အခန်း ၁၈၇
Vol. 19 Ch. 187
အခန်း (၁၈၇) မြောက်ပိုင်းနယ်စပ် နန်းတွင်း
နောက်တစ်နေ့နံနက် မြောက်ပိုင်းနယ်စပ် နန်းတွင်း၌
ဧကရာဇ်ဝူကျီက သမ်းဝေလိုက်လေသည်။ သူသည် ပြီးခဲ့သောညက အလွန်စိတ်လှုပ်ရှားနေခဲ့သဖြင့် လုံးဝအိပ်မပျော်ခဲ့ပေ။ သူ၏ စိတ်ထဲတွင် သေဆုံးပြီးနောက် နတ်ဘုရားအဖြစ်သို့ တက်လှမ်းခြင်းနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများဖြင့် ပြည့်နှက်နေလေသည်။
သူတစ်ဦးတည်းသာ မဟုတ်ပေ။ ဧကရာဇ်ဝူကျီ၏ သားတော်များသည်လည်း သူနှင့် အခြေအနေတူပင်ဖြစ်ပြီး တစ်ညလုံး စိတ်လှုပ်ရှားနေခဲ့ကြ၏။
ဧကရာဇ်ဝူကျီသည် သူ၏ အမတ်များနှင့် တိုင်းရေးပြည်ရာများကို ဆွေးနွေးနေစဉ် အောက်ဘက်ရှိ ဝူဟိုင်ဖုန်းမှာ မျက်မှောင်ကြုတ်ထားပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်နေဟန်ရှိလေသည်။
နွေဦးရာသီ ကုန်ဆုံးပြီးနောက် တုံလင်နိုင်ငံအား ထိုးစစ်ဆင်ရန် မည်သူက တပ်များကို ဦးဆောင်ကာ နယ်စပ်သို့ သွားမည်ဆိုသည်ကို ယနေ့ ဆုံးဖြတ်ကြမည်ဟု သဘောတူညီထားခဲ့ကြသည်။
ထိုလူအိုကြီး နန်ကုန်းလင်ကျန့်သည် သူ၏ အသုံးမကျသော သားအတွက် ဤနှစ်များတစ်လျှောက်လုံး အစွမ်းထက်သမားတော် သို့မဟုတ် ဆေးဝါးများကို ရှာဖွေနေခဲ့လေသည်။ တပ်များကို ဦးဆောင်သည့် ကိစ္စနှင့် ပတ်သက်၍မူ သူသည် ယခုအခါ ဝူဟိုင်ဖုန်းနှင့် နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်တော့ပေ။
ထို့အပြင် ဤတစ်ကြိမ်တွင်...
သူသည် နန်ကုန်းလင်ကျန့်၏ ခေါင်းကိုဖြတ်ယူကာ တုံလင်နိုင်ငံကို သိမ်းပိုက်ပြီး သူ၏ ယခင်က ခံခဲ့ရသော အရှက်ကွဲမှုအတွက် လက်စားချေရန် ဆုံးဖြတ်ထားလေသည်။
"ညီလာခံကို ရပ်နားလိုက်ပြီ... မင်းတို့ အမတ်တွေထဲက ဘယ်သူမှ တင်ပြစရာ မရှိတော့ဘူးဆိုရင် ညီလာခံကို ရပ်နားလိုက်တော့မည်..."
ဧကရာဇ်ဝူကျီသည် အလွန်ပင်ပန်းနေပြီဖြစ်ရာ သူသည် အိပ်ဆောင်သို့ပြန်၍ အိပ်ရေးဝအောင် အိပ်ရန် လိုအပ်နေပေသည်။
ဝူဟိုင်ဖုန်းသည် "ညီလာခံကို ရပ်နားလိုက်ပြီ" ဟူသော စကားကြောင့် သူ၏ အတွေးများထဲမှ ပြန်လည်သတိဝင်လာလေသည်။ သူသည် ခေတ္တမျှ တန့်သွားပြီးနောက် ချက်ချင်းပင် လက်အုပ်ချီကာ ရိုသေစွာဖြင့် ရှေ့သို့ ထွက်လာခဲ့သည်။
"အရှင်မင်းကြီး..."
