← Chapters

အငြိုးကြီးဝိညဥ်

Vol. 5 Ch. 45

အငြိုးကြီးဝိညဥ်

Vol. 5 Ch. 45

အစီအစဉ်ဆိုသည်မှာ ဝမ်ရှန်းက ထိုနေရာတွင်ပင် ချက်ချင်းစဉ်းစားလိုက်သော အကြံအစည်အချို့သာ ဖြစ်သည်။ လီရှီရှန်း ဦးဆောင်သော လီမိသားစုမှာ ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသူများဖြစ်ရာ ၎င်းတို့အိမ်တွင် အိမ်ဖော်၊ လုံခြုံရေး၊ ဒရိုင်ဘာနှင့် စားဖိုမှူးများအပါအဝင် နေ့စဉ် လူအယောက်နှစ်ဆယ်နီးပါး အလုပ်လုပ်ကိုင်နေကြသည်။ လူအဝင်အထွက် များပြားလှသဖြင့် လူတိုင်းမှာ သံသယရှိသူများ ဖြစ်နိုင်သည်။ တရားခံတွင်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားနိုင်သော နည်းလမ်းများ ရှိနေနိုင်သည်။

သူတို့တွေ့ရှိခဲ့သည့် လေလွင့်ဝိညာဉ် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်တွင် အချို့မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး အချို့မှာမူ ယင်စွမ်းအင်များ သိပ်သည်းနေဆဲဖြစ်သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဝိညာဉ်များကို တစ်ကြိမ်တည်း လွှတ်လိုက်ခြင်းမဟုတ်ဘဲ ရက်အနည်းငယ်အတွင်း တဖြည်းဖြည်းချင်း စုဆောင်းကာ လွှတ်ထားခြင်းဖြစ်ကြောင်း သိနိုင်သည်။

လီမိသားစု၏ နေအိမ်မှာ တန်ဖိုးကြီးပစ္စည်းများ စုဆောင်းထားရာ နေရာဖြစ်သဖြင့် နေရာပေါင်းစုံ၌ လွှမ်းခြုံထားသော လုံခြုံရေးကင်မရာများနှင့် အချက်ပေးစနစ်များစုံလင်စွာ ရှိနေသည်။ ထိုမျှများပြားသော လေလွင့်ဝိညာဉ်များကို ညဖက်တွင် အကြိမ်ကြိမ် ခိုးဝင်လွှတ်ရန်မှာ မည်သည့်ခြေရာလက်ရာမျှ မကျန်ဘဲ သို့မဟုတ် လုံးဝဖော်ထုတ်မခံရဘဲ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် အနီးစပ်ဆုံး ဖြစ်နိုင်ခြေမှာ တစ်စုံတစ်ယောက်က လီမိသားစုနေအိမ်အတွင်း၌ပင် ဝိညာဉ်များကို မွေးမြူကာ လွှတ်နေခြင်းပင် ဖြစ်သည်။

တရားခံမှာ အမှန်တကယ်ပင် ယုတ်မာကောက်ကျစ်လှသည်။ တစ်စုံတစ်ယောက်ကို တိုက်ရိုက်သတ်ဖြတ်ခြင်းထက် လေလွင့်ဝိညာဉ်များကို အသုံးပြုကာ လူတစ်ဦး၏ ယန်စွမ်းအင်ကို ကုန်ခမ်းစေပြီး အစားအသောက် ပျက်စေခြင်း၊ အိပ်မက်ဆိုးများ မက်စေခြင်းနှင့် ကာလရှည်ကြာ နှိပ်စက်ခံရပြီးနောက် နောက်ဆုံးတွင် အားနည်းကာ နာမကျန်းခြင်းဖြင့် သေဆုံးသွားစေရန် ကြံစည်ထားခြင်း ဖြစ်သည်။

သို့သော် လေလွင့်ဝိညာဉ် အရေအတွက်ကို ကြည့်ရုံဖြင့် တရားခံမှာ လူအများအပြားကို အမှန်တကယ် သတ်ဖြတ်ထားခြင်း ရှိ၊ မရှိကိုမူ မဆုံးဖြတ်နိုင်သေးပေ။ ဥပဒေစိုးမိုးသော ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် လူပျောက်မှုတိုင်းမှာ အရေးကြီးသော ကိစ္စရပ်များ ဖြစ်သည်။

