← Chapters

စုံစမ်းစစ်ဆေးခြင်း

Vol. 5 Ch. 43

စုံစမ်းစစ်ဆေးခြင်း

Vol. 5 Ch. 43

မကြာမီ ဝမ်ရှန်းက သူ၏ တူကို ကိုင်လိုက်သည်။ အစားအသောက်များမှာ အလွန်ကောင်းမွန်လှသဖြင့် သူ အဆက်မပြတ်စားနေမိသည်။ သို့သော် သူ ပထမဆုံး တွေးမိသည့်အရာမှာ သူ၏ စီနီယာအစ်မက ဒီလိုခမ်းနားတဲ့ သက်သတ်လွတ်စားပွဲကြီးကို လွဲချော်သွားတာ နှမြောစရာပဲဟူသော အချက်ဖြစ်သည်။

စကားစမြည် အနည်းငယ် ပြောဆိုပြီးနောက် လီရှီဝူက ဝိုင်တစ်ငုံ သောက်လိုက်ပြီး ခပ်တိုးတိုး သက်ပြင်းချသည်။ သူ၏ တာအိုဝတ်ရုံ လက်ရှည်ကြီးထဲမှ မကောင်းဆိုးဝါးများကို ကာကွယ်ရန် ပြုလုပ်ထားသည့် တစ္ဆေနှင်အဆောင်စာရွက် အထပ်လိုက်ကို ထုတ်ယူလိုက်သည်။ ၎င်းတို့မှာ ဝူတန်းတောင်မှ အင်းပညာ ကျွမ်းကျင်သော သူ၏ စီနီယာအစ်ကိုတစ်ယောက်က ပြုလုပ်ပေးထားခြင်း ဖြစ်သည်။

“အစ်ကိုကြီး ဒီအဆောင်စာရွက်တွေကို ကုတင်ခေါင်းရင်းတွေ တံခါးဝတွေနဲ့ အိမ်အဝင်ဝတွေမှာ ကပ်ထားလိုက်ပါ။ ဒါတွေက အစွမ်းထက်တဲ့ စွမ်းအားတွေ ပါပြီးသား။ တကယ်လို့ စိုသွားတာ ဒါမှမဟုတ် ပျက်စီးသွားတာမျိုးရှိရင် ဝူတန်းတောင်ကို လူလွှတ်ပြီး ကျွန်တော့်ဆီမှာ အသစ် လာတောင်းလိုက်”

“ကောင်းပါပြီ”

လီရှီရှန်းက စိတ်အေးသွားဟန်ဖြင့် ပြုံးကာ အဆောင်စာရွက်များကို လေးနက်စွာလက်ခံယူလိုက်သည်။

“ဝေဝူ… တာအိုဆရာလေးနှစ်ယောက်အတွက် ငါတို့ ပြင်ဆင်ထားတဲ့ လက်ဆောင်တွေကို သွားယူခဲ့လိုက်ဦး”

လက်ဆောင်လား။ ဒါက ပူဇော်ပွဲလုပ်ပေးတဲ့အတွက် အခကြေးငွေဖြစ်မှာပဲ…။

ဝမ်ရှန်းက တွေးလိုက်သည်။

ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် ငွေကြေးလက်ဆောင်များကို လက်ခံသင့်၊ မခံသင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လီရှစ်ဝူက ပြုံး၍ ပြောလိုက်သည်၊၊

“လက်ခံလိုက်ကြပါ။ မင်းတို့ ဒီအထိတောင် လာခဲ့ရတာပဲ။ ငါက မင်းတို့ရဲ့ ဦးလေးတစ်ယောက်အနေနဲ့ မင်းတို့အတွက် ဘာမှ သိပ်မလုပ်ပေးနိုင်သေးဘူး။ ငါ့အစ်ကိုကို အားနာနေဖို့ မလိုပါဘူး”

သူ ပြောနေစဉ်မှာပင် လီဝေဝူက အပြေးအလွှားရောက်လာပြီး လှပသော လင်ဗန်းတစ်ခုကို ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ ရှေ့တွင် တင်လိုက်သည်။ ၎င်းပေါ်တွင် ထူထဲသော စာအိတ်အနီနှစ်လုံးနှင့် လှပသောပိုးသေတ္တာငယ်နှစ်လုံး ရှိနေသည်။

