ပြင်းထန်သော တိုက်ပွဲ (၁)
Vol. 5 Ch. 46
ကျန်းက ဇန်ကို အိတ်အလွတ်တစ်လုံးကို မသကဲ့သို့ အလွယ်တကူပင် ပွေ့ချီလိုက်သည်။ သူသည် ဇန်ကို ဝါးရုံတောလေးထဲသို့ သယ်ဆောင်သွားပြီး ခါးတွင် ပတ်ထားသော အဝတ်ထုတ်ကို ဖြည်လိုက်သည်။ ထို့နောက် လက်သီးဆုပ်ခန့်ရှိသော ကျောက်စိမ်းရောင် အိုးလေးတစ်လုံးကို ဂရုတစိုက် ထုတ်လိုက်ပြီး အဖုံးကို ဖွင့်လိုက်ရာ အတွင်း၌ တစ်စုံတစ်ခု လှုပ်ရှားနေသည်၊၊
“စိတ်မကောင်းပါဘူး အစ်ကိုဇန်။ အစ်ကိုရဲ့ အသက်ကိုတော့ မယူပါဘူး။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် မဖော်ထုတ်ချင်ပါဘူး။ ဒါပေမဲ့ အခုတော့ ရွေးချယ်စရာ မရှိတော့ဘူး။ ဝူတန်းတောင်က လူတွေ မနက်ဖြန် ပြန်လာနိုင်တယ်”
ကျန်းက ခပ်တိုးတိုး ရေရွတ်ရင်း ဓားမြှောင်လေးတစ်ချောင်းကို ထုတ်လိုက်သည်။
သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဇန်၏ လက်ကို အနည်းငယ် လှီးလိုက်ပြီး သွေးများကို အိုးထဲသို့ အစက်ချလိုက်သည်။ ထူထပ်သော အစိမ်းရောင်မီးခိုးများ အိုးထဲမှ လိပ်တက်လာသည်။
ကျန်းက တင်ပျဉ်ခွေထိုင်ကာ လက်ဟန်တစ်ခုကို ဖော်ဆောင်ပြီး အိုးပေါ်သို့ ဖိလိုက်ရာ ဇန်၏ သွေးများက အိုးထဲသို့ လုံးဝ စိမ့်ဝင်သွားသည်၊၊
“ယင်ဝိညာဉ်တွေ မငြိမ်းချမ်းတဲ့အခါ ရှုပ်ထွေးမှုတွေ နောက်က လိုက်လာတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ နိယာမကတော့ ရှင်းလင်းနေဆဲပဲ။ အပြစ်ရှိရင် ပေးဆပ်ရမှာပဲ”
မီးခိုးများမှာ အပြင်သို့ လျှံထွက်လာပြီး အရပ်နှစ်မီတာကျော် မြင့်သော ကြောက်မက်ဖွယ်ကောင်းသည့် အငြိုးကြီးဝိညာဉ်အဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ ဖောင်းကြွနေသော ကိုယ်ထည်တစ်ခုလုံးမှာ စက်ဆုပ်ဖွယ်ကောင်းသော အစိမ်းရောင်များဖြင့် ဖုံးလွှမ်းနေသည်။
“သွား” ကျန်းက ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။
ထိုအခါ အငြိုးကြီးဝိညဉ်သည် အဆောက်အဦး၏ ပြတင်းပေါက်ဆီသို့ ပြေးဝင်သွားပြီး ၎င်း၏ ပါးစပ်ကြီးကို ပြတင်းပေါက်တစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ဖြဲလိုက်သည်။