ထိုဝိညာဉ်များကို ဆေးရုံ၊ သုသာန်၊ သင်္ချိုင်းနှင့် အလားတူနေရာများမှ စုဆောင်းကာ ပြုပြင်မွေးမြူထားခြင်း ဖြစ်နိုင်သည်ဟု ဝမ်ရှန်းက သံသယရှိနေသည်။

လီမိသားစုမှာလည်း ၎င်းတို့၏ ခြောက်ခြားဖွယ်နေအိမ်တွင် သေမည့်ရက်ကို ထိုင်စောင့်နေမည့်အရူးများ မဟုတ်ပေ။ ထို့ကြောင့် လီရှီဝူမှတစ်ဆင့် တန်ပြန်ဖြေရှင်းရန် အကူအညီတောင်းခံခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့၏ ဆုံးဖြတ်ချက်မှာ အတော်ပင် သတိကြီးလှသည်။ အကယ်၍ အိမ်ပြောင်းရွှေ့ခြင်းကို အကြီးအကျယ် ပြုလုပ်ခဲ့ပါက တရားခံကို ဒေါသထွက်စေပြီး တိုက်ရိုက်သတ်ဖြတ်သည့် နည်းလမ်းသို့ ပြောင်းလဲသွားစေနိုင်သည်။

ဝမ်ရှန်းကမူ ဤဖြစ်ရပ်သည် စွမ်းအားကို အလွဲသုံးစားလုပ်သော ကျင့်ကြံသူတစ်ဦး၏ ဖျက်ဆီးမှုသက်သက်သာမဟုတ်ဟု ယုံကြည်နေသည်။ အရာအားလုံးတွင် နောက်ကွယ်မှ ရည်ရွယ်ချက်ရှိစမြဲပင်။ ဖြစ်နိုင်သည်မှာ အတွင်းလူတစ်ဦးက လီမိသားစု၏ စည်းစိမ်များကို မက်မောခြင်း သို့မဟုတ် တစ်စုံတစ်ယောက်က လက်စားချေလိုခြင်းပင် ဖြစ်နိုင်သည်။

သို့သော် ထိုကိစ္စများမှာ သူနှင့် သိပ်မသက်ဆိုင်လှပေ။ သူ၏ တာဝန်မှာ ဝိညာဉ်များကို နှင်ထုတ်ရန်နှင့် နောက်ကွယ်မှ မိစ္ဆာကျင့်ကြံသူကို ဖော်ထုတ်ရန်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ရှန်း၏ အမြင်တွင် လေလွင့်ဝိညာဉ်များကို အသုံးပြု၍ အခြားသူများကို ဒုက္ခပေးခြင်းမှာ ယုတ်မာသော လုပ်ရပ်ဖြစ်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမှာမူ ကောင်းကင်ဘုံ၏ နိယာမကို ဆန့်ကျင်သော လုပ်ရပ်ပင် ဖြစ်သည်။

အရာအားလုံးမှာ သူစီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။

လီရှီဝူက ကားလမ်းမကြီးပေါ်သို့ တက်ကာ ဝူတန်းတောင်တန်းသို့ တိုက်ရိုက်ဦးတည်မောင်းနှင်သွားချိန်တွင် ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် ရေပူစမ်းအပန်းဖြေစခန်းတစ်ခုသို့ အောင်မြင်စွာ ဝင်ရောက်တည်းခိုနိုင်ခဲ့သည်။

လူအများ သတိမထားမိစေရန်အတွက် ၎င်းတို့သည် ပရီမီယံပက်ကေ့ချ်ကို ရွေးချယ်ဝယ်ယူခဲ့ပြီး တောအုပ်နှင့်နီးသော ဝါးအိမ်လေးဆီသို့ ခရီးဆောင်အိတ်များကို သယ်ဆောင်သွားခဲ့သည်။ ထိုနေရာမှာ ညဖက်တွင် လှုပ်ရှားရန် အဆင်ပြေသော နေရာပင် ဖြစ်၏။ လီမိသားစုက သူတို့ကို ငွေအမြောက်အမြား ပေးထားသဖြင့် အသုံးစရိတ်အတွက် ပူပန်စရာမရှိပေ။