ဝူဟိုင်ဖုန်း၏ အသံမှာ အရေးတကြီးဖြစ်နေပြီး ဖိအားပေးနေဟန်ရှိ၏။ ဧကရာဇ်ဝူကျီ၏ အကြည့်များက လွှမ်းခြုံသွားသော်လည်း ဖြတ်ကနဲ အံ့သြသွားသည့် အကြည့်မှလွဲ၍ အခြားမည်သည့် မျက်နှာအမူအရာမှ မရှိခဲ့ပေ။
*ဟမ့်…*
ထိုလူရှုပ်ကြီးက သူ့ကို သဘောတူစာချုပ်အား ချိုးဖောက်စေပြီး တုံလင်နိုင်ငံနှင့် စစ်ပွဲစတင်ရန် ထပ်မံ ကြိုးပမ်းနေပြန်ပြီ ဖြစ်သည်။
တုံလင်နိုင်ငံကို ကာကွယ်ရန် နတ်ဘုရားကမ္ဘာမှ ကံကောင်းစေသော ကြယ်ပွင့်လေးတစ်ပွင့် စေလွှတ်ထားကြောင်းနှင့် ထိုအရာက သူ၏ သတ်ဖြတ်မှုများကို ရပ်တန့်စေရန်ဖြစ်ကာ သူ၏ မြောက်ပိုင်းနယ်စပ်နိုင်ငံသည် အဆုံးတွင် နိုင်ငံပျက်သုဉ်းခြင်းသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ဆရာသခင် ပြောကြားခဲ့သည်ကို သူ မေ့မထားခဲ့ပေ။
ဧကရာဇ်ဝူကျီ၏ မျက်လုံးများထဲတွင် အေးစက်သော အရောင်တစ်ချက် လက်သွားလေသည်။ သူ၏ တက်လှမ်းခြင်းကို အဟန့်အတားဖြစ်စေမည့်သူသည် သူ့ဖခင်ကို သတ်ဖြတ်ခြင်းနှင့် တူညီပေသည်။
ဝူဟိုင်ဖုန်းသည် ဧကရာဇ်ဝူကျီ၏ မျက်နှာအမူအရာကို သတိမပြုမိခဲ့ပေ။ သူသည် အရှင်မင်းကြီးက တပ်များကို ဦးဆောင်ရန် သူ့အား စေလွှတ်လိမ့်မည်ဟု မျှော်လင့်ချက်များ အပြည့်အဝ ရှိနေဆဲဖြစ်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး တင်ပြစရာ ရှိပါသေးတယ်..."
ဧကရာဇ်ဝူကျီက အေးစက်စွာ နှာမှုတ်လိုက်၏။
"ပြောခွင့်ပြုတယ်..."
တုံလင်နိုင်ငံနှင့် ဘယ်သောအခါမှ စစ်မဖြစ်တော့ကြောင်း ကြေညာရန် ဤအခွင့်အရေးကို သူ အသုံးချနိုင်လေသည်။
ဝူဟိုင်ဖုန်းသည် ရှေ့သို့ ထွက်လာပြီး ဩရှသောအသံဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး... စစ်ပွဲကြီးတစ်ရပ်က မကြာမီ ဖြစ်ပွားတော့ပါမယ်... တုံလင်နိုင်ငံကို တိုက်ခိုက်ဖို့ တပ်များကို ဦးဆောင်မယ့် စစ်သူကြီးချုပ်အဖြစ် ကျွန်တော်မျိုးအား ခန့်အပ်ပေးပါရန် ရဲဝံ့စွာ တောင်းဆိုအပ်ပါတယ်..."
"အခုကာလမှာ တုံလင်နိုင်ငံက ဂုဏ်ယူဝင့်ကြွားနိုင်တဲ့သူက နန်ကုန်းလင်ကျန့် တစ်ဦးတည်းသာ ရှိပါတယ်.. ဒါပေမယ့် ဒီနှစ်တွေအတွင်း သူ့ရဲ့ တစ်ဦးတည်းသော သားအတွက်ကြောင့် သူက အရင်ကလောက် ရဲရင့်ခြင်းမရှိတော့သလို စစ်ပွဲမှာလည်း ကျွမ်းကျင်မှု မရှိတော့ကြောင်းပါ..."
"ပထမဆုံးတိုက်ပွဲမှာတင် တုံလင်နိုင်ငံရှိ မြို့အတော်များများကို အငိုက်ဖမ်းပြီး ကျွန်တော်တို့ သိမ်းပိုက်နိုင်မယ်လို့ ရဲဝံ့စွာ အာမခံပါတယ်... ခြောက်လအတွင်း မြို့တော်ကို ဝင်ရောက်စီးနင်းကာ တုံလင်နိုင်ငံကို ဖျက်ဆီးပြီး မြောက်ပိုင်းနယ်စပ် တစ်ခွင်ကို စိုးမိုးနိုင်မှာ ဖြစ်ပါတယ်..."
