← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄) ပေကျန်းနန်းတော် စစ်မြေပြင်

ယွင်ဟွားက မျက်လုံးများကို ထပ်မံဖွင့်လိုက်သောအခါ သူမ၏အထက်ရှိ ထူထပ်နေသော ယင်စွမ်းအင်များကြောင့် အံ့ဩတုန်လှုပ်သွားလေသည်။

ငရဲလကျောက်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် လည်ပတ်နေ၏။ ၎င်း၏ မှေးမှိန်နေသော ခန္ဓာကိုယ်သည် ယင်စွမ်းအင်များနှင့် ထိတွေ့ပြီးနောက် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာကာ လေထဲတွင် စာလုံးကြီးအချို့ ပေါ်လာလေသည်။

"ငါ့ကို နှစ်ရက်အချိန်ပေးပါ... တစ်ရက်က စုပ်ယူဖို့ဖြစ်ပြီး နောက်တစ်ရက်က သန့်စင်ဖို့ပါ..."

စာအုပ်လေး ပြောသည်မှာ မှန်ကန်ပေ၏။ စစ်မြေပြင်ရှိ မကောင်းဆိုးဝါးစွမ်းအင်များသည် အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေထက် များစွာ ပိုမိုအားကောင်းနေလေသည်။

ယွင်ဟွားသည်လည်း နေရာတစ်နေရာကို ရှာဖွေကာ တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။ သူမသည် ဤကဲ့သို့သော အခွင့်အရေးကောင်းကို လက်လွတ်ခံမည် မဟုတ်ပေ။

လူနှင့် ကျောက်တုံး၏ ခေါင်းပေါ်တွင် ယင်စွမ်းအင် အမြောက်အမြား လည်ပတ်နေပြီး ကောင်လေးနှစ်ကောင်မှာမူ သူတို့ကို နှောင့်ယှက်ခြင်း မပြုဘဲ လိမ္မာစွာ နေကြလေသည်။

တရားသူကြီး၏စုတ်တံက မုန့်ပိုရေးသားထားသော စာအုပ်ကို ထုတ်ယူကာ သေခြင်းရှင်ခြင်းစာအုပ်၏ မိတ္တူတစ်ခုထံသို့ ကမ်းပေးလိုက်ပြီး အေးအေးလူလူ ဖတ်ရှုနေလေသည်။

မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်အချိန် ကုန်လွန်သွားခဲ့ပြီး အမှောင်ထုက ကြီးစိုးလာပြီ ဖြစ်သည်။

ယွင်ဟွားသည် အနီးနားရှိ ငရဲလကျောက်ထံမှ ယင်စွမ်းအင်များကို အာရုံစိုက်ကာ စုပ်ယူနေလေသည်။ လေထဲတွင်မူ စွမ်းအားအများစု ပြန်လည်ရရှိသွားသော ငရဲလကျောက်သည် စိတ်လှုပ်ရှားစွာဖြင့် ယွင်ဟွားထံသို့ တိုးဝှေ့လာ၏။

၎င်းသည် သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံကို မြင်သောအခါ အံကြိတ်လိုက်မိသည်။ ပန်းကလေးက သူတို့၏ အပိုင်ပင် ဖြစ်နေသည် မဟုတ်ပါလား။

ယွင်ဟွားသည် ငရဲလကျောက် ပြန်လည်ကောင်းမွန်လာသည်ကို မြင်သောအခါ သူမ၏ မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်မထားနိုင်တော့ပေ။

တရားသူကြီး၏စုတ်တံသည် ဖားယားနေသော ကျောက်တုံးစုတ်ကို မျက်စောင်းထိုးလိုက်ပြီး ချက်ချင်းပင် ဘေးသို့ တွန်းဖယ်လိုက်ကာ ပြောလိုက်၏။

"ပန်းကလေး... ဝူဟိုင်ဖုန်းရဲ့ အိမ်ကို အခုချက်ချင်း ဝင်စီးပြီး သူ့ကို သတ်ပစ်ရအောင်..."

