← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀) ယွင်ဟွား ပေါ်လာခြင်း

ဆောင်းရာသီ၏ အအေးဆုံးအချိန်ဖြစ်လေသည်။

သူသည် ပြိုပျက်လုနီးပါးဖြစ်နေသော နွားတင်းကုပ်ထဲတွင် တစ်ယောက်တည်း ကွေးကွေးလေးနေရင်း သေမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။

"တဖြည်းဖြည်းနဲ့ ရွာသားတွေက သူ့ကို ဂရုမစိုက်ကြတော့ဘဲ သူ့အိမ်ကို ပြင်ဆင်ပေးဖို့တောင် ပျင်းရိလာကြတယ်..."

သေခြင်းရှင်ခြင်းစာအုပ်က ဆက်ပြောလေသည်။

သေလုမျောပါးဖြစ်နေချိန်တွင် သူ၏ စိတ်ထဲ၌ ရွာသားများ၏ ရွံရှာဖွယ်ကောင်းသော မျက်နှာများဖြင့် ပြည့်နှက်နေပြီး ထိုအရာက သူ့ကို အသက်ရှင်လိုစိတ်များ ရုတ်တရက် ထကြွလာစေခဲ့သည်။

သူသည် အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော မုဆိုးတစ်ဦးနှင့် ကြုံကြိုက်စွာ တွေ့ဆုံခဲ့ပြီးနောက် သူ၏ တပည့်အဖြစ်ခံယူကာ အသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်၏။

"သူ အအေးဒဏ်ကြောင့် သေလုနီးပါး ဖြစ်နေခဲ့ပေမယ့် မုဆိုးက သနားသွားပြီး သူ့အိမ်ကို ခေါ်သွားခဲ့တယ်..."

ထိုနှစ်များသည် သူ့ဘဝတွင် အပျော်ရွှင်ဆုံး အချိန်ကာလများ ဖြစ်ခဲ့လေသည်။

"ရွာသားတွေအပေါ် ထားရှိတဲ့ သူ့ရဲ့ အမုန်းတရားတွေက နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ကိန်းအောင်းနေခဲ့တယ်... သူက မုဆိုးကို ပညာသင်ပေးဖို့ တောင်းပန်ခဲ့ပြီး သူ့ဆရာအဖြစ် တစ်ဖက်သတ် သတ်မှတ်ခဲ့တယ်..."

ကောင်းမွန်သော အချိန်ကာလများက ကြာရှည်မခံခဲ့ပေ။ သူ၏ ဆရာဖြစ်သူ ကွယ်လွန်သွားခဲ့၏။

"တစ်ကြိမ်မှာ သူက မုဆိုးကို တောင်ပေါ်ခေါ်သွားပေးဖို့ တောင်းဆိုခဲ့ပေမယ့် လမ်းတစ်ဝက်မှာ ဝက်ဝံတစ်ကောင်နဲ့ တွေ့ခဲ့တယ်... သူက မုဆိုးကို တွန်းထုတ်ပြီး သူ့အသက်ဘေးကနေ လွတ်အောင် ထွက်ပြေးခဲ့တယ်..."

ရွာသားများက သူ့အား ကံဆိုးမိုးမှောင်ကျစေသူဟု နောက်တစ်ကြိမ် ထပ်မံခေါ်ဆိုကြပြန်သည်။

နန်းတွင်းမှ စစ်သားစုဆောင်းနေကြောင်း ကြားသိရချိန်တွင်မှ သူသည် တစ်သက်လုံး အသက်ရှူကျပ်စေခဲ့သော ထိုရွာမှ ထွက်ပြေးခဲ့လေသည်။

"မုဆိုးနောက်ကို နှစ်အတော်ကြာ လိုက်ခဲ့ပြီးတဲ့နောက်မှာ သူ့ဆီမှာ ကြမ်းတမ်းတဲ့ အငွေ့အသက်တွေ ဖြစ်ပေါ်လာခဲ့ပြီး ရွာသားတွေက သူ့ကို ရှောင်ဖယ်လာကြတယ်... သူ စစ်ထဲဝင်သွားတဲ့ အချိန်ကျမှပဲ ရွာသားတွေလည်း သက်ပြင်းချနိုင်ကြတော့တယ်..."

ယွင်ဟွားသည် အလွန်အမင်း အံ့ဩသွား၏။

"အိုး.. မကောင်းဆိုးဝါးအိုကြီးက တကယ့်ကို မွေးရာပါ လူယုတ်မာပဲ..."

