ သွားရန် အလျင်လိုနေလေသည်။
ခဏတာမျှ ၎င်းအတွက် ယင်စွမ်းအင်များကို မည်သည့်နေရာတွင် ရှာဖွေရမည်ကို သူမ မသိတော့ချေ။
ငရဲလကျောက်သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။ ၎င်း၏ ဝိညာဉ်မှာ သူမနှင့် ဆက်သွယ်ချိတ်ဆက်ထားသဖြင့် ယင်စွမ်းအင်များကို ရှာဖွေရန် အလွန်အမင်း ဝေးကွာသော နေရာများသို့ သွားရောက်နိုင်ခြင်း မရှိပေ။
ယွင်ဟွား၏ ခေါင်းပေါ်တွင် နားနေသော သေခြင်းရှင်ခြင်းစာအုပ်သည် ထိုကျောက်တုံးပျက်ကို စူးစိုက်ကြည့်နေပြီးနောက် ၎င်း၏ နှုတ်ခမ်းထက်တွင် မှိန်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာလေသည်။
“ပန်းကလေး... ယင်စွမ်းအင် အများဆုံးရှိတဲ့ နေရာကို ငါ သိတယ်…”
ယွင်ဟွားက အံ့အားသင့်သွားလေသည်။
သေခြင်းရှင်ခြင်းစာအုပ်၏ ကောက်ကျစ်သော အပြုံးကို ကြည့်ရင်း ငရဲလကျောက်မှာ မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ ၎င်း ပြောတော့မည့် စကားသည် ကောင်းမွန်သော စကားတစ်ခွန်း မဖြစ်နိုင်ကြောင်းကို အလိုလို ခံစားမိနေ၏။
ပြီးတော့ ထိုအရာက တကယ်ပင် မှန်ကန်နေခဲ့လေသည်။
“စစ်မြေပြင်မှာ ရေတွက်လို့မရတဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်..?. အဲ့နေရာက ယင်စွမ်းအင်တွေက အသိပ်သည်းဆုံးဖြစ်ပြီး ကျောက်တုံးအစုတ် စုပ်ယူဖို့အတွက် လုံလောက်တယိ. ဒါပေမယ့် သူက နင့်ကို အဲ့နေရာကထိအရင်ဆုံး နေရာရွှေ့ပြောင်းပေးဖို့တော့ လိုအပ်တယ် ပန်းကလေး…”
ငရဲလကျောက်က ကျိန်ဆဲချင်စိတ်များ ပေါက်သွားလေတော့သည်။
စစ်မြေပြင်တဲ့လား။
ထိုအရာက ယခင်က ၎င်း၏ သခင်ထံသို့ သွားရောက်ခဲ့သည့် အကွာအဝေးထက်ပင် ပို၍ ဝေးကွာလှပေသည်။ ဤငနဲလေးက ၎င်းထံမှ နောက်ဆုံးကျန်ရှိနေသော အစက်အထိ ညှစ်ထုတ်သွားဖို့ ကြံစည်နေတာလား။
“ငါ မ…”
ငရဲလကျောက်ပေါ်ရှိ စာလုံးများ အဆုံးမသတ်မီမှာပင် တောက်ပနေသော မျက်လုံးသုံးစုံက ၎င်းအား တစ်ပြိုင်နက်တည်း ကြည့်လာကြသည်။ ပြိုးပြိုးပြက်ပြက် တောက်ပနေသော သူတို့၏ မျှော်လင့်ချက် အလင်းရောင်များက ၎င်း၏ နှလုံးသားကို ရိုက်ခတ်သွားလေ၏။
တစ်ဦးက ကြီးမားပြီး နှစ်ဦးက သေးငယ်သော ထိုသတ္တဝါသုံးကောင်သည် သူတို့၏ ပုံမှန် ရက်စက်ကြမ်းကြုတ်ကာ ဆဲရေးတိုင်းထွာတတ်သော အမူအရာများနှင့် မတူညီဘဲ တစ်ဦး၏ မျက်နှာကို တစ်ဦးက လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားကြလေသည်။ သူတို့၏ နူးညံ့ချစ်စရာကောင်းသော အသွင်အပြင်ကို ၎င်းအနေဖြင့် မည်သို့မျှ မတွန်းလှန်နိုင်တော့ချေ။
သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ ပုံမှန်လေသံကို ပြောင်းလဲလိုက်ကာ ချိုသာသော ကလေးငယ်တစ်ဦး၏ အသံဖြင့် တိုက်ရိုက် စတင်တိုက်ခိုက်လာလေတော့သည်။
“ရှောင်ယိုယို… နင်က အကောင်းဆုံး ကျောက်တုံးလေးပါ... ငါ့ရဲ့ ပန်းကလေးကို နင် သေချာပေါက် ကူညီပေးမယ် မဟုတ်လား…”
“စဉ်းစားကြည့်လေ... အကယ်၍ နင်သာ အခု ငါတို့ကို စစ်မြေပြင်ကို ပို့ပေးလိုက်မယ်ဆိုရင် နင်က အဲ့နေရာမှာရှိတဲ့ ယင်စွမ်းအင်တွေ အားလုံးကို စုပ်ယူနိုင်မှာဖြစ်ပြီး ခိုးယူစရာလည်း မလိုတော့ဘူး... ရှောင်ပေပေ့နဲ့ ငါကလည်း နင့်ကို ရိုက်နှက်တာဖြစ်ဖြစ် ဆဲဆိုတာဖြစ်ဖြစ် လုပ်မှာ မဟုတ်တော့ဘူး..”
“အခုက နင်နည်းနည်းလောက် အားစိုက်ထုတ်ရုံပါပဲ... ဒါပေမယ့် စစ်မြေပြင်ကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် သူတို့အားလုံးက နင် သူတို့ရဲ့ စွမ်းအားတွေကို စုပ်ယူဖို့ စောင့်ဆိုင်းနေကြလိမ့်မယ်…”
သေခြင်းရှင်ခြင်းစာအုပ်က ၎င်း၏ မျက်လုံးများကို မှိတ်ကာ အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေသည်။
“ရှောင်ယိုယို... ခံစားကြည့်လိုက်ပါ... စစ်မြေပြင်မှာရှိတဲ့ ယင်စွမ်းအင်တွေက များစွာ ပိုပြီး ပြင်းထန်လွန်းတယ်... အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေမှာ ရှိတဲ့အရာတွေထက် သေချာပေါက် ပိုပြီး အရသာရှိသလို ပိုပြီးတော့လည်း အကျိုးသက်ရောက်မှု ရှိလိမ့်မယ်… နင်က အဲ့တာကို တကယ်ပဲ လက်လွှတ်လိုက်ချင်တာလား…”
ငရဲလကျောက်က လေထဲတွင် လည်ပတ်နေပြီး ၎င်း၏ ကိုယ်ထည်တစ်ခုလုံး အလွန်အမင်း ပျော်ရွှင်ကြည်နူးမှုထဲတွင် နစ်မြောသွားလေရာ သေခြင်းရှင်ခြင်းစာအုပ်မှာမူ မာနတကြီး ပြုံးနေလေတော့သည်။
ဟန်ဆောင်လိုက်စမ်းပါ။
စာအုပ်ဖတ်တတ်သော အစ်မကြီးက နင့်ကို အချိန်တိုအတွင်းမှာပဲ သူမရဲ့ လက်ချောင်းလေးမှာ ရစ်ပတ်ထားနိုင်လိမ့်မည်။
“ငါ လုပ်မယ်…”
စာလုံးကြီးနှစ်လုံး ချက်ချင်း ပေါ်လာပြီးနောက် အခန်းထဲရှိ အဖြူရောင် အလင်းတန်းက ပြိုးပြိုးပြက်ပြက် တောက်ပသွားလေသည်။
ရှောင်ထောင်ဟွာနှင့် ထောင်ကျီတို့သည် အလန့်တကြားဖြစ်သွားကြပြီး ချက်ချင်း အထဲသို့ ပြေးဝင်လာခဲ့ကြ၏။
သူတို့မှာ အခန်းလွတ်ကြီးတစ်ခုနှင့်သာ ကျန်ရစ်ခဲ့လေတော့သည်။
