လေလွင့်ဝိညာဥ်
Vol. 5 Ch. 41
လီရှီဝူလည်း ခေါင်းခါယမ်းလျက် တောင်ပေါ်ပြန်ရောက်လျှင် ဝမ်ရှန်းကို မည်သို့ပြန်လည် သင်ကြားပေးရမည်နည်းဟု စဉ်းစားနေမိသည်။ ဒီဘက်ခေတ် လူငယ်တွေမှာ ပြင်ပယဉ်ကျေးမှု သြဇာလွှမ်းမိုးမှုက တော်တော်ပြင်းထန်လှသည်။
“မင်းကတော့ သေချာကို ပြင်ဆင်လာတာပဲ” ကျိုးရင်လောင်က နောက်ပြောင်လိုက်သည်။
“နိုင်ငံခြားက သရဲတစ္ဆေတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
ဝမ်ရှန်းက တည်ငြိမ်စွာ ပြန်ဖြေလျက် သူ၏ တာအိုဝတ်ရုံကို ထုတ်လိုက်သည်။ ထို့နောက် ရန်သူသရဲတစ္ဆေများ မရိပ်သွားစေရန် ကျောပိုးအိတ်ကို ချက်ချင်း ပြန်ပိတ်လိုက်သည်။
ချီစွမ်းအင်များ ပြန်လည်နိုးထခြင်းမပြုမီက တာအိုပူဇော်ပွဲအများစုမှာ အသုဘအခမ်းအနားများနှင့်သာ ဆက်စပ်နေလေ့ရှိသည်။ ကံဇာတာမြှင့်ခြင်း သို့မဟုတ် ဘေးအန္တရာယ်ကင်းခြင်းဟုဆိုကာ လုပ်ဆောင်နေသူ အများစုမှာလည်း လူလိမ်များသာ ဖြစ်ကြသည်။ စစ်မှန်သော တာအိုအစဉ်အလာများသည် အမြဲတမ်း ဆိတ်ငြိမ်စွာ ကျင့်ကြံခြင်းကိုသာ အခြေခံသည်။ စစ်မှန်သော တာအိုဆရာသည် ကံကြမ္မာကို နှောင့်ယှက်ခြင်း သို့မဟုတ် ငွေကြေးအတွက် ပူဇော်ခြင်းများ ပြုလုပ်လေ့မရှိပေ။
သို့သော်လည်း သေဆုံးသွားသူများ၏ ဝိညာဉ်ကို လမ်းညွှန်ပေးခြင်းကတော့ တစ်မျိုးဖြစ်သည်။ ထိုအချက်တွင် တာအိုဂိုဏ်းများသည် ဗုဒ္ဓဘာသာထံမှ အလေ့အထအချို့ကို ငှားယူခဲ့ကြသည်။ အမှန်စင်စစ် ဝိညာဉ်များကို ကူးတို့ပေးရန် ပူဇော်ခြင်းသည် ကုသိုလ်လုပ်ခြင်းဟု သတ်မှတ်နိုင်သလို ၊ ကျောင်းတော်များ ရပ်တည်နိုင်ရန်အတွက်လည်း ဝင်ငွေအချို့ ရရှိစေသည်။
ကျင့်ကြံခြင်းလောကသည် လျင်မြန်စွာ ပြန်လည်နိုးထလာသော်လည်း တာအိုဆရာအများစုမှာမူ ကျင့်ကြံအားထုတ်ရာတွင်သာ ရှိနေကြသေးသည်။ သို့သော် ချီစွမ်းအင်များနိုးထလာခြင်းကြောင့် ထူးဆန်းသောဖြစ်ရပ်များ များပြားလာရာ အချို့မှာ တောင်ပေါ်မှ ဆင်းကာ မကောင်းဆိုးဝါးနှင်ခြင်းများကို ယနေ့ကဲ့သို့ ပြုလုပ်လာကြသည်။ ဝူတန်းတောင်ကို အမြဲလှူဒါန်းနေသော လီရှီရှန်းက သရဲခြောက်ခံနေရသဖြင့် လီရှီဝူက ဤအခွင့်အရေးကို အသုံးချကာ ထူးချွန်သော တပည့်ငယ်နှစ်ဦးကို မကောင်းဆိုးဝါးနှင်ရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။