သူသည် ရွာသားများ၏ ကျေးဇူးကို မသိတတ်ခဲ့ပေ။ မုဆိုး၏ အသက်ကိုလည်း ရန်သူကဲ့သို့ တုံ့ပြန်ခဲ့သည်။

"ရှောင်ရှူးရှူး... နောက်ဆုံးတော့ သူက ဘယ်လိုလုပ် စစ်သူကြီး ဖြစ်လာတာလဲ... သူ တခြားတစ်ယောက်ယောက်ကို ထပ်ပြီး ဒုက္ခပေးခဲ့ပြန်တာလား..."

သေခြင်းရှင်ခြင်းစာအုပ်က သူ၏ ကံကောင်းမှုအပေါ် အံ့ဩမင်တက်ခြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။

"ပန်းကလေး... ဒီစစ်သူကြီးရာထူးကို သူကိုယ်တိုင် ကြိုးစားပြီး ရယူခဲ့တာပါ... သူ စစ်တပ်ထဲ စဝင်ကာစကတော့ ဖယ်ကြဉ်ခံခဲ့ရတယ်..."

"နောက်ပိုင်းမှာ သန်မာလာမှသာ ပြိုင်ဘက်ကင်းဖြစ်လာပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်မှသာ အလှပဆုံး မြင်ကွင်းတွေကို မြင်တွေ့နိုင်မယ်ဆိုတာကို သူ သဘောပေါက်သွားတယ်... အဲ့နောက်ပိုင်းမှာတော့ သူက သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ထိန်းချုပ်ပြီး စစ်ဘက်ဆိုင်ရာ ကုသိုလ်တွေရဖို့ မနားမနေ ကြိုးစားခဲ့တယ်..."

"သူ့ရဲ့ အဲ့ဇွဲလုံ့လကပဲ စစ်သူကြီးအိုကြီးရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြီး သူ့ကို တပည့်အဖြစ် လက်ခံကာ ဝူဟိုင်ဖုန်းဆိုပြီး နာမည်အသစ် ပေးခဲ့တယ်... စစ်သူကြီးအိုကြီးရဲ့ ထောက်ပံ့မှုနဲ့ သူ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုတွေကြောင့် အခု လက်ရှိရာထူးအထိ တက်လှမ်းလာနိုင်ခဲ့တာပဲ..."

"ဒါပေမယ့် အောင်မြင်မှုနဲ့ ကျော်ကြားမှုတွေကို ရရှိပြီးတဲ့နောက်မှာတော့..."

သေခြင်းရှင်ခြင်းစာအုပ်သည် အတွေးနက်နေဆဲဖြစ်သော ဝူဟိုင်ဖုန်းအား ဒေါသထွက်နေသည့် မျက်နှာဖြင့် လှမ်းကြည့်လိုက်လေသည်။

"သူက အရင်တုန်းက သူနေထိုင်ခဲ့တဲ့ လူတစ်ရာကျော်ရှိတဲ့ ရွာတစ်ရွာလုံးကို သတ်ဖြတ်ပစ်ခဲ့တယ်... သူ့ရဲ့ လုပ်ရပ်တွေက အလွန်ရက်စက်လွန်းလို့ မွေးကင်းစ ကလေးငယ်တွေကိုတောင် ချမ်းသာမပေးခဲ့ဘူး... အဲ့နောက်မှာတော့ သူက ဓားပြတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့တယ်..."

ယွင်ဟွားသည် ချိတ်ဆွဲထားသော ခေါင်းများကို ရုတ်တရက် မော့ကြည့်လိုက်ရာ သူမ၏ စိတ်ထဲတွင် ရဲတင်းသော ခန့်မှန်းချက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

"ဒါဆို... ဒီနေရာမှာ ချိတ်ဆွဲထားတာတွေက အပြစ်ကင်းတဲ့ ရွာသားတွေပေါ့..."

သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းညိတ်လိုက်ပြီး ၎င်း၏ အသံမှာ အနည်းငယ် တုန်ယင်နေ၏။

"ဟုတ်တယ် ပန်းကလေး... ဒီနတ်ဆိုးက သူ့ရဲ့ ပျော်ရွှင်မှုအတွက် အားလုံးကို ဒီနေရာမှာ စုဆောင်းထားခဲ့တာပဲ..."