ယခင်ကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မံ ဖြစ်ပွားခဲ့သော်လည်း ရှောင်ထောင်ဟွာမှာမူ ထောင်ကျီထက် များစွာ ပို၍ တည်ငြိမ်နေခဲ့သည်။
သူမသည် စောစောက မြင်းစီးလာစဉ် သခင်ဖြစ်သူ၏ စကားများကို ကြားခဲ့ရသဖြင့် မည်သို့ ဖြစ်ပျက်နေသည်ကို အကြမ်းဖျင်းအားဖြင့် နားလည်ထားပြီး ဖြစ်၏။
ယွင်ရှောင်ထျန်းသည် သူ၏ အိမ်တော်သို့ ပြန်ရောက်ပြီးနောက် ချက်ချင်းပင် နန်းတော်သို့ အပြေးအလွှား သွားခဲ့လေသည်။
သူတို့သည် မူလက သဘောတူညီထားသည်မှာ ပြည်သူလူထုကြားတွင် အထိတ်တလန့် မဖြစ်စေရန်အတွက် မင်းသားစုသည် ခုနစ်ရက်အကြာတွင် အင်အားအနည်းငယ်ကို ဦးဆောင်ကာ နယ်စပ်သို့ သွားရောက်ပြီး ထိုနေရာရှိ တပ်စွဲထားသော စစ်သူကြီးနှင့်အတူ တပ်များကို နေရာချထားရန်ဖြစ်သည်။
ထို့နောက် အဓိကတပ်မကြီးသည် အဖွဲ့နှစ်ဖွဲ့ခွဲကာ လမ်းကြောင်းအသီးသီးမှ ချီတက်ကြပြီး နယ်စပ်တွင် ပြန်လည်ဆုံစည်းကြရန် ဖြစ်၏။
ယခုမူ ထိုမိန်းကလေးငယ်က ထပ်မံ ပျောက်ဆုံးသွားပြန်ရာ သူမသည် မြောက်ပိုင်းနယ်စပ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်မည်ဆိုသည်မှာ ပြောနေရန်ပင် မလိုအပ်တော့ပေ။
သူမသည် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကစားတတ်သူ မဟုတ်ပေ။ သူမသည် ထိုခွေးသူတောင်းစား ဝူဟိုင်ဖုန်းကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်နေခြင်း ဖြစ်တန်ရာ၏။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စကို ဧကရာဇ်မင်းမြတ်ထံသို့ တင်ပြရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့၏ အငယ်ဆုံးသမီးလေးထံမှ အထောက်အကူပြုမှုတစ်ခုအဖြစ် မှတ်ယူနိုင်သောကြောင့်ဖြစ်၏။
သူတို့၏ ယခင် မဟာဗျူဟာများကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ပုံပေါ်လေသည်။
နန်ကုန်းယွမ်သည် သူ၏ သိုလှောင်ခန်းအတွင်းရှိ အဖိုးတန်ပစ္စည်းများကို စာရင်းကောက်ယူနေလေသည်။ ထိုခွေးသူတောင်းစား တတိယမင်းသားက သူ့ကို စည်းစိမ်ဥစ္စာပိုင်းမှာ ယှဉ်ပြိုင်ချင်နေတာလား။ ထိုသူက သူ့ကို လုံးဝ အထင်သေးလွန်းနေပြီဖြစ်၏။
အချိန်ကိုက်ပင် ဖြစ်သည်။ မိန်းကလေးငယ်က သူ့ကို အဆိပ်ဖြေရန် ကူညီပေးမည်ဖြစ်ရာ ထိုအခွင့်အရေးကို အသုံးချပြီး သူက ယွင်အိမ်တော်သို့ ပြောင်းရွှေ့နေထိုင်နိုင်ပေသည်။