ဝူဟိုင်ဖုန်းသည် ခွန်အားများ၊ ယုံကြည်ချက်များ အပြည့်ဖြင့် ပြောဆိုလိုက်ရာ စစ်ဘက်ဆိုင်ရာ အရာရှိများ၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေခဲ့သော်လည်း နယ်ဘက်ဆိုင်ရာ အရာရှိများမှာမူ တိတ်ဆိတ်စွာ နေကြလေသည်။
အထက်တွင် နေရာယူထားသော ဧကရာဇ်ဝူကျီ၏ နှုတ်ခမ်းများက ပြင်းထန်စွာ တွန့်လိမ်သွားလေသည်။
အကယ်၍ သူသည် မနေ့ကလူသာ ဖြစ်နေသေးပါက ဝူဟိုင်ဖုန်း၏ စိတ်အားထက်သန်သော စကားများကို ကြားရသည့်အခါ သေချာပေါက် အလွန်စိတ်လှုပ်ရှားနေမည် ဖြစ်သည်။
သို့သော် ယခုမူ...
လောကကြီးကို အုပ်စိုးရသည်ထက် အင်မော်တယ်တစ်ပါးဖြစ်ရသည်က ပို၍ ကောင်းမွန်လေသည်။
ဧကရာဇ်ဝူကျီက မေးခွန်းတစ်ခုပင် မမေးရသေးမီ အိမ်ရှေ့စံက အရေးတကြီး ခုန်ထွက်လာခဲ့သည်။
"ခမည်းတော်... မလုပ်ပါနဲ့..."
ဤသည်က မည်ကဲ့သို့သော စစ်ပွဲမျိုးနည်း။ သူသည် ကြီးလေးသော တာဝန်ကို ထမ်းဆောင်ထားသည့် ယမမင်း ဝင်စားသူ ဖြစ်ပေသည်။
ငရဲပြည်သို့ အသစ်ရောက်ရှိလာသော တစ္ဆေများသည် ပြန်လည်မွေးဖွားလာသူများနှင့် အချိုးအစား တစ်ခုအထိ မရောက်ရှိနိုင်ပါက သူသည် ငရဲမင်းအဖြစ်မှ ရပ်နားလိုက်သင့်ကြောင်း ဖုန်းတုဧကရာဇ်က တစ်ကြိမ်တွင် ပြောကြားခဲ့ဖူးသည်။
သူသည် တစ်ညလုံး ဤကိစ္စကို စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ သူသည် မြောက်ပိုင်းနယ်စပ်ရှိ ပြည်သူများအား ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကလေးများများယူကြရန် တိုက်တွန်းလိုသည်။ ကလေးတစ်ယောက် မွေးဖွားလာသရွေ့ နန်းတွင်းက ငွေများဖြင့် ဆုချီးမြှင့်မည် ဖြစ်သည်။
သူသည် လူဦးရေကို မည်သို့ ကြီးမားစွာ တိုးပွားလာစေရမည်ကိုပင် စီစဉ်ထားခဲ့သည်။ ထိုခွေးကောင်က စစ်ပွဲတစ်ခုစတင်ကာ လူများကို ငရဲပြည်သို့ ပို့ဆောင်ချင်နေသေးသည်လား။
ဧကရာဇ်ဝူကျီ၏ အကြည့်များက အိမ်ရှေ့စံအပေါ် လွှမ်းခြုံသွားပြီး သူ၏ မျက်လုံးများ အနည်းငယ် ပင့်တက်သွားသည်။
သူ၏ သားတော်သည်လည်း မနေ့က စစ်ပွဲစတင်ရန် ထောက်ခံခဲ့သည်ကို သူ မှတ်မိနေပြီး ယနေ့တွင် အဘယ်ကြောင့် ဤမျှ ကွာခြားစွာ ပြုမူနေရသနည်း။
မြောက်ပိုင်းနယ်စပ်၏ အိမ်ရှေ့စံက မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ပြောလိုက်သည်။
"ခမည်းတော်... သားတော် မနေ့ညက ပြန်သွားပြီး သေချာစဉ်းစားကြည့်ခဲ့ပါတယ်... မြောက်ပိုင်းနယ်စပ်နဲ့ တုံလင်နိုင်ငံကြားက စစ်ပြေငြိမ်းရေး သဘောတူညီချက်က နှစ်နှစ်ဆယ်ဖြစ်ပြီး ငါးနှစ် လိုပါသေးတယ်... မြောက်ပိုင်းနယ်စပ်အနေဖြင့် ကတိဖောက်ဖျက်ပြီး မရိုးသားသူများ မဖြစ်သင့်ပါ.."
