မြွေကို တွင်းပြင်ထွက်အောင် မျှားထုတ်ခြင်း
Vol. 5 Ch. 44
“ဒီလောက်တောင်လား...”
“အစ်ကိုကြီး ကျွန်တော့်ကို အမှန်အတိုင်းပဲ ပြောပါတော့။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ တစ်ယောက်ယောက်နဲ့ ငြိစွန်းခဲ့တာမျိုး ရှိလား”
“လုံးဝ မရှိပါဘူး ညီလေးရာ။ ငါက ကိုယ်ကျင့်တရားနဲ့ မညီတာမျိုး ဘာမှ မလုပ်ခဲ့ဖူးပါဘူး... ဟိုတုန်းက ကိစ္စကလွဲလို့ပေါ့လေ...”
လီရှီရှန်းက သက်ပြင်းချလိုက်ပြန်သည်။
“ထားလိုက်ပါတော့။ တကယ်လို့ အခြေအနေက မထူးခြားလာဘူးဆိုရင် ကလေးတွေကို တခြားနေရာ ပို့လိုက်ပြီး ငါပဲ ဒီမှာတစ်ယောက်တည်း နေတော့မယ်။ ဒါက ငါ့ရဲ့ မိတ်ဆွေဟောင်းတချို့ ငါ့ဆီ လာရှာတာလည်း ဖြစ်နိုင်တာပဲ”
ညီအစ်ကို နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။ လီရှီဝူက ခေါင်းခါယမ်းလျက် သူ၏ လက်ထဲမှ ဖုန်းရွှေမြေပုံကို ငုံ့ကြည့်ပြီး ပတ်ဝန်းကျင်အနေအထားကို ထပ်မံ စစ်ဆေးနေပြန်သည်။
လီရှီဝူက သက်ပြင်းချလိုက်ရင်း တီးတိုးရေရွတ်လိုက်သည်၊၊
“ဒီညတော့ ဘယ်သူက ဒါကို လုပ်နေတာလဲဆိုတာ သိအောင် ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားမှာပါ။ တော်သေးတာက ဖေးယွီကို ခေါ်လာမိလို့။ တကယ်လို့ မိစ္ဆာတစ်ကောင်ကောင်နဲ့သာ တိုးရင်တော့ ငါ့အရိုးအိုတွေ ဒီကနေ သက်သက်သာသာပြန်ထွက်နိုင်ပါ့မလားတောင် မသိဘူး”
…
ထမင်းစားပွဲတွင် ဝမ်ရှန်းသည် ဘာအမူအရာမှ မပြဘဲ အစားအသောက်များကို ဆက်စားနေသော်လည်း ညီအစ်ကိုနှစ်ယောက်၏ စကားလုံးတိုင်းကို သူ၏ ဝိညာဉ်အာရုံမှတစ်ဆင့် ကြားနေရသည်။
“သူတို့ ဘာကိစ္စအကြောင်း ပြောနေကြတာလဲ။ ရှင်းတောင် မပြသွားဘူး”
သူတို့၏ လျှို့ဝှက်ချက်များပြားလှပုံကြောင့် သူက ရယ်ချင်သလို ခံစားလိုက်ရသည်။
လီရှီရှန်းသည် အတိတ်တုန်းက မေးခွန်းထုတ်စရာတစ်ခုခုလုပ်ခဲ့ပုံရပြီး ၎င်းက ကြီးလေးသော နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေခဲ့ပုံရသည်။ လီမိသားစု၏ ချမ်းသာကြွယ်ဝမှုကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ စီးပွားရေးနှင့် ဆက်စပ်နိုင်ခြေ ရှိသည်။
အကယ်၍ သူကသာ ထပ်ပြီး စုံစမ်းမည်ဆိုလျှင် အသေးစိတ် အချက်အလက်များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ဤအိမ်ရာဝင်း၏ တည်ဆောက်ပုံနှင့် လီရှီဝူက တာအိုကျင့်ကြံသူဖြစ်လာရန် ဆုံးဖြတ်ခဲ့သည့် အချိန်ကာလများအားလုံးမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကပင် စတင်ခဲ့ပုံရသည်။
သို့သော် ဝမ်ရှန်းသည် သူတစ်ပါးကိစ္စထဲ နက်ရှိုင်းစွာ ဝင်မစွက်ဖက်လိုပေ။ မိစ္ဆာကျင့်ကြံသူတစ်ဦးက လူများကို ဒုက္ခပေးဖို့ ကြိုးစားနေချိန်မှာ ကိစ္စရပ်များကို အလွန်အကျွံ ရှုပ်ထွေးအောင် လုပ်နေဖို့ မလိုပေ။ တရားခံကိုသာ ဖမ်းမိဖို့ အရေးကြီးပြီး ကျန်တာကတော့...