၎င်းသည် ထပ်မံ၍ ပြဿနာရှာနိုင်တော့မည်ဟု တွေးကာ ရယ်မောလိုက်ပြီး အလွန်ပျော်ရွှင်နေလေသည်။

ငရဲလကျောက်က စုတ်တံစုတ်ကို လျစ်လျူရှုကာ အကြိမ်အနည်းငယ် တောက်ပသွားပြီး လေထဲတွင် စာလုံးကြီးများ ပေါ်လာလေသည်။

"ငါတို့ ဘာစောင့်နေတာလဲ... သွားကြစို့..."

၎င်းသည် သခင်ဖြစ်သူ၏ အနားတွင်နေကာ ကျင့်ကြံခြင်း မဟုတ်လျှင်တောင် ငရဲပြည်တွင် နေရသည်မှာ တစ်နေ့ထက်တစ်နေ့ အလွန်ပျင်းစရာကောင်းလှ၏။

တစ်နေ့တွင် ငရဲပြည်မှ ကပ်ဘေးဒုက္ခနှစ်ပါး ပေါ်လာပြီဟူသော သတင်းများ ပျံ့နှံ့လာသည်အထိ ၎င်းသည် ပွဲကြည့်ရန် မကြာခဏ ပုန်းကွယ်နေတတ်လေသည်။

သို့မဟုတ်ပါက သူက သူတို့ကို မည်သို့ ဤမျှ ကောင်းစွာ သိရှိနိုင်မည်နည်း။

"နေပါဦး..."

ယွင်ဟွားက ချက်ချင်းပင် တားဆီးလိုက်ရာ ကောင်လေးသုံးကောင်စလုံးသည် သူမကို တစ်ပြိုင်နက်တည်း ကြည့်လာကြလေသည်။

"ကျောက်တုံးလေး... ဝူဟိုင်ဖုန်းရဲ့ အိမ်ကို မသွားသေးဘူး... လမ်းကြောင်းပြောင်းပြီး ပေကျန်းနန်းတော်ကို သွားကြစို့..."

သေခြင်းရှင်ခြင်းစာအုပ်သည် အံ့ဩတကြီးဖြင့် မျက်လုံးပြူးသွားကာ မေးလိုက်၏။

"ပန်းကလေး... နင်က ပေကျန်းက ဧကရာဇ်အိုကြီးကို သတ်ချင်လို့လား..."

ဤတစ်ကြိမ်တွင် သူတို့သည် အစွမ်းကုန် ကြိုးစားကြတော့မည်လော။ ဘာတွေများ တွေးနေကြသနည်း။

ယွင်ဟွားသည် သေခြင်းရှင်ခြင်းစာအုပ်၏ ခေါင်းကို ပုတ်လိုက်ပြီး သူမ၏ အတွေးများကို ထုတ်ဖော်ပြောလိုက်လေသည်။

"ဝူဟိုင်ဖုန်းတစ်ယောက်ကို သတ်လိုက်ရင် နောက်ထပ် ဝူဟိုင်ဖုန်းတွေ အများကြီး ထွက်လာလိမ့်မယ်... အဲ့တာက ရောဂါလက္ခဏာကို ကုသတာသာဖြစ်ပြီး ဇာစ်မြစ်ကို ကုသတာ မဟုတ်ဘူး... ငါတို့က ပြဿနာကို ဇာစ်မြစ်ကနေ ဖြေရှင်းရမယ်..."

တရားသူကြီး၏စုတ်တံက ပြန်ပြောလိုက်၏။

"အဲ့လိုဆိုရင်လည်း ငါတို့က ဧကရာဇ်ကို သတ်ရဦးမှာပဲ မဟုတ်လား..."

ယွင်ဟွားသည် ခေတ္တရပ်တန့်သွားပြီး ဤကောင်လေးနှစ်ကောင်သည် လူ့ပြည်တွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီးနောက် တစ်စုံတစ်ရာကို မေ့လျော့နေကြသလားဟု တွေးလိုက်မိသည်။

"ငါက ကျင့်ကြံခြင်းလမ်းစဉ်ကို တရားဝင် စတင်နေပြီလေ... အဲ့ဧကရာဇ်က ငါသတ်လို့ရတဲ့သူလား..."

