← Chapters

မိစ္ဆာကျင့်ကြံသူလား

Vol. 5 Ch. 42

မိစ္ဆာကျင့်ကြံသူလား

Vol. 5 Ch. 42

ဝမ်ရှန်းသည် တစ္ဆေရှိရာနေရာကို ရှာဖွေတွေ့ရှိသွားပြီဖြစ်သည်။ ၎င်းမှာ အပေါ်ထပ်အိပ်ခန်းရှိ ကုတင်ခေါင်းရင်းတွင် ခွေလိပ်နေ၏။

သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကျိုးရင်လောင်ထက် များစွာသာလွန်သလို ဝိညာဉ်အာရုံနှင့် အစစ်မှန်ချီသည်လည်း သိသိသာသာ ပိုမိုအားကောင်းသည်။ သူ၏ ဝိညာဉ်အာရုံကို အခန်းအနှံ့ ဖြန့်ကျက်လိုက်သောအခါ ပုန်းကွယ်နေသော အရိပ်မည်းနှစ်ခုကို အာရုံခံမိလိုက်သည်။

သူ့ဆရာ ပြောခဲ့သလိုပင် လေလွင့်နေသော ဝိညာဉ်များတွင် လူသဏ္ဌာန်မရှိပေ။ ၎င်းတို့မှာ ကမ္ဘာဉီးချီစွမ်းအင်ကြောင့် လုံးဝပျောက်ကွယ်မသွားဘဲ ကပ်ငြိကျန်ရစ်နေသည့် စွဲလမ်းမှုများနှင့် ဝိညာဉ်အာရုံအကြွင်းအကျန်များသာ ဖြစ်ကြသည်။

သူ့ဆရာ၏ အစီအစဉ်အတိုင်း ဝမ်ရှန်းသည် လေသံကို မှန်ကန်စွာ ထားရှိပြီး ရှေ့သို့ ဖြည်းညင်းစွာ ခြေလှမ်းလိုက်၏။ ခြေလှမ်းတိုင်းကို အော်ပရာတေးသွားအတိုင်း စည်းချက်ကျကျလှုပ်ရှားကာ ရွတ်ဆိုလိုက်သည်။

“စစ်မှန်သော ကြယ်ငါးစင်းအလင်းက အမှောင်ထုကို ခွင်း၍ နတ်ဘုရားများနှင့် သူတော်စင်များက ငါ့ဝိညာဉ်ကို စောင့်ရှောက်ပါစေ။ ဘေးအန္တရာယ်မှန်သမျှ ကင်းစင်ပပျောက်စေ၊ အမိန့်တော်အတိုင်း အမြန်ဆုံးဖြစ်စေ”

ဝမ်ရှန်းသည် သူ၏ ဝိညာဉ်အာရုံက ရေလှိုင်းများကဲ့သို့ အပြင်ဘက်သို့ ပြန့်ကားသွားသည်ကို ခံစားလိုက်ရသည်။ ခဏချင်းတွင်ပင် အရိပ်မည်းနှစ်ခုမှာ တစ်စစီကွဲအက်သွားပြီး ဘာမျှမရှိတော့သည့်အခြေအနေသို့ ဆိုက်ရောက်သွားသည်။

ထိုဝိညာဉ်အစအနတစ်ခုချင်းစီသည် တစ်ချိန်က အသက်ဝိညာဉ်တစ်ခုစီ ဖြစ်ခဲ့ဖူးသည်။

“ကောင်းရာမွန်ရာရောက်ပါစေ”

ဝမ်ရှန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် ကျန်ရှိနေသော ယင်ချီအစအနများကို လိုက်လံရင်း နောက်ထပ်နေရာတစ်ခုသို့ ဆက်သွားလေသည်။