နေဦး… မိစ္ဆာကျင့်ကြံသူကို ဖမ်းမိပြီးရင် ဘာလုပ်ရမှာလဲ…
ဝမ်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ ဒါကို အများကြီးမစဉ်းစားရသေးပေ။
ဟွာပြည်ထောင်စုတွင် ကျင့်ကြံသူများကို ကိုင်တွယ်ရန် အထူးဌာနများ သေချာဖွဲ့စည်းထားခြင်း မရှိနိုင်သေးပေ။ အကယ်၍ ထိုသို့ဆိုလျှင် ဖမ်းမိထားသော မိစ္ဆာကျင့်ကြံသူကို ဘာလုပ်ကြမည်နည်း။ ရာဇဝတ်သားတစ်ယောက်လို တုပ်နှောင်ပြီး ရဲစခန်းကို ပို့ရမည်လား။ ၎င်းမှာ တရားဝင်မှု ရှိ၊ မရှိကို ထားပါဦး… ရဲအရာရှိတွေကို ဘာပြောရမည်နည်း။
“အရာရှိကြီး… ဒါက မိသားစုတစ်ခုလုံးကို ဒုက္ခပေးဖို့ ကြိုးစားနေတဲ့ မိစ္ဆာကျင့်ကြံသူပါ… သူ့ကို ပြင်းပြင်းထန်ထန် အရေးယူပေးပါ” ဟု ပြောရမည်လား။
သူတို့ကို နံပါတ်တုတ်တွေနဲ့ပဲ ပြန်မောင်းထုတ်လိမ့်မည်။ မဟုတ်သေးဘူး မောင်းထုတ်ခံရတာက အဆိုးဆုံးမဟုတ်သေးပေ။ ရဲတွေက သူတို့ကို လူလိမ်တွေဟု ထင်ပြီး ဖမ်းဆီးထားလျှင်တော့ တကယ်ကို အရှက်ကွဲပေလိမ့်မည်။
…
တိတ်ဆိတ်သော အခန်းထဲတွင် လီရှီဝူသည် ဝမ်ရှန်း၏ အကြည့်များကို ရှောင်လွှဲနေရသည်။ တခြားနည်းလမ်းမရှိတော့သဖြင့် သူက အနေရခက်စွာ ပြုံးလျက် မေးလိုက်သည်။
“ငါ ဥယျာဉ်ထဲကို စစ်ဆေးပြီးပြီ။ ဖုန်းရွှေအစီအရင်က ပြောင်းလဲထားတာမျိုး မရှိဘူး။ ဖေးယွီ နောက်ထပ်ဘာဆက်လုပ်ကြမလဲ”
အနီးတွင် ထိုင်နေသော ကျိုးရင်လောင်က မျက်ခုံးပင့်လိုက်သည်။ ဒုဂိုဏ်းချုပ်က ဘာကြောင့် အပြစ်မကင်းသလို ခံစားနေရသလဲဆိုသည်ကို သူက အလိုလိုနားလည်နေသည်။
မူလက သူတို့သည် အိမ်တော်ကို စစ်ဆေးသည်ဟူသော အကြောင်းပြချက်ဖြင့် ဖုန်းရွှေအစီအရင်ကို အတူတူသွားကြည့်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော် လီရှီဝူက လီရှီရှန်းကို သီးသန့်စကားပြောရန် ခေါ်သွားခဲ့သဖြင့် သူတို့နှစ်ယောက်မှာ စားပွဲတွင် အလကားထိုင်နေခဲ့ကြရသည်။
“ဆရာဉီးလေး… ကျွန်တော်တို့ ဒီကိုလာတာ တစ္ဆေနှင်ဖို့ပဲလေ” ဝမ်ရှန်းက ပြန်ဖြေသည်။
“အခု နှင်ထုတ်ပြီးပြီဆိုတော့ ကျွန်တော်တို့ ပြန်ကြရင် မကောင်းဘူးလား”
လီရှီဝူက စိတ်မသက်မသာ ဖြစ်သွားဟန်ဖြင့် “ဒါပေမဲ့ ဖေးယွီ… ဒါကို လုပ်တဲ့ တရားခံကို မဖမ်းရသေးဘူးလေ။ ငါ တကယ် စိတ်မအေးနိုင်လို့ပါ။ အားနာပေမဲ့ မင်းတို့ နည်းနည်းလောက် ထပ်ပြီး ကူညီပေးပါဦး။ ပြန်ရောက်ရင် ငါ...”