လီရှီဝူက ပြုံးလိုက်သည်၊၊

“ဖေးယွီ၊ ရင်လောင် ဖွင့်ကြည့်ကြဦး။ မင်းတို့ ကြိုက်ရဲ့လားလို့။ မလာခင်တည်းက ငါ့အစ်ကိုက မင်းတို့ ဘာကြိုက်တတ်လဲလို့ မေးနေတာနဲ့ ငါက ရက်ရက်ရောရောသာ ပေးလိုက်လို့ ပြောထားတာ”

ဝမ်ရှန်းက ပြောလိုက်သည်၊၊

“အလှူရှင်က တကယ်ကို စိတ်ထားနူးညံ့ပါတယ်”

ကျိုးရင်လောင်က အနားသို့ တိုးလာပြီး တီးတိုးမေးလိုက်သည်၊၊

“ဒါကို ကျွန်တော်တို့ လက်ခံသင့်လား”

“လက်ခံရမှာပေါ့” လီရှီရှန်းက လက်ယမ်းပြလိုက်သည်။

“ဒါကို သံယောဇဉ် အထိမ်းအမှတ်တစ်ခုအနေနဲ့ သဘောထားလိုက်ပါ။ ငါကအိုမင်းလာပြီး ငါ့ညီလည်း အသက်ကြီးလာတဲ့အခါ မင်းတို့နှစ်ယောက်က ငါ့မိသားစုကို ဆက်ပြီး စောင့်ရှောက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

လီရှီဝူကလည်း သူတို့ကို မျက်စိမှိတ်ပြပြီး အချက်ပြနေသည်။

တွေဝေနေစရာ အကြောင်းမရှိတော့သဖြင့် ဝမ်ရှန်းက ပိုးသားသေတ္တာကို ဖွင့်လိုက်သည်။ အတွင်း၌ ချောမွေ့ပြီး တောက်ပသော ကျောက်စိမ်းလက်ကောက်တစ်စုံ ရှိနေသည်။ ယခုမှပင် လက်ဆောင်အတွက် အကြံဉာဏ်မှာ လီရှီဝူဆီမှ လာခြင်းဖြစ်ကြောင်း သိသာသွားသည်။ ဝမ်ရှန်းကိုယ်တိုင်အတွက် ကျောက်စိမ်းလက်ကောက်က အသုံးမလိုသော်လည်း ၎င်းမှာ သူ၏ စီနီယာအစ်မအတွက် အကောင်းဆုံး လက်ဆောင်ဖြစ်ပေသည်။

“ဒီလက်ကောက်တွေကို ကျွန်တော် တကယ် ကြိုက်ပါတယ်။ ကျေးဇူးတင်ပါတယ် အလှူရှင်”

ဝမ်ရှန်း၏ ယဉ်ကျေးပျူငှာသော ကျေးဇူးတင်စကားကြောင့် လီရှီရှန်းလည်း ပို၍ပင် ပျော်ရွှင်သွားသည်။

ဝမ်ရှန်း၏နောက်သို့ လိုက်ပြီး ကျိုးရင်လောင်ကလည်း သူ၏ သေတ္တာကို ဖွင့်ကြည့်ရာ အတွင်း၌ ကြည်လင်တောက်ပသော ကျောက်စိမ်းဆွဲသီးတစ်လုံးကို တွေ့လိုက်ရသည်။ လက်ဆောင်များသည် စေတနာအရင်းခံသည်ဟု ယူဆကာ သူလည်း ငြင်းပယ်ခြင်း မပြုတော့ပေ။

လက်ဆောင်များကို လက်ခံပြီးနောက် သူတို့ အစားအသောက်များကို ဆက်စားနေကြသည်။ စားနေစဉ်အတွင်း ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် ခန်းမအတွင်း သွားလာနေသော အစေခံများနှင့် အိမ်ထိန်းများကို မသိမသာ အကဲခတ်နေကြသည်။ ထို့ပြင် စားပွဲ၌ ထိုင်နေသူများ၏ မျက်နှာအမူအရာများကိုလည်း ရံဖန်ရံခါ လေ့လာနေကြသည်။