လီမိသားစု အိမ်ရာဝင်းကို ထိုက်ကျိစက်ဝိုင်းပုံစံဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အခန်းပေါင်း ဆယ်ခန်းကျော် အပေါ်ထပ်အခန်း လေးခန်း သို့မဟုတ် ငါးခန်း ကားဂိုဒေါင်နှင့် ဂိုဒေါင်ငယ် အချို့ရှိသည်။ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် အိမ်ရာဝင်းအနှံ့ စနစ်တကျ ရှာဖွေပြီး လေလွင့်ဝိညာဉ်များကို နှင်ထုတ်လိုက်ကြသည်။

…

တစ်ချိန်တည်းမှာပင် ခန်းမဆောင်အတွင်း၌ လီရှီဝူသည် ဓားကို မြှောက်ကိုင်ထားရသဖြင့် လက်အံသေကာ ညောင်းညာလာပြီး သံသယများ စတင်ဖြစ်ပေါ်လာသည်၊၊

“ဟိုနှစ်ယောက်က တကယ်ပဲ အားကိုးရရဲ့လား။ တစ္ဆေနှင်တာပဲကို ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ”

နောက်ထပ် ဆယ်မိနစ်ခန့် ကုန်ဆုံးသွားသည်။ လီရှီဝူ၏ လက်မောင်းမှာ စတင်နာကျင်လာသော်လည်း သူက အလိုက်သင့် ပြောင်းလဲတတ်သူဖြစ်သည်။ သူသည် အထင်ကြီးစရာကောင်းသော ဓားကွက်အချို့ကို ပေါ့ပေါ့ပါးပါး ကပြလိုက်ပြီးနောက် မဟော်ဂနီသစ်သားဓားကို ယဇ်ပလ္လင်ပေါ် တင်လိုက်သည်။ ထို့နောက် ဖျာပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်စိမှိတ်ပြီး အာရုံစူးစိုက်နေဟန် ပြုမူလိုက်သည်။

သူက ခန့်ညားသော လေသံဖြင့် ကြုံးဝါးလိုက်သည်၊၊

“ငါ့ရဲ့ အစောင့်အရှောက် နှစ်ယောက်ကို ကူညီဖို့အတွက် အခုပဲ ငါ့ရဲ့ ဝိညာဉ်အာရုံနဲ့ ဒီနေရာရဲ့ အနှောင့်အယှက်ရဲ့ အရင်းအမြစ်ကို ရှာဖွေတော့မယ်”

သူသည် ဝိညာဉ်အာရုံကို အသုံးပြုပြီး ပတ်ဝန်းကျင်ရှိ ကမ္ဘာဉီးချီစွမ်းအင်များကို လှုပ်ခတ်လိုက်ရာ ခန်းမအတွင်းရှိ လေထုက လှုပ်ရှားသွားသည်။ လီမိသားစုဝင်များသည် ၎င်းတို့၏ ဉီးလေးကို ပိုမိုကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်ရှုနေကြတော့သည်။

…

နောက်ဖေးခြံထဲတွင် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ ကားဂိုဒေါင်အနီး ဆုံမိကြသည်။ သူတို့နှစ်ဦးစလုံး၏ မျက်နှာများမှာ စိတ်လှုပ်ရှားနေသည်။

“တစ်ခုခုတော့ ထူးဆန်းနေတယ်” ဝမ်ရှန်းက ပြောလိုက်သည်။

“ငါတော့ ဝိညာဉ်အကောင် ၂၀ ကျော်ကို နှင်ထုတ်ခဲ့ပြီးပြီ။ ညီလေးဝမ် မင်းရော ဘယ်လောက်ရှိပြီလဲ” ကျိုးရင်လောင်က ပတ်ဝန်းကျင်ကို သတိထားကြည့်ရင်း မေးလိုက်သည်။

“ဖုန်းရွှေ အစီအရင်က ပြောင်းပြန်ဖြစ်သွားတာလား။ မကောင်းဆိုးဝါးတွေကို မကာကွယ်နိုင်ဘဲ ပိုလာအောင် ဆွဲဆောင်နေသလိုပဲ”