ဝူဟိုင်ဖုန်းသည် ခေတ္တမျှ မှင်တက်သွားပြီး အိမ်ရှေ့စံမင်းသားအား အလွန်အံ့သြတုန်လှုပ်စွာဖြင့် စိုက်ကြည့်နေလေသည်။
မြောက်ပိုင်းနယ်စပ် အိမ်ရှေ့စံက ထိုအကြည့်များကို လျစ်လျူရှုကာ ဆက်ပြောလိုက်၏။
"ခမည်းတော်... ကျွန်တော်တို့ တုံလင်နိုင်ငံကို တိုက်ခိုက်ချင်ရင်တောင်မှ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အထိ စောင့်ဆိုင်းသင့်ပါတယ်... မဟုတ်ပါက မြောက်ပိုင်းနယ်စပ် တစ်ခုလုံးကို လောကကြီးက လှောင်ပြောင်ကြပါလိမ့်မယ်..."
"ငါးနှစ်ဆိုတာက အချိန်တိုလေးတစ်ခုသာ ဖြစ်ပါတယ်... အဲ့အချိန်ကာလလေးကြောင့် ခမည်းတော်ရဲ့ မှတ်တမ်းမှာ အမည်းစက် ထင်ကျန်ရစ်ပြီး နောင်လာနောက်သားများရဲ့ ဝေဖန်ရှုတ်ချခြင်းကို မခံရစေပါနဲ့... ခမည်းတော် သေချာစဉ်းစားပေးပါရန် မျှော်လင့်ပါတယ်..."
မြောက်ပိုင်းနယ်စပ် အိမ်ရှေ့စံက သူ၏ ဝတ်ရုံရှည်ကို မတင်လိုက်ပြီး သူ၏ မျက်လုံးများက ပြတ်သားနေကာ နန်းရင်ပြင်တွင် မတ်မတ်ဒူးထောက်လျက် သူ၏ သန္နိဋ္ဌာန်ကို ပြသလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ သူသည် လာမည့် ငါးနှစ်အတွက် အခြေအနေကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ဆောင်မည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးသွားပါက အခြားအကြောင်းပြချက်များ ရှာဖွေမည် ဖြစ်သည်။
အကယ်၍ ထိုအရာက အလုပ်မဖြစ်သေးပါက။
မြောက်ပိုင်းနယ်စပ် အိမ်ရှေ့စံသည် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ အဆိုးဆုံးအခြေအနေတွင် ရာထူးကို လုယူရန် နည်းလမ်းရှာရမည်သာ။
ဧကရာဇ်ဝူကျီသည် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရပြီး အနည်းငယ် တုန်ယင်သွားလေသည်။
ဝူဟိုင်ဖုန်းသည် ဆက်၍ ငြိမ်မထိုင်နိုင်တော့ဘဲ သွေးတစ်လုပ်အန်ထွက်မတတ် ဖြစ်သွားကာ
"အိမ်ရှေ့စံမင်းသား... မနေ့က မင်းသား ပြောခဲ့တာ ခုလိုမဟုတ်ပါဘူး..."
မြောက်ပိုင်းနယ်စပ် အိမ်ရှေ့စံက နှာမှုတ်လိုက်၏။
"မနေ့ကဟာ မနေ့ကပဲလေ... မနေ့က စားပြီးပြီဆိုတာနဲ့ ဒီနေ့ မစားဘဲ နေနိုင်မယ်လို့ ခင်ဗျား ထင်နေသလား..."
“ဒီမင်းသားက မြောက်ပိုင်းနယ်စပ်နဲ့ ခမည်းတော်အတွက် စဉ်းစားနေတာပဲ.. ငါးနှစ်ဆိုတာက ငါးနှစ်ပါပဲ... ငါတို့ မစောင့်နိုင်တာမှ မဟုတ်တာ... အဲ့အချိန်မှာ လောကကြီးရဲ့ ပြစ်တင်ရှုတ်ချမှုကို ဘာလို့ ဖိတ်ခေါ်ရမှာလဲ..."