သို့သော် အငြိုးကြီးဝိညဉ် ရှေ့သို့ တိုးဝင်သွားချိန်မှာပင် သစ်သားပြတင်းပေါက်၏ အလယ်ဗဟိုမှ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။ ပြတင်းပေါက်၏ အတွင်းဖက်တွင် ကပ်ထားသော အဆောင်မှာ တောက်ပစွာ လင်းလက်လာပြီး အငြိုးကြီးဝိညဉ်ကို ပြင်းထန်သော အင်အားဖြင့် တွန်းထုတ်လိုက်သည်။
ကျန်း၏ မျက်ဝန်းများက အေးစက်သွားသည်။ သူသည် တွန့်ဆုတ်မနေဘဲ ပြတင်းပေါက်ကို အတင်းအဓမ္မ ဖွင့်ရန် ကြိုးစားလိုက်သည်။ အဆောင်များမှာ ဝိညာဉ်များကို တားဆီးနိုင်သော်လည်း လူကိုမူ မတားဆီးနိုင်ပေ။
သူ ရှေ့သို့ ခုန်ဝင်လိုက်ချိန်မှာပင် ဝါးရုံတော၏ အခြားတစ်ဖက်မှ ဓားအလင်းတန်းတစ်ခုက လေထုကို ဖြတ်သန်းလာပြီး အလှစိုက်ထားသော ဝါးပင် တစ်ဆယ်ကျော်ကို ချက်ချင်း ပိုင်းဖြတ်လိုက်သည်။ ထို့နောက် အမှောင်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ့ဆီသို့ တိုက်ရိုက်ပြေးဝင်လာသည်။
“ရပ်လိုက်စမ်း”
ဝူတန်းတောင်က တပည့်လား…။
“တောက်”
ကျန်း၏ မျက်နှာမှာ ဖြူလျော်သွားသော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ တွန့်ဆုတ်မှု မရှိဘဲ ရူးသွပ်မှုများသာ ပြည့်နှက်နေ၏။
သူသည် အလျင်အမြန် ချဉ်းကပ်လာသော ဝမ်ရှန်းကို ရင်ဆိုင်မည့်အစား ကျောက်စိမ်းရောင်အိုးကို ကိုင်ကာ အဆောက်အဦး၏ သစ်သားပြတင်းပေါက်ဆီသို့ ပြေးဝင်လိုက်သည်။ အငြိုးကြီးဝိညဉ်သည်လည်း သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်။
ထိုအချိန်တွင်ပင် စူးရှတောက်ပသော အခြားဓားအလင်းတန်းတစ်ခုက အစိမ်းရောင်ဝိညာဉ်ဆိုးကြီး၏ လည်ပင်းဆီသို့ တိုက်ရိုက် ဦးတည်ကာ ပိုင်းဖြတ်လိုက်လေ၏။
ဝမ်ရှန်းသည် သူ၏ခုနှစ်စင်ကြယ်ခြေလှမ်းကို အစွမ်းကုန်အသုံးပြုလိုက်သော်လည်း အကွာအဝေးကြောင့် အနည်းငယ် နောက်ကျသွားခဲ့သည်။
အေးစက်လှသော ဓားအလင်းတန်းသည် အငြိုးကြီးဝိညဉ်၏ ဂုတ်ပိုးကို ထိမှန်သွားသော်လည်း ဂွမ်းပုံထဲသို့ ပိုင်းဖြတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ပြတ်တောက်မသွားဘဲ အတွင်းသို့သာ ချိုင့်ဝင်သွားသည်။ အနက်ရှိုင်းဆုံးနားစွင့်သူဓားမှာ အလွန်ထက်မြက်သော်လည်း ဝမ်ရှန်းအတွက်မူ ဤမျှအားကောင်းသော ဝိညာဉ်မျိုးနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်ရာ ၎င်း၏စွမ်းရည်ကို သေချာမသိသေးပေ။