ညနေစောင်းလာသည်နှင့်အမျှ နေမင်းမှာ မိုးကုပ်စက်ဝိုင်းတွင် ခေတ္တမျှသာ ကျန်ရှိတော့သည်။

ဝမ်ရှန်းနှင့် ကျိုးရင်လောင်တို့သည် တာအိုဝတ်စုံများကို လဲလှယ်ဝတ်ဆင်ကာ ဓားများနှင့် ဆေးလုံးများကို ယူဆောင်ပြီး လီမိသားစုနေအိမ်သို့ တိတ်တဆိတ် ချဉ်းကပ်သွားကြသည်။

လုံခြုံရေးကင်မရာများကို ဂရုတစိုက် ရှောင်ကွင်းပြီး သစ်ပင်ကြီးနှစ်ပင်နောက်ကွယ်တွင် ပုန်းအောင်းလိုက်ကြသည်။ ထို့နောက် သစ်ပင်ကို ကျောမှီကာ တရားထိုင်ရန် ပြင်ဆင်လိုက်ကြသည်။

“ညီလေး… ငါတို့ ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ” ကျိုးရင်လောင်က တီးတိုးမေးလိုက်သည်။

“သန်းခေါင်ယံလောက်အထိ ဖြစ်လိမ့်မယ်။ အဲဒီအချိန်က လောကကြီးရဲ့ ယန်စွမ်းအင် အနည်းဆုံးအချိန်ဖြစ်လို့ ဝိညာဉ်တွေ အတက်ကြွဆုံးပဲ။ ဒါကြောင့် ဝိညာဉ်မွေးထားတဲ့သူကလည်း အဲဒီအချိန်မှာ အယုံကြည်ဆုံးဖြစ်နေလိမ့်မယ်”

ကျိုးရင်လောင်က သက်ပြင်းချလိုက်ပြီး ဝမ်ရှန်းဘက်သို့ လှည့်ကြည့်ကာ

“မင်း ဒါတွေကို နည်းနည်းမှ မကြောက်ဘူးလား။ ဒီနေ့ ဝိညာဉ်တွေ နှင်ထုတ်တုန်းက ငါတောင် နည်းနည်းတုန်လှုပ်သွားတယ်။ ဇာတ်ကားထဲကလိုမျိုး ပေါ်လာမလားလို့။ တော်သေးတာက ဝိညာဉ်အသိစိတ် အစိုင်အခဲလေးတွေလို ဖြစ်နေလို့”

ဝိညာဉ်အသိစိတ် အစိုင်အခဲလေးတွေ...

ထိုဖော်ပြချက်မှာ အတော်ပင် တိကျလှသည်။

“ဒါ လီမိသားစုထဲက လူတစ်ယောက်ယောက်ရဲ့ လက်ချက်လို့ မင်းထင်လား။ လီရှီရှန်းရဲ့ သားနှစ်ယောက်နဲ့ ချွေးမတွေ ဖြစ်နေမလား”

“အဲဒီလိုတော့ မထင်ဘူး။ ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ အဲဒါတွေကို ဆွေးနွေးဖို့ မသင့်တော်ဘူး”

ဝမ်ရှန်းက ဆက်ပြောသည်။

“စောင့်ကြည့်ရအောင်။ အကယ်၍ တရားခံက စိတ်မရှည်ဘူးဆိုရင် ဒီညပဲ အဖြေပေါ်လိမ့်မယ်”

“အကယ်၍ သူက စိတ်ရှည်နေရင်ကော”

“ဒါဆိုရင်တော့ ဆက်စောင့်ရုံပေါ့။ ကတိဆိုတာ ကတိပဲ။ ကျွန်တော်တို့ ဆရာဦးလေးကို ကတိပေးထားတယ်လေ”

ဝမ်ရှန်းက မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

“လောလောဆယ် ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ရအောင် စီနီယာအစ်ကို။ ကံကောင်းတာက ဒီနေရာက ဝိညာဉ်စွမ်းအင်က ကျွန်တော်တို့ကျင့်ကြံမှုကို အနှောင့်အယှက်ဖြစ်စေလောက်အောင် မညစ်ညမ်းဘူး”