ဝမ်ရှန်းက လက်ကာပြပြီး ဒုဂိုဏ်းချုပ်၏ ကတိကဝတ်စကားများကို တားမြစ်လိုက်သည်။ စိတ်ထဲတွင်တော့ သူက အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။
“သဘောတရားအရပြောရရင် ဆရာဉီးလေးက ကျွန်တော်တို့ရဲ့ ဂိုဏ်းက အကြီးအကဲတစ်ယောက်ပဲ။ စီနီယာအစ်ကိုကျိုးနဲ့ ကျွန်တော်က ဆရာဉီးလေးခိုင်းတာကို လိုက်လုပ်ရမှာပဲ။ မိစ္ဆာကျင့်ကြံသူကို တွေ့ပြီဆိုရင်လည်း ကျွန်တော်တို့က ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး။
ဒါပေမဲ့ ဒီကိစ္စက ဆရာဉီးလေးရဲ့ မိသားစုနဲ့ ပတ်သက်နေတော့ ဆရာဉီးလေးရဲ့ ဆုံးဖြတ်ချက်က လွဲချော်သွားနိုင်တယ်။ ဒါကြောင့် ဆရာဉီးလေးခိုင်းတာတွေကို ကျွန်တော်တို့ သေသေချာချာစဉ်းစားရလိမ့်မယ်။ အဲဒီအတွက် ကျွန်တော် တစ်ခုမေးပါရစေ... ဆရာဉီးလေးရဲ့ အစ်ကိုကြီးက အခုလိုမျိုး လက်စားချေခံရလောက်အောင် ကြီးလေးတဲ့ အမှားမျိုး လုပ်ခဲ့ဖူးလား”
လီရှီဝူက ချက်ချင်း ခေါင်းခါလိုက်သည်။
“ငါ့အစ်ကိုက ငယ်ငယ်ထဲက စစ်ထဲဝင်ခဲ့တယ်။ အငြိမ်းစားယူပြီးတော့မှ ကုန်တင်ယာဉ်လုပ်ငန်း စလုပ်ရင်းနဲ့ တဖြည်းဖြည်း ချမ်းသာလာတာပါ။ ငါ့အစ်ကိုက သူတော်စင်တစ်ယောက်လို့တော့ ငါ မပြောပါဘူး။ ဒါပေမဲ့ သူက မကောင်းမှု လုံးဝမလုပ်တဲ့ ဖြောင့်မတ်တဲ့ လူတစ်ယောက်ဆိုတာတော့ ငါ အာမခံတယ်”
ဝမ်ရှန်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ... ကျွန်တော် ဆရာဉီးလေးကို ယုံကြည်ပါတယ်”
လီရှီဝူက အလောတကြီး မေးလိုက်သည်။
“ဒါဆို ဒီနောက်ကွယ်က လူကို ဘယ်လို ဖမ်းကြမလဲ”
မသိစိတ်မှ စေ့ဆော်မှုကြောင့် ကျိုးရင်လောင်နှင့် လီရှီဝူတို့က ဝမ်ရှန်းထံ အကြည့်များ ပို့လိုက်ကြပြီး သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။
“အခုလောလောဆယ်တော့ သူတို့ ကျွန်တော်တို့ဆီ လာမှာကို စောင့်ဖို့ပဲ ရှိတယ်”
ဝမ်ရှန်းက တံခါးကို တစ်ချက် ကြည့်လိုက်သည်။
“ဒါပေမဲ့ ဒီအတိုင်း ငြိမ်နေလို့တော့ မဖြစ်ဘူး။ အစီအစဉ်တစ်ခု ဆွဲပြီး မြွေကို တွင်းပြင်ထွက်အောင် မျှားထုတ်ကြရအောင်”
“ဘယ်လို မျှားထုတ်မှာလဲ” ကျိုးရင်လောင်က မေးလိုက်သည်။
ဝမ်ရှန်းက အကြံရပြီးသားဖြစ်သဖြင့် အနည်းငယ် ပြုံးလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လီရှီဝူသည် အခန်းထဲမှ ထွက်လာပြီး လီရှီရှန်းကို နှုတ်ဆက်လိုက်သည်။ သူက မိသားစုအတွက် ကြီးကျယ်သော အခမ်းအနားတစ်ခုလုပ်ပေးရန် တောင်ပေါ်မှ အစွမ်းထက်သော တာအိုဆရာကြီးအချို့ကို သွားပင့်မည်ဖြစ်ကြောင်း တမင်တကာ ပြောဆိုခဲ့သည်။