သူသည် ရွှေများကို တံခါးဝသို့ သယ်ဆောင်သွားတော့မည့် အချိန်မှာပင် သတင်းတစ်ခုက သူ့ထံသို့ ရိုက်ခတ်လာလေသည်။
မိန်းကလေးက ထွက်ပြေးသွားပြီတဲ့လား။
ချက်ချင်းပင် သူ၏ နှုတ်ခမ်းထောင့်များက ကျယ်ပြန့်စွာ ကွေးတက်သွားပြန်သည်။
ပြောနေစရာပင် မလိုတော့ပေ။ ထိုမိန်းကလေးငယ်က သူ့အတွက် သေချာပေါက် ကလဲ့စားချေပေးရန် သွားခြင်းပင် ဖြစ်ရမည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ…
ထို့နောက် သူက သူ၏အနောက်တွင် ရှိနေသော ရှောင်ရှင်းဟွာကို ညွှန်ကြားချက်များ ပေးလိုက်လေသည်။
"မြောက်ပိုင်းနယ်စပ်နိုင်ငံမှာရှိတဲ့ လျှို့ဝှက်သူလျှိုတွေနဲ့ ဆက်သွယ်လိုက်... ဝူမိသားစုရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်ထားဖို့ပြောပြီး ချန်နင်း ကောင်တီမင်းသမီးကို ရှာတွေ့တာနဲ့ တစ်ပြိုင်နက် သူမရဲ့ လုံခြုံရေးကို တိတ်တဆိတ် ကာကွယ်ပေးကာ သူမအတွက် ပြဿနာတွေကို ရှင်းလင်းပေးလိုက်ပါ..."
"အမိန့်အတိုင်းပါ..."
အမိန့်ကို လက်ခံရရှိပြီးနောက် ရှောင်ရှင်းဟွာက လှည့်ကာ ပျောက်ကွယ်သွားလေသည်။
နန်ကုန်းယွမ်သည် သူ၏ မသန်စွမ်းဖြစ်နေသော ခြေထောက်များကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်မိ၏။ သူသည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းအပေါ် ဂရုမစိုက်ဘဲ နေခဲ့ဖူးသော်လည်း တစ်ချိန်ချိန်ကစပြီး သူ၏ အသက်ရှင်သန်လိုစိတ်က ပို၍ပို၍ ပြင်းပြလာခဲ့သည်။
ထိုမိန်းကလေးငယ်သည် သူ၏ ဘဝထဲသို့ မတော်တဆ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
နေမင်းငယ်လေးတစ်စင်းကဲ့သို့ တက်ကြွပြီး အသက်ဝင်နေသော သူမ၏ အသွင်အပြင်က သူ၏ နှလုံးသားထဲရှိ အုံ့မှိုင်းမှုများ အားလုံးကို ဖယ်ရှားပေးခဲ့လေသည်။
သူမက သူ၏ ကယ်တင်ရှင်ပင်ဖြစ်၏။
ထိုအချိန်တွင် နှင်းပွင့်လေးတစ်ခုက သူ၏ ခြေထောက်ပေါ်သို့ ကျဆင်းလာပြီး ချက်ချင်းပင် အရည်ပျော်သွားလေသည်။
နန်ကုန်းယွမ်က ကောင်းကင်ကြီးကို မော့ကြည့်ကာ တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"နှင်းတွေ ကျနေပြီ..."
သူ၏ မျက်လုံးများက အနည်းငယ် တုန်လှုပ်သွား၏။ ထိုမိန်းကလေးငယ်၏ ကြိုးစားအားထုတ်မှုများကို သူ မြင်တွေ့ခဲ့ရသည်။
နှင်းမုန်တိုင်းကပ်ဘေးတဲ့လား။
သူမက ကုသိုလ်စွမ်းအားတွေကို စုဆောင်းချင်နေတာလား။
ထိုသို့ဆိုလျှင် သူမ၏ နာမည်ဖြင့် ပရဟိတဂေဟာတစ်ခုကို သူ တည်ဆောက်ပေးရပေမည်။