“အစ်ကိုကျိုး သတိထားပါ နံရံတိုင်းမှာ နားရှိတယ်။ အရင်ဆုံး ဆရာဉီးလေးနဲ့ သွားတွေ့ပြီးမှ ဒါကို ဆွေးနွေးကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူ့မိသားစုအိမ်ပဲလေ။ တကယ်လို့ တစ်စုံတစ်ယောက်က ဒါကို တမင်လုပ်နေတာဆိုရင် ကျွန်တော်တို့ ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူး”

“သဘောတူတယ်။ သွားကြစို့”

ကျိုးရင်လောင်က ဝမ်ရှန်းကို ရှေ့ကသွားရန် လက်ဟန်ပြလိုက်သည်။ သူတို့သည် ဓားရှည်များကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး ခန်းမဆောင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ သူတို့ရောက်ရှိလာသောအခါ လီရှီဝူက ရလဒ်ကို ချက်ချင်းထရပ်မေးသော်လည်း ဝမ်ရှန်းက မသိမသာ မျက်ရိပ်ပြပြီး အချက်ပြလိုက်သည်။

ဂိုဏ်း၏ ဒုဂိုဏ်းချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး အတွေ့အကြုံများသော လီရှီဝူသည် ချက်ချင်း သဘောပေါက်သွားသည်။ သူက တွေဝေမနေဘဲ တာအိုကျမ်းစာအချို့ကို ရွတ်ဆိုရင်း အစစ်မှန်ချီကို အသုံးပြုကာ ပြကွက်အချို့ကို အချောသတ်လုပ်ဆောင်လိုက်သည်။ ထို့နောက် မာန်အပြည့်ဖြင့် အမိန့်ပေးလိုက်သည်၊၊

“အစောင့်အရှောက်တို့ နေရာပြန်ယူကြလော့”

ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် မူလနေရာများသို့ ပြန်၍ခြေလှမ်းလိုက်ကြသည်။ လီရှီဝူက သစ်သားဓားကို ကိုင်မြှောက်ပြီး အထင်ကြီးဖွယ် ထပ်မံလှုပ်ရှားကာ တည်ကြည်လေးနက်သော လေသံဖြင့် ရွတ်ဆိုနေသည်။ နောက်ဆုံးတွင် အစီအစဉ်အားလုံး ပြီးမြောက်အောင်မြင်သွားသည့်အဟန်ဖြင့် အဆုံးသတ်လိုက်သည်။

ပင်ပန်းနွမ်းနယ်နေဟန်ဆောင်ကာ လီရှီဝူက အသက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။

“အစ်ကိုကြီး ကျွန်တော်တို့ အနားယူပြီး ခွန်အားပြန်ဖြည့်ဖို့ တိတ်ဆိတ်တဲ့ အခန်းတစ်ခန်းလောက် ပြင်ပေးပါဦး”

လီရှီရှန်းက အပြေးအလွှား ချဉ်းကပ်လာသည်၊၊

“နေ့လယ်စာ အရင်စားပြီးမှ နားပါလား”

“လုံးဝ မဖြစ်ဘူး။ အခုလို အချိန်မျိုးမှာ အစားအသောက်တွေ စားမိရင် ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်လိမ့်မယ်”

လီရှီဝူက အလွန်တည်ကြည်လေးနက်စွာ ပြောလိုက်သဖြင့် လီမိသားစုဝင်များလည်း ထပ်မမေးရဲတော့ဘဲ သူတို့ အဝတ်အစားလဲခဲ့သည့် အိပ်ခန်းဆီသို့ ပြန်လည်ခေါ်ဆောင်သွားကြသည်။

တံခါးပိတ်လိုက်သည်နှင့် လီရှီဝူက သူတို့ကို အနီးသို့ လာရန် အချက်ပြပြီး တီးတိုးမေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ”

“ကျွန်တော် ဝိညာဉ် ၃၂ ကောင်ကို နှင်ထုတ်ခဲ့တယ်” ဝမ်ရှန်းက ပြန်ဖြေသည်။

“ကျွန်တော်လည်း အနည်းဆုံး ၂၀ ကနေ ၃၀ ကြား နှင်ထုတ်ခဲ့တယ်”