ကျိုးရင်လောင်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ ငါလည်း ခဏလောက် တရားထိုင်လိုက်ဦးမယ်”

နှစ်ယောက်သား တိတ်ဆိတ်သွားပြီး တရားထိုင်ခြင်းသို့ စျန်ဝင်စားလိုက်ကြသည်။ သို့သော် သတိကိုမူ အမြဲကပ်ထားကြသည်။ ထိုမှသာ သူတို့၏ ဝိညာဉ်အသိစိတ်မှာ ပတ်ဝန်းကျင်ရှိ မည်သည့်လှုပ်ရှားမှုကိုမဆို သိရှိနိုင်မည် ဖြစ်၏။

ညမှောင်လာသည်နှင့်အမျှ အမှောင်ထုက တောအုပ်တစ်ခုလုံးကို ဝါးမြိုသွားသည်။ မျက်စိဖွင့်၍ လှည့်ကြည့်လိုက်သောအခါ လီအိမ်တော်၏ နေရာအနှံ့အပြားတွင် မီးရောင်များ လင်းထိန်နေသည်ကို တွေ့ရသည်။

ဝမ်ရှန်း၏ ဝိညာဉ်အသိစိတ်က အိမ်ယာတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဝိညာဉ်ပေါင်းစည်းခြင်းနောက်ဆုံးအဆင့်ရှိ ဝိညာဉ်အသိစိတ်မှာ လီမိသားစုနေအိမ်တစ်ခုလုံးကို လွှမ်းခြုံနိုင်ရန် လုံလောက်နေသည်။

ကျိုးရင်လောင်၏ ကျင့်ကြံခြင်းအဆင့်က နိမ့်သဖြင့် သူ၏ ဝိညာဉ်အသိစိတ်မှာ ဝေးဝေးသို့ မရောက်နိုင်ပေ။ ထို့ကြောင့် သူက ပတ်ဝန်းကျင်ကိုသာ အာရုံစိုက် စောင့်ကြည့်နေလိုက်သည်။

အချိန်များ ကုန်ဆုံးသွားသည်။ ကျိုးရင်လောင်မှာ စကားပြောလိုသဖြင့် မျက်လုံးများကို အကြိမ်ကြိမ် ဖွင့်ကြည့်သော်လည်း ဝမ်ရှန်းသည် တရားထိုင်ခြင်းထဲတွင် အမှန်တကယ် နစ်မြောနေသည်။

ညသည် ပိုမှောင်မည်းလာသည်။ မကြာမီတွင် ကောင်းကင်ရှိ တိမ်တိုက်များနှင့် လေတိုက်သံများကြားမှ အားနည်းလှသော ငိုညည်းသံတစ်ခု ပါလာသည်။

ဝမ်ရှန်းက မျက်လုံးများကို ဖွင့်လိုက်ရာ စူးရှသော အလင်းတန်းတစ်ခု မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားသည်။

“လာပြီ”

ကျိုးရင်လောင်က ချက်ချင်းပင် သတိဆွဲလိုက်ပြီး ဓားကို တင်းတင်းဆုပ်ကာ မတ်တတ်ရပ်ရန် ပြင်လိုက်သည်။ သို့သော် ဝမ်ရှန်းက ပို၍ မြန်ဆန်လှသည်။ သူသည် ထိုင်နေရာမှ ဝုန်းခနဲ ခုန်ထလိုက်ပြီး သစ်ပင်ကို အရှိန်ယူကာ မီတာအနည်းငယ်အကွာရှိ လီအိမ်တော်၏ အပြင်ဘက်တံတိုင်းဆီသို့ အမှောင်ထဲတွင် တိတ်တဆိတ် ပြေးဝင်သွားလေ၏။

“မင်း တကယ်ပဲ တစ်ယောက်တည်း သွားတော့မလို့လား။ ငါတို့ အတူတူလှုပ်ရှားရမှာလေ”

ကျိုးရင်လောင်က ခေါင်းခါကာ သက်ပြင်းချလိုက်ပြီး ဓားကိုကိုင်ကာ နောက်မှ လိုက်သွားသည်။ သူ၏ လှုပ်ရှားမှုများ တိတ်ဆိတ်နေစေရန် မိမိ၏ စွမ်းအင်စီးဆင်းမှုကို တတ်နိုင်သမျှ ထိန်းချုပ်ထားလိုက်သည်။

….