မည်သည့်ခေတ်၊ မည်သည့်မင်းဆက်ပင်ဖြစ်စေကာမူ လက်ရှိဧကရာဇ်သည် နဂါးစွမ်းအင်ဖြင့် အကာအကွယ်ပေးခံရသူဖြစ်၏။ အကယ်၍ မည်သည့်ကျင့်ကြံသူမဆို လက်ရဲဇာတ်ရဲ ပြုလုပ်ဝံ့ပါက သူတို့သည် ဧကန်အမှန် တန်ပြန်တိုက်ခိုက်မှုကို ခံရမည် ဖြစ်သည်။

ကောင်လေးနှစ်ကောင်က ဘာဖြစ်နေသည်ကို သဘောပေါက်သွားပြီး ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။

အကယ်၍ ရှောင်ဟွားဟွားသာ မကျင့်ကြံခဲ့ဘဲ သာမန်လူတစ်ဦးသာ ဖြစ်နေမည်ဆိုပါက လုပ်ကြံသတ်ဖြတ်ရန် ဖြစ်နိုင်သေးသည်။ ဟူး... နှမြောစရာကောင်းလိုက်လေခြင်း။

တရားသူကြီး၏စုတ်တံက သေခြင်းရှင်ခြင်းစာအုပ်၏ မူလပုံစံကို ဖော်ထုတ်ကာ ပေကျန်းဧကရာဇ်၏ ကံကြမ္မာကို စစ်ဆေးကြည့်လိုက်၏။

"သူက ဒီနှစ်မှာ လေးဆယ့်သုံးနှစ်ရှိပြီ... သူ့ရဲ့ နဂါးစွမ်းအင်က အထွတ်အထိပ်ကို ရောက်နေပြီး အသက်ရှင်ဖို့ နှစ်ဆယ့်ငါးနှစ် ကျန်သေးတယ်..."

တရားသူကြီး၏စုတ်တံက မယုံကြည်နိုင်စွာဖြင့် လျှာသပ်လိုက်မိသည်။ သို့မဟုတ် ၎င်းသည် သူ၏ သက်တမ်းကို တိုတောင်းအောင် ကြိုးစားကြည့်ကောင်း ကြိုးစားကြည့်မည် ဖြစ်သည်။

တရားသူကြီး၏စုတ်တံသည် စိတ်လိုက်မာန်ပါ လုပ်ဆောင်လိုက်ရာ သေခြင်းရှင်ခြင်းစာအုပ်က ၎င်း၏ ခေါင်းပေါ်ရှိ ဆံပင်အမွေးစုလေးကို လှမ်းဆွဲလိုက်သဖြင့် နာကျင်စွာ အော်ဟစ်လိုက်ရလေသည်။

"အကောင်စုတ်လေး... နင်က တုံလင်ဧကရာဇ်ရဲ့ သက်တမ်းကို လျှော့ချဖို့ နေ့တိုင်း အော်ဟစ်နေပေမယ့် တကယ်တမ်းကျတော့ သူတို့အားလုံးက နဂါးစွမ်းအင်ရဲ့ အကာအကွယ်ကို ရထားကြတာပဲ... နင်က တိုးပေးလို့ပဲရမယ်... လျှော့ချလို့ မရဘူး... မဟုတ်ရင် နင်ပဲ ဒုက္ခရောက်လိမ့်မယ်..."

"သူ့ရဲ့ ကံတရားတွေ ကုန်ဆုံးပြီး နဂါးစွမ်းအင်တွေ ပျောက်ကွယ်မသွားသရွေ့ ကောင်းကင်တာအိုက ဒီအတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး..."