ကျိုးရင်လောင်ကလည်း ဝင်ပြောသည်။

“ဘာ” လီရှီဝူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“ဒီလောက်တောင် များတာလား။ ဒီနေရာက ဖုန်းရွှေအစီအရင်က ပြောင်းပြန်များ ဖြစ်နေတာလား”

“ဆရာဉီးလေး ကျွန်တော်က ဓားအစီအရင်ကလွဲလို့ တခြားအစီအရင်တွေကို သိပ်နားမလည်ဘူး။ ဒါပေမဲ့ ဒီအခြေအနေရဲ့ သဘောတရားကိုတော့ နားလည်ရမခက်ပါဘူး”

“ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ ဖေးယွီရာ။ ငါ တကယ်ရူးချင်နေပြီ။ ငါ့မှာ သားသမီးလည်း မရှိဘူး။ အစ်ကိုကြီးရဲ့မိသားစုက ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုပဲ”

လီရှီဝူက စိုးရိမ်တကြီး တိုက်တွန်းသည်။

ဝမ်ရှန်းက စကားလုံးကို အသေချာရွေးချယ်ပြီး ပြောလိုက်သည်။

“တကယ်လို့ ဒီနေရာက ဖုန်းရွှေကို ဝိညာဉ်မွေးမြူတဲ့ အစီအရင်အဖြစ် ပြောင်းလဲထားတာဆိုရင် ဒီလောက်များပြားတဲ့ လေလွင့်ဝိညာဉ်တွေထဲမှာ အာဃာတကြီးတဲ့ တစ္ဆေဝိညဉ်တွေ အနည်းဆုံးပါဝင်နေလိမ့်မယ်။

နောက်ပြီး အိမ်ထဲကို စဝင်ဝင်ချင်းမှာတင် ယင်ချီတွေ အလုံးအရင်းနဲ့ ရှိနေတာကို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဝိညာဉ်အာရုံနဲ့ သေသေချာချာရှာမှ အစအနလေးတွေပဲ တွေ့ရတယ်။ ဒါက ဖုန်းရွှေအစီအရင်ကြောင့် မဟုတ်ဘူးဆိုတာ ပြနေတာပဲ။

လေလွင့်ဝိညာဉ်တွေက နေရောင်ခြည်ကို ကြောက်ကြတယ်။ လူတွေကို ဒုက္ခပေးနိုင်ပေမဲ့ လူတွေဆီကထွက်တဲ့ ယန်ချီစွမ်းအင်က သူတို့ကို ပြန်ထိခိုက်စေတယ်။ ကျွန်တော် နှင်ထုတ်ခဲ့တဲ့ ဝိညာဉ်တချို့ဆိုရင် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။ ဆိုလိုတာက သူတို့က မူလကတည်းက ဒီနေရာမှာ ရှိနေတာ မဟုတ်ဘူး။ တစ်စုံတစ်ယောက်က တမင်တကာ ဒီမှာလာထားထားတာပဲ”

ဝမ်ရှန်းက စကားကို ခဏရပ်လိုက်သည်။ အချို့အရာများကို မပြောဘဲ ချန်ထားခြင်းက ပိုကောင်းပေသည်။

ကျိုးရင်လောင်က ဝမ်ရှန်း၏ သုံးသပ်ချက်ကို ခေါင်းညိတ်ထောက်ခံလိုက်သည်။ ထို့နောက် လက်ပိုက်ကာ အတွေးထဲနစ်ရင်း အခန်းထဲမှာ လမ်းလျှောက်နေ၏။

ခဏအကြာတွင် လီရှီဝူက ဝမ်ရှန်းကို ကြည့်ကာ မေးလိုက်သည်၊၊

“မင်း ပြောချင်တာက ကျင့်ကြံသူတစ်ယောက်က ဒါကို လုပ်နေတာလို့ ဆိုလိုတာလား”