လီမိသားစုနေအိမ်၏ ပုံစံမှာ ဖုန်းရွှေအစီအရင်ကြောင့် အဆောက်အဦးတစ်ခုစီမှာ သီးခြားစီ တည်ရှိနေကြသည်။

ခြံနောက်ဖက်တွင် ဘေးတံခါးတစ်ခု ရှိပြီး ထိုတံခါးမှာ အိမ်ဖော်များ၊ အိမ်ထိန်းများနှင့် အခြားဝန်ထမ်းများအတွက် ပုံမှန်အဝင်အထွက်နေရာ ဖြစ်သည်။ ထို့အပြင် ၎င်းတို့က လုံခြုံရေးဝန်ထမ်းခြောက်ဦးကိုလည်း ငှားရမ်းထားပြီး ထိုသူများမှာ အနီးအနားရှိ ရွာလေးတစ်ရွာတွင် လီမိသားစုမှ ငှားရမ်းပေးထားသော ဝင်းလေးတစ်ခုတွင် နေထိုင်ကြသည်။

ညစဉ်ညတိုင်း လုံခြုံရေးနှစ်ဦးစီတွဲကာ ဘေးတံခါးဘေးရှိ လုံခြုံရေးအခန်းမှနေ၍ အိမ်ယာတစ်ခုလုံးကို စောင့်ကြည့်ရသည်။ လုံခြုံရေးအခန်းအတွင်းရှိ ကွန်ပျူတာမျက်နှာပြင်များတွင် လီအိမ်တော်၏ နေရာအနှံ့မှ စောင့်ကြည့်ကင်မရာမှတ်တမ်းများကို ပြသနေသည်။ လီရှီရှန်း စုဆောင်းထားသော ရှေးဟောင်းပစ္စည်းများနှင့် ရတနာများမှာ တန်ဖိုးကြီးလှသဖြင့် ဤမျှလောက်သော လုံခြုံရေးမှာ လိုအပ်လှသည်။

မူလက ညဖက်တွင် လုံခြုံရေးတစ်ဦးသာ တာဝန်ကျသော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သော ထူးဆန်းသည့် အနှောင့်အယှက်များကြောင့် လီရှီရှန်းက မိသားစုလုံခြုံရေးအတွက် လုံခြုံရေးတစ်ဦး ထပ်တိုးချထားခဲ့ခြင်း ဖြစ်သည်။ ညတာဝန်အတွက် ငွေအနည်းငယ် ပိုပေးလိုက်ရုံသာ ဖြစ်သည်။

ဝမ်ရှန်းက လီအိမ်တော်ဆီသို့ မပြေးဝင်မီ မိနစ်အနည်းငယ်အလိုတွင် လုံခြုံရေးနှစ်ဦးမှာ အခန်းထဲတွင် ထိုင်ရင်း ထိုနေ့က ပြုလုပ်ခဲ့သော ယဇ်ပူဇော်မှုအကြောင်းကို စကားစမြည် ပြောဆိုနေကြသည်။ တစ်ဦးမှာ ဝမ်းဗိုက်အနည်းငယ် ထွက်နေသော လူလတ်ပိုင်းအရွယ်ဖြစ်ပြီး နောက်တစ်ဦးမှာမူ အရပ်ပုကာ စူးရှတောက်ပသော မျက်လုံးများရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။

“အစ်ကိုဇန် သန်းခေါင်ကျော်တော့မယ်။ ကင်းလှည့်ဖို့ အချိန်ရောက်ပြီ”

လူငယ်လုံခြုံရေးက ဓာတ်မီးနှင့် တုတ်တိုကို ယူရင်း သတိပေးလိုက်သည်။

“ကောင်းပြီ သွားကြစို့”

လူလတ်ပိုင်းလုံခြုံရေးက ဗိုက်ကို ပွတ်ကာ သူ၏ ပစ္စည်းများကို ယူလိုက်သည်။ မိမိကိုယ်ကိုယ် နှစ်သိမ့်သည့်အနေဖြင့် ခပ်တိုးတိုးညည်းတွားလိုက်သည်၊၊