ဧကရာဇ်ဝူကျီက ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
အကယ်၍ ပြောနိုင်လျှင် ပိုပြောပါဦး
သို့မှသာ သူ ဆင်ခြေပေးစရာ မလိုတော့မည် ဖြစ်သည်။
မြောက်ပိုင်းနယ်စပ် အိမ်ရှေ့စံက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မျက်နှာအတော်လေး ပျက်ယွင်းနေသော ဝူဟိုင်ဖုန်းအား ဒေါသတကြီးဖြင့် ဆက်လက်ရင်ဆိုင်လိုက်၏။
"ခင်ဗျားက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က နန်ကုန်းလင်ကျန့်ဆီကနေ အသက်လုပြေးရလောက်အောင် အရိုက်ခံခဲ့ရတဲ့ အချိန်အတွက် လက်စားချေဖို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ရှင်းချင်နေတာပဲ..."
"စစ်သူကြီးဝူ... ခင်ဗျားက နောက်ငါးနှစ်နေရင် စစ်မြေပြင်သွားဖို့ ခွန်အားမရှိတော့မှာကို ကြောက်လို့ ဒီအချိန်မှာ နိုင်ငံနှစ်ခုကြား ပဋိပက္ခဖြစ်အောင် တမင်တကာ ရန်စနေတာလား..."
ဝူဟိုင်ဖုန်း၏ ဒူးများ ခွေယိုင်သွားပြီး ချက်ချင်းပင် ဒူးထောက်ကျသွားကာ သူ၏ မျက်နှာအမူအရာမှာ ထိတ်လန့်နေလေသည်။
"အရှင်မင်းကြီးက ပညာရှိပါတယ်... ကျွန်တော်မျိုးမှာ အဲ့လိုအတွေးမျိုး မရှိပါဘူး... ခုအချိန် တုံလင်နိုင်ငံကို တိုက်ခိုက်တာက သူတို့ကို အငိုက်ဖမ်းနိုင်မယ်လို့ ခံစားရရုံသာဖြစ်ပြီး အိမ်ရှေ့စံမင်းသား ထင်နေသလို လုံးဝ မဟုတ်ရပါဘူး..."
မြောက်ပိုင်းနယ်စပ် အိမ်ရှေ့စံက မျက်လုံးလှန်လိုက်လေသည်။
“ဒီမင်းသား သိထားသလောက်ဆိုရင် တုံလင်နိုင်ငံရဲ့ ဧကရာဇ်က ကောက်ကျစ်စဉ်းလဲတယ်... ငါတို့ စိုက်ပျိုးထားတဲ့ သူလျှိုတွေနဲ့ သစ္စာဖောက်တွေ အားလုံးက ရှင်းလင်းခံလိုက်ရပြီ... သူက ပြင်ဆင်မှု မရှိဘူးလို့ အခိုင်အမာ ပြောနေသေးတယ်ဆိုပေမယ့် သူက လျှို့ဝှက်စွာ ဓားသွေးထားပြီး ငါတို့ ခေါင်းပြူထွက်လာမှာကို စောင့်နေတာဖြစ်မယ်လို့ ငါ သံသယရှိတယ်..."
"ပြီးတော့ မင်းသားစု ရှိနေသေးတယ်... သူက စစ်နတ်ဘုရားတစ်ပါးပဲ... သူ့သားအတွက် ဘယ်လောက်ပဲ အလုပ်လုပ်နေရပါစေ သူက တပ်တွေကို လေ့ကျင့်ပေးတာ ရပ်ထားမှာ မဟုတ်ဘူး... မဟုတ်ရင် ဧကရာဇ်ဝမ်ရွှမ်းက သူ့ရဲ့ စစ်ရေးအာဏာကို သိမ်းယူသွားတာ ကြာလောက်ပြီ..."
"ခင်ဗျားက တစ်ဖက်လူတွေ အရင်ကလောက် မရဲရင့်တော့ဘူး၊ စစ်ပွဲမှာ ကျွမ်းကျင်မှု မရှိတော့ဘူးလို့ တွေးနေလောက်အောင် မိုက်မဲနေဆဲပဲ... ဒါက ဟန်ပြတစ်ခုလည်း ဖြစ်နိုင်တယ်... မြောက်ပိုင်းနယ်စပ်က စာချုပ်ကို ချိုးဖောက်အောင် တမင်ဆွဲဆောင်ပြီးတော့ ငါတို့ကို တစ်ကြိမ်တည်းနဲ့ ဖြုတ်ချ၊ နာမည်ကောင်းယူပြီး မြောက်ပိုင်းနယ်စပ်နိုင်ငံကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်..."