ထို့နောက်တွင် ဆိုးယုတ်သောယင်စွမ်းအင်များက အနက်ရှိုင်းဆုံးနားစွင့်သူဓားဆီသို့ လျင်မြန်စွာ ပြေးဝင်လာသည်။ ဝမ်ရှန်း၏ ကိုယ်ပေါ်ရှိ အမွှေးအမျှင်များ ထောင်ထသွားပြီး သူသည် ခြေလှမ်းကို အမြန်ပြင်ကာ ဓားကို ပြန်ရုပ်သိမ်းလိုက်ရ၏၊၊
ထိုခဏတာအတွင်းမှာပင် ဝမ်ရှန်း ပစ်မှတ်ထားထားသော အရပ်ပုပုလူရိပ်သည် သူ၏ပုခုံးဖြင့် သစ်သားပြတင်းပေါက်ကို တိုက်ခိုက်ကာ ချိုးဖျက်လိုက်သည်။ သစ်သားစများ လွင့်စင်သွားပြီး သူသည် လီရှီရှန်း၏ အိပ်ခန်းထဲသို့ အတင်းအဓမ္မ တိုးဝင်သွားလေတော့သည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် လီအိမ်တော်တစ်ခုလုံး၌ အချက်ပေးသံများ ဆူညံသွားပြီး အဆောက်အဦးအတွင်းနှင့် အပြင်ရှိ မီးများအားလုံး တစ်ပြိုင်နက် လင်းထိန်လာသည်၊၊
လီအိမ်တော်၏ လုံခြုံရေးစနစ် အလုပ်လုပ်သွားခြင်းပင်။
လီအိမ်တော်၏ လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ကျန်းသည် ဤစနစ်ရှိကြောင်း သေချာပေါက် သိရှိထားသည်။ သို့သော် သူသည် သစ်သားပြတင်းပေါက်ကို တွန်းဖွင့်ရန် ကြိုးစားကတည်းက ဒေါသနှင့် အမုန်းတရားများ လွှမ်းမိုးနေခဲ့ပြီဖြစ်သည်။ ဝူတန်းတောင်မှ ကျွမ်းကျင်သူများ မပြန်လာမီ လက်စားချေနိုင်ရန်သာ သူအာရုံစိုက်နေပြီး ကျန်ရှိသည်များကို လုံးဝ ဂရုမစိုက်တော့ပေ။
ဝမ်ရှန်း ရုတ်တရက် ပြန်ရောက်လာခြင်းကိုပင် သူဂရုမစိုက်နိုင်တော့။
အစိမ်းရောင်အကြေးခွံများရှိသော အငြိုးကြီးဝိညဉ်သည် ဒေါသတကြီး ဟိန်းဟောက်ကာ ဝမ်ရှန်းဘက်သို့ လှည့်၍ ရန်မူလိုက်သည်။ လင်းထိန်နေသော မီးရောင်အောက်တွင် ၎င်း၏ရုပ်သွင်မှာ စက်ဆုပ်ဖွယ်ရာ အထင်အသား ပေါ်လွင်နေသည်။ မျက်နှာတစ်ခုလုံး အစိမ်းရောင်အကြေးခွံများ ဖုံးလွှမ်းနေပြီး ထက်ရှသော အစွယ်များ ရှိနေကာ ခန္ဓာကိုယ်မှာ ပူဖောင်းကြီးတစ်ခုကဲ့သို့ ဖောင်းကားနေသည်။ ၎င်း၏ မျက်လုံးအိမ်ကြီးများထဲတွင်မူ ကြောက်မက်ဖွယ်ကောင်းသော ခရမ်းပြာမီးလျှံများ တောက်လောင်နေသည်။
ဤအငြိုးကြီးဝိညာဉ်ကို မည်သို့မွေးမြူထားသည်ကို မသိနိုင်သော်လည်း ၎င်းကို ဖန်တီးရာတွင် သွေးချောင်းစီးမှုနှင့် ညစ်ညမ်းမှုများ ပါဝင်နေမည်မှာ အသေအချာပင်။
ဝမ်ရှန်းက အေးစက်စွာ ခေါင်းရှုံ့လိုက်သည်။ ဤသည်မှာ သူ ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သတ်ဖြတ်လိုစိတ် အမှန်တကယ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မကောင်းဆိုးဝါးဝိညဉ်များ သောင်းကျန်းပြီး မိစ္ဆာများက လောကကြီးကို ဖျက်ဆီးနေမှတော့ သူက ဘာလို့ မနှိမ်နင်းဘဲ နေရမည်နည်း။