မကြာမီ ပူဇော်ပွဲကို စတင်လိုက်သည်။ လီရှီဝူသည် ဦးစွာပထမ ကျန်းဝူကျမ်းစာမှ စာသားအရှည်ကြီးကို ရွတ်ဆိုသည်။ ထို့နောက် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ကို ခေါ်ကာ ရေချိုးပြီး ဝတ်ရုံလဲစေသည်။
ဆယ်မိနစ်ကျော်အကြာတွင် ဝမ်ရှန်းသည် အပြာရင့်ရောင် တာအိုဝတ်ရုံကို လဲလှယ်ဝတ်ဆင်ထားပြီး အနက်ရောင်ပိတ်စပတ်ထားသော ‘အနက်ရှိုင်းဆုံးနားစွင့်သူ’ ဓားကို ကိုင်ထားသည်။ ထိုနည်းတူစွာ ဝတ်ဆင်ထားသော ကျိုးရင်လောင်သည်လည်း သိုင်းပညာဖလှယ်ပွဲအပြီးတွင် ရရှိခဲ့သည့် သူ၏ဓားကို ကိုင်ထားသည်။ သူတို့နှစ်ဦးမှာ ဝတ်စုံပြည့်ဝတ်ဆင်ထားသော လီရှီဝူ၏ တစ်ဖက်တစ်ချက်တွင် ရပ်နေကြသည်။
တည်ကြည်သော မျက်နှာထားများဖြင့် သူတို့သုံးဦးသည် တြိဂံပုံစံနေရာယူကာ ပလ္လင်ဆီသို့ သွားကြသည်။ လီရှီဝူသည် ပလ္လင်ရှေ့တွင် ချထားသော သစ်သားဓားကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ဘယ်ဘက်လက်ဖြင့် ဓားလက်ချောင်းပုံစံပြုလုပ်ကာ ရွတ်ဆိုလိုက်သည်၊၊
“အရပ်ငါးမျက်နှာမှ အမြင့်ဆုံးနတ်မင်းများ ကျွန်ုပ်တို့ကို ကောင်းချီးပေးပါ၊၊ ကောင်းကင်နှင့် မြေကြီးကို ကြည်လင်စေပါ”
ချီများသည် အပြာရောင်အလင်းတန်းများအဖြစ် စုစည်းလာပြီး ဓားကို ဝန်းရံကာ လှည့်ပတ်နေသည်။ တာအိုပညာကို တစ်ခါမျှ မကျင့်ကြံဖူးသော ဘေးမှကြည့်နေသူ ဆယ်ယောက်ကျော်မှာ အံ့အားသင့်သွားကြသည်။ သို့သော် ဤသည်မှာ အဆင့်မြင့်တာအိုပညာရပ်တစ်ခုတော့ မဟုတ်ပေ။ ဝိညာဉ်အာရုံဖြင့် ချီဓာတ်ကို ထိန်းချုပ်သည့် နည်းပညာတစ်ခုသာဖြစ်သည်။
လီရှီဝူက အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်ရာ သစ်သားဓားပေါ်မှ အပြာရောင်အလင်းများမှာ တိတ်ဆိတ်စွာပင် အရပ်မျက်နှာအနှံ့သို့ အလင်းတန်းများအဖြစ် ပြန့်ထွက်သွားသည်။ ထိုအလင်းတန်းများသည် ပြတင်းပေါက်များနှင့် တံခါးအကြားမှနေ၍ အပြင်သို့ ထွက်သွားကာ ဥယျာဉ်အတွင်းရှိ အစီအရင်တစ်ခုကို နှိုးဆော်လိုက်သလို ဖြစ်သွားပြီး ပြင်ပတွင် လေပြင်းများ တိုက်ခတ်လာသည်။