ဧကရာဇ်ဝူကျီက သူ၏ စိတ်ထဲတွင် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်... တကယ်ပါပဲ..."
မြောက်ပိုင်းနယ်စပ်နိုင်ငံ ဖျက်ဆီးခံရလိမ့်မည်။
ဝူဟိုင်ဖုန်း…
သူ၏ ရင်ဘတ်ပေါ်တွင် တစ်စုံတစ်ခု ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ အမြင်အာရုံများ ဝေဝါးသွားလေသည်။
ဝူဟိုင်ဖုန်းသည် လုံးဝ နားမလည်နိုင်အောင် ဖြစ်နေ၏။ အိမ်ရှေ့စံ၏ စိတ်ပြောင်းလဲမှုက အလွန်လျင်မြန်လွန်းနေပေသည်။
"အိမ်ရှေ့စံမင်းသား... အိမ်ရှေ့စံမင်းသား..."
သူ့ကို တစ်ယောက်ယောက်က ခြိမ်းခြောက်ထားတာများလား။
"အိမ်ရှေ့စံမင်းသား ဘာမင်းသားလဲ... ဘယ်လိုခေါ်ခေါ် အလုပ်မဖြစ်ပါဘူး..."
မြောက်ပိုင်းနယ်စပ် အိမ်ရှေ့စံက ဧကရာဇ်ဝူကျီကို ဦးညွှတ်ကာ ပြောလိုက်သည်။
"ခမည်းတော်... ဒါတွေက သားတော်ရဲ့ အမြင်တွေပါ... သားတော်တို့ တုံလင်နိုင်ငံကို တကယ်သိမ်းပိုက်ချင်ရင်တောင် နောက်ထပ် ငါးနှစ် စောင့်သင့်ပါတယ်.."
အချိန်တိုအတွင်းမှာပင်။
နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် အချင်းချင်း တီးတိုးပြောဆိုနေကြပြီး စစ်ဘက်ဆိုင်ရာ အရာရှိ အရေအတွက် အနည်းငယ်ကသာ စစ်ပွဲကို တောင်းဆိုနေကြကာ ကျန်သူများမှာမူ အိမ်ရှေ့စံ၏ ပြောစကားကို သဘောတူညီခဲ့ကြသည်။
"ခမည်းတော်... သားတော်လည်း အစ်ကိုတော်ရဲ့ အကြံအစည်ကို သဘောတူပါတယ်..."
ထိုအချိန်တွင် ဒုတိယမင်းသား ရှေ့သို့ ထွက်လာခဲ့လေသည်။ သူ၏ ယခင်ဘဝက သက်ရှိအားလုံးကို ကာကွယ်စောင့်ရှောက်သည့် ရွှမ်ဝူနတ်ဘုရားသားရဲတစ်ပါးဖြစ်ခဲ့သည်။ ဤဘဝတွင်လည်း သူသည် ကြီးမားသော တာဝန်တစ်ခုကို ထမ်းဆောင်ထားပေသည်။
ကျွန်တော်တို့ ပဋိပက္ခတစ်ခုကို မစတင်သင့်ပါ၊ လောကရှိ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သည်။
"ခမည်းတော်... သားတော်လည်း ထောက်ခံပါတယ်.."
"ခမည်းတော်... သားတော်လည်း ထောက်ခံပါတယ်.."
တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့သည် တစ်ချိန်တည်းမှာပင် ရှေ့သို့ ထွက်လာခဲ့ကြပြီး သူတို့၏ မျက်နှာများတွင် သန္နိဋ္ဌာန်များ ပြည့်နှက်နေလေသည်။
မည်သည့်မင်းသားကမှ ဤအချိန်တွင် နိုင်ငံနှစ်ခုကြား စစ်ပွဲစတင်ရန် မထောက်ခံကြသည်ကို နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ မြင်တွေ့လိုက်ရသောအခါ သူတို့အားလုံး မတ်တပ်ရပ်လိုက်ကြသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးလည်း အိမ်ရှေ့စံမင်းသားရဲ့အမြင်ကို သဘောတူပါတယ်..."
"ကျွန်တော်မျိုးလည်း ဒီအဆိုကို ထောက်ခံပါတယ်..."
ဝူဟိုင်ဖုန်း - !!!