ဝမ်ရှန်းက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ အရင်ဘဝတုန်းက “ကီးဘုတ်အင်မော်တယ်” အဖြစ် ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့ရသဖြင့် သူသည် ကျင့်ကြံခြင်းသက်တမ်းနှစ်အနည်းငယ်သာ ရှိသေးသည့် လီရှီဝူနှင့် ကျိုးရင်လောင်တို့ထက် ပိုမိုကျယ်ပြန့်သော အမြင်ရှိနေသည်။

သူသည် လက်ရှိအခြေအနေကို သာမန်တစ္ဆေခြောက်ခြင်းအဖြစ် မမြင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မိစ္ဆာကျင့်ကြံသူတစ်ဦးက တစ္ဆေများကို မွေးမြူပြီး လီရှီဝူ၏ အစ်ကိုနှင့် မိသားစုကို ဒုက္ခပေးရန် ရည်ရွယ်ချက်ရှိရှိစေခိုင်းနေခြင်း ဖြစ်နိုင်သည်ဟု သူ တွေးမိသည်။

အရာရာတွင် ဆန့်ကျင်ဘက်ရှိစမြဲ ဖြစ်သည်။ ရေသည် ကြည်လင်ရာမှ နောက်ကျိနိုင်သကဲ့သို့ပင် လူ့သဘာဝသည်လည်း ကောင်းခြင်း၊ ဆိုးခြင်းက ဒွန်တွဲနေပေသည်၊၊ ကျင့်ကြံသူအားလုံးသည် တောင်ပေါ်တွင် အေးအေးဆေးဆေး နေထိုင်ပြီး လောကီရေးရာများကို ရှောင်ရှားနေကြသူများ မဟုတ်ပေ။ အချို့မှာ မိမိတို့၏ တာအိုပညာနှင့် ကျင့်ကြံခြင်း အားသာချက်များကို အသုံးချကာ မကောင်းမှုပြုလုပ်ပြီး သက်ရှိများကို တမင်တကာ ဒုက္ခပေးတတ်ကြသည်။ ထိုသူများကို “မိစ္ဆာကျင့်ကြံသူ” ဟု ခေါ်ဆိုကြသည်။

တစ်စုံတစ်ယောက်ကို မိစ္ဆာကျင့်ကြံသူဟု သတ်မှတ်ရာတွင် ထိုသူက ဘာကို ကျင့်ကြံသလဲဆိုသည်ထက် ထိုသူက ဘာလုပ်သလဲဆိုသည်အပေါ်တွင်သာ မူတည်သည်။ တစ်ပါးသူအသက်ကို ရန်ရှာပြီး စည်းစိမ်ရှာခြင်း၊ လူသတ်ခြင်း၊ မီးရှို့ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် လုယက်ခြင်းတို့မှာ ယုတ်မာသော အပြုအမူများဖြစ်သည်။ အကယ်၍ ထိုသူသည် နာမည်ကြီး တာအိုဂိုဏ်းကြီးတစ်ခုမှ တပည့်ဖြစ်နေစေဦးတော့ သူသည် မိစ္ဆာကျင့်ကြံသူသာဖြစ်ပြီး ကျင့်ကြံခြင်းလောကက သူ့ကို အမြစ်ပြတ်နှိမ်နင်းကြမည်သာ ဖြစ်သည်။

လီမိသားစု၏ များပြားလှသော ချမ်းသာကြွယ်ဝမှုသည် မိစ္ဆာကျင့်ကြံသူအချို့၏ လောဘကို ဆွဲဆောင်မိပုံရပြီး ယနေ့ဖြစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်နိုင်သည်။ တစ်ဖက်တွင်လည်း လီရှီရှန်းသည် တစ်စုံတစ်ယောက်ကို မသိလိုက်ဘဲ စော်ကားမိခဲ့သဖြင့် ယခုကဲ့သို့ ကံဆိုးမှုနှင့် ရင်ဆိုင်နေရခြင်းလည်း ဖြစ်နိုင်သည်။

နာရီဝက်ခန့် အနားယူပြီးနောက် မောပန်းနေဟန်ရှိသော လီရှီဝူသည် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ကို လီမိသားစု၏ ခန်းမဆောင်ဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