တရားသူကြီး၏စုတ်တံက ဤအရာများကို ကောင်းစွာ သိရှိထား၏။ ၎င်းက စမ်းကြည့်ချင်ရုံသာ ဖြစ်သည်။ အကယ်၍ ကောင်းကင်တာအိုက သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့လျှင် ၎င်းသည် ချက်ချင်း ရပ်တန့်သွားမည် ဖြစ်သည်။

ယွင်ဟွားသည် သေခြင်းရှင်ခြင်းစာအုပ် ရှိနေသရွေ့ အချိန်မရွေး လူသတ်နိုင်သော ဤစုတ်တံလေးကို သေချာပေါက် ထိန်းချုပ်နိုင်မည်ကို သိရှိထားသဖြင့် တရားသူကြီးစုတ်တံ၏ အပြုအမူများကို လျစ်လျူရှုထားလိုက်လေသည်။

သူမသည် သူမ၏ သိုလှောင်နယ်မြေထဲရှိ ပစ္စည်းကိရိယာများကို မွှေနှောက်ကာ သူမကိုယ်သူမ သပ်ရပ်အောင် ပြင်ဆင်လိုက်လေသည်။

သူမသည် ကောင်လေးသုံးကောင်၏ရှေ့တွင် ကွဲပြားခြားနားသော ပုံစံတစ်မျိုးဖြင့် ပြန်လည်ပေါ်လာသောအခါ သူတို့သည် ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။

သူတို့၏ အံ့ဩနေသော မျက်နှာထားများကို မြင်သောအခါ ယွင်ဟွားသည် ကျေနပ်စွာဖြင့် လှည့်ပတ်ပြလိုက်ပြီး မေးလိုက်၏။

"ဘယ်လိုလဲ... ငါက လူ့ပြည်ကို ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလို တစ်မူထူးခြားနေတယ် မဟုတ်လား..."

သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့က ခေါင်းညိတ်ပြလိုက်ကြသည်။ ပန်းကလေး၏ ကြမ်းတမ်းပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေသော အမူအကျင့်များနှင့် ရင်းနှီးနေပြီဖြစ်ရာ ဤဝတ်စုံအသစ်သည် အမှန်တကယ်ပင် လန်းဆန်းစရာ မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။

ငရဲလကျောက်သည်ပင် ယွင်ဟွား၏ ပတ်လည်တွင် လှည့်ပတ်ကာ သူမကို အကဲခတ်လိုက်၏။

"နင်က အနည်းငယ် ပိုပြီး အေးစက်စက်နေမယ်ဆိုရင် ပိုပြီးတော့တောင် တူသွားဦးမယ်..."

၎င်း၏ သခင်သည် ယခင်က ရေခဲကဲ့သို့ အေးစက်လှပြီး သူ၏ မျက်လုံးတစ်ချက်ကြည့်လိုက်ရုံဖြင့် လူတိုင်း၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေနိုင်လေသည်။

ယွင်ဟွားက ခေါင်းညိတ်လိုက်ရာ သူမ၏ အရှိန်အဝါများ ထက်မြက်လာပြီး သူမ၏ မျက်လုံးများက အေးစက်သွားကာ ထိုခံစားချက်မှာ ချက်ချင်းပင် ပေါ်ထွက်လာလေသည်။

"ကျောက်တုံးလေး... အခု ငါ့ကို ပေကျန်းဧကရာဇ်ဆီ ခေါ်သွားပေး..."

ယွင်ဟွား စကားပြောပြီးသည်နှင့်…

နောက်တစ်စက္ကန့်တွင် သူတို့က ပေကျန်းဧကရာဇ်ဖြစ်သော ဧကရာဇ်ဝူကျီ၏ အိပ်ဆောင်အတွင်းသို့ ရောက်ရှိသွားလေသည်။

တော်ဝင်လျှို့ဝှက်အစောင့်တပ်များနှင့် ဧကရာဇ်ဝူကျီတို့ သတိမဝင်လာမီတွင်ပင် ယွင်ဟွားသည် သူမ၏ လက်ကို ဝှေ့ယမ်းကာ ကြိုတင်ပြင်ဆင်ထားသော အိပ်ဆေးများကို သူတို့အပေါ် ဖြန်းပက်လိုက်ရာ သူတို့အားလုံး သတိလစ်သွားကြလေသည်။ ထို့နောက် သူမသည် လက်ချောင်းထိပ်မှ ယင်စွမ်းအင်တစ်စက်ကို ခေါက်ထုတ်လိုက်ပြီး တံခါးကို အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်လေသည်။