လီရှီရှန်းကလည်း ယတြာအတွက် ကုန်ကျစရိတ်ကို စိတ်မပူရန်နှင့် အစွမ်းထက်သော ဆရာကြီးများကို ပင့်နိုင်သမျှ ပင့်ပေးရန် ရင်ဘတ်ကို လက်ဖြင့် ပုတ်ကာ အာမခံလိုက်သည်။
ထို့နောက် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည်လည်း လီမိသားစုကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့ကြသည်။
နာရီအနည်းငယ်ကြာ အနားယူထားသည့် ဒရိုင်ဘာမှာလည်း အားအင်များပြည့်ဝနေပြီ ဖြစ်သည်။ သူက သူ၏ အလုပ်ရှင် လီရှီရှန်းကို သူတို့ သုံးယောက်စလုံး ဝူတန်းတောင်သို့ ဘေးကင်းစွာ ရောက်အောင် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ကားပေါ် တက်ခါနီးတွင် ဝမ်ရှန်းက ဒရိုင်ဘာကို အထူးတလည် သတိပေးလိုက်သည်။
“ခဏနေရင် ဟိုဘက်က စျေးဝယ်စင်တာမှာ ရပ်ပေးဖို့ မမေ့နဲ့ဦးနော်။ ကျွန်တော့် စီနီယာအစ်မအတွက် မုန့်တွေနဲ့ အဝတ်အစားတချို့ ဝယ်ပေးချင်လို့ပါ”
“ရပါတယ် စိတ်ချပါ”
ကိုယ်ပိုင်ကားလေးသည် အရှိန်မြှင့်ကာ ထွက်ခွာသွားတော့သည်။
ပူဇော်ပွဲပြီးဆုံးသွားပြီး အိမ်ကလည်း ပြန်လည်တိတ်ဆိတ်အေးချမ်းသွားသဖြင့် လီမိသားစုတစ်ခုလုံး သက်ပြင်းချနိုင်သွားကြသည်။
လီရှီရှန်းက သူ၏ သားနှစ်ယောက်ကို အလုပ်တွေကို လစ်ဟင်းမှုမရှိစေရန် သတိပေးလိုက်သည်။ အရာအားလုံး အဆင်ပြေသွားပြီ ဖြစ်သဖြင့် ဒီနေ့ နေ့တစ်ဝက်လောက် အနားယူကြပြီး မနက်ဖြန်တွင်တော့ မိမိတို့ တာဝန်ရှိရာသို့ ပြန်ကြရန် ပြောလိုက်သည်။
မကြာမီ လီအိမ်တော်၏ ခြံတံခါးကြီး ပိတ်သွားပြီး အဝင်ဝရှိ စောင့်ကြည့်ကင်မရာမှာလည်း အပြင်ဘက် လမ်းမကြီးဆီသို့ တိတ်တဆိတ် လှည့်သွားလေသည်။
….
ဆယ်မိနစ်ခန့် ကြာပြီးနောက် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် စျေးဝယ်စင်တာတွင် ကားပေါ်မှ ဆင်းလိုက်ကြသည်။ လီရှီဝူကတော့ ကားပါကင်တွင် သူတို့ကို စောင့်နေမည်ဟုဆိုကာ ကားပေါ်တွင် ကျန်ရစ်ခဲ့သည်။
အချိန်အတော်ကြာကုန်ဆုံးသွားသော်လည်း သူတို့ ပြန်ရောက်မလာကြသေးပေ။
“သူတို့ လမ်းပျောက်နေတာများလား။ ကျွန်တော် ဖုန်းဆက်ကြည့်ပေးရမလား”
ဒရိုင်ဘာက မေးလိုက်သည်။
“မလိုပါဘူး”
လီရှီဝူက ပြုံးလိုက်သည်။ ထို့နောက် သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ လက်ညှိုးနှင့် လက်ခလယ်ကို စုလိုက်ပြီး ဒရိုင်ဘာ၏ လည်ပင်းကို အမြန်ပင် ဖိနှိပ်လိုက်သည်။
ဒရိုင်ဘာ၏ မျက်လုံးများ မှိတ်ကျသွားပြီး သူသည် နောက်သို့ ဖြည်းဖြည်းချင်း လဲကျသွားကာ ခပ်တိုးတိုး ဟောက်သံများ ထွက်ပေါ်လာတော့သည်။
ဝိညာဉ်ပေါင်းစည်းခြင်းအစောပိုင်းအဆင့်၏ ကျင့်ကြံသူတစ်ဦးအတွက် သာမန်လူတစ်ယောက်ကို ကိုင်တွယ်ရန်မှာ ဘာမှ မခဲယဉ်းပေ။