အသက်ဆယ်နှစ်အရွယ်ခန့် မိန်းကလေးငယ်တစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေပြီး သူမ၏ဖုန်းကိုထုတ်ကာ ဓာတ်ပုံနှင့် ဗီဒီယိုများကို တိတ်တဆိတ် ရိုက်ကူးနေသည်။
သို့သော် သူမ လှုပ်ရှားလိုက်သည်နှင့် လီရှီဝူက သူမကို လှမ်းကြည့်လိုက်သည်။ သူ စကားတစ်လုံးမျှ မပြောရသေးမီမှာပင် လီရှီရှန်းက ထိုမိန်းကလေး၏လက်ထဲမှ ဖုန်းကို ချက်ချင်းပင် ရိုက်ချလိုက်သည်။
“နောက်ကိုသွားပြီး ငြိမ်ငြိမ်နေစမ်း ။ လီဝမ် ၊ မင်းသမီးကို ကြည့်ထားဦး” သူက ငေါက်ငမ်းလိုက်သည် ။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ငိုတော့မည့်ဆဲဆဲ မိန်းကလေးငယ်ကို ဆွဲခေါ်သွားသည်။ အမြဲတမ်း သဘောကောင်းတတ်သော အဘိုးဖြစ်သူ၏ ဆူပူမှုနှင့် ဖခင်ဖြစ်သူ၏ အကြည့်စူးစူးကို ခံလိုက်ရသဖြင့် သူမမှာ နှုတ်ခမ်းကိုကိုက်လျက် မျက်ရည်များကိုသာ လက်ဖမိုးဖြင့် သုတ်နေလိုက်သည်။
ဤအဘိုးအိုမှာ အတော်လေး စိတ်ကြီးပုံရသည်ဟု ဝမ်ရှန်းလည်း တွေးမိသည် ။ သူသည် အိမ်တွင် အမြဲတမ်း လွှမ်းမိုးနိုင်သူဖြစ်ပြီး မည်သူမျှ မဆန့်ကျင်ဝံ့ကြပေ။
လီရှီဝူသည် သူ၏ဓားကို ဝှေ့ယမ်းလျက် ပလ္လင်ရှေ့သို့ တစ်လှမ်းတက်ကာ ဇာတ်မင်းသားတစ်ယောက်ကဲ့သို့ အသံဖြင့် အော်လိုက်သည်၊၊
“ငါ၏ လက်ဝဲလက်ယာအစောင့်အရှောက်တွေ ဘယ်မှာလဲ”
“ကျွန်တော်တို့ ရှိပါတယ်”
ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့က ပြိုင်တူ ရှေ့သို့ တက်လာကာ ဖြေလိုက်ကြသည်။
“ငါက ကျန်းဝူရဲ့ ဖြောင့်မတ်ခြင်းချီကို ဆင့်ခေါ်လိုက်ပြီ။ ရှေ့ကို သွားပြီး ဤနေရာမှ မကောင်းဆိုးဝါးများကို နှင်ထုတ်ကြလော့”
ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် သူတို့၏ ဓားများကို အရိုအသေပြုလိုက်ကြသည် ။ အမိန့်အတိုင်း သူတို့သည် ခန်းမဆောင်အတွင်းမှ ထွက်လာခဲ့ကြသည် ။ တစ်ယောက်က ဘယ်ဘက်သို့ သွားပြီး ၊ အခြားတစ်ယောက်က ညာဘက်သို့ သွားသည် ။
အခုနက ပြုလုပ်သမျှမှာ လူမြင်ကောင်းအောင် လုပ်ပြခြင်းသာ ဖြစ်သည် ။ အခုမှသာ စစ်မှန်သော မကောင်းဆိုးဝါးနှင်ခြင်း စတင်တော့မည် ဖြစ်သည် ။ တပည့်များက အလုပ်လုပ်ရမည်ဖြစ်ပြီး ဆရာကတော့ ဂုဏ်ပုဒ်ကို ရယူပေလိမ့်မည် ။