ဝိုင်သုံးခွက်ခန့် သောက်ပြီးနောက် လီရှီဝူ၏ မျက်နှာမှာ တည်ကြည်သွားသည်။ သူက လေးနက်စွာ မေးလိုက်သည်။

“အစ်ကိုကြီး… အစ်ကိုကြီး မကြာသေးခင်က တစ်ယောက်ယောက်ကို စိတ်ဆိုးအောင် လုပ်ထားမိတာမျိုးရှိလား”

လီရှီရှန်းက သူ၏ ခွက်ကို ချလိုက်သည်။

“မကြာသေးခင်ကလား။ ငါက အိမ်မှာပဲ နေပြီး ပရဟိတလေလံပွဲ အနည်းငယ်ကိုပဲ တက်ဖြစ်တာပါ။ ဘယ်သူ့ကိုမှ စိတ်ဆိုးအောင် မလုပ်ထားပါဘူး။ ဘာလို့လဲ”

“အစ်ကိုကြီး အိမ်မှာ တစ္ဆေခြောက်တာက တစ်ခုခုကြောင့် ဖြစ်တာ..”

လီရှီဝူက သူ၏ လက်ချောင်းများဖြင့် ဖန်ခွက်အနားသတ်ကို တောက်လိုက်သည်။

“ခဏနေရင် အိမ်ရဲ့ ပုံကြမ်းကို ကျွန်တော့်ဆီ ယူလာပေးပါ။ တစ်စုံတစ်ယောက်က ဖုန်းရွှေကို လာပြီး ဖျက်ဆီးထားတာ ရှိ၊မရှိ ကျွန်တော် သေချာစစ်ဆေးကြည့်မယ်”

အစားအသောက် မစားမီကတည်းက သူသည် ထိုတောင်းဆိုချက်နှင့် အကြောင်းပြချက်ကို ဝမ်ရှန်း၊ ကျိုးရင်လောင်တို့နှင့် ကြိုတင်ညှိနှိုင်းထားပြီးသားဖြစ်သည်။

“မင်းတို့ စားကြဉီး။ ငါအခုပဲ သွားယူလိုက်မယ်” လီရှီရှန်းက ပြန်ဖြေသည်။

သူသည် ချက်ချင်း ထရပ်လိုက်ပြီး ဘေးတံခါးမှတစ်ဆင့် ထွက်သွားလေသည်။ သူ၏ အကြီးဆုံးသားဖြစ်သူကလည်း သူ့နောက်မှ အပြေးအလွှား လိုက်သွားခဲ့သည်။

သူနှင့် ဘာမှ မသက်ဆိုင်သည့်အလား ဝမ်ရှန်းက သူ၏ ပန်းကန်ထဲသို့ ဟင်းသီးဟင်းရွက်အချို့ ထည့်လိုက်ပြီး ကျိုးရင်လောင်ကမူ သူ၏ တူကို ဝိုင်ထဲနှစ်ကာ နမ်းကြည့်ရင်း အေးအေးဆေးဆေးပင် ဆက်စားနေလေသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် လီရှီရှန်းသည် လိပ်ထားသော စာရွက်တစ်လိပ်ကို ကိုင်ကာ ပြန်ရောက်လာပြီး အနီးရှိ စားပွဲခုံတစ်ခုဆီသို့ သွားလိုက်သည်။

“မင်းတို့လည်း လာကြည့်ကြဦး”

လီရှီဝူက ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့ကို လှမ်းခေါ်လိုက်သဖြင့် သူတို့လည်း နောက်မှ လိုက်သွားကြသည်။