ထိုအချိန်တွင် ယွင်ဟွား၏ တစ်ခုတည်းသော အတွေးမှာ သူ့အား သတ်ပစ်ရန်ပင် ဖြစ်လေသည်။

ဝူဟိုင်ဖုန်းက ကျောက်တုံးအခန်းထဲရှိ အပူချိန်မှာ အနည်းငယ် ကျဆင်းနေသည်ဟု ခံစားလိုက်ရပြီး မချိတင်ကဲ တုန်ရီသွားလေသည်။

သူသည် စစ်မြေပြင်သို့ သွားရောက်ကာ လူတစ်ဦးကို ပထမဆုံးအကြိမ် သတ်ဖြတ်ခဲ့ပြီးချိန်မှစ၍ သူ၏ မျက်လုံးများထဲသို့ တောက်ပသော သွေးနီများ ပန်းထွက်လာသည့် မြင်ကွင်းက သူ၏ ဦးနှောက်ကို ရူးသွပ်စွာ လှုံ့ဆော်ပေးနေခဲ့သည်။

ထိုအချိန်က...

သူသည် သူ၏ ဝိညာဉ်အတွက် နှစ်သိမ့်မှုတစ်ခုကို ရှာတွေ့ခဲ့သကဲ့သို့ ဖြစ်ခဲ့ပြီး ထိုခံစားချက်ကို ချက်ချင်းပင် စွဲလမ်းသွားခဲ့၏။

ဘယ်အချိန်ကတည်းက စတင်ခဲ့သည်ကို မသိရသော်လည်း…

သူသည် ရန်သူများကို မသေဆုံးမီ ညှဉ်းပန်းနှိပ်စက်ခံရသည်ကို ကြည့်ရှုရခြင်းအား နှစ်သက်လာခဲ့သည်။

အထူးသဖြင့် သူသည် စစ်သားများနှင့်အတူ ရွာသို့ ပြန်လာချိန်တွင် ရွာသားများ၏ တုန်လှုပ်ခြောက်ခြားနေသော မျက်နှာအမူအရာများက သူ့ကို ကြီးမားသော စိတ်သက်သာရာရမှုတစ်ခု ပေးစွမ်းနိုင်ခဲ့လေသည်။

သူက ရွာကို ဖျက်ဆီးပစ်ရန် အမိန့်ပေးလိုက်ချိန်တွင် သူတို့၏ မျက်လုံးများထဲရှိ အမုန်းတရားများ၊ မျှော်လင့်ချက်မဲ့မှု၊ ကူကယ်ရာမဲ့မှုများနှင့် သူ့အား မသတ်နိုင်ခြင်းများ ရောနှောနေမှုက သူ၏ ပုံမှန်မဟုတ်သော စိတ်ပိုင်းဆိုင်ရာကို အလွန်အမင်း ကျေနပ်စေခဲ့သည်။

"မင်းတို့အားလုံး ဒီနေရာမှာ လိမ်လိမ်မာမာနေခဲ့ကြ... နောက်တစ်ကြိမ် ငါ လာကြည့်ဦးမယ်..."

ဝူဟိုင်ဖုန်းသည် နှာချေလိုက်ပြီး ဤနေရာက ယခင်ကတည်းက ခြောက်ခြားဖွယ်ကောင်းသည်ဟု မခံစားခဲ့ရဖူးပေ။

ထိုအချိန်တွင် ထူးဆန်းသော အအေးဓာတ်တစ်ခုက သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်လာခဲ့၏။

ထိုသို့ ပြောပြီးနောက် သူက ထွက်ခွာရန် လှည့်ထွက်လိုက်သည်။

ယွင်ဟွား၏ မျက်လုံးများတွင် ပြုံးရိပ်တစ်ခု သန်းနေလျက် သူမ၏ လက်ငယ်လေးကို ဝှေ့ယမ်းလိုက်ရာ ကျောက်တုံးအိမ်တစ်အိမ်လုံးသည် အေးစက်သော အငွေ့အသက်များဖြင့် ချက်ချင်း ဖုံးလွှမ်းသွားလေသည်။

ရေတွက်၍မရသော ခေါင်းများက လေမတိုက်ဘဲ လှုပ်ရှားလာကြပြီး အချင်းချင်း ထိခိုက်မိချိန်တွင် ခလွမ် ဟူသော အသံများ ထွက်ပေါ်လာခဲ့သည်။

ဝူဟိုင်ဖုန်းမှာ တောင့်တင်းသွားပြီး သူ၏ ကျောကို မတ်မတ်ထားလိုက်၏။

"ဝမ်ထျဲ့ကျူ..."