"ကျောက်တုံးလေး... နင့်ခန္ဓာကိုယ်ကနေ အလင်းရောင်တချို့ ထုတ်လွှတ်ပြီး ငါ့ရဲ့ ဆံပင်တွေထဲမှာ ပုန်းနေပေး... ငါ့အတွက် နတ်ဘုရားတစ်ပါးလို အရှိန်အဝါမျိုး ဖန်တီးပေးဖို့ပါ..."

ပေကျန်းမှ ဧကရာဇ်ဝူကျီကို လှည့်စားရန်အတွက် သူမသည် ကြီးကျယ်ခမ်းနားသော ပြကွက်တစ်ခုကို ဖန်တီးရန် လိုအပ်လေသည်။ သို့မဟုတ်ပါက တစ်ဖက်လူက သူမကို မယုံကြည်လျှင် မည်သို့လုပ်မည်နည်း။

ငရဲလကျောက်မှာ အံ့ဩသွားလေသည်။

"ငါက ဘယ်သူလဲဆိုတာ နင် သိရောသိရဲ့လား... နင်က ငါ့ကို အလင်းရောင်အရင်းအမြစ်အဖြစ် အသုံးပြုနေတယ်... အဲ့တာက စော်ကားတာပဲ... စော်ကားတာ..."

၎င်းသည် ထိန်းမနိုင်သိမ်းမရ အန်ထုတ်နေပြီး လေထဲတွင် ကြီးမားကာ မျက်စိဖမ်းစားနိုင်သော စာကြောင်းတစ်ကြောင်း ပေါ်လာကာ အနည်းငယ် တုန်ခါနေလေသည်။

ဤကျောက်တုံးစုတ်က အလွန်ဒေါသထွက်နေကြောင်း ထင်ရှားလှပေသည်။

ယွင်ဟွားက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး ပြောလိုက်၏။

"ဒီနေ့ကစပြီး နင် ယင်စွမ်းအင်တွေကို မခိုးတော့ဘူးဆိုရင် ငါ နင့်ကို တစ်ဝက်ပေးမယ်…”

"ကောင်းပြီလေ..."

ငရဲလကျောက်သည် ကြီးမားသော အသွင်ပြောင်းလဲမှုတစ်ခုကို ပြုလုပ်လိုက်လေသည်။

"ကျောက်တုံးလေးက နင့်ကို စိတ်နှလုံးအကြွင်းမဲ့ အစေခံဖို့ ရောက်လာပါပြီ..."

စာကြောင်းအနည်းငယ် လွင့်မျောသွားပြီးနောက် ငရဲလကျောက်က ယွင်ဟွား၏ ဆံပင်များထဲသို့ တိုးဝင်သွားရာ အဖြူရောင်အလင်းတန်းက ယွင်ဟွားအား ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးနှင့် ပို၍ပင် တူသွားစေလေသည်။

ယွင်ဟွားသည် သူမ၏ ခန္ဓာကိုယ်ထဲရှိ ယင်စွမ်းအင်များကို ထိန်းချုပ်ကာ လေထဲတွင် လွင့်မျောနေစေရန် တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။

အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါ သေခြင်းရှင်ခြင်းစာအုပ်က ဖြေဆေးပါဝင်သော ကြွေပုလင်းလေးကို ကိုင်ဆောင်ကာ ဧကရာဇ်ဝူကျီ၏ နှာခေါင်းဝတွင် တေ့ထားလိုက်လေသည်။

စူးရှသောအနံ့က ဧကရာဇ်ဝူကျီကို တုံ့ပြန်မှုဖြစ်စေခဲ့သည်။ သူ၏ လက်ချောင်းထိပ်များ တုန်လှုပ်သွားပြီး တင်းကျပ်စွာ ပိတ်ထားသော မျက်ခွံများမှာ အနည်းငယ် ပွင့်လာလေသည်။

သူ၏ မှတ်ဉာဏ်များ ယခင်အတိုင်း ပြန်လည်ရောက်ရှိလာသောအခါ ဧကရာဇ်ဝူကျီသည် မတ်မတ်ထိုင်လိုက်ပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သတိလစ်နေသည့် အစောင့်များကို ကြည့်ကာ သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။

"အစောင့်တွေ... လုပ်ကြံသူတွေ..."