အနက်ရှိုင်းဆုံးနားစွင့်သူဓားက အနည်းငယ် တုန်ခါသွားပြီး ဝမ်ရှန်း ရှေ့သို့ ပြေးဝင်လိုက်သည်။ ထိုအခါ အစိမ်းရောင်အကြေးခွံ အငြိုးကြီးဝိညဉ်သည် သတ္တုအချင်းချင်း ပွတ်တိုက်သံကဲ့သို့ စူးရှသော အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။ ၎င်းသည် စည်ပိုင်းကဲ့သို့ကြီးမားသော လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဝမ်ရှန်းဆီသို့ ထိုးနှက်လိုက်သည်၊၊
ဝမ်ရှန်းသည် သူ၏အစီအရင်ကို ပြောင်းလဲလိုက်ပြီး ထျန်းရှုမှ ထျန်းရွှမ်သို့၊ ထျန်းကျီမှ ထျန်းချွမ်သို့ ကူးပြောင်းလိုက်သည်။ သူသည် ဝိညာဉ်ဆိုးကြီး၏ လက်သီးများကြားမှ လျှောတိုက်ဝင်သွားပြီး ၎င်း၏ပုခုံးနှင့် လက်မောင်းများကို ဓားဖြင့် လျှပ်ခနဲ ပိုင်းဖြတ်လိုက်သည်။ ထို့နောက် အခန်းထဲသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
ပထမထပ် အိပ်ခန်းအတွင်း၌ လုံခြုံရေးဝတ်စုံဝတ်ထားသော လူငယ်သည် လီရှီရှန်း၏ ခုတင်ဆီသို့ ခုန်အုပ်လိုက်သည်။ လီရှီရှန်းသည် နိုးနေပြီဖြစ်သော်လည်း မှင်သက်နေဆဲပင်။ သူ့ဆီသို့ ပြေးဝင်လာသော လုံခြုံရေးဝန်ထမ်းကို ကြည့်ကာ ဘာဖြစ်နေမှန်းမသိဘဲ ငေးကြည့်နေမိ၏။
ကံကောင်းထောက်မစွာဖြင့် လေထုကို ဖြတ်သန်းလာသော စူးရှသည့်အသံကြောင့် ကျန်း လန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ ဝမ်ရှန်း၏ ဓားရှည်က သူနှင့် မီတာအနည်းငယ်အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ငါ့လမ်းကို ပိတ်ရဲတယ်ပေါ့။ မင်းကို အရင်သတ်ပစ်မယ်”
ကျန်းက ဒေါသတကြီး ဟောက်လိုက်သည်။
သူသည် ရှေ့သို့ ပြန်လှည့်လိုက်ရာ သူ၏ပုံစံမှာ အငြိုးကြီးဝိညဉ်ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ သူသည် လီရှီရှန်းကို စိုက်ကြည့်ကာ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး မည်းမှောင်နေသော သစ်သားအပ်သုံးချောင်းကို ပစ်လွှတ်လိုက်သည်။ ထိုအပ်များတွင် အစစ်မှန်မိစ္ဆာစွမ်းအင်များပါဝင်နေသဖြင့် နတ်ဘုရားတစ်ပါးပင်လျှင် ထိုအပ်ထိမှန်သူကို ကယ်တင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