ယွင်ဟွား၏ အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသော အသံသည် ကျောက်တုံးအခန်းထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ရှောင်ရှူးရှူးက ဝူဟိုင်ဖုန်း၏ နာမည်ရင်းမှာ ဝမ်ထျဲ့ကျူဖြစ်ကြောင်း ပြောပြခဲ့သည်။

ဝူဟိုင်ဖုန်းမှာ အလွန်အမင်း အံ့ဩသွား၏။

သူ... သူသည် ဤနာမည်ဖြင့် ခေါ်ဝေါ်ခြင်းကို မကြားရသည်မှာ အချိန်အတော်ကြာပြီဖြစ်ပုံရသည်။

ယခင်ရွာသားများသာ သူ့အား ဝမ်ထျဲ့ကျူဟု ခေါ်ဝေါ်ကြမည် ဖြစ်ပုံရလေသည်။

ဝူဟိုင်ဖုန်းသည် သူ၏ ကျောရိုးတစ်လျှောက် အအေးဓာတ်တစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရပြီး သူ၏ ခြေထောက်များသည် ကျောက်တုံးများဖြင့် ချည်နှောင်ထားသကဲ့သို့ လေးလံနေကာ ခြေတစ်လှမ်းပင် လှမ်း၍မရတော့ပေ။

"ဝမ်ထျဲ့ကျူ... မင်းက ဘယ်လောက်တောင် ရက်စက်လိုက်သလဲ..."

"ငါ့အသက်ကို ပြန်ပေး... ငါ့အသက်ကို ပြန်ပေး..."

"မင်း မကောင်းမှုတွေ အများကြီး လုပ်ခဲ့တယ်... အစောနဲ့အနှောင်း မင်းရဲ့ ဝဋ်လည်မှုကို မင်းခံရလိမ့်မယ်..."

ယွင်ဟွားက သူမ၏ လည်ချောင်းကို ညှစ်ကာ မတူညီသော အသံနေအသံထားများဖြင့် အော်ဟစ်လိုက်ရာ အော်ဟစ်သံတိုင်းသည် ဝူဟိုင်ဖုန်း၏ နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားလေသည်။

ချွေးသီးချွေးပေါက်ကြီးများသည် သူ၏ နဖူးနှင့် ပါးပြင်များပေါ်မှ စီးကျလာခဲ့၏။

"ဝမ်... ထျဲ့ကျူ... မင်းက လုံးဝကို ပျက်စီးနေတဲ့ကောင်ပဲ..."

ဝူဟိုင်ဖုန်း၏ အနောက်ဘက်တွင် သေမင်းခေါ်သံတစ်ခု ထွက်ပေါ်လာပြီး သူ၏ လည်ပင်းနောက်ဘက်သို့ စိမ့်ဝင်လာသော အေးစက်သည့် အငွေ့အသက်တစ်ခုကို သယ်ဆောင်လာခဲ့သည်။

"တစ္ဆေ... တစ္ဆေရှိတယ်..."

ဝူဟိုင်ဖုန်းက အော်ဟစ်လိုက်ပြီး အပြင်ဘက်သို့ အစွမ်းကုန် ပြေးထွက်သွားလေသည်။

ယွင်ဟွားသည် သူမ၏ ခေါင်းကို စောင်းကာ သူ့အား ကြည့်လိုက်ပြီး နှုတ်ခမ်းများပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင်။

သူမသည် ဝူဟိုင်ဖုန်း၏ အရှေ့တွင် ပေါ်လာပြီး သူ့အား အားကုန်သုံးကာ ကန်ထုတ်လိုက်သည်။

"လူသတ်တဲ့နေရာမှာတော့ သူက ရက်စက်တယ်... ဒါပေမယ့် တကယ်တမ်းတော့ သူက အတော်လေး သတ္တိကြောင်တာပဲ..."

ယွင်ဟွား၏ အသံတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်တစ်ခု ပါဝင်နေ၏။ သူမက အနည်းငယ်မျှသာ ခြောက်လှန့်ခဲ့သော်လည်း သူသည် ထိုအရာကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။

ဝူဟိုင်ဖုန်းသည် ဝမ်းဗိုက်ကို ဖက်ထားလျက် မြေပြင်ပေါ်တွင် လိမ့်နေပြီး မသိမသာ မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ ဖယောင်းတိုင်မီးရောင်က ယွင်ဟွား၏ အရိပ်ကို ရောင်ပြန်ဟပ်နေပြီး သူ၏ ယခုလေးတင် တုံ့ပြန်မှုက ဟာသတစ်ခုအလား ဖြစ်နေလေသည်။

သူသည် ခန္ဓာကိုယ်မှ နာကျင်မှုကို အံကြိတ်ခံကာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

"ခုနက လှည့်ကွက်တွေလုပ်နေတာ မင်းပဲ..."