ဝမ်ရှန်း၏ ညွှန်ကြားချက်အတိုင်း လီရှီဝူသည် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်ပြီးနောက် ကီလိုဂရမ် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်ရှိသော ဒရိုင်ဘာကို ဘေးထိုင်ခုံသို့ အားသုံး၍ရွှေ့လိုက်သည်။ ထို့နောက် သူကိုယ်တိုင် ဒရိုင်ဘာထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
“အခု မင်းတို့အလှည့်ပဲကျန်တော့တယ်”
လီရှီဝူက သက်ပြင်းတိုးတိုးချလိုက်ပြီး သူ၏ အိတ်ကပ်ကို စမ်းကြည့်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကမှ သက်တမ်းတိုးထားသည့် သူ၏ ကားမောင်းလိုင်စင်ကို ထုတ်ကြည့်လိုက်၏။
သူ့တွင် လီရှီရှန်းကဲ့သို့ အစ်ကိုကြီးရှိသဖြင့် တာအိုမကျင့်ကြံခင်ကတည်းက လီရှီဝူသည် အတော်လေး အဆင်ပြေပြေနေခဲ့ရသူဖြစ်သည်။ ကားမောင်းရသည်မှာ သူ့အတွက် ပြဿနာမဟုတ်ပေ။ ဝူတန်းတောင်မှာပင် သူသည် ကိစ္စအဝဝအတွက် ကားမောင်းလေ့ရှိသဖြင့် သူ၏ ကားမောင်းစွမ်းရည်မှာ အတော်လေး ကောင်းမွန်လှသည်။
ခဏအကြာတွင် သူသည် စျေးဝယ်စင်တာ၏ ကားပါကင်မှ ထွက်ခွာလာခဲ့ပြီး အဝေးပြေးလမ်းမကြီး၏ လမ်းဂိတ်ဆီသို့ ဦးတည်မောင်းနှင်သွားတော့သည်။
….
လီရှီဝူ ထွက်ခွာသွားပြီး မကြာမီမှာပင် ဆံပင်ရှည်ကို နောက်တွင် စည်းထားသည့် သွယ်လျသော အရပ်ရှည်ရှည်လူငယ်နှစ်ဦးက စျေးဝယ်စင်တာထဲမှ အေးအေးဆေးဆေး လမ်းလျှောက် ထွက်လာကြသည်။ သူတို့သည် သာမန်ဝတ်စုံများနှင့် တံဆိပ်ပါ သားရေဖိနပ်များကို ဝတ်ဆင်ထားကြပြီး အနက်ရောင် ခရီးဆောင်သေတ္တာတစ်လုံးစီကို ဆွဲလာကြသည်။ သူတို့တွင် နေကာမျက်မှန်များလည်း တပ်ထားသဖြင့် အနုပညာဆန်သော ရှေးဟန်အငွေ့အသက်များ ရနေသည်။
သူတို့၏ အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ကြည့်ကောင်းလှသဖြင့် ပတ်ဝန်းကျင်ရှိ မိန်းကလေးငယ် အတော်များများမှာ မသိမသာခိုးကြည့်နေကြလေသည်။
“ငါတို့ တကယ်ပဲ ဒီအတိုင်း ပြန်လျှောက်သွားကြမှာလား”
ကျိုးရင်လောင်က ခပ်တိုးတိုး မေးသည်။
ဝမ်ရှန်းက လက်ဖျောက်တစ်ချက် တီးလိုက်သည်။
“လီအိမ်တော် အနီးက ရေပူစမ်းအပန်းဖြေစခန်းကို တက္ကစီနဲ့ သွားကြစို့။ အခုလောလောဆယ်တော့ ကျွန်တော်တို့က အပန်းဖြေဖို့ ရောက်နေတဲ့ ဂီတသမားတွေပေါ့”
“ကောင်းပြီလေ… မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
ကျိုးရင်လောင်က အခြေအနေကို သဘောကျပြီး ခပ်တိုးတိုး ရယ်လိုက်သည်။
သူတို့အပေါ် ကျရောက်လာသော အကြည့်များမှာ ပိုမိုများပြားလာသည်ကို သတိပြုမိသဖြင့် သူက အလိုလျောက် သူ၏ ရင်ဘတ်ကို အနည်းငယ် ပို၍ ကော့လိုက်လေသည်။