“နတ်ဘုရားငါးပါးရဲ့ အစွမ်းကြောင့် အမှောင်စွမ်းအင်များ ပပျောက်စေ”
လီရှီဝူသည် မျက်စိမှိတ်လျက် ဓားကိုကိုင်ကာ ရပ်နေပြီး ဂါထာများကို ဆက်လက်ရွတ်ဆိုနေသည် ။
“လူတိုင်း ခန်းမဆောင်ထဲကို အခုပဲ ဝင်ကြပါ။ ပူဇော်ပွဲကို ဘယ်သူမှ မနှောင့်ယှက်ပါနဲ့။ မသန့်ရှင်းတာတစ်ခုခု ကပ်ပါလာရင်တော့ ငါမပြောဘူးမလုပ်ကြနဲ့”
လီမိသားစုဝင် ခုနစ်ယောက်လုံး ခန်းမထဲသို့ ချက်ချင်း ဝင်သွားကြသည်။ အစေခံများနှင့် အိမ်အကူများလည်း ကမန်းကတန်းဝင်လာကြသည်။ ယခုအခါ လီစံအိမ်ကြီးအတွင်းတွင် လုံခြုံရေးဝန်ထမ်း နှစ်ဦးနှင့် ဒရိုင်ဘာမှလွဲ၍ ကျန်သူများ မရှိတော့ပေ။
လီရှီဝူသည် သစ်သားဓားကို ကိုင်လျက် ငြိမ်သက်စွာ ရပ်နေပြီး ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ ပြန်လာမည့်အချိန်ကို ဂါထာများ ရွတ်ဆိုရင်း စောင့်ဆိုင်းနေသည်။
….
ကျိုးရင်လောင်သည် လီရှီရှန်း၏ အိပ်ခန်းနှင့် အနောက်ဘက်ဆောင်ကို စစ်ဆေးရန် သွားသည်။ လမ်းတစ်လျှောက်တွင် သူသည် သူ၏ဝိညာဉ်အာရုံကို သုံး၍ ထောင့်အသီးသီးတွင် ထူးဆန်းသော အရာများ ရှိမရှိ သေချာစွာ စစ်ဆေးနေသည်။
ကျန်ရှိနေသော ယင်စွမ်းအင်များနောက်သို့ လိုက်လာရင်း သူသည် လီရှီရှန်း၏ အိမ်အပေါ်ထပ် အခန်းငယ်လေးသို့ ရောက်ရှိလာသည်။ သူသည် သူ၏ဓားကို အိမ်မှဆွဲထုတ်လိုက်ပြီး ဝိညာဉ်အာရုံကို သုံး၍ မိမိကိုယ်ကို ကမ္ဘာဉီးချီဖြင့် ဝန်းရံလိုက်သည် ။
ကျိုးရင်လောင်က တိုးညှင်းသော အသံဖြင့် ရွတ်ဆိုလိုက်သည်၊၊
“ကျန်းဝူ၏ စွမ်းအားဖြင့် မကောင်းဆိုးဝါးများကို နှင်ထုတ်ပါ၊ ငါရဲ့ ဓမ္မကိုယ်ထည်ကို စောင့်ရှောက်ပါ”
သူ၏ နောက်ကျောတွင် ခံ့ညားထည်ဝါသော နတ်စစ်သူကြီးပုံရိပ်တစ်ခု မှိန်ပျပျ ပေါ်လာသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်း မလုံလောက်သေးသဖြင့် ပုံရိပ်ကို အပြည့်အဝ မဖော်ဆောင်နိုင်သေးပေ။ အကယ်၍ ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်ရမည်ဆိုပါက ဤကာကွယ်ရေး ပညာရပ်မှာ အသုံးမဝင်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ အကောင်းဆုံးပင် ဖြစ်သည်။
အနီရင့်ရောင် သစ်သားတံခါးကို တွန်းဖွင့်လျက် ကျိုးရင်လောင်သည် သတိဖြင့် အတွင်းသို့ ဝင်လာခဲ့သည်။