ဝူဟိုင်ဖုန်း၏ အသံမှာ အလိုအလျောက် ကျယ်လောင်သွားပြီး သူ မည်သို့လုပ်လိုက်သည်ကို သတိပြုမိပြီးနောက် စက္ကန့်ပိုင်းအတွင်း သူ၏ အငွေ့အသက်များမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

"မင်းက ဘယ်သူမို့လို့ စစ်သူကြီးအိမ်တော်ကို ကျူးကျော်ဝင်ရောက်ရဲတာလဲ..."

ယွင်ဟွားက အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးကို မြှောက်ကာ ဝှေ့ယမ်းရင်း ပြောလိုက်၏။

“နင် မှားနေပြီ... ငါက အတင်းဝင်လာတာ မဟုတ်ဘူး... ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဝင်လာတာ..."

"နင့်ရဲ့ အစောင့်တွေက အရည်အချင်းမရှိလွန်းဘူး... ငါ ဒီနေရာမှာ ရှိနေတာကိုတောင် သတိမထားမိကြဘူး..."

ယွင်ဟွား၏ အပြုံးက မပြောင်းလဲသော်လည်း မျက်လုံးများထဲမှ ရက်စက်မှုများကိုမူ ဖုံးကွယ်ထား၍ မရနိုင်ပေ။ ဝူဟိုင်ဖုန်းသည် စစ်မြေပြင်ကို ဖြတ်သန်းတိုက်ခိုက်ခဲ့သူ တစ်ဦးဖြစ်ရာ သူမက လျစ်လျူရှုထားချင်လျှင်ပင် ခက်ခဲလှပေသည်။

သူသည် မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ယွင်ဟွားအပေါ် သတိထားလာခဲ့သည်။

"ဟွန့်... မင်းက ငါ့ရဲ့ စစ်သူကြီးအိမ်တော်ကို ကျူးကျော်ဝင်ရောက်ရဲရုံမက ယုံကြည်မှုရှိရှိ စကားပြောရဲသေးတယ်ပေါ့..."

"မင်းက ကောင်းကင်ဘုံကိုသွားမယ့် လမ်းကို ငြင်းဆန်ပြီး ငရဲပြည်ကို အတင်းဝင်လာချင်နေမှတော့ မင်း ဒီနေရာမှာပဲနေပြီး သူတို့ကို အဖော်လုပ်ပေးလိုက်ပေါ့…”

"ဟွားဟွား... သူ့ကို သတ်လိုက်... သူက ငါ့ရဲ့ ဟွားဟွားခေါင်းကို ဖြတ်ထားဖို့ ကြိုးစားရဲတယ်ပေါ့လေ..."

တရားသူကြီး၏စုတ်တံက ထပ်မံကြောက်ရွံ့နေခြင်း မရှိတော့ဘဲ ခေါင်းလေးပြူထွက်လာကာ ဒေါသတကြီး ပြောလိုက်လေသည်။

ယွင်ဟွားသည် သူမ၏ ဖီးနစ်မျက်လုံးများကို အနည်းငယ် ပင့်လိုက်ကာ ကြက်သီးထဖွယ်ကောင်းသော ခေါင်းများကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်၏။

“နင် ထပ်မှားပြန်ပြီ... ဒီနေ့ ဒီနေရာမှာ သေရမှာက နင်ပဲ..."

"ဘယ်လောက်တောင် မောက်မာလိုက်သလဲ..."

ဝူဟိုင်ဖုန်းသည် အသံမထွက်စေဘဲ မိမိကိုယ်ကို ကာကွယ်ရန် ဓားမြှောင်တစ်ချောင်း သိမ်းဆည်းထားသည့် သူ၏ အင်္ကျီလက်စွပ်ထဲသို့ လက်နှိုက်လိုက်သည်။ သူ၏ အေးစက်ကာ လူသတ်ချင်နေသော အကြည့်များက ယွင်ဟွားအား ဆက်လက် စစ်ဆေးကြည့်ရှုနေခဲ့၏။

"ပြောစမ်း... မင်းက အတိအကျ ဘယ်သူလဲဆိုတာ..."

All Chapters