ယဇ်ပလ္လင်ကို ဖယ်ရှားလိုက်ပြီဖြစ်ကာ ၎င်းနေရာတွင် အဖိုးတန် သက်သတ်လွတ် ဟင်းလျာမျိုးစုံ တည်ခင်းထားသည့် ရှစ်ယောက်ထိုင် စားပွဲကြီးတစ်လုံးဖြင့် အစားထိုးထားသည်။

အသားဟင်းမပါသော်လည်း ဟင်းလျာအားလုံးမှာ အလွန်စျေးကြီးပုံရသည်။

လီရှီရှန်းသည် မျက်နှာတွင် ပျော်ရွှင်မှုများကို မဖုံးဖိနိုင်ဘဲ သူတို့ကို ကြိုဆိုရန် ထရပ်လိုက်သည်။ သူသည် ခြံဝင်းအတွင်း လမ်းလျှောက်ကြည့်ခဲ့ပြီးနောက် အရင်ကလို ကြောက်စရာကောင်းသော ခံစားချက်မျိုးမရှိတော့သည်ကို တွေ့ရှိခဲ့သည်။ ထို့အပြင် သူသည် ကုတင်ပေါ်တွင် သွားလှဲကြည့်ရာ လွန်ခဲ့သော တစ်လခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ထူးဆန်းသောအသံများ မကြားရဘဲ အိပ်ငိုက်လာသည်ကို ခံစားခဲ့ရသည်။

သူအလွန် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။

“ညီလေးနဲ့ တာအိုဆရာလေးတို့ မင်းတို့ တကယ် ပင်ပန်းသွားကြပြီ။ ငါက စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်းမအိပ်ရတာ တစ်လခွဲလောက် ရှိနေပြီ”

လီရှီဝူက ပြုံးလိုက်ပြီး “အစ်ကိုကြီး ထိုင်ပြီး စကားပြောကြတာပေါ့။ ကျွန်တော့်ရဲ့ တူနှစ်ယောက်ကိုလည်း ဗိုက်ဟောင်းလောင်းမထားနဲ့ဉီးလေ”

“ဟုတ်သားပဲ ဟုတ်သားပဲ။ ထိုင်ကြပါဦး”

လီရှီရှန်းက သူတို့ကို စားပွဲတွင် ထိုင်ရန် လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လိုက်သည်။ ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့က ကျေးဇူးတင်စကားဆိုကာ လီရှီဝူနောက်မှ လိုက်၍ ထိုင်လိုက်ကြသည်။ လီရှီရှန်း၏ သားနှစ်ယောက်ဖြစ်သော သားကြီး လီဝေဝမ်နှင့် သားငယ် လီဝေဝူတို့လည်း သူတို့နှင့်အတူ ထိုင်ကြသည်။

ကျေးဇူးတင်စကားများကို ရိုးရာအတိုင်းအပြန်အလှန် ပြောဆိုလိုက်ကြသည်။ လီရှီရှန်းက ဝိုင်ပုလင်းကို ကိုင်လိုက်သည်။

“တူလေးတို့ နှစ်ယောက်သာမရှိရင် ငါတို့ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ငါ့ရဲ့ကျေးဇူးတင်မှုကို လက်ခံပေးပါ။ နောက်ထပ် ရက်အနည်းငယ်လောက် ဒီမှာဆက်နေပေးပါဦး”

ထို့နောက် သူသည် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့၏ ဖန်ခွက်ထဲသို့ ဝိုင်များ ထည့်ပေးရန် ကြိုးစားလိုက်သည်။ ကျိုးရင်လောင်က သူ၏ ဖန်ခွက်ကို လက်နှင့်အမြန်ကာလိုက်သော်လည်း ဝမ်ရှန်းကမူ ပြုံးပြီး ခေါင်းခါပြကာ လီရှီရှန်းကို ဝိုင်ထည့်ခွင့်ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ သောက်မည်၊ မသောက်မည်ဆိုသည်မှာ သူကိုယ်တိုင်ဆုံးဖြတ်ရမည့်အရာ ဖြစ်သည်။

All Chapters