"လုပ်ကြံသူ" ဟူသော စကားလုံးပင် ထွက်မလာနိုင်မီ ဧကရာဇ်ဝူကျီ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားကာ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ အဆက်မပြတ် နောက်ဆုတ်သွားလေသည်။

ချက်ချင်းပင် သူ၏ နဖူးပေါ်တွင် သေးငယ်သော ချွေးပေါက်ကလေးများဖြင့် ဖုံးလွှမ်းသွားလေသည်။

“လာကြပါဦး... လာကြပါဦး... ဒီမှာ... ဒီမှာ..."

ဧကရာဇ်ဝူကျီက အလွန်ထိတ်လန့်နေပြီး စကားပြောရာတွင် သူ၏ အသံပင် အနည်းငယ် တုန်ယင်နေလေသည်။

ယွင်ဟွားက မျက်လုံးလှန်လိုက်၏။ ဤကဲ့သို့ ဝတ်ဆင်ထားလျှင်ပင် သူမသည် သရဲတစ္ဆေများနှင့် လုံးဝ ပတ်သက်မှု မရှိပေ။ ဟုတ်သည် မဟုတ်ပါလား။

အစောင့်များ သို့မဟုတ် မိန်းမစိုးများထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိသဖြင့် ဧကရာဇ်ဝူကျီက တုန်ရီသွားကာ သူ၏ ခွန်အားရှိသမျှကို အသုံးပြု၍ အိပ်ဆောင်တံခါးဆီသို့ ကပျာကယာ ပြေးသွားလေသည်။

ကံမကောင်းစွာဖြင့် တံခါးကို ယွင်ဟွား၏ ယင်စွမ်းအင်များဖြင့် ဖုံးလွှမ်းထားရာ ဧကရာဇ်ဝူကျီ မည်မျှပင် ဆွဲဖွင့်သည်ဖြစ်စေ၊ ထုရိုက်သည်ဖြစ်စေ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။

အတန်ကြာပြီးနောက် ဧကရာဇ်ဝူကျီ၏ လက်များသည် သူ၏ ဘေးဘက်တွင် တွဲကျနေပြီး သူ၏ မျက်လုံးများက အဆက်မပြတ် ပွင့်လိုက် ပိတ်လိုက် ဖြစ်နေလေသည်။

"မင်းက ဘယ်သူလဲ..."

ဧကရာဇ်တစ်ပါး၏ ဘုန်းတန်ခိုးအာဏာပါဝင်သော အေးစက်စက် အသံနှင့်အတူ ဧကရာဇ်ဝူကျီသည် လှည့်ကြည့်လိုက်ရာ သူ၏နက်ရှိုင်းသော မျက်လုံးများက လေထဲရှိ ယွင်ဟွားထံသို့ စိုက်ကြည့်နေပြီး ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာလေသည်။

သေခြင်းရှင်ခြင်း အာဏာကို ကိုင်စွဲထားသော ဧကရာဇ်က ဤရုတ်တရက် မြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားကာ အထိတ်တလန့်ဖြင့် ထွက်ပြေးခဲ့ရလေသည်။

သူမသည် လူဖြစ်စေ သရဲဖြစ်စေ၊ နတ်ဘုရားဖြစ်စေ နတ်ဆိုးဖြစ်စေ အရေးမကြီးပေ။ သူသည် သူ့ကို ခြိမ်းခြောက်သူ မည်သူ့ကိုမဆို သတ်ပစ်မည်သာ ဖြစ်သည်။

All Chapters