“ဒါ ငါတို့ရွေးထားတဲ့ အလုပ်ပဲလေ။ ပိုက်ဆံရဖို့ လုပ်ရတာပဲ။ သူတို့က အိပ်နေကြချိန်မှာ ငါတို့က ကင်းစောင့်ပြီး လှည့်ရတာပေါ့”

အနည်းငယ် ညည်းတွားပြီးနောက် အစ်ကိုဇန်က လုံခြုံရေးအခန်းကို သော့ခတ်လိုက်သည်။ ထို့နောက် ဘေးတံခါးကို စစ်ဆေးပြီး သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း အိမ်ဝင်းအတွင်း ကင်းလှည့်ကြသည်။

၎င်းတို့၏ ဓာတ်မီးများဖြင့် ပတ်ဝန်းကျင်ကို ထိုးကြည့်ကြသည်။ လီရှီရှန်းနှင့် သူ၏ သားများနေထိုင်သော အပေါ်ထပ် ပြတင်းပေါက်များကို ရည်ရွယ်ချက်ရှိရှိ မထိုးသရွေ့ သူတို့၏ လစာမှာ အဖြတ်ခံရမည် မဟုတ်ပေ။

“ညီလေးကျန်း… ဒီနေ့ ပူဇော်ပွဲလုပ်ပေးတဲ့ တာအိုဆရာက တကယ်ပဲ အစွမ်းရှိတယ်လို့ မင်းထင်လား”

အစ်ကိုကျန်းက စပ်စုလိုက်သည်၊၊

“ဒီညက ပုံမှန်ထက် ပိုတိတ်ဆိတ်နေသလိုပဲ။ အရင်က အမြဲခံစားနေရတဲ့ ထူးဆန်းတဲ့ အငွေ့အသက်ကြီးလည်း မရှိတော့ဘူး”

“သူတို့က လိမ်စားနေတဲ့သူတွေပါ”

ကျန်းက ပြုံး၍ ပြန်ပြောလိုက်သည်။ သို့သော် သူ၏ မျက်ဝန်းထဲတွင်မူ ရှုပ်ထွေးသော ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။

၎င်းတို့၏ ကင်းလှည့်မှုမှာ အဖိုးတန်ပစ္စည်းများ ထားရှိရာ လီရှီရှန်း၏ အဆောက်အဦးကို အဓိကထားသည်။ ယနေ့ညတွင်လည်း ထုံးစံအတိုင်းပင်။ ၎င်းတို့သည် အဆောက်အဦးနောက်ကွယ်ရှိ ဝါးရုံတောလေးသို့ အရင်ဆုံးရောက်ရှိသွားပြီး ဓာတ်မီးများဖြင့် လမ်းတစ်လျှောက်နှင့် သစ်ပင်များကြားကို ထိုးကြည့်ကြသည်။ ထို့နောက် ပုံမှန်အတိုင်းပင် စကားစလိုက်ကြသည်။

“ငါတို့သူဌေး စုထားတဲ့ ရတနာတွေက စုစုပေါင်း ဘယ်လောက်လောက် တန်မလဲ”

ဇန်က မေးသည်။

“သန်းပေါင်းများစွာ တန်မှာပေါ့”

ကျန်းက ခပ်တိုးတိုး ရယ်ရင်း ဇန်၏ နောက်ဖက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

ထို့နောက် သူက အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတစ်ခုပေါ်လာပြီး “အစ်ကိုဇန်” ဟု ခပ်တိုးတိုး ခေါ်လိုက်သည်။

“ဟေ”

ဖတ်...

ကျန်းက ဇန်၏ ဂုတ်ကို ဘယ်ဘက်လက်ဖြင့် ဖိလိုက်သည်။ သူ၏ လက်ချောင်းထိပ်ရှိ အပ်တစ်ချောင်းမှာ ခေတ္တမျှ လင်းလက်သွားပြီး အစ်ကိုဇန်၏ ကိုယ်ထဲသို့ စိုက်ဝင်သွားရာ အစ်ကိုဇန် တုန်လှုပ်သွားပြီး နောက်သို့ လဲကျသွားသည်။

All Chapters