နောက်ဆုံးတွင် လီရှီရှန်း သတိဝင်လာသည်။ သို့သော် သူ၏နှုတ်ခမ်းများ တုန်ရီနေကာ ရှောင်တိမ်းရန်ပင် မေ့လျော့နေခဲ့သည်။ သူ၏မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော်သွားပြီး မျက်ဝန်းများတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်သွား၏။ သို့သော် သူသည် တစ်စုံတစ်ခုကို သတိရရန် ကြိုးစားနေသကဲ့သို့ ကျန်း၏မျက်နှာကိုသာ စိုက်ကြည့်နေမိသည်။
ထိုအချိန်တွင် ဝမ်ရှန်းက ခုတင်ဘေးသို့ ပြေးဝင်လာသည်။ သူ၏စိတ်ထဲတွင် ရိုးရှင်းသော အတွေးတစ်ခုသာ ရှိသည်။
သူတို့ တစ်ညလုံးနီးပါး ကင်းစောင့်ခဲ့ရသည်၊၊ သူ၏အစီအစဉ်များကို တစ်နေ့လုံး နောက်ဆုတ်ထားခဲ့ရသည်၊ ထို့အပြင် ယနေ့ညတွင် လီမိသားစု ဘေးကင်းစေရမည်ဟု လီရှီဝူကို ကတိပေးခဲ့သည်။ အကယ်၍ လီရှီရှန်းကို သူ၏မျက်စိရှေ့တွင် သတ်ဖြတ်သွားပါက ၎င်းမှာ သူ၏ အရည်အချင်းမရှိမှုကို ပြသရာရောက်ပေလိမ့်မည်။
သူ၏ ယခင်ဘဝကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် သူသည် (၁၆) နှစ်နီးပါး ကျင့်ကြံခဲ့သော်လည်း တစ်စုံတစ်ယောက်ကို ကယ်တင်ရန် ဤမျှအရေးတကြီး လိုအပ်သည်ဟု ခံစားရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ခုနှစ်စင်ကြယ်ရွှေ့လျားမှု - မဟာဝက်ဝံကြယ်စု ပေါ်ထွက်ခြင်း၊၊
သို့သော် သူသည် နှေးကွေးနေဆဲပင်။ သူလိုချင်သလောက် မြန်ဆန်မနေသေးပေ။
ဝမ်ရှန်း၏ ဝိညာဉ်အသိစိတ်က ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး သူ၏စွမ်းအားများကို အရှိန်အဟုန်ဖြင့် စီးဆင်းစေလိုက်သည်။ သို့သော် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ ခြေလှမ်းများမှာ နေရာရွှေ့ပြောင်းခြင်းနှင့် အနေအထားပြင်ခြင်းကိုသာ အဓိကထားသဖြင့် လမ်းကြောင်းဖြောင့်အတိုင်း လျင်မြန်စွာ ပြေးဝင်နိုင်ရန်မှာ အားနည်းချက်ရှိနေသည်။
ထိုသို့ဖြစ်နေလျှင် သူ လောင်းကြေးထပ်ရပေတော့မည်။ ခုတင်နှင့် မီတာအနည်းငယ်အကွာမှ ဝမ်ရှန်းသည် သူ၏ဓားကို လီရှီရှန်း၏မျက်နှာဆီသို့ ဦးတည်လိုက်သည်။
မြောက်ပြန်ကြယ် ထိုးဖောက်ခြင်း၊ ခုနှစ်စင်ကြယ် ဓားဆန္ဒ၊၊
အနက်ရှိုင်းဆုံးနားစွင့်သူဓားသည် အနည်းငယ်တုန်ခါသွားပြီး ဓားဖျားမှနေ၍ အလင်းလှိုင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ချွမ်..