လီရှီရှန်းသည် ရှေးဟောင်းပစ္စည်း စုဆောင်းသူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ အခန်းကို နှစ်ထပ်ခွဲထားပြီး အောက်ထပ်မှာ သပ်ရပ်သော အိပ်ခန်းတစ်ခု ဖြစ်ကာ နံရံတွင် ရှုခင်းကားများနှင့် အလှပြဓားများ ချိတ်ဆွဲထားသည်။ စာရေးခုံပေါ်တွင်လည်း စုတ်တံ ၊ မှင် ၊ စက္ကူနှင့် မှင်တုံးတို့ကို အစီအစဉ်တကျ ချထားသည်။
ဝိညာဉ်အာရုံဖြင့် အခန်းအနှံ့ကို စစ်ဆေးလိုက်သောအခါ အပေါ်ထပ်တွင် ရှေးဟောင်းပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများ ပြည့်နှက်နေသည်ကို ကျိုးရင်လောင် တွေ့လိုက်ရသည်။
သူသည် တံခါးဝတွင် ခဏမျှ ရပ်နေပြီးမှ ရှေ့သို့ တက်လိုက်သည်။ ထို့နောက် သူသည် ချက်ချင်း ဝှေ့ယမ်းလှည့်လိုက်ပြီး သူ၏ လျှပ်စီးကဲ့သို့ စူးရှသောအကြည့်မှာ ကုတင်၏ ထောင့်တစ်ခုဆီသို့ ရောက်သွားသည်။
“ဘယ်လို ဝိညာဉ်က ဒီမှာပုန်းနေရဲတာလဲ။ ကိုယ်ထင်ပြစမ်း”
သူ၏ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ အစစ်မှန်ချီများသည် ထိုထောင့်ဆီသို့ ပြေးဝင်သွားပြီး နံရံကို ရိုက်ခတ်ကာ ဘာမှမဖြစ်သလို ပျောက်ကွယ်သွားသည်။
ထွက်ပေါ်သွားသော စွမ်းအင်သည် ဓားချီကဲ့သို့ အားမကောင်းသော်လည်း ဝိညာဉ်အာရုံဖြင့် ကြည့်လိုက်သောအခါ ထိုစွမ်းအင်သည် အပြာရောင် ဝိညာဉ်ပုံရိပ်တစ်ခုကို အလွယ်တကူပင် ရိုက်ခွဲလိုက်သည်ကို တွေ့ရသည်။ ထိုပုံရိပ်မှာ လွင့်ပြယ်ကာ ပျောက်ကွယ်သွားသည်။
ဒါကို သရဲလို့ ခေါ်တာလား။
ကျိုးရင်လောင် သက်ပြင်းချလိုက်သော်လည်း သတိမလျော့သေးပေ။ အခန်းအတွင်းရှိ ယင်စွမ်းအင်မှာ ဆယ်ရာခိုင်နှုန်းပင် မလျော့သွားသေးပေ။ ဤအခန်းထဲတွင် လေလွင့်ဝိညာဉ်များစွာ ရှိနေဦးမည် ဖြစ်သည်။
သူသည် သတိကြီးစွာဖြင့် ရှေ့သို့ ဆက်လှမ်းကာ စေ့စေ့စပ်စပ်ရှာဖွေလိုက်သည်၊၊
တစ်ချိန်တည်းမှာပင် အရှေ့ဘက်ဆောင်ရှိ အိပ်ခန်းတစ်ခုအတွင်းတွင် ဝမ်ရှန်းသည် ပတ်ဝန်းကျင်တွင် လူမရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူ၏ဆရာ သင်ကြားပေးထားသော မကောင်းဆိုးဝါးနှင်ဂါထာကို အသေးစိတ်မှအစ မကျန်စေရန် အစွမ်းကုန် ပြန်နွှေးလိုက်သည်၊၊