လီရှစ်ရှန်းသည် လီအိမ်တော်၏ အသေးစိတ် ပုံကြမ်းကားချပ်ကို ဖြန့်ခင်းလိုက်သည်။ အိမ်၏ အပြင်အဆင်တစ်ခုလုံးသည် ထိုက်ကျိစက်ဝိုင်းပုံစံနှင့် ဆင်တူပြီး အတွင်းပိုင်း ဖွဲ့စည်းပုံမှာလည်း စွမ်းအင်များကို မွေးမြူပေးပြီး ဝိညာဉ်အနှစ်သာရများကို စုစည်းပေးနိုင်သည့် ဖုန်းရွှေအစီအရင်များနှင့်အညီ ညှိနှိုင်းပြင်ဆင်ထားခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် အစီအရင်ပိုင်းတွင် အခြေခံလောက်သာ နားလည်သော်လည်း ဤဖုန်းရွှေဒီဇိုင်းမှာ အတော်လေး နက်နဲရှုပ်ထွေးသည်ကို သူ ရိပ်မိလိုက်သည်။

“ဖေးယွီ၊ ရင်လောင် မင်းတို့နှစ်ယောက် ဒီမှာပဲ ဆက်စားနေကြ” လီရှီဝူက ညွှန်ကြားလိုက်သည်။

“အစ်ကိုကြီး ကျွန်တော်နဲ့ လမ်းလျှောက်ရအောင်… ဒီပုံစံကားချပ်နဲ့ လက်ရှိအနေအထားကို တိုက်ကြည့်ရအောင်”

သူသည် အစီအရင် မြေပုံကို ကိုင်ကာ အပြင်သို့ တန်းတန်းမတ်မတ် ထွက်သွားရာ လီရှီရှန်းကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်သွားလေသည်။

ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။ အစောပိုင်းက သူတို့ ညှိနှိုင်းထားချက်အရ ဆိုလျှင်တော့ ဖုန်းရွှေအပြင်အဆင်ကို စစ်ဆေးရန်နှင့် အိမ်တော်အတွင်းရှိ နေရာအသီးသီးကို စုံစမ်းရန် သူတို့အားလုံး အတူတူသွားကြရမည် ဖြစ်သည်။

သို့သော်လည်း သူတို့၏ ဆရာဉီးလေးလီရှီဝူကိုယ်တိုင်က ပြောလိုက်ခြင်း ဖြစ်သဖြင့် သူတို့လည်း ခိုင်းသည့်အတိုင်း အစားအသောက်များကိုသာ ဆက်စားနေလိုက်ကြရသည်။

“လီဝေ၊ လီဝူ ဧည့်သည်တွေကို သေသေချာချာ ပြုစုကြစမ်း။ လစ်ဟင်းတာမျိုး လုံးဝမရှိစေနဲ့” လီရှီရှန်းက အမိန့်ပေးခဲ့သည်။

“စိတ်မပူပါနဲ့ ဖေဖေ… ကျွန်တော်တို့ သေချာဧည့်ခံပါ့မယ်”

“ကျွန်တော်လည်း အဖေတို့နဲ့ လိုက်ခဲ့—”

“မလိုဘူး။ ဒီမှာပဲနေပြီး ဂုဏ်သရေရှိ ဧည့်သည်တွေကို ဧည့်ခံထား”

လီရှီရှန်းက သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သဖြင့် လီဝေဝမ်လည်း မတတ်သာဘဲ ပြုံးလျက် ပြန်ထိုင်လိုက်ရသည်။

ဝမ်ရှန်းသည် အစားကို ဆက်စားနေသော်လည်း လီရှီရှန်းနောက်သို့ သူ၏ ဝိညာဉ်အာရုံအပိုင်းစတစ်ခုကို မသိမသာ စေလွှတ်၍ နောက်ယောင်ခံလိုက်သွားစေသည်။

သူသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူ၏ ဓားပညာညဏ်အလင်းပွင့်မှုကြောင့် သူ၏ ဝိညာဉ်အာရုံမှာ အလွန်အားကောင်းလှပြီး သူ၏ စီနီယာအစ်မနှင့်ပင် ရင်ဘောင်တန်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ဝမ်ရှန်းသည် ကျင့်ကြံခြင်းမှလွဲ၍ ကျန်သည့် လောကီရေးရာများတွင် ဝင်ပါလိုစိတ် မရှိပေ။ သို့သော်လည်း ယခုအခါ လီအိမ်တော်သို့ ရောက်လာခဲ့ပြီဖြစ်သလို တစ္ဆေများကိုလည်း နှင်ထုတ်ပေးခဲ့ပြီးပြီ လက်ဆောင်ကိုလည်း လက်ခံခဲ့ပြီးဖြစ်ကာ သူ၏ ဆရာဉီးလေးနှင့်လည်း တရားခံကို ဖော်ထုတ်ရန် သဘောတူထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် အခြေအနေအရပ်ရပ်ကို အဆုံးထိသိအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

လီရှီဝူသည် မြေပုံကို ကိုင်ကာ လီရှီရှန်းနှင့်အတူ ဥယျာဉ်ထဲတွင် ဖြည်းညင်းစွာလမ်းလျှောက်နေသည်။ မိနစ်အနည်းငယ်ကြာအောင် သူတို့နှစ်ဦးစလုံး တိတ်ဆိတ်နေကြ၏။ ခန်းမဆောင်နှင့် အတော်လေး ဝေးကွာသွားမှသာ လီရှီဝူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“အစ်ကိုကြီး ဒီတစ္ဆေခြောက်တာက တိုက်ဆိုင်မှုမဟုတ်ဘူး။ တစ်ယောက်ယောက်က အစ်ကိုကြီးကိုပဲ မဟုတ်ဘူး… ကျွန်တော်တို့ မိသားစုတစ်ခုလုံးကို ဒုက္ခပေးဖို့ ကြိုးစားနေတာပဲ။ အစ်ကိုကြီး တစ်စုံတစ်ယောက်ကို စိတ်ဆိုးအောင်လုပ်ထားမိတာမျိုး တကယ်မရှိဘူးလား”

လီရှီရှန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“ငါတို့မိသားစုကို ဒုက္ခပေးဖို့ ကြိုးစားနေတာ ဟုတ်လား။ ငါ—”

သူက ထဆဲတော့မည့်ဆဲဆဲမှာပင် လီရှီဝူက အသံလျှော့ရန် ချက်ချင်း အချက်ပြလိုက်သည်။

“အသံတိုးတိုးလုပ်ပါ။ ကျွန်တော့်ဂိုဏ်းက တူလေးနှစ်ယောက် ကြားသွားဦးမယ်။ အစ်ကိုကြီး သေချာပြန်စဉ်းစားကြည့်ပါဦး။ အစ်ကိုကြီး မသိလိုက်ဘဲ တစ်စုံတစ်ယောက်ကို ရန်ညှိုးရှိအောင် လုပ်မိတာမျိုးများ ရှိမလား”

လီရှီရှန်းက အတော်ကြာအောင် စဉ်းစားနေပြီးနောက် နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။

“မဖြစ်နိုင်တာ။ ငါ့တစ်သက်မှာ ဘယ်သူနဲ့မှ ရန်ငြိုးရန်စ မရှိခဲ့ဖူးဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကိစ္စတောင် ငါ အကုန်လုံးကို သေသေချာချာရှင်းလင်းခဲ့တာပဲ။ တကယ်လို့ တစ်ယောက်ယောက်က လက်စားချေချင်တယ်ဆိုရင် ဟိုးအရင်ကတည်းက လုပ်မှာပေါ့”

လီရှီဝူက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“တစ္ဆေတွေကို မွေးမြူပြီး စေခိုင်းဖို့ဆိုတာ မလွယ်ဘူးနော်။ ကျွန်တော့် တူလေးနှစ်ယောက် နှင်ထုတ်ခဲ့တဲ့ လေလွင့်ဝိညာဉ် ဘယ်လောက်တောင်ရှိလဲ အစ်ကိုကြီး သိလား။ ခုနစ်ဆယ်ကျော်တောင် ရှိတယ်။ ဒါက မိသားစုတစ်ခုလုံးကို အန္တရာယ်ပြုဖို့ လုံလောက်တယ်”

All Chapters