ဓားစွမ်းအင်သည် သစ်သားအပ်သုံးချောင်းကို လွင့်စင်သွားစေပြီး လီရှီရှန်း၏ ဖြူဆွတ်နေသော ဆံပင်အနည်းငယ်ကို ဖြတ်တောက်သွားသည်။
ဝမ်ရှန်းသည် သူ၏ဓားကို လုံခြုံရေးဝန်ထမ်းလူငယ်၏ မျက်နှာဆီသို့ တိုက်ရိုက်ဦးတည်လိုက်ပြီး ဘယ်ဘက်ခြေထောက်ဖြင့် ခုတင်စွန်းကို ကန်ကာ အားယူပြီး ပျံလွှားငှက်တစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်သည်၊၊
ရန်သူက သတ်ဖြတ်လိုစိတ်ကို ပြသလိုက်ပြီဖြစ်ရာ ဝမ်ရှန်းအနေဖြင့် ပေါ့ဆ၍ မရတော့ပေ။ လင်းယုန်ငှက်တစ်ကောင်သည် ယုန်ကိုဖမ်းရာမှာပင် အစွမ်းကုန်အားထုတ်ရသည်ဆိုလျှင် ဝိညာဉ်ဆိုးများနှင့် အဆိပ်အပ်များကို အသုံးပြုသော မိစ္ဆာကျင့်ကြံသူကို ရင်ဆိုင်ရာတွင် မည်သို့လျှော့တွက်၍ ရပါမည်နည်း။
ကျန်းသည် ဘေးသို့ ချက်ချင်း ရှောင်တိမ်းလိုက်သည်။ သူသည် ခပ်ဝဲဝဲလေသံဖြင့် ဒေါသတကြီးအော်ဟစ်လိုက်သည်၊၊
“ဝူတန်းတပည့် မင်းနဲ့မဆိုင်တဲ့ကိစ္စမှာ ဝင်မပါနဲ့”
ဝမ်ရှန်းက သူ့ကို လုံးဝဂရုမစိုက်ပေ။ သူသည် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို အပြည့်အဝ အသက်သွင်းလိုက်ပြီဖြစ်ရာ ရန်သူသည် အစီအရင်၏ အလယ်ဗဟိုတွင် ရောက်ရှိနေပြီဖြစ်သည်။
ကံမကောင်းသည်မှာ အခန်းထဲတွင် ပရိဘောဂများနှင့် အလှဆင်ပစ္စည်းများ ပြည့်နှက်နေသဖြင့် ဝမ်ရှန်း၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသလိုဖြစ်နေပြီး ဓားအစီအရင်၏ စွမ်းအားကို အနည်းငယ် အားနည်းစေသည်။ ထို့အပြင် လုံခြုံရေးဝန်ထမ်းလူငယ်၏ လက်ထဲရှိ သစ်သားအိုးလေးမှာ မိစ္ဆာကျင့်ကြံသူများ အသုံးပြုသည့် ပစ္စည်းတစ်ခုဖြစ်ကြောင်း သူ သိနိုင်သည်။ ၎င်းအိုးမှနေ၍ ဝမ်ရှန်း၏ တိုက်ခိုက်မှုကို နှောင့်ယှက်ရန် အဆိပ်ငွေ့များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
သို့သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် အနက်ရှိုင်းနားစွင့်သူဓားသည် သွေးစွန်းသွားခဲ့သည်။ ၎င်းသည် ရန်သူ၏ ဘယ်ဘက်လက်မောင်းပေါ်တွင် အရိုးအထိ မြင်ရလောက်အောင် နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ပေးလိုက်နိုင်သည်။
ဘေးဖက်မှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ လုံခြုံရေးဝန်ထမ်း၏ အမိန့်ပေးမှုအတိုင်း အစိမ်းရောင်အကြေးခွံ အငြိုးကြီးဝိညဉ်သည် ပြတင်းပေါက်မှတစ်ဆင့် ပြေးဝင်လာပြီး လီရှီရှန်းဆီသို့ ခုန်အုပ်လိုက်သည်။ လုံခြုံရေးဝန်ထမ်းသည် ဝမ်ရှန်းကို အချိန်ဆွဲထားစဉ်အတွင်း အငြိုးကြီးဝိညဉ်ကို အသုံးပြု၍ လီရှီရှန်း၏အသက်ကို ယူရန် ကြံစည်ထားပုံရသည်။
ဝမ်ရှန်း မျက်နှာပျက်သွားသည်။ ရန်သူ၏ လုပ်ရပ်နောက်ကွယ်တွင် မည်မျှနက်ရှိုင်းသော အမုန်းတရားများ ရှိနေသနည်း။ ထိုအချက်မှာ သူနှင့် မဆိုင်ပေ။
စီနီယာအစ်ကိုကျိုးက ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ…